တွေ့ချင်လှပြီ // ဂျူး

တွေ့ချင်လှပြီ // ဂျူး

(သရဖူမဂ္ဂဇင်း ၁ဝနှစ်ပြည် အထူးထုတ်)

သည်ကနေ့ သူ့ကို တွေ့ရမည်။
တွေးလိုက်ရုံနှင့် ကျွန်မ၏ရင်ထဲမှာ လှိုက်ခနဲ ဖိုကာ လက်ဖျားခြေဖျားတွေအထိ
နွေးထွေးလှုပ်ခတ်သည် သွေးတို့ စီးဆင်းခဲ့သည်။
နေ့လယ်တစ်နာရီမှာ တွေ့ရတော့မည်။

ဧည်ခန်းနံရံကပ်နာရီကို ဘယ်နှကြိမ်မြောက်မှန်းမသိ မော်ကြည့်မိသည်။ဆယ့်တစ်နာရီခွဲတော့မည်။

ကျွန်မ လက်ထဲက ဖတ်ချင်ယောင် ဆောင်ထားသော စာအုပ်ကိုစာရွက်မလှန်တာ ကြာပြီဟု သတိရသွားပြီး စာရွက် တစ်ရွက် လှန်လိုက်သည်။

ကျွန်မ အစ်မကို တစ်ချက် ခိုးကြည့်မိတော့ အေဖိုးစာရွက်တွေပေါ်မှာသဲကြီးမဲကြီး စာရေးနေသည်။ စာရေးစားပွဲခုံခြေထောက်က မညီညာသဖြင့် သူ
စာရေးသည် အခါ ခုံက တလှုပ်လှုပ်ဖြစ်နေသည်။

 မမယမုန်သည် စာရေးလျှင်
ဘောလ်ပွိုင့်ပင်ကို တအားဖိနှိပ်ပြီး ရေးတတ်သည်။ သူစာရေးလျှင် စာလုံးရေးသံတွေကိုပင် ကြားရလောက်သည်။ အခုလည်း စားပွဲခုံအပုလေးပေါ်မှာ ခေါင်းကိုအားရပါးရ ငဲ့စောင်းလျက် ရေးနေသည်မှာ တော်တော်ကြာပြီ၊ တနင်္ဂနွေနေ့များတွင်
သူ့ရုံးပိတ်ပေမယ့် သူ အပြင်ကို သွားရသည့် ရက်တွေ ရှိသည်။ အစည်းအဝေးရှိလို့ဆိုတာက အများဆုံးပေါ့။ ကျန်တာတွေကတော့တစ်ယောက်ယောက်အတွက်မွေးနေ့လက်ဆောင် လိုက်ဝယ်ပေးမလို့ ဆိုတာမျိုး၊ အထက်အရာရှိက ဘယ်ကိုသွားမှာမို့
ဘာလိုနေလို့ လိုက်ဝယ်ပေးရမှာ ဆိုတာမျိုးတွေ။ ဒီနေ့မှ ဘာဖြစ်လို့ အစ်မက အပြင်မထွက်တာလဲ။ သူရှိနေသောအခါ ကျွန်မ မလွတ်လပ်တော့ဘူးပေါ့။

ကျောင်းတက်လျှင် ဘယ်လိုဝတ်စုံ မ၀တ်ရ ဆိုတာမျိုးကအစ ကျွန်မအပေါ် သူချုပ်ချယ်ချင်သည်။ ခါးပေါ်ထိ မရောက်ဘဲ တင်ပါးပေါ် တင်ရုံရှိ‌ေသာလို့ ဂျင်း တောင်းဘီကိုဝတ်မိလို့ မေမေက ဘာမှမပြောပေမယ့် မမယမုံက ကျွန်မကို ဆူသည်။ လုံးဝ
မဝတ်ရဘူးဟု အမိန့်ထုတ်သည်။ နောက်ခွဲထားသော စကပ်ကို မဝတ်ရဟု ပြောသည်။
'မိန်းမတွေကိုက ကြည် မရဘူး 'ဟု ရေရွတ်တက်သည်။တကယ်တော့ သူ နှင့် ကျွန်မ
အသက်ချင်း ငါးနှစ်ပဲ ကွာတာပါ။ သို့သော်
သူက ၂၆ နှစ် ပုံစံမပေါက်ဘဲ ၃၆နှစ်
ပုံစံပေါက်နေသည်။

မြန်မာချည်ထည်တွေကိုပဲ မြန်မာအင်္ကျီပုံစံ ရင်ဖုံးဒီဇိုင်းအမျိုးမျိုး  လက်တို့လည်းမဟုတ်၊ လက်ရှည်လည်း မဟုတ်သည့် တတောင်ဆစ်ဖုံးကို လက်စကတွေကိုဝတ်လေ့ရှိသည်။ သူဝတ်တော့လှပါသည်။ သို့သော် ကျွန်မကို လာမဝတ်ခိုင်းပါနှင့်။
မဝတ်နိုင်ပါ။ ကျွန်မကတော့ အိအိပျော့ပျော့ပါးပါးလျားလျားအတွန့် အခေါက် 
လေးတွေနှင့် ဘလောက်ပုံစံအမျိုးမျိုးကို စကတ်တွေနှင့် ဝတ်ချင်သည်။ ‌ေဘာင်းဘီကို
ဝတ်ရတာ လူက လုံလုံခြုံခြုံရှိသည်။

ကျွန်မ အပြင်ခဏသွားဦးမည် ဟူသော စကားကို ဘယ်လို ပြောရပါ့မလဲဟု
ကျွန်မကြံစည်တွေးတောနေခဲ့သည်မှာ ညကတည်းက ဖြစ်ပါသည်။

အင်တာနက် သွားကြည့်မည်ဟု အကြောင်းပြလို့တော့ ရမည်မထင်။အင်တာနက်ဆိုင်သည် ကျွန်မအိမ်နှင့် မျက်စောင်းထိုးလောက်က ခြောက်ထပ်တိုက်၏အောက်ဆုံးလွှာ မြေညီထပ်မို့ တော်တော်နီးနေသည်။ နောက်ပြီး ဝင်ပြီးလျှင်
ပြန်ထွက်ဖို့က ရှေ့ပေါက်တစ်ခုတည်း ရှိသည်မို အစ်မမသိဘဲ ပြန်ထွက်ပြီးတစ်နေရာရာသို့ သွားလို့ရနိုင်မည် မထင်ပေ။ တစ်ခုတော့ရှိပါသည်။ မှန်နံရံ
အညိုရောင်တွေ ကာထားသည်မို့ အပြင်ကကြည့်လျှင် အတွင်းကို မမြင်ရ၊ ကျွန်မအိမ်ဘက်သို့ အခြေအနေ လှမ်းအကဲခတ်ကြည်လျှင် ရသည်။ သို့သော် ကျွန်မတို့တိုက်ခန်းကလည်း မှန်အညိုရောင်တွေပဲ နံရံအပြည်လောက် နီးပါးဖြစ်သည်။
ထိုမှန်တွေက နေ့ခင်းဆိုလျှင် အတွင်းက လူကိုအပြင်ကနေ လှမ်းမမြင်နိုင်။
အတွင်းကလူက မှန်နောက်မှ အပြင်သို့ ကြိုက်သလောက် လှမ်းငုံကြည်လို့ရသည်။
ကျွန်မက မှန်အညိုရောင်တွေ နောက်မှ အိမ်ဆီသို့ လှမ်းအကဲခတ်ပေမယ့်မမယမုန်ကသာ ကျွန်မတို့ တိုက်ခန်းမှန်နံရံတွေ နောက်မှ အင်တာနက်ဆိုင်ရှေ့
ဝင်ပေါက်ကို လှမ်းကြည်နေမည်ဆိုလျှင် သူ့ကို ကျွန်မ မမြင်နိုင်။ တကယ်လို့
အခြားနည်းဖြင့် အပြင်သို့ ထွက်မရဘူးဆိုလျှင်တော့ အင်တာနက်ဆိုင်ထဲကိုဝင်၊
အိမ်သာထဲမှာ အဝတ်အစားလဲလှယ်ပြီး မမယမုန် မမှတ်မိနိုင်ခင် ခပ်သွက်သွက်လမ်းလျှောက်ထွက်သွားရမည်။

"ရှောက်သီးသုတ်နဲ့ ထမင်းစားရရင် ကောင်းမှာတော်”

စာရေးမပျက် ကျွန်မကို လှမ်းပြောတော့မှ ကျွန်မအကြံရသွားသည်။
ကြည့်စမ်း ဘာလို့ဒါကို မတွေးမိပါလိမ့်။

“အို ရှောက်သီးသုတ်လား၊ ညီမလေးတို့ ကျူရှင်နားက သိပ်ကောင်းတာပဲ၊ကျူရှင်အပြန်ကျရင် ဝယ်လာခဲ့ပေးမယ်”

ကျူရှင်ကိုအကြောင်းပြလို့ ရရဲ့သားနဲ့နော်။

“ကျူရှင်၊ ဒီနေ့ ကျူရှင်ရှိလို့လား"

“ဟင် ရှိတယ်လေ မမရဲ့၊ ၁၁နာရီခွဲကနေ ၁နာရီခွဲအထိ၊ ခဏနေ ညီမလေးသွားမှာပဲ”

မမယမုန်က မျက်မှောင်ကြုတ်ပါသည်။

“နင့် ကျူရှင် အပြီးထိ ငါမစောင့်နိုင်ဘူး၊ ကိုယ့်ဟာကိုယ်ပဲ သုတ်စားတော့မယ်၊နင်အောက်ဆင်းတဲ့အခါ ရှောက်သီးလေးတစ်ခြမ်းလောက် ဝယ်ပြီး ခြင်းလေးနဲ့တင်ပေးခဲ့”

အပိုင်ပဲ၊ ကျွန်မတော်တော်စိတ်သက်သာရာ ရသွားပါသည်။ ခါတိုင်းဆိုလျှင်ခြောက်ထပ်ကနေ အောက်ဆင်းပြီး တစ်ခုခုဝယ်ရမည်ကို သေရမလောက်ကြောက်သည်။အခုတော့ ကျွန်မ ကြည်ကြည်ဖြူဖြူပင် သဘောတူလိုက်သည်။

“ဝယ်ခဲ့ပေးမယ်လေ”

ထို့နောက် ဖတ်ချင်ယောင်ဆောင်ထားသည့် စာအုပ်ကို လွှတ်ချပြီးအဝတ်အစားလဲဖို့ လှစ်ခနဲ ထွက်လာခဲ့ပါသည်။

ဘာအကျီဝတ်ရမလဲ ဟင်။

အဝတ်ဗီရို ရှေ့မှာ စဉ်းစားနေသည့် အရသာက တော်တော် ရင်ခုန်စရာကောင်းသည်။

သူ့မျက်လုံးထဲမှာ ကျွန်မကို လှပရုံမျှမက ဆွဲဆောင်မှုလည်း ရှိနေစေချင်သည်။
ချည်ထည် စကတ်တွေက ကိုယ်လုံးအလှကို သိပ်မပေါ်လွင်ဘူးထင်ပါရဲ့။ ပျော့ပျော့အိအိ
ထမီစကတ်ကလေးကို ထုတ်ယူလိုက်သည်။ အနက်ရောင်ဆိုတော့ အပေါ်က ပန်းနုရောင်
နှင့် လိုက်ဖက်မှာပဲ။ အနက်ပေါ်မှာတော့ ဘာပဲဝတ်ဝတ် ပေါ်လွင်နေမှာပါ။
တွဲလွဲတန်းလန်း ဖန်စီဆွဲကြိုးလေးတစ်ခုကို လည်ပင်းမှာ ဆွဲလိုက် ပြီးတော့ မှန်ထဲမှာ
မျက်နှာကို ဟိုလှည် ဒီလှည် လုပ်ကြည့်မိသည်။ အဆင်ပြေပါတယ်။ ကျွန်မ စိတ်ကျေနပ်
သှား၏။

မေ့မေ့ကို ခွင့်တောင်းဖို့က မမယမုန်ဆီက သဘောတူညီချက်ရယူဖို့လောက်
မခက်ခဲလှပါ။ မေမေက အမြဲလိုပင် သံသယ ကင်းသူဖြစ်သည်။ ကျွန်မ ကျူရှင်သွားမည်
ဆိုလျှင် ရှောရှောရှူရှူပင် ခွင့်ပြုသည်။ မမယမုန်လို အိတုန်လာမခေါ်ဘူးလား။
ဘယ်အချိန်ကြာလာမှာလဲ ခဏနေဦး မမနဲ့အတူ သွားမယ်၊ မမလည်း အဲဒီဘက်
သွားစရာရှိတယ်၊ စသည် စသည်ဖြင့် မယုံသင်္ကာ အရစ်မရှည်တတ်ပေ။

“မေကြီး ဘာတွေ ကျက်ပြီလဲ”

မီးဖိုထဲမှာ ချက်ပြုတ်နေသော မေမေ့ကို နောက်ဘက်မှ ခါးကို သွားဖက်ပြီး
မေးလိုက်သည့် အခါ မေမေက ကျွန်မ ဆာနေပြီဟု တွက်သည်။

“အို သမီးလေး ဆာပြီလား မေမေ ငါးကြော်တစ်ခုပဲ ကျက်သေးတယ်၊ဒီနေ့ဈေးသွား နောက်ကျလို့လေ သမီးအခုဘယ်သွားမလို့လဲ ခဏစောင့်ရင်
ချဉ်ရည်ဟင်း ရမယ်”

တွေ့လား။မေမေက ကျွန်မ အပြင် ဘာကြောင့် ထွက်မှာလဲ ဟူသော အကြောင်းအရာထက်
ကျွန်မထမင်းအချိန်မီစားသွားဖို့ ဟူသော အကြောင်းအရာကိုပိုပြီးတော့ ပူပန်သည်။

“မစားတော့ဘူးမေကြီး အပြန်ကျမှ စားမယ်”

သူနှင့် တွေ့ပြီးသည့် အခါ ကျွန်မတို့ လူရှင်းသော ဈေးကြီးကြီးစားသောက်ဆိုင်တစ်ခုမှာ အတူစားလို့ ရတာပဲ။ အရေးကြီးတာက အိတုန်တစ်ယောက်
အမှတ်တမဲ့ အိမ်သို့ ရောက်မလာဖို့ပဲ။ အိတုန်ရောက်လာလျှင် ဒီနေ့ကျူရှင်မရှိမှန်း အိမ်က
သိသွားမည်။ ပထမတော့ သူနှင့်တွေ့ဆုံမည့် ကိစ္စကို အိတုန်ကို ပြောဖို့စိတ်ကူးသေးသည်။ သို့သော် အိတုန်က ပါးစပ်မလုံပါ၊ သူ့ကို ရိုက်မစစ်ရဘဲနှင့်
သူသိသမျှကို လျှောက်ပြောတတ်သည်။ စိတ်မချရပါ၊ သူ့ကို ကျွန်မ တွေ့သင့်သလား
မတွေ့သင့်ဘူးလား၊ မမယမုန်ကို တိုင်ပင်ဖို့ စဉ်းစားသေးသည်၊ မမယမုန်ကတော့
သွားမတွေ့နှင့်ဟု ဆုံးဖြတ်ချက် ချမှာပဲ။ မဖြစ်ဘူး၊ မမယမုန်နှင့်ဆိုလျှင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ နောက်မှ ပြောပါမယ်လေ။ အရေးကြီးလာလျှင်တော့ မမယမုန်ကို
တိုင်ပင်မှာပေါ့။

သူက ကျွန်မစိတ်ညစ်နေသည် အချိန်မျိုး၊ စိတ်အားငယ်နေသည့် အချိန်မျိုးတွင်
အားပေးတတ်သည် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ ဘယ်သင်တန်းတွေကို
တက်သင့်သည် ဆိုတာမျိုးလည်း အကြံဉာဏ် ပေးတတ်သည်။ နောက်ဆုံးမှာ ဝါသနာမပါဘဲနှင့် ကွန်ပျူတာတက္ကသိုလ်သို့ တက်မိခြင်းအတွက် နောင်တတွေရနေသောကျွန်မအား ကွန်ပျူတာဘွဲ့ အတွက် အားတက်လာအောင် နှစ်သိမ့်ပေးတတ်သူလည်းဖြစ်သည်။

အချို့သော အခက်အခဲများတွင် နှလုံးသား၏ စေစားမှုကို လိုက်ပါတဲ့။ဘယ်စာအုပ်ထဲမှာလည်း မသိ၊ ကျွန်မဖတ်ဖူးပါသည်။

တကယ်တော့ သူက တွေ့ကြရအောင်ဟု ပူဆာနေသည်မှာ သုံးလကြာခဲ့ပြီ။ကျွန်မက ဟိုအကြောင်းပြ ဒီအကြောင်းပြဖြင့် ရှောင်ဖယ်နေခဲ့ခြင်းဖြစ်သည်။

တစ်ခါမှ မတွေ့ဖူးသည့် လူတစ်ယောက်ကို ရုတ်တရက်တွေဖို့ ကျွန်မအဆင်သင့် မဖြစ်သေးဘူးဟု ခံစားရသောကြောင့် ဖြစ်သည်။ တစ်ယောက်ကို
တစ်ယောက် ယုံကြည်ရမည့် အကြောင်းအရင်းတွေကို ဒီထက်မက ရယူချင်နေသေးတာလည်း ပါလိမ့်မည်။

Chat Room ဟုခေါ်သော အင်တာနက်ပေါ်မှာ အပြန်အလှန် စာတစ်ကြောင်းချင်းရေးပြီး စကားပြောသော အလေ့အထကို
ကျွန်မတို့ခေတ်လူငယ်တွေ အားလုံးလို
ကျွမ်းကျင်ကြသည်။ တစ်ခါမှမမြင်ဖူးဘဲနှင့်
ချက်တင်လုပ်ရင်း၊ စကားပြောရင်း
တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်
သွားကြသူတွေ အများကြီးဖြစ်သည်။သူက
ကျွန်မကို အင်တာနက်မှ တစ်ဆင့်
အသိမိတ်ဆွေဖွဲ့လာခြင်း ဖြစ်ပါသည်။

ကျွန်မတို့ ချက်တင်လုပ်သည့် အခါ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးများဖြင့်
စာလုံးပေါင်းပြီး ရေးကြသည်။ နေကောင်းလားဟုမေးလျှင် ne kaung lar ဟုရေးကြသည်။ မမယမုန်က ကျွန်မကို အဲလို မရေးစေချင်။ အင်္ဂလိပ်ဘာသာ
ဝါကျများဖြင့် ရေးစေချင်သည်။ အင်္ဂလိပ်စာ စွမ်းရည်တက်အောင်လို့ဟု ဆိုပါသည်။
ကျွန်မကတော့ အင်္ဂလိပ်စာ တိုးတက်ချင်လျှင် အိမ်မှာပဲ အင်္ဂလိပ်စာ လေ့ကျင့်မည်။
ကျူရှင်မှာလည်း သင်ရသားပဲ။ အင်တာနက်မှာတော့ ကျွန်မ စိတ်ထဲရှိသည့် အကြောင်းအရာတွေကို ဘာသာစကား အထစ်အငေါ့ မရှိဘဲ ခပ်သွက်သွက်ပြောချလိုက်ရဖို့ အရေးကြီးသည်။ ထို့ကြောင့် ကျွန်မတို့စာသည် အင်္ဂလိပ်စာလုံးတွေနှင့်
မြန်မာစကားသံထွက်အောင် ဖလှယ်ထားသော ဘာသာစကားအသစ်ဖြစ်သည်။

တစ်ခါတုန်းက ကျွန်မချက်တင်လုပ်သည့်အချိန် မမယမုန် ကျွန်မအနားသို့ ရောက်လာဖူးသည်။ ကျွန်မ၏ စာလုံး‌တွေကို မဖတ်တတ်သဖြင့် မျက်မှောင်ကြုတ်ပြီးအားစိုက်ဖတ်ယူရသည်။

“ဟာ ဘာတွေရေးထားတာလဲ”

တော်တော်ရယ်ရသည်။ အဓိပ္ပာယ် မဖော်တတ်ချေ။
အဆက်အစပ်မိသွားသည့်အခါမှာတော့ ကျွန်မအား မျက်စောင်းထိုးသည်။ဘယ်လိုစာမျိုးတွေ ရေးနေတာလဲဟူသော အဓိပ္ပာယ် ဖြစ်သည်။

“နောက်တစ်ခါ အင်္ဂလိပ်ဘာသာနဲ့ပဲ ရေးစမ်း၊ မနေ့က ဈေးဝယ်သွားတယ်ဆိုရင် အင်္ဂလိပ် ဘာသာနဲ့အစ အဆုံးရေး ပေါက်တတ်ကရ စာလုံးတွေဖြစ်အောင် မရေးနဲ့”

ဘာမဆိုင်ညာမဆိုင် ကျွန်မကို ဆရာလုပ်သွားသေးသည်။ အားလုံးက ဒီလိုပဲရေးကြတာကို သူလက်မခံချင်လို့ ရမလား။

ကျွန်မမှာ အင်တာနက်မှတစ်ဆင့် ချက်တင်လုပ်ရင်း သိကျွမ်းလာသော သူငယ်ချင်းလေးယောက်ရှိသည်။ နှစ်ယောက်က မိန်းကလေး၊နှစ်ယောက်က
ယောက်ျားလေး။

ယောက်ျားလေးနှစ်ယောက်ထဲမှာ သူကစိတ်ရှည်သည်။ ဟို တစ်ယောက်ကတော့ ကျွန်မနှင့် စကားပြော စာရေးနေရင်းက ဘောလုံးပွဲကြည့်မလို့ဟု ထပြန်ချင်ပြန်သွားသည်။ သူ ခဏခဏ ထည့်ရေးတတ်သည့် ဘောလုံးသမားနာမည်တွေကို ကျွန်မသိပ် မသိတော့ ကျွန်မအား ဘောလုံးပွဲ ဇွတ်ကြည်ခိုင်းတတ်သေးသည်။

ကျွန်မမေးသမျှကို စိတ်ရှည်ရှည် ဖြေပေးသူက သူပါပဲ။သူ့နာမည်က သစ်လွင် ဟုပြောသည်။ နာမည်ရင်း ဟုတ်မှာ မဟုတ်ပါ။ ကျွန်မတို့ ချက်တင်လုပ်သူတွေသည် နာမည်အရင်းကို သုံးလေ့မရှိပါ။ ကျွန်မဆိုလျှင် အင်တာနက်မှာ ချက်လုပ်သည့် အခါ မေမေတို့ပေးသည် ဝတီကို မကြိုက်သဖြင့်
ကျွန်မနှစ်သက်သော ဒီဇင်ဘာဆိုသည် နာမည်ကို သုံးလေ့ရှိသည်။ တကယ်တော့ ကျွန်မကို ဒီဇင်ဘာလမှာ မွေးတာပဲ။ လွယ်လွယ်ကူကူ ဒီဇင်ဘာလို့ ပေးလိုက်ပြီးရောဟု တခါတခါ ကျွန်မ အားမလိုအားမရ တွေးမိသည်။

အသက်ကို ကျွန်မမေးတော့ သူက မပြောပေ။ ကိုယ့်ဟာကိုယ်ခန့်မှန်းကြည့်ပေါ်ဟု ဆိုသည်။
ကျွန်မအသက်ကို ၂၃ ဟု သုံးနှစ်ပိုကြီးပြီး ပြောခဲ့သည်ထင်သည်။ ကျွန်မသိပ်မမှတ်မိတော့။ ချက်တင် တစ်ခုလုပ်လျှင် တစ်ခါလိမ်လည်ရတာ သိပ်တော့မကောင်း၊လိမ်ရင်း လိမ်ရင်းနှင့် အစတွေ မညီမညာဖြစ်ကာနောက်ဆုံးရှုပ်ထွေးကုန်တတ်သည်။

သူနှင့် ကျွန်မ အသက်ချင်း သိပ်မကွာဘူးဟု ထင်သည်။

ကျွန်မကြိုက်သည် အဆိုတော်အဖွဲ့တွေကို သူလည်းကြိုက်သည်။ကျွန်မကြိုက်သည် ကိုရီးယား မင်းသား မင်းသမီးတွေကို သူလည်း ကြိုက်သည်။
သူ့စကား အသုံးအနှုန်းတွေကလည်း ကျွန်မတို့လူငယ်တွေ သုံးနေကျစကား အသုံးအနှုန်းအတိုင်း ဖြစ်သည်။ သူ့စကားတွေကို ဖတ်ရတာ သွက်လက်နေသည်။ သူက တီဗွီဂိမ်းဆိုင် ပိုင်ရှင်ဖြစ်သည်။

ဆံပင်ကောက်လား ဖြောင့်လားဟု မေးတော့ ကောက်တယ်တဲ့။ အရပ်ရှည်လား၊ပုလား မေးတော့ ပုတယ်တဲ့။ ဝလား ပိန်လား မေးတော့ ဝတယ်တဲ့။အသားဖြူလားမေးတော့ မည်းတယ်တဲ့။ သွား . . . အလကား မမှန်တာတွေချည်း ပြောနေတယ်ဟု ကျွန်မ စိတ်ဆိုးပြလိုက်သည်။

သူနှင့် စကားပြောရလျှင် ကျွန်မတော့
တခစ်ခစ်ရယ်မိတော့တာပဲ။ သူကဟာသတွေလည်း ပြောတတ်သည်။တစ်နေ့တာ သူကြုံသမျှထဲကလည်းပြောသည်။ ဝတ္ထုစာအုပ်ထဲကနေလည်း
ရှာဖွေပြီး ပြောသည်။ ကျွန်မဆီသို့ အီးမေးမှ တစ်ဆင့် မွေးနေ့လက်ဆောင် ပန်းပွင့်ပုံများ၊ လိပ်ပြာပုံများ၊ ကလေးပုံလေးများကို လှမ်းပို့တတ်သည်။ ကျွန်မတို့ သူငယ်ချင်းဖြစ်သည့် အမှတ်တရ အဖြစ်တဲ့။ နှင်းဆီပွင့်တွေချည်းပဲ ၁၅မျိုးလောက် ရိုက်ထားသည့် ဓာတ်ပုံတွေကို ကျွန်မဆီ ထည့်ပေးလိုက်သည်။ အဝါရောင်၊
အနီရောင် ၊ အဖြူရောင်၊ ပန်းရောင် အို အဲသည် ပန်းတွေက ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ
စိုကြွပြီး လှလွန်းလို့ ကျွန်မလက်ဖြင့် မချင့်မရဲ ထိတို့ကြည့်မိသည် အထိပင်ဖြစ်သည်။

ထို့နောက် ကျွန်မ ဝမ်းနည်းသွားသည်။ အော် ဒီပန်းတွေ ဘယ်လောက်ပဲ လှလှ ကျွန်မမွှေးကြူလို့မရ။ ထိကိုင်လို့ မရပါလား။ ကွန်ပျူတာထဲက ပန်းမို့ အစစ်ဖြစ်ပေမယ်အတုလိုပါပဲလား၊ ကျွန်မ သူနှင့် စကားပြောသည့်အခါ ပန်းတွေကို မွှေးကြူလို့မရသည် အတွက် ဝမ်းနည်းသည့် အကြောင်း ထည့်ပြောမိသည်။ သူကကျွန်မကို ကတိတစ်ခုပေးသည်။

တစ်နေ့ကျရင် ဒီဇင်ဘာနမ်းဖို့ တကယ့်ပန်းတွေကို ကိုယ်လာပေးပါမယ်တဲ့။ဘယ်တော့လဲဆိုတော့ မဝေးတော့တဲ့ တစ်နေ့ပေါ့တဲ့။

ဒီကနေ့ အဲဒီနေ့ ဖြစ်သည်။
သူ ကျွန်မအတွက် အလှဆုံးပန်းတစ်ပွင့်ကို အရင်ဆုံးယူလာခဲ့မည်တဲ့။ဘာအရောင်လဲ မေးတော့ သူမဖြေ။တွေ့ရင်သိမှာ ပေါ့ဟုသာ ပြောပါသည်။

 တကယ်ဆိုလူချင်းမတွေ့မီ တယ်လီဖုန်းနဲ့ အရင် စကားပြောကြဖို့ ကောင်းသည်ဟု ကျွန်မ
စိတ်ကူးယဉ်မိသည်။ သို့သော် ကျွန်မတို့အိမ်မှာ တယ်လီဖုန်း မရှိပါ။ တယ်လီဖုန်းသာရှိခဲ့ရင် ညအချိန်တွေမှာ ရုပ်ရှင်တွေထဲကလို ဆိုဖာပေါ်လေးမှာ အသာလှဲအိပ်လျက်တယ်လီဖုန်းကို နားနားကပ်ကာ တိုးတိုးလေး စကားတွေပြောနေလို့ ရသည်။ မမယမုန်မကြားအောင် ကျွန်မ စကားပြောတတ်ပါသည်။ တယ်လီဖုန်းနဲ့ဆိုလျှင် အင်တာနက်ဆိုင်
နေ့တိုင်းသွားရသည့် ဒုက္ခမှ ကင်းလွတ်မည်။ အင်တာနက်ဆိုင်မှာ ကွန်ပျူတာရှေ့ထိုင်ပြီး
ချက်တင်လုပ်ရတာ တစ်ခါတစ်ခါ အန္တရာယ်များသည်။ ကျွန်မဘေးက ကွန်ပျူတာမှာ
ဘယ်လိုလူမျိုးလာထိုင်ပြီး ဘာတွေကြည့်မလဲဆိုတာက တကယ့် ပြဿနာပဲ။

တစ်ခါတုန်းက ကျွန်မက သဲကြီးမဲကြီး ချတ်တင်လုပ်နေရင်းကနေ သူလှမ်းမေးသည့် မေးခွန်းကို အမှန်အတိုင်းဖြေရမလား၊ မဖြေသင့်ဘူးလား တစ်ခဏဆစဉ်းစားဖို့ မျက်လုံးကို တစ်ဖက်သို့ လွှဲလိုက်သည့် အခါ ကျွန်မဘေးက ကွန်ပျူတာ
မျက်နှာပြင်ကို မြင်မိလျက်သား ဖြစ်သွားသည်။

ကျွန်မ မျက်နှာတစ်ခုလုံး ပူရှိန်းကာ လန့်ဖျတ်သွား၏။
ဟင် ဘာတွေကြည့်နေတာလဲ။

ကျွန်မ ကမန်းကတန်း ကျွန်မကွန်ပျူတာမျက်နှာပြင်ပေါ် ပြန်လွှဲလိုက်ရပေမယ့် ဟိုဘက်ကွန်ပျူတာမျက်နှာပြင်ပေါ်က ကိုးရိုးကားရားပုံတွေက တော်တော်နှင့်မျက်စိထဲက ပျောက်မသွားပါ။ ကျွန်မထိုင်နေတာ မလုံမလဲဖြစ်လာသည်။ ဘာဖြစ်လို့များ
လူတွေဟာ ညစ်ပတ်တဲ့ပုံတွေကို လူမြင်ကွင်းမှာ လာကြည် နေကြတာပါလိမ့်။ နောက်ပြီး အဲဒီပုံတွေကို ကြည့်တာ ဘယ်လိုလူမျိုးတွေပါလိမ့်။ ကျွန်မမျက်စိထောင့်မှ မသိမသာအကဲခတ်ကြည်ချင်သည်။ သို့သော် အဲဒီလူရှိရာကို ကျွန်မ မျက်စိထောင့်မှတောင်မကြည် ရဲပေ။ သူနှင့် ချတ်တင်လုပ်နေရင်းက မျက်နှာတွေပူလျက် ဘာကိုမှ အာရုံစိုက်မရဘဲ ကြောက်နေသည်။

ငါပြန်တော့မယ် ဟု ကျွန်မရေးတော့ နေပါဦးဟု သူကလှမ်းတားသည်။ဟင့်အင်း မဖြစ်ဘူးဆိုတော့ သူကမေးသည်။ ဘာဖြစ်လို့လဲတဲ့။ ဘယ် အမှန်အတိုင်း
ဖြေလို့ကောင်းပါမလဲနော်။ ဘေးကလူက ညစ်ပတ်တဲ့ပုံတွေ ကြည့်နေတယ်လို့မရေးရဲပါဘူး။
ကျွန်မ ချက်ချင်း ထပြန်လာခဲ့သည်။

နောက်တစ်နေ့ကျတော့ သူက ရိပ်မိသွားသလား မသိ။ ကျွန်မ အင်တာနက်ဆိုင်၏ အနေအထားကို မေးလေသည်။ လူတွေ များလား။ ဘယ်လိုလူတွေ
များလဲ။ လူငယ်တွေများလား။ လူကြီးတွေပါလား၊ ချောင်ကျကျနေရာမှာ မနေနဲ့တဲ့။ဝင်ဝင်ချင်းလို နေရာမျိုးမှာ နေတဲ့။ ဒါပေမယ့် လူလွတ်တဲ့ ကွန်ပျူတာမှာ ထိုင်ရတာဖြစ်တော့ သူပြောသလိုရွေးချယ်ဖို့ သိပ်တော့မလွယ်ပါ။ ကျွန်မတို့
အင်တာနက်ဆိုင်က အမြဲလူစည်ကားလေ့ ရှိသည်။ အင်တာနက်ဂိမ်းတွေကစားသည် လူငယ်တွေများသည်။ အချို့အဒေါ်ကြီးတွေကျတော့ အင်တာနက်တယ်လီဖုန်းဖြင့် နိုင်ငံခြားမှာရှိသည် သားသမီးတွေနှင့် စကားပြောဖို့ လာကြသူတွေ ဖြစ်သည်။ ပထမတော့ ကျွန်မ သိပ် နားမလည်ပေ။ သူတို့အိမ်မှာ တယ်လီဖုန်းမရှိလို့ ဒီမှာ အင်တာနက်ကနေ
ဖုန်းပြောတာ ဖြစ်မှာဟု တွေးမိခဲ့သည်။ တကယ်တော့ ဒီမှာဖုန်းပြောရတာက အင်တာနက်သုံးသည့် ဈေးနှုန်းအတိုင်းပဲကုန်တာမို့ တစ်နာရီလျှင် အလွန်ဆုံးကုန်လျှင် ခြောက်ရာကျပ်ပါ။ တစ်နာရီလုံး သားသမီးနှင့် တယ်လီဖုန်းပြောလည်း ခြောက်ရာပဲ။သိပ်တန်သည်ဟု မမယမုန်က ပြောသည်။ အိမ်မှာရှိသော ကြိုးဖုန်းဖြင့် နိုင်ငံခြားကို
ခေါ်ပြီး စကားပြောလျှင် တစ်မိနစ်ကိုပင် မြန်မာငွေ ၆၀၀၀ကျပ်ကုန်မည်တဲ့။ကျွန်မလန့်သွားသည်။ ထို အဒေါ်ကြီးတွေပြောနေသည်။ တစ်နာရီစာ မိနစ်၆ဝကို ၆၀၀၀ဖြင့် မြှောက်ကြည် မိသွားသောကြောင့် ဖြစ်သည်။

အော် .. အင်တာနက်ပေါ်လာသော ကျွန်မတို့လူသားတွေအတွက် တော်တော်ကိုအသုံးကျတာပါလား။

“ဝတီ ကျူရှင် သွားမယ့် ရှိုးက များလွန်းလှချည်လား”

အို ‌သေတော့မှာပဲ။ ကျောပိုးအိတ်လေးမှာ တန်းလန်းချိတ်သည့် ဖန်ပုတီးလုံးလေး တွေကို ညီအောင် ပြန်တပ်နေရင်းက မမယမုန် အသံကို
ကြားလိုက်ရတော့ ခေါင်း ဆံပင်တွေတောင် ထောင်ထသွားသည် ထင်မိသည်။

ပန်းရောင်အင်္ကျီနှင့် စကတ်အနက်က ရှိုးများလွန်းတာ မဟုတ်ပါ။ မျက်နှာမှာ ခြယ်တာကို များသည်ဟု ပြောတာများလား။

“နှုတ်ခမ်းတိုလေးက တောက်လွန်းတယ်”

“အာ မမကလည်း လူကို အပြစ်ပဲ လိုက်ရှာနေတာ”

“ဟဲ အပြစ်ရှာတာ မဟုတ်ဘူးတွေ့နေလို့ ပြောနေတာ”

လက်သည်းနီလို စုတ်တံလေးဖြင့် ဆိုးယူရသည့် အရည်ပျစ်ပျစ် ပန်းရောင်တောက်တောက် နှုတ်ခမ်းဆိုးဆေးလေးက ရွန်းလဲ့စိုဖတ်နေသည်မို့ နှုတ်ခမ်းက နဂိုရှိသည်ထက် ပိုပြီး ဖူးကြွလာသလို ထင်ရသည်။ ကျွန်မ အလွန်ကြိုက်သော
နှုတ်ခမ်းဆိုးဆေး ဖြစ်ပါသည်။ ကြာကြာနေလျှင် ထိုနှုတ်ခမ်းကို ပြန်ဖျက်ပြီးပြင်ဆိုခိုင်းမှာ စိုးလို့ ကျွန်မ မြန်မြန် အိမ်ထဲက ထွက်လာခဲ့သည်။

“မေမေ မေမေသမီ အခုတလော ဟန်ပျက်နေတယ်နော်”

 ဟူသော စကားသံ တစ်စွန်းတစ်စကိုတော့ ကျွန်မကြားဖြစ်အောင် ကြားလိုက်သည်။

ချိန်းထားသည့် ကန်တောင်ကြီး ဆင်ရုပ်ကြီးတွေနားရောက်တော့ ဟိုဟိုဒီဒီ ရှာဖွေကြည့်မိသည်။ ဆင်ရုပ်ကြီးတွေ အလွန် မြက်ခင်းပြင်တွင် ထိုင်နေသူတွေ၊
မတ်တပ်ရပ်နေသူတွေက ၁ဝယောက်မကပေ။ တချို့က မိသားစုနှင့်၊ တချို့က
သူငယ်ချင်းတွေ၊ ကျွန်မလို တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေမည့်ကောင်လေး တစ်ယောက်ယောက်ကို ရှာကြည့်တော့ မတွေ့ရပေ။ ကျွန်မ နာရီကိုကြည့် လိုက်သည်။ တစ်နာရီ ထိုးရန် ဆယ်မိနစ်ပင် လိုသေးသည်။ ကျွန်မ
နည်းနည်းစောနေတာပဲ။ ကျွန်မ သစ်ပင်ကြီးကြီးတစ်ပင်၏ နောက်ဘက်သို့ လျှောက်သွားလိုက်သည်။ မြက်ခင်းပေါ်ထိုင်ချင်တော့ စိုနေသည် မြက်ခင်းက ကျွန်မစကတ်ကို စိုမှာစိုးသည်။ ကျွန်မမှာ ပါသွားသည် မှတ်စုစာအုပ်ထဲက စာရွက်တစ်ရွက်ကို ဆုတ်ဖြဲလိုက်ပြီး မြက်ခင်းပေါ်ချခင်းထိုင်လိုက်ပါသည်။ နှမြောစရာတော့ ကောင်းသည်။
သို့သော် စကပ်ပေသွားလျှင် ပိုဆိုးမည် မဟုတ်လား။ကျွန်မကို သူရှာတတ်ပါ့မလား။ အို ရှာတတ်မှာပါ။ သူလူလည်ပဲ။

ကျွန်မ ပြုံးမိသည်။ ကျွန်မကို သူက မသိလျှင်လည်း ကျွန်မက သူ့ကိုသိနေမှာပါ။ ကျွန်မ ယုံကြည်သည်။ ခြောက်လကြာအောင်ရင်းနှီးကျွမ်းဝင်လာသည့်
သူငယ်ချင်းမက ချစ်သူမကျ အဖော်တွေပဲလေ။

ကျွန်မ ဆာနေပြီမို့ ဝယ်လာသည့် ဆင်းဝစ်လေးကို ထုတ်စားမိသည်။ရေသန့်ဗူးအသေးလေး တစ်ဗူးလည်း ကျွန်မသည် ယူလာသည်။ ဆင်းဒဝစ်ချ်က
နောက်တစ်ထုပ်ပါသေးသည်။ တကယ်လို့များ သူဆာရင် ကျွေးနိုင်ရန် အပိုဝယ်လာခြင်းဖြစ်ပါသည်။

ကျွန်မ အနားက ဖြတ်သွားသော ဖြစ်နိုင်ခြေ လူငယ်များကို စောင့်ပြီးရှာဖွေစူးစမ်းကြည့်ဖြင့် ကြည့်မိသည်။ သူတို့က ကျွန်မကို လှည့်လှည့်တော့
ကြည်သွားကြသည်။ သို့သော် တစ်ချက်ပဲ။ သူတို့ပြောလက်စ စကားကို ဆက်ပြောပြီး
ခြေလှမ်းမပျက် ဆက်ထွက်ခွာကြသည်။

လူငယ်တစ်ယောက် ဟိုဟိုဒီဒီ စူးစမ်းရှာဖွေသည် မျက်လုံးဖြင့် ရောက်လာချိန်သည် တစ်နာရီထိုးရန် နှစ်မိနစ်အလို ဖြစ်သည်။ သူများလားဟု ထိတ်ခနဲ
ရင်ဖိုလှိုက်မောသွားသည်။ ကျွန်မ ထိုင်နေသည် အနေအထားကို ပြင်ဆင်ပြီး သူ့ကိုလှမ်းကြည့်တော့ သူကလည်း ကျွန်မကို လှမ်းကြည့်သည်။ ဆံပင်ကောက်ကောက် ပိန်ပိန်သွယ်သွယ် အကွက်စိပ်စိပ် ပုဆိုးက တိုတို၊ ခါးပုံစ သေသေသပ်သပ် သူများလား။ထိုလူက ကျွန်မထက် သုံးလေးနှစ်တော့ကြီးမည်။ ဝတ်ထားသည် အင်္ကျီက အဖြူရောင်
ဖျော့ဖျော့။ အို ကျွန်မသိပ်ကြိုက်သည့် အရောင်ပေါ့။သူ ခပ်လှမ်းလှမ်းမှာ ရပ်နေရာက
ကျွန်မကို အချိန်ကြာကြာစိုက် မကြည့်ဘဲ ခဏခဏ လှမ်းလှမ်းကြည့်သည်။ဟုတ်ပါ သည်။ သူပဲ ဖြစ်မှာ။ ဒါပေမယ် သူ့ မျက်လုံးတွေကတော့ ညှိုးမှိန်နေသလိုပဲ။ကျွန်မကို အားပေးစကားပြောခဲ့သူ၏မျက်လုံးတွေ မဟုတ်။ သူ ဘယ်လို မိန်းကလေးမျိုးကို မျှော်လင့်ထားခဲ့လို့လဲ။ သို့မဟုတ် ကျွန်မကို မြင်လိုက်သည့် အခါ
အံ့သြသွားအောင် မထင်မှတ်ဘဲ ကျွန်မ လှနေလို့လား။

သူဓာတ်ပုံ‌ေတာင်းသည် အချိန်တုန်းက အီးမေးလ်ဖြင့် ကျွန်မ ဓာတ်ပုံပေးလိုက်ရင် အကောင်းသား။ ဒါပေမယ့် အဲဒါက စာရင်း သိပ်ရှုပ်သည်။ ဒစ်ဂျစ်တယ်
ကင်မရာဖြင့် ဓာတ်ပုံရိုက်ရမည်။ (မမယမုန်က သူ့ကင်မရာကို ကျွန်မအားလွတ်လွတ်လပ်လပ် ပေးမကိုင်ပါ။) ရိုက်ထားသည့် ဓာတ်ပုံကို စီဒီပြားနှင့် ပဲဖြစ်ဖြစ် ဖလက်ရှ်ဒရိုက်ဗ်ဟုခေါ်သော ယူအက်စ်ဘီ အချောင်းလေးထဲမှာ ဖြစ်ဖြစ် ထည့်သိမ်းပြီး
အင်တာနက်ဖွင့်သည့် အခါကျမှ အဒီထဲကဖိုင်ကို ကွန်ပျူတာထဲ ဆွဲယူရမည်။ ထို့နောက်
ထိုဖိုင်ကို ကိုယ်ပို့ချင်သည် လိပ်စာသို့ ပူးတွဲဖိုင်အဖြစ် ပေးပို့ရမည်။ ထိုအဆင့်အားလုံး ကျွန်မအတွက် တော်တော် ခက်ခဲသည်။ ထို့ကြောင့် ဓာတ်ပုံ မပို့ချင်ကြောင်းခပ်လွယ်လွယ် ငြင်းဆိုလိုက်ခြင်းဖြစ်ပါသည်။

ထိုလူက ကျွန်မကို ပြုံးလည်းမပြဘူး။

ထိုအချိန်တွင် ကျွန်မရင်ခွင်ထဲသို့ အနီရောင်တောက်ပ စိုလက်သော နှင်းဆီပန်းပွင့်အကြီးကြီး တစ်ပွင့် ရုတ်တရက် အပင်ပေါ်မှ ကြွေကျလာ သလိုမျိုး။

ဟယ်လှလိုက်တာ။
ကျွန်မ ဒိတ်ခန် ရင်ခုန်သွားကာ မော့ကြည့်မိသည်။
ကျွန်မကို မတ်တပ်ရပ်ရင်း ကြည့်နေသော လူကြီးတစ်ယောက်။ ဟင့်အင်း။သူက ဘာဖြစ်လို့ ကျွန်မကို အဲဒီလို  တရင်းတနှီး ပြုံးကြည့်နေရတာလဲ။
ဒီနှင်းဆီပန်းကရော။

“ဒီဇင်ဘာလား”

မမျှောင်လင့်ဘဲ သူ့ထံက ထိုစကားကို ကြားလိုက်ရတော့ ခေါင်းထဲမှာပူထူသွားသည်။

ကျွန်မ အံ့သြလွန်းလို့ ဘာစကားမှ ပြန်မပြောနိုင်ဘဲ
တွေတွေကြီး မော့်‌ေငးနေမိသည် ဘုရားရေး၊ ဒုက္ခပါပဲ။

အဲဒါ သူတဲ့လား။

မျက်မှန်အောက်က မျက်လုံးပြူးပြူး ဝိုင်းဝိုင်းက ယောက်ျားတစ်ယောက်ထံမှာ ကျွန်မ တစ်ခါမှ မတွေးထားမိသည့် မျက်လုံးမျိုး၊ သူ့မျက်လုံးထဲမှာ မျက်ဆံညိုညိုက လှုပ်ရှားမှု အလွန်မြန်ဆန်သည်။ တစ်ခဏအတွင်းမှာ ကျွန်မ တစ်ကိုယ်လုံးကို
အလွတ်မပေးဘဲ အကဲခတ်စူးစမ်းမိပြီး သွားပြီဟု ထင်သည်။ အသားညိုညိုရင့်ရင့်မို့
ဝတ်ထားသည် အင်္ကျီဖြူက ပိုပြီးတောက်ပနေသလိုပဲ။ အသက်က တော်တော်ကြီးပါပြီ။အနည်းဆုံး ၄၀ကတော့ ကျော်မှာပဲ။ ကျွန်မ စိတ်ညစ်သွားသည်။

“ထိုင်မယ်နော်”

ဟင့်အင်း မထိုင်နဲ့ ဟု ကျွန်မငြင်းချင်သည်။ ကျွန်မ နှုတ်ခမ်းတွေက ဖွင့်လို့မရအောင် စေးကပ်နေကြသည်။ကျွန်မခပ်လှမ်းလှမ်းမှာရှိသည် စောစောက လူငယ်ကို လှမ်းကြည့်လိုက်သည်။ထိုလူငယ်က ကျွန်မတို့ကို လှမ်းကြည် မနေတော့ဘဲ တစ်နေရာသို့ မျှော်နေသည်။

ကျွန်မ ပခုံးကိုပင် ထိသွားအောင် ဘေးနားမှာ ကပ်ကပ်လေး ထိုင်ချလိုက်သည်။
လူကတော့ ရေးမွှေးနံ့က တထောင်းထောင်းနဲ့ ။ကျွန်မ ရေမွှေးနံ့ကို မုန်းသည့် အကြောင်း
ချတ်တင်လုပ်တုန်းက ထည့်မပြောမိဘူးလား။

“ဒီဇင်ဘာက သိပ်လှတာပါပဲလား”

သိပ်လှတာပဲဟူသော စကားကို ကျွန်မစိတ်ကူးထဲမှာ ကြားယောင်ပြီး ရင်ခုန်ရတာ ခဏခဏပါပဲ။ သို့သော်ယခုတစ်ကြိမ် တကယ်အပြောခံလိုက်ရသည့် အခါ စိတ်ကျဉ်းကျပ်လိုက်တာမှ ပြောမနေနှင့်တော့။ ယောင်ယမ်းပြီး မျက်လုံးတောင်
မှိတ်ချပစ်လိုက်မိသည်။

မဖြစ်နိုင်ဘူး။ သစ်လွင် သစ္စာဖောက်လိုက်တာပဲ ဖြစ်ရမယ်။ သူ မအားလို့ပဲဖြစ်ဖြစ် သူ မလွန်ဆန်နိုင်လို့ပဲဖြစ်ဖြစ် သူ့ဦးလေးကို အစားထိုးလွှတ်လိုက်ရခြင်း
ဖြစ်မည်။ ဒါက သစ်လွင်တော့ မဟုတ်နိုင်ပါ။ ဒီလို ခပ်ပျပ်ပျပ် ဝဝဖိုင့်ဖိုင့် ဗိုက်ရွဲရွဲ လူကြီးကတော့ သစ်လွင် မဟုတ်နိုင်ပါ။ သူလား အာဇာနည်ရဲ့ ရှင်းပြခွင့်ပေးပါ သီချင်းကို ညည်းမဲ့သူ့ မဖြစ်နိုင်ပါဘူး။

ကျွန်မ ချက်ချင်း ငိုချပစ်လိုက်ချင်စိတ်ဖြင့် ထထွက်ပြေးဖို့ စိတ်ကူးမိသည်။သို့သော် ကျွန်မ ခြေထောက်တွေက လှုပ်လို့မရ။ ကျွန်မခေါင်းက သူ့ချိုင်းအောက်မှာ ရောက်နေသည့်အခါ ရေမွှေးနံ့ကနေ သီးသန့်ခွဲထွက်နေသော စူးရှရှအနံ့တစ်ခုက
နှာခေါင်းထဲသို့ အတင်းတိုးဝင်လာသည်။
ကျွန်မ စိတ်ပျက်လက်ပျက် ဘေးသို့ ယိမ်းလိုက်သည်။

“ဒီဇင်ဘာ အဖော်လေး ဘာလေးခေါ်လာခဲ့ဖို့ကောင်းတယ်၊ ဘာဖြစ်လို့တစ်ယောက်တည်း လာသလဲကွယ်၊ သစ်လွင်ဆိုတာ ဘယ်လိုလူလို့ ကြိုမှ မသိနိုင်ဘဲနဲ့၊သတ္တိကောင်းလှချည်လား ကလေးရယ်”

သူ့အသံကတော့ ရုပ်ရည်နှင့် မလိုက်အောင် နူးညံ့လှ၏။ အော် ဒီလိုတော့လည်း ကျွန်မအပေါ် သူ စိတ်ပူပန်သားပါလား။

“အို ဆင်းဒဝစ်ချ်တွေ စားနေပြီလား၊ ကိုယ်က ဒီဇင်ဘာ့ကို ကော်ဖီဆိုင်တစ်ခုခုကို ခေါ်သွားပြီး အတူ စားကြမလားလို့ ဟိုဘက်မှာ ကိုယ့်ကားပါလာတယ်”

ကားပါတယ်တဲ့။ မလိုက်နဲ့။ အခုမှသိတဲ့ လူတစ်ယောက်နောက်ကိုလိုက်မသွားနဲ့။

“မစားဘူး၊ ကျွန်မကျူရှင်တက်မယ်လို့ ညာပြီး ထွက်လာတာ၊ ကျူရှင်ဆင်းချိန် အမီအိမ်ပြန်မှ ဖြစ်မယ်"

“အို ကလေးကလည်းကွယ်၊ အခုမှတွေ့ရတာကို ခဏလေးနေပါဦး၊ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း စကားလေးနည်းနည်းပြောကြဦးမယ်လေ၊ ပြီးတော့ အိမ်ထိ လိုက်ပို့ပေးမှာပေါ့"

ဒီလူကြီးနဲ့ စကားပြောရတာ ရင်ခုန်စရာ ကောင်းမှာမှ မဟုတ်ဘဲ ကျွန်မထင်ထားတာက သစ်လွင်ဆိုတဲ့လူဟာ အရပ်ရှည်ရှည် မျက်နှာထားခပ်တည်တည်
ဣန္ဒြေကြီးကြီးနဲ့၊ ဘာကိုမဆို စိုးမိုးထိန်းချုပ်နိုင်စွမ်းရှိတဲ့လူ။

“ဒီဇင်ဘာပြောဖူးတဲ့ ဟိုတယ်ဧည့်ကြို အလုပ်ဆိုတာ အခု စိတ်ဝင်စားသေးလား”

ကျွန်မ သူ့ကို မျက်လွှာပင့်ပြီး အကဲခတ်ကြည့်လိုက်၏။

“ပါရာဒိုက်စ် ဟိုတယ်မှာ ဧည့်ကြိုကောင်တာ ထိုင်ဖို့ ရီဆက်ပ်ရှင်းနစ်စ်တ် တစ်ယောက်လိုနေတယ်၊ အင်္ဂလိပ်စကား နည်းနည်းတတ်ရမယ်”

သူ့စကားကို ချက်ချင်းမယုံနဲ့ဦး။ ကျွန်မ အိမ်ပြန်ရဦးမယ်။ နောက်နေ့မှ ချက်တင်လုပ်ရအောင်လို့ ငြင်းလိုက်။

“ကလေး စိတ်ဝင်စားတုန်းဆိုရင် အခုအပြန်မှာ တစ်ခါတည်းဝင်ပြီး လက်ထောက်မန်နေဂျာနဲ့ မိတ်ဆက်ပေးလိုက်မယ်”

ဟင့် အင်း ကျွန်မ စိတ်မဝင်စားတော့ပါဘူး၊ မမယမုန် လုပ်စေချင်တဲ့ ကွန်ပျူတာ ပရိုဂရမ်မာပဲ လုပ်တော့မယ်။

သို့သော် ကျွန်မဘယ်လိုငြင်းရမှန်းမသိ။ သူ့ အပေါ်သိပ်ရိုင်းပျသွားမိမှာကိုလည်း စိုးရိမ်သည်။ လက်ထဲက နှင်းဆီပန်းနီနီရဲရဲကို လှည့်ပတ်ကိုင်ကြည့်နေသည့် ကျွန်မလက်ချောင်းတွေ တဆတ်ဆတ်တုန်ယင်နေသည်ကို ကျွန်မကိုယ်တိုင် မြင်မိသည်။
အို သူလည်း မြင်မှာပဲ။

“ဘယ်လိုလဲဟင် နှင်းဆီပန်းစစ်စစ်ကို ရတော့လည်း မနမ်းသေးပါလား”

သူ့စကားသံက ဘာအဓိပ္ပါယ်ကြီးပါလိမ့်။ ကျွန်မ အလန့်တကြား လွှတ်ချမိသည်။ပန်းကို သူက ဖျက်ခနဲဆီးဖမ်းယူလိုက်တာက မြန်လိုက်တာ။
ကျွန်မကြည့်နေရင်းမှာပင် သူက ပန်းကို တရှိုက်နမ်းလိုက်၏။

“အား တအားကိုမွှေးတာပဲ”

ထိုနှင်းဆီပန်း ပွင့်ချပ်များဖြင့် ကျွန်မ၏ လက်ဖျံကို သာသာလေး ထိကပ်ပွတ်ဆွဲလိုက်တော့ ကျွန်မ တစ်ကိုယ်လုံး နွေးခနဲ ကြက်သီးမွေးညင်းထသွားသည်။

“ကဲ ပြောစမ်းပါဦး၊ ဒီဇင်ဘာရဲ့ ချုပ်ချယ်တတ်တဲ့ အစ်မအကြောင်း၊ ဒီဇင်ဘာ စိတ်မဝင်စားတဲ့ ကွန်ပျူတာ လေ့ကျင့်ခန်းတွေအကြောင်း ဒီဇင်ဘာသိပ်ကြိုက်တတ်တဲ့ အစားအစာတွေ အကြောင်း၊ ချတ်တင်မှာတော့ သွက်လိုက်တာ မနည်းလိုက်ရတယ်။အခုတော့လည်း ငြိမ်လို့”

စိတ်ကူးယဉ်နှင့် လက်တွေ့က တခြားစီဖြစ်သွားရတာကို စိတ်ညစ်သွားတဲ့အခါ ကျွန်မ ဘာမှ ပြောဖို့ စိတ်မပါတော့ပါ။ ဒါကို ဒီလူကြီး ဘာဖြစ်လို့ မသိတာလဲ။မသိချင်ယောင် ဆောင်နေတာလား။

“ဘာလဲ ဆူခံရမှာစိုးလို့ အိမ်ပြန်ချင်နေပြီ မဟုတ်လား”

ဒီတစ်ခါတော့ ကျွန်မ ခေါင်းညိမ့်လိုက်ပါသည်။

“အိုကေ ပြန်ရမှာပေါ့။ ကိုယ်လိုက်ပို့ပေးမှာပေါ့။ ကော်ဖီလေးတစ်ခွက်နဲ့ တကယ့်ဆင်းဒဝစ်ချ်လေး တစ်ပွဲတော့ စားလိုက်ဦး ပြီးရင် ကိုယ်လိုက်ပို့ပေးမယ် ဟုတ်ပြီလား”

ကျွန်မ သူ့ကားနှင့် လိုက်သွားသင့်ရဲ့လားဟု တွေဝေသွားမိသည်။ မမယမုန်သာ ဘေးမှာပါလျှင် ကျွန်မ ဘယ်ကိုမဆို သွားရဲပါသည်။

“အော် မမေ့ခင် ပေးထားရဦးမယ်။ ဒီမှာစတိတ်ရှိုးလက်မှတ်လေးနှစ်စောင်၊အစ်မနဲ့ ကြည့်ကြည့် သူငယ်ချင်းနဲ့ ကြည့်ကြည့်၊ ကိုယ်ပေးတယ်လို့သာ ဘယ်သူမှ မသိစေနဲ့ ရော့”

ကျားပေါက်နှင့် ဖြူဖြူကျော်သိန်း တဲ့။
ဟယ် ပျော်စရာကြီးပါလား။ ကျွန်မ ဣနြေ မလုပ်တော့ဘဲ သူ့လက်ထဲက လက်မှတ်လေးတွေကို ကြည့်မိသည်။

“ဒီဇင်ဘာက ကျားပေါက်ကြိုက်တယ်ဆိုလို့ ကိုယ်ဝယ်လာခဲ့တာလေ”

အင်း ဒီလိုဆိုတော့လည်း ကျွန်မ၏စိတ်ကူးထဲက သစ်လွင်နဲ့ ပုံပန်းသွင်ပြင်မတူတာ တစ်ခုပါပဲ။ ကျန်သည့် အတွေးအခေါ် စိတ်ဓာတ်ကတော့ အတူတူပါပဲဟု အနည်းငယ်ဖော့တွေးမိသွားသည်။

ကျွန်၏ပါးပြင်တစ်ခြမ်းကို ပူစပ်လာအောင် နေရောင်က ထိုးလာသည်မို့ ကျွန်မလက်ဖြင့် ပါးပြင်ကို ပွတ်သပ်လိုက်ရ၏။ သစ်ပင်က နေရောင်
သိပ်မလုံတော့သလိုပဲ နေရာရွှေ့မှ ထင်တယ်။ ကျွန်မ မော်ကြည့်လိုက်သည်။သစ်ပင်ကြီးက အရွက်တွေ စိပ်နေပါရဲ့။ သို့သော် နေပြောက်ကျား ထိုးနေသည်။

“နေပူတယ်လေ လာ တို့ နေရာပြောင်းကြမယ်”

သူကအရင်ထလိုက်သည်။ လက်ရဲဇက်ရဲ ဆွဲထူမှာကို ကြောက်သဖြင့် မြန်မြန်ဆန်ဆန် လိုက်ထလိုက်သော်လည်း ကျွန်မစိုးရိမ်သလို ဟုတ်ဟန်မတူပါ။
သူကခပ်ခွာခွာမှာပင် မတ်တပ်ရပ်လိုက်သည်။ တော်သေးတာပေါ့။

“ရော့လေ အိတ်ထဲထည့်ထား"

သူလှမ်းပေးသော လက်မှတ်နှစ်စောင်ကို ကျွန်မတွန့်ဆုတ်စွာ လှမ်းယူလိုက်ပြီး ကျောပိုးအိတ် ရှေ့အိတ်ထဲသို့ ထည့်လိုက်သည်။ သူကရှေ့မှ လျှောက်နှင့်သဖြင့် ကျွန်မနောက်က လိုက်လျှောက်လာခဲ့သည်။

“ကော်ဖီ မသောက်တော့ဘူးနော်၊ အိမ်ကို ပြန်ချင်ပါတယ် ”

“ကော်ဖီသောက်တာ ဘယ်လောက်မှ မကြာပါဘူး၊ ခဏလေးပဲ နာရီဝက်ပေါ့”

သူ့ အသံက ပုံမှန်ပါပဲနော်။ မိန်းကလေးတစ်ယောက်ကို လိမ်ညာပြီး ခွာမယ့်သူ မဟုတ်လောက်ပါဘူး။

ကျွန်မ နည်းနည်းဆာနေသည်။ ကော်ဖီလေးသောက်ပြီး  သီချင်းတွေအကြာင်း၊အင်္ဂလိပ် စကားပြော သင်တန်းတွေအကြောင်း စကားလက်ဆုံပြောပြီးမှ ပြန်ရမလား။

အင်းဘာပဲဖြစ်ဖြစ် သူ့ကားနဲ့ ကျွန်မလိုက်သွားရတော့မယ်။ ကျွန်မဟာကျွန်မ ပြန်မယ်ဟု ပြောလိုက်လျှင် ကောင်းမလား။ သူ့အပေါ် သိပ်သံသသဖြစ်လွန်းရာ ကျမလား။ အားနာစရာ ကောင်းသွားမလား။ သူ့ကားက သာမန်ပါပဲ။ အဖြူရောင် ၊
ဆလွန်းကားလေးပါ။ ကားနောက်မှာ ရေးထားသည့် နာမည်ကို မဖတ်ရဘဲ ဘေးစောင်းကြည့် သည့် မြင်ကွင်းအရ ကားတွေကို ကျွန်မ အမျိုးအစား မခွဲခြားတတ်ပါ။

သူက ကားမောင်းသူဘေးက ရှေ့ခန်းတံခါးကို ဖွင့်ပေးထားသည်။ ကျွန်မကားထဲ ဝင်ထိုင်ရမှာလား။ နောက်ဆုံးအချိန်ကို ကျွန်မ ဇ‌ေဝဇဝါ ဖြစ်နေဆဲ။ သူ့ကိုတစ်ချက် မော်ကြည့်လိုက်သည်။ ပြီးပြုံးပြလိုက်သည့် အပြုံးက နူးညံ့နွေးထွေးမှု
အပြည့် နှင့်။ ကျွန်မ စိတ်သက်သာစွာ ကားထဲသို့ ခြေလှမ်း လှမ်းဝင်လိုက်ပါသည်။

ကျွန်မ ထိုင်ပြီးတော့ သူက ကားတံခါးကို အသာပိတ်ပေးပြီးမှ သူမောင်းမည်ဘက်သို့
သွားရန် ကားရှေ့ကနေ လျှောက်လာသည်။

ကျွန်မ ကျောပိုးအိတ်လေးကို ရင်ခွင်ကို ထည့်လိုက်ပြီးမှ နှင်းဆီပန်းပွင့်ကို သတိရသွားသည်။ဪ ပန်းပွင့်လေးဘယ်များ ရောက်သွားပါလိမ့်။ ကျွန်မဆီမှာပါမလာ။ ကျွန်မလွှတ်ချခဲ့လိုက်တာပဲလေ။ သစ်ပင်ခြေရင်းမှာ ကျန်ရစ်ခဲ့ရောပေါ့။

အမှတ်တမဲ့ ကျွန်မထိုင်နေခဲ့ရာမှ ပြန်လှည့်ကြည့်မိသည်။ အနီရောင်နှင်းဆီပွင့်ကိုတော့ မမြင်မိ။ ကျွန်မထိုင်ခဲ့သော စာရွက်လေးကိုသာ မြက်ခင်းပြင်ပေါ်တွင်လေဖြင့် လွင့်ပါလုဆဲဆဲ ဖြစ်နေသည်ကို မြင်ရသည်။ စာရွက်မှာ အဖြူဆွတ်ဆွတ်
မဟုတ်တော့ပါ။ ဝါညိုညို အရောင်တချို့ စွန်းထင်းစိုရွဲနေသည်။ မြက်ခင်းပြင်ပေါ်က
ရေစက်တွေ ဖြစ်ပါလိမ့်မည်။

#ဂျူး
#တွေ့ချင်လှပြီ

#shared_by_louis_augustine

Comments