ဒလျှိုဒလန်ဘယ်ကစ တော်လှန်ပုန်ကန်ဘယ်ကလာ // ကိုသိမ်းမြတ်
ဒလျှိုဒလန်ဘယ်ကစ တော်လှန်ပုန်ကန်ဘယ်ကလာ // ကိုသိမ်းမြတ်
သူလျှိုဆိုတာ သူတပါးအဖွဲ့အစည်းထဲမှာ လျှိုဝင်ပြီး လျှို့ဝှက်အလုပ်လုပ်ကိုင်နေသူကိုခေါ်ပါတယ်
ဒီနှစ်အတွင်း အကြားရအများဆုံးစကားလုံးတွေထဲမှာ ဒလျှို၊ ဒလန်၊ တော်လှန်၊ ပုန်ကန် ဆိုတဲ့စကားလုံးတွေ ပါဝင်ပါတယ်။ ဒီစကားလုံးတွေရဲ့ ရင်းမြစ်ကဘာ၊ အနက်ကဘာ၊ အဓိပ္ပာယ်က ဘာတွေပါလဲ။
သူလျှို၊ ဒလျှို
ဒလျှိုက အသံထွက်ပါ။ စာလုံးပေါင်းအမှန်က သူလျှိုပါ။ မြန်မာအဘိဓာန်မှာတော့ အသံထွက်ကို “ဒလျှို” လို့ပြထားပြီး အဓိပ္ပာယ်မှာတော့ “သတင်းကို လျှို့ဝှက်ထောက်လှမ်းသူ” လို့ပေးထားပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ အခုလို ရှင်းပြပါတယ်။
“သူလျှိုဆိုတာ လျှိုတဲ့သူပေါ့။ လျှိုတယ်ဆိုတာ လျှို့ဝှက်တာပေါ့။ လျှိုးဝင်တာပေါ့။ မြန်မာစကားက တက်ကျသံဘာသာစကား tone language ဆိုတော့ လျှို၊ လျှို့၊ လျှိုး သုံးမျိုးစလုံးကိုကြည့်ရမှာပေါ့။ လျှို၊ လျှို့၊ လျှိုးက အဓိပ္ပာယ်အတူတူပဲ။ ဒီဂရီပဲကွာတာ။ လျှိုတယ်ဆိုတာ မူလအနက်ပေါ့။ လျှို့ကတော့ လျှိုထက်ဒီဂရီနည်းနည်းနိမ့်တယ်။ လျှိုးကတော့ပိုမြင့်တာပေါ့။ လျှိုတယ်ဆိုတာ လျှိုဝင်လာတဲ့သူပေါ့။ လျှို့ဆိုတော့ လျှို့ဝှက်တဲ့သူပေါ့။ လျှိုးဆိုတော့ လျှိုးဝင်လာတဲ့သူပေါ့။”
လျှိုဆိုတာ အပေါက်ထဲကို တုတ်နဲ့လျှိုတယ်ဆိုတဲ့ လျှိုနဲ့အတူတူ၊ လျှိုမြောင်ဆိုတဲ့လျှိုနဲ့အတူတူ၊ လျှို့ဆိုတာလျှို့ဝှက်တဲ့လျှို့၊ လျှိုးဆိုတာကတော့ လျှိုးဝင်တယ် ဒါမှမဟုတ် ငုပ်လျှိုးတယ်ဆိုတဲ့နေရာတွေမှာသုံးတဲ့ လျှိုးနဲ့အဓိပ္ပာယ်အတူတူပဲဖြစ်ပါတယ်။
ဆရာတော်ဦးကောသလ္လရဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်းမှာတော့ “သွင်း၊ သို၊ ရှို၊ လျှို” အားလုံးဟာအနက်တူဖြစ်ပြီး “အတွင်းသို့သွင်းသည်၊ ဝင်သည်” လို့အဓိပ္ပာယ်ရကြောင်းဖော်ပြပါတယ်။
လျှို့ဆိုတာကတော့ “လျှိုထားသည်၊ ဝှက်သည်” လို့အနက်ပေးပါတယ်။ လျှို့ဝှက်ဆိုတာ အနက်တူစကားနှစ်လုံးကိုတွဲထားတာလို့ဆိုပါတယ်။ ဒါ့အပြင် လျှိုဟာ “နက်ရှိုင်းသည်၊ နက်ရှိုင်းသောလျှိုမြောင်” လို့လည်း အဓိပ္ပာယ်ရကြောင်း ဖော်ပြထားပါတယ်။ သျှင်မဟာရဋ္ဌသာရဆရာတော် ရေးသားသီကုံးတဲ့ သံဝရပျို့ထဲမှာ “တပြည်ရပ်သား၊ စွန့်စားသူလျှို၊ ရောယှက်ခို”၍ ဆိုပြီးရေးသားထားကြောင်းလည်း ကိုးကားဖော်ပြပါတယ်။
လျှိုးကိုတော့ “အတွင်းသို့သွင်းသည်၊ ဝင်သည်” လို့အနက်ပေးပါတယ်။ ဒါ့အပြင် “ငုံ့သည်၊ ငုပ်သည်” လို့လည်း အနက်ပေးထားပါတယ်။
ဒလန်
သူလျှိုနဲ့အတူတွဲသုံးလေ့ပြောလေ့ရှိတဲ့ နောက်စကားတလုံးက ဒလန်ပါ။ သူခိုးသူဝှက်၊ သူပုန်သူကန်တို့လိုမျိုး သူလျှိုသူလန်ကနေ ဒလျှိုဒလန်ဖြစ်တယ်လို့ထင်တဲ့ ယူဆချက်ဟာမှားပါတယ်။ ဒလန်ဟာ သီးသန့်စကားတလုံံးပါ။
“ဒလန်က ဗမာစကားမဟုတ်ဘူး။ ဟိန္ဒီဘာသာစကားပါ။ ဟိန္ဒီမှာ ဒလန်လို့ပဲ ခေါ်တယ်။ မြန်မာအက္ခရာနဲ့ အသံဖလှယ်ပြီး စာရေးရင် ဒလာလ်လို့ရေးပါတယ်။ အသံထွက်ကတော့ ဒလန်ပါပဲ။ ဟိန္ဒီမှာတော့ ရေးချာသံလေးပါတာပေါ့ဗျာ။ ဗမာကတော့ ဒလန်လို့ အသံထွက်လိုက်တာပါပဲ။” လို့ဆရာကြီးဦးထွန်းတင့်က ရှင်းပြပါတယ်။
ဒလန်ရဲ့ အဓိပ္ပာယ်ကို ခရီးဆောင်မြန်မာအဘိဓာန်မှာ “တစုံတယောက်၏ အကျိုးအတွက် အခြားသူကို လှည့်ဖြား၍ ဆောင်ရွက်ပေးသူ” လို့ဖွင့်ဆိုထားပါတယ်။ ဒါကမူရင်းအဓိပ္ပာယ်ဖြစ်ပါတယ်။ အခုအခါမှာတော့ ဒလန်ဆိုတဲ့စကားကို သတင်းပေးလို့ အများက ပိုနားလည်နေကြပုံရပါတယ်။
သူခိုးသူဝှက်
ခိုးဝှက်ဆိုတဲ့ကြိယာကို လူပုဂ္ဂိုလ်ကိုယ်စားပြုတဲ့ “သူ” ဆိုတဲ့စကားနှစ်လုံးညှပ်သုံးပြီး လူပုဂ္ဂိုလ်နာမ်အဖြစ်ပြောင်းလဲသုံးနှုန်းထားတာဖြစ်ပါတယ်။ သူစိမ်းသူကျက်၊ သူပုန်သူကန်၊ လူကောင်းသူကောင်း၊ လူဆိုးလူမိုက်၊ လူပါးလူနပ်၊ လူရှုပ်လူပွေ စတဲ့စကားလုံးတွေနဲ့ စကားပရိယာယ် ဆင်တူပါတယ်။
သူပုန်သူကန်
သူပုန်သူကန်ဆိုတဲ့စကားကတော့ နည်းနည်းချဲ့ထွင်စဥ်းစားစရာရှိကြောင်း ဆရာကြီး ဦးထွန်းတင့်က ထောက်ပြပါတယ်။ ခိုးဝှက်သည်ဆိုတဲ့ကြိယာကို သူခိုးသူဝှက်ဆိုတဲ့ နာမ်ပြောင်းလဲတာမျိုး၊ ဆိုးမိုက်သည်ကို လူဆိုးလူမိုက်ဆိုတဲ့နာမ်ပြောင်းလဲတာမျိုး၊ ပါးနပ်သည်ဆိုတဲ့ကြိယာကို လူပါးလူနပ်ဆိုတဲ့နာမ်ပြောင်းလဲတာမျိုး၊ ရှုပ်ပွေသည်ဆိုတဲ့ကြိယာကို လူရှုပ်လူပွေဆိုတဲ့နာမ်ပြောင်းလဲတာမျိုးနည်းတူ ပုန်ကန်သည်ဆိုတဲ့ကြိယာကို သူပုန်သူကန်ဆိုတဲ့နာမ်အဖြစ်ပြောင်းလဲသုံးစွဲတာလည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် “ရှေးစကားတွေမှာ ပုန်တယ်လို့ ပုန်တလုံးတည်းလည်းသုံးပါတယ်။ ပုန်တလုံးတည်း ပြောရင်လည်း နားလည်ပါတယ်။ တခါတလေမှာ ကန်ဆိုတဲ့စကားလုံးကို စာလုံးပွားပြီး အပိုထည့်သုံးတဲ့ အလေ့အထ ရှိပါတယ်။ ဘာမှအဓိပ္ပာယ်မရှိဘဲ စကားလုံးအပိုပွားတန်ဆာဆင်တဲ့ အလေ့အထပါ။ ဥပမာဆိုရင် သဘောကို သဘောသကန်လို့ သုံးတယ်။ အဲဒီသကန်မှာ ဘာအဓိပ္ပာယ်မှမရှိဘူး။ သရုပ်ဆိုတဲ့စကားကို သရုပ်သကန်လို့ပြောတယ်။ အဲဒီသကန်မှာ ဘာအဓိပ္ပာယ်မှမရှိဘူး။ သက်သေကိုသက်သေသက်ကန်၊ စော်ဘွားဆိုရင် စော်ဘွားစော်ကန်၊ အဲဒါတွင်တောင် မကဘူး ပါဠိကိုတောင် ပါဠိပါကန်လို့ပြောသေးတယ်။”
သူပုန်သူကန်မှာ သူကန်ဟာ အနက်မဲ့စကားတန်ဆာဆင်ခြင်းလည်း ဖြစ်နိုင်တယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုလိုပါတယ်။
ရကန်
အဲသလို ကန်အပိုဖြည့်စွက်သုံးစွဲတတ်တဲ့ ဝေါဟာရထဲမှာ ရကန်ဆိုတဲ့စာလုံးကို ဆရာကြီးဦးထွန်းတင့်က ထောက်ပြတာဟာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။
“နောက်ကဟာတွေက အပွားတွေဗျ။ အဓိပ္ပာယ်ရှိတာမဟုတ်ဘူး။ စကားလုံးပွားပြီး တန်ဆာဆင်ထားတာ။ ရတုကို ရတုရကန်လို့ခေါ်တာ အဲဒါပဲ။ အခုရကန်ကို ကြီးကြီးကျယ်ကျယ် အဓိပ္ပာယ်တွေ ဖွင့်နေကြတာ။ ကာရန်ကို ကန်၍ ဖွဲ့ဆိုသောကြောင့်လည်းကောင်းတို့၊ သူတပါးကို ဖိနှိပ်ကန်ကျောက်၍လည်းကောင်းတို့ဘာတို့ တယောက်ယောက်က တယောက်ယောက်ဆိုတာ ထားပါတော့ဗျာ။ ရှေးတုန်းကနာမည်ကြီးခဲ့တဲ့ပုဂ္ဂိုလ်ကြီးတွေ၊ ပုဂံဝန်ထောက်မင်းဦးတင်တို့ဘာတို့လို ပုဂ္ဂိုလ်ကြီးတွေကပြောတော့ အဟုတ်ထင်ကုန်ကြတာ။ တကယ်က ရကန်ဆိုတာ ဘာမှ အဓိပ္ပာယ်ရှိတာမဟုတ်ဘူး။ ရတုကိုပွားထားတာ။ ဒီလိုပဲအခုန သူပုန်သူကန်ဆိုတာမှာလည်း သူပုန်ကနေသူကန်ထည့်ပြီးပွားလိုက်တာလို့ ယူရင်လည်း ရတယ်။ ဒါမှမဟုတ် ပုန်ကန်သည်ဆိုတဲ့ကြိယာထဲမှာ သူထည့်ပြီး သူပုန်သူကန်အဖြစ်ပြောင်းတယ်လို့ ယူဆရင်လည်း ရတာပေါ့ဗျာ။”
ပုန်ကန်
ပုန်ကိုရှေးအခါက ကန်နဲ့မတွဲဘဲ ပုန်တလုံးတည်းလည်း သုံးခဲ့ဖူးတယ်လို့ ဆရာကြီးဦးထွန်းတင့်ကစောစောကပြောပါတယ်။ ပုန်ရဲ့စကားရင်းမြစ်က ဘာပါလဲ။
“ပုန်ရဲ့အဓိပ္ပာယ်ကတော့ တိုက်ခိုက်တဲ့သဘောလည်း ရနိုင်ပါတယ်။ ပစောက်တချောင်းငင်နသတ်မှာ နသတ်ကို တသတ်နဲ့ဖလှယ်ကြည့်ရင် ပုတ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ပုတ်တယ်ဆိုတော့ တိုက်ခိုက်တဲ့သဘောပါပဲ။ ဗမာဝေါဟာရတွေရဲ့ ရင်းမြစ်အနက်ကိုလေ့လာတဲ့အခါမှာ ပထမအက္ခရာရဲ့အသတ်နဲ့ ပဉ္စမအက္ခရာရဲ့ အသတ်ကို အဲသလို ပြောင်းလဲဖလှယ်ကြည့်မှ အနက်အဓိပ္ပာယ်ပေါ်ပေါက်တာတွေ အများကြီးရှိပါတယ်။ အမြဲကျင့်သုံးရတဲ့ နည်းလမ်းတခုပါ။ ဒါကကောက်ယူနည်းတခုပါ။”
နောက်ထပ်ကောက်ယူနည်းတခုကိုလည်း ဆရာကြီးဦးထွန်းတင့်က ဆက်ရှင်းပြပါတယ်။
“နောက်ထပ်ကောက်ယူနည်းကတော့ စောစောကကောက်ယူခဲ့သလို တက်ကျသံဘာသာစကားဖြစ်တဲ့အတွက် ပုန်ရဲ့ အဓိပ္ပာယ်ကို ပုန်၊ ပုန့်၊ ပုန်း ၃ လုံးမှာသွားရောက်ရှာဖွေမယ်ဆိုရင် ပုန့်မှာတော့ အနက်မရှိဘူး။ ပုန်းဆိုတာကတော့ ပုန်းကွယ်တဲ့သဘောပေါ့။ ဒါကြောင့် သူပုန်ဆိုတာ ပုန်းကွယ်ပြီး အလုပ်လုပ်တဲ့သူလို့လည်း အဓိပ္ပာယ်ထွက်နိုင်ပါတယ်။”
ဒီတော့ သူပုန်ရဲ့ ရင်းမြစ်အနက်က ၂ မျိုးပါ။ တိုက်ခိုက်သူဆိုတဲ့အနက်နဲ့ ပုန်းကွယ်သူဆိုတဲ့ အနက်ပါ။
ဒါကအနက်ဖြစ်ပါတယ်။ အဓိပ္ပာယ်ကိုတော့ ခရီးဆောင်မြန်မာအဘိဓာန်မှာရှာကြည့်နိုင်ပါတယ်။ “လက်နက်စွဲကိုင်၍ ထကြွသောင်းကျန်းသည်။ ဆန့်ကျင်သည်။ ဖီဆန်သည်။” လို့အဓိပ္ပာယ်ပေးထားပါတယ်။
အစိုးရကို ပြည်သူကတွန်းလှန်တာ၊ မြင့်သူကိုနိမ့်သူက ပြန်လှန်တာ တော်လှန်ရေး
တော်လှန်
“တော်ဆိုတာ တော်နဲ့လှန်ဆိုတဲ့ စကားလုံးနှစ်လုံးကိုတွဲထားတာပါ။ တော်ဆိုတာ မြင့်မြတ်တာကို ပြောတာ။ အရှင်သခင်ကို ခေါ်တာ။ တော်ကြီးဘုရားတို့ဘာတို့ဆိုတဲ့တော်ပေါ့။ ကျောင်းတော်တို့၊ နန်းတော်တို့ အိမ်တော်တို့ဆိုတဲ့ တော်ပေါ့။ တော်ဝင်တယ်ဆိုတာ အဲဒီတော်ကို ပြောတာ။ မိန်းကလေးတွေကိုခေါ်လိုက်ရင် တော်လို့ထူးတာ အဲဒါပဲ။ တဖက်လူကို အရှင်သခင်လို့ သဘောထားပြီး ရိုရိုသေသေထူးတာ။ နောက်တော့ ရှင်လို့ဖြစ်လာတယ်။ ရှင်ဆိုတာလည်း အရှင်သခင်ကိုပြောတာ။ အတူတူပါပဲ။ ရိုရိုသေသေ ထူးတာပါပဲ။”
ဆရာကြီးဦးထွန်းတင့် ရှင်းပြတာပါ။ အမျိုးသမီးနာမည်တွေရှေ့မှာတပ်တဲ့ ဒေါ်ဟာလည်း အဲဒီတော်က ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။
“လှန်ဆိုတာကတော့ ပြန်လှန်တဲ့သဘော၊ တွန်းလှန်တဲ့သဘော။ တော်လှန်တယ်ဆိုတာ တော်ကိုလှန်တာဗျ။ မြင့်တဲ့သူကို နိမ့်တဲ့သူကလှန်တာ။ အရှင်သခင်ကိုကျွန်ကနိမ့်တဲ့သူကလှန်တာ။ အဲဒါမျိုးကိုခေါ်တာ။ အစိုးရကို ပြည်သူက လှန်တာပေါ့ဗျာ။ အခုခေတ်မှာတော့။”
ဆရာတော်ဦးကောသလ္လရဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်းမှာတော့ လှန်ရဲ့အနက်ကို “ပြောင်းလဲသည်၊ ပြန်သည်” လို့ပေးထားပါတယ်။ တော်လှန်၊ တွန်းလှန်၊ ပြန်လှန်၊ သွေလှန် အားလုံး အနက်တူပဲလို့ ပြဆိုထားပါတယ်။ ဘူရိဒတ်ဇာတ်ပေါင်းထဲမှာ “သေမင်းကျွန်မှ တော်လှန်မင်းစစ် မဖြစ်ချေမိ။” လို့ရေးသားထားကြောင်းလည်း ဆရာတော်ကကိုးကားထားပါတယ်။
ပုဂံခေတ်ကျောက်စာတခုမှာလည်း တော်လှန်ဆိုတဲ့စကားကိုသုံးစွဲခဲ့ဖူးတယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။
“ပုဂံခေတ်ကကျောက်စာမှာ တော်လှန်ဆိုတဲ့စကားကိုသုံးခဲ့ဖူးတယ်။ ကျွန်ကိုဘုရားမှာလှူရာမှာ တူတဲ့အကျိုးလိုချင်လို့ လှူတဲ့သဘောကို ဒီလိုရေးထိုးခဲ့တယ်။ ရမ္မက်ကျွန်ဖြစ်ခဲ့လို့ အဲဒီရမ္မက်ကျေးကျွန်ဘဝကို တော်လှန်ချင်လို့ ကျွန်လှူတယ်လို့ ရေးထိုးခဲ့ပါတယ်။ လူ့ဘဝ ၃၁ ဘုံမှာ ကျင်လည်နေရတာဟာ ရမ္မက်ရဲ့ကျေးကျွန်ဖြစ်လို့ ကျင်လည်နေရတာလို့ယူဆပြီး ရေးထိုးခဲ့တာ။ ရမ္မက်ကျွန်အဖြစ်မှတော်လှန်လိုရကားကျွန်လည်းလှူ၏ လို့ရေးထိုးခဲ့ပါတယ်။”
တော်လှန်ဆိုတဲ့စကားဟာ မြန်မာစကားပေါ်စကတည်းက အတူတူပေါ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပုဂံခေတ်မှာ အဲဒီစကားလုံးပေါ်ခဲ့ပြီဆိုတာ ကျောက်စာအထောက်အထားအရ အသေအချာအတည်ပြုလို့ ရပါတယ်။
တော်လှန်နဲ့ပတ်သက်ပြီး အကောက်အယူမူကွဲတခုကိုလည်း တွေ့မိပါတယ်။ ဆရာလှသမိန်ရဲ့ ခက်ဆစ်အဘိဓာန်ထဲမှာ တော်စပ်သည်မှပြတ်ခြင်း၊ ပုန်ကန်ခြင်း၊ ထောင်ထားခြင်းလို့ အဓိပ္ပာယ်ပေးထားပါတယ်။ တော်လှန်မှာပါတဲ့ တော်ကို တော်စပ်သည် အနက်ကနေဆင်းသက်တယ်လို့ ဆရာလှသမိန်က အနက်ကောက်ယူထားကြောင်း ထင်ရှားပါတယ်။
ဆရာတော်ဦးကောသလ္လရဲ့ ဓမ္မနိရုတ္တိနယသင်္ဂဟကျမ်းမှာ တော်ရဲ့အနက်ဖွင့်ဆိုရာမှာ ဆရာဦးထွန်းတင့်ပြောသလို အစိုးရ၊ အရှင် ဆိုတဲ့အနက်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။
“တော်ဝင်ဘုရင်မင်းမြတ်၊ တော်ဘုရားလေး၊ တော်ဘုရားကြီး၊ ဟုတ်ပါရဲ့တော်”
ဆရာလှသမိန်ရေးသားသလို တော်ဟာ စပ်သည်၊ ဆုံသည် အနက်ရှိကြောင်းလည်း ဖော်ပြပါတယ်။
“သူနဲ့ကျွန်တော်တူဝရီးတော်စပ်တယ်။”
ရပ်သည်၊ တန့်သည် အနက်ရှိကြောင်းလည်း ဖော်ပြပါတယ်။
“တော်ပါတော့။ ဆက်မလုပ်ပါနဲ့။”
ဒါ့အပြင် လျော်ကန်သည်၊ တင့်တယ်သည်လို့ အနက်လည်းရှိကြောင်း တည့်မတ်၊ မှန်ကန် အနက်လည်းရှိကြောင်းဖော်ပြပါတယ်။
“ဒီလိုတော့မလုပ်ပါနဲ့။ မတော်ပါဘူး။”
ဒါ့အပြင် တော်ဟာ တွန်းသည်၊ တွန်းကန်သည် အနက်ရှိတယ်လို့လည်း ဖော်ပြပြန်ပါတယ်။
ဆရာတော်က အနက်အမျိုးမျိုးဖွင့်ဆိုပေမဲ့ “တော်လှန်၊ တွန်းလှန်၊ ပြန်လှန်၊ သွေလှန်” အနက်တူလို့လည်း ဆိုထားတဲ့အတွက် ဆရာတော်ကတော့ တော်လှန်မှာပါတဲ့တော်ကို တွန်းကန်တဲ့အနက်နဲ့အတူတူလို့ ကောက်ယူချင်ပုံရပါတယ်။
ဒီတော့ တော်လှန်နဲ့ပတ်သက်တဲ့ အနက်ယူပုံ ၃ မျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဆရာကြီးဦးထွန်းတင့်ရဲ့ အမြင်က တော်လှန်တယ်ဆိုတာ မြင့်သူကိုနိမ့်သူကလှန်တာ။ ဆရာတော်ဦးကောသလ္လရဲ့ အမြင်က တော်လှန်တယ်ဆိုတာ တွန်းလှန်တာ။ ဆရာလှသမိန်ရဲ့အမြင်ကတော့ တော်စပ်တာကနေ ပြတ်စဲတာဖြစ်ပါတယ်။
အနက်ကောက်ယူရာမှာ ဆရာကြီးများ အနည်းငယ်မျှကွာဟမှုရှိကြပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုရာမှာတော့ သဘောကိုက်ညီကြမယ်ထင်ပါတယ်။ ခရီးဆောင်မြန်မာ အဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုရာမှာတော့ တော်လှန်တယ်ဆိုတာကို အဓိပ္ပာယ် ၃ မျိုးဖွင့်ဆိုထားပါတယ်။
၁။ ကျွန်အဖြစ်မှ လွတ်အောင်လုပ်သည်။ အချုပ်အနှောင်အဖိအစီးမှ လွတ်မြောက်အောင်လုပ်သည်။
၂။ ဖီဆန်သည်။ ကာပြန်သည်။ ပုန်ကန်သည်။
၃။ စနစ်တခုမှတခုသို့ အခြေအနေတခုမှတခုသို့ ပြောင်းလဲပစ်သည်။
ခရီးဆောင်မြန်မာအဘိဓာန်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ပထမဖွင့်ဆိုချက်က သမိုင်းအမြင်ပါဝင်နေပါတယ်။ ဒုတိယအဓိပ္ပာယ်ဖွင့်ဆိုချက်က မြန်မာစကားအနက်ကနေ တိုက်ရိုက်ဆင်းသက်ပုံရပါတယ်။ တတိယအဓိပ္ပာယ်ဖွင့်ဆိုချက်က နိုင်ငံရေးသဘော ဆက်နွှယ်ပါတယ်။ အင်္ဂလိပ်စကားလုံး revolution ရဲ့သြဇာသက်ရောက်မှုရှိတယ်လို့ယူဆဖွယ်ဖြစ်ပါတယ်။ revolution ကို တချိန်က အရေးတော်ပုံလို့ ဘာသာပြန်ခဲ့ဖူးပေမဲ့ အခုအခါမှာ တော်လှန်ရေးလို့ပဲ လူအများက ဘာသာပြန်ကြပါတယ်။ ဒါ့ကြောင့် revolution ဆိုတဲ့စကားရဲ့သြဇာက တော်လှန်ရေးဆိုတဲ့စကားရပ်ရဲ့ အဓိပ္ပာယ်အပေါ် သက်ရောက်မှုရှိတယ်ဆိုရင် ဒါကလည်း ဘာသာစကားတို့ရဲ့ အဓိပ္ပာယ်ကူးလူးဖလှယ်ဆက်သွယ်တတ်တဲ့ သဘာဝလို့သာ ဆိုရမှာဖြစ်ပါတယ်။
#ကိုသိမ်းမြတ်
#ဒလျှိုဒလန်ဘယ်ကစ_တော်လှန်ပုန်ကန်ဘယ်ကလာ
Comments
Post a Comment