မူယာ // နုနုရည်အင်းဝ

မူယာ // နုနုရည်အင်းဝ

(ရင်ခုန်ပွင့်မဂ္ဂဇင်း ဇွန် ၁၉၉၁)

“ဒီနေ့ညနေ သမီးဆေးရုံက ဆင်းရပြီ သမီး နေကောင်းသွားပြီ” တဲ့ အန်တီဒေါက်တာကပြောတယ် 

“ဆေးခါးခါးကြီးတွေကိုလဲ သမီးကို မတိုက်တော့ပါဘူးတဲ့ ဒါပေမယ့်အားဆေးချိုချိုလေးကိုတော့ သမီး သောက်ရအုန်းမယ် ဒါမှအားရှိပြီး သမီး ကျောင်းပြန်လိုက်နိုင်မှာပေါ့” တဲ့

“မူကြိုကျောင်းသူကြီးဆိုတော့ အရေးကြီးတယ်လေ 
ဟုတ်တယ်မဟုတ်လား” လို့ အန်တီဒေါက်တာက 
ပြောတယ်

ဖေဖေက “ကဲ မူကြိုကျောင်းသူကြီးက အန်တီဒေါက်တာကို ကဗျာရွတ်ပြလိုက်ပါဦး နေမကောင်းတာနဲ့ မေ့သွားပြီလားမသိဘူး” တဲ့ 

အောင်မယ် သမီးက မမေ့ပါဘူး 
“တနင်းနွေ တနင်္လာချိုးလေးမှန်မှန်လာ” လို့အော်ဆို
ပြလိုက်တာပေါ
      
အားလုံးဘဲ ရယ်ကြတယ်။ အန်တီဒေါက်တာက 
လက်ခုပ်တောင်တီးတယ်။မေမေကလည်း သမီးနဖူးကို 
နမ်းတယ်။

“မေမေရယ် အိမ်ကျရင် အန်တီဒေါက်တာလို မိတ်ကပ်လှလှလေးလိမ်းပါအုန်း မီး နေမကောင်းတာ ပြုစုတာနဲ့နော် မေမေ့ကို သမီးသနားပါတယ် ဖေဖေ့ကိုလဲ သနားပါတယ်လေ”
    
ဖေဖေက လေးဘီးကားလေးကို တခါတည်းခေါ်လာတာ သမီးဇိမ်ကျအောင်လို့တဲ့ ဖေဖေက ရှေ့ခန်းမှာထိုင်တယ် သမီးရယ် မေမေရယ် မမကြီးရယ် ကိုလေးရယ်ကကားနောက်ခန်းမှာထိုင်ကြတယ်။
    
ကားစက်နှိုးသံ ထွက်လာတာနဲ့ ပီကေဝါးရင်း 
သမီးကိုကြည့်နေတဲ့ ကိုလေးအသံ စူးစူးပေါ်လာတယ်။

“မီးငယ် မီးငယ် အခုတို့အိမ်မှာ မူယာရောက်နေတယ်”

 “ရဲနိုင်အောင် ဘာဖြစ်နေတာလဲ”

 “ရှူးရှူး...ရှူးရှူး...တိုးတိုး...တိုးတိုး”

သမီးတောင်ဘာမှ ပြန်မပြောရသေးဘူး။မေမေနဲ့မမကြီးက ကိုလေးရဲနိုင်အောင်ကို ကြိတ်ပြီးတွန်းထိုးဆွဲဆိတ်ကြတယ်။ရှေ့ခန်းက ဖေဖေ့ဆီကို မျက်လုံးပြူးမေးငေါ့ပြကြတယ်။ကိုလေး မျက်နှာ ရှုံ့မဲ့နေတာဘဲ။
 
“ရှေ့ခန်းကဖြင့် မကြားရဘဲနဲ့”

“အမယ် ကြားရတာပေါ့ နင့်အသံကျယ်ကြီးကို
ကားမောင်းနေတော့မှ ပြောပါလား ဟဲ့”

နားကွင်းအကြီးကြီးကို ရမ်းခါပြီး လူကြီးလိုဆုံးမနေတဲ့ မမကြီးကို ကိုလေးကမကြေမနပ်နဲ့ ကြည့်တယ်။မေမေကတော့ကိုလေးကို မျက်စောင်းထိုးပြီး 

“ဟင်း မူယာ့အကြောင်းများပြောရမယ်ဆိုရင်”တဲ့

“မူယာဆိုတာ ဘယ်သူလဲဟင်”

“ဟင်လို့ မူယာဆိုတာ ဘယ်သူလဲ သမီးမေးတာကို 
ဖြေကြပါအုန်း တယောက်မျက်နှာတယောက် ကြည့်မနေပါနဲ့ ကားစက်သံကြီးနဲ့ ဖေဖေမကြားပါဘူး”

“ပြောလိုက်လေ ခုကျတော့ မပြောဘဲနဲ့”

မမကြီးနဲ့မေမေ့မျက်နှာက ခုကျတော့ ပြုံးစိစိနဲ့။
ကိုလေးမျက်နှာက ချက်ချင်းပြုံးဖြီးဖြီး ဖြစ်လာပြီး 
ဟဲခနဲရယ်လိုက်တယ်။ ပီကေပူစီဖောင်းကို မှုတ်လိုက်တယ်။

“မူယာကလေ အရမ်းကို အရမ်းကိုလှတယ် သိလားမီးငယ် ဟီဟီ အသားလေးကလဲ ဖြူဆွတ်နေတာဘဲ
ကိုယ်လုံးလေးကလဲ ပိန်ပိန်သေးသေးလေး သူကလေ
ငါတို့စီးတဲ့ဒါန်းကိုစီးနေတာ ဟဲဟဲ ဆံပင်လေးကို ဖားလျားချလို့ ခေါင်းလေးက ဟောလို ဟောလို
မူယာ မာယာ သူဇာ လုပ်နေတာလေ ဒါနဲ့ငါကမူယာလို့ နာမည်ပေးလိုက်တာပေါ့ မူယာ့ခေါင်းကိုလေ သူမသိအောင်နောက်ကနေ ဒရမ်တီးရတာ သိပ်ပျော်ဘို့ကောင်းတာဟ သိလား”

“ဟိုနေ့ကလေ သမီးတို့သူငယ်ချင်းတွေ ပြေငြိမ်းအကြောင်းပြောနေတာ သူကငိုနေတယ် သနားလို့တဲ့
သူကတကယ်ရယ်ရတယ်”

မေမေနဲ့မမကြီးက တခစ်ခစ်နဲ့ သဘောကျနေကြတယ်။ကိုလေးကလဲရယ်ပြီး “ဝင်းဦးဓါတ်ပုံကိုကြည့်ပြီး ငိုတယ်ဗျ ဟိုနေ့က”လို့အော်ပြောတော့ မေမေက “ရှူး” လို့လုပ်ပြီးဖေဖေ့ဆီ မျက်စပစ်ပြတယ်။

“မူယာ့ကို ဘာလို့ ခေါ်မလာတာလဲလို့”

“အိမ်ကျရင် နင်တွေ့ရမှာပါ မူယာ့ကို”
  
မမကြီးကလဲတခစ်ခစ် ရယ်နေတာဘဲ။ ကိုလေးလဲတူတူဘဲ။သမီးတို့တိုက်ခန်းရှေ့ ကားကြီးရပ်တော့ မမကြီးက သမီးကိုချီပြီး လှေကားကို မြန်မြန်တက်ကြတယ်။
ကိုလေးက နောက်ကသမီးတို့အခန်းက ဟိုအပေါ်ဆုံးထပ်မှာ။သမီးတို့အခန်းက အမြင့်ဆုံး ကိုလေး ရဲနိုင်အောင်က တံခါးကိုပုတ်ပြီး “မရီ မရီ”လို့ခေါ်တယ်။

ဟော “လာပြီ လာပြီ” တဲ့ မရီရဲ့ အသံ။
မရီက သမီးကို ချစ်တယ်။
   
မရီက သမီးတို့အိမ်မှာ ထမင်းချက်ပေးတဲ့သူ။အဝတ်လျှော်ပေးတဲ့သူ။မေမေနဲ့လည်း အမျိုးတော်တယ်။

“ဟော...နေကောင်းပြီလား မီးငယ်လေး”

မရီလက်ထဲ သမီး လိုက်မလို့လုပ်တုန်း မမကြီးရဲ့ အသံတိုးတိုးလေးကို ကြားရတယ်။ ဟိုမှာ မူယာတဲ့
ဘယ်မှာလဲ မူယာ ? မမကြီး မျက်လုံးကြည့်ရာကို သမီး ကြည့်လိုက်တယ်။ ထပ်ခိုး ဝရံတာ ခန်းဆီးလေးအနိမ့်လေးကြားထဲမှာ မျက်နာဖြူဖြူ ဆံပင်တွေကလဲဖြူဖြူ မျက်လုံးသေးသေးလေး မျက်နှာပေါ်မှာ အတွန့်အတွန့်တွေ ရှုပ်ယှက်ခတ်နေတာ ဘာဖြစ်လို့လဲ ကြောက်တယ်ကြောက်တယ်။

“ကြောက်တယ် ကြောက်တယ် မမကြီး သမီး 
 ကြောက်တယ်”

“အို..အို..မကြောက်ရဘူးလေ သမီး”

“ဟင်အင်း ကြောက်တယ် မူယာ့ကို သမီး ”

 မမကြီး လက်တဖက်က သမီးပါးစပ်ကို လာပိတ်တယ်။မရီ ပခုံးပေါ်ကနေ သမီး ကြောက်ကြောက်နဲ့ တခါလှမ်းကြည့်လိုက်တော့ မူယာ့မျက်နှာ မရှိတော့ဘူး။ 
မေမေရေ လာပါတော့ သမီး ကြောက်တယ်။
                                     
                                    *****

“တငယ်ချင်းရယ်...လာလည်တာ ဝမ်းသာလိုက်တာ 
ဒီမှာ ထမင်းတွေ ဟင်းတွေ ချုံနေအောင် ချက်ထားတာ ဟောတာက ကြက်တားဟင်း ဟောတာက ပဲကြီးဟင်း ဒါက ပုန်းရေကြီးတုတ် အချိမ်းကြော်လဲ ပါတယ်
မြိန်မြိန်စားနော် တငယ်ချင်း နေဦး နေဦး ဟောဒီမှာ 
ငခြောက်စစ်ဖုတ်လေး ဆီရွှဲရွှဲစမ်းထားတယ်အငန်လေးပါမှ ထမင်းချားလို့ကောင်းတာ တငယ်ချင်းရဲ့”

“ငချောက်ထဲ ဆီလေးစမ်းပါအုန်း”
  
အိုးဘုတ်ထဲက မီးခြစ်ဆံ အကျိုးအပဲ့လေးတွေပေါ်ကို ရေတွေဆမ်းနေတဲ့ မူယာ့ကိုကြည့်ပြီး သမီးဖြင့် ရယ်ချင်လာတာပဲ။ပျော်လဲ ပျော်တယ်။ အခုဆို သမီးနဲ့ မူယာ သူငယ်ချင်းတွေဖြစ်သွားကြပါပြီ။ သမီးတို့ တိုက်ခေါင်မိုးပေါ်မှာ ထမင်းချက်တမ်း ဟင်းချက်တမ်း အိမ်လည်လာတမ်း ပုံပြောတမ်း အများကြီးဘဲ မူယာနဲ့ သမီး ကစားပြီးပြီ။ ဖေဖေတို့ မေမေတို့လဲ စျေးလှက ဆိုင်ကိုသွားရော မမကြီးနဲ့ ကိုလေးတို့လဲ ကျောင်းကိုသွားရော မူယာနဲ့ သမီး ထပ်ခိုးအိမ်သာနားက လှေကားလေးနားကနေ တိုက်ခေါင်မိုးပေါ်ကို တက်သွားကြတာဘဲ
တိုက်ခေါင်မိုးပေါ်မှာ ဒန်းလဲရှိတယ် သမီးနဲ့ မူယာ ဒန်းလဲစီးကြတယ်။ကိုလေးပြောသလိုဘဲ ဒန်းစီးရင်လေ မူယာက သူ့ဆံပင်ဖြူတွေ လေထဲမှာ လွှင့်ထားတတ်တယ်။

မူယာ့ကိုယ်လုံးလေးက ပိန်ပိန်လေးရယ်၊ မူယာကအကျီအဖြူနဲ့ မေမေ့ထမိန် အညိုပွင့်ကို အမြဲတမ်း ဝတ်ထားတယ်။သူထမင်းချက်တမ်း ဟင်းချက်တမ်း ဆော့တိုင်း 
ငခြောက်ဖုတ်က ပါနေတာဘဲ။ ဆီကိုလည်း တချိန်လုံးဆမ်းနေတာဘဲ ရေတွေကို ။ မေမေဆို သူ့ကိုကျွေးတဲ့ 
တကယ့်ငခြောက်ဖုတ် အစစ်ထဲမှာ ဆီကို နည်းနည်းလေးဘဲ ဆမ်းတာ။ပြီးတော့ သူချက်တဲ့ ပုန်းရည်ကြီးတို့ ပဲကြီးတို့ဆို မေမေက သွေးတက်မှာစိုးလို့ ဘယ်တော့မှ မချက်ပါဘူး။
    
မူယာ့ကို ဖေဖေနဲ့မေမေက “အမေ”လို့ ခေါ်တယ်။
ဖေဖေ့ကွယ်ရာမှာတော့ မေမေက မမကြီးတို့ ကိုလေးတို့နဲ့တူတူ မူယာလို့ ခေါ်တာဘဲ။ မမကြီးတို့ ကိုလေးတို့ကလဲ ဖေဖေ့ရှေ့မှာကျ “အဘွား”တဲ့။ ကွယ်ရာကျ မူရာတဲ့။
သမီးကတော့ အဘွားလို့ မခေါ်ပါဘူး။ မူယာက သမီး အဘွားမှမဟုတ်တာ အဘွားဆိုတာ ဝဝကြီး မျက်မှန်နဲ့ အသားမဲမဲ ဆွဲကြိုးနဲ့လေ မေမေ့ရဲ့ မေမေ လေ။ အဲ့ဒါမှ သမီးရဲ့ အဘွားပေါ့။ မူယာက သမီးရဲ့ သူငယ်ချင်းပါ။
ဒါပေမယ့် သမီးက ဖေဖေတို့ မေမေတို့ ရှေ့မှာတော့ 
မူယာလို့ မခေါ်ပါဘူး သမီးနဲ့ မူယာ နှစ်ယောက်တည်း
ကျမှခေါ်တာ။
   
မူယာကလေ မူယာရေလို့ သမီးခေါ်ရင် ထူးပါတယ်။
တခါတလေကျတော့လဲ မထူးဘဲ “မူယာ တဲ့ မူယာ တဲ့” ဆိုပြီး မျက်ရည်တွေ ကျနေတတ်တယ်။အဲ့အခါကျ 
သမီးက မျက်ရည်သုတ်ပေးပြီး မငိုပါနဲ့ မူယာရယ် 
တိတ်တိတ်လို့ ချော့ရတာပေါ့။
    
မူယာက သနားစရာကောင်းတယ်။
ညဆိုရင်လေ ဧည့်ခန်းထဲက ကုတင်လေးပေါ်မှာ ကွေးကွေးအိပ်တယ်။ သမီးတို့က ထပ်ခိုးပေါ်မှာ အိပ်တယ်လေ။ မမကြီးနဲ့ ကိုလေးက ဧည့်ခန်းနောက်က အခန်းလေးတွေထဲမှာ အိပ်တယ်။ မရီက မီးဖိုခန်းထဲမှာအိပ်တယ်။

မနက်ဆို မူယာ ကောင်းကောင်းကို မအိပ်ရဘူး။
ဖေဖေတို့ ဧည့်သည်တွေက အစောကြီး အစောကြီးဘဲ လာကြတယ်။ ဒီကြားထဲ ဖေဖေကလဲ မနက်တိုင်းဆူနေတာဘဲ။ မူယာ အိပ်ရာထဲမှာ ရှူရှူးပေါက်လို့တဲ့။
သမီးလဲ ပေါက်တာဘဲဟာ။ဖေဖေက သမီးကျတော့ 
မဆူဘူး။
    
မူယာဟာလေ ဖေဖေဆူလိုက်ရင် မျက်နှာလေးငယ်ပြီး သူ့အိပ်ရာခင်းနဲ့ သူ့ထမီလေးကို ပွေ့ပြီး ရေချိုးခန်းထဲဝင်သွားရော။ ရေချိုးခန်းထဲလဲ ကောင်းကောင်းကို မနေဘူးမမကြီးတို့ မေမေတို့က ရေချိုးချင်လို့ ပြန်ထွက်ပေးရသေးတယ်။ မေမေတို့ မမကြီးတို့ မသွားမချင်းကို မူယာ ကောင်းကောင်းမနေပါဘူး။ သူ့မှာလေ ဧည့်ခန်းထဲ သွားလိုက် နောက်ဖေး လာလိုက် ထပ်ခိုးပေါ်တက်လိုက်နဲ့
အဲ့ဒါကို ဖေဖေက ရှုပ်လို့တဲ့ တစ်နေရာတည်း ထိုင်မနေလို့ဆိုပြီး ပြောသေးတယ်။
  
သူတို့ အကုန်လုံး သွားကုန်မှ နားအေးတော့တယ်။
သမီးနဲ့မူယာ တိုက်ခေါင်မိုးပေါ် တခါတည်း တက်ပြေးကြတာဘဲ။ဒါတောင် မရီကို ကြောက်ရသေးတယ်။
မရီကလေ ဂုံးချောတယ် သိလား။သမီး နေကောင်းပြီး
ခါစ နေပူကြီးထဲ တိုက်ခေါင်မိုးပေါ် တက်လို့ဆိုပြီး မေမေ့ကိုတိုင်တယ်။မေမေက သမီးကို ဆူတယ်။
မူယာ့ ကိုတော့ ဖေဖေ့ကိုတိုင်တယ်လေ။
ပြီးတော့ မူယာက သမီး ဝတ်တဲ့ ဂါဝန်အဆင့်ဆင့် အနီလေး အဟောင်းလေးပါဘဲ အဲ့ဒါကို တောင်းလို့ သမီးက ပေးလိုက်တာပေါ့ တခါတည်းလေ မေမေသိသွားတော့ သမီးကို ပြန်တောင်းခိုင်းတယ် မေမေက ပြောတယ်
“သူ့သမီးက မွေးတဲ့ မြေးတွေ အတွက် စုဆောင်းနေတာလေ”တဲ့ မဟုတ်ပါဘူး မူယာက သူဝတ်ဖို့ပါ မေမေရယ်လို့ သမီးပြောတာ မရဘူး မေမေကလဲ တမျိုး။ဖေဖေကလဲ တမျိုး။မမကြီးတို့ ကိုလေးတို့ မရီတို့ ကလဲတမျိုးဘဲ။
    
မမကြီးနဲ့ မရီက မူယာနဲ့ ထမင်းစားရင် ရွံပြီ။ မူယာက သွားရည်တွေ ကျလို့တဲ့၊ မျက်ရည်တွေကိုလဲ ခဏခဏ သုတ်လို့တဲ့။ ကိုလေးကတော့ မူယာနောက်ကနေလိုက်ပြီး မူယာ့ခေါင်းကို တချိန်လုံး ဒမ်တီးနေတာဘဲ။
မူယာနဲ့သမီး ပုံပြောတမ်း ကစားနေရင် ပိုဆိုးသေး
ပုံကို ကောင်းကောင်း နားမထောင်ရဘူး မူယာက ပုံသိပ်ပြောတာ။
    
ဟိုးရှေးရှေးတုန်းက ငှက်မိသားစု တစ်စု ရှိတယ်တဲ့။အဖေနဲ့အမေမှာ ငှက်အဖေက ကျောင်းဆရာလုပ်ပြီး 
အမေငှက်မကြီးက စျေးဆိုင်ထွက်တယ်။ငှက်သားလေး နှစ်ယောက် ငှက်သမီးလေး သုံးယောက်ရှိတယ်။
သားတွေ သမီးတွေ စာမေးပွဲတွေအောင်ပြီး အိမ်ထောင်တွေကျပြီး ခွဲသွားကြတော့ အဖေနဲ့အမေက လွမ်းပြီး ကျန်ရစ်ခဲ့တာပေါ့။ တစ်ခါ ငှက်အဖေကြီး သေသွားတော့ ငှက်မကြီးတယောက်တည်း လွမ်းကျန်ရစ်ပြန်ရောတဲ့။တစ်ခါ ငှက်မကြီးကလေ ငှက်အဖေကြီးမရှိတော့ သားတွေ သမီးတွေ အိမ်မှာ တလှည့်ဆီလျှောက်ပြီး သွားနေရတာပေါ့။ ငှက်မြေးလေးတွေကို သိပ်ချစ်တယ်တဲ့။
ငှက်အဖွားကြီးဆိုတော့ ဘယ်သူကမှ မလိုကြပါဘူး သူငယ်ချင်းရယ် လို့ ပြီးသွားရော။သမီးက အဲ့ငှက်အဖွားကြီး နာမည်က ဘယ်သူလဲလို့မေးရင် ဒေါ်စန်းရှင် လို့ 
မူယာကဖြေတယ်။
    
ဒေါ်စန်းရှင် ဆိုတဲ့ နာမည်ကိုသမီးက တိုးတိုးလေးရွတ်ပြီး စဉ်းစားရင်တော့ မူယာက ပြုံးပြီး “မီးငယ်ရဲ့အဘွား နာမည် မဟုတ်ဘူးလား” တဲ့ “ဟင့်အင်း ဟင့်အင်း
ဘယ်ကဟုတ်ရမှာလဲ မီးငယ် အဘွားနာမည်က 
ဒေါ်ခင်ခင်မြ တဲ့ မူယာ မှတ်ထား” လို့ ပြောရတယ်။
မူယာလေ သမီးကို စကားမပြောဘဲ တိုက်ခေါင်မိုးအစွန်း နေပူထဲမှာ ကုပ်ပြီးသွားထိုင်နေတယ်။ သမီးက 
လိုက်ချော့ရတော့ နေပူမိပြီး အဲ့ဒီနေ့ည သမီး ပြန်ဖျားတာပေါ့။

                                     *******

သမီး ဒီနေ့မနက် ကြက်သားနဲ့ဆန်ပြုတ် သောက်ရပြီ။သောက်လို့ သိပ်ကောင်းတာဘဲ မေမေက ဆန်ပြုတ်တိုက်ရင်း ပြောတယ် နောက်နေ့ကျရင် သမီးကြိုက်တဲ့ ရေခဲမုန့် ဝယ်ကျွေးမယ်တဲ့ ရေခဲမုန့်ကို မူယာလဲ ကြိုက်တယ်
မူယာနဲ့သမီး မတွေ့ ရတာကြာလှပြီ မူယာကလေ သမီးကို စိတ်ကောက်တတ်တယ် သမီးတို့ ထပ်ခိုးပေါ်ကို သမီးဖျားနေတုန်း တခါမှတောင်မလာဘူး။

“မူယာကော မေမေ”
   
မေမေက ဘာမှမပြောဘဲ သမီးပါးစပ်ကို လက်သုတ်ပုဝါနဲ့ သုတ်ပေးတယ်။
  
“မူယာရှိလား မေမေ”

“သူသွားတော့မှာ သူ့သမီးအိမ်ကို”

“ဟင် ဘယ်တော့လဲ”

“ဘယ်တော့ ဖြစ်ဖြစ်ပေါ့ သမီးကို ဖျားအောင်လုပ်လို့ သမီးဖေဖေ စိတ်ဆိုးနေတယ် ကြားလား”

အို ဖေဖေကလည်း သမီးဖျားတာ မူယာကြောင့် မဟုတ်ပါဘူး။မူယာ့ကို စိတ်မဆိုးပါနဲ့။မူယာ့ကို မသွားပါစေနဲ့။သူ့သမီး အိမ်ဆိုတာ ဘယ်မှာလဲဟင်။
  
“ကဲ လာ လာ အမေ အောက်မှာကား ရောက်ပြီ”

“မရီ အမေ့အထုပ်နဲ့ ဆွဲခြင်း လိုက်ချပေးလိုက်လေ”

“မရီ ကားနားမှာ ခဏစောင့်လိုက်အုန်း ငါအိမ်သာခဏ ဝင်ချင်လို့”
     
ဖေဖေ့အသံရယ် မေမေ့အသံရယ် မရီအသံရယ်
သမီး မျက်လုံးတွေပွင့်ပြီး ကုတင်ပေါ်က လူးလဲထလိုက်တယ် မူယာ သွားတော့မယ်။
    
ထပ်ခိုးခန်းဆီး အနိမ့်လေးကြားကနေ သမီးကြည့်လိုက်တော့ ဧည့်ခန်းက မူယာ့ကုတင်လေးပေါ်မှာ မူယာ့ဆွဲခြင်းလေးနဲ့ အထုပ်လေးမရှိတော့ဘူးမူယာလဲ မရှိတော့ဘူး။

“မေမေ”

“အို သမီး အောက်ကိုဘာလို့ ဆင်းလာတာလဲ ”
      
မေမေ့လက်တွေကို တွန်းဖယ်ပြီး သမီး ဝရံတာကို ထွက်ခဲ့တယ် ဟိုမှာ လမ်းမပေါ်က လေးဘီးကားလေး ဘေးမှာ မူယာရယ် မရီရယ်။
     
“သမီးလေး နေကောင်းပြီလား”
 
“ဖေဖေ”

သမီးနောက်ကို ရောက်လာတဲ့ ဖေဖေ့ကို သမီးဖက်လိုက်တယ်။
     
“ဖေဖေ ဖေဖေ မူယာ့ကို မသွားပါစေနဲ့နော် မူယာ့ကို”

“ဘာပြောတယ် သမီးလေး”

မေမေက သမီးနားကို ရောက်လာပြီး မျက်လုံးပြူး 
ပြတယ်။
   
“လာ လာ သမီး မေမေ့ဆီလာ အလကားပါ အဖေကြီးရယ် သူ့အဖွားကို မသွားစေချင်လို့ ကဲ အဖေကြီး အောက်ဆင်းလေ ကားစောင့်နေတယ်”
    
“ဟင့်အင်း အဖွားကို ပြောတာဟုတ်ဖူး မူယာ့ကို ပြောတာ မူယာက သမီးသူငယ်ချင်း မူယာက”
     
မေမေက သမီးပါးစပ်ကို ပိတ်ထားတယ်။ဖေဖေက မျက်နှာတမျိုးနဲ့တံခါးကို ဂျိန်းခနဲပိတ်ပြီး အောက်ဆင်းသွားပြီ။
    
“ဖေဖေ မူယာ့ကို ပြန်ခေါ်ခဲ့ပါ မသွားပါစေနဲ့ မူယာ့ကိုသမီးချစ်တယ်”

ဖေဖေ ကြားမှကြားရဲ့လား ဖယ်စမ်းပါမေမေရဲ့
သမီးကြည့်ပါရစေအုန်း ဟင် မူယာ့ကို မမြင်ရတော့ဘူးကားပေါ်တက်သွားပြီ ဖေဖေနဲ့မရီ ရပ်နေကြတယ်
ဟော ကားလေးထွက်သွားပြီမူယာသွားပြီ
သမီးမျက်ရည်ပေါက်တွေ မူယာ့ကားခေါင်မိုးပေါ်ကျ
ကုန်ကြမှာလား။ မူယာရေ....သွားတော့နော်သူငယ်ချင်း
မူယာ့ဆွဲခြင်းအောက်ဆုံးက သမီးပေးထားတဲ့ ဂါဝန်နဲ့ဘောင်းဘီလေး အကြောင်း မေမေ့ကိုမပြောပါဘူး။စိတ်ချပါ မူယာ့ကို သူငယ်ချင်းကပေးတဲ့ လက်ဆောင်လေးတခုပေါ့ မူယာရယ် နော်။

#နုနုရည်အင်းဝ
#မူယာ

#shared_by_louis_augustine

Comments