အမှားအယွင်း // ကျွန်း
အမှားအယွင်း // ကျွန်း
(မဟေသီမဂ္ဂဇင်း ၊ဒီဇင်ဘာ ၊ ၂၀၀၀ ခုနှစ်)
“ တူ ... တူ ... ”
“ ဟယ်လို အမိန့် ရှိပါရှင် ... ”
“ ဟုတ်ကဲ့ ... ကျွန်မ ဆရာစိုး နဲ့ စကား ပြောချင်လို့ပါ ... ”
တစ်ဖက် မှ မိန်းကလေး သံကြောင့် ဒေါ်မိမိတင် ၏ စိုးရိမ်ပူပန်မှုများ ဒေါသ အဖြစ် ပြောင်းကာ ငယ်ထိပ်သို့ တက်ဆောင့်လေတော့သည် ။
“ ဆရာစိုး မရှိပါဘူး ... ”
ထိန်းထားသည့် ကြားထဲမှ လေသံ က မာကျောနေသည် ။
“ ဆရာ ဘယ် အချိန်လောက်များ ပြန်ရောက်မလဲ သိပါရစေရှင် ... ”
“ ဒါတော့ မပြောတတ်ပါဘူး ရှင် ... ”
ဖုန်းခွက် ကို ဆောင့်ကာ ချလိုက်မိသည် ။ သည် မိန်းကလေးက ဘယ်ကလဲ ၊ ဘယ်သူလဲ ၊ သားလေး နဲ့ ဘယ်လို ပတ်သက်သလဲ ဟုပါ တစ်ဆက်တည်း တွေးနေမိသည် ။
ဒီလိုပါပဲ ။ မိန်းကလေး တစ်ယောက် သားလေးထံ ဖုန်းဆက်တိုင်း သူမ ပူပန်သောကတွေ ပွားနေကျ ။ အမှန်တော့ သူမ ချစ်မြတ်နိုးစွာ သားလေး ဟု ခေါ်သည့် စိုးမောင်မောင် မှာ အချိန်တန် အရွယ်ရောက် ရုံမျှ မက အရွယ်လွန်ကာ အသက်သုံးဆယ် အရွယ် ကို အတော်လေး စွန်းနေပြီ ဖြစ်သည် ။ သို့သော် မိခင် တို့ ၏ ထုံးစံအတိုင်း မိမိ ၏ သားကလေး ကို ကလေး ဟုသာ မြင်သေးသည် ။ သူမ မှာ သားသမီး လေးယောက် ရှိသော်လည်း သား ကတော့ တစ်ဦးတည်း သာ ပါသဖြင့် သည် သားကလေး ကိုသာ စုပုံပြီး အားကိုးကာ ချစ်နေရသည် ။ ထို့ကြောင့် ဒီ သားကလေး ကို အိမ်ထောင်ပြု မသွားစေချင်ပေ ။ ကလေးတွေ ရဲ့ အဖေ မရှိတော့ ကတည်းက သူမ တို့ အိမ်၏ စီးပွားရေးအခြေအနေ အတော်လေး ယိုင်နဲ့ နေခဲ့သည် ။ သားလေးဘွဲ့ရပြီး အလုပ်ဝင် မှသာ ပြန်လည်ကာ အသက်ရှူ ချောင်လာခဲ့သည် ။ ထို့ကြောင့်လည်း သားလေး မိန်းမ ယူပြီး သူမတို့ ကို ပစ်သွားမှာ သူမ သေမလောက် ကြောက်သည် ။
သားလေးကလည်း လိမ္မာရှာပါသည် ။ ငယ်စဉ်ကတည်းက ရည်းစားထားသည် ဟု တစ်ခါမှ မကြားဖူးခဲ့ ။ သား မိန်းမ ယူလို့ မေမေ နဲ့ မတည့်ရင် မေမေ စိတ်ဆင်းရဲမှာ စိုးလို့ ဘယ်တော့မှ မိန်းမ မယူဘူးဟု မကြာ မကြာ ဆိုတတ်သည် ။ သူ ဘယ်လို ပြောပြော မိန်းကလေးများနှင့် ရောရောနှောနှော နေတတ်သော သူ့ အကျင့်ကြောင့် သူမ ရင်ထဲက ပူပန်သောကတွေ ကတော့ ပျောက်ပျက် မသွားပါ ။ ထို ပူပင်မှုများက သား ကို မိန်းကလေး တစ်ဦးဦး နှင့် တွေ့ရတိုင်း ဒါမှမဟုတ် သား ထံ မိန်းကလေး တစ်ဦးဦး ဖုန်းဆက်တိုင်း ပိုမို အုံကြွလာတတ်မြဲ ဖြစ်သည် ။
အခုလည်း သက်ပြင်း တချချဖြင့် သားအလာ ကို မျှော်နေမိသည် ။ သားလေး လာမှ ဖုန်းဆက်တာ ဘယ်သူလဲ ဟု မေးရမည် ။ ဟော ... ဟိုမှာ လာနေပါပြီ ။ သူမ ၏ ချစ်လှစွာသော သားကလေး ။
“ မေမေ နေကောင်းရဲ့လား ... ”
သားလေး က သူမ အပါးတွင် ဝင်ထိုင်ရင်း မေးနေကျ အတိုင်း မေးသည် ။
“ မေမေ နေကောင်းပါတယ်ကွယ် ... သားရော ပင်ပန်းနေပြီလား ... ဒီနေ့ အိမ်ပြန်နောက်ကျတယ်နော် ”
“ ဟုတ်တယ် မေမေ ရေ ... အလုပ်တွေ မပြတ်တာနဲ့ နောက်ကျသွားတာ ... မနက်ဖြန် ဘော့စ် ရောက်မယ်ဆိုတော့ သူ လာရင် အားလုံး အဆင်သင့် ဖြစ်အောင် လုပ် ထားရတယ်လေ ... ”
သားလေး တို့ ကုမ္ပဏီပိုင်ရှင် က သြစတြေးလျနိုင်ငံ တွင် နေထိုင်သူ မြန်မာလူမျိုး တစ်ဦး ဖြစ်သည် ။ သား က ကုမ္ပဏီ ၏ စီမံခန့်ခွဲအုပ်ချုပ်သူ ဆိုတော့လည်း အလုပ်များရှာပေမပေါ့ ။
“ ဪ ... ဒါနဲ့ စောစောက သား ကို မိန်းကလေး တစ်ယောက် ဖုန်းဆက်တယ် ... ဘယ်သူလဲ ဆိုတာတော့ မေမေ မေးမထားလိုက်မိဘူး ... ”
ပြောရင်းမှ သား ၏ မျက်နှာအရိပ်အကဲ ကို စိုးရိမ်စွာ ကြည့်နေမိသည် ။ သား က ...
“ သဲသဲ ဖြစ်မယ် ထင်တယ် ... မနက်ဖြန် ဘော့စ် ကို ကြိုဖို့ အချိန်ပေးဖို့ ဆက်တာ ဖြစ်လိမ့်မယ် ... ကိစ္စ မရှိပါဘူး ... ခဏနေမှ သား ပြန်ဆက်လိုက်မယ် ... ” ဟု ဆိုသည် ။
သဲသဲ ဆိုတာက သား ၏ စက္ကထရီ ဖြစ်သည် ။ အဲဒီ ကောင်မလေး ကို သူမ တစ်ခါ တွေ့ဖူးသည် ။ သူမ ၏ သွက်လက်ရဲတင်း သည့် အသွင်သဏ္ဍာန် နှင့် ခေတ်လွန်နေသော ဝတ်စားဆင်ယင်မှုများကို သတိရလိုက်သည် ။ အဲဒီ ကောင်မလေး ကို များ မတော်လို့ ချွေးမတော်နေရရင် ... စိတ်မသက်သာစွာ ခေါင်းကို ခါယမ်းလိုက်မိသည် ။
“ မေမေ ဘာတွေများ ခေါင်းခါနေရတာလဲ ... ဘာလဲ သားကို စိတ်ပူနေပြန်ပြီလား ... အလကား သွေးတွေတိုးနေဦးမယ် ... မေမေ့ကို သား လူပျိုကြီး လုပ်ပါ့မယ် လို့ ကတိပေးထား ပြီးပြီပဲဗျာ ... မေမေ သား ကို မယုံဘူးလား ... ပြော ”
“ မေမေ သားလေး ကို ယုံပါတယ်ကွယ် ... ဒါပေမယ့် လူ့စိတ် ဆိုတာ ပြောရခက်တယ် မဟုတ်လား.. တော်ကြာ မိန်းမလည်တွေ နဲ့ တွေ့သွားရင် မေမေ ရင် ကျိုးရမှာ ... ”
“ သား ဒီတစ်သက် ဘယ်မိန်းကလေး ကိုမှ စိတ်ဝင်စားမှာ မဟုတ်ဘူး ... အဲဒါကိုတော့ မေမေ ရဲရဲသာ ယုံထား ... ကဲ သား ရေသွားချိုးလိုက်ဦးမယ် ... ”
“ အေး ... အေး ... ”
သားလေး ၏ နှုတ်ဖျားမှ သည်လို စကားမျိုး ကြားရတော့လည်း ဒေါ်မိမိတင် ရင်အေးရပါသည် ။ အိမ်ထဲ ဝင်သွားသော သားလေး ၏ ကျောပြင် ကိုကြည့်ရင်း သူမ သားလေး အပေါ်မှာ တရားရဲ့ လား ဟု တွေးနေမိ ပြန်သည် ။ သူလည်း အချိန်တန် အရွယ်ရောက်သူတို့ရဲ့ ထုံးစံအတိုင်း အိမ်ထောင်ပြုချင် ရှာမှာပါပဲ ။ အမေ ကို ချစ်လွန်းလို့ သာ ငဲ့ညှာနေရရှာတာ နေမှာ ။ ဒါပေမယ့် သူမ ရဲ့ အတ္တတွေ က သားလေး အိမ်ထောင်ပြုများ ပြုသွားရင် ဆိုတဲ့ အတွေးကို တောင် လက်မခံနိုင်ဘဲ ဖြစ်နေသည် ။ သားလေး ၏ ဒီတစ်သက် မိန်းမမယူတော့ဘူး ဆိုတဲ့ စကား မှန်ပါစေ ဟုသာ အတ္တ လွန်ကဲစွာ ဆုတောင်းနေမိတော့သည် ။
---
“ တူ ... တူ ... ”
သားလေး မရှိပါဘူး ဆိုမှ ဖုန်းတွေက လာပဲလာနိုင် လွန်းသည် ။ ပြီးတော့ မိန်းကလေးသံတွေချည်း ။ သမီးတွေကလည်း အလုပ်သွားနေကြသည် မို့ ဒီ ဖုန်းတွေ ကို မကိုင်ချင်ပါဘဲ နှင့် ကိုင်နေရသည် ။
သားလေး က သူ့ ဘော့စ် နှင့်အတူ အခြားမြို့ကြီးများ ရှိ ကုမ္ပဏီရုံးခွဲများ ထံ လိုက်သွားရသည် ။ သွားစဉ်က တစ်ပတ်ခန့်သာ ကြာမည် ဟု ပြောသွားသော်လည်း မော်လမြိုင် ရှိ ရုံးခွဲ တွင် ပြဿနာ တစ်ခု ရှိသဖြင့် ရက် အနည်းငယ် ထပ်ကြာမည်ဟု မနေ့က ဖုန်းဆက် ပြောသည် ။
“ ဟယ်လို အမိန့်ရှိပါ ”
“ ဪ ဆရာစိုး တို့ အိမ်ကလား မသိဘူး... ”
“ ဟုတ်ပါတယ် ... ဆရာစိုး ပြန်မရောက်သေးပါဘူး ... ဘယ်နေ့ ပြန်ရောက်မလဲဆိုတာကိုလည်း မသိပါဘူး ... ဒါပဲ သိချင်တာ မဟုတ်လား ... ”
“ ဟုတ် ... ဟုတ်ကဲ့ ... ”
တစ်ဖက်မှ ကမန်းကတန်း ဖုန်းချသွားသည် ။
ခုံပေါ်တွင် ဆောင့်ကြီးအောင့်ကြီး ထိုင်ချကာ စိပ်လက်စ ပုတီးကို ပြန်ကိုင်လိုက်သည် ။ သို့သော် ဒေါသ က ရုတ်တရက် မပြေနိုင် ။
“ တူ ..တူ ... ”
“ လာပြန်ပြီ ဒီဖုန်းက ... ”
ပါးစပ်မှ မကျေမနပ် ရေရွတ်လိုက်မိသည် ။
“ ဟယ်လို ... ”
“ စိုး တို့ အိမ်ကလား ဟင် ... ”
အသံ က ယောက်ျားလေး သံ မို့ အတော် စိတ်သက်သာရာ ရသွားသည် ။
“ ဟုတ်ပါတယ်ကွယ် ... ဘာကိစ္စ ရှိလို့ပါလဲ ... ”
ဒေါ်မိမိတင် ၏ အသံက လွန်စွာ စိတ်ရှည်ချိုသာနေသည် ။ သား ကို စိုး ဟုပင် ခေါ်သည် ဆိုတော့ အတော်ရင်းနှီးသူ ဖြစ်ပေမည် ။ ငယ်သူငယ်ချင်း ထဲက တစ်ယောက်ယောက် များလား ။
“ ဟိုဒင်းလေ ... စိုး ပြန် မရောက်သေးဘူးလားလို့ ဆက်ကြည့်တာပါ ... ”
“ ပြန် မလာသေးဘူးလို့ မနေ့က ဖုန်းဆက်တယ်ကွယ့် ... တစ်ပတ်လောက်တော့ ကြာမယ် ထင်တယ် ... အတိအကျတော့ မသိဘူးကွယ့် ... ဒါနဲ့ သား က ဘယ်သူများလဲ မသိဘူး ... ”
သူ မသိသော သား သူငယ်ချင်း တစ်ယောက်ယောက်များလား ဟု မေးလိုက်မိသည် ။
“ ကျွန်တော် သက်ဦး ပါ အန်တီ ... စိုး ပြောထားလား မသိဘူး ... ”
“ သားလေး ကတော့ တစ်ခါမှ ပြောသံ မကြားမိဘူး ... အန်တီ မေ့နေလို့လည်း ဖြစ်ချင် ဖြစ်မှာပါ ... ဟင်း ဟင်း အသက် က ကြီးလာပြီ လေ ... သားလေး နဲ့ ကျောင်းနေဖက် သူငယ်ချင်း ပဲလား ... ”
ဒေါ်မိမိတင် ၏ လေသံ နှင့် စကားလုံးများကို ကြားရပါက ကိစ္စရှိ၍ ဖုန်းဆက်တိုင်း အအော်ခံနေရသော မိန်းကလေးများ ဘယ်လောက် စိတ်ဆိုးလိုက်မလဲ ။
“ မဟုတ်ပါဘူး ... စိုး မပြောရသေးဘူး ထင်တယ် ။ ကျွန်တော် က စိုး ရဲ့ ချစ်သူ ပါ ... ”
ဒေါ်မိမိတင် ကိုယ့် နား ကို ကိုယ် မယုံနိုင်အောင် ဖြစ်သွားသည် ။
“ ဘာရယ် ... အန်တီ ကို မနောက်ပါနဲ့ သားရယ် ”
“ အန်တီ မယုံရင် စိုး လာတော့ မေးကြည့်ပါ ... ကျွန်တော် တို့ ချစ်နေကြတာ ကြာပြီ ... ”
လိုင်း ပြတ်တောက်သွားသော ဖုန်းခွက် ကို ကြည့်ရင်း ငိုင်တွေနေမိသည် ။ မိန်းကလေးများ နှင့် ရောနှောပေါင်းသင်းသော်လည်း စိတ် မဝင်စားရသော အကြောင်း အရင်း ကို သဘောပေါက် လာရသည် ။ တစ်ခါတစ်ရံ ဟန် အမူအရာ နွဲ့တတ်သော်လည်း မိန်းကလေးများ ကြားတွင် ကြီးပြင်းရသောကြောင့် ဟုသာ ယူဆပြီး ပေါ့ပေါ့ဆဆ သာ သဘော ထားခဲ့သည် ။ သား အိမ်ထောင် ပြုသွားမှာ စိုးရိမ်ပြီး မိန်းကလေးများနှင့် တရင်း တနှီး နေတတ်ခြင်း ကိုသာ အရေးထားပြီး ပူပင်နေခဲ့မိသည် ။ အခုတော့ ဘယ်လို လုပ်ရပါ့ ။
နောက်ဆို သား ထံ ယောက်ျားလေး တစ်ယောက် ဖုန်းဆက်တိုင်း သူမ ရင်ပူရတော့မည် ထင်သည် ။
#ကျွန်း
#အမှားအယွင်း
Comments
Post a Comment