အလှဘယ်မှာရှိပါလိမ့် // ထင်လင်း

အလှဘယ်မှာရှိပါလိမ့် // ထင်လင်း

အခု ကျွန်တော်ရေးမယ့် အကြောင်းနှင့် သိပ်ဆိုင်လှတယ်တော့ မဟုတ်ဘူး။ဒါပေမယ့် တစ်နေ့က ကျွန်တော် မြို့ထဲကအပြန် ဘတ်စ်ကားပေါ်မှာ ကျွန်တော့်ရှေ့ကခုံမှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို အလယ်က မတ်တတ်ရပ်လိုက်လာတဲ့ လူတစ်ယောက်က လှမ်းပြီး “အခု အလှတို့ ဘယ်မှာနေကြလဲ”လို့ နှုတ်ဆက်တဲ့အသံ ကြားရပြီး
ဒီဟာကို သတိရလာတာပါပဲ။

ဘတ်စ်ကားပေါ်မှာ နှုတ်ဆက်နေတဲ့လူတွေကို ကျွန်တော်မသိပါဘူး။ အဲဒီ အလှဆိုတာ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်မသိပါဘူး။ သို့သော်လည်း ဒီစကား ကျွန်တော့်နားထဲမှာ စွဲကျန်
ရစ်တယ်။

“အခု အလှတို့ ဘယ်မှာနေကြလဲ”

ရှေ့ခုံက အမျိုးသမီးက ဘာပြန်ဖြေသလဲ ကျွန်တော် မကြားလိုက်မိဘူး။ “အခု အလှတို့ ဘယ်မှာနေကြလဲ” ဆိုတာကိုသာ ကြားမိတယ်။

ဒီဟာကို ကြားပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်ဟာ တစ်ခါက ကျွန်တော်အကြိမ်ကြိမ် မေးခဲ့ဖူးတဲ့ ဒီမေးခွန်းကိုသာ ပြန်သတိရနေတော့တယ်။

“အလှ ဘယ်မှာလဲ။ အလှဘယ်မှာနေလဲ။ အလှတို့ ဘယ်မှာနေကြလဲ”

ဒီမေးခွန်းကို ကျွန်တော် လူတွေကိုသာမက သစ်ပင်တွေ၊တောတောင်တွေ၊ ရေအိုင်တွေ၊ လယ်ကွင်းတွေ တွေ့သမျှကို မေးခဲ့ပါတယ်။အလှဟာ ကျွန်တော့်အချစ်ဦးပါ။

ကျွန်တော်ဟာ မိဘ အကြောင့်ကြနှင့် နေခဲ့ရတဲ့ ကျောင်းသားဘဝက အလှကို တွေ့ခဲ့ပါတယ်။ အလှဟာ ရိုးသားတယ်။တည်ငြိမ်တယ်။ လှတယ်။ ပကာသန မရှိဘူး။ သူ့ကို တွေ့ တွေ့ခြင်းပဲ ကျွန်တော် ချစ်ခဲ့မိပါတယ်။ဒါပေမယ့် သူ့ကို ကျွန်တော် မယူခဲ့နိုင်ပါဘူး။ ကျောင်းမှာ
စာသင်တုန်းဆိုတော့ ဆရာသမား၊ မိဘ အဆုံးအမနှင့် စာကိုသာ ကြိုးစားသင်နေရတော့ အလှနှင့် ခဏခဏ မတွေ့ရပါဘူး။ ကျောင်းပိတ်လိုက်လို့ ရွာကို ပြန်ရောက်တယ်ဆိုရင်ပဲ ကျွန်တော် အလှကို
တွေ့အောင်ရှာပြီး သူနှင့်ပဲ နေခဲ့ပါတယ်။

သူနှင့် ချိန်းချိန်းပြီး တွေ့ကြတဲ့နေရာကတော့ ကျွန်တော်တို့ရဲ့ အပြင်ဘက်စပ်က လယ်ကွင်းနှင့် ရေကန်နှင့် တောတန်းကလေးကို လှမ်းမြင်နေရတဲ့ သပြေပင်အုပ်ကြီးရဲ့ အောက်ပေါ့။ အရိပ်ကလည်း
အေးမြတယ်။ ရှုခင်းကလည်း သာယာတယ်။ ဒီနေရာမှာ အလှက ကျွန်တော့်ကို လာလာပြီး စောင့်နေလေ့ရှိတယ်။

တစ်ခါမှာတော့ ကျွန်တော် အလှနှင့်တွေ့ရအောင် အဲဒီ နေရာကိုသွားရာမှာ အလှကို မတွေ့ဘူး။ ကျွန်တော်နှင့် ကျောင်းနေဖက် သူငယ်ချင်းမောင်သင် ကို တွေ့လိုက်ရတယ်။ ကျွန်တော်နှင့်
အလှ တွေ့ နေကျနေရာမှာ မောင်သင် ဝင်ထိုင်နေတာတွေ့ရတော့ ကျွန်တော့်ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားတယ်။သူထိုင်နေတာမြင်လို့ အလှ ရှောင်ထွက် ပုန်းကွယ်နေတာများလား။ ဒါမှမဟုတ် အလှကို သူ တွေ့လိုက်ပြီလား။

“မင်း ဒီမှာ ဘာလာလုပ်နေလဲ” လို့ ကျွန်တော်ကမေးတော့...

မောင်သင်က

“ငါလား။ ဘာမှ မလုပ်ပါဘူး။ ထိုင်နေတာပေါ့”လို့ဖြေပြီး ပြုံးပြတယ်။

သူ့ပခုံးပေါ်မှာလည်း ဓာတ်ပုံရိုက်တဲ့ ကင်မရာတစ်လုံး လွယ်လို့။
မောင်သင်နှင့် ကျွန်တော်လည်း ခင်ပါတယ်။ သူဟာ ကျောင်းပညာမှာ တော်တဲ့လူမို့ နာမည်ကြီးပါတယ်။ မိဘက တတ်နိုင်သူများဖြစ်လေတော့ သူ့မှာ ပစ္စည်းကိရိယာလည်း စုံပါတယ်။ ကား ရှိတယ်။
ရေဒီယိုရှိတယ်။ ဓာတ်စက် ရှိတယ်။ ကင်မရာ ရှိတယ်။ ကဗျာလင်္ကာလည်းတော်တော့ မိန်းကလေးတွေကျလောက်အောင် အဖွဲ့အနွဲ့တွေလည်း သူက လုပ်တတ်ပါတယ်။ လူကလည်း လူချောပါ။

မောင်သင်ကလည်း အလှကို ကြိုက်တဲ့လူပါပဲလို့ သူ့ကိုယ်သူ ကြေညာပြီး အလှကိုစာတစ်တန်ပေတစ်တန်နှင့် ပိုးပန်းနေတဲ့လူပါ။ သူဖွဲ့ ဆိုတဲ့ ကဗျာလင်္ကာတွေထဲမှာ အလှကိုချီးကျူးပြီးဖွဲ့ တဲ့ ကဗျာတွေကို ကျွန်တော် ဖတ်ရဖူးပါတယ်။
သူ့စာတွေကို ကျွန်တော်တော့ သိပ်နားမလည်ပါဘူး။ ဒါပေမယ့် ကျောင်းမှာ ကျွန်တော်တို့သင်ခဲ့ရတဲ့ စာတွေနှင့်တော့ ခပ်ဆင်ဆင်ဟာတွေပဲ။

သို့လင်္ကာတွေထဲမှာ အလှရဲ့ မျက်လုံးကို သမင်မမျက်လုံးနှင့် နိုင်းခိုင်းထားတယ်။ အလှရဲ့ မျက်ခုံးကလေးကို လဆန်းသုံးရက်လနှင့် နှိုင်းထားပါတယ်။ အလှရဲ့ဆံပင်ကို ကျီးနက်တောင် ပိတုန်းလို့ ဖွဲ့ ဆိုပါတယ်။ လက်ချောင်းခြေချောင်းကလေးများကိုလည်း ဖယောင်းတိုင်နှင့် ဥပမာ ပေးထားပါတယ်။ အလှရဲ့ မျက်နှာတစ်ခုလုံးကိုတော့ လမင်းကြီးနှင့် တင်စားထားတတ်ပါတယ်။ အလှရဲ့ ဂုဏ်ကို တင်တဲ့အခါမှာ မဉ္ဇူသကနတ်ပန်းနှင့်တောင် နှိုင်းပြထားပါတယ်။သူပေးထားတဲ့ဥပမာတွေကို ကျွန်တော် သိပ်ပြီး သဘောမပေါက်ပေမယ့် အလှဟာ တကယ်လှတယ်ဆိုတာကိုတော့ ကျွန်တော်လည်း ပြောရဲပါတယ်။

“မင်းကော ဘာလုပ်ဖို့ ဒီကိုလာလဲ”

သူက ကျွန်တော့်ကို မေးပါတယ်။

“ငါလား၊ ငါ အလကားပါပဲ”

ကျွန်တော်က သူ့လိုလူတစ်ယောက်ကို ပြောပြဖို့ မသင့်ဘူးလို့ သဘောပိုက်တာနှင့် အလှအကြောင်းကို မပြောတော့ပါဘူး။ဒါပေမယ့် သူက ရိပ်မိတယ်ထင်ပါရဲ့။

“ဒီနေရာဟာ ရည်းစားနှင့်ချိန်းတွေ့ဖို့ သိပ်ကောင်းတဲ့နေရာကွ။ အရိပ် သိပ်ကောင်းတယ်။ လူလည်း ရှင်းတယ်”

ကျွန်တော် သူ့ကိုတော့ ဘာမှပြန်မပြောဘူး။ ဒါပေမယ့် ဒီနေရာမှာ အလှတစ်ယောက်တည်း ထိုင်နေတာ သူတွေ့သွားရင် ဘာများလုပ်လေမလဲလို့ စိတ်ထဲက တွေးမိတာနှင့် ကျွန်တော် ရင်ထဲမှာ ဒိတ်ခနဲဖြစ်သွားမိတယ်။

ကျွန်တော် ကျောင်းကထွက်ပြီး အလုပ်ဝင်လုပ်တော့
အလှရှိရာကို ကျွန်တော် သိပ် မရောက်တော့ဘူး။ ကိုယ့်အလုပ်နှင့်ကိုယ် နေထွက်ကနေဝင် လုံးပန်းနေရတော့လည်း အလှကို သတိမရတော့တဲ့
အချိန်တောင် ရှိလာတယ် ထင်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်ခါ ရွာပြန်ရောက်ဖို့ ကြုံတဲ့အခါ အလှကို မြင်ရုံတော့ မြင်ခဲ့ရပါတယ်။ လူချင်း ချိန်းဆိုတွေ့ဆုံဖို့၊ မျက်နှာချင်းဆိုင် ထိုင်စကားပြောဖို့ ဆိုတာကတော့ အခွင့်မသာခဲ့ဘူးပေါ့။

နှစ်တွေလတွေ ပြောင်းသွားပေမယ့် ကျွန်တော့်အချစ်ဟောင်းကိုတော့ ကျွန်တော် တလည်လည်အောက်မေ့လျက်ပါပဲ။

ကျွန်တော် အလုပ်သင်ရင်း ဝင်လုပ်ရတဲ့ရုံးက စာရေးမသုံးယောက် ရှိတယ်။တစ်ယောက်က ရုပ်ချောတယ်။ မျက်လုံး လှတယ်လို့ နာမည်
ကြီးတဲ့ မခင်မူ။ကျန်နှစ်ယောက်အနက်မှာ တစ်ယောက်က မခင်မူလောက် မချောသော်လည်း ကိုယ်လုံးကိုယ်ထည် အဆစ်အချိုးကျတယ်လို့
နာမည်ကြီးတဲ့ တင်တင်ကြီး။ကျန်တစ်ယောက်ကတော့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုမှာ ခေတ်မီ
တဲ့ ရန်ကုန်သူ ယဉ်ယဉ်မေ။

ကျွန်တော်ရောက်တယ်ဆိုရင်ပဲ သူတို့တစ်တွေဟာ ကျွန်တော်နှင့် အကျွမ်းတဝင် ဖြစ်သွားတယ်။ ကျွန်တော်က သူတို့ထက် နှစ်နှစ်သုံးနှစ်စီဆိုသလို ငယ်တော့ သူတို့က ကျွန်တော့်ကို မောင်
အငယ်ကလေးတစ်ယောက်လို သဘောထားကြသလား မသိဘူး။ကျွန်တော့်သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို အင်မတန် အားကျကြတယ်လို့ ဆိုပါတယ်။ ဖိုးကော်လို့လည်း ပြောင်လှောင်
ခေါ်ဝေါ်ကြပါတယ်။ သူတို့အကြောင်း စကားစပ်မိကြရင် “လှတယ်ကွာ”၊ “ချောတယ်ကွာ”၊ “မှည့်တယ်ကွာ”၊ “ကြိုက်တယ်ကွာ”ဆိုတာ ကျွန်တော့်သူငယ်ချင်းတွေ ပြောနေကျစကားပါပဲ။

ဒါပေမယ့် ကျွန်တော့်မျက်စိထဲမှာတော့ တစ်ယောက်မှ ကြည့်လို့မရပါဘူး။ ဒီလိုပြောရင် ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို လိမ်တယ်ထင်ကြမှာစိုးလို့သာ အလိုက်အထိုက်ပြောနေရတာပါ။
တကယ်တော့ မခင်မူရော၊ တင်တင်ကြီးရော၊ ယဉ်ယဉ်မေရော သူတို့မှာရှိသမျှ အလှကလေးတွေကို တစ်နည်းမဟုတ် တစ်နည်း ဖျက်ဆီးပစ်ထားကြသူချည်းပဲလို့ ကျွန်တော် ထင်ပါတယ်။ သူတို့နှင့်
ကျွန်တော့်ချစ်သူ အလှနှင့်ဟာ ကွာချင်တိုင်း ကွာပါတယ်။

---

တစ်နေ့မှာ မခင်မူက ကျွန်တော့်စားပွဲကို စာရွက်ယူသလိုလို ဘာလိုလိုနှင့် ညနေ ဘိုင်စကုပ်ကြည့်မလားလို့ မကြားတကြား ပြောသွားတယ်။ ကျွန်တော်က

“ဝါသနာမပါဘူး မမ”လို့ ပြောလိုက်တယ်။

သူလည်း ကျွန်တော့်ကို တစ်ချက် ကြောင်ခနဲလှမ်းကြည့်ပြီး ထွက်သွားတယ်။ ကျွန်တော်လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်တယ်။ဘိုင်စကုပ်ကို ကျွန်တော် တကယ်လည်း ဝါသနာမပါတာ
ပါ။ အယုံအကြည်လည်း မရှိပါဘူး။ ဘိုင်စကုပ်ကြည့်ရတာထက် မျက်လှည့်ပွဲကြည့်ရတာမှ ပျော်သေးတယ်။ ဘိုင်စကုပ်မှာ သရုပ်ဆောင်
သူတွေကို ဘယ်သူဘယ်ဝါဆိုတာသိနေရင် သာပြီး မကြည့်ချင်သေးတယ်။ ကျွန်တော် မယုံကြည်ဘူး။
သူတို့သရုပ်ဆောင်တာဟာ သဘာဝကျတယ်ဆိုပေမယ့် တကယ်ဘာမှ မဟုတ်ဘဲ။ ဇာတ်ပွဲတို့ဘာတို့လည်း ကျွန်တော် အဲ့ကတာခုန်တာကိုတော့ အကြိုက်သားပါပဲ။သူတို့သရုပ်ဆောင်တာဟာ သဘာဝကျတယ်။

တင်တင်ကြီးက ကျွန်တော့်ကို ဝတ္ထုစာအုပ် ငှားပါတဲ့။

ကျွန်တော်က “မရှိဘူး”လို့ ပြောလိုက်တယ်။

သူကလည်း နှုတ်ခမ်းစူပြီးထွက်သွားလေရဲ့။တကယ်ပါ၊ ကျွန်တော် ခပ်ငယ်ငယ်ကတော့ ဝတ္ထု အင်မတန်
စွဲခဲ့တဲ့သူပါ။ အိမ်က မုန့်ဖိုးပေးလိုက်တဲ့ ပိုက်ဆံဟာ မုန့်စားရတယ် မရှိပါဘူး။ ဝတ္ထုစာအုပ်ဝယ်တာနှင့် ကုန်တာပါပဲ။ အချစ်ဝတ္ထု၊စုံထောက်ဝတ္ထု၊ စွန့်စားခန်းဝတ္ထု၊ တစ္ဆေသရဲဝတ္ထု အကုန်ဖတ်တာ
ပါပဲ။နောက်တော့ ဝတ္ထုဆရာတွေ လိမ်တာကိုတွေ့ပြီး ရှိတဲ့ဝတ္ထု စာအုပ်တွေ အကုန် မီးပုံရှို့ပစ်လိုက်ပါတယ်။ အေးရော။ နောက်ထပ်လည်း မဝယ်ဘူး။ ဖတ်လည်း မဖတ်ဘူး။ ငှားစရာလည်း မလိုတော့ဘူး။ ဆွေးနွေးစရာလည်း မလိုတော့ဘူး။

ယဉ်ယဉ်မေက တစ်ခါ ကျွန်တော့်ကို အိမ်ခေါ်ပြီး ထမင်းကျွေးတယ်။ ကျွန်တော်က မလာပါရစေနှင့် တောင်းပန်လို့မရတော့“မမတို့ နေ့တိုင်းစားတဲ့ ထမင်းဟင်းနှင့်ကျွေးပါ”လို့ ပြောတာကို၊
သူက “အို မဟုတ်တာ။ တစ်ခါတလေ ဧည့်သည်ကျွေးတာပဲ။ဖွယ်ဖွယ်ရာရာပေါ့”တဲ့။တကယ်ပါ။ ကျွန်တော်ဖြင့် တစ်ခါနှင့် လန့်သွားတာပဲ။
ချက်ပြုတ်ထားလိုက်တာ စုံနေတာပဲ။ သူ့အိမ်က လူတွေကလည်း ဧည့်ဝတ်ပြုလိုက်ကြတာ ကျွန်တော့်မှာ အားနာလွန်းလို့ ချွေးပြန်ပါတယ်။ စားခဲ့ရတဲ့ ထမင်းဟင်းအကြောင်း ဘယ်ဟာက ဘယ်လို
ကောင်းတယ်ဆိုတာတောင် သတိမရနိုင်ခဲ့ပါဘူး။
အပြန်မှာ သူတို့ကို “ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့သလား၊မပြောခဲ့သလားလည်း မမှတ်မိဘူး။ ကျွန်တော့်စိတ်ထဲမှာတော့ “ငါ့ကို တမင်သက်သက် ခေါ်နှိပ်စက်တာ”လို့ပဲ အောက်မေ့ခဲ့မိပါတယ်။

ဒါနှင့် အလှ။
အလှဟာ မောင်သင်နှင့်ပဲ အကြောင်းပါရှာတယ်။ အလှဟာ ဘာမှ ထည်ထည်ဝါဝါ ရှိရှာသူမဟုတ်လေတော့ မောင်သင်နှင့် ဖြစ်မှဖြစ်ပါ့မလားလို့ ကျွန်တော် ရင်ထဲက ပူမိပါတယ်။ အလှအပေါ်
ကျွန်တော် သံယောဇဉ်မပြတ်ဘူးကိုး ခင်ဗျ။

အစတော့ ကျွန်တော် ဆုတောင်းပြည့်သလိုလိုပါပဲ။ ကြားရတဲ့သတင်းက မောင်သင်ဟာ အလှကို မိဘများသဘောမတူဘဲ ယူလိုက်ပေမယ့် သူ့မိန်းမ အလှကလေးကို လူလယ်ခေါင်မှာ တပြစားစားနှင့် မယားမှတ်မှတ်သားမှတ်မှတ် ပေါင်းနေပါသတဲ့။
ကျွန်တော်လည်း အလှအတွက် ဝမ်းသာပါတယ်။ သို့ပေမယ့် စိတ်ထဲက ထင့်နေတာကလေးတစ်ခုကတော့ အလှဟာ ရိုးသားတယ်။မောင်သင်က အင်မတန်စာနာတတ်ပြီး သူ့ကိုယ်သူလည်း အင်မတန် အထင်ကြီးတဲ့ ကောင်။ အလှကို သူ ကြာရှည်မြတ်နိုးတတ်ပါ့မလား။အလှရဲ့ အလှကို သူ ကြာရှည် ကြည့်တတ်မြင်တတ်ပါ့မလား။

ကာလအတော်ကြာညောင်းလို့ ကျွန်တော် ရွာကို တစ်ခေါက်ပြန်ရောက်တော့ အလှကို ဈေးသွားရင်း အဝေးက လှမ်းမြင်ခဲ့ရပါတယ်။ ကျွန်တော့်ရင်ထဲမှာ ဘယ်လိုနေတယ်ဆိုတာကို ပြောမပြတတ်ဘူး။
အလှဟာ အရင်အလှမျိုး မဟုတ်တော့ပါဘူး။ သူ့မျက်နှာလေးဟာ ညှိုးနေသလိုပါပဲ။ အရင်ကထက် အများကြီးလည်း ပိန်သွားတယ်။ ချပ်လို့ပဲ။ သူ့ကိုကြည့်ရတာ တကယ့် တည်းတည်းလေးခင်ဗျ။ ဒါပေမယ့် ကျွန်တော့်မျက်စိထဲမှာ အလှဟာ လှတုန်း
ပဲ။ ဘယ်နေရာက ဘယ်လိုလှနေတယ်ဆိုတာတော့ ကျွန်တော်မပြောတတ်ဘူး။ သူ့ကို အဝေးကမြင်ရတဲ့ရုပ်သွင်က ကျွန်တော့်ကို တစ်ခုခုပြောပြနေသလိုပဲ။
ပြောတတ်ဘူး။ 

သတင်း ထောက်လှမ်းကြည့်တော့ မောင်သင်ဟာ အလှကို လူရှေ့သူရှေ့မှာ ဂုဏ်တင်ထားပေမယ်လို့ သူတို့အိမ်တွင်းရေးကတော့ သူကြိုက်သလိုခြယ်လှယ်ပြီး အလှကို ထိုးကြိတ်နှိပ်စက်
တောင် လုပ်သတဲ့။ဟုတ်ပါပြီ။ ကျွန်တော် မြင်ခဲ့ရတဲ့အလှဟာ ဒါတွေ အလူးအလဲခံနေရတဲ့ လင်ဆိုးမယား အလှအသွင်ပါ။ သူ့ခမျာ ဘယ်လောက် နွမ်းလျနေရှာပြီလဲ။

ကျွန်တော် အလုပ်ရှိရာကို ပြန်မယ့်နေ့က အလှကိုလည်းကြည့်ရင်း မောင်သင်နှင့်တွေ့ရအောင်ဆိုပြီး သူတို့အိမ်ဘက် ထွက်ခဲ့ပါသေးတယ်။ နောက် သူတို့အိမ်ရှေ့ရောက်မှ စိတ်ကူးတစ်မျိုးဖြစ်ပြီး တံခါးပေါက်ကိုကျော်ပြီး လျှောက်လာခဲ့တယ်။ မဝင်တော့ဘူး။မှောင်စလည်း ပျိုးနေပြီမို့ ကျွန်တော် သူတို့အိမ်ရှေ့ ဖြတ်လျှောက်သွားတာ ဘယ်သူမှ မြင်မိမယ်မထင်ဘူး။ ဒါပေမယ့် ကျွန်တော် ဆက်လျှောက်လာလို့ မှောင်ရိပ်ကျတဲ့ လမ်းကြားကလေ
ထဲလည်း ဝင်မိရော နောက်က တစ်ယောက်ယောက် အပြေးလိုက်လာတဲ့အသံကြားလို့ လှည့်ကြည့်လိုက်တော့ အလှရယ်။ ငိုလို့။

“အလှ သူနှင့် မနေချင်ပါဘူး။ ကိုမောင်နှင့်လိုက်မယ်
ကိုမောင်သွားရာ ခေါ်သွားပါ။ အလှကို သူနှင့် ပစ်မထားခဲ့ပါနှင့် အလှကို သူ နားမလည်ဘူး။ အလှကို နားလည်တာ ကိုမောင်တစ်ယောက်ပဲ ရှိပါတယ်။ ခေါ်သွားပါ ကိုမောင်ရယ်၊ နော် အလှ လိုက်မယ်နော်”

ကျွန်တော် ဘာမှ ပြန်မပြောမိဘူး။ သူ့ကို ဆွဲယူပြီး ကျွန်တော့်ရင်ခွင်ထဲမှာ ဖျစ်ညှစ်ထားလိုက်တယ်။ အတော်ကြာမှ သူ့ကို နှမြောတသစွာနှင့်ပဲ၊ ရင်ထဲက မချိလှစွာနှင့်ပဲ သူ့ကို လွှတ်ထားခဲ့တယ်။

ကျွန်တော့်မှာ တာဝန်နှင့် ဝတ္တရားနှင့်။ အလှကို ခေါ်သွားရင် ဒုက္ခဖြစ်မယ်ဆိုတာ ကျွန်တော် သိတယ်။ သူ့ယောက်ျား မောင်သင် အထက်တန်းရှေ့နေကြီးပါ။ အလှ သူ့ဆီက ထွက်သွားတာကို နှမြောစုံမက်လှမယ် မဟုတ်ပေမယ့် ဥပဒေနှင့် စကားပြောပြီး ရ
အောင်ပြန်ယူမယ့် လူမျိုးပါ။ပြီးမှ သူ အလှကို ရှေးကထက် ပိုပြီး နှိပ်စက်ချင်နှိပ်စက်မယ်။တခြား
ဘက်က ခြောက်ပြစ်ကင်းဖြစ်အောင် သူက အလှကို ရပ်သိရွာခြား အမွှန်းတင်ထားမယ်။ ပြီးတော့မှ ကွယ်ရာမှာ အလှကို သူရိုက်မယ်၊ နှက်မယ်၊ နှိပ်စက်မယ်။

ကျွန်တော် ဒါတွေ တွေးမိပြီး အလှကို ခေါ်မသွားနိုင်ခဲ့ဘူး။အလှတစ်ယောက် ငိုယိုပြီး မှောင်မိုက်တဲ့လမ်းထဲမှာပဲ ကျန်ရစ်တယ်။ကျွန်တော်လည်း အလှကို သူ သတ်တော့မပစ်နိုင်ပါဘူးလေဆိုတဲ့ ယုံကြည်ချက်နှင့်ပဲ နှစ်သိမ့်ပြီး ပြန်ခဲ့တယ်။

ကျွန်တော် အလုပ်ခွင်ကို ပြန်ရောက်တော့ ကျွန်တော့်စိတ်တွေ ကောင်းကောင်း မကြည်လင်တော့ဘူး။ အလှကို သတိရတိုင်း စိတ်မကောင်းဘူး။အလှ သေများ သွားမလားဆိုတာ တွေးမိရင် စိတ်ချောက်ချား
မိတာနှင့် ကျွန်တော် အရက်သောက်မိတယ်။

ယုံကြည်တာ မယုံကြည်တာတွေ ဘေးဖယ်ထားပြီး ရုပ်ရှင်ကိုလည်း ကားလဲတိုင်းကြည့်တယ်။ ဝတ္ထုစာအုပ်တွေကိုလည်း တွေ့ရာကဝယ်ပြီး
ဖတ်တတ်လာတယ်။ မခင်မူတို့၊ တင်တင်ကြီးတို့၊ ယဉ်ယဉ်မေနှင့်လည်း ရောရောနှောနှော လုပ်တတ်လာတယ်။ 

အိမ်ပြန်ရောက်ပြီး ကိုယ်တစ်ယောက်တည်းဆိုရင် ကျွန်တော်ဟာ ရာဇဝတ်မှုခင်းတစ်ခုခုကို ကျူးလွန်ပြီး ပြေးပုန်းနေရတဲ့ လူလိုပဲ။ အလိုလို စိတ်အားငယ်တတ်လာတယ်။ ကြောက်တတ်လာတယ်။
ဒါနှင့်ပဲ ကျွန်တော် အပြင်ကိုထွက်နေတဲ့အချိန်က များလာရတယ်။

အရက်ကလေးဘာကလေးဝင်လို့ ရွှင်ရွှင်ပျပျဖြစ်လာပြီဆိုရင် မခင်မူဟာ ကျွန်တော့်မျက်စိထဲမှာ ချစ်စရာ ကောင်းလာသလိုပဲ မခင်မူသာ မဟုတ်ဘူး၊ တင်တင်ကြီးကိုလည်း လှတယ်ထင်လာတာပဲ။ ယဉ်ယဉ်မေလည်း မဆိုးပါဘူး။ သူတို့တစ်တွေနှင့် ကျွန်တော် အလျင်ကထက် ပိုပြီး အကျွမ်းတဝင်ဖြစ်လာပါတယ်။

နောက် ကျွန်တော် ရာထူးတက်ပြီး နယ်ဘက်ထွက်ခဲ့ရတော့ သူတို့တစ်တွေလည်း ကျန်ရစ်ကြတယ်။
ကျွန်တော်ဟာ နယ်ရောက်တော့လည်း အရက်ပဲသောက်ဖြစ်နေတာပဲ။ မူးအောင်လွန်အောင် သောက်သောက်ပြီးအိပ်ရာက နိုးတော့ ကျန်းမာရေးထိခိုက်မယ်ဆိုတာ သတိရပြီး အရက်ဖြတ်ဖို့
လုပ်ကြည့်တယ်။

သို့ပေမယ့် မမူးဘဲနှင့် နေနေရတာဟာ ပျင်းစရာကြီးဆိုပြီး နည်းနည်းပါးပါးချင်း ပြန်သောက်တယ်။ ရီတီတီ ဖြစ်လာပြီဆိုရင် ရုပ်ရှင်သွားကြည့်၊ ဝတ္ထုဖတ်၊ ဒါမှမဟုတ်ရင် မခင်မူတို့ ယဉ်ယဥ်မေတို့ဆီ စာ ကောက်ရေးတယ်။

တစ်ခါတော့ မခင်မူက ကျွန်တော့်ဆီ စာရေးတယ်။
အိမ်က သူ့ကို အရာရှိတစ်ယောက်နှင့် ပေးစားဖို့ စီစဉ်နေတယ်။သူကလည်း အဲဒီအရာရှိကို မကြိုက်ဘူးဆိုတာ အကျယ်တဝင့် ရေးထားတယ်။ စာထဲကအဓိပ္ပာယ်ကို ကျွန်တော် နားလည်သလိုကောက်ယူတော့ ကျွန်တော့်ဆီ သူလာချင်တဲ့သဘော။
ကျွန်တော်လည်း မူးမူးနှင့် ဘာစာပြန်ရေးလိုက်မိသလဲ မသိဘူး။ တစ်နေ့တော့ ကျွန်တော့်ဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ်။ “သူ လိုက်လာပြီ။ ဘူတာကနေ ကြိုပါ”ပေါ့။ ဒီလိုနှင့်ပဲ
မခင်မှုနှင့်ကျွန်တော် ယူဖြစ်ကြရော ဆိုပါတော့။

သူ့ကို ကျွန်တော်က “မမမူ”လို့ပဲ ခေါ်တယ်။ ခင်ဗျား၊
ကျွန်တော်နှင့်ပဲ ပြောပါတယ်။ သူက မကြိုက်ဘူး။ ကျွန်တော့်ကို“မောင်”လို့လည်း ခေါ်တယ်။ သူ့ ကိုယ်သူလည်း “မူ” “မူက”နှင့် ထည့်ထည့်ပြောတယ်။ ကျွန်တော်က မူးနေတဲ့အခါတော့ အဲသလိုပဲ
ခေါ်မိသလား မပြောတတ်ဘူး။

ကျွန်တော့်မိတ်ဆွေ အရာရှိတွေက မခင်မူဟာ အင်မတန်ချော၊ အင်မတန်လှတယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ သူ့ကို ယူလို့သာယူလိုက်ရတယ်။ လှတယ်။
ချောတယ်ဆိုတာ သိပ် ရှာလို့မတွေ့သလောက်ပါပဲ။

နောက်တော့လည်း မမမူနှင့် ကျွန်တော်ဟာ မကြာခဏဆိုသလို ကတောက်ကဆတ် ဖြစ်လာတယ်။စဖြစ်တာကတော့ ကျွန်တော်က ညညကျရင် မူးမူးနှင့် သူ့ကိုဖက်ပြီး “အလှ အလှ အလှလေးရယ်။ လာစမ်းပါ”လို့ ယောင်တတ်တယ်တဲ့ ခင်ဗျာ။
ဒါကို သူက အစတော့ သည်းခံနေပါသေးသတဲ့။ နောက်တော့ တစ်ခါမဟုတ်၊ နှစ်ခါ မဟုတ် ခဏခဏဆိုသလို ဖြစ်တော့ သူလည်း ဘယ် သည်းခံနိုင်တော့မလဲ။ ပွင့်အန်ပြီး ထွက်လာတော့တာပေါ့။

တစ်ခါဟာတော့ အကြီးအကျယ်ရန်ဖြစ်ကြပြီး သူလည်းမြို့ကို ပြန်သွားတယ်။ ကျွန်တော်လည်း လိုက်ခေါ်ချင်စိတ် မရှိတာနှင့် မခေါ်ဘူး။ “သူ့လိုမိန်းမမျိုးတော့ ငါ့မှာ နေရာတကာမှာ ရနိုင်တာပဲ”ဆိုတဲ့ စိတ်ကလည်း ရှိလို့ပါပဲ။

ဒါပေမယ့် အိမ်မှာ တစ်ယောက်တည်း ကျန်ရစ်ရတာတော့ယောင်ချာချာပဲ။ဒါနှင့် ပျင်းပျင်းရှိတာနှင့် မမတင်ဆီ စာတစ်စောင် ကောက်ရေးလိုက်တယ်။ မခင်မူ စိတ်ဆိုးပြီး ပြန်သွားတဲ့အကြောင်းနှင့်
ကျွန်တော်တစ်ယောက်တည်း ပျင်းနေတဲ့အကြောင်းပါပဲ။

စာကိုထည့်ပြီးမှ မခင်မူကို ချော့မော့ပြီး ပြန်လွှတ်ပေးဖို့ တစ်ကြောင်းနှစ်ကြောင်း ထည့်ရေးလိုက်ဖို့ကောင်းတာ မရေးလိုက်မိဘူးဆိုတာ သတိရတယ်။ နောက်ထပ်တော့ စာ မရေးဖြစ်တော့ဘူး။
မမတင်ဆီကလည်း ဘာမှ စာပြန်မလာဘူး။

မခင်မှုနှင့် ကျွန်တော် အဲဒီတုန်းက တစ်ခါတည်း ကွဲသွားကြဖို့ပဲ။ ဒါပေမယ့် သူပြန်သွားလို့ လေးငါးလလောက်အကြာမှာ မမယဉ်ဆီက စာတစ်စောင် ရောက်လာတယ်။ သူလည်း သူနှင့်ကျောင်းနေဖက် တောအုပ်ကိုလှမောင်နှင့် လက်ထပ်တော့မယ့်
အကြောင်းရယ်၊ မခင်မှုလည်း ကိုယ်ဝန်အရင့်အမာနှင့်မို့ ကျွန်တော်ပြန်လာပြီး ခေါ်ဖို့သင့်တဲ့အကြောင်း၊ကျွန်တော်လည်း စာ ဖတ်ပြီးပြီးချင်း ခွင့်စာ ကောက်တင်ပြီး မြို့ကို ပြန်လာခဲ့တယ်။

ဟုတ်ပါတယ်။ ကျွန်တော့်မိန်းမဟာ ကိုယ်ဝန် အရင့်အမာနှင့်။ သူ့ကို အဲသလိုမြင်လိုက်ရတော့ သူ့ကို ညှာတာချင်တဲ့စိတ်တွေ ဘယ်ကပေါ်လာတယ် မသိဘူး။ သူ့ကိုကြည့်ရတာ အရင်ကထက်လည်း ပိုပြီးလှနေသလိုပဲ။ ဒါနှင့် ကျွန်တော်လည်း သူ့ကို
ချော့မော့ပြီး ပြန်ခေါ်လာခဲ့တယ်။ နောက်ကို အိပ်မက်ထဲမှာ “အလှလေး”လို့ မယောင်တော့ပါဘူးလို့လည်း ကတိပေးရတယ်။ သည်ကတိ တည်ရဲ့ လား မတည်လားဆိုတာ တကယ်တော့ ကျွန်တော်
ဘယ့်နှယ် သိနိုင်ပါ့မလဲ။ သူကတော့ ပြုံးပြုံးရွှင်ရွှင်ပဲ ပြန်လိုက်လာတယ်။

မခင်မှု သမီးကလေးတစ်ယောက် မွေးလိုက်တော့ ကျွန်တော်လည်း ပျော်သွားတယ်။ သမီးကလေးဟာ သိပ်လှတာပဲ။ ဝင်းလို့ ကြည်လို့။ မွေးစကလေးငယ်ကလေးများ ဒါလောက်လှတာ ကျွန်တော်
တစ်ခါမှ မမြင်ဖူးဘူး။သမီးကလေးတင်လားဆိုတော့ ဘယ်ဟုတ်မလဲ။ မခင်မူဟာလည်း သမီးကလေး မွေးတဲ့အချိန်မှာ သိပ်လှလာသလိုပဲ။ ကျွန်တော်အလျင်က မမြင်ခဲ့ဖူးတဲ့ မခင်မူရဲ့ အလှဟာ အံ့သြစရာပဲ။

ကျွန်တော် အရက်လည်း မသောက်တော့ဘူး။ အလုပ်ခွင်က ပြန်လာရင် သူတို့သားအမိကိုပဲ ထိုင်ကြည့်နေတာပဲ။ကျွန်တော့်အဖို့ အင်မတန်ပျင်းဖို့ကောင်းတဲ့ မြို့ကလေးဟာ သာယာလာတယ်။ ကုက္ကိုပင်ကြီးတွေကလည်း စိမ်းလို့ အိလို့။
ရထားလမ်းဘေး ရေကန်ကြီးတွေကလည်း ကြည်လို့ လှလို့။လမ်းခင်းထားတဲ့ ကျောက်ခဲတွေကတောင် ဖြူလို့ ဝင်းလို့။ ကျွန်တော့်ရွာ အပြင်ဝကလယ်ကွင်းနှင့် ရေကန်နှင့် တောအုပ်နှင့် သပြေပင်
နှင့် လှသလိုပဲ။ အားလုံး လှနေတာပဲ။

ဒီနောက် ကျွန်တော်နှင့်မခင်မူ ဘာပြဿနာမှမပေါ်ဘဲ သုံးလေးနှစ်နေပြီး နှစ်နေရာလောက် ပြောင်းခဲ့ရွှေ့ခဲ့ရသေးတယ်။နောက် ကျွန်တော် ကံမကောင်းဘူးလို့ ဆိုရမလား။ကျွန်တော်တို့ရဲ့ သမီးကလေး တွတ်တီးတွတ်တာနှင့် ခရာလှပြီဖြစ်တဲ့ သမီးကလေးဟာ ရုတ်တရက် အပြင်းဖျားပြီး ဆေးမရှိဘာမရှိအရပ်မှာ တစ်ခါတည်း ဆုံးသွားရှာတယ်။
အို၊ အဲဒါ ကျွန်တော်တို့ ကမ္ဘာပျက်တာပဲ။ မခင်မူဆို
ငိုလိုက်တာ အရမ်းပဲ။ သူငိုနေတာကိုကြည့်ပြီး ကျွန်တော်လည်း ရင်ထဲက စိမ့်ပြီး မျက်ရည်ကျရတာပေါ့။ သူ့ကိုလည်း ဘယ်လိုသနားသွားမှန်း မသိဘူး။ သူ့နဂိုအလှကလည်း အဲသလို ပူပုံပန်းရုပ်မျိုးမှ
ပိုပေါ်လာသလား မသိဘူး။ ငိုနေတဲ့သူ့ကိုတောင် “မောင်ရှိပါတယ် မူရယ်။ အားမငယ်ပါနှင့်” လို့ ပွေ့ပိုက်ချော့မော့ခဲ့ရပါတယ်။

နောက်တစ်ခါ သမီးကလေးအတွက် သောကတွေ ငြိမ်းသလောက် ရှိလာပြန်တော့ မခင်မှုနှင့် ကျွန်တော်ဟာ ဘာရယ်မဟုတ်ဘူး။ကတောက်ကဆတ်တွေ များလာကြပြန်ပါတယ်။
ကျွန်တော်က မခင်မှုကို မပြုမပြင် နဂိုယဉ်လို့ အမွှန်း
ချင်ပေမယ့် သူက မရဘူး။ ပွဲလမ်းသဘင် အပြင်ထွက်စရာရှိ ဖီးလိမ်းခြယ်သပြီးမှ ထွက်ချင်တယ်။ “ပြောင်တင်းကြီးမောင်ရ လူမြင်လို့မတင့်တယ်ပါဘူး”လို့ သူက ဆိုချင်တယ်။ ကျွန်တော်
ဘာပြောရမလဲ။ လူမြင်သူမြင်ကိစ္စဟာ သူ့အဖို့ အင်မတန် အရေးကြီးနေတာကိုက ကျွန်တော်နှင့် တစ်ရန်ပါပဲ။

နောက် ကျွန်တော်လည်း ဘာရယ် မဟုတ်ပါဘူး။ အပေါင်းအသင်းနှင့် ကြုံတဲ့အခါ အရက်ကလေးဘာကလေး ပြန်သောက် လည်တတ်ပတ်တတ် ဖြစ်လာပြန်တယ်။ဒီအထဲမှာ သွားရင်းလာရင်းဆိုသလိုပါပဲ။ အင်မတန် ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်နှင့်လည်း တွေ့လာတယ်။
ကျွန်တော်အားရင် အဲဒီကောင်မကလေးဆီကိုပဲ သွားသွားနေတော့ မခင်မူနှင့် တစ်ခါ မသင့်မမြတ်ဖြစ်ကြပြန်ရော။ကောင်မကလေးကို ကျွန်တော် ဘယ်လိုချစ်မှန်း မသိဘူး။အလှကိုချစ်တာလို တည်တည်ငြိမ်ငြိမ်တော့ မဟုတ်ဘူး။ မခင်မူကို
ချစ်တာလို မူးမူးယစ်ယစ်နှင့် အချစ်မျိုးလည်း မဟုတ်ဘူး။ ကလေးစိတ်၊ ကလေးမူ မပျောက်တပျောက် သူ့အပြုံးကလေးက ချစ်စရာ
ဖြစ်နေသလား မသိဘူး။ လှတယ်လို့ ခေါ်ရမလားပဲ။

ဒီအချိန်မှာတော့ မခင်မူဟာ ကျွန်တော့်ကို သိပ်ပြီး ဆူဆူပူပူ မလုပ်တော့ဘူး။ သူ့ကို ကျွန်တော် ပစ်ထားခဲ့မှာကို ပူနေသလားတော့ မသိဘူး။ သူ့ကိုယ်သူ အသက်ကြီးသွားပြီ၊ မလှတော့ဘူးလို့
ထင်သလား မသိဘူး။ အစွမ်းကုန်ပြုပြင်ပြီး ဖီးလိမ်းနေတော့တာပဲ။ကျွန်တော် သောက်တာစားတာ သူ မကြိုက်ပေမယ့် အိမ်မှာ အရက်ပုလင်းတွေ ဘာတွေလည်း ဝယ်ထားတတ်တယ်။ ကျွန်တော်
ရုံးဆင်းချိန်ဆိုရင် သူ့ကို အိမ်မှာပဲ ဖီးလိမ်းဝတ်စား အလှပြင်ပြီးသား တွေ့ရတာပဲ။ကျွန်တော်ကတော့ သူ ဒီလိုလုပ်လေ မကြည့်ချင်လေပဲ။အိုသွားရင် အိုသွားတဲ့အတိုင်း နေတာကမှ ကျွန်တော့်စိတ်ထဲမယ်
လှတယ် ထင်ချင်ထင်ဦးမယ်။ လိမ်းကျံခြယ်သထားတဲ့ သူ့မျက်နှာကို ကျွန်တော် တစ်ခါမှ မနမ်းမိဘူးခင်ဗျာ။

အရက်ကလေး အနည်းအကျဉ်းဝင်သွားပြီး ဝေတေ
ဝါးတားတားဖြစ်လာရင်တော့ သူ့ကို အပျင်းပြေသဘော ပေါ့ပါရဲ့။ တခြားအချိန်မှာဆိုရင် သူပြောတတ်တယ်၊ “မောင့်မျက်နှာဟာ မူနှင့်တွေ့လိုက်ရင် ရှုံ့နေတာပဲ”တဲ့။ ကိုယ့်ဟာကိုယ်လည်း မှန်ထဲ ပြန်ကြည့်မိပါတယ်။ ဟုတ်တယ်။ သူပြောသလို ရှုံ့နေတာပဲ။

ကျွန်တော်ယူထားတဲ့ ကောင်မကလေးကလည်း အစသာ ချစ်ဖို့ကောင်းတာပါ။ နောက် သူ့ကိုယ်သူ အရာရှိကတော်ဆိုတာ သိလည်း လာရော၊ အရာရှိကတော်ဆို အငယ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့။
လိမ်းတတ် ခြယ်တတ်၊ ဝတ်စားဆင်ပြင်တတ် ဖြစ်လာတယ်။ကျွန်တော်က မခင်မူကိုပြောလို့မရပေမယ့် သူကတော့ ငယ်လို့ လင့်အာဏာသုံးပြီး ဒါတွေ ဘာမှမလုပ်နှင့်လို့ ဟန့်တားတယ်။မရတော့ဘူး။ “မိန်းမဆိုတာ လှချင်တာပဲ”တဲ့။ ဒါနှင့် ကျွန်တော်က
“မလှဘူး။ ငါမကြိုက်ဘူးဆိုတော့၊ သူက “ကိုကိုက ဝယ်ပေးရမှာစိုးလို့ ပြောတာလား”တဲ့။ကျွန်တော်လည်း ချဉ်လာရော။ သူ့ကို ငါ ဘာလုပ်ဖို့
ယူထားမိပါလိမ့်လို့လည်း တွေးရော။သူ့ဆီမို့ ရောက်လိုက်ရင် အနံ့တစ်မျိုးကို လှိုင်နေအောင်
ဆွတ်ထားတာတို့၊ မျက်နှာကို မှုန်နေအောင် လိမ်းခြယ်ထားတာတို့၊သူ့မျက်နှာက ပြုံးထားပေမယ့် ကျွန်တော် သဘောကျအောင်လို့သာ ပြုံးရတယ်။ တကယ့်အပြုံး မဟုတ်တာတို့၊ အဲသလို စိတ်ထဲကမပါဘဲ လုပ်တာမျိုး ကျွန်တော် ကြည့်မရဘူး။ သည်းခံလို့ မရဘူး။

တစ်ခါတော့ ကျွန်တော် စိတ်ပေါက်ပေါက်ရှိတာနှင့် “သွား ခုချက်ချင်း မျက်နှာသစ်ပစ်လိုက်စမ်း”လို့ အော်ငေါက်ပြောမိတယ်။သူက ပေကတ်ကတ်လုပ်နေလို့ ကျွန်တော်လည်း စိတ်ထွက်လာပြီး ပစ်ခတ်တီးလိုက်မိတယ်။ ဟာ၊ ကောင်မကလေးလည်း ဘာမပြော ညာမပြော တအီအီနှင့် ကလေးလို ထိုင်ငိုတော့တာပဲ။ဒီတော့ ကျွန်တော်လည်း သူ့ကိုကြည့်ပြီး သနားသွားသလိုဖြစ်လာလို့ သူ့အနားထိုင်ပြီး ချော့မော့မိပြန်တယ်။ အဲဒီမယ် တစ်ခါ သူက ကိုကိုက သူ့ကိုမချစ်ဘူး ဘာဘူးနှင့် ချွဲတဲတဲ ဖြစ်လာပြန်တာနှင့် ကျွန်တော် သူ့ကိုတွန်းပစ်ပြီး ထွက်ခဲ့ရော၊
မိန်းမများ တယ်ခက်တယ်။ မလိမ္မာချင်ကြဘူး။

ကျွန်တော်က သူလုပ်တာတွေကို အမြဲလိုလို ကန့်ကွက်နေတော့ သူ့စိတ်ထဲမယ် ကျွန်တော် သူ့ကို ပစ်ထားခဲ့တော့မယ် ထင်ဟန်တူပါရဲ့။
သူကတော့ မခင်မူလို ကျွန်တော်ပစ်ထားခဲ့မှာ ပူရတဲ့အရွယ်တော့ မဟုတ်ဘူးပေါ့။ သို့ပေမယ့် လစ်သာတုန်း လစ်မှလို့ သဘောထားဟန် တူပါတယ်။ ကျွန်တော့်ရုံးက စာရေးကလေးတစ်ယောက်နှင့် လစ်ပြေးကြပါလေရော။ကျွန်တော်လည်း စိတ်ကုန်ခန်းတာနှင့် အသာပဲ ကြည့်နေလိုက်တယ်။

ကောင်ကလေးရဲ့ အလုပ်ထွက်စာ ရုံးရောက်လာတော့ ကျွန်တော် မတင်ပေးလိုက်တော့ဘူး။ စာရေးကြီးကိုခေါ်ပြီးတော့ ကောင်ကလေး အလုပ်ပြန်ဆင်းပါစေလို့ ပြောလိုက်ရတယ်။ သူ့ထွက်စာကိုလည်း ကျွန်တော်ပဲ ဆုတ်ပစ်ခဲ့တယ်။ ကျွန်တော်လည်းခွင့်ယူပြီး မခင်မူနှင့်အတူ မြို့ကို ပြန်လာခဲ့တယ်။

---

မမတင်နှင့်တွေ့တော့ ဖော်ဖော်ရွေရွေပဲ။ သူက အိမ်ထောင်မပြုသေးတော့ အပျိုကြီးပေါ့။ ဒါပေမယ့် အရင်လေးငါးနှစ်ဆီက မမတင်တော့ မဟုတ်တော့ဘူး။ အာရဲလျှာရဲနှင့် အပျိုကြီးစာရင်းထဲ
ဝင်နေပြီလို့ ပြောတယ်။ ဒါတောင် သူ့ကိုယ်ကာယအလှကို သူထိန်းသိမ်းထားနိုင်သေးတာ တွေ့ရတယ်။အရွယ်ပမာဏကို ကြည့်ရတာတော့ ပိုထွားလာတာ တွေ့ရတယ်။ ဟိုတုန်းက ချုပ်ထားတဲ့ အဝတ်အစားတွေ မကုန်သေးလို့လားတော့ မသိဘူး။ သူ့ကိုယ်ခန္ဓာနှင့်ဟာ အားလုံး တစ်ကြပ်နေတယ်။ကျွန်တော် တစ်ခါက သူ့ဆီ စာရေးလိုက်တဲ့အကြောင်းတော့ ဘာမှစပ်မပြောမိကြဘူး။

မမယဉ်ကတော့ အခု ကလေးနှစ်ယောက် အမေ။ သူ့ယောက်ျား ကိုလှမောင်ဟာ တောပစ်သွားရင်း ကျားသစ်ကိုက်လို့သေတော့ သူလည်း မုဆိုးမ ဖြစ်နေရှာတယ်။ အိမ်မှာ သူ့အမေရယ်။တောက ကူဖော်လောင်ဖက်ခေါ်ထားတဲ့ တူကလေးရယ်၊ ဒါပဲ
ရှိတော့တယ်။ အလုပ်ကတော့ လုပ်လျက်ပဲ။

---

ကျွန်တော် ရွာကိုတော့ မရောက်ဘူး။ ဒါပေမယ့် မောင်သင်တို့ ဒီမြို့ကို ရွှေ့နေကြပြီလို့ သတင်းရတော့ အလှကို သတိရတယ်။အလှလည်း ပါလာမှာပဲ။ သူတို့အိမ်ကို သွားလည်ဦးမှပဲလို့ အောက်
မေ့ပေမယ့် မခင်မူက မလိုက်ချင်ဘူး။သူက အလှကို မုန်းတဲ့လူဆိုတော့ အလှရှိရာကို ဘယ်ခေါ်လို့
ရမလဲ။ အလှဆိုတဲ့နာမည်ကို သူက မကြားချင်ဆုံးပဲ။

ရုံးကို ကျွန်တော်သွားလည်ရင်း ရှေ့နေကြီးဦးသင်နှင့်တော့ တွေ့ခဲ့တယ်။ သူက ကျွန်တော့်ကိုတွေ့တော့ ဝမ်းသာအယ်လဲ ဖက်လဲတကင်းလုပ်ပြီးတော့ “အိမ်ကို လာလည်ပါဦးကွာ”လို့ ဖိတ်ခေါ်ရှာတယ်။ သူ့မှာ အလုပ်တွေ များကြောင်း၊ အမှုတွေ များကြောင်း
ညည်းတွားသလို ကြွားသလိုလိုနှင့် ပြောသွားတယ်။
ကျွန်တော်က အလှအကြောင်းမေးတော့ သူက ရှိပါတယ်လို့ပဲပြောတယ်။ တကယ်တော့ သူ အလှကို သိပ်ဂရုစိုက်ပုံ မပေါ်တော့ဘူး။ သူ့ကြည့်ရတာကတော့ အင်မတန်အောင်မြင်နေတဲ့ လက္ခဏာ။

ကျွန်တော်ရတဲ့ ခွင့်နှစ်လ မကုန်ခင်မှာပဲ မခင်မူနှင့် ကျွန်တော် ကတောက်ကဆတ် ဖြစ်ကြပြန်တယ်။ သူက ကျွန်တော့်ကို မမတင်နဲ့ စွပ်စွဲတယ်။ “အားအားရှိရင် သူ့ဟာမဆီ သွားနေတာပဲ”တဲ့။
ကျွန်တော်က သူ့ကို ဘာမျှ ပြန်ပြီးချေပမနေတော့ဘူး။ဂရုမစိုက်သလိုပဲ သွားမြဲလာမြဲပဲ။ နောက်တစ်ခါ မမယဉ်နှင့်လည်း သမုတ်ပြန်တယ်။ ဒါလည်း ကျွန်တော် ဘာမှ ပြန်မပြောခဲ့ဘူး။

သူက မကျေနပ်ဘူး။ မမတင်ဆီ သွားငိုသတဲ့။ မမယဉ်ဆီ ငိုသတဲ့။ကျွန်တော်လည်း အမြင်ကတ်ကတ်နှင့် လျှောက်ချည်းလည်နေတာ များတယ်။ အိမ်ကိုတော့ မိုးချုပ်မှပဲ ပြန်တာများတယ်။တစ်ခါတလေလည်း သူငယ်ချင်း အပေါင်းအသင်းနှင့် အိမ်မပြန်ဘဲ သောက်စားနေလိုက်တယ်။ ဒါနှင့် တစ်ခါ မခင်မူနှင့် ပေါက်ကွဲကြပြန်ရော။

“မောင် အရင်လိုကို မဟုတ်ဘူး။ ခုတစ်ခေါက် ပြန်လာမိတာ မှားတာပဲ။ အဆက်ဟောင်းတွေနှင့် ပြန်တွေ့ပြီး မူ့ကိုချည်း ဂြိုဟ်ထိုးနေတာ။ ဒီတစ်ခါ မောင်ပြန်သွားရင် မူ့ကို ခေါ်မသွားချင်တော့ဘူး ထင်တယ်”

“မခေါ်ချင်ဘူးလည်း မဟုတ်ဘူး။ ခေါ်ချင်တယ်လဲ မဟုတ် လင်နှင့်မယားဆိုတာ တရားဝင် မကွဲခင်တော့ အတူတူ နေကြ သွားကြရမှာပဲ။ မမမူ မလိုက်ချင်လည်း နေရစ်ခဲ့ရုံပဲ။ မလိုက်ချင်တဲ့သူကို ကျွန်တော်ကလည်း ခေါ်မသွားချင်ဘူး”

“သိပါတယ်၊ သိပါတယ်။ မောင်က ဒါတွေပါ စဉ်းစားပြီးပြီကိုး။ လိုက်ချင်တဲ့လူက ရှိနေပြီကိုး”

မခင်မူ ငိုတယ်။ အမှန်ပြောရရင် ကျွန်တော့်မှာ မိန်းမတစ်ယောက်ငိုနေတာတွေ့ရရင် စိတ်မခိုင်တတ်ဘူး။ သူငိုနေတာ ကြာကြာကြည့်ရရင် ကျွန်တော် စိတ်ပြောင်းသွားပြီး ဝင်‌ချော့မိမှာစိုးတာနှင့် အဝတ်အစား ကပျာကယာဝတ်ပြီး ခြေဦးတည့်ရာ ထွက်လာခဲ့တယ်။

“မင်းကလည်းကွယ်။ အမူလေး သနားပါတယ်။ နည်းနည်းပါးပါးလည်း ဂရုစိုက်ဦးမှပေါ့။ ကိုယ့်မယားပဲဟာ”

မမတင်က ကျွန်တော့်အပြစ်တင်သလို ပြောတော့ ကျွန်တော်ဘာမှ ပြန်မပြောခဲ့ဘူး။

“မူ့မူ့ကို မမ အစက သတိပေးတယ်။ ကိုယ့်ထက်ငယ်တာကလေး ယူပြီး တော်ကြာ မနိုင်မနင်းဖြစ်လာရင် ခက်မယ်လို့၊မင်းကို သူ သိပ်ချစ်ရှာတာ။ ကိုယ့်အကြောင်းပေါ့ ယဉ်ရယ်တဲ့ စိတ်ဆင်းရဲအောင်တော့ မလုပ်ပါနှင့်ကွယ်”

မမယဉ်က ကျွန်တော့်ကို ဖျောင်းဖျတယ်။

“ကျွန်တော်ကသူ စိတ်ဆင်းရဲအောင် မလုပ်ရပါဘူး မမ သူ့ဟာသူ လုပ်နေတာပဲ”

“မင်းက မယားငယ်တွေဘာတွေ ယူလို့ဆို”

“ဒါက အလကားပါ။ ခဏတဖြုတ်ကိစ္စပဲ”

“မိန်းမဆိုတာတော့ စိတ်ညစ်တာပဲကွယ့်”

“ယောက်ျားလည်း စိတ်ညစ်တာပဲ မမယဉ်၊ ကျွန်တော်ပျော်လို့ သူ့ကို ညှဉ်းနေတာ မဟုတ်ပါဘူး။ သူ့လုပ်ပုံကိုလည်း ကြည့်ဦးမှပေါ့”

“အမူ ဘာလုပ်လို့လဲ”

“မသိဘူး မမယဉ်။ ကျွန်တော်လည်း မပြောပြတတ်ဘူး။လုပ်လိုက်ရင်တော့ ကျွန်တော် မကြိုက်တာချည်းပဲ”

“ဘာတွေများ လုပ်လို့လဲကွယ်။ အမူဟာ မင်းကို သိပ်ချစ်ပါတယ်။ မင်းမကြိုက်တာကို မလုပ်နှင့်ဆိုရင် သူ လုပ်မှာ မဟုတ်ပါဘူး။ မင်းက ပြောပြပေါ့”

“နားမလည်ဘူး မမယဉ်ရဲ့။ ပြောလည်း လုပ်တာပဲ”

“နားလည်အောင် ပြောပေါ့ကွယ်”

ကျွန်တော် မမယဉ်ကို ဘာမှ ပြန်မပြောတော့ဘူး။ တကယ်တော့လည်း ဟုတ်တယ်။ ကျွန်တော် ဘာ မကြိုက်ဘူး၊ ဘာကြိုက်တယ်ဆိုတာကို ကျွန်တော်က ဘယ်သူ့မှ နားလည်အောင် မပြောပြတတ်တာလည်း ပါမယ်။

မမယဉ် အိမ်ကထွက်ပြီး ကျွန်တော် ခြေဦးတည့်ရာ လျှောက်မိတာကတော့ အလှတို့အိမ်။ မောင်သင်နှင့် တစ်နေ့ကတွေ့လို့ သူပေးခဲ့တဲ့ လိပ်စာအတိုင်း လျှောက်လာခဲ့ရာမှာ ကျွန်တော့်စိတ်တွေဟာ လေးလံထိုင်းမှိုင်းနေပါတယ်။အဲဒီအချိန်အခါမှာ ကျွန်တော်ဟာ အလှကိုတွေ့ရရင်တောင်
ကြည်လင်လာလိမ့်မယ် မထင်ပါဘူး။ သို့ပေမယ့် ကျွန်တော့်မသိစိတ်က အလှကို တောင့်တနေမိသလား။ ကျွန်တော် သွားချင်စိတ် ပေါ်လာလို့ သွားတာပဲ။

ခြံဝမှာ “ဦးသင် (ဘီအေ-ဘီအယ်လ် တရားရုံးချုပ်ရှေ့နေ)ဆိုတဲ့ ဆိုင်းဘုတ်တွေ့တော့ ကျွန်တော် တံခါးဖွင့်ပြီး ဝင်ခဲ့တယ်၊ခြေလှမ်းကတော့ ခပ်လေးလေးပဲ။ အိမ်ကြီးနားကျတော့ ခိုင်းတဲ့ လူတစ်ယောက်လာပြီး ဘာကိစ္စရှိလို့လဲ၊ ဘာလဲနှင့် စစ်ဆေးတယ်။
ကျွန်တော်က ဦးသင်ဆီ ပို့ပေးပါပြောတော့ အဲဒီလူက အိမ်အပြင်ဘက်ဘေးက ခြံထဲကို ခေါ်သွားတယ်။အဲဒီမှာ ကြိမ်နှင့်ရက်တဲ့ စားပွဲကုလားထိုင်တွေချပြီး ထိုင်နေတဲ့မောင်သင်ကို တွေ့ပါတယ်။ သူထိုင်နေတဲ့ ကုလားထိုင်ရဲ့အောက်က မြေကြီးပေါ်မှာ ပုလင်းတွေနှင့်။ စားပွဲပေါ်မှာတော့ ရေခဲခွက်ရယ်၊ စားစရာ တစ်ပန်းကန်ရယ်။

“ထိုင်ကွာ သူငယ်ချင်း။ မင်း ဘာသောက်မလဲ”

“မင်းသောက်တာပဲ သောက်မယ်ကွာ”

သူက သူ့ကုလားထိုင်ဘေးက ဝီစကီပုလင်းကို ယူပြီး ကျွန်တော့်ကို လှမ်းပေးပါတယ်။ ကျွန်တော်လည်း လှမ်းယူပြီး ကုလားထိုင် အလွတ်တစ်လုံးမှာ ဝင်ထိုင်ပါတယ်။

“မင်း ဘယ်သူက ပြောလိုက်လဲ”

ကျွန်တော်က သူ ဘာမေးတာမှန်းမသိလို့ သူ့ကို လှမ်းကြည့်လိုက်တော့ သူက ကျွန်တော့်ကို အကဲခတ်သလိုကြည့်ရင်း ဘာမှမပြောဘဲ ဆိုဒါပုလင်းတစ်လုံးကိုဖွင့်ပြီး

“ကဲ သောက်ပါဦးကွာပြီးမှ ပြောတာပေါ့”

လို့ ဆိုပြန်တယ်။ ကျွန်တော် သူပြောနေတာကို

“ဘာမှ နားမလည်ဘူး သူငယ်ချင်း”

လို့ ပြန်ပြောလိုက်တယ်။

“မင်း ဘာလုပ်ဖို့လာတာလဲ အခု”

ကျွန်တော် အပြောရခက်သွားတယ်။ သူ ဘာတွေမေးနေလဲဆိုတာလည်း ကျွန်တော် မသိဘူး။ ကျွန်တော် ဘာလုပ်ဖို့လာလဲဆိုတာ သူ ဘာလို့မေးလဲ။

“မင်းမေးတာတွေ ငါ တစ်ခုမှ နားမလည်ဘူး”

“ဒါဖြင့် သောက်ကွာ။ မင်း ဘာမှ သိပုံမရပါဘူး”

သူ့စကားတွေက တကယ်ပဲ ဆန်းနေလို့ ကျွန်တော်လည်း အရက်ထဲ ဆိုဒါနှင့် ရေခဲ ထည့်ပြီးသောက်ရင်း သူ့ကိုပဲ စိုက်ကြည့်နေလိုက်တယ်။နောက် အတော်ကြာမှ သူက စကားလွှဲပြီး ..

“ဟေ့၊ တစ်နေ့က ငါ မင့်မိန်းမနှင့် ဈေးနားမှာ တွေ့ခဲ့တယ်။မပြောဘူးလား။ တကတည်း အမူက ကြီးလာမှ ပိုချော ပိုလှနေပါလားကွ၊ ဟင်။ မင်း တယ် ကံကောင်းတဲ့အကောင်”

“တော်စမ်းပါကွာ။ ငါဖြင့် စိတ်ပျက်လွန်းလို့”

“ဖြစ်ရသကွာ။ ဒါလောက်လှ၊ ဒါလောက်ချောတဲ့မိန်းမကို စိတ်ပျက်ရတယ်လို့”

“မင်း မသိပါဘူး သူငယ်ချင်းရာ။ ဒါထက် အလှကော နေကောင်းရဲ့လား”

“အေး၊ ဒါကြောင့် မင်းဝင်လာတော့ ငါမေးတာ၊ မင်း
ဘယ်သူ ပြောလိုက်လဲလို့။ ငါက မင်းတစ်ယောက်ယောက်က ငါ့မိန်းမ လင်နောက်လိုက်ပြေးတဲ့သတင်း ပြောလိုက်လို့ လာတယ်ထင်တာ”

ကျွန်တော် ရုတ်တရက် လန့်ဖျပ်သွားပါတယ်။

“ဘာ၊ ဘာ၊ ဘယ်လိုကွ”

“အလှ လင်နောက်လိုက်ပြီးပြီလေကွာ။ မနေ့ညက”

ကျွန်တော် ဘာမှ ဆက်မမေးမိဘဲ လက်ထဲကကိုင်ထားတဲ့ အရက်ခွက်ကိုပဲ သောက်မိလား မသောက်မိလားမသိဘဲ အကြာကြီးငေးနေမိတယ်။ အတော်ကြာမှ ..

“ဘယ်သူနှင့် လိုက်ပြေးတာလဲကွ”

“ချာတိတ်ကလေးပါ။ ငါ့အိမ်ခိုင်းထားတဲ့ ချာတိတ်။ ငါလည်း စိတ်ကုန်တာနှင့် ဘယ်မှ လိုက်မရှာတော့ဘူးကွာ။ သွားပါစေတော့လို့ ထားလိုက်တယ်။ အတော်မိုက်တဲ့ မိန်းမကွာ။ အဝတ်တစ်ထည်
ကိုယ်တစ်ခုနှင့် လိုက်သွားတာ”

ကျွန်တော် သူ့ကို ဘာမျှ ဝင်မထောက်တော့ဘူး။ သူ့ကိုလည်း မကြည့်ဘဲ စိတ်ထဲကလည်းအပြေးအလွှား ဆုံးဖြတ်ချက်တစ်ခု ချနေမိတယ်။ အလှကို မတွေ့တွေ့အောင် ကျွန်တော် လိုက်ရှာမယ်။
ကျွန်တော် လက်ထဲက မသောက်ရသေးတဲ့ အရက်ခွက်ကို စားပွဲပေါ်ချလိုက်ပြီး ထိုင်ရာကထတော့ မောင်သင်ဟာ ကျွန်တော့်ကို တအံ့တသြကြည့်နေတယ်။ ကျွန်တော်က “ငါ ပြန်တော့မယ် သူငယ်
ချင်း” လို့ ပြောပြောဆိုဆိုလှည့်ထွက်ခဲ့တော့ သူလည်း လက်ထဲငှဲ့လက်စ အရက်ပုလင်းကြီးကိုင်လို့ “ဟေ့ကောင် ဟေ့ကောင်”နှင့် ဝင်းဝအထိ နောက်က လိုက်လာသေးတယ်။ ကျွန်တော်လည်း သူ့ကို လှည့်မကြည့်ဘဲ ဝင်းတံခါးကိုဖွင့်ပြီး ခြေလှမ်းကျဲကျဲနှင့်
လျှောက်ထွက်ခဲ့ပါတယ်။

#ထင်လင်း
#အလှဘယ်မှာရှိပါလိမ့်

#shared_by_louis_augustine

Comments