သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ (အပိုင်း ၁) // တက္ကသိုလ်ဘုန်းနိုင်

သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ (အပိုင်း ၁) // တက္ကသိုလ်ဘုန်းနိုင်

(လုံမလေးမဂ္ဂဇင်း၊ အတွဲ-၆၊ အမှတ်(၁၂)၊ ၁၉၉၀၊ဒီဇင်ဘာ)

---

ညဆိုလျှင် လရောင်မှာ နှင်းပြာပြာလေးတွေဝေဝေထင်တတ်ပြီး နံနက်နေခြည်မှာ နှင်းပေါက်လေးတွေ သစ်ရွက်တွေထက် စိန်ရောင်လက်တတ်သည့်
ဒီဇင်ဘာလရောက်တိုင်း ကိုယ့်ရင်မှာ ကဗျာလှိုင်းလေးတွေ သိမ့်သိမ့်ငြိမ့်ငြိမ့် လှုပ်ရှားပြန့်ကျယ် ပွားစည်တတ်သည်။ 

ဒီဇင်ဘာဆိုသည့်အခါက မြန်မာစာနှင့်ဆိုလျှင် နတ်တော်၊ ပြာသို...။

နတ်တော်၊ ပြာသို၊ ခွာညိုတည့်နှင်းဖုံဖုံ၊ ရိုးတံဆင့်ဖူးငုံ၊ 
ဝတ်မှုန်...ဝတ်မှုန်...ဝတ်မှုန် တင့်ဆုံး၊ သဇင်ပန်းမြဂမုန်းငယ်နှင့်လေး...

မြဝတီမင်းကြီးက သည်လိုဖွဲ့ခဲ့သည်။ 

စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်၊
နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊
မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး၊
နွေလသန်ပေါက် ယဉ်ချိန်ရောက်ခါမှ၊
နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေဆင်ကြသည်၊ 
ရွှေပင်ဆင့်၊ ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊
ဂမုန်းအဘက်၊ အောက်စက်ရိပ်ခို၊
ရေတွက်လို့ဆိုတော့မည်၊
လက်တံတိုတမည်၊ လက်တံရှည်နှင့်
နေရောင်ခြည်၊ လရောင်ဝါ၊
မိုးလုံးပြာ မိုးလုံးမှိုင်း၊
ပုလဲဆိုင်း ပုလဲနှစ်၊ ချစ်စရာ့ လိပ်ပြာတောင်၊
နီလာရောင် တောင်လုံးမြိုင်၊
သုံးပွင့်ဆိုင် ခိုင်လုံးဆန်း

စသည်ဖြင့် ဦးတိုးကလည်းစပ်ခဲ့သည်။ 

ဦးတိုးရဲ့ ‘ပန်းပျံ ပင်ဆင့်’ဆိုသည်ကလည်း သဇင်ပန်းပါ။ 

နတ်တော်ပြာသိုဆိုသည့် ဒီဇင်ဘာလနှင့်ခွဲခြား၍မရသည့် သဇင်ပန်း။

မြဝတီမင်းကြီးကတော့ သူ့သဇင်ကို...

သိင်္ဂီလျံလန်း၊ စိန်စီမှန်နန်းငယ် ပေါ်မှာ၊
ပန်ဆင်ရာ ရွှေကေသာမြန်းပါလို့၊
သည်ပန်းမှမြတ်ပန်တော်

ဟုဂုဏ်တင်ခဲ့သည်။

ဦးတိုးကလည်းသူ့ သဇင်ကို...

မြတ်ပန်တော်ပန်း၊ ခိုင်လုံးလန်းကို၊ 
ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်ကြောင့် ဝင့်မလဲ၊ 
ဘုန်းနှင့်ကံနှင့်ရွှေသဇင်

ဟု ဂုဏ်မြှောက်ခဲ့သည်။ 

ဪ...သူတို့၏သဇင်၊ မြတ်ပန်တော်ပန်း၊ ပန်းပျံပင်ဆင့်၊ ဘုန်းနှင့်ကံနှင့်၊ သူတို့သဇင်။ 

ကိုယ့်မှာလည်း ကိုယ့်သဇင်ရှိသည်။ ကိုယ့်သဇင်အကြောင်း ကိုယ်ပြောပြချင်သည်။ 

---

သဇင်နံ့တွေက သင်းနေသည်။ 

သဇင်သင်းသည့် သည်လအခါကို ကိုယ်အမြဲ လွမ်းလွမ်းဆွတ်ဆွတ်နှင့် စောင့်တတ်သည်။ သဇင်တွေပွင့်ပြီး မမြင်ရသည့်လေပြင်မှာ သဇင်နံ့လေးတွေ ခိုစီးမျောပါလာပြီ ဆိုလျှင် ကိုယ်တယောက် ကြည်ကြည်နူးနူးလေးပျော်တတ်သည်။ 

ယခုသဇင်သင်းသည့် သည်တကြိမ်မှာတော့ ကိုယ့်ရင်မှာကြည်နူးတော့ကြည်နူးသည်။ ပျော်ပါလေသည်ဟုမူ ကိုယ်မဆိုနိုင်ပါ။ 

ကိုယ့်လက်ထဲမှာ အင်္ဂလိပ် ကဗျာစာအုပ်တအုပ်ကိုကိုင်ထားသည်။ 

ကိုယ် ခုတင်ကာလတွင်ဖတ်နေသည်က ရှယ်လီ(Shelly) ၏ ကဗျာတပိုဒ်။ 

ရှယ်လီ၏ ကဗျာကိုဖတ်ရင်းက ဦးတိုး၏ သဇင်ပန်းဘွဲ့ ရကန်မှ စာသားလေးတွေကို သွားသတိရသည်။ 

“ဘုန်းနှင့်ကံနှင့် ရွှေသဇင်”

ဟိုးရှေးရှေး...ဓားထက်သည့် ဧကရာဇ်တွေ၊ ပဒေသရာဇ်တွေ ရှိစဉ်အခါက သဇင်ပန်းကို မင်းနှင့်မိဘုရား မပန်ဆင်မီ မည်သူမျှ ဦးအောင် ခေါင်းမှာမဆင်ရဟုဆိုသည်။ တောထဲတောင်ထဲမှာ
သဘာဝကပွင့်ပေး၍ တွေ့လျှင်တောင်မှ ချစ်သာချစ်ပါ၊ ကိုယ့်ခေါင်းမှာတော့ မဆင်ပါလေနှင့်။ သူတပါးဆင်ဖို့လည်း မရောင်းပါနှင့်၊ မြို့ဝန်မင်းကိုသာ ဆက်ရသည်။ မြို့ဝန်မင်းကလည်း သူ့ အရှင်သခင်မင်းနှင့်မိဘုရားဆီ အဆောင်အယောင်နှင့်ဆက်သမည်။ သည်အကြောင်းကို ဦးတိုးက
ပြောပြခဲ့သည်။ 

“ဝေယံနန်းမြင့်၊ ပင်တိုင်းတင့်မို့၊
မြို့ဝန်မင်းစာ၊ လိပ်မပါဘဲနှင့်၊ 
ကွယ်ရာဈေးပြင်၊ ရောင်းလို့များမြင်မလာ့၊
သေချင်သေ ရှင်ချင်ရှင်၊ အင်မတန် အင်မတန် ရာဇဝတ်တော်ခံရသည်”

ဪ...ခေတ်ဂီတစာဆို...ဂီတနက်သန် 
ကိုစောငြိမ်းကလည်း သည်သဘောကိုပင်စပ်ဆိုခဲ့သေးသည်။ 

“အသွယ်သွယ် ညွတ်ကိုင်း၊ ရွှေကိုင်းတလူလူ
ငွေသိုင်း တံခွန်ထူ၊ သဲဖြူငွေရာဇမတ်ကာ မင်းဘဏ္ဍာတော်မှတ်၊ ချူရေးရာလှမ်း၊ သည်ပန်းမြတ်ကိုသာ ပန်ချင်သူပါ...”

အင်း...ပန်ချင်သူပါ။ ပန်ချင်သူတွေရှိမည်ပေါ့။ 
အလှမ်းမီသည် မမီသည်က တကိစ္စ။ 

ကိုယ်က သက်ပြင်းရှိုက်ပြီး ကောင်းကင်ဆီမော့်ကြည့်
မိသည်။ ဒီဇင်ဘာလ ကောင်းကင်က သန့်သန့် ပြာလွင်နေသည်။ အနောက်ဘက်ရှိ ကျနေမှ ရွှေရောင်ခြည်လက်တံတို့က ဖျော့ဖျော့လေး ဖြာပေးနေသည်။ ကောင်းကင်ပြာမှာ ကြယ်ဖြူတပွင့်ကမျက်တောင်မခတ်ဘဲ ထွက်ပြနေ၏။

ဟောသည် မြေနှင့်မိုး၊ ကိုယ်နှင့် ကောင်းကင်ကကြယ်၊ ဘယ်လောက်ဝေးပါသလဲ။ 

ဝေးပါသည်။ အများကြီးဝေးပါသည်။
ဝေးသည်မို့ မချစ်ရဘူးလား။
မပိုင်နိုင်သည်မို့ မဆိုင်ချင်ရဘူးလော။ 

“The desire of the moth for the star”

ကိုယ်က အသံထွက် ရေရွတ်မိသည်။ 
ကိုယ့်ကျောဘက်က ရယ်သံသဲ့သဲ့ကြားရသည်။ 
သည်ရယ်သံကို ကိုယ်မှတ်မိသည်။ ကိုယ့်အတွက် တလောကလုံးတွင် သည်လိုမျိုးရယ်သံရှင် တဦးသာရှိသည်။ 

သဇင်...။

ကိုယ်လှည့်ကြည့်သောအခါ သဇင်က ပြုံးနေသည်။ ကဗျာသမားမို့ ကဗျာလေးတပုဒ်ကိုပင် ပြေးသတိရသည်။ 

“နှင်းဆီကယဉ်၊ သဇင်ကပြုံး၊ အပွင့် ပန်တော်ဝင်လဲ၊ 
အပင်ဘယ်အတွက်၊ ဆူးဖက်သတုံး...”

နှင်းဆီကိုသဇင်ကပြုံးသည်။ ဂရုဏာပြုံး ဖြစ်မည်ထင်သည်။ လှသောနှင်းဆီမှာက အပြစ်မကင်း။ အပင်မှာ ဆူးတွေရှိသည်လေ။ 

သဇင်မှာကတော့ အပြစ်ကင်းသည်။ စင်းလုံးချောအပြစ် ကင်းသည်။ 
သဇင်ဆိုသည်မှာက ဆူးမရှိ။ 
အပြစ်ကင်းသန့်စင်စွာ ပြုံးနေသော သဇင့်ကို ငေးကြည့်ရင်း ကိုယ် လိပ်ပြာမလုံဖြစ်မိသည်။ 

ကိုယ့်နှလုံးသားမှာက ပွင့်ဦးနှင့်ပါ။ သည်ပွင့်ဦးကနှင်းဆီလား သဇင်လား။ 

လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားပြီး သဇင်ကကိုယ့်အနီးသို့ ကပ်လာသည်။ သဇင်၏ လှုပ်ရှားမှုလေးတွေက အမြဲလွတ်လပ်ပေါ့ပါးသည်။ သူ့နှလုံးသားလေးတွေ အမြဲ သန့်ရှင်းနေသည်မို့ သူ့လှုပ်ရှားမှုလေးတွေက အမြဲလွတ်လပ် ပေါ့ပါးနေပါသလော။

ကိုယ်ထိုင်နေသည်က ခွာပြာနွယ်ရုံကြီး တခု၏ အရိပ်မှ ဝါးကွပ်ပျစ်လေးပေါ်မှာပါ။ ကိုယ့်အနီးမှာကပ်ပြီး သဇင်ကထိုင်သည်။ သဇင်ရယ် ကိုယ်တို့ သည်လို ထိုင်ကြရမယ့်အရွယ်တွေ မဟုတ်တော့ဘူးကွယ်။ 

ပြီးတော့ကိုယ့်ရင်မှာလည်း ပွင့်ဦးနှင့်။ နှင်းဆီလေလား၊ သဇင်လား...။

“ကဗျာဆရာကြီး၊ စောစောက တယောက်တည်း
ဘာတွေ ပြောနေတာလဲ”

“ကိုယ်ဘာမှ မပြောပါလား”

“ပြောပါတယ်၊ ပြောတာမှမြန်မာလိုတောင်မဟုတ်ဘူး၊ အင်္ဂလိပ်လို”

“အဲဒါ ကိုယ်ရွတ်မိတာ”
                      
“ဟွန်း...သူ သဇင့်ကိုတောင် စကားရွေးချယ် ပြောနေသလား၊ ထားလိုက်၊ သူဘာရွတ်တာလဲ”

“ရှယ်လီဆိုတဲ့ ကဗျာဆရာရဲ့စကားလေးကိုပါ”

“ပြန်ရွတ်ပြဦးလေ”

“သာ ဒီဆိုင်းယား အော့ဖ် သာမောသ့် ဖော်သာစတား”
                    
“အဲဒါ ဘာပြောတာလဲ”
                   
“ဆီလျော်အောင် ဘာသာပြန်ပြောမယ်နော်”
                      
“ဟုတ်ကဲ့ရှင့်”
                             
“ကောင်းကင်က ငွေကြယ်ကို လိုချင်ရှာတဲ့ မြေပြင်က ပိုးစုန်းကြူးလေးရဲ့ ဆန္ဒတဲ့...”
                  
“အဲဒါက ဘာပြောတာလဲ“
                   
“ဪ...သဇင်ကလဲ၊ ကဗျာဆရာသူပြောချင်တာ ပြောတာပေါ့”
              
“ကဗျာဆရာဆိုတာဟာသူပြောချင်တာတွေ အဓိပ္ပာယ်မရှိ လျှောက်ပြောနေတဲ့လူ မဟုတ်ဘူး၊ မှတ်မိသေးလား၊ သူပဲ ပြောခဲ့တာလေ”
             
ကိုယ်က ဘာမျှမပြောဘဲ ငြိမ်နေ၏။ သဇင်က သူ့မျက်လုံးလှလှလေးများဖြင့် ကောင်းကင်ဆီမော့်ကြည့်နေသည်။ 
                
သဇင့်မျက်လုံးများမှ မျက်သားတွေကပြာသည်။ ဝတ်ထားသော အင်္ကျီနှင့် ထမီလေးကလည်း ပြာပြာနုနုလေး။ နဖူးဆံစနှင့်မျက်ခုံးမွှေးလေးတွေ အစပ်မှအသားဖြူဖြူလေးတွေမှာလည်း ပြာလဲ့ရည်ရိပ်နေသည်။ 
             
ကိုယ်တော့ မတွေ့ဖူးသေးပါ။ စာမှာတော့ ဖတ်ဖူးသည်။

“သဇင်နီလာ”
                   
လှမည်။ ကိုယ့်ဘေးမှ သဇင်လိုလှမည်။ 
                  
ကောင်းကင်ပြာပြာမှကြယ်ဖြူဖြူဆီ ငေးကြည့်နေရာမှ သဇင်က ရယ်သည်။ လှိုက်လှိုက်လှဲလှဲလေး ရယ်သည်။ 
                       
“ဘာသဘောကျသလဲ သဇင်”
                    
“သဘောပေါက်လို့ ရယ်တာ”
                   
“အင်းလေ...၊ ဘာသဘောပေါက်သလဲ”
                        
“မျှော်လင့်ခြင်း...”
                          
“ဘာရယ်”
                      
“သဇင့်ကိုအထင်မသေးပါနဲ့ သူရယ်၊ သူ့လိုကဗျာတွေမစပ်တတ်ပေမယ့် သဇင်တို့လဲ ကဗျာကိုချစ်တယ်၊ ဒီတော့ ကဗျာကို နားလည်တာပေါ့"
                  
ကိုယ်က သဇင့်မျက်နှာလေးကိုကြည့်သည်။ 
                         
သဇင့်မျက်လုံးလေးများက မိုးပြင်မှကြယ်သို့တောက်လဲ့နေသည်။ 
                 
သဇင်က ဆက်ပြောနေ၏။ 
                
“မိုးပြင်ကကြယ်ကလဲ တောက်ပတယ်၊ မြေပြင်က ပိုးစုန်းကြူးလေးကလဲတောက်ပတာပဲ၊ သူ့မှာလဲ သူပိုင် အလင်းလေးနဲ့ပေါ့၊ ချစ်စရာ့ပိုးစုန်းကြူးလေးတွေကို သဇင်ချစ်တယ် သူတို့ထွက်တဲ့ညဆိုရင် ပြတင်းပေါက်ကနေ သဇင်ထိုင်ထိုင်ကြည့်နေတာ၊ တခါတလေ ပိုးစုန်းကြူးလေးက ဟိုး...အမြင့်ကြီးဆီအထိတကောင်တည်း တက်ချင်တက်သွားတာ။ 
ရှယ်လီပြောသလို ကြယ်မင်းကို လိုချင်သလားမှ မသိဘဲ၊ ဘယ်ပြောနိုင်ပါ့မလဲ၊ သဇင့်မှာသာ တန်ခိုးရှိရင် ဘာလုပ်မလဲသိလား”
                
ကိုယ်က သဇင့်ကိုသာကြည့်ပြီး နားထောင်နေသည်။ 
                
“ဟေး...သူ သဇင်မေးနေတယ်”
           
“အို...ကိုယ်ဘယ်သိမလဲ”
                  
“သဇင့်မှာသာ တန်ခိုးရှိရင် ပိုးစုန်းကြူးလေးကို ကြယ်ဖြစ်အောင်လုပ်ပေးလိုက်မယ်“
                     
“ဘယ်လို ပိုးစုန်းကြူးလေးကို ကြယ်ဖြစ်အောင်လုပ်ပေးလိုက်မယ်”
                        
“စေတနာကိုပြောတာလေ၊ ပိုးစုန်းကြူး လေးဟာ
ကြယ်ဖြစ်သွားတော့ ပိုလှသွားမှာပေါ့၊ လောကမှာလဲ ပိုမိုလှပသော အလှတခုတိုးလာမှာပေါ့”
                  
ကိုယ်မျက်လွှာပင့်၍ သဇင့်ကိုကြည့်သည်။ အေးချမ်း၍ အပြစ်ကင်းသန့်စင်သော သဇင်၏ မျက်လုံးလေးများကို ရင်ဆိုင်ရသည်။ 
                
သည်မျက်လုံးလေးများကပြုံးနေသည်။ မျက်နှာလေးကဲ့သို့ပင်ပြုံးနေသည်။ 
               
ဪ...သဇင်။ သူကတော့ ထာဝရ ပျော်နေတတ်သူ ထင်၏။     
               
“သဇင်တို့ မနက်ဖြန်ဆို ဒီက သွားကြတော့မယ်နော်“
                  
သဇင်ကပြုံးပြုံးလေးပင်ခေါင်းညိတ်ပြ၏။ 
                   
“သဇင် ပျော်နေမှာပေါ့နော်”
               
သဇင့် မျက်နှာမှအပြုံးလေး ရုတ်တရက် ပျောက်သွား၏။ 
                  
“သူ ဘာလို့ အဲဒီလိုမေးရတာလဲ”
                        
“ဪ...သဇင်တို့ဖေဖေက ရန်ကုန်က ဆေးရုံကြီးကိုပြောင်းရမယ်၊ ဆေးတက္ကသိုလ်ကလဲ ပါမောက္ခကြီးဖြစ်ဦးမယ်၊ ရန်ကုန်မြို့ကြီးဆိုတာကလဲ ဘာပဲပြောပြော ဟောဒီ မော်လမြိုင်မြို့ထက်တော့ ပိုပျော်ဖို့ကောင်းလိမ့်မယ် ကိုယ်ထင်တယ်။ ”
                 
သဇင်က တွေတွေလေး ငိုင်နေသည် အပြုံးလေးက ပြန်ပေါ်မလာတော့။ 
                     
ပြောမိသော စကားများအတွက် ကိုယ် နောင်တရသွားသည်။ 
         
ဆောင်းလေအေးအေးက နုနုလေးသွေးနေသည်။ လေဟာပြင်၌လည်း နှင်းပြာပြာလေးတွေထင်နေသည်။ သဇင်နံ့တွေ ကလည်း သင်းနေ၏။ 
                
ကိုယ့်ဘက်မျက်နှာလေးကိုဘေးတိုက်ပေးပြီး သဇင်က ကောင်းကင်ဆီ ငေးကြည့်နေ၏။ လေနုနုက ဝှေ့နေတော့သဇင်၏ ဆံပင်လေးများကလည်း ညင်ညင်သာသာ လှုပ်နေကြသည်။ 
           
ခဏအကြာ၌မူ သဇင်က ကိုယ့်ဘက်လှည့်ကြည့်၏။ အပြုံးဟုခေါ်သာရုံ အပြုံးလေးတခုပြုံးလျှက်သဇင်က ပြောသည်။ 
                        
“သဇင် တခုပြောပြမယ်နော်”
                        
“ပြောပါ သဇင်”
                       
“သဇင့်ကိုယ်သဇင် မလိမ်ချင်ဘူး၊ တခြားလူတွေကိုလည်းမလိမ်ချင်ဘူး၊ ခုတင်က သူမေးတယ်၊ သဇင်ပျော် နေမှာပေါ့နော်တဲ့၊ ဟုတ်တယ်၊ သဇင်ပျော်နေတယ်၊ အဘက်ဘက်က တွက်ကြည့်တော့ ဘဝမှာတိုးတတ်လာတာဟာ ပျော်စရာကြီးပေါ့၊ ဆေးတက္ကသိုလ်မှာ ပါမောက္ခဖြစ်ဖို့ဆိုတာဟာ သဇင့်ဖေဖေရဲ့ဘဝရည်မှန်းချက်တခုပဲ ဒီတော့ ဖေဖေ့အတွက် သဇင်ပျော်တယ်၊ ဖေဖေဟာလူသားတွေရဲ့ အသက်ပေါင်းများစွာကိုကယ်ခဲ့ဖူးပြီ။ အခုသူ့ပညာ၊ သူ့အတွေ့အကြုံတွေကို နောက်တဆက် လူသားတွေကို သူ ထပ်ဆင့်ပွားပေးနိုင်တော့မယ်၊ ဖေဖေနဲ့အတူသဇင်မပျော်ရဘူးလား”
                  
ပြောမိသောစကားကြောင့်စောစောကကိုယ် နောင်တရသည်။ ယခုတော့ ရှက်မိသည်။ ဪ...လူဆိုသည်မှာ ကိုယ့်ဘက် ကိုယ်သာယက်၍ တွေးတတ်သော တကိုယ်ကောင်းဆန်သူပါတကား။ 
          
သဇင်ကသာ ဆက်ပြောနေ၏။  
                   
“သဇင့်ဘဝ ရည်မှန်းချက်လဲ သူ့ကို ပြောပြပြီးပြီလေ။ သဇင်လဲ ဖေဖေ့လိုပဲ ဆရာဝန်ကြီးဖြစ်ချင်တယ်၊ အဲဒါတွေကို အားလုံးပေါင်းတွေးတော့ သဇင်ပျော်တာပေါ့”
                 
“စောစောကပြောမိတဲ့စကားကြောင့် ကိုယ်တောင်းပန်တယ်၊ ကိုယ်မှားတယ်သဇင်၊ သဇင်ပျော်ထိုက်ပါတယ်။ ”

“နေဦးလေ သဇင့်စကားမဆုံးသေးဘူး”
          
“ပြောပါ သဇင်”
             
“ Partings are sad တဲ့၊ ခွဲခွာရခြင်းမှန်သမျှမှာ ဝမ်းနည်းစရာလေးတွေတော့ ရှိတာချည်းပဲပေါ့၊ သဇင်က ဒီမြို့မှာ ဆယ်နှစ်နေခဲ့တာ၊ ဒီမြို့ကြီးနဲ့ခွဲရမှာသဇင်ဝမ်းနည်းသင့်သမျှ၊ ဝမ်းနည်းတာပေါ့၊ အထူးသဖြင့်တော့ သူတို့လို ဟိုငယ်ငယ်လေတည်းကကျောင်းအတူတူနေခဲ့တဲ့ သူငယ်ချင်းတွေနဲ့ခွဲရမှာ သဇင်ဝမ်းနည်းတာပေါ့၊ ဒါပေမယ့် ကဗျာ ဆရာကြီးကိုမေးရဦးမယ်။ ဘဝဆိုတာ ဘာပါလဲ”
                      
“ဘဝဆိုတာ ဘာပါလဲ ဘာလို့မေးသလဲ သဇင်”

“သူတခါက ပြောပြတဲ့ ဝါ့ဒ်ဇ်ဝါတ်သ်ရဲ့ ကဗျာလေးကို သတိရလို့ပါ၊ သဇင်လဲကြိုက်တာမို့ အလွတ်ကျက်ထားတယ်၊ တပုဒ်လုံးတော့ မဟုတ်ဘူးလေ၊ အကြိုက်ဆုံး အပိုဒ်လေး”
                     
သဇင်က ခေတ္တလေးနားပြီးမှပီသမှန်ကန်သော အင်္ဂလိပ် စကားသံဖြင့်ရွတ်ပြ၏။ 
            
“A being breathing thoughtful breath,
A traveller between life and death”
                 
သဇင်ကခေတ္တလေးပင် နားလိုက်ပြန်သည်။
           
“ဒုတိယစာကြောင်းကို ဘာသာပြန်လိုက်ရင်တော့ လူဆိုတာဟာ မွေးဖွားခြင်းနဲ့သေခြင်းကြားကခရီးသည်တဦးပဲ၊ အဲဒီအတိုင်းဆိုရင်တော့အားငယ်စရာကြီးနော်၊ ဒါပေမယ့် ပထမစာကြောင်းကဆိုထားတယ်၊ အသိဉာဏ်ပညာနဲ့ယှဉ်တဲ့ အသက်လေကိုရှူရှိုက်တဲ့သတ္တဝါတဲ့၊ အသက်လေ...၊ ပါဏလား ပရာဏလား”
             
“ပါဠိက ပါဏ၊ သက္ကတက ပရာဏ၊ အတူတူပါပဲ”
                    
“လူဆိုတာဟာ မွေးဖွားခြင်းနဲ့သေခြင်းကြားမှာအသိဉာဏ်ပညာနဲ့ ယှဉ်တဲ့အသက်လေကို ရှူရင်း လျှောက်သွားနေတဲ့ ခရီးသည်၊ သဇင်ဘာသာပြန်တာမှန်ရဲ့လား”
         
“မှန်ပါတယ် သဇင်”
            
“ခွဲခွာကြရရင် ဝမ်းနည်းကြမှာက ဓမ္မတာပေါ့၊ ဒါပေမယ့် မွေးဖွားခြင်းနဲ့သေခြင်းကြားက ခရီးသည်တွေ အဖို့ ခွဲခွာရခြင်းဟာ ဆန်းသလား၊ တနေ့မဟုတ်တနေ့၊ တခါမဟုတ်တခါတော့ ခွဲခွာကြရမှာပေါ့၊ သည်တော့ ဝမ်းနည်းခြင်းတွေကို ဦးစားမပေးဘဲ အသိဉာဏ်ပညာနဲ့ယှဉ်တဲ့ အသက်လေကိုသာ ရှူကြရင် စိတ်ချမ်းသာစရာမကောင်းဘူးလား”
                
ကိုယ်ငိုင်မိသည်။ အတန်ကြာစွာ ငိုင်နေမိသည်။ 
            
အဓိပ္ပာယ်တွေ...။ အို ...သဇင့်စကားက အဓိပ္ပာယ်တွေများလှချည်လားကွယ်။ 
            
သဇင့်ကို ကိုယ်ကဖြည်းညင်းစွာ မော့ကြည့်မိ၏။ 
           
ဆောင်းညနေမှုန်ပြာပြာတွင် သဇင်နီလာသို့ လှနေသည့် သဇင့်အသွင်လေးကို ကိုယ် ခေတ္တငေးကြည့်မိသည်။ 

သဇင်ပြောပြခဲ့သော ဝါ့ဒ်ဇ်ဝါတ်သ်၏ ကဗျာအမည်ကိုလည်း ကိုယ်သတိရသည်။ 

She was a phantom of Delight. 

ဖန်တင်မ် ဆိုသည့်စကားက သူတို့ကဗျာဆရာတွေ မြတ်မြတ်နိုးနိုး သုံးတတ်သည့်စကား။ မြန်မာ ရှေးကဗျာဆရာတွေသုံးတတ်သည့် သူဇာ...၊ မိုးနတ်ဘုံကြွေဆိုသည့် စကားမျိုး။ အဓိပ္ပာယ် တိတိကျကျဆိုရလျှင် အကောင်အထည် ဒြပ်မရှိပဲ အရိပ်အယောင်မျှသာ စက္ခုဝိဉာဏ်တွင် ပေါ်ထင်လေသည့် သဘောမျိုး။ 

ဒီလိုက်တ်ဆိုသည့် စကားကအများသုံးအဓိပ္ပာယ်အရ အတိုင်းမသိ ကြည်နူးချမ်းသာခြင်း
ကဗျာသုံးအဓိပ္ပာယ်ကတော့...တန်ခိုး...အတိုင်းမသိ ကြည်နူးချမ်းသာခြင်းကိုပေးသည့်တန်ခိုး ...။ ဝါ့ဒ်ဇ်ဝါတ်သ်ကသူ့ချစ်သူကို အတိုင်းမသိ
ကြည်နူးချမ်းသာခြင်း၏ အရိပ်အယောင် တန်ခိုးရှင်မဟု ဖွဲ့သီခဲ့သည်။ 

ဆောင်းညနေ မှုန်ပြာပြာအလှမှ သဇင်ကလည်း
အို...အရိပ်အယောင်ပါတကား။ မြတ်စွာဘုရား...။ကိုယ့်အတွက် အရိပ်အယောင် တန်ခိုးရှင်မလေးပါလား။ သည့်ထက်တော့ မပိုနိုင် ပိုခွင့်မရှိ။ 

အို...ခုမှ ကိုယ်သိသည်။

---

(အပိုင်း ၂) ဆက်ရန်

တင်ခဲ့ပြီးသော အခန်းများ ဖတ်ရန် Link - https://m.facebook.com/story.php?story_fbid=208164111710728&id=100075514226170&mibextid=Nif5oz

#တက္ကသိုလ်ဘုန်းနိုင်
#သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ

#shared_by_louis_augustine
#sbla

Comments