မာရသွန်ပွဲမှမျက်ရည် // လယ်တွင်းသားစောချစ်

မာရသွန်ပွဲမှမျက်ရည် // လယ်တွင်းသားစောချစ်

ငွေတာရီမဂ္ဂဇင်း (၂၀၀၂ ခုနှစ်၊ မေလ။)

ဆူဆူညံညံ အသံများကြောင့် အိပ်ပျော်နေရာမှ နိုးရသည်။ပတ်ဝန်းကျင်မှာ မှောင်အတိရှိနေဆဲ။ အရုဏ်ဦး၏ ရှေ့ပြေးအလင်းရောင်လေးပင် မလာသေး။ နံနက်လေးနာရီခန့်သာ ရှိဦးမည်။

မြစ်ကြီးနားဆောင်းသည် အေးလွန်းလှ၏။ အိပ်ရာထဲမှနွေးထွေးစွာ အိပ်ပျော်နေဖို့ကောင်းသော အချိန်ဖြစ်သည်။သို့သော် လမ်းဘက်ဆီမှ နိုးနိုးကြားကြားဖြစ်နေသော အသံများ အဆက်မပြတ် ထွက်ပေးနေသည်။ လူကြီးသံမဟုတ်။ ငယ်သူတို့၏
အသံများ ဖြစ်၏။ရယ်သံ၊ ခေါ်သံ၊ လှမ်းအော်ပြောသံနှင့်အတူ ပြေးလွှားနေသော ခြေသံများ၊ အနီးမှ အသံများ၊ တောင်ဘက်ဆီသို့ တဖြည်းဖြည်း ဝေးဝေးသွားသည်။ 

မြောက်ဘက်ဝေးဝေးမှ အသံများက တဖြည်းဖြည်း နီး၍လာပြန်ပြီ။ ပြီးတော့ အိမ်အနီးမှ ဖြတ်ကျော်သွားကြသည်။တစ်သုတ်ပြီးတသုတ် အသံ များက အသစ်သစ် ထွက်ပေါ်လာနေ၏။ မီနီမာရသွန်အတွက် အပြေးလေ့ကျင့်နေကြသော
ကလေးများ၏အသံ ဖြစ်ပါသည်။သူတို့၏ အသံများက တက်ကြွလန်းဆန်းနေသည်။ အေးသည် ချမ်းသည်က သူတို့ကို ဟန့်တားနိုင်ခြင်းမရှိ။

နံနက်တိုင်းကြားနေရသော အသံဖြစ်သည်။
သူတို့၏ ပျော်ရွှင်တက်ကြွမှုကို သဘောကျသည်။ သို့သော် ကျွန်တော်ကတော့ အိပ်ရာထက်မှာ စောင်ထူထူခြုံလျက် ပြန်အိပ်ပျော်သွားသည်။

---

ယနေ့ မာရသွန်ပြိုင်ပွဲ နေ့ဖြစ်သည်။ နံနက် လေးနာရီ
လောက်ကတည်းက မြစ်ကြီးနား တစ်မြို့လုံး ဆူဆူညံညံ နိုးကြားနေသည်။ကျွန်တော်လည်း အိပ်ပျော်နေ၍ မရတော့ပါ။ ပြိုင်ပွဲကြီးကြပ်သူများတွင် ပါဝင်၍ တာလွှတ်ရန်နေရာသို့ရောက်နေရ သည်။

ပန်စွန် ဂေါက်ကလပ်ရှေ့မှာ တာလွှတ်စင်မြင့်ရှိသည်။အပြေးသမားများ ရောက်ရှိနေကြပြီ။ အမျိုးသား ဖိတ်ခေါ်မာရသွန်၊ ပြည်နယ်အဆင့် မာရသွန်၊ ပြည်နယ်အလွတ်တန်း အမျိုး
သမီးမာရသွန်နှင့် မီနီမာရသွန် ကျား၊ မ နှစ်မျိုးခွဲထားသည်။အားလုံးပေါင်း ငါးမျိုးဖြစ်သည်။

အလွတ်တန်းတွင် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ဗန်းမော်၊စစ်ကိုင်း၊ တောင်ကြီး။ တစ်နိုင်ငံလုံးမှ ပါဝင်သည်။ ကျန်သည့်မာရသွန်လေးခုမှာ ပြည်နယ်အတွင်းမှ လူများသာ ပြိုင်ခွင့်ရှိသည်။

ကလေးများကို တစ်ပေါင်းတည်း စုစည်းထားသောနေရာသို့ သွားကြည့်သည်။ ကလေးများမှာ ဆူညံစွာနှင့် တာလွှတ်ချိန်ကို စောင့်ဆိုင်းနေကြသည်။ ပြည်နယ်မှ ထုတ်ပေးထားသည့် မာရသွန်တံဆိပ်
ပါသော စွပ်ကျယ်အကျီများကို ကလေးများအားလုံး ဝတ်ထားရသည်။စွပ်ကျယ်ရှေ့နောက်မှာ နံပါတ်တံဆိပ်များကပ်လျက် ကျွန်တော်တို့ နံနက်တိုင်း တရေးနိုးအောင် နှိုးကြသည့် ကလေးများ
ဖြစ်သည်။ အားလုံးပေါင်း ၁၀ နှစ်အောက်များဖြစ်ကြသည်။ ၅ နှစ်အရွယ်ကလေးများအထိ ပါသည်။ သူတို့ ပြေးရမည့် ခရီးအကွာအဝေးက ၁၃ မိုင်ဖြစ်သည်။

“ဒီကောင်တွေ တကယ်ပြေးနိုင်ပါ့ မလား” သံသယဖြစ်မိသည်။အေးလေ မနက်တိုင်း လေ့ကျင့်နေကြပဲ။ ရတဲ့သူလည်းရမှာပေါ့။ လမ်းမှာ ကျန်တဲ့သူလည်း ကျန်မှာပေါ့။သို့ သော်သူတို့ အားလုံးကတော့ အားမာန်အပြည့် ၊ ဟန်အပြည့်။

နံနက် ၆ နာရီမထိုးမီ ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ရောက်လာသည်။

အပြေးသမားအားလုံးအတွက် တာလွှတ်သည့် စင်ရှေ့မှာ နေရာယူထားကြသည်။ 

ကချင်ပြည်နယ်၏ ဂုဏ်ထူးဆောင်၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် အပြေးချန်ပီယံ အားကစားသမားနှစ်ဦးဖြစ်သည့် ဦးရှင်ဗွေဂမ်းနှင့် ဦးမီတုံနော်တို့ ခြံရံလျက် တာလွှတ်စင်မြင့်ပေါ်သို့ တိုင်းမှူးတက်ရောက်သွားသည်။သူတို့နှစ်ဦးမှာ အသက် ၅၀ ကျော်သော်လည်း ကျန်းမာဆဲဖြစ်သည်။ အပြေးချန်ပီယံ နှစ်ဦးကို ယခုမှပင် တွေ့မြင်ရသည်။

အပြေးသမားနှစ်ဦးနှင့်အတူ တိုင်းမှူးပါ အားကစားဝတ်စုံကို ဝတ် ဆင်လျက် ၆ နာရီတိတိတွင် တိုင်းမှူးက သေနတ်ပစ်ဖောက်၍ တာလွှတ် သည်။ရေတံခါးဖွင့်ချလိုက်သကဲ့သို့ လူရေစီးကြောင်းကြီးက လမ်းမပေါ်မှာ ဒလဟော စီးမျောသွားသည်။

တာလွှတ်သည့်နေရာသို့ လာရောက်အားပေးသော လူအုပ်ကြီးက လက်ခုပ်တီး၍ တစ်ခဲနက် အားပေးကြသည်။လမ်းဘေးဝဲယာမှ စောင့်ကြိုနေသူများကလည်း လက်ခုပ်တီး၍ အားပေးကြသည်။ အပြေးသမား ရေအလျဉ်က လျင်မြန်စွာ စီးဆင်းနေဆဲ၊ လက်ခုပ်သံများ ဆူညံဆဲ။

---

ပန်းဝင်ရာနေရာသည် အေးသာယာ အားကစားကွင်းအတွင်းမှာ ဖြစ်သည်။

အရှေ့ဘက် ကောင်းကင်တွင် အရုဏ်ဦး၏ရောင်ခြည်များ ကွန့်မြူးနေ၏။နံနက်ခင်း၏ လေပြည်ညင်းက အေးသာယာကွင်းပတ်လည်မှ ရောင်စုံအလံများကို ဆော့ကစားနေသည်။ 
ကွင်း၏ အရှေ့ဘက်ထိပ်တွင် မနောမြေ၏ အထိမ်းအမှတ် မနောတိုင်ကြီးများက ဝင့်ကြွားစွာ ရပ်တည်လျက်။

ပြေးလမ်းထိပ်မှ မာရသွန် အမျိုးအစားအလိုက် ပန်းဝင်ရမည့် မုခ်ဦးများက အပြေးသမားများကို စောင့်ကြိုနေသည်။တာဖမ်းဒိုင်လူကြီးများ အားလုံးအသင့်ဖြစ်နေသည်။တိုင်းမှူးကြီး အပါအဝင် တပ်မတော်မှ အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဝန်ထမ်းအကြီးအကဲများနှင့် မြို့လူထုများ မာရသွန် ပန်းဝင်သည်ကို ကြည့်ရှုအားပေးရန် ပွဲကြည့်စင်များတွင် နေရာယူထားကြသည်။

မာရသွန်အပြေးသမားများ ပန်းဝင်ရန် ချဉ်းကပ်လာနေ သည့်အခြေအနေကို အသံချဲ့စက်မှအဆက်မပြတ် ကြေညာပေး နေသည်။မြို့ဘက်ဆီမှ လက်ခုပ်သံများ ကြားသည်။ ပြေးလာနေသူများကို အားပေးသော လက်ခုပ်သံများ ဖြစ်သည်။ 

အေးသာယာကွင်းအတွင်းမှ လူများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ခေါင်းတထောင်ထောင် လည်တဆန့်ဆန့် နှင့်ဝင်ပေါက်ဆီသို့ လှမ်းကြည့်နေကြသည်။ 

အမျိုးသမီးမာရသွန်က ရှေးဦးစွာ ပန်းဝင်လာသည်။ ဆိုင်ကယ်များခြံရံလျက် အမျိုးသမီးငယ်တစ်ယောက် အေးသာယာကွင်းအတွင်းသို့ တောင်ဘက်ဝင်ပေါက်မှ ပြေးဝင်လာသည်။အားပေးကြသော လက်ခုပ်သံများ ဆူညံသွားသည်။

မိန်းကလေး အားတက်သွားဟန်တူ၏။ ကွင်းထဲရှိ ပြေးလမ်းပေါ်ရောက်မှ ပြေးနှုန်းက ပိုမြန်လာသည်။ ကြည့်နေသူများက သိ၏။ လက်ခုပ်သံ ၊ အော်ဟစ် အားပေးသံ များ တစ်ကွင်းလုံး ဆူညံနေသည်။ 

ပြေးနေသော မိန်းကလေးကိုယ်စား ရင်ထဲမှာ လှုပ်ရှားရ သည်။

ပန်းဝင်မုခ်ဦးမှ တာဖမ်းဒိုင်လူကြီးများကလည်း ပထမ ပန်းဝင်လာသူကို လက်ခုပ်ဩဘာပေး၍ ဆီးကြိုနေကြသည်။ပန်းဝင်ရာမုခ်ဦးဆီသို့ နီးလာလျှင် အားပေးသံများ၊ လက်ခုပ်သံများက ဆူညံလာလေ မိန်းကလေးက ပြေးနှုန်း မြန်လာလေဖြစ်သည်။
အားရစရာကောင်းသော အားပေးမှုဖြစ်သည်။
အသံချဲ့စက်လည်း အဆက်မပြတ် ကြေညာ၍ ဂုဏ်ပြုကြိုဆိုနေသည်။

ပန်းဝင်မုခ်ဦးအတွင်းသို့ ရောက်ရှိသွားသော မိန်းကလေးကို အမျိုးသမီး တာဖမ်းဒိုင်များက ဆီးကြိုပွေ့ဖက်ပြီး ကြက်ခြေနီ မိန်းကလေးများ ဝန်းရံလျက် အမောပြေအောင် ပြုစုရန် ခေါ်
ဆောင်သွားကြသည်။

 အချိန်အတော်ကြာမှ ဒုတိယ၊ တတိယမိန်းကလေး များ ပန်းဝင်လာကြသည်။တစ်ယောက်ဝင်လာတိုင်း တစ်ခါအားပေးသံများ ဆူညံသွားသည်။
စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ ... တစ်ယောက်ပြီးတစ်
ယောက် အမျိုးသမီး မာရသွန်များ ပန်းဝင်လာကြသည်။

နီးသည့်ခရီးမဟုတ်၊ ၁၃ မိုင် ပြေးလာရခြင်း ဖြစ်သည်။ဤမျှဝေးသောခရီးကို ပန်းဝင်သည့်အထိ မနားတမ်း ပြေးလာနိုင်သည်ကိုပင် အံ့သြစရာကောင်းလှသည်။ဇွဲလုံ့လနှင့် သတ္တိသာမက ကိုယ်ရော စိတ်ပါ ကြံ့ခိုင်ကြသည့် အာဂမိန်းမသားများ ဖြစ်သည်။

မီနီမာရသွန်မှ ပထမပန်းဝင်မည့် သားငယ်တစ်ယောက် အေးသာယာကွင်းဆီသို့ ချဉ်းကပ်လာနေပြီ ဖြစ်ကြောင်း အသံချဲ့စက်မှ ကြေညာသံ ထွက်ပေါ်လာသည်။ 

မြို့ဘက်ဆီမှ လက်ခုပ်သြဘာသံများ ဆူညံစွာ ကြားနေရ၏။ ကွင်းထဲမှ ပရိသတ်များ လှုပ်လှုပ်ရှားရှားဖြစ်လာ ကြပြန်သည်။

လက်ခုပ်သံများ ကွင်းဘက်ဆီသို့ နီးလာနေ၏။
အပြေးသမားရောက်ရှိလာသည်ကို လက်ခုပ်သံများနှင့်မှန်းဆ၍ ကြိုဆိုနေ၏။

ဆိုင်ကယ်များခြံရံလျက် မီနီမာရသွန် ပထမဆုယူမည့် သားငယ် တစ်ယောက် ကွင်းထဲသို့ ပြေးဝင်လာနေသည်။အေးသာယာကွင်းထဲမှ လက်ခုပ်သံ၊ အော်ဟစ်အားပေးသံ ဆူညံသွားသည်။ကျွန်တော်ကိုယ်တိုင်လည်း အားရပါးရ လက်ခုပ်တီး၍
ကြိုဆိုနေမိသည်။နံနက်တိုင်း ကျွန်တော်တို့ ကို အိပ်ရာမှ နိုးအောင် ဆူညံပေးသူ များ ထဲမှ ဤကလေးသည် တစ်ယောက် အပါအဝင်ဖြစ်လိမ့်မည်။ 

သူလည်း အားပေးသံများကြောင့် အားတက်ပြီး အပြေးခြေလှမ်းများ မြန်နေသည်။ပန်းဝင်ခါနီး လက်ခုပ်သြဘာသံများ ဆူညံနေကြသည်။
မီနီမာရသွန်ပထမကို အားပေးဂုဏ်ပြုသည့် အားရစရာ လက်ခုပ်သံများ ဖြစ်သည်။

ဒိုင်လူကြီးများက ဝမ်းသာအားရ ပထမဆုရှင်ကို ဂုဏ်ပြုဆီးကြို၍ ပွေ့ထားကြသည်။

နောက်တော့ ဒုတိယအတွက်လက်ခုပ်၊ တတိယအတွက်လက်ခုပ်၊ စတုတ္ထအတွက်လက်ခုပ် ဂုဏ်ပြုလက်ခုပ်သံများက အဆက်မပြတ်။

ဤကြားထဲတွင် အမျိုးသမီးမာရသွန်များကလည်း မလျှော့သောဇွဲလုံ့လဖြင့် ပန်းဝင်နေကြဆဲ။ ပထမ၊ ဒုတိယ၊ တတိယမရသော်လည်း ခရီးဝေးပြေး၍ ပန်းဝင်နိုင်သည်ကို ဂုဏ်ပြုကြ သည်။ကြည့်ရှုသူများကလည်း ဂုဏ်ပြုသြဘာပေးကြသည်။
နှစ်ယောက်တစ်တွဲ ဝင်လာသည်လည်း ရှိ၏။ သုံးယောက်တွဲ ရင်ပေါင်တန်း၍ ဝင်လာသည်လည်းရှိ၏။အချို့လည်း ခြေကုန်လက်ပမ်းကျနေပြီ။ သို့သော် အားတင်း၍ ပြေးနေသည်။ ပန်းတိုင်သို့ အရောက်ချီတက်မည်ဟူသော သတ္တိဖြစ်၏။

“ရောက်တော့မယ်... အားတင်းထား”

“ပြေး ... ပြေး ... ပန်းတိုင်ရောက်ပြီ”

ကြည့်နေသူများက အော်ဟစ်အားပေးနေကြသည်။
စေတနာပါသည့် လှိုက်လှဲသော အားပေးခြင်းသည် အစွမ်းထက်မြက်သော အားဆေးဖြစ်သည်ကို မာရသွန်ပွဲများမှာ သိသာထင်ရှားလှ၏။

 ခြေကုန်လက်ပန်းကျနေသူ များသည် အားပေး
သံကြောင့် အားတက်ပြီး ပြေးပြေး လွှားလွှား ပန်းဝင်သွားကြ၏။ အချို့ကြွက်တက်ပြီး တော့ကျိုးတော့ကျိုး လျှောက်ထားသူများပင် ခုန်ဆွခုန်ဆွ ပြေး၍ ပန်းဝင်သွားကြ၏။ပရိသတ်များ ပျော်ရွှင်စွာ ရယ်မောရင်း အားပါးတရ လက်ခုပ်တီး၍ ချီးကျူးအားပေးကြသည်။

ဖိတ်ခေါ် မာရသွန်မှ နိုင်ငံကျော် အပြေးသမားများ ပထမဆုကို လုရန် အပြိုင်အဆိုင် အနိုင်ကြဲ၍ အေးသာယာကွင်းဆီသို့ ချဉ်းကပ်လာနေပြီဖြစ်ကြောင်း အသံချဲ့စက်မှ ကြေညာသည်။ပရိသတ်များပို၍လှုပ်ရှားလာကြသည်။နိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များစွာရထားသည့် အပြေးသမားများကို ကိုယ်တိုင်ကြည့်မြင်
အားပေးရတော့မည်။

မြို့ထဲဆီမှ လက်ခုပ်သံများ အေးသာယာကွင်းဘက်ဆီသို့လျင်မြန်စွာ ချဉ်းကပ်လာနေသည်။နိုင်ငံကျော် အပြေးသမားများဖြစ်၍ မြန်သည်။ သူတို့ပြေးရသည် က ၂၆ မိုင်၊ အဝေးဆုံးဖြစ်၍သာ နောက်ဆုံးမှ
ပန်းဝင်လာကြခြင်း ဖြစ်သည်။ ရမည့်ဆုကလည်း အများဆုံး။ပထမဆု (၃)သိန်း၊ ဒုတိယဆု (၂) သိန်း၊ တတိယဆု(၁)သိန်း။ကျန်သည့် အတန်းများမှာ ပထမဆု (၁)သိန်း၊ ဒုတိယဆု(ခုနှစ်သောင်း ငါးထောင်)၊ တတိယဆု(ငါးသောင်း) ဖြစ်သည်။

ထုံးစံအတိုင်းပင် ဆိုင်ကယ်သမာများခြံရံ၍ နိုင်ငံကျော်အပြေးသမား ဂိုလ်ပါး ခေါ် သိန်းဝင်း အေးသာယာကွင်းထဲသို့ ဝင်လာသည်။မြန်သည်။ ဤမျှ ပြေးလာသည်ပင် ခြေက မကျ၊ တစ်ကွင်း
လုံး ဆူညံသွားပြီး လက်ခုပ်သြဘာပေးကြသည်။

ကျန်သည့် အတန်းမှ နောက်ကျပြီး ပန်းဝင်ရန် ကြိုးစားနေကြသည့် အမျိုးသမီးမာရသွန်များ၊ မီနီမာရသွန်များကို ဖြတ်ပြီး သူ့အတွက်အထူး သတ်မှတ်ထားသော ပန်းဝင်မုခ်ဦးဆီသို့ လျှင်
မြန်စွာ ပြေးဝင်သွားသည်။ 

ဖိတ်ခေါ်မာရသွန် ပထမဆု ဆွတ်ခူးသော ဂိုလ်ပါးခေါ် သိန်းဝင်အတွက် ဂုဏ်ပြုလက်ခုပ်သံများ ကွင်းထဲမှာ ဆူညံသွားသည်။သိပ်မကြာ ဒုတိယဆုကို မောင် မောင်တာက ဆွတ်ခူးသွားသည်။ပထမကဲ့သို့ပင် အားပေးကြပါသည်။တတိယဆုကို ဂေါ်ရီခေါ် သူရက ဆွတ်ခူးသည်။

အလွတ်တန်း ဖိတ်ခေါ် မာရသွန်မှ နိုင်ငံကျော် အပြေးသမားများ၊ ပထမ၊ ဒုတိယ၊ တတိယ ပန်းဝင်ပြီးမှ ဒေသခံအလွတ်တန်း မာရသွန်အပြေးသမားများ ပထမဆုရရှိရန် အပြိုင်အဆိုင် ပြေးလာနေကြပြန်သည်။

ဒေသခံဆိုသော သံယောဇဉ်စိတ်က နိုင်ငံကျော်ကို အားပေးသော လက်ခုပ်သံထက် အလျော့မခံကြပါ။ ဤဒေသခံ အပြေးချန်ပီယံကို နောင်တစ်နေ့မှာ နိုင်ငံကျော်ချန်ပီယံအဖြစ် မျှောင်လင့်အားထားပြီး အားပေးကြသည်။ ဤပြိုင်ပွဲများ ကျင်းပ သည့်
အဓိက ရည်ရွယ်ချက်သည်ပင် ကချင်ပြည်နယ်မှ နိုင်ငံကျော် ချန်ပီယံများကို မွေးထုတ်ပေးနိုင်ရန်ဖြစ်သည်။

ဒုတိယ၊ တတိယဆု၊ စတုတ္ထဆု စဉ်ဆက်မပြတ် ဝင်
ရောက်လာနေ ကြသည်။ စိတ်လှုပ်ရှားစရာ ဆုကြီးများကို အသီးသီး ဆွတ်ခူးသွားကြသည်။
အတန်းတိုင်းမှာ ဇွဲ၊ သတ္တိရှင်များကျတော့ နောက်ကျချင် ကျပန်းတိုင်အရောက် ပြေးနိုင်သည့် မှတ်တိုင်စိုက်ထူကြဆဲ။ပရိသတ်များကလည်း သူတို့ ၏ဇွဲသတ္တိကို ဂုဏ်ပြုကြောင်း လက်ခုပ် ဩဘာပေးနေကြဆဲ။ သို့ သော် ဆုဝင်သော လက်ခုပ်သံများလောက် ပေါက်ကွဲအားမရှိ။စိတ်လှုပ်ရှားစရာများကလည်း ကုန်သွားပြီ ဖြစ်၏။

အသက် ၅၀ ကျော် အဘိုးကြီးတစ်ယောက် ခပ်မှန်မှန်ပြေး၍ ပန်းဝင်လာသည်။ တစ်ချိန်က နိုင်ငံကျော် အပြေးသမားကြီးဖြစ်ကြောင်း အသံချဲ့စက်မှ ကြေညာ၍ လက်ခုပ်သံ စည်သွားပါသည်။

 အမျိုးသမီးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပန်းဝင်လာ သည်။ဆရာအတတ်သင်မှ ဆရာမများဖြစ်၍ သူ့ ပရိသတ်က ဝမ်းသာအားရ အားပေးနေကြသည်။

၁၀ နှစ်အောက် သားငယ် များလည်း ဇွဲသတ္တိ ပြ၍
တစ်ယောက်ပြီးတစ်ယောက် ပန်းဝင်နေကြသည်။ ။
ရှစ်နှစ်ခန့် သားငယ်တစ်ယောက်ကတော့ ထော့ ကျိုး ထော့ကျိုးနှင့်ပြေးလျက် ကွင်းထဲသို့ ဝင်လာသည်။ အတော်နာ နေဟန်တူသည်။ သုံးလှမ်းလောက်ပြေးလိုက် လမ်းလျှောက်လိုက်
လုပ်နေသည်။ကြည့် နေသော ပရိသတ်က လက်ခုပ်တီးပြီး အားပေးကြသည်။

“ပြေး ... ပြေး ... ရောက်ခါနီးပြီ ...”

ကလေးငယ် အားတင်းပြေးရှာသည်။သုံးလှမ်းလောက်ပြေးပြီး ဆက်ပြေး၍မရ။ လမ်းလျှောက်
သည်။ ကြွက်တက်နေဟန်တူသည်။

“အားတင်းထား ... ပန်းတိုင်ရောက်တော့မယ်”

လက်ခုပ်တီး၍ အားပေးကြသည်။ကလေးခမျာ နာသည့်ကြားမှ ကြိုးစား၍ပြေးသည်။ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။အားပေးသံများကြောင့် အားတက်သွားသည်။ သုံးလှမ်းမက လေးလှမ်း ... ငါးလှမ်း ... ခြောက်လှမ်း ... ခုနှစ်လမ်း
အထိ ပြေးသည်။

ကြည့်နေသူများ စိတ်မကောင်း ဖြစ်သွားကြသည်။
ကလေးငယ် မှောက်လျက်လဲကျသွားသည်။
ပြန်ထနိုင်ပါ့မလား။ကြည့်နေသူများ စိုးရိမ်နေဆဲမှာပင် ကလေးငယ်က ကုန်းထနေသည်။ လက်ခုပ်သြဘာသံများ ဆူညံစွာ ထွက်ပေါ်လာ၏။ပန်းဝင်ရမည် မုခ်ဦးကို မြင်နေရပြီ။ ၁ဝဝ ကျော်ခန့်သာလို
တော့သည်။

“ရောက်တော့မယ် ... အားတင်းထား”

 တစ်ကွင်းလုံးရှိ ပရိသတ်များအားလုံးက ကလေးငယ်ထံသို့ အာရုံရောက်နေကြသည်။ကလေးငယ်က ကြိုးစား၍ ဆက်ပြေးသည်။သုံးလှမ်းပြေးအပြီးမှ ကုန်းလျက်လဲကျသွားသည်။

“ဟာ”

ကြည့်နေသူများ စိတ်မကောင်း ဖြစ်ကြရပြန်သည်။
သို့သော် လက်ခုပ်များတီး၍ အားပေးနေကြဆဲ။
ကလေးငယ် ပြန်ထသည်။လက်ခုပ်သြဘာသံများ ပို၍ ဆူညံစွာ ထွက်ပေါ်လာသည်။ပရိသတ်များထဲမှသာမက အသံချဲ့စက်မှပါ အားပေးသံ
ထွက်ပေါ်လာသည်။

“သားငယ်တစ်ယောက် ခြေထောက်အလွန်နာနေတဲ့ ကြားက မာရသွန်ပန်းဝင်နိုင်ဖို့ ကြိုးစားနေပါတယ်ခင်ဗျာ”

ကလေးငယ် ပြေးပြန်ပါသည်။
ဘယ်သူမှ မရယ်ရက်ကြပါ။

“သားငယ် လဲကျသွားတယ်ခင်ဗျာ ... ဒါပေမယ့်
ပြန်ထနေတယ် ... ဟော ကြိုးစားပြီး ပြေးနေပြန်ပြီ ... အားပေးကြပါ ခင်ဗျာ ... အခုလို ဇွဲသတ္တိပြတဲ့ မြင်ကွင်းမျိုးဟာ မာရသွန်ပြိုင်ပွဲများမှာသာ တွေ့မြင်နိုင်သာ ဖြစ်ပါတယ်”

အသံချဲ့စက်မှ ပြောနေသူ၏စကားများသည် အမြင်နှင့်ကိုက်ညီနေသည့် အတွက် ပရိသတ်အားလုံး ကလေးငယ်များကို လေးစားစွာ အားပေးကြသည်။
ပန်းဝင်ရန် ကိုက် ၅၀ ခန့်သာ ကျန်တော့သည်။
လက်ခုပ်သံများမှာ ဆူညံနေဆဲ။ဤကလေး ပန်းဝင်လျှင်လည်း ပထမ၊ ဒုတိယ၊ တတိယ ဘာဆုမျှ ရမည်မဟုတ်ပါ။ နှစ်သိမ့်ဆုပင် မဝင်နိုင်ပါ။ သူ့ရှေ့
ပန်းဝင်သွားသော သားငယ်တွေ များလှပြီ။ ၅၀၊ ၆၀ ပင် ကျော်လောက်ပြီ။သူကြိုးစားနေသည်မှာ ဆုရဖို့ မဟုတ်။ မာရသွန်ပြိုင်ပွဲမှာ အစအဆုံး ပါဝင်ပြီး ပန်းဝင်နိုင်သည်ဆိုသောဂုဏ်ကိုရဖို့ ကြိုးစားနေခြင်း ဖြစ်သည်။

ဤကလေး၏ ကြီးမားသောဆန္ဒကို ပရိသတ်အားလုံးနားလည်ကြသည်။ ကလေး၏ဆန္ဒကို လေးစားချီးကျူးပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးကြသည့် လက်ခုပ်သံများလည်း
ဆူညံနေသည်။ အတန်းအသီးသီးမှာ ပထမရထားသူများပါ သားငယ်ကို လက်ခုပ်ဩဘာပေး၍ လေးစားစွာ ဂုဏ်ပြုနေကြ၏။
ပန်းတိုင်နှင့် နီးနေပြီ။

“လာ ... လာ ... နီးနေပြီ ... ကြိုးစားလိုက်”

ဒိုင်လူကြီးများကလည်း စိတ်လှုပ်ရှားစွာ ဆီးကြိုနေကြသည်။ပန်းတိုင်မုခ်ဦးအတွင်းသို့ ဤကလေး ပန်းဝင်သွားနိုင်သည်ကို တစ်ကွင်းလုံးရှိ လူအားလုံး မြင်ချင်ကြသည်။

ကလေးငယ် လဲကျသွားပြန်သည်။
လက်ခုပ်ဩဘာသံများကြားမှ ကြိုးစား၍ ထသည်။ ပြန်ပြေးရန် ကြိုးစားသည်။ တစ်လှမ်းသာရသည်၊ ထပ်လဲသည်။ပြန်ထသည်။ နောက်တစ်လှမ်း ... ပြန်လဲကျသည်။ငါးကိုက်ခန့်သာ ကျန်တော့သည်။
လူအားလုံး စိတ်လှုပ်ရှားနေကြပြီ။

 ပထမရရန် ကြိုးစားသူများကို ကြည့် ရသည်ထက်ပင် စိတ်လှုပ်ရှားနေကြသည်။ပထမရမည့်သူထက်ပင် ပို၍ အားပေးနေကြသည်။လူအားလုံး၏ ကြီးမားသောဆန္ဒမှာ တူညီနေကြသည်။
ဤကလေးငယ် အောင်မြင်စေချင်သည်။ ။
ဤအောင်မြင်မှုမှာ အလွန်ကြီးကျယ်နေသည်။
ကလေးငယ်လဲကျရာမှ ကြိုးစားပြီး ထနေသည်။
လက်ခုပ်သံများ ဆူညံစွာ အားပေးနေသော်လည်း ကလေးငယ် ပြန်မထနိုင်တော့ပါ။သို့ သော် အော်ဟစ်အားပေးသံ လက်ခုပ်သံများက ဆူညံ
နေဆဲ။

နာကျင်နေသော ကလေးငယ်ကို မသနား၍ မဟုတ်။
ဤကလေးငယ် ဤမျှ ဇွဲသတ္တိကြီးစွာ ကြိုးစားပြီး ဤမျှနီးနေခါမှ အရှုံးမပေးချင်တော့ပါ။ဤကလေးငယ် အောင်မြင်စေချင်သည်။ဤကလေး၏ အောင်မြင်မှုသည် အားပေးသူ တစ်ယောက်ချင်း၏ အောင်မြင်မှုလည်း ဖြစ်လေသည်။ကချင်ပြည်နယ် မာရသွန် ပြိုင်ပွဲကြီး၏ အောင်မြင်မှုလည်း
ဖြစ်လေသည်။

ကလေးငယ်မှာ လေးဘက်ထောက်လျက် အခြေအနေသို့ရောက်နေသည်။ မတ်တပ်ရပ်နိုင်အောင် ကြိုးစားသည်။ မရ။ရှေ့မှာ မုခ်ဦးက ဆီးကြိုလျက်။

“မလျော့နဲ့ကွ ... ကြိုးစားကွ ... ပန်းဝင်တော့မယ်”

အားပေးသံများ။
လက်ခုပ်သံများ။
ကလေးငယ်လေးဘက်ထောက်လျက်မှ မုခ်ဦးဆီသို့ လှမ်းကြည့်နေသည်။
လက်ခုပ်သံများ ဆူညံနေဆဲ။
ကလေးငယ်သည် ဒူးနှစ်ဘက် လက်နှစ်ဘက်ထောက်လျက်မှ မုခ်ဦးဆီသို့ ပြေးသွားပါသည်။
လေးဘက်ထောက်လျက် ပြေးခြင်းဖြစ်၏။
ကလေး၏ဆုံးဖြတ်ချက်ကို ပရိသတ်သိသွားသည်။တခဲနက် သြဘာပေးသံကြီး ထွက်ပေါ်လာသည်။မတ်တပ်ရပ်၍မရသော ကလေးငယ်သည် လေးဘက်ထောက်လျက်ပြေးရင်း ပန်းတိုင်မုခ်ဦးအတွင်းသို့ အောင်မြင်စွာဝင်ရောက်သွားပါသည်။
ကျွန်တော်ဝမ်းသာအားရ လက်ခုပ်တီးနေမိသည်။
ကျွန်တော့် မျက်လုံးအိမ်များတွင် မျက်ရည်များနှင့် စိုစွတ်နေကြလေပြီ။ ။ထွက်ကျတော့မည့် မျက်ရည်စကို မျက်တောင်နှစ်ချက် ဆက်တိုက်ခတ်၍ သိမ်းဆဲလိုက်ရသည်။

#လယ်တွင်းသားစောချစ်
#မာရသွန်ပွဲမှမျက်ရည်

#shared_by_louis_augustine

Comments