မသိရလေခြင်း // ဂျာနယ်ကျော်မမလေး

မသိရလေခြင်း // ဂျာနယ်ကျော်မမလေး

(ဂျာနယ်ကျော်၊ အတွဲ(၉)၊ အမှတ် (၉)၊ ၃၁-မေ-၁၉၄၁)

နေဝင်ပြီဖြစ်သောကြောင့် အလင်းရောင်မှိန်တော့မယောင် ကွယ်စပြုနေရာတွင် လယ်ပြင်ကြီးတစ်ကွင်းလုံးမှာ ကြည့်နေရင်းက ပင် အနက်မှောင်ဖုံးလွှမ်းလာကာ နက်မှောင်သည်ထက် နက်မှောင် လာပြီးနောက် ဝင်းထိန်သော လျှပ်ရောင်ကြီးကို မြင်လိုက်ရပြီး တဂျိုးဂျိုး တဂျိမ့်ဂျိမ့်နှင့် မိုးခြိမ်းသံကြီးပါ ပေါက်လာရုံမျှမက ရုတ်တရက် မိုးသီးမိုးပေါက်ကြီးပါ ကျလာလေ ရာ မျက်နှာဆီသို့ မိုးစက်မိုးရေများ သွက်သွက်ကြီးပက်လာတော့သ ဖြင့် ဝါးထရံကဲလား တံခါးပေါင်ပေါ်သို့ တင်ထားသောမျက်နှာကို လေးလေးဖင့်ဖင့် ခွာလိုက်ကာ မျက်ရည်နှင့် မိုးရေ ပေါင်းစပ်စိုရွှဲ နေသော မျက်နှာကို အင်္ကျီတံတောင်ဆစ်နှင့်သုတ်လိုက်ပြီး နောက် အိပ်ရာပေါ်သို့ ခွေခွေက လေးလှဲချလိုက်လေ၏။

‘‘အလို ဘယ်များထွက်သွား ပါလိမ့်၊ တံခါးလည်းမပိတ်၊ ရွှဲရွှဲ စိုလို့တော်၊ ဖြစ်ရလေလေ့’’

ဟု အိမ်ရှေ့မှ ဒေါ်ထွေးလှ အော်၍ ဝင်လာပြီး ရွက်လာသော ဗျပ်ကို ချကာ မိုးသက်လေဒဏ် မခံနိုင်၍ တရွတ်တိုက်ဆွဲရွှေ့ခြင်း ခံရသဖြင့် တစ်နေရာမှ တစ်နေရာ သို့ ပြောင်းရွှေ့စံမြန်းနေသော ဖျာ စုတ်၊ တောင်းစုတ်၊ ပလုံးစုတ်များ ကို နေသားတကျထားပြီး မီးထွန်း ရန် ပြင်ဆင်နေသံတို့ကို ကြားနေ ရသော်လည်း ထူးချင်စိတ်၊ ထချင်စိတ် လုံးဝမရှိ၍ မျက်စိနှစ်လုံး စုံ ပိတ်၍သာ နေလေ၏။

‘‘ဝင်းမေ၊ ညည်းက ဒီ အိပ် နေတာကိုး၊ ငါ့တံခါးကြီးလည်း ပွင့်၊ အိမ်ထဲလည်း ရွှဲရွှဲစိုနေလို့ ဘယ်များ ထွက်သွားလဲလို့၊ စောင်မခြုံ ဘာမခြုံနဲ့ ဘယ့်နှယ်နေသေး သလဲဟင်၊ မိုးတွေရွာလာတာနဲ့ ညည်းများ မီးယပ်ချမ်းတက်နေပ လားလို့၊ အပြန်ဈေးတောင် ဖြောင့်အောင် မဝယ်နိုင်ဘူး၊ သုတ်ခြေ တင်ခဲ့ရတယ်။ မကြီး ဘီစကွတ် မု့န်လည်း ကာကာဆိုင်က ကျုပ် ဝယ်လာတယ်၊ ကဲ…ထ…ထ…။

ဝင်းမေ၊ ထလေ ဘာဖြစ်လို့ တုံး၊ အဖျားတက်ပြန်ပလား၊ မှန်း …ငါ့လည်ပင်းကို ဖက်ထူလေ၊ ဟင်…ငိုနေသလား၊ ခေါင်းကိုက် ရော့မယ်’’

‘‘နေပါစေ အရီးရယ်၊ ဝင်းမေထနိုင်ပါတယ်။ မုန့်ဝယ်စားသေး သလား၊ စကားပြောခဲ့ရသေးသ လား’’

ဟု မချိတရိမေးရင်း မထ ချင်ထချင် ထ၍ ထိုင်လေ၏။

‘‘ပြောခဲ့ရတယ်၊ ဝန်မင်းလာ ရင် ပန်းတောင်ဆက်ရမတဲ့၊ စက် မှာတောင် ထိုင်မသိမ်းချုပ်ဖို့၊ အတိုင်းပေးဖို့ သူ့အမေ ကားကြီးနဲ့ လာခေါ်လို့ ကျောင်းတောင် နေ့ ဝက်ခွင့်ယူသွားတယ်’’

‘‘သြော်… ဝန်ကြီးမင်းကြိုရမ တဲ့လား၊ သူက ပြောတာလား’’

‘‘အေး…မုန့်လက်ဆောင်း လာသောက်ရင်းပေါ့။ အမာလေး တို့ကျောင်းက အမာလေးရယ်၊ စိန်စိန်ရယ် နက်ဖြန် နေ့လယ် ရထားမှာ ဝန်ကြီးချုပ် ပါလာမတဲ့။ အမာလေးတို့ စည်းပုံဆောင်းပြီး ပန်းဆက်ရမယ်။ ပြီးတော့လည်း မင်းသမီးလို ခါးတောင်ဝတ်ရမယ်။ မေမေတောင် ခါးတောင် ချုပ်ဖို့ လာခေါ်မတဲ့။ စားရင်း သောက်ရင်း ပြောလိုက်တာ။ သွက်သွက်လက်လက်တော့ သွက်သွက်လက်လက်’’

‘‘မမာတာ တစ်လတောင် ရှိပြီ။ မမြင်ရတာကြာလို့ ကြည့်ချင် လိုက်ပါဘိ’’

‘‘လုပ်ပြန်ပြီ ဝင်းမေရယ်၊ ငါ့ စကားများလည်း နားထောင်စမ်း ပါဦးဟဲ့၊ လိုက်ကြည့် ကြည့်ပြီး ဒီစိတ်နဲ့ လူမမာကြီးဖြစ်ပြန်၊ သူ လည်း ကောင်းကောင်းမွန်မွန်နေ နေရတာ၊ ပြီး… သမီးရယ်၊ အမေ ရယ်လို့ အသိပေးနိုင်ကြတော့တဲ့ ဘဝလည်း မဟုတ်’’

တရှုပ်ရှုပ်ငိုနေသော ဝင်းမေ ကို သနားကရုဏာသက်ရင်း…

‘‘မေ့လိုက်ပါ ဝင်းမေရယ်၊ မေ့လိုက်ပါ’’

‘‘ကိုယ့်သမီးကလေးတစ် ယောက် မေ့ပစ်ဖို့ သတ္တိကို ထား ကြည့်လို့မှ မရနိုင်ဘဲ အရီးရယ်’’

‘‘နို့…ပေးလိုက်တုန်းက ဒီလို ဖြစ်မယ်လို့ မစဉ်းစားဘူးလား ဝင်းမေ’’

‘‘မေးပြန်ပြီ အရီးက၊ ဒါကို မမေးပါနဲ့လို့ တောင်းပန်ထားတာ၊ပြောရရင် ကျွန်မ ရူးရလိမ့်မယ်။ ဖအေ ဘယ်သူမှန်း၊ မအေဘယ် သူမှန်း ကျွန်မမပြောရင် ဒီတစ်သက်မှာ သိတော့မယ်မဟုတ်လို့ တစ်ခါတလေများ ပြောချင်ပါဘိ၊ မဖြစ်နိုင်တော့တဲ့ ဘဝမျိုးမို့’’

‘‘နို့…သူ့အဖေကော ရှိသေး သလား၊ ညည်း သူ့ကိုပေးလိုက် တာ သူ့အဖေသိသလား’’

မိုးအတန်ငယ်စဲပြီဖြစ်၍ ဝင်း မေသည် ချထားသည့် ကဲလားကို ပြန်ဖွင့်လိုက်ရာ စိမ်းလန်းသော စပါးပင်ပျိုပေါ်သို့ ကျထိုးနေသော လရောင်ကို မြင်ရသဖြင့် ရင်မ အေးနိုင်ဘဲ ဘဝင်ဆွေး၍ သွား လေ၏။

‘‘အရီးကလည်း ကျွန်မက ပေးပစ်တာမဟုတ်ပါဘူး’’ဟု စိတ် တိုဝမ်းနည်းသလို ပြော၍ အရီးလှ ကို မကြည့်ဘဲ လယ်ကွင်းဘက်ကို သာ မျက်နှာပေး၍ ငေးမောကြည့် နေလေ၏။

‘‘ကျွန်မရင်သွေး ကျောင်းမှာ ရှိတယ်၊ ရှာပေးပါ၊ စုံစမ်းပေးပါ ပြောလို့ တွေ့ကြ၊ သိကြရတာပဲ ငါသိတယ်။ ဒီ့အပြင် ငါ ဘာမှ လည်း မသိရ၊ ငါမေးလည်း ငိုလွန်းလို့ ငါလည်း မမေးပါဘူး။ အေးပါ အေ မပြောလည်းနေတာပေါ့။ ငါ ကတော့ မအေလိုနေလို့ မေးတာ ပါ’’ဟု အရီးလှက ဝမ်းနည်းသလို တုန်တုန်ယင်ယင်နှင့် ပြောရှာလေ ၏။

အမှန်ကား အရီးလှမှာ တစ် ကိုယ်တည်း အပျိုကြီးဖြစ်၍ လွန် စွာ စိတ်သဘောကောင်းရကား သားထောက်သမီးခံလည်း မရှိ။ မိမိ၏မြို့သို့လာရာ အသိမရှိ တဝဲ လည်လည်ဖြစ်နေစဉ် အရီးလှနှင့် တွေ့၍သာ ခိုကိုးရာရနေတော့ သည်။ မိမိမမာသည်ကိုပင် သား သမီးကဲ့သို့ မညည်းမညူ ရှာဖွေ ကျွေးမွေးပြုစုခဲ့၏။ မိမိမှာ ဖခင်နှင့်လက်ပံတန်းမြို့တွင် နေစဉ် မိမိ တို့အိမ်အနီးတွင် ၎င်း၏တူမများ နှင့် လုပ်လုပ်စားစားနေစဉ်က ဖခင်မှာ အစိုးရလခစားဖြစ်၍ ခရီး ထွက်ရတိုင်း မိမိတို့အိမ်၌ အဖော် သဟဲ ညအိပ်ညဉ့်နေ အစောင့်အ ရှောက်ရ၍ မိမိမှာလည်း မအေမရှိ သဖြင့် မအေကဲ့သို့ အထူးချစ်ခင် နေရာ မကြာမီ အရီးလှမှာ တူမ များနှင့်မတည့်၍ ဤမြို့သို့ ပြောင်းရွှေ့နေထိုင်ကာ အသက်မွေးနေ သဖြင့် ကွဲကွာသွားရာမှ ယခုဤ မြို့တွင် မိမိသမီးကလေးရှိသည် ဟု သိရ၍ လိုက်လာရာမှ တွေ့ ကြပြီး မမာနေစဉ် အရီးလှရှာဖွေ ကျွေးသမျှနှင့် နေထိုင်ရသောဘဝ မျိုးဖြစ်နေလေ၏။

ဝင်းမေလည်း သက်မကို ပွင့်ပွင့်ကြီးချလိုက်ပြီး အရီးလှဘက် သို့ မျက်နှာကို ဖြည်းလေးစွာ လှည့်လိုက်ရာ မျက်ရည်ရစ်ဝဲဝမ်းပန်း တနည်း မိမိအား စူးစိုက်ကြည့်နေ သည်ကို ကြည့်ရ၍ ဣန္ဒြေမဆည် နိုင်တော့ဘဲ ဆက်၍သာ ငိုတော့ ၏။

‘‘အရီးရယ် ကျွန်မအကြောင်းက နည်းနည်းကလေးမှ မကောင်းလွန်းလို့ပါ။ ဖုံးနေတာ မဟုတ်ပါဘူး။ စိတ်မချမ်းသာစရာ ကြီးမို့ ပြောလို့မထွက်နိုင်လို့ မ ပြောခဲ့တာပါ။ အရီးလည်း အသိ။ မအေကလည်း မရှိ၊ ဖအေတစ်ခု၊ သမီးတစ်ခု၊ သိပ်သိပ်သည်းသည်း ပိပိရိရိနေလာပြီး အရီး လက်ပံ တန်းက ထွက်သွားပြီး ကျွန်မတို့ အိမ်ကို ဖေဖေ့မိတ်ဆွေတစ် ယောက်ရောက်လာပြီး သူ့သားကို ဒီမြို့က ကျောင်းမှာ ဘော်ဒါထား ဖို့၊ စုံစမ်းဖို့တဲ့ ရောက်လာတယ်။ စုံစမ်းပြီးလို့ ပြန်သွားပြီး မကြာပါ ဘူး။ သူ့သားကို ခေါ်လာပြီး ကျောင်းအပ်တယ်။ ဖေဖေက လည်း မင်း ကျောင်းမှာ ဘော်ဒါ နေပေမယ့် ကိုယ့်မိဘအိမ်လို့ပဲ အောက်မေ့၊ ကိစ္စရှိရင် ဝင်ထွက်၊ အားမနာနဲ့လို့ပြောတယ်။ တနင်္ဂ နွေနေ့တိုင်း အိမ်ကို တစ်အောင့် တစ်အောင့်လာတယ်။ ဒီလိုနဲ့ သိ ကြရာက တနင်္ဂနွေနေ့မှာ သူလာ တော့ ဖေဖေက ခရီးထွက်နေ တယ်။ ကျွန်မလည်း စကားပြော မယ့်လူမရှိလို့ ခဏစကားထိုင် ပြောပြီး ပြန်ပုံမပေါ်တာနဲ့ ကော်ဖီ ဖျော်ခိုင်းမလို့ အိမ်ထဲ ဝင်အလာ မှာ သူက လိုက်လာပြီး အတင်း ချစ်စကား၊ ကြိုက်စကားပြောတာ ပဲ။ ပြောရုံတင်မကဘူး။ အတင်း ရော အဓမ္မရော ဖြစ်လာပြီး အချစ် ဓားပြတိုက်ယူတာပဲ။ ဒီတုန်းက ကျွန်မလည်းလေ ဒေါသလည်း ထွက်၊ အရှက်လည်းငဲ့ပြီး မအော် ရဲမဟစ်ရဲ ခံပြင်းလွန်းလို့ အတင်း နှင်ချလိုက်တာပဲ။ ဖေဖေပြန်လာ တော့ အသာ ဣန္ဒြေမပျက်နေ လိုက်ရတယ်။ သူလည်း သုံးပတ် လောက်မလာပါဘူး။ ဖေဖေက ကိစ္စတစ်ခုရှိလို့ သူ့ကို ခေါ်ခိုင်းပြန် တော့ ဒီကတည်းက ဝင်ပြန်ထွက် ပြန်တယ်။ ဖေဖေ့အလစ်လည်း အတင်းတောင်းပန်တာနဲ့ ကြာ တော့ ကျွန်မလည်း မထူးဘူးဆိုပြီး မေတ္တာလက်ခံရတော့တာပဲ။ တိတ်တိတ်ပုန်း ဖေဖေမသိအောင် နေရာက ဖေဖေက တစ်မြို့ကို ပြောင်းရပါရော။ ဒီအချိန်မှာ သူ လည်း စာမေးပွဲဖြေပြီးလို့ ပြန် တော့မလို့။ တစ်ညတော့ ချိန်း တွေ့ကြပြီး သူက အင်မတန် ချစ် မြတ်နိုးလို့ မခွဲနိုင်တဲ့အကြောင်း၊ မပူဖို့အကြောင်း၊ ကောလိပ်ဆက် နေရင်လည်း မကြာမကြာ စာပေး မယ်၊ လာမယ်နဲ့ ပြောတာပေါ့ လေ။ လူချင်းလည်း ဒီကတည်းက ခွဲကြတယ်ဆိုပါစို့။

ကျွန်မတို့ ပြောင်းသွားပြီး မကြာခင်ပဲ အဲဒီမြို့မှာ ကျွန်မ ကိုယ်လက်မအီမသာဖြစ်လာ တော့ စိတ်ပူပြီး သူ့ဆီစာရေး၊ သူ ကလည်း ကောလိပ်မှာ၊ လာခေါ်ပါဆိုလည်း ရက်ချိန်းသာပေးပြီး မ လာဘူး။ ကျွန်မလည်း ကိစ္စများပြီ ဆိုပြီး ကျိတ်လို့သာ ငိုမိတာပဲ။ ဖေဖေ့လည်း မပြောဝံ့ဘူး။ ဖေဖေ ကလည်း အဲဒီမြို့ရောက်တော့ အ ပေါင်းအသင်းတွေနဲ့ ပျက်စီးပြီး သောက်လိုက်တာ လွန်ရော။ နဂို က ဒေါသကြီးကြီး၊ သောက်တော့ ပြောစရာမရှိဘူး။ ဒါနဲ့ အရီးရယ်၊ တိုတိုပဲ ပြောကြပါစို့၊ နှစ်လ လောက်ကြာတော့ အိမ်က ထွက် ပြေးပြီး စစ်ကိုင်းက ဖွားသီလဆရာကြီးဆီမှာ ပုန်းနေရတယ်။ ဖေဖေ့ကိုလည်း စစ်ကိုင်းမှာလို့ အ ကြောင်းမကြားဝံ့ဘူး။ ဒေါသဖြစ် ပြီး လိုက်မရှာအောင် ယောက်ျား နောက် လိုက်သွားသလို ရေးခဲ့ရ တယ်။ စစ်ကိုင်းကနေပြီး ကျောင်း ကို စာထည့်လည်း စာမေးပွဲပြီးလို့ ဘယ်လမှ၊ ဘယ်ရက်မှ လာမယ် နဲ့ ရေးပြီး နောက်တော့ စာကို အ ရှင်းမပြန်ပါဘူး။ လိုက်ဖို့ရာက လည်း အခက်နဲ့၊ ဒုက္ခရောက် လိုက်တာ အရီးရယ်၊ ဒါနဲ့ပဲ သမီး လေးကို မျက်နှာမြင်ခါနီးကျတော့ ဆရာကြီးက ငါလည်း နားမလည် ဘူး၊ ငါ့ညီမအိမ်မှာ သွားမြင်ပါ ပြောတာနဲ့ သူ့ညီမအိမ်သွားရ တယ်။ ဟိုကလည်း မုဆိုးမ၊ အနှိပ်သည်၊ ဆင်းရဲလိုက်တာ ချာလို့။ ကျွန်မ ပါလာတဲ့ ဟာကလေးတွေ ထုခွဲပြီး စောင့်ရှောက်ခိုင်းရတယ်။ တစ်ခါတလေလည်း ဒီကလေး များ အဖတ်မတင်ရင် ကောင်းမှာ ပဲလို့ သူ့ကို ပြောမိတယ်။ သူကလည်း စောစောကသာ သူသိရင် ဖျက်ပေးပါရဲ့ လို့ ပြောသပေါ့ လေ။ တစ်နေ့တော့ ညနေမှောင် ခါနီးမှာ ကလေးကို မျက်နှာမြင် တာပါပဲ။ မိုးတွေကလည်း ရွာ လိုက်တာ မပြောနဲ့တော့။ ဖွား တော့ကာ ကလေးက မလှုပ်ဘူး။ အသေကလေးတဲ့။ အသေက လေးလည်း ပြောလို့ ဝမ်းလည်း သာ၊ ဝမ်းလည်းနည်း ကျွန်မဖြစ် နေလိုက်တာ၊ နေ့ကူးအောင်မ ထားကောင်းဘူးဆိုပြီး နေဝင်ရီတ ရောမှ ဒီအဘွားကြီးပဲ သွားမြှုပ် တယ်။ ကျွန်မလည်း ကျန်းမာ အောင် မနည်းကြိုးစားပြီး ဖေဖေ့ ဆီ လက်ခံဖို့၊ လင်မရှိတော့လို့လို့ စာရေးတယ်။ တော်တော်နဲ့စာမ ပြန်ဘူး။ နောက်မှ လာခဲ့ဆိုလို့ ငွေ ပို့လိုက်လို့ ပြန်ရတယ်။ အိမ်ကို ပြန်ရောက်တဲ့နေ့က ဖေဖေမရှိ ဘူး။ ကိုမြတ်ထွန်းမင်္ဂလာဆောင် သုံးဆယ်ကို သွားနေတယ်လို့ ခိုင်း တဲ့လူတွေက ဆီးပြောတော့ ကျွန် မဆိုတာ ကြက်သေကြီးသေသွား တာပါပဲ။ သြော်…ဖေဖေ သမက် မင်္ဂလာဆောင်သွားတယ်။ ဘာမှ မသိရှာဘူးလို့ အောက်မေ့ပြီး သင်း … ဒါကြောင့် ငါ့ဆီမလာတာ၊ အင်မတန် ရက်စက်တဲ့ ယောက်ျား၊ ယုတ်မာတဲ့ယောက်ျားနဲ့ စိတ်ဆိုး လိုက်၊ ဝမ်းနည်းလိုက်ပေါ့။ ဖေဖေပြန်လာတော့ တော်တော်နဲ့စကား မပြောဘူး အရီးရဲ့။ စိတ်ကလည်း လေ တစ်နေ့မှ မကောင်းပါဘူး။ နှစ်တွေသာ ကုန်ရော အဖြစ်ကြီး က အစွန်းထင်ပြီးသား။ မေ့လို့ လည်း မရနိုင်ဘူး။ ဒီနောက် ဖေ ဖေက ဗြုန်းခနဲ ဆုံးပြန်ပါရော။ ရှိတာကလေး ထုခွဲပြီး အသိတစ် ယောက်နဲ့ ဈေးထွက်၊ နောက် ဆိုင်ပြုတ်၊ ဘာမှလည်း မလုပ်တတ်၊ စိတ်လေလေရှိတာနဲ့ စစ်ကိုင်းကို သွားတာ အရီးရဲ့’’

‘‘နို့…ဒီအမာလေးက နောက် တစ်ယောက်နဲ့ ရပြန်တာလား’’ဟု အရီးလှက သိချင်ဇောနှင့် က သောကမျော မေးလေ၏။

‘‘မဟုတ်ဘူး အရီးလှရဲ့ မဟုတ်ဘူး။ စစ်ကိုင်းရောက်တော့ ဆရာကြီးဆီမှာ ခဏနေတုန်း သူ့ ညီမ ဟိုအဘွားကြီး တစ်နေ့လာ ရော။ ကျွန်မမြင်တယ်ဆိုရင်ပဲ ပြူးတူးပြဲတဲနဲ့ ညည်း ငါ့ဆီလိုက် လာသလား၊ ဘယ်သူပြောသလဲ၊ ဘယ်က ကြားသလဲနဲ့ လုပ်ရော။ ဟင့်အင်း…ဘယ်နှာပါလိမ့်၊ ထူး ဆန်းပါတယ်လို့ အောက်မေ့ပြီး သူ့စကားသိချင်တာနဲ့ ပြောပါကြီးတော်…ကျွန်မကို မထိမ်ချန်ပါနဲ့၊ ပြောပါလို့ အောက်လိုက်တော့ အရီးလှရယ်၊ လား…လား…ကလေးက မသေဘူး။ သုသာန် မှာ မြှုပ်မလို့လုပ်တုန်း အသက်ရှင် လာတော့ သူလည်း ကြံရာမရဖြစ် နေတုန်း မသာတစ်ခုကို လိုက်ပို့ တဲ့လူတွေထဲက အခုကလေးမွေး တဲ့လူက ကလေးငိုသံကြားတယ် လို့ ကြည့်တော့ သူ့ကိုတွေ့လို့ အ ကျိုးအကြောင်းမေးသတဲ့။ သူက လည်း ကျွန်မလည်း ဒီကလေးအဖေ မဖော်နိုင်တဲ့အတူ သူလည်း ငွေလေးဘာလေးသုံးချင်တာနဲ့… တဲ့ ဒီကလေး သေတယ်မှတ်လို့ ယူလာတာ၊ မသေဘူး။ မအေ လည်းဆုံးပြီ။ ဆွေမျိုးလည်း မရှိ ဘူး။ ကျုပ်ကို အသေရယ်လို့ မြှုပ် ခိုင်းတာ။ ရှင်လည်း ကလေးရူးနေ တာ ရှင့်ကံပဲ။ ရှင်မွေးချင်ရင် ယူ လို့ပြောတော့ လူကြီးက ဝမ်းသာ အားရ ပိုက်ဆံလေးအနည်းအ ကျဉ်းပေးပြီးယူသွားသတဲ့။ ကျွန်မ လည်း ဖြစ်ရလေခြင်းလို့ နှမြော ဝမ်းနည်းလိုက်တာ မပြောနဲ့ တော့။ အမည်၊ နေရပ်စုံစမ်းတော့ ကာ အခု ဒီမြို့ကို ပြောင်းနေကြ တဲ့အကြောင်း၊ သူ တစ်ခါသွားလို့ ငွေ ၂၅ ကျပ်ပေးပြီး နောက်ဘယ် တော့မှ မလာဖို့ ပြောတဲ့အ ကြောင်း၊ ကလေးကလည်း ကြီး လို့ ကျောင်းတောင်နေပြီ။ အမာ လေးလို့ နာမည်ပေးသတဲ့…နဲ့။ တသီတတန်းကြီးလျှောက်ပြော တာပဲ။ ကျွန်မလည်း စိတ်မ ကောင်းလွန်းလို့ နေ့ချင်းပဲ ပြန်လာ တာပဲ။ ဒီမိန်းမကြီးလည်း ဆုံးတယ်ကြားရတာပဲ။ ပြန်ရောက်လည်း လေ အခြေအနေမရှိတော့ ဆေး လိပ် ဝင်လိပ်ရတယ်။ အို…က လေးပဲ မြင်ယောင်ပြီးနေတာ။ ငါ့ သမီးကလေး ဘယ်လိုမှ နေမလဲ၊ ဘယ်သူနဲ့ တူပါလိမ့်နဲ့ မြင်ချင် လိုက်တာ မပြောနဲ့တော့ မြင်ချင် လိုက်တာ၊ ကြာတော့ မမြင်ရမနေ နိုင်ကို ဖြစ်လာတော့ ဒီကို လာခဲ့ တာပဲ။ ဒီမြို့ကို ရောက်တော့ ကျောင်းလွှတ်ချိန်မို့ ကျောင်းရှာပြီးတန်းသွားတာ။ ဝင်လည်းမမေးရဲ နဲ့ ကျောင်းရှေ့မှာ ရစ်ဝဲရစ်ဝဲလုပ် နေတုန်း အရီးလှနဲ့ တွေ့တာပါပဲ’’

မိမိပြောလိုတာတွေ တသီ တတန်းကြီး လျှောက်ပြောနေ၍ အရီးလှကိုကား ဂရုမစိုက်မိ။ ပြောပြီးမှ အရီးလှကို ကြည့်မိရာ မျက် ရည်တွေ တွေတွေ ကျနေသည်ကို တွေ့ရရာ မိမိပါ မချုပ်တည်းနိုင် တော့ဘဲ အားရပါးရ ငိုမိပြန်လေ တော့သည်။

‘‘အေး…အေး ကံတရားပဲ ထားတော့၊ ညည်းတယ်မှ မဟုတ် ဘဲ၊ ယုတ်မာတဲ့ ယောက်ျားတွေ အပုံကြီးပဲ၊ ညည်းလိုခံရတာတွေ လည်း အပုံကြီးပဲ၊ ဒီလိုလူမျိုးတွေ များလွန်းလို့ အခုကာလ သိပ် ကြောက်ရတာ။ ယောက်ျား… ယောက်ျား…သူတို့သာ အသာကြီးပဲ။ မအေ၊ နှမတွေ ရှောင်ကြသေးလို့သာ သူတို့ကို မြင့်မြတ် တယ်ဆိုရသေးတာပါ။ တရားနဲ့ ဖြေပေတော့။ ညည်းက အမေပါ လို့ ပြောဦး။ ကလေးမိဘက ရှိ သေးတယ်။ ခက်သားလား။ ပြီး ဟိုဟာက အူဝဲဆိုကတည်းက မွေးရတာ။ ညည်းက မွေးအမေ၊ ဟိုက ကျွေးအမေ ဖြစ်ပြီကပဲ။ မေ့လိုက် ပါ သမီးရယ်၊ မတွေ့ပါနဲ့၊ မတွေ့ ချင်ပါနဲ့တော့’’

‘‘ကျွန်မကော မေးသေးသ လား’’

‘‘မေးတယ် မေးတယ်၊ အ ဘွားနဲ့ပါလာတဲ့ မိန်းမကြီးလေ။ အမာလေးကို ကြည့်ပြီး ငိုနေတဲ့ မိန်းမကြီးကော မလာဘူးလားလို့ မေးတယ်။ ငါလည်း သူ့မိဘကြား ရင် ငါနဲ့တောင် တွေ့ခွင့်ပေးမယ် မဟုတ်လို့ အဲဒီမိန်းမကြီးက စိတ် နောက်နေတယ်။ အဘွားသမီးလို့ ပြောရသေးတယ်’’

ဝင်းမေက ဆင့်ကဲ ဆင့်ကဲ ရှိုက်ကာ …

‘‘ဒီလိုပြောမှ ကောင်းမယ် အရီးရဲ့’’

ဟု မချိတင်ကဲ့ ပြောရှာလေ ၏။

ထိုနေ့ညကား အရီးလှလည်း အရီးလှအတွေးနှင့်၊ ဝင်းမေလည်း ဝင်းမေအတွေးနှင့် မအိပ်နိုင်ကြ။ နောက်ကြောင်းတွေ ပြန်ပြောင်း ကာ ထင်ယောင်မြင်ယောင် ဆွေး ပူနေသော ဝင်းမေအား ‘‘အိပ်လေ၊ အိပ်ပါ သမီး’’ ဟူ၍မှ တစ်ပါး ဘာမှ အားမပေးနိုင်။ သမီးကိုချစ်၍ မအေအဖြစ် မပြောနိုင်သော ဝင်း မေပြဿနာကို လူးရင်းလှိမ့်ရင်း၊ စဉ်းစားရင်း မော၍ နေလေ၏။

ဝင်းမေလည်း လူးရင်းလှိမ့် ရင်း အားရအောင် ငိုရင်းက တစ် ဖက်မှ အိပ်ရာခြင်ထောင်ကို အ သာမ၍…

‘‘အရီးလှ…အရီးလှ’’

ဟု နှိုးလေရာ

‘‘ဘာတုံး… ဝင်းမေ … ဘာတုံး’’ဟု ပျာပျာသလဲ ထထိုင် ၍ မေးရာ…

‘‘မနက်လေ မနက် ကျွန်မ သမီးလေး မင်းသမီးကလေးလို ဝတ်ထားတာ ကျွန်မသွားကြည့် မယ်။ ဘယ်အချိန်လဲ အရီးရဲ့။ သူလေးဘယ်လောက်လှလဲဆို တာ သွားကြည့်မယ်။ ဒီတစ်ခါပဲ အရီးရဲ့ ဒီတစ်ခါပဲ၊ နောက်ကို ဘယ်တော့မှ မတွေ့ဘူး။ ကျွန်မ သိပ်ကြည့်ချင်တာပဲ။ အချိန်ကို ပြောပါ အရီးရယ်၊ ပြောပါ’’ဟု လက်ကို လှုပ်၍ အထပ်ထပ်မေး လေသဖြင့် မပြောချင်ပြောချင်နှင့် ‘‘နေ့ တစ်ချက်တီး’’ဟု ပါးစပ်မှ မြည်ထွက်လိုက်ရလေ၏။

---

နေကား ချစ်ချစ်တောက် အောင် ပူပြင်းလှ၏။ အထက်က ပူ၊ အောက်က ပူ၍ တစ်ကိုယ်လုံး နေလှန်းထားသလို ပူပြင်းလှရာ အရှင်လတ်လတ် ငရဲအိုးထဲ ဆင်း ရသကဲ့သို့ မှတ်ထင်ကာ ခြေလှမ်း ကို မြန်သထက်မြန်အောင် ကြိုး စား၍ ဘူတာရုံဘက်ဆီသို့ လှမ်း နေရလေ၏။ တစ်ချက်တစ်ချက် ဘူတာရုံဘက်ဆီမှ သဲ့သဲ့မျှ ကြား လိုက်သော စည်တော်သံကြီးမှာ နားမှ ဝင်၍ ဘဝင်ကို သွားရိုက် သဖြင့် ဝမ်းနည်းသလို၊ ငိုချင်သလို ကတုန်ကယင်ကြီး ဖြစ်စေလေ၏။ ‘‘ငါ့သမီးလေး လှလိုက်မယ့် ဖြစ် ခြင်း၊ ချစ်စရာကောင်းလိုက်မယ့် ဖြစ်ခြင်း’’ဟု ပါးစပ်မှ ရေရွတ်ကာ လျှောက်ခဲ့ရာ လျှောက်ရင်း လျှောက်ရင်း တုန်တုန်ယင်ယင် ကြီး ဖြစ်နေလေ၏။

ကြီးမားသောလူထုကြီးကား ဘူတာရုံဝင်းထဲ၊ ဝင်းပြင်တွင် အ အုပ်လိုက်၊ အစုလိုက် စုဝေး၍ နေ ကြလေ၏။ သပြေညို နှစ်ဖက်ထိုး ၍ တဟည်းဟည်း ထုရိုက်တီးခတ် နေသော စည်တော်သံမှာ နီးလေ လေ ရင်ခုန်လေ ရင်တုန်လေ လေ…။

ဟိုတစ်စု၊ ဒီတစ်စုမဟုတ်ဘဲ အစုလိုက်အအုပ်လိုက် စုဝေးပြုံ ထပ်နေသဖြင့် သမီးကို ကျကျနန မြင်နိုင်မည့်နေရာကို ရှာရသော ဝင်းမေမှာ ဝိုင်းကြီးပတ်ပတ်ဖြစ် နေပြီး ချွေးသီးချွေးပေါက်ကြီးသာ ကျ၍ တစ်လက်မကလေးမျှ အ ပေါက်အကြားမရှိသဖြင့် နေရာ ကားမရနိုင်။ နေကပူ လူတွေက များ၍ ငြီးစော်နံလာပြီး နဂိုက တည်းက အားက မရှိသည့်ပြင် မိမိကိုယ်ပေါ်သို့ လူတစ်ကိုယ်လုံး တွဲလဲခိုထားသကဲ့သို့ လေးလံထိုင်း မှိုင်း ပင်ပန်းမောဟိုက်လှသဖြင့် အနီးရှိ သစ်ပင်ရိပ်အောက်တွင် ခေတ္တထိုင်လိုက်ရာတွင်…

‘‘ဆိုက်ပြီဟေ့…ဆိုက်ပြီ’’ဟု လူထုကြီး၏ပါးစပ်ပေါက်များမှ ဝေါခနဲ တစ်ပြိုင်နက်ထွက်လာ သော အသံကြောင့် အမောမျှ မဖြေနိုင်တော့ဘဲ မတွေ့လိုက်ရ မှာ စိုးရိမ်လှ၍ ရှိသမျှအားကလေး နှင့် တအားကုန် တိုးဝှေ့ရာ ပရိ သတ်ကား မရွေ့၊ မိမိမှာသာ ဟောဟဲ…ဟောဟဲဖြစ်ကာ နေ လေ၏။

နောက်ဆုံး၌ ကြံရာမရာဖြစ် ကာ ပရိသတ်လည်း မမြင်နိုင်၊ အ ရှက်ကိုလည်း သတိမရနိုင်တော့ ဘဲ သမီးသာ မြင်လိုလှသည့်ဇော က စောစောက ခြေရင်းတွင် ထိုင် ၍ အမောဖြေသော သစ်ပင်ခွကြား ပေါ်သို့ မတင်ကာ သွားလေ၏။

မိမိသမီးကလေးမှာ စည်းပုံ၊ ထိုင်မသိမ်း၊ ထဘီကလေးနှင့် လှ ရသည့်အထဲတွင် စိန်ရွှေအရောင် တွေက တစ်ကိုယ်လုံးကို မီးထိုး၍ ပြသယောင်၊ တဖိတ်ဖိတ်တဝင်း ဝင်းတောက်နေသဖြင့် နတ်သမီး ကလေးကဲ့သို့ မှတ်ထင်မိလေ၏။

အဖေ၊ အမေအခေါ်ခံသော လင်မယားနှစ်ဦးမှာလည်း ပုဆိုး တမမ၊ ပဝါတလွင့်လွင့်နှင့် သမီး ကို မျှော်နေသော ဝင်းမေအား ရှက်ပါတယ်ဟေ့ဟု သရော်သကဲ့ သို့ ဖြစ်နေ၍ ဝင်းမေ၏စိတ်တွင် ကြိတ်မနိုင်ခဲမရ၊ သူ့ကိုယ်စား နေ ရာရကြလေခြင်းဟု မနည်းကြီး ဝမ်းနည်းမိလေ၏။ မိမိသမီးက လေးအား ပြေး၍ ဖက်နမ်းချင် လောက်အောင် အားမလိုအားမရ ရင်တစ်ပြင်လုံး ချစ်စိတ်တွေ ပြည့် လျှမ်းကာ ရှုမဝဖြစ်နေသဖြင့် တွဲ ဖြူမှ ကြွဆင်းလာသော ဝန်ကြီး ချုပ်မင်းနှင့် ဝန်ကတော်တို့ကိုပင် မမြင်။

သမီးလက်မှ ပန်းစည်းကို ပြုံးကာ ရယ်ကာယူလိုက်မှ ဝန်ကြီး ချုပ်ကို မြင်လိုက်ရာ ‘‘အောင်မ လေး…ကိုမြတ်ထွန်း…ဘုရားရေ…သမီး…သမီးအဖေလေ…အလိုလေး…အောင်မလေးလေး …မကြည့်ဝံ့ပါကလား’’ဟု အသည်း ဆိုင် နှလုံးခိုင်မှ ဖျစ်ညှစ်မြည်တမ်း ရင်း မျက်နှာကို လက်နှင့်အုပ် လိုက်ရာ မည်သို့ ဖြစ်သည်မသိ…။

---

ဝန်ကြီးချုပ်မင်းကြိုဆိုပွဲတွင် ကြက်ပျံမကျ စည်ကားကြောင်း၊ အချို့မှာ နေရာမရ၍ သစ်ပင်ပေါ် က ကြည့်ရရာ အမည်မသိ အသက်(၃၀)ကျော်လောက်ရှိသော မိန်းမတစ်ယောက် သစ်ပင်ပေါ်မှ လိမ့်ကျ၍ အရှိုက်ကို ခိုက်မိလေသရောမသိ၊ ပွဲချင်းပြီးသေဆုံးနေ လေ၍ အလောင်းကို ဆေးရုံကို ပို့လိုက်ရကြောင်း…

ဟု ဝန်ကြီးချုပ်ကြိုဆိုပွဲအ ခမ်းအနားသတင်း ဖော်ပြပါရှိ သော သတင်းစာကို ဝန်ကြီးချုပ် မင်းနှင့် ဝန်ကတော်ပါ ပြုံးပြုံး ပြုံးပြုံးနှင့် ဖတ်နေကြလေတော့ သတည်း။

#ဂျာနယ်ကျော်မမလေး 
#မသိရလေခြင်း 

#shared_by_louis_augustine

Comments