ဤသို့ ကြုံကြရပေဦးမည် // မိုးမိုး (အင်းလျား)

ဤသို့ ကြုံကြရပေဦးမည် // မိုးမိုး (အင်းလျား)

(ပေဖူးလွှာမဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၈၁)
 
---

“သမီးအစ်ကိုကြီးဆီကလဲ စာမလာတာ ကြာပြီနော်”

ပြတင်းပေါက်မှ အပြင်ကို ငေးမောရင်း တယောက်တည်း အမေက ညည်းညူသလို ပြောလိုက်လေသည်။

သစ်သစ်ကတော့ နားလည်လိုက်သည်။ အမေသည် နေရာအနှံ့အပြားမှာ ရောက်ရှိနေသော သူ့သားသမီးများ ကျန်းကျန်းမာမာရှိကြရဲ့လားဆိုတာ အမြဲသိချင်နေတတ်သည်။ မသိရလျှင် စာရေး၍ မေးစေသည်။ ထိုသို့ စာရေးသော အလုပ်ကို ဒိုင်ခံလုပ်ပေးရသူမှာ သစ်သစ်ဖြစ်၏။

သည်လထဲမှာ သစ်သစ် အလုပ်ဝင်နေရသည်။ ယခင်လို အားမနေတော့။ ရုံးမှပြန်ရောက်လျှင်လည်း ဘာမျှ လုပ်ချင်စိတ်မရှိတော့။ ရုံးမှာ သက်သက်သာသာ အလုပ်ထိုင်လုပ်နေရသည် ဆိုသော်လည်း မနက် ရုံးတက် ၊ ညနေ ရုံးဆင်း ဘတ်စ်ကားကို တိုးဝှေ့စီးရသည်နှင့်ပင် မောဟိုက်နွမ်းလျပြီး ခြေကုန်လက်ပန်းကျနေတတ်သည်။

 “နေကောင်းရဲ့လား မသိ”

အမေက နောက်ဆက်တွဲစကားကို ဆက်လိုက်၏။ နေရောင်လဲ့လဲ့သည် အမေ့မျက်နှာပြင်ပေါ်သို့ အရိပ်ထိုးကျလျက်ရှိ၏။ အမေမျက်နှာတွေ ကျနေပြီ။

“သူလဲ ဆရာဝန်ကြီးပဲ အမေရာ၊ သူ့ကျန်းမာရေး သူ ဂရုစိုက်လိမ့်မပေါ့”

အမေက သစ်သစ်ဘက်ကို လှည့်လာသည်။

“သမီးအစ်ကိုကြီးအကြောင်းလဲ သမီး သိသားပဲ၊ သူ့ကိုယ်သူကျတော့ ဂရုစိုက်တာမဟုတ်ဘူးသမီးရဲ့၊ အင်မတန်ပေတာ”

“သမီး အားတော့ စာရေးလိုက်ဦးမယ်။ အမေ ထမင်းစားရအောင် အမေရယ်၊ ကိုထွေးကော”

“သူ့သူငယ်ချင်းတွေဆီ ခဏသွားမယ် ပြောတာပဲ၊ သမီး ဆာရင် စားနှင့်လေ၊ အမေ စောင့်လိုက်ဦးမယ်”

အမေသည် သူ့သားသမီးခုနစ်ယောက်လုံး အိမ်မှာရှိစဉ်ကပင် လူမစုံဘဲနှင့် မည်သည့်အခါမျှ ထမင်းမစား။ အားလုံးကို စုစည်း၍မရလျှင်လည်း အားလုံးစားပြီးတော့မှပဲ နောက်ဆုံးမှ စိတ်ချလက်ချ စားတော့သည်။

အမေ့ကို ခေါ်၍ရမည်မဟုတ်မှန်း သိသည်နှင့် ထမင်းကို တယောက်တည်း စားလိုက်ရ၏။

ငယ်စဉ်က မိသားစုတတွေ စုစုဝေးဝေး ပျော်ပျော်ပါးပါး နေထိုင်စားသောက်ခဲ့ကြရသည့်ဘဝကို အောက်မေ့မိပြန်သည်။ အဖေ၏စည်းကမ်းအောက်မှာ အားလုံး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး ရှိခဲ့ကြသည်သာ။ ယခုတော့ အဖေသည် မရှိပြီ။ ညီအစ်ကိုမောင်နှမတွေလည်း ဝါးအစည်းပြေသလို တယောက်တနေရာစီ လွင့်ပါးကုန်ကြသည်။

အမေသည်လည်း သူ့သားသမီးများ တစုတဝေး ပြန်လည်ဆုံစည်းရမည့်နေ့ကို မျှော်လင့်စောင့်စားရင်း တတိယအရွယ်၏အချိန်ကာလများကို ဖြတ်သန်းနေရလေပြီ။ အမေနှင့်အတူ သစ်သစ်နှင့် ကိုထွေးသာလျှင် မကွေမကွာ ရှိနေကြသည်။ သည်သားနှင့် သည်သမီးတွေကိုတော့ အထွေးဆုံးလေးတွေမို့ မခွဲလိုတော့ကြောင်း အမေက မကြာမကြာပြောသည်။ တတ်နိုင်လျှင် အမေ့ဆန္ဒက သားသမီးတွေအားလုံးကို သူ့မျက်စိအောက်မှာ ရှိနေစေချင်သည်သာ။

“မမသစ်က စားနေပြီလား၊ ကျွန်တော့်ကိုတောင် မစောင့်ဘူး”

ကိုထွေးက ဝင်လာရင်း လှမ်းပြောသည်။ သူ့နောက်မှ အမေ ကပ်လျက်သား ပါလာလေသည်။ ကိုထွေးက ထမင်းဝိုင်းကို ကသောကမျော ဝင်ထိုင်လိုက်သည်နှင့် အမေကလည်း ထမင်းပန်းကန်ပြားတချပ်ကို ကိုင်ပြီး ဖြစ်နေလေသည်။

“နင်က လျှောက်လည်နေတာကိုး၊ ဘယ်စောင့်နိုင်မလဲ၊ နင့်စောင့်နေရတာနဲ့ အမေတောင် ဆာနေပြီ”

“အမေကလဲ စားနှင့်ရောပေါ့၊ ဘာလို့ စောင့်နေရတာလဲ”

“အမေ မဆာသေးလို့ပါကွယ်”

အမေက ခပ်အေးအေး ဝင်ပြောသည်။

“နင်က ဘယ်သွားနေရတာလဲ”

“သူငယ်ချင်းနဲ့ စာသွားကျက်တာ”

“ဟင်း ဒါမျိုးတွေ ရိုးနေပါပြီနော်”

သစ်သစ်က ပြောတော့ ကိုထွေးက တဟဲဟဲရယ်ကာ အမေ့ပခုံးကို လှမ်းဖက်လိုက်သည်။ အမေက သား၏ကလေးဆန်ဆန် ကျီစယ်မှုကို အပြုံးဖြင့် တုံ့ပြန်သော်လည်း အမေ့အပြုံးက မချိပြုံး။ အဝေးမှ သားသမီးများကို မျှော်လင့်နေဆဲ အနီးမှ သားသမီးများ ထွက်ခွာသွားမှာ စိုးရွံ့နေဟန် တူလေသည်။

“ကိုနိုင်ကြီးဆီက စာလာတယ် သမီးရေ၊ ဒီနွေတော့ သူတို့ လာဖြစ်မှာ သေချာပါတယ်တဲ့၊ ကလေးတွေရော အားလုံး ခေါ်လာမယ်တဲ့”

အမေ၏တက်ကြွသောအသံကို ကြားလိုက်ရသဖြင့် သစ်သစ်ပါ စိတ်ချမ်းမြေ့သွားသည်။ ကိုနိုင်က အမေ၏ တတိယမြောက်သား ဖြစ်သည်။ သမဝါယမအရာရှိတယောက်အဖြစ် မော်လမြိုင်မှာ ရောက်နေသည်။ အမေက ရန်ကုန်က မပြောင်းမရွှေ့ ရအောင် မည်မျှပင် ဆုတောင်းသော်လည်း ကိုနိုင်သည် ရန်ကုန်တွင် တနှစ်ကျော်ကျော်သာနေရပြီး နယ်ကို ပြောင်းသွားရသည်မှာ ရန်ကုန်ကို တခါမျှ ပြန်မရောက်တော့ပေ။ ကိုနိုင်ကလည်း ရန်ကုန်ကို ပြန်မလာချင်။ နယ်မှာ စရိတ်စက သက်သာသဖြင့် ရန်ကုန်ကို ကြောက်နေကြသည်။ အမေကတော့ ဘာကြီးပဲဖြစ်နေပေစေ သူ့မျက်စိအောက်မှာ နေစေချင်တာကိုသာ သိသည်။

“မသီတာကြီးတော့ တော်တော်ကြီးရောပေါ့နော် အမေ ”

“အေးဟဲ့၊ နောက်မွေးတဲ့ အငယ်လေးတောင် မတွေ့ရသေးဘူးနော်၊ ဟုတ်ပါရဲ့”

ယခုဆိုလျှင် အမေ့မှာ မြေးစုစုပေါင်း ဆယ့်နှစ်ယောက်တောင် ရှိပြီ။ အမေသည် သူ့မြေးတွေ၏နာမည်တွေကို အစုံအစေ့ မသိပေ။

“မသီတာကြီးက ရန်ကုန်မှာ မွေးသွားတာလေ၊ အလတ်ကောင်လေး နာမည်က ဘယ်သူ”

“အိမ်မှာတော့ တူးတူးလို့ ခေါ်တာပဲ”

“အေး... တူးတူးက စစ်ကိုင်းမှာ မွေးတာ၊ မော်လမြိုင်ရောက်မှ တယောက်”
 
စောစောက ရွှင်လန်းနေသော အမေ့အသံသည် တဖြည်းဖြည်း တိုးတိတ်သွားပြန်၏။

“ချစ်ချစ်တယောက်လဲ တလောက ဗိုက်အောင့်အောင့်နေတယ်ဆိုတာ သက်သာရဲ့လားမသိ”

အမေသည် အကျိုးအကြောင်းမသိရသော တခြားသားသမီးတယောက်အတွက် လှည့်၍ပူပြန်လေသည်။ မောင်နှမတတွေ စုစုရုံးရုံး နေခဲ့ကြရာမှ ချစ်ချစ်က ပထမဆုံး ဗွေဖောက်သွားသူ ဖြစ်သည်။ အားလုံးထဲမှာ ချစ်ချစ်သည် အစောဆုံး အိမ်ထောင်ပြုသူဖြစ်၏။ ဆယ်တန်းမှ မအောင်သေးခင် ယောက်ျားနောက် လိုက်သွားသည်ဆိုတော့ အဖေရော အမေပါ ယူကျုံးမရ ဖြစ်ခဲ့ကြသည်။ ထုံးစံအတိုင်း သားသမီးဒုက္ခရောက်တော့ မကြည့်ရက်သဖြင့် အမေတို့ကပင် ထောက်ပံ့ပြီး နှစ်ယောက်လုံးကို ပညာဆက်သင်စေရသည်။ ယခုတော့ ချစ်ချစ်ယောက်ျားက ငွေစာရင်း အရာရှိတဦး၊ ချစ်ချစ်ကလည်း ကျောင်းဆရာမဖြစ်နေပြီမို့ နေသားတကျ ရှိသွားကြပြီဟု ဆိုရမည်။ ငယ်စဉ်က မိုက်မဲခဲ့သော်လည်း ယခုတော့ ချစ်ချစ်သည် အလိမ္မာဆုံးသမီး ဖြစ်နေသည်။ ကလေး သုံးယောက်နှင့် မည်သို့ စားသုံးနေထိုင်သည် မသိရသော်လည်း အမေ့ဆီကို လစဉ် ငွေတရာ မှန်မှန်ပို့ပေးလေသည်။

ချစ်ချစ်ရဲ့အောက်မှာ မြမြ ရှိသည်။ မြမြအကြောင်းကိုတော့ သိပ်မတွေးချင်။ အမေကလည်း အခြားသားသမီးတွေရှေ့မှာ မြမြအကြောင်းကို သိပ်မပြော။ မြမြနှင့်ပတ်သက်လျှင် သူတို့စိတ်မှာ အမြဲညစ်ညူးရတတ်သည်။ တကယ် တော့ မြမြသည် ပြည့်စုံသူဖြစ်၏။

အစ်ကိုကြီးက ဆရာဝန်ဆိုသော်လည်း ပေးတတ် ကမ်းတတ် သုံးစွဲတတ်သဖြင့် သူ့လက်ထဲမှာ ငွေ မမြဲပေ။ အစ်ကိုကြီးမိန်းမကလည်း ရက်ရောသူဆိုတော့ သူတို့မှာ စိန်ရယ် ရွှေရယ်ဟုလည်း မရှိ။ နယ်တကာလှည့်ရင်း ခင်မင်သူ မိတ်သင်္ဂဟပေါသည်။ လူချစ်လူခင် များသည်။ ချစ်ချစ်လို အမေ့ဆီ ငွေမှန်မှန်မပို့သော်လည်း ပေးပြီဆိုလျှင်လည်း အမှတ်တရရှိလှသည်။

မြမြ၏ခင်ပွန်းသည်လည်း ဝင်ငွေကောင်းသော ကုန်သည်ကြီးတယောက်ပင်။ တောင်ကြီးမြို့ပေါ်မှာ အခြေစိုက်ပြီး လုပ်ကိုင် စားသောက်နေသည်မှာ ကြာပြီ။ ကိုယ်ပိုင်တိုက်နှင့် ကားနှင့်လည်း ဖြစ်၍နေပြီ။ သားသမီးကလည်း နည်းပါးလှသည်။ တဦးတည်းသော သာလေးကို ဖူးဖူးမှုတ်ထားသည်။ မြမြကိုယ်တိုင်မှာလည်း စိန်နှင့် ရွှေနှင့် ပြောင်ပြောင်လက်လက်။ သို့သော် မြမြကိုမို့ တွေ့ လိုက်လျှင် ညည်းညူသံကို ဦးစွာကြားရသည်။

“လုပ်စားရတာလဲ မကောင်းပါဘူး၊ အရင်လကလဲ ပါလာသမျှ ကုန်တွေ အကုန်ရှုံးတယ်၊ ဘာမှ မရှိဘူး။ လူတွေကသာ အထင်ကြီးတာ၊ လက်ထဲမှာ ဘာမှမရှိဘူး”

မြမြသည် သူ့အရောင်းအဝယ်ကိစ္စတွေနှင့် တလတခါ ရန်ကုန်ကို မှန်မှန်ရောက်သည်။ သူလာလျှင် လက်ဖက်ခြောက်လေး၊ ကြက်သွန်ဖြူလေးကို အနိုင်နိုင် သယ်လာတတ်သော်လည်း အမေ့အတွက် မောင်ညီမတွေအတွက် ဘာမျှ မှတ်မှတ်ရရ ပေးမသွားတတ်။ အိမ်မှာတော့ အပျိုတုန်းကလိုပင် ဟင်းကြေးများသည်။ အမေက သမီးကြိုက်တတ်သော ငါးရံ့အူလေးအစ၊ ဆိတ်ကလီစာ အစ ဖွယ်ဖွယ်ရာရာ လုပ်ကျွေးမြဲ။ အစ်မဖြစ်သူကို မသဒ္ဓါသည့်သဘော မဟုတ်သော်လည်း အိမ်ရှင်မနေရာယူထားရသော သစ်သစ်မှာ ထိုရက်များတွင် ဈေးဖိုးမလောက်သဖြင့် စိတ်ညစ်ရသည်။ မြမြကတော့ အေးအေးဆေးဆေးပင်။

“နင်တို့ဝယ်တဲ့ ကော်ဖီမှုန့်ကလဲ ညံ့လိုက်တာ၊ နက်စ်လေး ဘာလေး လုပ်စမ်းပါဟာ”

သည်မျှ အလိုက်မသိတတ်သော မြမြ။

“မမမြလို သူဌေးမှမဟုတ်တာ၊ နက်စ် ဘယ်သောက်နိုင်မလဲ”
 
သည်လိုပြောတော့ နောက်နေ့ နက်စ်ကော်ဖီဘူးကြီးတဘူး ဝယ်လာသည်။ သည်လိုတော့လည်း ဘယ်ဆိုးလို့လဲဟု ထင်မှတ်ဆဲ သူ ပြန်သွားတော့ သူ့ကော်ဖီမှုန့်ဘူးကို ကောက်ထည့်သွားသည်။ ကော်ဖီကြိုက်သော အမေ့မျက်နှာကိုပင် မထောက်။ မောင် ညီမတွေ၏ကျောင်းစရိတ်ကို အခြားအစ်ကို အစ်မတွေက တတ်အားသမျှ ထောက်ပံ့သော်လည်း မြမြဆီက သတ်သတ်မှတ်မှတ် ဘယ်တော့မျှ မရချေ။ တောင်ကြီးမှ မှောင်ခိုထည်အင်္ကျီစလေး တစနှစ်စမျှနှင့်ပင် ကျေနပ်ကြရသည်ချည်း။

ကိုလတ်တယောက်ကတော့ တမိပေါက်တယောက်ထွန်း ဆိုသလိုပင်။ မည်သူကမျှ အားပေးအားမြှောက်မပြုပါဘဲလျက် သူ့သဘောနှင့်သူ စစ်ထဲဝင်သွားသည်။ ဒုဗိုလ်အဆင့်မှာပင် အိမ်ထောင်ကျလေသည်။ သူမိန်းမကိုလည်း တခါသာ မြင်ဖူးလိုက်ရသည်။ အစ်ကိုကြီးတို့ ချစ်ချစ်တို့ဆိုလျှင် မကြုံကြိုက်သဖြင့် တခါမျှ မမြင်ဖူးကြသေး။ အရပ်တကာ နယ်တကာလှည့်နေရသဖြင့် အိမ်ကိုလည်း သိပ်မရောက်။ ရောက်လျှင်လည်း ခဏသာ။ သို့သော် ကိုလတ်က အိမ်ကို လုံးလုံးမေ့ထားသည်တော့ မဟုတ်ပေ။ တလတခါ ငွေမှန်မှန်မပို့နိုင်သော်လည်း လေးငါးလစာ စုစုပြီး ပို့ပေးလေသည်။ ကိုလတ်ဆီမှ ငွေရောက်လျှင် အကြွေးအမြီများ ဆပ်နိုင်သည့်အပြင် အမေ့အိမ်သည်လည်း ပြောင်လက် လှပလာမြဲပင်။

အမေသည် အဖေရှိစဉ်တုန်းကလိုပင် သူ့အိမ်ကို သန့်ရှင်းသပ်ရပ်အောင် အမြဲထားသည်။ ဘုရားပန်းတွေ လန်းလန်းဝေဝေနှင့် ကျက်သရေရှိလှသည်။ အမေ့လက်ထဲမှာ ငွေအပိုရှိလျှင် ဧည့်ခန်းသည် ပို၍လှပ၏။ ခန်းဆီးလွင်လွင်လေးများနှင့် နှင်းဆီပန်း လှလှလေးများသည် အမေ၏အဆင်တန်ဆာများဖြစ်သည်။ သို့သော် နှင်းဆီပန်းလေးများသာ အသစ်အသစ် လဲလှယ် ထိုးစိုက်နေရသော်လည်း အမေ အမြဲမျှော်လင့်စောင့်စားနေသော အမေ့သားသမီး ရတနာများကတော့ တခါမျှ စုစုစည်းစည်း ရောက်မလာကြတော့ပေ။

ယနေ့ အမေ့အသက်သည် ခြောက်ဆယ့်ငါးနှစ်ပြည့်သည်။ မနက်က ဘုန်းကြီးဆယ်ပါး ဆွမ်းကပ်အပြီးမှာ အမေ မောမောနှင့် အိပ်ရာထက်မှာ လှဲနေသည်။ အမေ လူပင်ပန်းသည်ထက် စိတ်ပင်ပန်းခြင်း ဖြစ်ဟန်တူလေသည်။

အမေ့မွေးနေ့မှာလည်း အမေမျှော်လင့်သော သားသမီးများသည် ရောက်မလာကြချေ။ အနောက်တိုင်းဆန်ချင်သော အစ်ကိုကြီးက ပို့စကတ်နှင့် မွေးနေ့လက်ဆောင် အထုပ်တထုပ်ကို အရောက် ပို့ပေးသည်။ ကိုနိုင်ကတော့ သူတို့မလာနိုင်သေး၍ အမေ့မြေးတယောက်ကို လူကြုံဖြင့် ပို့လွှတ်လိုက်သည်။ ချစ်ချစ်ဆီက ထုံးစံအတိုင်း ငွေတရာနှင့် မွေးနေ့အတွက် လုံချည်တထည် ပို့လိုက်သည်။ မြမြက ယခင်တပတ်က အိမ်ရောက်လာပြီး အမေ့မွေးနေ့ အတွက်ဆိုကာ ငွေသုံးရာ ကြိုတင်ကန်တော့သွားလေသည်။ မြမြ၏အကြီးမားဆုံးသော သဒ္ဓါတရားပင် ဖြစ်တော့၏။ ကိုလတ်ဆီကတော့ ဘာမျှ ရောက်မလာခဲ့။

အမေ ... လိုလားသည်ကတော့ သားတွေ သမီးတွေဆီက လက်ဆောင်ပစ္စည်းလည်းမဟုတ်၊ ငွေကြေးလည်းမဟုတ်။ သားသမီးတွေ၏မျက်နှာကို အစုံအစေ့ မြင်လိုခြင်းသာ ဖြစ်သည်။ အမေ့ဝေဒနာကိုသိသော သစ်သစ်တို့မောင်နှမက အမေ့အရိပ်အကဲကို ကြည့်ကာ စိတ်မကောင်းဖြစ်ကြရသည်။ အမေ့ကို အားပေးကြသည်။

“ဒီနွေမှာ အားလုံးဆုံကြမှာပဲ၊ အမေကလဲ စိတ်ထောင်းပြီး နေမကောင်းဖြစ်နေပါဦးမယ်”

“အမေနေကောင်းပါတယ် သမီးရယ်၊ သူတို့မလဲ ကိုယ့်အလုပ်နဲ့ကိုယ် မအားကြဘူးဆိုတာ အမေသိပါတယ်၊ မမျှော်တော့ပါဘူး”

မမျှော်တော့ပါဘူး ဟူသည့် အမေ့စကားထဲမှာပင် အဓိပ္ပာယ်တွေ များစွာပါရှိနေသည်ကို သစ်သစ် သိသည်။ သည့်နောက်ပိုင်းတွင်တော့ အမေသည် သိပ်လည်း နေကောင်းလှသည် မရှိတော့ပေ။ သစ်သစ်က ရုံးတက်၊ ကိုထွေးက ကျောင်းတက်ရသည်မို့ အမေ့ကို အိမ်မှာ တယောက်တည်း ထားခဲ့ရသည်။ ကိုနိုင့်သမီး မသီတာကို ပြန်မသွားရန် တောင်းပန်ထားရသည်။ အမေကား စိတ်ဓာတ်ကျခြင်းနှင့်အတူ အိပ်ရာပေါ် လဲခဲ့လေပြီ။

တနေ့ သစ်သစ် စိတ်လေးလေးနှင့် ရုံးမှာအလုပ်လုပ်နေဆဲ မသီတာက ဖုန်းဆက်သည်။

“ဘွားဘွားဘာဖြစ်လို့လဲ မသိဘူး၊ ပြန်လာပါဦး အန်တီ”

ထိုနေ့မှာပင် အမေ့ကို ဆေးရုံတင်လိုက်ရသည်။ အမေ့မှာ နှလုံး၊ သွေးတိုး၊ ဆီးချို အားလုံး ရောထွေးနေသည်။

ကိုလတ်ဆီမှ သုံးလစာစုပို့လိုက်သော ငွေများ ရောက်လာသည့်နေ့မှာပင် အမေ ဆုံးလေသည်။

ချစ်ချစ်က ပထမဦးဆုံးရောက်လာသည်။

“နင်တို့ဆီက စာရောက်ရောက်ချင်း ငါလာမလို့ပါပဲ သစ်သစ်ရဲ့ ၊ ခွင့်ရက်တွေကလဲ မရှိ၊ ကလေးကလဲ ကောင်းကောင်း နေမကောင်းတော့ ဘယ်လိုမှ လာလို့မရဘူး၊ အမေ့မျက်နှာလေးတောင် မမြင်လိုက်ရဘူး ဟီး ဟီး”

သံကြိုးရိုက်၊ သတင်းစာထဲထည့်၊ လူကြုံနှင့် မှာ၊ စစ်ရုံးကနေတဆင့် သတင်းပို့ စသည်ဖြင့် အမေ့သားသမီးများဆီ နည်းမျိုးစုံနှင့် အကြောင်းကြားပြီးသည့်နောက် သူတို့အလာကို မျှော်ရ၊ ဘူတာဆင်းကြိုရသည်မှာလည်း သစ်သစ်တို့မောင်နှမအတွက် အလုပ်တခု။

ချစ်ချစ်နှင့်အတူ သူ့ကလေးသုံးယောက် ပါလာလေတော့ ရောက်ရောက်ချင်း တအိမ်လုံး ငိုကြယိုကြ၊ ဧည့်သည်တွေက သတင်းမေးကြနှင့် နေစရာနေရာပင် မရှိအောင် ဖြစ်သွားလေသည်။ မောင်နှမသုံးယောက် အမေ့ရုပ်ကလာပ်ကို ငါးရက်ထားရန် တိုင်ပင်နေကြဆဲ အစ်ကိုကြီး ရောက်လာလေ၏။

“အမယ်လေး အစ်ကိုကြီးရဲ့၊ အမေ့ကိုကျတော့ မသေအောင် ဆေးကုမပေးနိုင်တော့ဘူးလား အစ်ကိုကြီးရဲ့၊ သားက ဆရာဝန် ဖြစ်နေပြီးမှ အမေ့ကျတော့ ဗြုန်းစားကြီး သေရတယ်၊ ဟီး ဟီး”

ယခုမှပဲ ပြောပြောဆိုဆို ငိုတတ်သူ ရောက်လာသဖြင့် သစ်သစ်မှာ ရင်ထဲပေါ့သလိုလို ရှိသွားရသည်။ သစ်သစ်က ရင်ထဲက ဝေဒနာကို ပြောမပြတတ်။ ပြောပြီးတော့သာ ငိုတတ်မည် ဆိုလျှင် တယောက်လာတိုင်း “အမေမျှော်နေတဲ့ အမေ့သားသမီးတွေ ရောက်လာပြီလေ၊ ထကြည့်စမ်းပါဦး အမေ့ရဲ့” ဟု အော်အော်ငိုရမည် ဖြစ်လေသည်။ ယခုတော့ အမေလည်း ထမကြည့်နိုင်တော့။ ဆေးရုံကြီးက ရေခဲတိုက်ထဲမှာ ရှိနေရှာမည်။ သားသမီးတွေနှင့် နီးရာမှာပင် အမေ မရှိ။

“အမေက ဗြုန်းစားကြီးသေတာ မဟုတ်ပါဘူး ချစ်ချစ်ရာ၊ အမေ သွေးတိုးရှိနေတာ ကြာပြီပဲ၊ ငါပဲ ဆေးတွေ ပို့ပေးနေခဲ့တာ၊ ဆေးရုံကလည်း ဂရုစိုက်ပါတယ်၊ ငါရောက်ခဲ့ပြီးပြီ၊ သူ့ဆရာဝန်နဲ့လဲ တွေ့ခဲ့တယ်”

အစ်ကိုကြီးက ဆရာဝန်ပီပီ အေးဆေးစွာ ရှင်းပြလိုက်၏။ သည်လိုမှ မရှင်းလျှင်လည်း ချစ်ချစ်က ပြောပြောပြီး ငိုနေမှာကို ကြောက်ဟန်တူသည်။

ထိုနေ့က ပွဲဦးထွက် ချစ်ချစ်၊ အစ်ကိုကြီးနှင့် ကလေးသုံးယောက် တိုးလာသဖြင့် ညနေစာ ထမင်းဝိုင်းသည် စည်စည်ကားကားဖြစ်လာလေသည်။ အစ်ကိုကြီး၏မိန်းမနှင့် ကလေးများက သင်္ဂြိုဟ်မည့်နေ့မှ လိုက်လာကြမည်ဟုဆိုသည်။ အစ်ကိုကြီးကလည်း အမေ့ကို ငါးရက်ထားရန် သဘောတူသည်။

မောင်နှစ်မတွေစုပြီး အမေ့ကို သင်္ဂြိုဟ်ရန်ကိစ္စ တိုင်ပင်ကြ၊ ကျန်မောင်နှမများ ရောက်လာမည့်ရက်ကို တွက်ကြချက်ကြနှင့် ညဉ့်နက်မှ အိပ်ရာဝင်ကြသည်။ အမေ နေမကောင်းသည့်ရက်များက ပြုစုရသဖြင့် အိပ်ရေးတွေပျက်ပြီး စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့ရသော သစ်သစ်သည် အမေသေသည့်နောက် ပထမဆုံးအကြိမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။

“အမေရေ မြမြရောက်လာပြီ အမေရဲ့၊ အမေအားကိုးတဲ့ အမေ့သမီး မြမြ လာပြီလေ”

ချစ်ချစ် အော်ငိုသံ ကြားရသဖြင့် သစ်သစ် အိပ်ရာမှ လူးလဲ ထလိုက်ရသည်။ “ငါတို့အိမ်ဟာ အသုဘအိမ်ပဲ” ဟု သတိဝင်လာ၏။

အမေ့အလောင်းက အိမ်မှာ မရှိသော်လည်း ညက ကိုထွေးသူငယ်ချင်းများလာ၍ စောင့်ရှောက်ပေးကြသဖြင့် အိမ်ရှေ့မှာ မီးတထိန်ထိန် ရှိနေခဲ့သည်။ သစ်သစ်သည် အပြေးအလွှား မျက်နှာသစ်ရင်း အစ်မ နှစ်ယောက် အချီအချ ငိုနေသည်ကို နားစွင့်မိ၏။ မြမြနှင့် ချစ်ချစ်သည် သင့်မြတ်လှသည် မဟုတ်ရကား ချစ်ချစ်က စစချင်း မြမြကို ထေ့လိုက်ပြီးပေပြီ။ မြမြကလည်း အညံ့မခံ။

“အမယ်လေး အမေ့မွေးနေ့မှာ ဘုန်းကြီးငါးပါး ဆွမ်းကပ်ချင်တယ်ဆိုလို့ ငွေသုံးရာ ကန်တော့ခဲ့တာလေ၊ ခုတော့ သေခါနီး ကုသိုလ်ကောင်းမှု လုပ်ဖို့ ပေးလိုက်သလို ဖြစ်နေပါပကော ဟီး ဟီး”

ချစ်ချစ်က ဂုဏ်မဖော်နိုင်မီ မြမြက ဦးအောင် ကြွားလိုက်၏။ အမေ့အလောင်းသာ အိမ်မှာရှိနေရင်တော့ အမေ့အလောင်း ဖက်ဖက်ပြီးငိုကြလျှင် အမေ့ခမျာ သေခါမှ သားသမီးများ စကားနိုင်လုစရာကြီး ဖြစ်ရရှာမည်ဟု သစ်သစ်က တွေးလိုက်မိသေး၏။ မြမြက ယောက်ျားရော သားပါ ပါလာသည်။ သူယောက်ျားကလည်း ပိုက်ဆံရှိသူပီပီ ခပ်ထည်ထည်။ အစ်ကိုကြီးကိုတော့ ဆရာဝန်ကြီးမို့ ရင်းရင်းနှီးနှီး ဆက်ဆံသည်။ ကျန်လူများကိုတော့ ခပ်အေးအေး။ ချစ်ချစ်ယောက်ျားက ကိုထွေးနှင့်သာ သွားရောနေတော့သည်။

နံနက်စာ စီစဉ်တော့ မြမြက ထုံးစံအတိုင်း ပြဿနာ။

“ဟင်းက ဒါပဲလား သစ်သစ်ရဲ့”

သစ်သစ်က အခြေအနေမှန်ကို ရှင်းပြရသည်။ အမေ နေမကောင်းတော့ သစ်သစ်မှာ ရုံးက ငွေချေးပြီး ဆေးဝယ်ခဲ့ရသေးသည်။ ကိုလတ်ဆီက ပို့လိုက်သည့်ငွေနှင့် ယခု အမေ့ဈာပနလာကြသည့်သူတွေကို ကျွေးမွေးနေရသည်။ ရောက်လာသည့် မောင်နှမတွေက လူမစုံသေး၍ မည်သူမျှ ငွေမထုတ်ကြသေး။

“အေးလေ ကိုထွေးနဲ့ သစ်သစ်ကလွဲပြီး အားလုံး အချိုးကျ ထည့်ကြတာပေါ့”

အချိုးကျဆိုသည့် စကား ကြားရ၍ ချစ်ချစ် မျက်နှာပျက်သွားသည်။ သူက မြမြကို မည်သို့လျှင် ပြိုင်နိုင်ပါမည်နည်း။ သူ့မှာ အမေ မသေခင် တလတရာ မှန်မှန်ပို့ခဲ့သည်ကပင် မဟာစွန့်စားခန်းကြီး ဖြစ်လေသည်။ တကယ်တော့ ချစ်ချစ်တာဝန် ကျေပါသည်။ သည်ကိစ္စကို အစ်ကိုကြီးမှတဆင့် ဆုံးဖြတ်ခိုင်းရန် သစ်သစ်က စိတ်ကူး၏။

“ကဲပါလေ၊ ခုလောလောဆယ်တော့ ဟင်းချက်စရာဖိုးလေး ဘာလေး ထုတ်ကြပါဦး”

သစ်သစ်က စိတ်မရှည်သဖြင့် ရှင်းရှင်း ဖွင့်ပြောရသည်။

“အစ်ကိုက ဝက်သား အမဲသား မစားဘူး သစ်သစ်၊ သူ့အတွက် ကြက်သားကြော်လေး သတ်သတ် လုပ်ပေးပါ”

မြမြက သူ့ယောက်ျားအတွက် တသီးတသန့် မှာကြားပြီး ငွေငါးဆယ် ထုတ်ပေးလိုက်သည်။ ချစ်ချစ်ကလည်း မနေသာ၊ ငွေအစိတ် ထုတ်ပေးသည်။

“မမတို့ပေးတဲ့ ပိုက်ဆံတွေ ကျွန်မ စာရင်းလုပ်ထားမယ်”

သစ်သစ်က ရှင်းအောင် ပြောထားရ၏။

ထိုနေ့က အတန်ကြာအောင် ပစ်ထားခဲ့သော အမေ့ဘုရားစင်နှင့် ဧည့်ခန်းကို ပန်းတွေဝေအောင် ထိုးပစ်လိုက်လေသည်။

ညနေဘက်မှာ ကိုနိုင်ရောက်လာသည်။ ထုံစံအတိုင်း ညီအစ်မနှစ်ယောက်က ဆီး၍ငိုကြပြန်သည်။ ကိုနိုင်နှင့်အတူ အမေမမြင်ဖူးသေးသော အငယ်ဆုံးလေးပါ ပါလာတော့ သစ်သစ်ပင် အသံမထွက်ဘဲ ကျိတ်၍ရှိုက်လိုက်မိသည်။ အမေ့အိမ်ကလည်း အမေ့မြေးတွေနှင့် ဖွေးဖွေးလှုပ်သွားတော့သည်။ ထမင်းစားကြသောအခါ ကလေးတွေကတသုတ်၊ လူကြီးတွေကတသုတ် နှစ်သုတ်ခွဲစားရသည်။ သူစိမ်းဧည့်သည် မပါဘဲနှင့်ကို အလှူအိမ်တမျှ စည်ကား၍နေလေသည်။ ညဘက်မှာ အမေ့သတင်းလာမေးသူတွေကော၊ အစ်ကိုကြီး ကိုနိုင်တို့နှင့်လည်း မတွေ့ တာကြာ၍ လာရောက်နှုတ်ဆက် အားပေးသူတွေနှင့်ပါ စည်စည်ကားကားဖြစ်နေလေသည်။ ကလေးတွေကလည်း ယခုမှ တနေရာတည်း လာရောက်ဆုံစည်းရသဖြင့် ဆော့ကြ၊ ရန်ဖြစ်ကြနှင့် သောသောညံ၍နေတော့သည်။

အမေ့ကိုသင်္ဂြိုဟ်မည့်ရက် ရောက်လာသည်အထိ ကိုလတ်က ရောက်မလာသေး။ သို့သော် သားသမီးတွေ မြေးတွေ တပုံတပင်နှင့် အမေ့အသုဘသည် စည်ကားလှ၏။ ရေခဲတိုက်မှ အေးစက်သော ကျောက်ခုတင်ပေါ်ဝယ် အမေသည် ငြိမ်သက်စွာလဲလျောင်းရင်း သူ့သားသမီးတွေ ဝိုင်းဝန်းပွေ့ ဖက် ငိုကြွေးကြသည်ကို နှစ်သိမ့်စွာ ခံယူနေသကဲ့သို့ရှိ၏။

အမေ့ရုပ်ကလာပ်ပေါ်မှာ ဌာနဆိုင်ရာအသီးသီးမှ ပေးပို့ကြသော ပန်းခွေပန်းခက်တွေနှင့် ဝေဆာနေ၏။ မြမြက တောင်ကြီးမှ တကူးတက မှာယူလိုက်သော သစ်ခွပန်းခွေကြီးသည် အဝင့်ထည်ဆုံး။

အမေ့ကို အဖေ့၏အုတ်ဂူနှင့် မနီးမဝေးတွင် ဂူသွင်းသင်္ဂြိုဟ်ကြသည်။ အမေ့အလောင်းကို မြေဖို့တော့ ချစ်ချစ်နှင့်မြမြက အပြိုင်အဆိုင်ငိုကြွေးရင်း တက်သွားကြသဖြင့် ဝိုင်းဝန်းနှာနှပ်ပေးကြရသည်။ သည်ကြားထဲ ကိုနိုင်၏ဇနီးက ဝမ်းနည်းပန်းနည်း ငိုကြွေးခြင်းမရှိဟု ဆိုကာ မြမြက သိပ်မကျေနပ်။

နောက်ဆုံးတော့ အမေ့အုတ်ဂူကို စွန့်ခွာကာ အားလုံး အိမ်သို့ ပြန်လာကြသည်။ မြမြ၏သစ်ခွပန်းခွေကြီးလည်း ကလေးတွေ ဝိုင်းဆွဲကြ လုကြသည်နှင့် တစစီကြွေကျ၍ ကျန်ရစ်လေပြီ။

ရက်လည်ဆွမ်းသွတ်သည့်နေ့မှာ ကိုလတ်တို့မိသားစု ရောက်လာသည်။ တိတ်ဆိတ်နေသော အသုဘအိမ်သည် ငိုသံတွေဖြင့် ဆူညံသွားပြန်သည်။

“တပ်ကတော့ အမြန်ဆုံး အကြောင်းကြားပေးတာပဲ၊ ဒါပေမယ့် ရှေ့တန်းကို ရောက်နေတော့...”

ကိုလတ်၏ခံစားမှုကို နားလည်သဖြင့် သစ်သစ်က နှစ်သိမ့်ရသည်။

“ကိုလတ် တာဝန်ကျေပါတယ် ကိုလတ်ရယ်၊ အမေသေတဲ့အချိန်မှာ ကိုလတ် မမြင်လိုက်ရပေမယ့် ကိုလတ်ဟာ အမေ့အပေါ်မှာ အများကြီးတာဝန်ကျေခဲ့ပါတယ်”

မည်သို့ပင်ဆိုစေ ကိုလတ် မရွှင်ပျနိုင်။ အမေ့အတွက် ရေစက်ချတော့ ကိုလတ်သည် စစ်သားကြီးတန်မယ့် ငိုကြွေးလေသည်။ ထိုအခါမှ တချိန်လုံး ကျိတ်မှိတ် မျိုသိပ်နေခဲ့သော သစ်သစ်လည်း မျက်ရည်တွေ သွန်ချမိသည်။ အို ယခုတော့ အမေ့အိမ်မှာ သားသမီးတွေအားလုံး စုံပါပကော။

လူတွေအားလုံး စားသောက်ပြီး ပြန်သွားကြသောအခါ သစ်သစ်တို့မောင်နှမတတွေချည်း ကျန်ရစ်သည်။ အမေ့ဈာပနကိစ္စ ကုန်ကျငွေကို တွက်ကြချက်ကြ၊ ကျန်ရစ်သည့် အိမ်ကိစ္စ မြေကိစ္စတွေကို ပြောကြဆိုကြနှင့် ဆူညံ၍နေကြပြန်သည်။ ယခုမှ ကလေးတွေကလည်း စုရုံးကာ လွတ်လွတ်လပ်လပ် ပြေးကြ ဆော့ကြသည်။ မျက်ရည်တွေစဲစပြုပြီး တအိမ်လုံး သိုက်သိုက်ဝန်းဝန်းကြီး ဖြစ်၍လာလေသည်။

အားလုံးစားဖို့အတွက် ဆန်နှစ်ပြည် ချက်ရသည်။ ကလေးတွေကို တန်းစီကျွေးပြီး လူကြီးတွေလည်း တစုတဝေးတည်း စားမည်ဆိုကာ စားပွဲရှည်ကြီးနှစ်လုံး ဆက်၍ ခင်းရသည်။ မောင်နှမခုနစ်ယောက် သူစိမ်းငါးယောက်နှင့်ဆိုတော့ အားလုံး ဆယ့်နှစ်ယောက်။ စကားတပြောပြောနှင့် စားလိုက်ကြသည်မှာ လိုက်ပွဲပင် ပြင်၍မနိုင်တော့။

ယခုတော့လည်း အမေ့ကိုပင် သတိမှရကြသေးရဲ့လားဟု အောက်မေ့ရတော့သည်။ မတွေ့ ဆုံရသည်မှာ ကြာပြီဆိုတော့ ရှေးဖြစ်ဟောင်းတွေ ပြော၍မကုန်တော့။

ကိုထွေးသည် ထမင်း သုံးပန်းကန်ကုန်မှ နေရာက ထသည်။

“နင်ကလဲဟယ် အမေသေမှ စားလိုက်တဲ့ထမင်း၊ နင် ဒီလောက် စားကောင်းတာ ငါတခါမှ မမြင်ဖူးဘူး”

သစ်သစ်က ပြောတော့ ကိုထွေးက ဟန်မဆောင်ဘဲ သူ့ စိတ်ထဲရှိတာကို ပြောချလိုက်တော့သည်။

“အေးဟယ် ငါလဲ ဒီလို မောင်နှမတွေအားလုံး ဆုံတာ တခါမှ မကြုံဖူးတော့ ပျော်လွန်းလို့” တဲ့။

---

#မိုးမိုး_အင်းလျား
#ဤသို့ကြုံကြရပေဦးမည်
 
#sbla
#shared_by_louis_augustine

Comments