သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ(အပိုင်း ၄ - ဇာတ်သိမ်းပိုင်း) //တက္ကသိုလ်ဘုန်းနိုင်
သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ
(အပိုင်း ၄ - ဇာတ်သိမ်းပိုင်း) //တက္ကသိုလ်ဘုန်းနိုင်
(လုံမလေးမဂ္ဂဇင်း၊ အတွဲ-၆၊ အမှတ်(၁၂)၊ ၁၉၉၀၊ဒီဇင်ဘာ)
---
တညီတညွတ်တည်း မိန့်တော်မူကြတာက အလင်းဓာတ်ကို နှလုံးသားထဲမှာ ရှာကြရမယ်။ အလင်းကမ္ဘာကို နှလုံးသားထဲမှာပဲ တည်ဆောက်ကြရမယ်။
သာမန်လူသားရဲ့ နှလုံးသားမှာကလဲ အမှောင်ကအလျင် မင်းမူနေတတ်တယ်။ ဒီကြားထဲ လျှပ်လေးပြက်သလို...အရုဏ်လေး၊ တက်သလို အချစ်ဓာတ်လေး ဝင်လာတတ်တယ်။
သံယောဇဉ်တွေ၊ ပိုင်လိုမှုတွေ ရောယှက်နေပေမယ့် ဆန့်ကျင်ဘက်သဘော ဖြစ်တဲ့ ကိုယ်ကျိုးစွန့်ချင်တဲ့၊ အနစ်နာခံချင်တဲ့၊ ခွင့်လွှတ်သည်းခံချင်တဲ့ သတ္တိလေးတွေလဲ ယှဉ်ကိန်းနေတတ်ပါတယ်။
အချစ်ဆိုတာဟာ မေတ္တာရဲ့ အရုဏ်ဦးလေးဖြစ်လာနိုင်ပါတယ် တနည်းဆိုရရင်လဲ ခက်မာတဲ့နှလုံးသားမြေကို စတင်နူးညံ့စေတဲ့ မေတ္တာမိုးဦးမိုးပြေးလေးဖြစ်နိုင်ပါတယ်။
သတိညာဏ်ပညာနဲ့ ယှဉ်တဲ့ အသက်လေကို ရှူရင်းဘဝခရီးကို လျှောက်ကြသူတွေအတွက်တော့ နှလုံးသားမှာ မေတ္တာမိုး ထိန်ထိန်
လင်းလာနိုင်ပါတယ်။ မေတ္တာမိုးကြီးလဲ စွေသွန်းပြီး ထာဝရရှင်သန်ခြင်းနဲ့ အသက်ကို ရပိုင်နိုင်ပါတယ်။
ကန့်သတ်မဲ့ အမြင်ရှိတဲ့ စာဆိုကြီးတွေဟာ နှလုံးသားမှာ မေတ္တာမိုး ထိန်ထိန်လင်းသွားကြတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။
ကျွန်တော်တို့တွေရဲ့ နှလုံးသားမှာကော မေတ္တာမိုး ထိန်ထိန်လင်းပါ့မလား။
အဲဒါကိုတော့ မပြောနိုင်ပါဘူး။ ပြောနိုင်တာ တခုကတော့ ရှိပါတယ်။
နှလုံးသားမွေ့စက်ရာကို အသင့်ပြင်ဆင်ထားကြရအောင်။
ကျွန်တော် စောစောက ပြောပြခဲ့တဲ့ ကဗျာမှာ ရှယ်လီက ချစ်သူအိပ်စက်ဖို့ နှင်းဆီပွင့်တွေနဲ့ မွေ့ရာခင်းမယ်လို့ ဆိုခဲ့တယ်။
ကျွန်တော်ကတော့ နှင်းဆီပွင့်လွှာတွေနဲ့တောင် မွေ့ရာမခင်းချင်ပါဘူး။ အချစ်ဆိုတာလိုပဲ နှင်းဆီက မွှေးပြီး လှပေမယ့် ဆူးရှိတဲ့ ပန်းပါ။
ကျွန်တော်ကတော့ နှလုံးသားမွေ့စက်ရာမှာ အပြစ်ကင်းတဲ့ သဇင်ကိုသာ ခင်းလိုပါတယ်။
"သဇင်ခင်းတဲ့ ချစ်ခြင်းမွေ့စက်ရာကို ပြင်ဆင်ထားပြီး ရောက်လာလေမယ့် အလင်းဓာတ်ကို ကြိုချင်ပါတယ်"
ကိုယ်တို့ ဟောပြောပွဲပြီးသောအခါ
ည ဆယ့်တနာရီ ထိုးနေပြီ။
ဧည့်ခံ ကျွေးမွေးသည်ကို စားသောက်ပြီး ကိုယ်က ကိုယ့်ခြံဆီ ပြန်လာခဲ့သည်။
ဖိတ်ကြားထားသူများက ကိုယ်တို့ကို အစိုးရတည်းခိုခန်းမှာ ကောင်းကောင်းမွန်မွန် ထားပါသည်။
သို့ရာတွင် မော်လမြိုင်မှာက ကိုယ့်အစ်ကို ခြံရှိသည်။ကိုယ် ငယ်ငယ်က နေခဲ့သောခြံ။ လွမ်းဖွယ်သောခြံ။
အဝတ်အစားလဲပြီး ခွာပြာရုံကြီးဘေးမှ ကွပ်ပျစ်လေးပေါ်မှာ ကိုယ်ကထိုင်နားသည်။
လရာင်က ထိန်နေသည်။
ညက အိပ်မက်နယ်မှ အလင်းကမ္ဘာသို့ ပြာပြာလဲ့လဲ့ လင်းနေသည်။
နှင်းလေးတွေကလည်း ဝေဝေစီစီနှင့်...။
ခြံတွင်းမှ သဇင်တွေကတော့ သင်းချင်တိုင်း သင်းနေသည်။
ဪ...သဇင့်ကို သဇင်မျိုးဥလေးတွေ လက်ဆောင်ပေးခဲ့ခြင်းကို သတိရသည်။
ခြံဝမှ ကားတစီးဝင်လာသည်။ ရှေ့မီးလုံးများပိတ်ကာ လရောင်၌ ရပ်ထားသည့် အက်စ်အီးကားအဖြူလေးကို တွေ့ရသည်။
ကားပေါ်မှ မိန်းမပျိုသုံးဦး ဆင်းလာကြသည်။
တဦးက နီလာ၊ တဦးက သန္တာ၊ နောက်တဦးက...သဇင်...
ကိုယ့် အရိပ်အယောင်ရှင်မ။
ကိုယ်က အံ့ဩမှုနှင့် ထရပ်လိုက်မိသည်။
နီလာက စပြော၏။
"နှင်းမောင်၊ နင့်ကို တည်းခိုရိပ်သာမှာ သွားရှာကြသေးတယ်၊ နင့်ခြံမှာပဲ တည်းတယ်ဆိုလို့ တို့သုံးယောက် လိုက်လာကြတာ"
နီလာတို့က မော်လမြိုင်သူ။ နီလာက အထက်တန်းပြဆရာမ၊ သန္တာက မော်လမြိုင်တက္ကသိုလ်မှသရုပ်ပြ ဆရာမ။
ကိုယ်ကဖိတ်ခေါ်သည်။
"လာကြလေ...ထိုင်ကြ"
"မထိုင်ပါဘူး၊ သဇင်ခြံထဲရောက်မှ တို့ကတော့ သဇင်တွေပဲ လျှောက်ကြည့်မယ်၊ ဪ...ကုမုဒြာတွေရောပွင့်နေလား"
"ဒီညမျိုးဆို သူသိပ်ပွင့်ပေါ့"
"အေး...ငါတို့ သွားကြည့်မယ်၊ ငါတို့က နင်နဲ့ ခဏခဏ တွေ့ရတာ၊ မတွေရတဲ့သဇင်နဲ့ စကားပြောကြ"
နီလာနှင့် သန္တာတို့က သဇင်ခင်းတန်းများဆီသို့ ထွက်သွားကြသည်။
ဟို...တခါတုန်းက ကဲ့သို့ပင် သဇင်က ကွပ်ပျစ်လေးပေါ်မှာ ဝင်ထိုင်သည်။ ဟိုတခါတုန်းကလောက်တော့ ပူးပူးကပ်ကပ် မဟုတ်။
စကားမပြောကြပဲ အတန်ကြာငြိမ်နေမိပြီးမှ ကိုယ်ကမေးသည်။
"သဇင့်ကို ပြန်တွေ့ရလို့ ကိုယ် သိပ်အံ့ဩမိတယ်။သဇင် မော်လမြိုင်ကို ဘာလာလုပ်တာလဲ"
"သဇင်က မော်လမြိုင်ဆေးရုံကြီးကို ပြောင်းလာတာ၊မကြာသေးဘူး၊ တပတ်ပဲ ရှိသေးတာ"
"အင်းနော်...သူငယ်ချင်းတွေလဲ ကွဲသွားကြပြီး ဟိုရောက်၊ ဒီရောက်နဲ့၊ ဘယ်သူ ဘယ်မှာ ရှိတာကို မသိကြဘူး။"
"ကျော်ကြားထင်ရှားတဲ့ စာရေးဆရာကြီး ဘယ်မှာရောက်နေတယ် ဆိုတာတော့ သဇင်တို့ သူငယ်ချင်းတွေ သိကြပါတယ်၊ ဪ... ကိုသိန်းလွင်နဲ့တော့ ပဲခူးမှာ ဆုံကြသေးတယ်၊ သဇင်က ပဲခူးဆေးရုံကြီးမှာ တာဝန်ကျခဲ့သေးတယ်လေ၊ သူကလဲ ပဲခူးမှာအထက်တန်းပြ ဆရာ"
ကိုယ်က ထိတ်လန့်တကြား သဇင့်ကိုကြည့်သည်။သိန်းလွင်ဆိုသည့် ကောင်က ကိုယ့်အကြောင်းအကုန်သိသည်။ သဇင့်ကို သည်ကောင် ဘာတွေများ ပြောပြီးပြီနည်း။
သဇင်ကတော့ အပြစ်ကင်းသန့်စင်စွာ ပြုံးနေသည်။မျက်လုံးလေးတွေမှာလည်း အပြစ်ကင်းနေသည်။ ဪ...ဟိုး ငယ်ငယ်တုန်းက အတိုင်း။ လရောင်မှာမို့ ဖျပ်ဖျပ်လဲ့နေသည်သာ ရှိသည်။
"သဇင်တို့ ဒီည ဘယ်လိုရောက်လာကြသလဲ"
"သူဟောပြောတာကို သဇင်တို့ တမင်လာနားထောင်တာပေါ့ သူ့ကိုပြောခဲ့ဖူးသားပဲ၊ သူစာရေးဆရာကြီးဖြစ်လာရင် သူ့ပရိတ်သတ်ထဲမှာ သဇင်ထိပ်က ရှိရမယ်လို့"
ကိုယ့်ရင်မှာ ကြည်နူးသည်။ ဝမ်းနည်းသကဲ့သို့လဲ ဖြစ်မိ၏။
"ကိုယ့်နာမည်က နှင်းမောင်၊ ကိုယ့်ကလောင်အမည်က တခြား၊ ကိုယ့်ကို စာရေးဆရာဖြစ်နေမှန်း သဇင်ဘယ်တုန်းက သိသလဲ"
"သူ နဝဒေးဆောင်မှာ နေကတည်းက၊ သဇင်တက်နေတဲ့ ဆေးတက္ကသိုလ်ခွဲနဲ့ ကပ်နေတဲ့ပညာရေးတက္ကသိုလ်မှာ နေကတည်းက"
ကိုယ် ထိတ်လန့်သွားပြန်၏။
"သဇင့်ဆီ သူမလာဘူး၊ သဇင်နဲ့ အဆက်အသွယ်မလုပ်ဘူး၊ သူနေနိုင်တယ်လို့ သဇင် ထင်မိတယ်၊ဪ.. .ဒီည သူဟောတာ နားထောင်မှ သဇင်သဘောပေါက်တယ်"
"ဘယ်လို"
"သူ ဝန်ခံသွားတာပဲ၊ သူ့နှလုံးသားမှာက စိုးမိုးနေတဲ့အရိပ်အယောင် ရှင်မလေးရှိတယ်၊ ဪ...သဇင်ကလဲ ညံ့လိုက်တာ၊ ဟုတ်တာပေါ့၊ အရိပ်အယောင်ရှင်မလေး ရှိနေပြီဖြစ်တဲ့ သူက သဇင်တို့နဲ့ ဘာအဆက်အသွယ် လုပ်ဖို့ လိုတော့မှာလဲ မဟုတ်ဘူးလား"
ဒုက္ခ...။ခက်ချေပြီ။
သဇင်ကို ဝမ်းနည်းပမ်းနည်းကြည့်ပြီး ကိုယ်ကမေးမိသည်။
"ဒီည ကိုယ်ဟောတာကို သဇင်နားလည်လား"
"အိုး...နားလည်၊ သိပ်နားလည်တယ်"
"တကယ် နားလည်တယ်"
"သူ သဇင့်ကို အထင်သေးတယ်ပေါ့၊ ကဲ...သဇင်ပြောပြမယ်၊ သူပြောတာကမှ တခု လိုနေသေးတယ်"
"တခု လိုနေသေးတယ်"
"ဟုတ်တယ်၊ ဆရာဝန်ပေမယ့် သဇင်တို့လည်း ကဗျာကိုချစ်ပါတယ်၊ ကဗျာကို နားလည်ပါတယ်၊ သူပြောပြနေတဲ့ မေတ္တာမိုး ထိန်ထိန်လင်းနေတဲ့ နှလုံးသားကမ္ဘာကြီးမှာက ကာဆီးမှုတွေမရှိရဘူး၊ ခြားနားမှုတွေမရှိရဘူး၊ ပြီးတော့ ဟန်ဆောင်မှုတွေလဲ မရှိရဘူး၊ နောက်ပြီးတော့..."
သဇင်က စကားမဆက်။
"နောက်ပြီးတော့ ဘာလဲသဇင်၊ ဆက်ပါဦး"
"နောက်ပြီးတော့ သံသယနဲ့ ဒွိဟတွေမရှိရဘူး"
ကိုယ်က သဇင့်မျက်နှာလေးကို အံ့ဩလှစွာနှင့် ကြည့်မိသည်။
လရောင်နှင့် ကြယ်ရောင်မှာ...လရောင်နှင့်ကြယ်ရောင်ကဲ့သို့ပင် သဇင်၏ မျက်နှာလေးက တောက်ရွှန်းနေသည်။
"သဇင် တော်တော် နားလည်သားပဲ၊ ဒါပေမယ့် သဇင်အကုန် နားမလည်ပါဘူး"
"သဇင်က ဘာကို နားမလည်သလဲ"
"အရိပ်အယောင် ရှင်မလေးကို၊ ကိုယ့်ရဲ့အရိပ်အယောင် ရှင်မလေးကို"
"သဇင် နားလည်ပါတယ်၊ သူ့နာမည်တောင် သဇင်သိသေးတယ်"
"သူ့နာမည် သဇင် သိတယ်၊ ဘယ်သူလဲ"
"ဘီးယားထရစ်(စ်)"
"အင်း"
"သူက ဒန်းတီလို အားငယ်နေသူကိုး..."
အမှတ်မထင်ပါ၊ မရည်ရွယ်ပါ၊ ကိုယ်က ဖြူနုရှိမ်းလဲ့သော သဇင်၏ လက်လေးတဘက်ကို ဆုပ်အုပ်ကိုင်မိသည်။
"သဇင်...သဇင့်ကို သိန်းလွင်က ဘာတွေ ပြောခဲ့သလဲ"
သဇင်က မဖြေ။ ကိုယ်ဆုပ်ကိုင်ထားသော သူ့လက်လေးကိုလဲ မရုန်း။
"သဇင်"
"ဘာလဲ သူရယ်"
"ပြောပါဦး၊ သိန်းလွင်က ဘာတွေ ပြောခဲ့သလဲ"
သဇင်က မျက်တောင်ကော့ကြီးများကို ပင့်လှန်၍ ကိုယ့်ကို ကြည့်သည်။
"သူ သိပ်သိချင်တာပဲလား"
"သူ ဘာတွေ လုပ်ခဲ့တယ်ဆိုတာပေါ့၊ သဇင်လေ ရင်ထုမနာ ဖြစ်လိုက်တာ၊ ဒါပေမယ့် ယုံရခက် မယုံရခက်ပဲ၊ သူ့ အရိပ်အယောင်ရှင်မက သဇင်မှ တကယ်ဟုတ်ရဲ့လား၊ သဇင့်မှာလဲ သံသယနဲ့ပေါ့၊ ဒါပေမယ့်ဒီည သူဟောတာ နားထောင်ရင်းက ရှယ်လီရဲ့ကဗျာလေးကို ရွတ်ပြတော့..."
သဇင်က စကားရပ်သွားပြန်၏။
"အဲဒီတော့"
"သဇင့်အတွက် ဒီကဗျာလေး ဘာသာပြန်ပေးမယ်လို့သူပြောဖူးတာကိုး၊ ဪ... ဒီနေရာလေးမှာနော်"
"ဟုတ်ပါတယ် သဇင်"
"ဒီလို အချိန်မျိုးမှာပဲနော်"
"ဟုတ်ပါတယ်၊ ဪ...ဒါပေမယ့် အဲဒီတုန်းကခရစ္စမတ်နေ့"
"ဟွန်း...ဒီနေ့က ခရစ္စမတ်အကြိုနေ့၊ ခရစ္စမတ်နေ့ဆီတောင် ကူးတော့မယ်ထင်တယ်"
တဦးလက် တဦးဆုပ်ကိုင်ပြီး ကောင်းကင်ကြီးဆီ မော့ကြည့်မိကြသည်။
"သူ"
"သဇင်"
"သဇင့်ကို သူ့ကဗျာ ပြန်ရွတ်ပြဦးလေ"
ကိုယ်က တချိန်က ရွတ်မပြဝံ့သော ကဗျာလေးကိုယခု ရွတ်ပြသည်။ ကြည်ကြည်နူးနူး ရွတ်ပြသည်။
"ချိုတေးသံ လေမှာစဲသော်လည်း
မှတ်သညာ ဝိဉာဏ်ထဲမှာ
လှိုင်းခွပ်ဆဲ ဂီတယဉ်"
ကိုယ့်ကဗျာဆုံးမှာပင် အမှတ်သညာ ဝိဉာဏ်ထဲမှာမဟုတ်။
သဇင်နံ့တွေ ကြိုင်နေသောလေမှာ၊ နှင်းလေးတွေ လဲ့နေသော လေမှာ...
လရောင် ကြယ်ရောင်နှင့် တင့်တယ် ထွန်းတောက်နေသော
အလင်းကောင်းကင်ကြီး အောက်မှာ...
မင်္ဂလာရှိသော ဂီတသံတွေ ဝေစည်လာသည်။
ခေါင်းလောင်းသံတွေပါ။
ဪ...သန်းခေါင်ယံကျူး၍ တနေ့သစ်သို့စ,ကူးလေပြီ။
ဟိုးတနှစ်တုန်းကတော့ တင်နဆင်၏ ကဗျာနှင့်အတူ ကိုယ်ဆုတောင်းဖူးသည်။
ကိုယ့်နှလုံးသားမှ နှင်းဆီကို မောင်းထုတ်ပေးပါ။
နှစ်ပေါင်းများစွာ နှင်းဆီကို ကိုယ်မောင်းထုတ်ခဲ့ပြီးပါပြီ။
ယခုအချိန်မှာတော့ ကိုယ့်နှလုံးသားတွင် သဇင်သာကျန်တော့မည် ယုံကြည်သည်။
သဇင်ကို ကိုယ်တော့ မောင်းမထုတ်နိုင်ပါ။
သဇင်ရယ်...၊သင်းပါတော့...၊ခင်းပါတော့...။
---
#တက္ကသိုလ်ဘုန်းနိုင်
#သဇင်ခင်းသည့်ချစ်ခြင်းမွေ့စက်ရာ
#shared_by_louis_augustine
Comments
Post a Comment