ကြွက်ဖူးစာ // ဒဂုန်ရွှေမျှား

ကြွက်ဖူးစာ // ဒဂုန်ရွှေမျှား

---

ယောက်ျားပျိုတယောက်သည် မိမိနှင့်ရွယ်တူ ရွယ်တန် မိန်းမပျိုတဦးတယောက်အား မိမိချစ်ကြိုက် ကြောင်းကို နှုတ်အားဖြင့် ပြောဆိုခြင်းမပြုဝံ့သော်လည်း မျက်စိ အားဖြင့်ကား စတင်ပြောဆိုရန် မခဲယဉ်းပေ။ ပထမမျက်လုံး ချင်း “ချစ်ကြိုက်စကား” ပြောဆိုကြပြီးနောက် တွေ့ ကြုံဖန်များ ၍ တစတစရင်းနှီးလာကြသောအခါ ချစ်စကား ကြိုက် စကားများကို တိုက်ရိုက်ပင်မပြောဆိုဝံ့စေကာမူ သွယ်ဝိုက်သော နည်းအားဖြင့် ပြောဆိုတတ်ကြလေသည်။ ဤကား ဓမ္မတာ ပေတည်း။

သို့သော် ယောက်ျားပျိုတယောက်သည် မိမိနှင့်ရွယ် တူ ရွယ်တန်းမဟုတ်ဘဲ မိမိထက်အသက်ကြီးသော မိန်းမပျို တစ်ယောက်အား စိတ်အားဖြင့်သော်လည်းကောင်း၊ အမူအရာ အားဖြင့်သော်လည်းကောင်း စတင်ပြောဆိုရန်ကား ခဲယဉ်းလှ ပေ၏။ မည်သို့ပင်ရင်းနှီးသည်ဖြစ်စေ မိန်းမပျိုသည်မိမိအောက် အသက်အတော်အတန်ငယ်သော ယောက်ျားအားမောင်ကလေး တယောက်ကဲ့သို့ သဘောထားခဲ့ပါမူ ယောင်္ကျားပျိုမှာ မိမိ ချစ်ကြိုက်ကြောင်းကို စိတ်ဖြင့်မဆိုထားဘိ၊ အမူအရာနှင့်ပင် တစစ စပြောရန်ခဲယဉ်းပေသည်။

ရုံးစာရေး မောင်ဝင်းမြသည်၊ အသက် ၂၀ မျှသာရှိ သေး၍ ပြည်မြို့ စာတိုက်တန်း၌နေထိုင်သူတယောက်ဖြစ်ရာ ၎င်းနှင့် တလမ်းတည်းနေသော လှလှဆိုသူ ဆေးလိပ်ခုံပိုင်ရှင် တဦးနှင့် မောင်ရင်းနှမပမာ အကျွမ်းတဝင်ဖြစ်ခဲ့ကြလေသည်။ မောင်ဝင်းမြသည် အားလပ်သောအချိန်များ၌ လှလှတို့အိမ်သို့ သွားရောက်ပြီးလျှင် ရယ်စရာမောစရာများကို ပြောဆိုခြင်း၊ ဗဟုသုတဖြစ်ဖွယ် ပုံတိုပတ်စကလေးများကိုပြောဆိုခြင်း၊ မြို့ပေါ်မှ နောက်ဆုံး သတင်းများကို ဆွေးနွေးခြင်း၊ သတင်းစာ များကို ဖတ်ပြခြင်း စသည်တို့ဖြင့် တယောက်နှင့်တယောက် ပိုမိုရင်းနှီးခဲ့လေရာ လှလှမှာ မောင်ဝင်းမြ မလာသောနေ့များ၌ ပျင်းရိငြီးငွေ့သကဲ့သို့ရှိပြီးလျှင် မောင်ဝင်းမြလာတတ်သော လမ်းဘက်သို့ပင် မကြာခဏမျှော်၍ကြည့်မိ၏။

ဤကဲ့သို့မျှော်နေဆဲ မောင်ဝင်းမြရောက်လာသော အခါများ၌ လှလှမှာ ရာခိုင်နှုန်း ၅ဝ မျှ ချစ်သွေးပါသော အမူ အရာဖြင့် ...
            
“ဟေ့ မောင်ဝင်းမြ ဒီကနေ့ ဘယ်များအလယ်ကြူးနေ သလဲကွယ့်၊ အခုတင်ကပဲ လက်ဖက်သုတ်ပြီးစားကြလို့ မင်းကို တောင်မျှော်မိသေးတယ်၊ နောက်ကျတဲ့လူ ငတ်တာပဲကောင်း တယ်ဟေ့” 

ဟုပြောတတ်၏။ ထိုအခါများ၌ မောင်ဝင်းမြက လည်း ၂၅ ရာခိုင်နှုန်းခန့် မေတ္တာဓာတ်ပါသည့် မျက်လုံးများ ဖြင့်ကြည့်ခါ 

“စေတနာရှိရင်လည်း ချန်ထားလိုက်ရောပေါ့ မမလှရဲ့”

ဟု ပြန်၍ပြောတတ်လေသည်။
လှလှမှာ မောင်ဝင်းမြအပေါ်တွင် မောင်အရင်းတယောက်ထက် အတန်ငယ်ပို၍ထူးခြားသော မေတ္တာဓာတ်တစ် မျိုးဖြင့် ချစ်ကြောင်းကို မိမိကိုယ်တိုင် သိရှိပြီးဖြစ်သော်လည်း မည်သည့်အခါမျှ ဣန္ဒြေပျက်လောက်အောင် အရောဝင်သည် မရှိဘဲ မှန်မှန်ပင် ရယ်လိုက်မောလိုက် ကျီစားလိုက်ဖြင့် ပြောဆိုလေ့ရှိသည်ဖြစ်ရာ မောင်ဝင်းမြကလည်း လှလှအပေါ်တွင် အစ်မရင်းတယောက်ထက် အနည်းငယ်ပို၍ ထူးခြားခြင်းရှိ သော်လည်း မည်သည့်အခါမျှ မလေးမစား ပြုလုပ်ခဲ့သည်မရှိပေ။

လှလှမှာ ပစ္စည်းဥစ္စာ အတော်အတန် ကြွယ်ဝချမ်းသာသောသူတယောက်ဖြစ်၍ “ကုမ္ပဏီ” ဟူသောအမည်ဖြင့် ဆေး လိပ်လုပ်ငန်းကို ဖွင့်လှစ်လုပ်ကိုင်လျက်ရှိရာ၊ လှလှဆေးပေါ့လိပ်များမှာ ပြည်မြို့၌သာမဟုတ်ဘဲ၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း အစရှိသော သာယာဝတီမြို့နယ်များ သို့တိုင်အောင် ကျော်ကြားလျက်ရှိရကား၊ လှလှကုမ္ပဏီမှာ တနေ့တခြား ကြီးပွား၍လာခဲ့၏။ 

မိဘများသေဆုံးပြီးနောက် အစ်မဖြစ်သူ မြမြတယောက်သာလျှင် အားကိုးအားထားပြုရန် ကျန်ရစ်ခဲ့ ရှာ၏။ မြမြမှာ အသက် ၃၅ နှစ်မျှရှိပြီဖြစ်သော်လည်း၊ အိုး အိမ်မထူထောင်သေးဘဲ အပျိုဘဝနှင့်ရှိနေခဲ့ရာ၊ မိမိကိုယ်ကို အရွယ်လွန်ပြီဟု ယူဆလျက်၊ ညီမကလေးလှလှ၏ အိမ်ထောင်ရေးအတွက်သာ ကြောင့်ကြပူပန်မိရှာ၏။ လှလှကလည်း အကယ်၍ မိမိအိမ်ထောင်ပြုချေက ဉာဏ်ပညာအမြော်အမြင်နှင့် မပြည့်စုံသောယောက်ျားကို တွေ့ ခဲ့ပါမူ အစ်မဖြစ်သူနှင့် မတည့်မည်ကိုတွေးမိ၏။

အသက် ၂၅ နှစ်ခန့်ရှိသော မိန်းမတယောက်မှာ မိမိ၏အိမ်ထောင်ရေးအတွက် အတော်အတန် ဆင်ခြင်တုံတရားနှင့် ပြည့်စုံပြီဖြစ်ရကား၊ လှလှမှာ ဤသို့စဉ်း စားတွေးတောရင်းနှင့်ပင် ဤအသက်သို့တိုင်အောင် ရောက်ခဲ့လေရာ၊ ခေတ်ဝတ္ထုများကို ဖတ်ခြင်းဖြင့်လည်းကောင်း၊ ရုပ်ရှင် ဇာတ်လမ်းများကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ သတင်းစာဂျာနယ် မဂ္ဂဇင်းများ၌ တွေ့ ရသော ဗဟုသုတများဖြင့်လည်း ကောင်း၊ အိမ်ထောင်ရေးကိစ္စများတွင် “အချင်း” သည် “အဆင်း” ထက် အဖိုးတန်ကြောင်း တဖြည်းဖြည်းသိရှိလာခဲ့ရကား၊ တခါတရံ အားကိုးရာ အားကိုးကြောင်း အိမ်ထောင်ဘက်ကို မရှာတော့ဘဲ အပျိုကြီးဘဝနှင့်ပင် အရိုးထုတ်ပါတော့မည်ဟု စိတ် ကူးမိရှာ၏။

မောင်ဝင်းမြမှာ ရုပ်ရည်အားဖြင့် အသင့်အတင့်မျှရှိ ၍ အသားမှာလည်း အသားလတ် ဟု ခေါ်လောက်သောအသားမျိုးသာဖြစ်ရာ၊ မျက်နှာမှာမူကား ကြည်လင်အေးမြသော အမူအရာရှိ၍၊ စူးရှသောမျက်လုံးများရှိလေသည်။ အထူးအားဖြင့် ၎င်း၏မျက်လုံးများမှာ တစုံတခုပြုလုပ်မည်ဆိုက လွယ်လွယ်ကူကူ မပြုလုပ်တတ်ဘဲ၊ စဉ်းစားဉာဏ်ကို ရှေးရှုထားတတ်သော အရှိန်အဝါနှင့်ပြည့်စုံသည်ဟု ဆိုရပေမည်။

 တနေ့သော ည ၇ နာရီအချိန်လောက်၊ မောင်ဝင်းမြ သည် လှလှတို့အိမ်သို့ ရောက်လာရာနီ လှလှကပင် စတင်နှုတ် ဆက်လျက် ...
           
“ဘယ့်နှယ်လဲဟေ့ မောင်ဝင်းမြ၊ ဒီကနေ့ ဘာသတင်း များ ထူးသေးသလဲ”
           
“သတင်းစာကို ပြောတာလား မမလှ”      
           
“အေးလေ ဟုတ်ပါတယ်။ မင်းက သတင်းထူးကြားတတ်လွန်းလို့”
 
“မထူးလှပါဘူး မမလှရယ်။ နို့ပေမယ့် နေဦး ညောင် လေးပင်မှာ မစားကောင်းတာကို ချက်စားမိလို့ သားအမိ သား အဖ ၃ ယောက် သေသွားသတဲ့”
           
(ရယ်မောလျက်) 

“အောင်မယ်လေး၊ ဒါများ သတင်းထူးသလားကွယ် မောင်ဝင်းမြရယ်”
           
“မမလှတို့ အဲဒါခက်တာပဲ၊ ဒီလိုသတင်းမျိုးဟာလည်း ဗဟုသုတ တမျိုးပေါ့မမလှရဲ့။ စားတဲ့သောက်တဲ့နေရာမှာ လူများသတိထားကြဖို့ မဟုတ်လား”
            
“အေးလေ ဒါတော့ ဒါပေါ့၊ နို့နေပါဦး၊ မင်း သာယာဝတီ ပြောင်းရမယ်ဆိုတဲ့ ကိစ္စကော” 
           
“အဲဒါ ကျွန်တော် စဉ်းစားနေတယ် မမလှရဲ့။”
           
“အေးလေ မင်းကတော့ ဘာမဆို စဉ်းစားတာပဲ။ ငါ့ မောင်က အသက် ၂ဝ ရှိသေးလို့သာ အသက် ၄ဝ လောက်များ ရှိရင်၊ စဉ်းစားလို့ လက်စသတ်တော့မှာ မဟုတ်တော့ဘူး”
            
“စဉ်းစားရတာပေါ့လေ။ မမလှကလည်း ဘယ်အရာ မျိုးမဆို စဉ်းစဉ်းစားစားလုပ်ရင် မမှားနိုင်ဘူး မဟုတ်လား။ တကယ်လို့ မှားတယ်ထားဦး၊ ဂလိမ့်ဂလဲ မဖြစ်နိုင်ဘူးပေါ့။ ကျွန်တော်စဉ်းစားတာက ကိုယ့်အိုးကိုယ့်အိမ်နဲ့ ခွဲသွားပြီးလုပ် ရမယ်ဆိုတော့ ကိုယ့်အတွက် ထမင်းလခက တမျိုးကုန်မယ်။ မိဘနဲ့ ဝေးတယ်ဆိုတော့ ဆုံးမပဲ့ပြင်မယ့်လူနဲ့ ဝေးရင်မကောင်းဘူး။ ဒါကြောင့် ဒီမှာ ၁ဝဝ ကျပ်နဲ့ လုပ်နေတာဟာ ဟိုမှာ ၁၂၀ ကျပ်ထက် တွက်ရှိမယ်မဟုတ်လား။ နို့ပြီးတော့ မမလှတို့နဲ့.လည်း ခွဲသွားရမယ်”
          
“အောင်မယ်လေး မောင်ဝင်းမြရယ်။ အခုမှ ချွဲမနေစမ်းပါနဲ့”
         
“ချွဲတာမဟုတ်ပါဘူး မမလှရဲ့။ ကျွန်တော်က တကယ် ပြောနေတာပါ။ ကျွန်တော်က စိတ်ထဲမှာ ခွဲကြည့်တယ်။ တကယ်လို့ သာယာဝတီရုံးများရောက်သွားရင်၊ အခုလို မမလှ တို့ဆီ လာမလည်ရတော့ သိပ်ပျင်းမှာပဲလို့”
            
“တော်စမ်းပါကွယ်”

“အဟုတ်ပြောတာပါ မမလှရဲ့”
          
ထိုအချိန်၌ အစ်မကြီးဖြစ်သူ မမမြသည် နောက်ဖေး ခန်းမှ လက်ဖက်သုတ်ပန်းကန်ပြားကို ကိုင်၍ ရောက်လာလေရာ၊ စကားလက်စ ပြတ်သွားလေ၏။ တခဏမျှကြာလျှင် အသက် ၁၄ နှစ်ခန့်ရှိ အစေခံကလေးသည် လက်ဖက်ပွဲကိုယူ လာခဲ့လေ၏။
           
“ဟေ့ မောင်ဝင်းမြ သောက်ဟေ့”        
           
“ဟုတ်ကဲ့ မမမြ”
           
“နေပါဦးမင်း သာယာဝတီ ပြောင်းရမလိုလိုကြားပါကလား”
           
“ပြောင်းဖြစ်မယ် မထင်ပါဘူး မမမြရယ်။ အခုတောင် ဒီအကြောင်းတွေ မမလှနဲ့ပြောနေရသေးတယ်”
           
“ကောင်းပါလေရဲ့ကွယ်။ တကယ်များ ပြောင်းဖြစ်ရင် ငါ့မောင်ကလေးကို အစ်မကြီးတို့က သိပ်လွမ်းနေမှာပဲကွဲ့" 
          
“ကျွန်တော်က သာပြီးလွမ်းဦးမယ် အစ်မကြီးရေ” 
           
“မင်းလည်း အချွဲတတ်သားပါကလား”
         
လှ ။ ။ “အချွဲတော့ နံပါတ်ဝမ်းပေါ့ မမမြ” 
         
မြ ။ ။ ။ “ရည်းစားများတွေ့ရင် သည့်ထက်ချွဲဦးမယ်” 
         
ဝင်း ။ ။ “ကျွန်တော့်မှာ ရည်းစားမရှိသေးပါဘူး ခင်ဗျာ”
         
လှ ။ ။ “တကယ်လားကွယ်”
         
ဝင်း ။ “အဟုတ်ပြောတာပါ မမလှရဲ့” 
         
လှ ။ ။ “မင့် ဘုရားစူး"
         
ဝင်း ။ ။ “ကျွန်တော် မကျိန်တတ်ပါဘူး၊ နို့ပေမယ့် ဘုရားကိုစူး
         
မြ ။ ။ “တော်ကြပါကွယ်၊ ဟေ့ မောင်ဝင်းမြ၊ နက်ဖြန် ရေဂျစ္စတြာလုပ်ဖို့ စာကလေးတွေ ယူသွားစမ်းပါကွယ်၊ ပြီးတော့လည်း ပခုက္ကူကို တင်ထားတဲ့ ဆေးလိပ်သေတ္တာ မရသေး ဘူးလို့ စာရတယ်ကွဲ့ ၊ ဒီကိစ္စကိုလည်း ဧရာဝတီတိုက်ဝင်ပြီး မေးခဲ့စမ်းပါ၊ ကြားလားငါ့မောင်”
             
“ဟုတ်ကဲ့ မေးခဲ့ပါ့မယ် မမမြ”
             
၎င်းနောက် အတော်ညဉ့်နက်လာသည်နှင့် မောင်ဝင်း မြလည်း ညီအစ်မနှစ်ယောက်အား နှုတ်ဆက်၍ ပြန်သွားလေ၏။

             
နောက်တနေ့ နံနက်စောစော ၆ နာရီအချိန်လောက် တွင် အသက် ၁၄ နှစ်ခန့်ရှိ မိန်းကလေးတယောက်သည် လှလှ ဆေးလိပ်ကုမ္ပဏီဘက်မှ လျှောက်လာ၍ မောင်ဝင်းမြ အိမ်ထဲသို့ ပျာယီးပျာယာ ဝင်လာခဲ့လေ၏။
          
“ဟဲ့ စောရီ၊ နှင့်ကြည့်ရတာ သုတ်သီးသုတ်ပျာနဲ့ ဘာ များ ဖြစ်လာတာလဲ” 
           
“အစ်ကိုကြီး၊ အိမ်ကို အခုခဏ မြန်မြန်လာခဲ့ပါဦးတဲ့"
            
“ဘာပြုလို့လဲ” 
            
စောရီသည် အနီးသို့တိုးလာ၍ လေသံဖြင့် ပြောလေ၏။
           
“ဘယ်သူ့မှ မပြောနဲ့ဦးနော်၊ မမလှစိန်ဆံထိုးပျောက်သွားလို့”
           
“ဘယ်တုန်းကလဲ”
           
“မနေ့ညကပဲ”
           
“ဘာဖြစ်သလဲ၊ ပွင့်ပွင့်လင်းလင်းပြောစမ်းပါဦး စောရီရယ်။ ဘာလဲ အိမ်ကို သူခိုးဖောက်လို့လား”
           
“မဖောက်ပါဘူး အစ်ကိုကြီးရဲ့”
           
“ဒါဖြင့် ဘယ်လိုပျောက်ပုံလဲ စောရီ” 
           
“အို အစ်ကိုကြီးကလည်း ဟိုကျတော့ မမလှတို့က ပြောပြလိမ့်မယ်ပေါ့။ မျက်နှာသာ မြန်မြန်သစ်စမ်းပါ” 
            
မောင်ဝင်းမြသည် မျက်နှာကို ကပျာကရာ သစ်ပြီး နောက် မျက်နှာသုတ်ပုဝါကြီးကို ခေါင်းပတ်ကာ လှလှတို့အိမ်သို့ လိုက်သွားလေ၏။ 
             
အိမ်သို့ရောက်သောအခါ လှလှသည် တံမြက်စည်း လှဲလျက်ရှိလေရာ၊ အစ်မဖြစ်သူ မြမြမှာ ဆေးပေါ့လိပ်ကြီးတလိပ်ကိုသောက်ခါ အိမ်ခေါင်းရင်းဘက်တွင်ထိုင်၍ ညီမအား မြည်တွန်တောက်တီးလျက်ရှိနေလေ၏။
           
“ညည်း ဂရုမစိုက်လို့ ဖြစ်ရတာပါအေ" 
           
“ဒါကတော့ မေ့နေတာကိုး မမမြရဲ့။ ကျွန်မလည်း ဆက်ပြီး တံဆိပ်ကပ်နေတော့ မေ့သွားတာပဲ”
           
“အဲဒီလို မေ့တာကို ပြောတာဟေ့၊ ဆံထိုးကို အယားဖျောက်ပြီး ခေါင်းမှာ ချက်ချင်းပြန်စိုက်ရတယ်”
           
မောင်ဝင်းမြ ဝင်လာသောအခါ စကားပြောရပ်သွား၍ မြမြသည် မရွှင်ပြသောမျက်နှာဖြင့် မောင်ဝင်းမြအား ဆီး ကြိုနှုတ်ဆက်လေ၏။
           
“လာဟေ့ မောင်ဝင်းမြ”
           
“နေပါဦး၊ ဘယ်လိုဖြစ်ကြတာလဲ ပြောစမ်းပါဦး” 
          
“ဒီလိုလေကွယ်၊ မနေ့ညက မင်းနဲ့စကားပြောနေတုန်း က လှလှခေါင်းမှာ ဆံထိုးရှိတယ်၊ မင်းလည်းမြင်မှာပေါ့” 
          
“အမြင်သားပဲ မမမြ”
          
“မနေ့က ဦးဖိုးစံ အလှူသွားကြတော့ ဆံထိုးကို ထုတ် ထိုးတယ်ကွဲ့။ အလှူက ညနေမှပြန်လာပြီး ချက်ချင်းပြန်မသိမ်းဘူး။ မမမြကလည်း သတိမပေးမိဘူး။ ဒါနဲ့ မနေ့ညက မင်း ရောက်လာလို့ လက်ဖက်သုတ်စားကြပြီး မင်းပြန်သွားတော့ အထက်ကိုပို့ဖို့ ဆေးလိပ်အရေးကြီးတာနဲ့ ဝိုင်းပြီးဆေးလိပ်တံဆိပ်ကပ်နေကြတယ်ကွဲ့ ။ ဒါနဲ့ ၁၀ နာရီထိုးလောက်ကျတော့ မမမြလည်း အိပ်ချင်တာနဲ့ အိမ်ပေါ်တက်သွားရော၊ မင့်မမလှနဲ့ စောရီ ကျန်ရစ်ခဲ့တယ်။ သည်တော့ သူက တံဆိပ်ကပ်ရင်း ခေါင်းယားတာနဲ့ ခေါင်းက ဆံထိုးဖြုတ်ပြီး အယားဖျောက်၊ ဖျောက်ပြီး ဆံတုံးမှာ ပြန်မထိုးဘဲ ဖျာပေါ်မှာ ချထားတာပေါ့ကွယ်။ နောက် သူတို့ဘယ်အချိန်အိမ်ပေါ်တက်လာကြတယ် မသိပါဘူး။ ဒီဟာ မနက်ကျတောင် သတိမရသေးဘူးကွဲ့ ။ စောရီက မနက်စောစောထ ရေနွေးအိုးတည်ပြီး ခါတိုင်းလို တံမြက်လှဲတာပေါ့။ သည်တော့မှ မမလှကလည်း အိပ်ရာက ထလာပြီး တံမြက်လှဲတုန်းက ဆံထိုးမတွေ့ဘူးလားလို့ စောရီကို မေးတော့မှ သိကြတာပါပဲ”
           
ထိုအချိန်၌ စောရီသည် အိမ်နောက်ဖေးသို့ လက်ဖက် ရည်ယူရန် သွားနေသဖြင့် မောင်ဝင်းမြလည်း လေသံဖြင့် ...
           
“ဒီ ကောင်မလေးကိုကော ထင်သလား"
           
“သူ့တော့ မထင်ပါဘူးကွယ်။ သူလည်း တို့နဲ့နေလာတာ အခါလယ်ကျော်ပါပြီ။ ဘာတခုမှ တစွန်းတစ မပျောက်ဖူးပါဘူး”
          
“နေပါဦး၊ အရင်တခါလည်း လက်စွပ်တကွင်း ပျောက်ဖူးတယ်ဆို”
           
“အေး ဟုတ်တယ်။ နို့ပေမယ့် လက်စွပ်ပျောက်တာက တနှစ်ကပဲ မောင်ဝင်းမြရဲ့၊ သည်တုန်းက စောရီမရောက်သေးပါဘူး”
          
“ဦးလေးမြစ်ကော ဘယ်မှာအိပ်သလဲ” 
         
“ခါတိုင်း သူအိပ်တဲ့နေရာမှာပေါ့ကွယ်၊ သူလည်း မတွေ့မိပါဘူးတဲ့၊ သူက မင်းသိတဲ့အတိုင်းပဲ၊ မနက်ကျရင် သူ့အိပ်ရာသူလိပ်ပြီး ထသွားတာပဲ၊ အိမ်မှာ အစောင့်အရှောက် မရှိလို့သာ ခေါ်ထားရတာ၊ ဘာမှ ကူဖော်လောင်ဖက်ရတာ မဟုတ်ပါဘူး ...”
           
“ဆံထိုးက ဘယ်နှစ်ရတီရှိသလဲ မမမြ”
          
“နည်းသလားကွယ်၊ ၁ဝ ရတီ နည်းနည်းကျော်သေး တယ်၊ စိန်က ရှေးစိန်ဆိုတော့ အပြစ်အနာအဆာလည်းကင်း၊ အပါးအဝိုင်းလည်းဖြစ်တော့ အခုတန်ဖိုးနဲ့တောင် ၂၅ဝဝ ကျပ် ကျော်ပေါ့၊ မနေ့က အလှူလုပ်တဲ့ ဦးဖိုးစံကတောင် ၂၀၀၀ ကျပ်နဲ့ သူ့ပေးလို့ တခါပြောဖူးသေးတယ်။ မမမြက ရောင်းရ မှာ နှမြောပြီး ဒီအိမ်ကြီးပြင်ဆောက်ဖို့လိုတော့မှ ရွှေမပျောက်ပျက်ရအောင် တစ်ခါတည်းရောင်းတော့မယ်လို့ စိတ်ကူးထားတာ မောင်ဝင်းမြရေ၊ အခုတော့ မင့် မမလှ သတိလစ်မှုနဲ့ ဆုံးပြီ မောင်ရေ၊ ဆုံးပြီ”
            
“ဟုတ်တယ်၊ အိမ်ကလည်း ပြင်မှပဲ”
            
“ဒီနှစ် မိုးတွင်းတောင် မနည်းဖာထေးနေရတယ် မောင်ဝင်းမြရဲ့၊ တိုင်တွေလည်း တတိုင်မှမကောင်းတော့ဘူး၊ ခြစားနဲ့ ကြွက်ကိုက်ချည်းပဲ။ ကြွက်တွေဆိုလည်း ပေါလိုက် တာလွန်လို့ ”

ထိုခဏ၌ လက်ဖက်ရည်ပွဲများရောက်လာ၍ မြမြနှင့် မောင်ဝင်းမြတို့သည် လက်ဖက်ရည်များကို သောက်လျက်ရှိကြရာ လှလှမှာ လက်ဖက်ရည်ဝိုင်းသို့မဝင်ဘဲ ခေါင်းကိုက်သည်ဟု ဆိုခါ အခန်းထဲသို့ဝင်သွားပြီးလျှင် မီးဖိုခန်းသို့ သွားလေ၏။ မောင်ဝင်းမြလည်း အိုမင်းဟောင်းနွမ်းလှသော အိမ်ကြီးကိုကြည့်ခါ တစုံတခုကို စဉ်းစားလျက်ရှိရာမှ ...
           
“အရင် တခါပျောက်တာက ရွှေလက်စွပ်နော် မမမြ”
          
“အေး ဟုတ်တယ်၊ အဲဒီတုန်းကတော့ နောက်ဖေး မီးဖို ဆောင်အဝမှာ မမမြက လက်စွပ်ကို ဟင်းနဲ့ကိုင်မိလို့ တိုက် ဆေးမယ်အလုပ်မှာ အိမ်ရှေ့က ဧည့်သည်လာတာနဲ့ မေ့သွားတယ်။ သည်တုန်းက မမမြအပြစ်”
           
(ပြုံးလျက်) “အရင်ဟာက မမမြအပြစ်။ အခုဟာက မမလှအပြစ်ဆိုတော့ ဘဲစားဘဲချေပေါ့ မမမြရဲ့”
           
“မင်းကလည်းကွယ်၊ အရေးထဲ ရွှင်မနေစမ်းပါနဲ့”
            
မြမြသည် ဆေးပေါ့လိပ်ကြီးကိုဖွာလျက်ရှိလေရာ၊ မောင်ဝင်းမြလည်း စီးကရက်တလိပ်ကို သောက်ခါ စိတ်ကူး ထုတ်လျက်ရှိလေ၏။ ထို့နောက်
           
“စောရီကို ရေချိုးခိုင်းပြီး ဈေးခဏလွှတ်လိုက်စမ်းပါ”
          
“ဘာပြုလို့လဲ၊ မင်းက စောရီချည်း ထင်နေတာပဲကွယ်။ ဒီကောင်မကလေး ဟုတ်မယ် မထင်ပါဘူး။ ယူလည်း မယူဝံ့ပါဘူး” 
           
“သူ့ကိုကော ရှာဖွေကြည့်ပြီးပလား”
           
“ဒီလိုတော့ မကြည့်ရသေးဘူး။ အေးလေ ရှာကြည့် ချင်လည်း ကြည့်သေးတာပေါ့။ လူဆိုတာ ပစ္စည်းနဲ့စပ်လာရင် လုပ်ချင်လည်း လုပ်တတ်တာပဲ”

မောင်ဝင်းမြအကြံပေးသည့်အတိုင်း၊ မြမြသည် စောရီ ကိုခေါ်၍ စောစောရေမိုးချိုးစေပြီးလျှင်၊ ဈေးသို့ သွား၍ ကြက်သွန်နှင့် အာလူးဝယ်ရန် စေလွှတ်လိုက်လေ၏။ ရေချိုးသွား၍ အခန်းတွင်း၌ အင်္ကျီများကိုချွတ်ထားခဲ့သောအခါ မောင်ဝင်းမြလည်း မြမြတို့ညီအစ်မအား အခွင့်တောင်းပြီးလျှင် စောရီ၏ အင်္ကျီများကို ဘော်လီအင်္ကျီမကျန် ကြည့်ရှု၏။ စောရီပြန်လာ၍ အဝတ်အစားလဲပြီးလျှင် ဈေးသို့သွားသောအခါ ၃ ယောက်သားတို့သည် စောရီ၏သေတ္တာကလေးကို မွှေနှောက်ရှာဖွေပြန် ၏။ သို့သော် တစုံတရာမျှ မတွေ့ ကြရချေ။     
          
ဝင်း ။ ။ “ဆံထိုးက ထိပ်မှာ ဝက်အူရစ်နဲ့ မဟုတ်လားမမမြ”
          
မြ ။ ။ “အေး ဟုတ်တယ်၊ ထိပ်ဖူးကို ဖြုတ်လို့လည်း ရတာပေါ့။ နေပါဦး သူ့အင်္ကျီကို ကြည့်တာက ဘာလဲ”
           
“အိတ်ထဲမှာထည့်ပြီးမှ တခြားမှာသွားပြီးဝှက်ထားသလား၊ အစကပဲ အိတ်ထဲကို မထည့်ဘူးလားဆိုတာ သိရတာပေါ့”
           
“ဒီကောင်မလေးတော့ ဟုတ်မယ်မထင်ပါဘူးကွယ်” 
          
“ကျွန်တော်လည်း အခုတော့ မထင်တော့ပါဘူး။ ဒီလို ကိုး မမမြရဲ့၊ ဒီမှာမှာ လူ ၄ ယောက်ရှိတယ်မဟုတ်လား။ အဲဒီ ၄ ယောက်အနက်က မမမြတို့ညီအစ်မ ၂ ယောက်ကို ထုတ်လိုက်၊ ဦးလေးမြစ်က နောက်မှလည်းထတယ်၊ ဆွေမျိုးလည်း တော်တယ်ဆိုတော့ သူ့ကိုထုတ်လိုက်ဦး၊ ဘယ်သူကျန်သလဲ၊ စောရီပဲ ရှိတော့တယ် မဟုတ်လား။ သူက တစိမ်းလည်းဖြစ် တယ်။ ညမှာ ဆေးလိပ်အတူတူ တံဆိပ်ကပ်ကြတုန်းက မမလှ ဆံထိုးကို ဖျာပေါ်မှာ ချထားမိတာ မြင်ချင်းမြင်ရင် သူကသာပြီး မြင်နိုင်မယ်။ မနက်ကျတော့လည်း သူပဲ အိပ်ရာက အစောဆုံးထပြီး တံမြက်လှဲတယ်ဆိုတော့ သူတယောက်ပဲ ဖြစ်နိုင်မယ်လို့ ယူဆရမယ်မဟုတ်လား။ အခုတော့ သူ့သေတ္တာလဲရှာ ပြီးပြီ၊ သူ့အင်္ကျီလည်း ကျွန်တော်မြင်ရလို့ ကျေနပ်ပါပြီ” 
           
“ဒါကြောင့် သူ့ကိုတော့ မထင်ပါဘူးလို့ မမမြအစက ပြောတာပေါ့” 
         
“အိမ်ကိုလည်း ရှာပြီးပြီနော်”
         
“ရှာတာမှ ဒေါင်းတောက်နေပါပြီ မောင်ဝင်းမြရယ်၊ မြေကြီးလှန်မရှာတာ တမယ်ပါပဲ” 
          
၎င်းနောက် မောင်ဝင်းမြသည့် ထိုည မြမြတို့အိမ်သို့ လာရောက်အိပ်ရန် မြမြထံအခွင့်တောင်းပြီးလျှင် အိမ်သို့ပြန်ခဲ့လေ၏။

ထိုနေ့ညနေ၌ မောင်ဝင်းမြသည် ရုံးမှပြန်လာပြီး နောက်၊ ပက်လက်ကုလားထိုင်တလုံးပေါ်တွင် စီးကရက်များ ကို တလိပ်ပြီးလျှင်တလိပ် သောက်၍နေလေ၏။ ၁ နာရီခန့် မျှကြာသောအခါ မိမိထင်သည့်အတိုင်း ဖြစ်တန်ရာ၏ဟု တမိုက်ခန့်ရှိသော ထင်းရှူးသားကလေးတချောင်းကို စိန်ဆံထိုး ကဲ့သို့ မောင်းချဓားဖြင့် လှီးဖြတ်ပြီးနောက် အင်္ကျီအိတ်ထဲသို့ ထည့်ထားလိုက်လေ၏။
           
ည ၇ နာရီထိုးလတ်သော် မောင်ဝင်းမြသည် လှလှတို့ အိမ်သို့ ရောက်လာပြီးနောက် ...
          
“ဒီကနေ့ည ကျွန်တော်အောက်ထပ်မှာ အိပ်ပါရစေ
          
“အိပ်ပါမောင် အိပ်ပါ၊ ဘာများ စုံထောက်ဦးမလို့လဲ” 
          
“ဦးလေးမြစ်လည်း ခုည အိမ်ပေါ်တက်အိပ်ပါစေ" 
           
(လှောင်ပြောင်သည့်ဟန်ဖြင့်) “အိပ်ပါစေ့မယ်မောင်” 
            
မောင်ဝင်းမြသည် လှလှတို့ညီအစ်မ ၂ ယောက်နှင့် တကွ ဦးလေးမြစ်ကိုပါ အိမ်ပေါ်သို့ ခပ်စောစောတက်စေပြီး လျှင် ဆံထိုးပုံကလေးကဲ့သို့ ပြုလုပ်ထားသော ထင်းရှူးသားကလေးကို ကော်ခပ်ထူထူသုတ်ပြီးနောက် ယမန်နေ့ညက စိန်ဆံထိုးချထားသည်ဆိုသောနေရာတွင် ချထား၏။ အနီး၌ဆေးလိပ်တံဆိပ် စက္ကူများကိုလည်း ဖရိုဖရဲဖြစ်အောင် ကြဲချထားလေသည်။
          
ထို့နောက် လက်ဆွဲမှန်အိမ်တလုံးကို မီးခပ်မှိန်မှိန် ထွန်း၍ သင်ဖြူးလိပ်တလိပ်အတွင်းသို့ ဝင်ပြီးသော်၊ တစုံတစ်ရာကို စောင့်ဆိုင်းလျက်ရှိနေလေ၏။ လူခြေတိတ်ချိန်သို့ ရောက်လေလျှင် ကြွက်တကောင်သည် အိမ်၏အလယ်တိုင်တတိုင် အနီးမှ ထွက်ပေါ် လာပြီးနောက်၊ ပြူးကျယ်သောမျက်လုံးကလေးများဖြင့် တောင် မြောက် ၄ ပါးကိုကြည့်ခါ ဆေးလိပ်တံဆိပ်ကလေးများ ကြဲဖြန့် ထားသော နေရာသို့ ရောက်လာလေ၏။ ၎င်းသည် တခဏမျှ ထိုမှဤမှ ပြေးလွှားသွားပြီးသော်၊ တဖန် ဆံထိုးကလေးထားသော နေရာအနီးသို့ ချဉ်းကပ်လာပြီးလျှင် ဆံထိုးပုံထင်ရှူးသားကလေးကို တခဏမျှ အနံ့ခံပြီးနောက် လျင်မြန်စွာချီပြေးလေ၏။ ထိုကြွက်ကလေးသည် ၎င်းမူလထွက်ပေါ်လာသော တိုင် အနီး၌ပင် ပျောက်သွားသဖြင့် မောင်ဝင်းမြသည် မှန်အိမ်မီးကို လင်းပြီးသော်၊ တိုင်ဆီသို့ လာခဲ့လေ၏။ ထိုတိုင်ကြီး၌ လူ၏ လက်ခုပ်တဖောင်ခန့်မြင့်သောနေရာတွင် အပေါက်တခုကို တွေ့ရသဖြင့် မောင်ဝင်းမြလည်း တိုင်၏အပေါ်ပိုင်းကိုလက်ဖြင့် ခေါက်ကြည့်ရာ လိုဏ်သံပါ၍နေသည်ကိုတွေ့ ရသောကြောင့် အပေါ်ထပ်သို့ လှမ်း၍ လွှနှင့်ဆောက်များကို တောင်းယူပြီးလျှင် တိုင်ခေါင်းဆုံးမည်ထင်ရသော နေရာကို မှန်း၍ လွှဖြင့်အနည်း ငယ်တိုက်ဖြတ်လေ၏။ ထို့နောက် လွှဖြင့်ဖြတ်ပြီးသောနေရာ ကို ဆောက်ဖြင့်ရိုက်၍ကော်ထုတ်လေရာ၊ အတွင်းမှ ကြွက်တကောင်သည် အပေါက်ပွင့်သွားသည်နှင့်တပြိုင်နက်၊ အောက်သို့ခုန်ချထွက်ပြေးသွားသည်ကို မြင်လိုက်ရလေ၏။

အတွင်း၌ကား စက္ကူစုတ်များ၊ အမှိုက်သရိုက်များဖြင့် ပြည့်နှက်လျှက်ရှိသော ကြွက်သိုက်ကြီးတခုကို တွေ့ရှိရလေရာ၊ အမှိုက်များကို မီးညှပ်ဖြင့် ကော်ထုတ်ယူသောအခါ ထင်းရှူးသား ဆံထိုးပုံကလေးကိုလည်းကောင်း၊ ယမန်နေ့ညက ပျောက်သွားသော ၁ဝ ရတီကျော်ခန့်ရှိ စိန်ဆံထိုးကိုလည်းကောင်း တွေ့ရလေ၏။ ထို့ထက်ပင် အံ့သြဖွယ်ကောင်းသော အရာတစ်ခုမှာ ယခင်တနှစ်ကျော်က ပျောက်ဆုံးဖူးသည်ဆို သော မြမြ၏ ရွှေလက်စွပ်ကလေးကိုပင် ထိုကြွက်သိုက်ကြီး၏ အောက်ဆုံး၌ တွေ့ ရှိရလေသတည်း။
            
အပေါ်ထပ်မှ ဆင်းလာသော မြမြနှင့် လှလှတို့မှာ ထိုအချင်းအရာများကို မြင်ရသောအခါ အံ့သြ၍မဆုံးနိုင်အောင် ရှိကြလေ၏။ မြမြက မောင်ဝင်းမြ၏ပခုံးကို အားရပါးရပုတ် လျက် ...
          
“ငါ့မောင်က လက်စသတ်တော့ စုံထောက်ပါလား”
           
“ဒါပေါ့ မမမြရဲ့၊ စာအုပ်တွေအများကြီးဖတ်ထားတဲ့ ဦးနှောက်ဟာ ဒီလိုနေရာမျိုးမှာ အသုံးချရတာပေါ့”
            
“တော်တယ်ဟေ့၊ ငါ့မောင်က ဘယ်လိုများ ဉာဏ်ရသလဲ မပြောတတ်ဘူး”
            “
ဆေးလိပ်တံဆိပ်ကပ်တုန်း ဆံထိုးကို လက်နဲ့ကိုင်တယ် ဆိုကတည်းက ဆံထိုးကို မုချကော်ပေရမယ်။ ကော်နံ့ရတဲ့ ဆံထိုးကို ဒီလောက်ကြွက်ပေါတဲ့ နေအိမ်မှာ ကြွက်ချီသွားမယ် ဆိုရင် ဖြစ်နိုင်တာပေါ့ မမမြရဲ့။ အဲဒီလိုစဉ်းစားနေတုန်း မမမြ အရင်တခါ ရွှေလက်စွပ်ကလေး ပျောက်သွားတယ်ဆိုတော့ ကျွန်တော်လည်း ငါထင်တဲ့အတိုင်း ဖြစ်မှာပဲလို့ ကြွက်ကို တစ်ခါတည်း တရားစွဲတာပဲ”
          
“မင်းစိတ်ကူးတာ မှန်တယ်ဟေ့။ လက်စသတ်တော့ ကိုရွှေကြွက်တို့ လက်ချက်ကိုးကွဲ့ ”
          
“ကြွက်ဆိုတာ ဘာကိုပဲဖြစ်ဖြစ် ချီသွားရင် သူ့အသိုက်ထဲ ချီသွားတတ်တာပဲ။ ဒီတော့ အသိုက်နေရာကို သိဖို့လိုတယ်။ ကိုင်း ...အခုတော့ ထင်းရှူးသားကလေး ကော်သုတ်ပြီး မနေ့ကနေရာမှာ ချထားပြီး တခါတည်း ချောင်းဖမ်းတာ တရားခံလည်းသိ၊ ပစ္စည်းလဲပြန်ရပြီမဟုတ်လား” 
           
“ငါ့မောင် တော်ပါပေတယ်”
           
“ကိုင်း ... တော်တယ် မတော်ဘူးလုပ်မနေပါနဲ့၊ ဘာဆုချမလဲဆိုတာသာ ပြောပေတော့”
            
“ဒါတော့ မင့်မမလှကိစ္စပဲ၊ သူကြည့်ပြီး ဆုံးဖြတ်လိမ့်မပေါ့၊ မမမြတော့ အိပ်ချင်လှပြီ”
           
မြမြသည် ပစ္စည်းများကိုသိမ်းယူ၍ အပေါ်ထပ်သို့ တက်သွားလေရာ၊ မောင်ဝင်းမြနှင့် လှလှတို့သာ တယောက် မျက်နှာကို တယောက်ကြည့်ခါ ငေး၍ကျန်ရစ်ခဲ့ကြလေ၏။

“ဘယ့်နှယ်လဲ မမလှ၊ ဘာဆုပေးမလဲ”
         
“ငါ့မောင်လိုချင်တဲ့ဆုပေါ့”
          
မောင်ဝင်းမြမှာ နှုတ်ဖြင့်ပြန်၍ပင် မပြောဝံ့သော်လည်း လှလှ၏ချစ်ချင်စဖွယ်ကောင်းသော ကိုယ်ကလေးကို မချင့်မရဲ ကြည့်၍နေလေ၏။
          
“ပြောပါကွဲ့ ဘာဆုလိုချင်သလဲလို့”
          
“လိုချင်တာကတော့ ကျွန်တော်”
          
“ဟင်းနော် မင်းလည်း မရိုးတော့ဘူးထင်တယ်။ ကဲ ကဲ မောင်ဝင်းမြ အိမ်ပြန်တော့လေ၊ ညဉ့်နက်လှပြီ”
         
(ခေါင်းငုံ့လျက်) “ကျွန်တော် တစ်သက်လုံး မမလှတို့ကို အခုလိုပဲ စောင့်ရှောက်ပြီး နေချင်တော့တာပဲ။ အဲဒါ ကျွန်တော်လိုချင်တဲ့ဆုပဲ မမလှ”
        
“ကိုင်းကွယ် မင်းလိုချင်တာ မမလှသိပါပြီ” 
          
မောင်ဝင်းမြသည် အရဲစွန့်ခါ လှလှ၏လက်ကလေး တဘက်ကို ဆုပ်ကိုင်လိုက်လေ၏။ လှလှသည် မျက်လုံးက လေးများ မှေးခါ ငြိမ်သက်လျက်ရှိတော့၏။ ၎င်းနောက် တကိုယ်တည်း ရေရွတ်ပြောဆိုဘိသကဲ့သို့ ...
        
“ဪ ဘယ်လိုဖူးစာများ ဖန်တီးလာလို့တွေ့ ရတယ် မပြောတတ်ဘူးနော်”
        
“ဘာပြောတယ် မမလှ”
        
“ရှေးက ဘယ်လိုဖူးစာမျိုးများ လာဆုံတယ်မသိဘူးလို့၊ မင်းနဲ့တွေ့ ရတာ”
        
“ဘယ်လိုဖူးစာရမလဲ မမလှရဲ့၊ ကြွက်ဖူးစာပေါ့” 

ဟု မောင်ဝင်းမြက ပြန်၍ပြောလိုက်လေသတည်း။

---

#ဒဂုန်ရွှေမျှား
#ကြွက်ဖူးစာ

#shared_by_louis_augustine
#sbla

Comments