မြူဆိုင်းတဲ့ နွေတိုင်းမှာ // ငြိမ်းကျော်
မြူဆိုင်းတဲ့ နွေတိုင်းမှာ // ငြိမ်းကျော်
(ဒဂုန်မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၁၊ ဇန်နဝါရီလ၊ ၁၉၈၅)
(၁)
မေလွင်တို့ ဘင်တန်ဟောလ်တွင် အငြိမ့်ရှိသည့်နေ့က ကျွန်တော် မေတ္တာစာ ပေးခဲ့သည်။ ခြောက်လလောက်နေမှ မေလွင်က အဖြေပေးသည်။ ဥပစာအထက်တန်း ရောက်သည့်နှစ်တွင် မေလွင်က ကျွန်တော့်ကို ပြောသည်။ ကျောင်းအသင်းအဖွဲ့တွေထဲတွင် မပါရန်၊ စာကြိုးစားရန်၊ အင်ဂျင်နီယာဘွဲ့ရပြီးသောအခါ ဘိလပ်သို့ ပညာတော်သင်သွားရေးအတွက် သူ၏မိဘတွေထံ အကူအညီတောင်းရန်တို့ ပြောပြသည်။ ကျွန်တော် ခေါင်းကိုသာ ညိတ်ခဲ့သည်။ မေလွင်က…
“ မောင် ကဗျာရေး၊ စာရေးတာကိုတော့ မေလွင့်အိမ်က မကြိုက်ကြဘူး ”
“ ဘာဖြစ်လို့လဲ မေလွင် ”
“ မောင် သတင်းစာဆရာ၊ မဂ္ဂဇင်းအယ်ဒီတာအလုပ်တွေ ဘာတွေ လုပ်မှာစိုးလို့ ”
ကျွန်တော် စာဖတ်ဝါသနာပါသည်ကို မေလွင်သိသည်။ ဂန္ထလောက၊ အိုးဝေ၊ တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းနှင့် ဒဂုန်မဂ္ဂဇင်းတွေထဲတွင် ၀တ္ထုတို၊ ဆောင်းပါးအနည်းအကျဉ်း ကျွန်တော်ရေးသည်။ ဒဂုန်မဂ္ဂဇင်း၏ တက္ကသိုလ်ကဏ္ဍတွင် သုံးလေးပုဒ် ရေးဖူးသည်။ ကျွန်တော့်၀တ္ထုဆောင်းပါးတွေကြောင့် လူသိများလာသည်။ ဒဂုန်မဂ္ဂဇင်းတိုက်တွင် ဆုံဖူးသော စာရေးဆရာကြီးတွေက ချီးကျူးအားပေးကြသည်။ စာရေးဆရာ၊ အယ်ဒီတာအလုပ်ကို သဘောကျလာသည်။ ထိုအကြောင်းကို ကျွန်တော်သည် မေလွင့်ကို ပြောပြခဲ့သည်။
(၂)
‘ ခွာညိုပွင့်တွေ တဝေ၀နဲ့ ’ ၀တ္ထုတိုသည် ပထမဦးဆုံး စရေးလိုက်သော အချစ်၀တ္ထု။ ထို၀တ္ထုထဲက မင်းသမီးသည် လွင်လွင်။ လွင်လွင်သည် မေလွင့်ကိုရည်စူးပြီး ရေးဖွဲ့ထားသောမင်းသမီး။ ဇာတ်လိုက်မင်းသား ခင်ဇော်သည် ကျွန်တော်။ ချစ်ခန်းကြိုက်ခန်းကို မောင်နှင့်နှမ၊ သားနှင့်အမိ ဖတ်၍ရအောင် ကျွန်တော် ရေးသားထားသည်။ ၀တ္ထုစာအုပ်တချို့တွင် ညစ်ညစ်ညမ်းညမ်းရေးဖွဲ့ပုံမျိုး ကျွန်တော်မရေး။ ချစ်သူတိုင်း တီတီတာတာ ပြောကြပုံကို မကလက်အောင် ရေးသည်။ ဘ၀ကိစ္စ ဂုဏ်ရည်မတူသဖြင့် ရှေ့ရေးမကောင်းနိုင်ပုံကို စိုးရိမ်သောကိစ္စတွေ ပြောဆိုကြသည်။ မင်းသမီးက မိဘစကားကို နားထောင် သွားသောကြောင့် မင်းသားကျန်ရစ်ဖြစ်ရပုံတွေ ရေးထားသည်။ မင်းသား လွမ်းဆွတ်ကြေကွဲပြီး ဇာတ်သိမ်းခဲ့သည်။
“ မောင့်၀တ္ထုကလည်း နိမိတ်မရှိ၊ နမာမရှိ ”
မေလွင် နှစ်သက်ပုံမရပေ။
“ ၀တ္ထုပဲ မေလွင်၊ ဖတ်လို့ကောင်းလား ”
“ ကောင်းတော့ ကောင်းပါတယ် ”
“ စိတ် စနောင့်စနင်း မဖြစ်ပါနဲ့ မေလွင်ရယ်။ ဖူးစာမှန်ရင် ပေါင်းရမှာပေါ့
“ မောင့်ကို ဒီက မေတ္တာဘယ်လောက်ရှိတယ်ဆိုတာ မောင်သိသလား ”
“ သိတာပေါ့ ”
မေလွင်၏မျက်နှာသည် ဖိုးလမင်းထက်ပင် လင်းထိန်သွားသည်ဟု ကျွန်တော့်စိတ်မှာ ထင်သည်။
(၃)
အညာမှာနေသည့် ကျွန်တော့်မိဘထံမှ ငွေပို့လိုက်သည့်နေ့က ကျွန်တော်နှင့် မေလွင်တို့ ရုပ်ရှင်ကြည့်ကြသည်။ ရုပ်ရှင်ကြည့်ပြီး မဂိုလမ်းတွင် ဆိတ်သားပလာတာ စားသည်။ ထို့နောက် ဖာလူဒါ သောက်ကြသည်။ ထိုနေ့က မေလွင်က ကျွန်တော့်အတွက် အမှတ်တရ လက်ဆောင်ပစ္စည်းပေးသည်။ ပတ်ကားဖောင်တိန်၊ ရွှေရောင်မြား။ “ မောင်စာရေးဖို့၊ မေလွင့်ကိုစောင်းပြီး ရေးတဲ့၀တ္ထုရေးဖို့ ” ဟု ပြောသည်။ အချိန်ကာလတို့သည် လျင်မြန်သောအဟုန်ဖြင့် ကုန်လွန်လာသည်။
ဘီအေအောက်တန်း အောင်သည့်နှစ်တွင် တိုင်းရေးပြည်ရေး မငြိမ်မသက် ဖြစ်လာ၏။ ရေနံမြေအလုပ်သမားတွေ ရန်ကုန်သို့ ဆင်းလာသည်။ ကျောင်းသားတွေ စာရေး စာချီတွေကအစ နိုင်ငံရေးနိုးကြားလာကြသည်။ အမျိုးသားရေး၊ တိုင်းပြည်အရေးနှင့် စပ်လျဉ်း၍ သူရိယသတင်းစာတွင် ဆောင်းပါးတွေ ကျွန်တော်ရေးသည်။ အင်္ဂလိပ်အစိုးရက ကျွန်တော့်နောက်သို့ စီအိုင်ဒီ စုံထောက်တွေ လိုက်လံစေခဲ့သည်။
ထိုအချိန်တွင် မေလွင့်ထံ ကျွန်တော်သွား၍ တွေ့သည်။ မေလွင်သည် လက်ခံစကားမပြောရဲဟု ကျွန်တော် သိနေသည်။ “ မေမေတို့က မောင်နဲ့အဆက်အသွယ် လုပ်တာကို မကြိုက်ကြဘူး ” ဟု ဖွင့်ဟပြောသည်။
(၄)
စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရသည်။ မိမိ၏ ချစ်သောသူ တစ်ယောက်လုံးက မလာစေလိုသောစကားကို စိမ်းစိမ်းကားကား ပြောရက်ပါပေ့ဟု ကျွန်တော်တနုံ့နုံ့ဖြစ်ရလေသည်။ သူငယ်ချင်းတွေထဲက အရင်းနှီးဆုံး သုံးလေးယောက်က “ ချင်းစိမ်းနဲ့ မိဿလင်ပဲ ကိုခင်မောင်လတ်ရယ် ” ဟု ဆိုကြသည်။ ‘ အလွမ်းလာ အနာနှင့်ဆို့ ’ ဟူသော စကားပုံအတိုင်း ကျင့်သုံးကြည့်ပါသော်လည်း ကျွန်တော့်မှာ မစားနိုင်၊ မအိပ်နိုင် မှိုင်တွေချ၍ နေခဲ့ရလေသည်။ သို့သော်လည်း ‘ တိုင်းပြည်အရေး ပေါက်နှင့်ကျေး ’ ဆိုသည့်အတိုင်း အခြေအနေတွေ ပေါ်ပေါက်လာရကား မေလွင်သည် ကျွန်တော့်ကို အမြဲတစေ မအောက်မေ့စေနိုင်အားတော့။
“ သမဂ္ဂက ကိုအောင်ဆန်းတို့လူစု ဗမာပြည်က ပျောက်သွားပြီ။ အင်္ဂလိပ်စုံထောက်တွေက ဘယ်သူ့အိမ်ကို ဝိုင်းတယ်၊ ဘယ်သူ့ကိုဖြင့် ဖမ်းသွားပြီ ” အစရှိသော သတင်းတွေက တီးတိုးတီးတိုး ဖြစ်လာ၏။ ကမ္ဘာစစ်ကြီး၏ အရိပ်အရောင်သည် ကမ္ဘာ့ကောင်းကင်တွင် ညို့လာလေသည်။ ဂျာမနီ၊ ဂျပန်၊ အီတလီ၊ အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ ရုရှားနိုင်ငံ တို့၏ ကြေးနန်းသတင်းတွေက နေ့သတင်းစာ၊ ညနေသတင်းစာတိုင်းတွင် အပြည့်ဖြစ်လာ၏။
ဘီအေအေ ဘောလုံးကွင်းထဲသို့ ဗမာ့တပ်မတော် ၀င်လာပြီးနောက် တစ်ပတ်အကြာတွင် မေလွင်တို့ လက်ထပ်သတင်းကို ကျွန်တော် ကြားလိုက်ရသည်။ ထိုအချိန်တွင် ကျွန်တော်သည် လူသိထင်ရှားသော သတင်းစာဆရာ၊ ၀တ္ထုရေးဆရာ။ မေလွင် လက်ထပ်လိုက်သောသူသည် မြို့ပိုင်တစ်ယောက်ဟု သိရသည်။
မေလွင့်ကို မျှော်လင့်စောင့်စားသောစိတ်သည် မင်ပြယ်သကဲ့သို့ ဖြစ်သွားလေ၏။
(၅)
တပ်မတော်ထဲတွင် မင်္ဂလာဒုံဗိုလ်သင်တန်း ပထမပတ်မှစ၍ အမှုထမ်းချိန်၌ တာ၀န်တွေကြောင့် စာမရေးနိုင်ခဲ့။ ရှေ့နှစ်တော့ စာပြန်ရေးမယ်ဟု အားခဲသော်လည်း မရေးဖြစ်ခဲ့။ လွတ်လပ်ရေးရပြီး နှစ်နှစ်အကြာတွင် အညာရှိမိဘဆွေမျိုးတွေက ပေးစားသော မိန်းကလေးကို ကျွန်တော်လက်ထပ်ခဲ့သည်။ အိမ်ထောင့်တာ၀န်တွေ၊ အလုပ်တာ၀န်တွေကြောင့် စာရေးမည်ကြံသော်လည်း အထမမြောက်ခဲ့ပေ။ မြ၀တီမဂ္ဂဇင်းတွင် ထွက်စတစ်နှစ်၊ နှစ်နှစ်တွင် ဆောင်းပါးသုံးလေးစောင် ရေးခဲ့သည်မှအပ မရေးနိုင်ခဲ့။ တပ်မှ အငြိမ်းစားယူပြီးသောအခါ ရေးမည်ဟု ပြောသာပြောခဲ့၏။ စာတစ်လုံး ဖြစ်မလာ။ အငယ်ဆုံးသမီးက မွေးသောမြေးကို ထိန်းရသောအလုပ်တစ်ခု ထပ်မံတိုးပင် တိုးလာသေး၏။ သမီးတွေငယ်စဉ်က ငယ်စဉ်မို့၊ ယခုသော် အင်ဂျင်နီယာ ဖြစ်သူဖြစ်၊ ဆရာ၀န်ဖြစ်သူဖြစ်၊ ပါရဂူဘွဲ့ရသူပင်ရ၊ သို့သော် စာနှင့်ပေနှင့် ဝေးသည်ထက် ဝေးခဲ့ရချေပြီ။
“ ကိုခင်မောင်လတ်၊ ၀တ္ထုပြန်မရေးချင်ဘူးလား ”
ဒဂုန်မဂ္ဂဇင်းမှာ အတူရေးခဲ့သူတွေထဲမှ တစ်ယောက်စ နှစ်ယောက်စနှင့် ပြန်ဆုံသောအခါ မေးကြသည်။ ကျွန်တော်က…
“ ခေတ်က တစ်မျိုးစီဖြစ်ကုန်ပြီ ထင်ပါရဲ့ဗျာ။ ဆောင်းပါးတို့ ဘာတို့တော့ ရေးချင်တဲ့စိတ် ကျန်သေးသဗျ ”
ပြန်တွေးသောအခါ မနေ့တစ်နေ့က။ သို့သော် ကျွန်တော့်အသက် ခုနှစ်ဆယ်ကျော်ခဲ့ပြီ။ ကျွန်တော်တို့ ဒဂုန်တွင်ရေးစဉ်က အသက်တော်တော်လေးကို ငယ်သော ဒဂုန်တာရာတစ်ယောက်သာ စာရေးမပျက်ရှိသည်။ ကိုစန်းငွေတစ်ယောက်ကတော့ သတင်းစာ မဂ္ဂဇင်းတွင် ကြိုကြားကြိုကြား ရေးသည်။ ဒဂုန်မြတ်လေးနွယ်က ပို၍အရေးကျဲသွားပုံရ၏။ အင်း … အချိန်ကာလဆိုတာ ကျားလျှာထက်တောင် အတိုက်စားမြန်ဆန်ပါကလားဟု သံဝေဂရစရာတည်း။
(၆)
“ ကိုကြီးခင်မောင်လတ် … ဆက်ဆက်လာနော် ”
ဟု ခင်မမက ဖိတ်ထား၍ လာရ၏။ ဒူးနာမပျောက်၍ ဟိုဟိုသည်သည် မသွားချင်။ သမက်ဖြစ်သူက ကားမောင်းပို့ပေး၍ ခင်မမတို့ ကထိန်ခင်းရာ ဘုန်းကြီးကျောင်းသို့ ရောက်ရလေ၏။ ခင်မမသည် ကျွန်တော်တို့ ကျောင်းမှထွက်သည့်နှစ်က ရောက်လာသောကျောင်းသူ။ တကောင်းဆောင်တွင် ကျွန်တော်တို့နှင့် တစ်ခန်းတည်းသား၊ ဆင်ပေါင်ဝဲသား အေးကြူ၏ နှမတစ်၀မ်းကွဲ ဖြစ်လေသည်။ ခင်မမသည် မိတ်ဟောင်း ဆွေဟောင်းကို မတွေ့တွေ့အောင် စုံစမ်းရှာဖွေဆက်သွယ်တတ်သူ ဖြစ်သောကြောင့် ဘယ်သူ ဘယ်မှာရှိ မရှိ သိရလေသည်။
တန်ဆောင်းထဲတွင် ဧည့်ပရိသတ် ကျဲပါးလာသောအချိန်တွင် ခင်မမက အမျိုးသမီးကြီးတစ်ဦးကို ကျွန်တော့်ဆီကို ခေါ်လာကာ…
“ ကိုကြီး မှတ်မိလား ”
နေရောင်နှင့်တည့်နေ၍ မျက်မှောင်ချီလက်ဝါးကာပြီး ကြည့်ရ၏။ ခြောက်ဆယ်ကျော်မျှရှိမည်။ သပွတ်သီးကဲ့သို့ ၀ဖိုင့်ဖိုင့်ရှိ၏။ ရွှေကိုင်းမျက်မှန် တပ်ထားသည်။ ဆံပင်တွေဖွေးနေ၏။ မျက်ခွံတွဲတွဲ၊ ပါးမြိုင်းပုံ့ပုံ့၊ မေးစုန့်စုန့်။
“ ကိုခင်မောင်လတ်၊ ကျွန်မ မေလွင်လေ ”
‘ အလိုဘုရား ’ ဟု စိတ်ထဲမှ တမိချေ၏။“ သူ အသက်ထင်ရှား ရှိနေပါသေးကလား ” ဟု တွေးမိ၏။
“ သြော်… ၀မ်းသာစရာပဲ။ ခုဘယ်မှာနေလဲ မေလွင် ”
“ ပါရမီက သမီးအလတ်အိမ်နေတယ်။ ကိုခင်မောင်လတ်ကော ”
“ သမိုင်းဘက်မှာ နေတယ် ”
စကားက တစ်ခဏနှင့် ကုန်သွား၏။ “ အင်း… အံ့သြစရာပဲ။ စစ်အတွင်းက သူ သေလား၊ ရှင်လား၊ ငါသိချင်ခဲ့တယ်။ သတင်းမရလိုက်တာ ခုထိ။ ကြည့်စမ်းပါ့၊ ရာစုနှစ်တစ်၀က်ကာလ ဆိုပါတော့။ ဟိုတုန်းက လှပေ့ချောပေ့ဆိုတဲ့ မေလွင်။ ခုလိုရုပ်ရည်မျိုးကို ဘယ်တုန်းကမှ ငါ ယောင်လို့တောင် မစဉ်းစားမိဖူးပါဘူး ” ဟု ကျွန်တော် တွေးမိသည်။
“ မြေး ဘယ်နှယောက်ရပြီလဲ ”
မေလွင့်အသံသည် မေးရိုက်သံသို့ မကူးသေးသော်လည်း ခိုင်ခိုင်မာမာ မရှိတော့။ ကျွန်တော် ဖြေအပြီးတွင်…
“ ကိုခင်မောင်လတ်ရဲ့ ဇနီးကော ကျန်းကျန်းမာမာပဲလား ”
“ သွေးတိုးနည်းနည်းရှိလို့ ကထိန်လိုက်မလာနိုင်ဘူး၊ မေလွင့်ခင်ပွန်းကော ”
“ သူ သင်္ကန်း၀တ်သွားတာ ဆယ့်ငါးဝါ ရပြီ ”
“ သြော်… ”
ခဏအကြာတွင် အသက်သုံးဆယ်သာသာ လူငယ်ကလေးတစ်ယောက်က မေလွင့်ကို “ အဘွား ပြန်ရအောင် ” ဟု လာခေါ်သည်။ ကျွန်တော့်ကို နှုတ်ဆက်ပြီး ပြန်သွားသည်။ တွေ့စတုန်းက ‘ ခွာညိုပွင့်တွေ တဝေ၀နဲ့ ’ ၀တ္ထုကို မှတ်မိသေးလား မေလွင် ဟု မေးကြည့်မည်ကြံသေးသည်။ မမေးဖြစ်လိုက်။
ထို၀တ္ထုလေးကို ဒဂုန်က ထည့်သောအချိန်က တပို့တွဲ၊ တပေါင်း။ ခွာညိုက ပြာသိုမှာ ပွင့်သောပန်းမျိုး။ အချိန်ကိုက်ခဲ့သော်လည်း ရာသီလွဲခဲ့သည်။ အင်း … နိမိတ်ပါပဲ၊ ဇာတ်ကလည်း မပေါင်းရတဲ့ဇာတ်ဟု ကျွန်တော် ပြန်လည်တွေးတောမိသည်။ နွေအခါသို့ရောက်တိုင်း ကျွန်တော်သတိရတတ်သော မေလွင်နှင့် ပြန်လည်တွေ့ဆုံချိန်၌ သူ့တွင် မြေးဆယ့်တစ်ယောက်၊ ကျွန်တော့်တွင် မြေးရှစ်ယောက်။
(၇)
တန်ဆောင်းမှအဆင်းတွင် ခင်မမကို ကျွန်တော်နှုတ်ဆက်သည်။ ရင်ဖုံးအင်္ကျီတွင် ချိတ်ထားသော ပတ်ကားဖောင်တိန်ကို မေလွင် မြင်များမြင်သွားလေသလားဟု စိုးရိမ်သည်။ မှတ်မိပါက သူ့လက်ဆောင်ဖောင်တိန်ဟု သိပေလိမ့်မည်။ မြင်သာမြင်၊ သိသာသိသွားပါက အင်း … ရှက်စရာပဲ။ ။
#ငြိမ်းကျော်
#မြူဆိုင်းတဲ့နွေတိုင်းမှာ
Comments
Post a Comment