ကျွန်တော့် ဘဝဇာတ်ကြောင်း ( ပတ်လည်လေး ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( ပတ်လည်လေး ) // သော်တာဆွေ
---
ပတ်လည်လေး
ကျွန်တော့်ယောက္ခမ နောက်ဝယ်လိုက်သော မြင်းကို “ပတ်လည်လေး” ဟုခေါ်ပါသည်။ သူ့နာမည်ကား ဘာမျှ အထူးအထွေစဉ်းစားမနေရပါ။ လှည်းတပ်ပြီးလျှင် သူ့ကိုနောက်သို့ ပတ်လှည့်လိုက်မှ ဖြောင့်ဖြောင့်တန်းတန်း ထွက်ပြေးပါ၏။
“ဆင်တကျင့်၊ မြင်းတကျင့်” ဆိုရာ၌ သူဤသို့ ဖြစ်ရသည့် အကြောင်းကား သူ့ကို မြင်းလှည်း စကျင့်စဉ်က လည်ပွေနှင့်လှည်းကို အားပြုဆွဲရသည့် သူ့ရင်အုံ ညာဘက်ခြမ်းမှာ အနာ ဖြစ်ခဲ့သည်။ သူ့ပထမပိုင်ရှင်က လေးခါလည်းသားမျှ ဤမြင်းငယ်လေးကို ထိုအနာမပျောက်ခင်ဘဲ မောင်းနှင်လေတော့ ထွက်စတွင် ဤအနာလေးနှင့် လည်ဗွေမိမှာကို ကြောက်ရှာသဖြင့် သူရှေ့သို့မတိုးပါ။
ထို့ကြောင့် သူ့ညာဘက်ဇက်ကို ဆွဲ၍နောက်ပြန်ကွေ့လိုက်ခြင်းဖြင့် ဘယ်ဘက်ရင်အုံနှင့် လှည်းကိုဆွဲရခြင်းဖြစ်လျက် သူ့အနာမထိဘဲ လှည်းကပါလာလေသည်။ နောက်ပြေးမိ၍ သွေးပူသွားသောအခါ၌ကား သူဖြူးဖြူးဖြောင့်ဖြောင့်ကြီး သွားပါလေတော့သည်။ ယင်းအကျင့်ကား နောင်အနာပျောက်သည်တိုင် ပါသွားလေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် သူ့အား အိမ်ကထွက်စမှာဆိုလျှင် မြောက်ဖက်သွားချင် တောင်ဘက်လှည့်တပ်ရသည်။ တောင်ဘက်သွားချင် မြောက်ဖက် လှည့်တပ်ရသည်။ ဤအကြောသိနေတော့ လွယ်ပါသည်။ အောက်မှ တယောက် ဆွဲလှည့်ပေးရုံပါဘဲ။ မောင်းမည့်သူ တယောက်ဖြစ်နေပါကလည်း မြင်းလှည်းသမားအဖို့ မခဲယဉ်းပါ။ သူ့တပ်ပြီး နောက်ဆွဲလှည့်လိုက်။ သူဖြူးဖြူးဖြောင့်ဖြောင့် ပြေးသောအခါမှ လှည်းရှေ့မှကိုယ်က အသာပြေးလိုက်နေပြီးနောက် လှည်းလက်တံနှင့် လှည်းကယ့်အိမ်ကို လက်တဖက်စီ နောက်ပြန် ထောက်၍ အသာလေး ခုန်တက်လိုက်။ ဒါမျိုးကို ကျွန်တော်က တောက်ထွန်းတုန်းကတည်းက ကျွမ်းကျင်ခဲ့ပါပြီ။
ယင်းသို့ပြုရသည်မှာလည်း သူ့အကျင့်က အိမ်က မထွက်ခင်သာပါဘဲ။ လမ်းရောက်၍ မောင်းသားကျသွားတော့ မလိုတော့ ပါပြီ။
ကျွန်တော်ကိုင်ခဲ့ရသော မြင်းများထဲတွင် ဒီအကောင်လေးကိုက ရှမ်းမြင်း၊ ကျောက်မြင်းပု ဟုခေါ်ပါသည်။ သူ့အရောင်မှာ ဖောင်းဝတ်စိမ်း ဒိုးကွက်ဖြစ်၍ ဒီအမွေးမျိုးက သွက်လက် ဖျတ်လတ်သည်။ မာကျောသည်။ ထို့ပြင် မြင်းသိုးဖြစ်၍ စိတ်လည်းထက်လေသည်။
မိရွှေနီနှင့် သူသည် အကောင်ချင်းတူညီသည်။ ကျွန်တော်က သူတို့နှစ်ကောင်ကို “မနက် မြင်း” “ညမြင်း”မောင်းရသည်။
မြင်းလှည်းသမားတယောက် မြင်းနှစ်ကောင် မောင်းရသည်မှာ သက်သာသည်မဟုတ်။ တရက်တာ ၂၄ နာရီတွင် အိပ်ချိန်လေးသာနားရပါသည်။ မြင်းလှည်းကို မှန်တန်း ထွက်ချိန်မှာ မနက် ၆နာရီမို့ တနာရီစောပြီး ၅နာရီမှာထ၍ အစာကျွေးရပါသည်။ ၁၁ နာရီ ၁၂ နာရီလောက် ပြန်ဖြုတ်။
မြင်းမှာ နွားနှင့်မတူပါ။ နွားတို့မည်သည် ခိုင်းရာကပြန်လာ ဘာမှလုပ်စရာမလို။ တင်းကုပ်ထဲသွင်း။ မြက်စဉ်ထဲ အစာထည့်ကျွေးလိုက်ရုံသာ။ မြင်းကဤသို့မဟုတ်။ ဖြုတ်လျှင် ဖြုတ်ချင်း တမနက်စာလုံး ဇက်ကိုခဲထားရသော သူ့ပါးစပ်ကို လျှာဆွဲထုတ်ပြီး ရေဆေးပေး။ ဝန်ကိုဆွဲရသော ဝန်ကိုထမ်းရသော လက်ပြင်ပေါ်ကိုလည်း အဝတ်ရေဆွတ်၍ တိုက်ပေးရသေး သည်။ ပြီးတော့မှ ဆီးတည်။ ထို့နောက်အနည်းငယ် လမ်းဆွဲလျှောက်ပေးဦး။ လူတို့အားကစား ပွဲများ၌ ဒုန်းပြေးပြီး ချက်ချင်းမရပ်နားလိုက်ရဘိသကဲ့တည်း။ ဤကိစ္စအဝဝတို့ပြီးမှ သူ့အား အစာကျွေး။
ကျွန်တော်လည်း ထမင်းစား၊ ထို့နောက် ညမြင်းကိုတပ်ထွက်။ နေဝင်မိုးချုပ် ၆နာရီ ရ နာရီလောက်ပြန်ဖြုတ်။
အိမ်ရောက်မှ မြင်းအားပြုစုရသည်များကို ယခင် ကျွန်တော့်ယောက်ဖများ ရှိစဉ်တုန်းက ကူညီဘော်ရသော်လည်း သူတို့စစ်ထဲလိုက်သွားမှမူ ကျွန်တော်တယောက်တည်းသာ ကြဲရပါတော့၏။ မြင်းချေး၊ သေးသိမ်းရသည်များတော့ အထူးဖော်ပြစရာ မဟုတ်တော့ပါ။
သို့စဉ်လျက် ဤမြင်းလှည်း သမားဘဝကို ကျွန်တော်စိတ်မပျက်ခဲ့ပါ။ မညည်းညူခဲ့ပါ။ ကိုယ့်ကံပစ်ချသည့် ကိုယ့်ဘဝတာဝန်ကို ကျေပွန်ခဲ့ပါသည်။ ယင်းဘဝ၌ ကျရောက်သောဒုက္ခတို့ကိုလည်း လှလှကြီး ခံခဲ့ရပါသည်။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment