ကံ့ကူလက်လှည့် // အောင်သင်း

ကံ့ကူလက်လှည့် // အောင်သင်း

ကျွန်တော် တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။ စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကြားကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။ တက္ကသိုလ်မရောက်သေးမီ ကလည်း တောင်တွင်းကြီးမြို့၊ “မိုးထိ အလယ်တန်းကျောင်း” တွင် အလယ်တန်းပြဆရာအဖြစ် နှစ်နှစ်၊ သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့်ပတ်သက်၍ အတန်အသင့် နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။

     ကြွားဝါနေခြင်းဟု မထင်ပါနှင့်။ ကျွန်တော့်အဖို့ ဘာမျှ ပင်ပင်ပန်းပန်း ကြိုးစားမနေဘဲ ထိုသို့အဆင့်လောက် ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် တော်ရုံတန်ရုံ စာသင်ကောင်းသည်ဆိုသော ဆရာမျိုး ကိုလည်း “သြော်… စာသင်ကောင်းတယ်ဆိုပဲ” ဟု အောက်မေ့လိုက်ရုံမျှသာ ရှိပါသည်။

စာသင်ကြားမှုနှင့်ပတ်သက်၍ ကျွန်တော်ကြောက်ဒူးတုန်ပြီး လန့်သွားလောက်အောင် ကြုံရသည်မှာ ၁၉၆၃-၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။

     သည်တော့ ကျွန်တော်က တက္ကသိုလ်တွင် ဆရာဖြစ်နေလေပြီ။ တက္ကသိုလ်ကျောင်းပိတ်လျှင်ဖြစ်စေ၊အကြောင်းကြောင်းကြောင့် ကျောင်းပိတ်လိုက်လျှင်ဖြစ်စေ ကျွန်တော့်ဇာတိ တောင်တွင်းကြီးမြို့သို့ ပြန်သွားလေ့ ရှိပါသည်။ တောင်တွင်းကြီးမြို့သို့ ပြန်ရောက်သွားလိုက်လျှင်လည်း ကျွန်တော်အများဆုံး အချိန်ဖြုန်းသော နေရာမှာ ရွှေအင်းတောင်ဘုရားကြီးရင်ပြင်ပေါ်ရှိ အမျိုးသားပြတိုက်တွင် ဖြစ်ပါသည်။ ထိုပြတိုက်ကို စတင်တည်ထောင်ခဲ့သူများတွင် ကျွန်တော်လည်း အမှုဆောင်တစ်ယောက်အဖြစ် တက်ကြွစွာ လုပ်ဆောင်ခဲ့သူဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်နေလင့်ကစား ကျွန်တော့်ကို အဝေးရောက်အမှုဆောင်အဖြစ် ထည့်သွင်းထားကြပါသည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် လုပ်ဆောင်ဖွယ်ရှိသည်တို့ကို လုပ်ဆောင်ပေးရပါသည်။

    ကျွန်တော်တို့ အမှုဆောင်အဖွဲ့မှ တက်ကြွစွာ လှုပ်ရှားသူများတွင် မိုးထိကျောင်းက မူလတန်းပြဆရာ “ဦးဉာဏ်စိန်” တစ်ယောက်လည်း ပါဝင်ပါသည်။ မိုးထိကျောင်းနှင့် ရွှေအင်းတောင်ဘုရားမှာ ကပ်လျက်ရှိနေသည် ဖြစ်သောကြောင့် ပြတိုက်ဘက်သို့သွားလျှင် ဆရာကိုဉာဏ်စိန်ဆီသို့ ဝင်သွားလေ့ရှိပါသည်။

   ကိုဉာဏ်စိန်က မူလကတော့ အနုပညာနည်းပြ (ပန်းချီနည်းပြ) ဆရာ ဖြစ်ပါသည်။ ထိုစဉ်က ဘာကြောင့်ရယ် မသိ၊ ပန်းချီနည်းပြဆရာများကိုလည်း စာသင်ဆရာလုပ်လိုက်သောကြောင့် သူက မူလတန်းဆရာအဖြစ် “သူငယ်တန်း” ကို သင်ကြားနေရပါသည်။

ကျွန်တော်က သူနှင့် ထွေရာလေးပါးစကားပြောချင်သောကြောင့် သူ့အခန်းဆီသို့ လိုက်သွားပါသည်။ သူသင်ကြားနေသည်ကို အမှတ်မထင် တစေ့တစောင်း လှမ်းကြည့်နေမိသည်။ ဘာစာမှ သင်သည်လည်း မဟုတ်ပါ။ သင်ပုန်းပေါ်တွင် အရုပ်တစ်ရုပ်ရေးနေပါသည်။ ကျွန်တော်မှတ်မိသလောက် အရုပ်က မတ်တတ်ရပ်နေသော လိပ်ရုပ်။ ထိုစဉ်က ကာတွန်းစာအုပ်များတွင်တွေ့ရသော “ဖိုးရွှေလိပ်”မှန်း ကျွန်တော်သိလိုက်ပါသည်။

ကျွန်တော်သာ သိသည်မဟုတ်ပါ။ သူ့တပည့်ကလေးတွေကလည်း သိကြပါသည်။ “ဟေး… ဖိုးရွှေလိပ်ကွ” စသည်ဖြင့် အော်ကြပါသည်။ သူက ထိုလိပ်ရုပ်၏ လက်ထဲသို့ တုတ်ကောက်တစ်ခု တပ်ပေးလိုက်ပြန်သည်။ ကလေးတွေက “တုတ်ကောက်နဲ့ကွ” ဟု အော်လိုက်ပြန်ပါသည်။ ပါးစပ်တွင် ဆေးတံတပ်ပေးလိုက်ပြန်သည်။ ကလေးတွေက “ဆေးတံနဲ့ဟေ့” စသည်ဖြင့် အော်လိုက်ကြပြန်ပါသည်။

ထိုအရုပ်ရေးပြီးမှ ကိုဉာဏ်စိန်က အတန်းထဲရှိ ကလေးများဘက်လှည့်ပြီး “တစ်နေ့မှာ ဖိုးရွှေလိပ်ဟာ မနက်စောစော လမ်းလျှောက်ထွက်လာတယ်။ အဲဒီလိုနဲ့ လမ်းမှာ ဘယ်သူနဲ့ တွေ့သလဲဆိုတော့…” ဟု ပြောလိုက်ပြီးနောက် သင်ပုန်းတစ်ဘက်စွန်းတွင် အရုပ်တစ်ရုပ်ကို ရေးနေပြန်ပါသည်။ ကလေးတွေကလည်း ဘယ်သူနဲ့များ တွေ့မည်လဲ စောင့်ကြည့်နေကြပြန်ပါသည်။ စင်စစ် ကလေးတွေသာမဟုတ်ပါ။ ကျွန်တော်လည်း စောင့်ကြည့်နေမိပါသည်။ သူဆွဲနေသောပုံမှာ တစ်စတစ်စ ပုံပေါ်လာပါသည်။ ကလေးတွေက “ယုန်ကလေး” ဟု တပျော်တပါးကြီး အော်လိုက်ကြပြန်ပါသည်။ ယုန်ကိုလည်း ဟိုဟာတပ်၊ သည်ဟာဆင်လိုက်ရာ မျက်မှန်နဲ့ အထုပ်အပိုးနဲ့ ဖြစ်သွားပြန်ပါသည်။ သူက တစ်ခုခုတပ်ဆင်ပေးလိုက်တိုင်း ကလေးတွေကလည်း တသောသောနှင့် သဘောကျနေကြပါသည်။ သူက ဆက်၍…

“အဲဒီလို ဘဘကြီး ဦးရွှေယုန်နဲ့တွေ့လိုက်တော့ ဖိုးရွှေလိပ်က ဘယ်လိုလဲ ဘဘကြီးရဲ့ ဘယ်ကြွမလို့လဲ လို့ မေးလိုက်တယ်”

ရှေ့လျှောက်ပြီး သူဆက်ပြောနေသည်တွေကိုတော့ ကျွန်တော်လည်း မမှတ်မိတော့ပါ။ အမှန်အတိုင်း ပြောရလျှင် ဘာရယ်မဟုတ်၊ သူ့ပါးစပ်ထဲ ရောက်လာသမျှ သူစိတ်ကူးပေါက်သမျှတွေကို ပုံလိုလို ဘာလိုလို လုပ်ပြီး ပြောနေခြင်းဖြစ်ပါသည်။

ဆရာကိုဉာဏ်စိန် ကျွန်တော့်ကို မြင်လိုက်တော့ သူ့ဘာသာသူ သဘောကျစွာ ရယ်လိုက်ပြီး “လာလေဗျာ၊ ခင်ဗျားကော နားထောင်သွားပါဦးလား” တဲ့။
   “တော်ပါပြီဗျာ၊ ကျောင်းဆင်းရင်သာ ဘုရားပေါ်လာခဲ့ပါ” ဟု ရယ်မောပြောဆိုပြီး ထွက်လာခဲ့ပါသည်။

နောက်တစ်နေ့ သူ့စာသင်ခန်းထိ ရောက်သွားပြန်တော့သည်။ ထိုနည်းတူ အရုပ်တွေရေးပြီး ပေါက်တတ်ကရ ပုံပြင်လိုလို ဘာလိုလိုတွေ ပြောနေတာကိုပဲ တွေ့ရပြန်ပါသည်။ သုံးလေးရက်လောက်ရှိတော့ ကျွန်တော်က မနေနိုင်တော့ဘဲ…

“ခင်ဗျားက ဘာစာမှသင်တာလည်း မတွေ့ရပါကလားဗျ” ဟု ရယ်ကာမောကာ မေးလိုက်တော့…

“စာသင်တာဟာ အရေးကြီးတာမှတ်လို့ဗျာ၊ ဘယ်အချိန်သင်သင် ရတဲ့ကိစ္စ” ဟု ရယ်ပြီး ပြောပါသည်။ ပြီးမှ “တကယ်ပြောတာဗျ… စာသင်တာ ဘယ်အချိန်သင်သင်ဖြစ်တယ်၊ ဒီအချိန်မှာ ကလေးတွေ ပျော်နေဖို့လိုတယ်။ ကျောင်းကို ကြောက်စရာကြီးလို့ အောက်မေ့မသွားဖို့ အရေးကြီးတယ်ဗျ။ ကျောင်းပျော်အောင် လုပ်နေရတာဗျ”

ကျွန်တော့်စိတ်ထဲတွင် “အင်း… သူပြောတာလည်း ဟုတ်သားပဲ” ဟု တွေးလိုက်မိသည်။ နောက်တစ်နေ့ ရောက်သွားတော့ သူလုပ်ပုံကိုင်ပုံကို ကြည့်ချင်သည်နှင့် ကျောင်းခန်းအပြင်ဘက် ပြတင်းပေါက်နားတွင် ထိုင်ခုံလေးတစ်လုံးကို ချပြီး ကြည့်နေမိပါသည်။ ကျွန်တော် အလန့်ဆုံးကိစ္စကို ထိုနေ့တွင် တွေ့ရပါတော့သည်။

ရှေ့ဆုံးတန်းက ကလေးတစ်ယောက်မှာ တအီအီနှင့် ငိုနေပါသည်။ သူဆွဲနေသော အရုပ်တွေကိုလည်း မကြည့်၊ စာသင်ခန်းအပြင်ဘက်သို့သာ တကြည့်ကြည့်လုပ်ပြီး တအီအီငိုနေပါသည်။ ကလေးကြည့်ရာဆီကို လှမ်းကြည့်လိုက်တော့ မန်ကျည်းပင်ရိပ်တွင် ထိုင်နေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရပါသည်။ ကိုဉာဏ်စိန်ကလည်း ထိုကလေးကို ရှိသည်ပင် မအောက်မေ့။ သူ့ဘာသာသူ အရုပ်တွေရေးလိုက်၊ ပုံပြောလိုက် လုပ်နေပါသည်။

ကျွန်တော်ကတော့ ထိုကလေးကိစ္စကို ကိုဉာဏ်စိန် ဘာလုပ်မလဲ ဆိုသည်ကို စောင့်ကြည့်နေမိပါသည်။ အတော်လေးကြာတော့ ကိုဉာဏ်စိန်က ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ပြီး…

“ဒေါ်အေးသာ စိတ်ချလက်ချ ပြန်စမ်းပါ။ ခင်ဗျားမရှိရင် ခင်ဗျားမြေးကို ကျုပ် ထိန်းနိုင်ပါတယ်။ ခင်ဗျား ရှိနေလို့ကတော့ ဒီကောင် တစ်သက်လုံး အငိုတိတ်မှာ မဟုတ်တော့ဘူး”

ထိုသို့ပြောလိုက်ခါမှ ဟိုအကောင်ကလေးကလည်း အသံမြှင့်ပြီး စီခနဲ ငိုလိုက်ပြန်ပါတော့သည်။ အဘွားဖြစ်သူ အဒေါ်ကြီးကလည်း သူ့မြေးကို သံယောဇဉ်မဖြတ်နိုင်ဘဲ ပေကပ်ကပ် လုပ်နေပါသည်။

“ခက်တယ်ဗျာ… ကလေးတွေကို ထိန်းရတာ ကျုပ်က မကြောက်ပါဘူး။ အဲဒီလို အဘွားကြီးတွေကို ထိန်းရတာ အခက်ဆုံးပဲ” ဟု ညည်းသလို ကျွန်တော့်ကို လှမ်းပြောပါသည်။

“ကဲ မပြန်ချင်ရင်နေဗျာ၊ ဒါပေမဲ့ ကလေးမမြင်လောက်တဲ့နေရာ ဟိုဘက်ထောင့်ကွယ်မှာဖြစ်ဖြစ် သွားနေစမ်းပါ”

ကိုဉာဏ်စိန် အထပ်ထပ်ပြောမှ အဘွားကြီးလည်း မသွားချင်သွားချင် ထောင့်ကွယ်ကလေးသို့ ထွက်သွားပါသည်။ သူ့အဘွားကို မမြင်လိုက်ရတော့ ဟိုချာတိတ်ကလည်း ငိုလိုက်သည်မှာ တစ်တန်းလုံး သူ့ကို ဝိုင်းကြည့်နေကြရအောင်ပင် ဖြစ်သည်။

ကိုဉာဏ်စိန်ကတော့ သူ့ရုပ်တွေကို ဆက်ပြီးရေးပြန်သည်။ ကလေးတွေကလည်း ခွေးရုပ်ကလေးကွ၊ ကြောင်ရုပ်ကလေးကွ စသည်ဖြင့် အော်လိုက်ကြပြန်သည်။ ဟိုချာတိတ်ကတော့ သူများတွေက စီခနဲအော်လိုက်လျှင် ကယောင်ကတမ်း ခဏလောက်အငိုရပ်လိုက်ပြီး အရုပ်ကို လှမ်းပြီးကြည့်လိုက်သည်။ ပြီးတော့ အပြင်လှမ်းကြည့်၊ အဘွားကိုရှာပြီးနောက် တအီအီ ငိုပြန်ပါတော့သည်။

ကျွန်တော်ကတော့ ထိုကလေးနှင့် ကိုဉာဏ်စိန်ကိုကြည့်ပြီး စိတ်အိုက်လှပါပြီ။ ငါဆိုရင် ဘာလုပ်မလဲ တွေးလိုက်ပြန်တော့လည်း ဘာမှမလုပ်တတ်ပါ။ ရိုက်နှက်ပစ်လိုက်ရအောင်ကလည်း တကယ့်လူမမည်ကလေးကို ဒီလိုလုပ်လို့ ဖြစ်နိုင်ပါမည်လား။

ကိုဉာဏ်စိန်ကတော့ ခပ်အေးအေးပါပဲ။ အရုပ်တွေရေးလိုက်၊ ပုံပြင်တွေလိုလို ပြောလိုက်၊ ဟိုချာတိတ်ကလည်း ငိုမြဲပါပဲ။

အတော်လေးကြာတော့ ကိုဉာဏ်စိန်ကလည်း စိတ်ကုန်လာပုံမျိုးနှင့် ထိုကလေးကို စိုက်ကြည့်နေပါသည်။ သို့သော်လည်း သူ့မျက်နှာက ပြုံးစိစိပါပဲ။ ဟိုကောင်က သူ့ကို ဆရာစိုက်ကြည့်နေမှန်းသိတော့ ခဏမျှ ဆရာကို ပြန်ကြည့်ပြီး အငိုတိတ်သွားပါသည်။ ပြီးတော့ စီခနဲ ခပ်ကျယ်ကျယ်ကြီး ငိုလိုက်ပြန်ပါသည်။

ကိုဉာဏ်စိန်က အတန်းဘက်လှည့်ပြီး ကလေးများအား…

“ဟေ့ကောင်တွေ… မင်းတို့တွေ့တယ်မဟုတ်လား၊ ဒီကောင် ကျောင်းရောက်ပြီ ဆိုကတည်းက ငိုတာ ခုထက်ထိ မတိတ်ဘူးကွ။ ဒီကောင်မှာ အငို တွေ အများကြီးပါလာတယ်။ သူတစ်ယောက်တည်း ငိုနေလို့ကတော့ ကုန်မှာမဟုတ်ဘူး။ မင်းတို့ပါ ဝိုင်းပြီး ငိုပေးလိုက်ကြစမ်းကွာ။ ဒါမှ သူ့အငိုတွေ မြန်မြန်ကုန်မှာ”

ကျန်တဲ့ကောင်တွေကလည်း သဘောပေါက်မြန်လိုက်တာ မပြောပါနဲ့တော့။ တစ်တန်းလုံး မျက်စိကို လက်ဖမိုးနှင့်ပွတ်ပြီး တအီးအီး ငိုချင်ယောင်ဆောင်လိုက်ကြသည်မှာ ကျွက်ကျွက်ညံသွားပါတော့သည်။ ကျွန်တော်လည်း အသံထွက်အောင် ရယ်နေမိပါသည်။ ဟိုချာတိတ်က သူ့ဘေးက ကလေးတွေကိုကြည့်ပြီး ကြောင်တောင်တောင်နှင့် တိတ်သွားတော့ ပို၍ပင် ရယ်မိပါသည်။ ကိုဉာဏ်စိန်က…

“ဟိုး… တော်ပြီ အငိုတွေ ကုန်သွားပြီ” ဟု လက်တားပြီး အောလိုက်တော့ ကလေးတွေက တဝါးဝါး ရယ်မောပြီး အငိုရပ်သွားကြပါသည်။

ဟိုအကောင်လည်း ကယောင်ကတမ်း အငိုရပ်သွားပြီး ကျီးကြည့်ကြောင်ကြည့်ဖြစ်နေပါသည်။

ကိုဉာဏ်စိန်ကတော့ သူ့ကိုလှည့်လို့မျှပင် မကြည့်တော့ဘဲ သူ့ဘာသာ အရုပ်တွေရေးလိုက် ပုံပြင်ကို ပြောလိုက် လုပ်နေပြန်ပါသည်။ ဟိုငနဲကလေးကလည်း သူပြောနေသည့် ပုံပြင်ကို နားထောင်သလိုလိုလုပ်လိုက်၊ အရုပ်တွေကိုကြည့်လိုက် လုပ်နေပါသည်။ ခဏကြာတော့ ဘယ်လိုလုပ်ပြီး သတိရလိုက်ပြန်သည်မသိ။ အီခနဲ ငိုလိုက်ပြန်ပါသည်။ ကိုဉာဏ်စိန်က…

“ဟ… အငိုတွေ မကုန်သေးဘူးကွ၊ ကျန်သေးတယ်”

ကိုဉာဏ်စိန် စကားဆုံးအောင်ပင် မပြောလိုက်ရပါ။ တစ်တန်းလုံး တပျော်တပါးကြီး ဝိုင်းဝန်းပြီး ငိုချင်ယောင် ဆောင်လိုက်ကြပြန်သည်။ သူတို့တစ်တွေက သည်လို ငိုလိုက်ရခြင်းကိုပင် အရသာတွေ့နေကြပုံ ပေါ်နေပါသည်။ ကျွန်တော်ကတော့ သူတို့ကိုကြည့်ပြီး ရယ်လို့သာ နေရပါတော့သည်။

ဟိုငနဲလေးလည်း မငိုဝံ့တော့လောက်အောင်ပင် ဖြစ်သွားပါသည်။ ကိုဉာဏ်စိန်၏ စကားနှင့်ဆိုလျှင်တော့ “အငို”တွေ ကုန်သွားပြီပေါ့။

ကျွန်တော်သည် အထက်တွင် ပြောပြခဲ့သည့်အတိုင်း တက္ကသိုလ်က ဆရာတစ်ယောက် ဖြစ်ပါသည်။ သို့သော် ထိုကလေးငယ်ပြဿနာကိုကြည့်ပြီး ခေါင်းခြောက်လိုက်သည်မှာ မပြောတတ်အောင်ပင် ဖြစ်ခဲ့ပါသည်။ “ဒီကလေးကို အငိုတိတ်အောင် လုပ်ပါ၊ မလုပ်နိုင်ရင် မင်းကိုသတ်မယ်” ဟု ဆိုလာလျှင် ကျွန်တော် သေဖို့သာလျှင် ရှိပါသည်။ ဘာမျှ တတ်နိုင်မည် မဟုတ်ပါ။

ကျောင်းဆင်းလို့ ကျွန်တော်နှင့် ကိုဉာဏ်စိန် ဘုရားဘက်သို့ ထွက်လာကြတော့…

“ကိုဉာဏ်စိန် ခင်ဗျားတော်တယ်ဗျ၊ ဟိုကောင် အငိုတိတ်သွားအောင်လုပ်နိုင်တာ သိပ်သဘောကျတာပဲ။ ကျုပ်ဆိုရင် ဘာလုပ်ရမှန်းမသိတာနဲ့ ဒုက္ခအကြီးအကျယ်ရောက်နေမှာ”
“ဒီလိုပဲလေဗျာ… သင့်သလို ကြည့်တွယ်လိုက်ရတာပဲ”

သူကတော့ သည်လိုပဲ ခပ်ပေါ့ပေါ့ ပြောပါသည်။ တကယ်ဆိုတော့ ကျွန်တော့်အဖို့ ခပ်ပေါ့ပေါ့ကိစ္စ လုံးဝ မဟုတ်ပါ။ ကြောက်စရာ ဧရာမကိစ္စကြီး ဖြစ်နေတာ အမှန်ပါ။

ကျွန်တော့်အဖို့ သူငယ်တန်းသင်ကြားမှုကို စိတ်ဝင်စားနေပါပြီ။ တစိမ့်စိမ့်တွေးပြီး လန့်နေသလောက် အထင်ကြီးနေမိပါပြီ။

နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်မိပါသည်။ ငိုတော့ ငိုထားဟန် တူပါသည်။ သူ့အဘွားကိုတော့ မတွေ့ရပါ။ ကွယ်ရာထောင့် တစ်နေရာရာတွင် တစိုးရိမ်ရိမ် စောင့်နေလိမ့်ဦးမည် ထင်ပါသည်။
ကိုဉာဏ်စိန်၏ သင်ခန်းစာကတော့ တစ်ဆင့်တက်သွားပါပြီ။

သူ့အမူအရာက မြူးမြူးရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ၊ ပျော်စရာကြီး။ အသံကလည်း ကြည်ကြည်ချိုချို။

“ကဲ… ဒီနေ့တော့ မင်းတို့ကို ဆီးသီးကျွေးမယ်။ ဆီးသီးစားကြမလားဟေ့”
“စားမယ်”

တစ်အုပ်ကြီး အော်ပြီး ဖြေလိုက်သောအသံ။

“ဆီးသီးစားချင်တဲ့သူ လက်ညှိုးထောင်”

တစ်တန်းလုံး လက်ထောင်ကြပါသည်။ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်တော့ သူများလို လက်မထောင်ပါ။ ကိုယ်ကို ရှေ့ခပ်ကိုင်းကိုင်းညွတ်ပြီး ပါးစပ်ဟောင်းလောင်းနှင့် ကိုဉာဏ်စိန်ကို မော့ကြည့် နေပါသည်။ ဆီးသီး တကယ်ကျွေးမှာလား ဟု စဉ်းစားနေပုံရပါသည်။ သူသာမဟုတ်ပါ။ ကျွန်တော်လည်း ကိုဉာဏ်စိန်ကို ဘာတွေ အကြံအဖန်လုပ်ဦးမလဲ ဟု တွေးနေမိပါသည်။ ဘယ်လိုမှ မှန်းလို့မရရိုးအမှန်ပါ။

ကိုဉာဏ်စိန် အလုပ်စပါပြီ။

သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် “ဝ” လုံးတစ်ခုကို ဝိုင်းစက်နေအောင် ရေးလိုက်ပါသည်။ ထို “ဝ” လုံး ပေါ်တွင် အညှာကလေးတစ်ချက် တပ်လိုက်ပါသည်။

“ကဲ… ဟောဒီမှာ ဆီးသီးတစ်လုံး ဘယ်သူ အလျင်စားမလဲ”

“ကျွန်တော်စားမယ်၊ ကျွန်မစားမယ်” ဟူသော အသံများ ညံသွားပါသည်။

“ဟုတ်ပြီ … မင်းက အငယ်ဆုံးမို့ မင်းကို အရင်ကျွေးမယ်။ ရော့… စားစမ်း”

ဟုပြောပြီး သင်ပုန်းပေါ်က ဆီးသီးရုပ်ကို လက်နှင့်ယူချင်ယောင်ဆောင်၍ ခပ်ငယ်ငယ်ကလေး တစ်ယောက်ကို လှမ်းပစ်ပေးလိုက်ပါသည်။ ထိုကလေးက ဆီးသီးကို ဖမ်းယူလေဟန်ဆောင်၍ ပါးစပ်ထဲထည့်လိုက် ဟန်ဆောင်ပြီး “မြွမ်မြွမ်” နှင့် စားချင်ယောင်ဆောင်ပါသည်။ တစ်တန်းလုံး တဝါးဝါး ရယ်ကြပါသည်။

“ကျွန်တော်လည်း စားဦးမယ်” “ကျွန်မကိုလည်း ပေးပါဦး” စသော အလုအယက် တောင်းဆိုသံများမှာ ဆူနေပါသည်။ ကိုဉာဏ်စိန်က ဆီးသီးတွေကို ရေးလိုက်၊ ပစ်ပေးလိုက် တမြွမ်မြွမ်နှင့် စားလိုက်ကြနှင့် တကယ့် ပျော်စရာကြီးပါပဲ။

“ချိုရဲ့လားဟေ့”

“ချိုတယ်ဆရာ”

“ကဲ… ဟိုအကောင်လည်း အငိုတွေ ကုန်သွားပြီ။ မင်းလည်း တစ်လုံးစားလိုက်ဦး”

ကိုဉာဏ်စိန်က ဆီးသီးတစ်လုံးကို ကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေးလိုက်ယောင် ပြုလိုက်ပါသည်။
ချာတိတ်က ကြောင်တောင်တောင် ဖြစ်နေသေး၍ ဘာမှမလုပ်ပါ။

“သူက မစားချင်သေးဘူးတဲ့၊ မင်းက ယူစားလိုက်စမ်းကွာ” ဟု ဘေးက ကလေးတစ်ယောက်ကို ပြောလိုက်တော့ ထိုကလေးကလည်း အလွယ်တကူပင် ကောက်စားချင်ယောင်ဆောင်လိုက်ပါသည်။

သင်ပုန်းပေါ်တွင်လည်း ဆီးသီးတွေ ပြည့်နေပါပြီ။ သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီးအသစ်တစ်လုံးကို ရေးလိုက်ပါသည်။ ဝိုင်းဝိုင်းစက်စက် မဟုတ်ပါ။ ဘဲဥပုံလိုလို ရှည်မျောမျော ဖြစ်ပါသည်။

“ဒီဆီးသီးက မဝိုင်းဘူး၊ အချဉ်မျိုးကွ၊ ရော့ စားကြည့်စမ်း မချဉ်ဘူးလား”

ကလေးတစ်ယောက်ကို လှမ်းပေးလိုက်တော့ စားချင်ယောင်ဆောင်၊ ရှုံ့မဲ့ပြီးမှ …

“ချဉ်တယ်ဆရာ” ဆိုတော့ အားလုံးက သဘောကျပြီး ရယ်ကြပါသည်။

ဤသို့ ဆီးသီးပိန်ပိန်တွေ၊ ရှုံ့ရှုံ့တွေ၊ ရှည်ရှည်တွေရေးပြီး ပစ်ပေးလိုက်လျှင် ကလေးတွေက ချဉ်တယ်ဆရာ ဟု ပြောကြပါသည်။ ဝိုင်းဝိုင်းစက်စက်ဆီးသီးကို ရေးပေးလိုက်လျှင် ချိုတယ် ဟု ပြောကြပါသည်။

ကလေးတွေ ဆီးသီးစားတမ်း ကစားရသည်ကို ပျော်နေကြသည်မှာတော့ အမှန်ဖြစ်ပါသည်။

ကျွန်တော်တို့နှစ်ယောက် ပြတိုက်ရှိရာဘက်ကို ထွက်လာကြတော့…

“ဟိုချာတိတ် ဒီနေ့တော့ မငိုတော့ဘူးဗျ”

“သူ့အဘွားကို မမြင်ရတော့လို့ပေါ့ဗျာ။ အိမ်က လူကြီးတစ်ယောက်ယောက်ပါလာရင် ဒီလိုပဲ ငိုနေတတ် ကြတယ်ဗျ။ သူကြီးတွေမပါရင် ခဏပါပဲ။ ကလေးတွေပဲဗျာ၊ ခဏရှိတော့ သူတို့ကလေးချင်း ကစားကြ၊ သူများ ကစားတာကို ကြည့်ကြနဲ့ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။ ခက်နေတာက လူကြီးတွေဗျ။ အထူးသဖြင့် အဘွားတွေက အဆိုးဆုံးပဲ။ “ယာဖျက်တော့ သခွား၊ မြေးဖျက်တော့ အဘွား” ဆိုသလိုပေါ့ဗျာ။ အဘွားကြီးတွေ ဆိုတော့ မြေးကိုဖျက်ဖို့ကလွဲလို့ တခြားအလုပ်ကလည်း မည်မည်ရရ မရှိတော့ဘူး မဟုတ်လား”

“ဆရာကို ဘာမှ လာပြီးဆရာမလုပ်တာ၊ သြဇာမပေးတာ တော်သေးတာပေါ့ဗျာ”

“အမယ်… အဲဒါမျိုးလည်း တစ်ခါတလေ ရှိသေးသဗျ။ သူတို့ကလေး၊ သူတို့မြေးကို ရှေ့တန်း ဆရာနဲ့နီးနီး ထားချင်ကြတာတွေပေါ့။ ကလေးတွေမှာ အရပ်အမောင်းက တူတာ မဟုတ်ဘူးဗျ။ ဒီတော့ ကျုပ်က အရပ်နိမ့်တဲ့ ကလေးတွေကို ရှေ့က၊ နည်းနည်းမြင့်တာတွေကို နောက်က၊ အတန်းကို ကြည့်လိုက်ရင် ပတ္တလားစီထားသလို ဖြစ်နေစေချင်တယ်။ အဲဒါ သူတို့ကလေးကို ရှေ့ထားပေးပါ။ ဘာညာနဲ့ လာပြီးပြောတတ်ကြတယ်။ “ခင်ဗျားတို့ ကလေးကိုလည်း သင်ပေးမှာပါ။ မတတ်မှာ မစိုးရိမ်ပါနဲ့”  လို့ ပြောယူရတယ်။ သူငယ်တန်းမှာ လူကြီးတွေ အကဲအပါဆုံးပေါ့ဗျာ။ ဟိုဘက်အထက်တန်းတွေ ရောက်တော့လည်း ဂရုစိုက် မနေတော့ပြန်ဘူး။ ရယ်စရာလည်း အကောင်းသား။ ဒီတော့ သူငယ်တန်းဟာ မိဘနဲ့ ပြဿနာအကြုံဆုံးပေါ့ဗျာ”

“သူတို့သားသမီးကို ရိုက်တာ ပြုတာနဲ့ ပတ်သက်လို့လည်း ပြဿနာကြုံကြရမယ် ထင်တယ်”

“တစ်ခါတလေလည်း ကြုံရတာပေါ့ဗျာ။ နည်းတော့နည်းပါတယ်။ ဒီနေရာမှာတော့ ကိုင်တွယ်တဲ့ ဆရာ၊ ဆရာမအပေါ်မှာလည်း မူတည်တတ်ပါတယ်။ တစ်နေ့ကပဲ ခင်ဗျားလူ ထွန်းရွှေကြီး သူ့သားကို ကျောင်းလာအပ် သွားပါကော။ သူပြောသွားလိုက်ပုံကတော့ ကျုပ်မှာ ရယ်တောင်ရယ်နေရသေးတယ်။ “သူငယ်ချင်းရေ” တဲ့။ “ကဲ… ငါ့သားကို  မင်းဆီ အပ်ခဲ့ပြီ၊ လိမ္မာအောင်သာ ကြည့်တွယ်ပေတော့ကွာ၊ သူများတွေကတော့ မကျိုးမပဲ့ရင်ပြီးရော၊ ရိုက်ပါဆရာလုိ့ ပြောတာပဲ။ ငါ့သားကိုတော့ မလိမ္မာရင် ဆော်သာဆော်ကွာ၊ မတော်တဆ သေသွားရင်တော့ အလွမ်းပြေကြည့်လို့ရအောင် လွယ်အိတ်ကလေးကိုတော့ ပြန်ပို့လိုက်ပါကွာ” တဲ့လေ”

ကျွန်တော်က ရယ်လိုက်မိပါသည်။

မူလတန်း၊ အထူးသဖြင့် သူငယ်တန်းသင်ရသော ဆရာ၊ ဆရာမတို့၏ ဘဝကို ကျွန်တော် အလွန် စိတ်ဝင်စား နေမိပါသည်။

နောက်တစ်နေ့ ကျွန်တော်ရောက်သွားသောအခါ သင်ခန်းစာ နောက်တစ်ဆင့် တက်သွားသည်ကို တွေ့ရပြန် ပါသည်။

“ဒီနေ့တော့ မင်းတို့က ဆီးသီးရောင်းကြ၊ ငါကဝယ်မယ်၊ ဆီးသီးငါးလုံးကို တစ်မတ်ပေးမယ်။ ဒါပေမဲ့ ဆီးသီး အချဉ်တွေကို မဝယ်ဘူး”

ဝလုံးကို ဝိုင်းဝိုင်းရေးတတ်အောင် လေ့ကျင့်နေပြီဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လိုက်ပါပြီ။

“နောက်ပြီး ဟောဒီလို ဟောဒီလို ရေးတဲ့ ဆီးသီးကို မဝယ်ဘူး။ အဲဒီဆီးသီးမျိုးတွေက အပုပ်တွေ”

သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ် ရေးပြလိုက်ပါသည်။ ထိုမျှ မကသေးပါ။ “ဒီလို ရေးရမယ်” ဟု ကလေးများကို ကျောခိုင်းပြီးလျှင် လက်ကို လက်ယာရစ်ပြီး အထပ်ထပ် ဝေ့ပြပါသည်။

“ဘယ်လို၊ ဘယ်လိုရေးမလဲ”
“ဒီလို ဒီလို ရေးရမယ်”

ကလေးတွေကလည်း သူတို့လက်ကို လက်ယာရစ် ဝှေ့ယမ်းပြီး အော်ကြပါသည်။

“ဘယ်လိုရေးရင် ဆီးသီးအပုပ်လဲ”
“ဒီလို ဒီလိုရေးရင် ဆီးသီးအပုပ်”

လက်တွေကို လက်ဝဲရစ် ဝှေ့ပြကြပါသည်။

လက်ယာရစ်ရေးခြင်းကို အကြိမ်ကြိမ် ဝှေ့ယမ်းလေ့ကျင့်ကြစေပြီးနောက် ဆီးသီးတွေရေးကြရန် ခိုင်းလိုက် ပါသည်။ ကလေးတွေကလည်း သူတို့သင်ပုန်းကလေးများတွင် အားကြိုးမာန်တက် ရေးနေကြပါသည်။

ဝလုံးကို လက်ယာရစ်ရေးကြအောင် လေ့ကျင့်ပေးလိုက်သည် မှန်သော်လည်း တကယ် လက်တွေ့အားဖြင့် ရေးသည် မရေးသည်ကို ဆရာကိုဉာဏ်စိန် လိုက်ပြီး စစ်နေနိုင်သည် မဟုတ်သောကြောင့် ဘယ်လိုများ သိနိုင်ပါ့မလဲ ဟု ကျွန်တော် စိတ်တွင် တွေးနေမိပါသည်။

“ဟောဒီမယ်ဆရာ၊ သူက ဆီးသီးကို ဟောဒီလို ဟောဒီလိုကြီး ရေးနေတယ်၊ သူ့ဆီးသီးက အပုပ်ကြီးဆရာ”

ကလေးတစ်ယောက်က လက်ကို လက်ဝဲရစ်ဝှေ့ပြပြီး လှမ်းတိုင်လိုက်ပါသည်။ အတိုင်ခံရသော ကလေးက ချက်ချင်းဖျက်ပစ်ပြီး “ဒီလို ဒီလို ရေးတယ်ဆရာ” ဟု လက်ယာရစ် ဝှေ့ယမ်းပြီး ပြလိုက်ပါသည်။

အင်း… သည်လိုတော့လည်း သူ့ဟာသူ ပြဿနာရှင်းသွားသားပဲ ဟု အောက်မေ့လိုက်ပါသည်။

ဆီးသီးငါးလုံးစီ ရေးပြီးတော့ တစ်ယောက်စီလာပြီး ပြကြပါသည်။ ကိုဉာဏ်စိန်က ဆီးသီးတွေကိုကြည့်ပြီး ဟိုအလုံးက ပိန်တယ်။ ဒီအလုံးက မဝိုင်းဘူး။ နောက်ကို အဲဒီလောက်ချဉ်ရင် မဝယ်ဘူး။ ဒီတစ်ခါတော့ ဝယ်လိုက်မယ် စသည်ဖြင့် ပြောပြီး မြေဖြူနှင့် အမှန်ခြစ်ပေးလိုက်ပါသည်။ ကလေးတွေ ဝမ်းသာအားရ ပြန်သွားကြပါသည်။

အငိုသန်သောချာတိတ်ကလည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ ကိုဉာဏ်စိန်က သူ့သင်ပုန်းကို ယူကြည့်လိုက်ပြီး …

“အံမယ်… ဒီကောင်က လူကငိုပေမယ့် ဆီးသီးကတော့ အချိုသားပဲ။ ဘယ်ဆိုးလို့လဲကွ” ဟု ချီးမွမ်းပြီး အမှတ်ပေးလိုက်ပါသည်။

ဟိုချာတိတ် ဝမ်းမြောက်ဝမ်းသာ ပြန်ပြေးသွားပါသည်။

ကလေးအားလုံးမှာ သူ့ထက်ငါ အလုအယက် ဆီးသီးလာရောက်ပြနေကြပါသည်။ ဟိုချာတိတ်က မကြာခဏ လာပြီးပြနေသည် ဖြစ်သောကြောင့်…
“အံမာ … ဒီကောင့်ဆီးပင်က တယ်သီးလိုက်ပါလား ချိုလည်း ချိုတယ်ဟေ့”

ချာတိတ် ကျောင်းပျော်သွားပါလေပြီ။

ကျွန်တော်လည်း ကိုဉာဏ်စိန်နှင့် တပည့်များ၏ ဆီးသီးရောင်းပွဲကြီးကိုကြည့်ရင်း ပျော်နေမိပါသည်။

သို့နှင့် ကျောင်းဆင်းခေါင်းလောင်းထိုးလိုက်တော့ ကျောင်းသားတွေ ကိုယ့်လွယ်အိတ်၊ ပစ္စည်း စသည်တို့ကို ကိုယ်စီကိုယ်ငှ သိမ်းကြယူကြပါသည်။ သည်အခါတွင်မှ သတိထားကြည့်လိုက်တော့ ကျောင်းခန်း ဘေးနံရံ သစ်သားတန်းတွင် သံချွန်တွေရိုက်ထားပြီး ထီး၊ ဦးထုပ် စသည်တို့ကို စနစ်တကျ ချိတ်ထားကြရကြောင်းကို တွေ့လိုက်ပါသည်။ ထိုထိုသော ပစ္စည်းများကို သူတို့တစ်တွေ ယူကြပြီးနောက် အားလုံး မတ်တတ်ရပ်နေကြရ ပါသည်။

“စာအုပ်ပါဘီလား”

ကိုဉာဏ်စိန်က အော်မေးလိုက်ပါသည်။

“ပါ ဘာဘီ” ကလေးတွေကအော်ပြီး စာအုပ်ကို မြှောက်ပြရပါသည်။

သူတို့အတိုင်ဖောက်အော်ပုံမှာ ရိုးရိုးအသံမျိုးမဟုတ်ပါ။ သံချပ်တိုင်သလို ခပ်ဆင်ဆင်ပါ။

“ပေတံ … ပါ… ဘီး လား”
“ပါ… ဘာ… ဘီ”

ကျောင်းသားတို့တွင် ပါမြဲပစ္စည်းများကို တစ်ခုစီအော်ပြီး မေးပါသည်။ အားလုံးမေးပြီးမှ အငယ်ဆုံးကလေးများ အတန်းမှစ၍ တစ်တန်းစီ တန်းစီပြီး ထွက်ရပါသည်။

“ခင်ဗျားအလုပ်ကလည်း ပြီးပဲမပြီးနိုင်ဘူး၊ တယ်ရှုပ်ကိုးဗျား”
“ဒီလိုပဲ ကိုယ့်လူရေ… ခင်ဗျားတို့လို ကောလိပ်ကျောင်းသားကြီးတွေ သင်ရတာမဟုတ်ဘူး။ ကလေးတွေ ဆိုတော့ ကျောင်းဆင်းပြီဆိုရင် အိမ်ပြန်ချင်ဇောနဲ့ ဟိုဟာကျန်၊ ဒီဟာမေ့နဲ့။ ဦးထုပ်ပျောက် ထီးပျောက်ဖြစ်ရင် မိဘတွေက ဆရာ့ဆီကို လာတိုင်တော့တာဗျ။ ဆရာအထိန်းအသိမ်းညံ့ရာ ရောက်တာပေါ့ဗျာ”

သူက ပြောရင်းဆိုရင်း ခုံတွေအောက်သို့ ငုံ့ကြည့်ပြီး ဟိုဟာရှာသလိုလို ဒီဟာရှာသလိုလို လုပ်နေပြန်သောကြောင့်..

“ဘာရှာနေတာလဲဗျ”

“ဘာတွေများ ကျန်ရစ်ခဲ့သေးသလဲလို့ ရှာရတာပေါ့ဗျာ။ ခုနက ကျုပ်အော်တဲ့စာရင်းထဲမှာ မပါတဲ့ ဂျင်တို့၊ ဂေါ်လီတို့ ဘာတို့ညာတို့ ဆိုတာတွေပေါ့ဗျာ။ ကျန်နေရစ်ခဲ့ရင် သိမ်းထားပြီး ပြန်ပေးရတာပေါ့။ ကလေးတွေကိုးဗျ။ အမိုက်ကလေးတွေ ဘာသိတတ်ကြတာ မှတ်လို့”

“ခင်ဗျားအခန်းထဲက နံရံသစ်သားတန်းတွေမှာ သံချွန်လေးတွေစီပြီး ရိုက်ထားတာကို တွေ့တယ်”

“အေးဗျာ… ထီးတွေ၊ ဦးထုပ်တွေ၊ လွယ်အိတ်တွေ စာရေးစားပွဲပေါ်မှာ ရှိနေရင် ရှုပ်လွန်းလို့”

“အဲဒီလို သံချွန်ဖိုးတွေ ဘာတွေကျတော့ ကျောင်းက ထုတ်ပေးသလား”

“ဘယ်ပေးလိမ့်မလဲဗျာ”

“ခင်ဗျားက အိတ်စိုက်ပေါ့”

“မစိုက်ရပါဘူးဗျာ၊ ကျောင်းသားမိဘတွေထဲက သံဆိုင်တွေရှိနေတာပဲ။ ကျောင်းခန်းထဲမှာ သုံးချင်လို့ဆိုပြီး နှိုက်လာခဲ့တာပါပဲ”

ကျွန်တော်တို့နှစ်ယောက်လုံး ရယ်လိုက်မိကြပါသည်။

“ဆီးသီးကတော့ ဝလုံးအတွက် လုပ်လိုက်တာပေါ့နော်”

“ဒါပေါ့ဗျာ၊ ဆီးသီးကမှ အညှာတပ်နေရသေးတယ်။၊ ဝလုံးဆိုတော့ ဘာမှလုပ်ဖို့တောင် မလိုတော့ဘူးပေါ့။ ဝလုံးရေးကြရအောင်ဆိုရင် ကလေးတွေ ဘယ်မှာပျော်တော့မလဲ၊ ဆီးသီးရောင်းကြရအောင်ဆိုတော့ ခင်ဗျားမြင်တဲ့ အတိုင်းပဲ။ လက်မလည်အောင် အမှတ်ပေးနေရတာပဲ မဟုတ်လား။ သူတို့လည်းပျော်၊ သူတို့ပျော်တော့ ကျုပ်လည်း ပျော်ပေါ့ဗျာ”

သူက ပြောရင်း ရယ်လိုက်ပါသည်။

ထိုနောက် ဆယ်ရက်လောက်မှာ ဝလုံးတွေချည်း အရေးခိုင်းနေပါသည်။

“ခင်ဗျား ဝလုံးသင်ခန်းစာကလည်း ကြာလှချည်လားဗျ၊ ပြီးပဲမပြီးနိုင်တော့ဘူး”

“မြန်မာအက္ခရာရေးတာမှာ ဝလုံးဟာ အခြေခံပဲဗျ။ ဝလုံးကို လက်မသေရင် လက်ရေးဘယ်တော့မှ မလှဘူး။ လက်ရေးလှဖို့ဟာ သူငယ်တန်းမှာ ကျင့်ရတာဗျ။ ပထမတန်း၊ ဒုတိယတန်းရောက်သွားရင် လက်ရေးလှလေ့ကျင့်ဖို့ အချိန်မရတော့ဘူး။ ကျုပ်အတန်းက တက်သွားတဲ့ကလေးတွေမှာ လက်ရေးမလှတာ တစ်ယောက်မှ မရှိဘူး။ ကျောင်းသားတစ်ယောက် လက်ရေးမလှတာကိုတွေ့ရင် ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း သူငယ်တန်းဆရာနဲ့ ကြုံခဲ့ရလို့သာ အောက်မေ့ပေရော့။ ကျုပ်က အဲဒီလို အထက်တန်းဆရာတွေက အထင်သေးမခံချင်ဘူးဗျ”

ကျွန်တော့်စိတ်ထဲတွင် လက်ရေးအလွန်ညံ့လှသော တက္ကသိုလ်ကကျောင်းသားများကို သွားပြီးသတိရလိုက် မိပါသည်။ သူတို့သည်လည်း ကံမကောင်း အကြောင်းမလှ၍ ကိုဉာဏ်စိန်ပြောသလို ခပ်ပျင်းပျင်း၊ ခပ်ဖျင်းဖျင်း ဆရာ၊ ဆရာမမျိုးနှင့် သူငယ်တန်းတွင် ကြုံခဲ့ကြရလိမ့်မည် ဟုထင်မိပါသည်။ ကျွန်တော်၏ငယ်ဆရာ ဆရာဦးစံရွှေကြောင့် ကျွန်တော် လက်ရေးအတန်အသင့် ကောင်းခဲ့သည်ကိုတွေး၍ ကွယ်လွန်သူဆရာကို သတိရ ကျေးဇူးတင်လိုက်မိ ပါသည်။

ကိုဉာဏ်စိန်က ဆက်၍…

“အဲဒီထက်ပိုပြီး ဂရုစိုက်ရတာက အဆွဲအငင်ပဲဗျ။ အဲဒါတွေကျရင်တော့ ပိုပြီး ဂရုစိုက်ရတယ်။ ရရစ်ကို အပေါ်ကစပြီး ဆွဲတာတွေ၊ သဝေထိုးကို အပေါ်ကစပြီး ဆွဲတာတွေ အို၊ ကို၊ မို တို့လို စာလုံးပေါင်းတွေမှာ လုံးကြီးတင်ကို အလျင်စပြီး ရေးကြတာမျိုးတွေလို အမှားတွေပေါ့ဗျာ။ သေချာဖြည်းဖြည်းဆေးဆေးရေးရင်တော့ မသိသာလှဘူးပေါ့။ လက်ရေးကိုသော့ပြီး မြန်မြန်ရေးလိုက်ပြီဆိုရင် အဆွဲအငင် စနစ်မကျတဲ့လက်ရေးဟာ အလွန် ဖတ်ရတာ ခက်သွားတယ်ဗျ”

ကလေးငယ်၏ တစ်သက်တာအတွက်ကို အခြေခံပန္နက်ရိုက်လိုက်ရသော သူငယ်တန်းဆရာ၏ဘဝနှင့် တာဝန်ကို အလွန်ရိုသေလာမိပါသည်။ အချို့သောတိုင်းပြည် ပညာရေးစနစ်များတွင် သူငယ်တန်းသင်သောဆရာကို သီးသန့်အရည်အချင်းရှိစေလျက် လစာမြင့်မြင့်ကြီး ပေးထားကြသည် ဟူသောအချက်ကို သဘောပေါက်လာမိ ပါသည်။

ကျွန်တော့်မိတ်ဆွေ ဆံပင်ညှပ်ဆရာ ကိုသိန်းမောင်ကြီး ပြောဖူးသောစကားကိုလည်း သွားပြီး သတိရလိုက် မိပါသေးသည်။

“ကလေးခေါင်းဆိုတော့ ငယ်တာကြောင့် ဆံပင်ညှပ်ခကို တစ်ဝက်ပေးရတာတောင် များသေးတယ်လို့ ထင်တတ်ကြသေးတယ်။ ဓားပြတ်သွားမှာ ကြောက်ရတာကတစ်မျိုး ငိုတာကတစ်မျိုး၊ ရုန်းတာက တစ်မျိုး။”

အင်း… ကိုဉာဏ်စိန်တို့ ကိုသိန်းမောင်ကြီးတို့လုပ်ငန်းချင်းက ခပ်ဆင်ဆင်ပါပဲလား ဟု အောက်မေ့မိပါသည်။

ဤသို့လျှင် ဝလုံးသင်ခန်းစာပြီးတော့ နောက်တစ်ဆင့် တက်လိုက်ပြန်ပါသည်။

သင်ပုန်းပေါ်တွင် က၊ခ၊ဂ၊ဃ၊င ဟူသော အက္ခရာ ငါးလုံးကို ရေးလိုက်ပါသည်။ ပြီးမှ တစ်တန်းလုံးကို မတ်တတ်အရပ်ခိုင်းလိုက်ပါသည်။

“မင်းနာမည် ဘယ်သူလဲ”

“မောင်ကျော်မြင့်ပါခင်ဗျ”

လက်ပိုက်ပြီး ဖြေပါသည်။

“မင်းနာမည်ကော”

“မောင်ထွန်းစိန်ပါခင်ဗျ”

“ညည်းနာမည်က ဘယ်သူလဲ”

“ကြော့ယဉ်ဝင်းပါရှင့်”

“အံမယ်… တယ်ကောင်းတဲ့နာမည်ပါလား၊ ကဲ…ကဲ… ညည်းနာမည်ကကော”

“မတည်ကြည်ဝင်းပါရှင့်”

“ဟဲ့… ငါ့တပည့်တွေနာမည်က ကောင်းလှချည်လား၊ ညည်းနာမည်ကကော”

“နီနီအေးပါရှင့်”

ဤသို့လျှင် ကျောင်းသားအတော်များများကို နာမည်လျှောက်ပြီး မေးပါသည်။ ပြီးမှ…

“ကဲ… ကြည့်စမ်း မင်းတို့အားလုံးမှာ နာမည်တွေ ရှိကြတယ်။ နာမည်မရှိတဲ့လူများ ရှိသလားဟေ့”
“မရှိပါဘူးခင်ဗျ”

“အေး… မင်းတို့အားလုံးမှာ နာမည်ရှိကြသလို သူတို့မှာလည်း နာမည်ရှိတယ်”

သင်ပုန်းပေါ်ရှိ ကကြီးခခွေးအက္ခရာများဆီကို လက်ညှိုးထိုးပြီး ပြောလိုက်ပါသည်။

“ညည်းနာမည်က ဘယ်သူလဲ”

“ဖြူနှင်းဝေပါဆရာ”

“အေး… သူ့နာမည်က ကကြီးတဲ့၊ မှတ်ထား၊ ကြားလား၊ ဘယ်သူလဲ”

“ကကြီးပါ ဆရာ”

“ညည်းနာမည်က ဘယ်သူလဲ”

“သန္တာပြုံးပါဆရာ”

“အေး… သူ့နာမည်က ခကွေးတဲ့မှတ်ထား၊ ကြားလား”

ဤသို့အားဖြင့် ကကြီး၊ ခကွေးများကို မိတ်ဆက်သင်ကြားပေးသွားပါသည်။ မကြာမီမှာပင် သူတို့အားလုံး အက္ခရာများကို မှတ်မိသွားကြသည်ကို တွေ့ရပါသည်။

ကျွန်တော်တို့ တက္ကသိုလ်ဆရာများအဖို့ မိမိသက်ဆိုင်ရာ ဘာသာရပ်များတွင် တိုးတက်မြင့်မားအောင် ရှာဖွေ ဖတ်ရှုကြရပါသည်။ ကြံစည်စဉ်းစားကြသည်မှာ မှန်ပါသည်။ သို့သော် တပည့်များအား ဘယ်ပုံဘယ်နည်း သင်ကြား ပို့ချရမည် ဆိုသည့်ကိစ္စအတွက်ကိုတော့ မူလတန်း၊ သူငယ်တန်းသင်ကြားသူ ဆရာ၊ ဆရာမများလောက် ကြံစည် အားထုတ်ရသည်ဟု မထင်မိပါ။

တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ပြီဖြစ်သောကြောင့် ကျွန်တော် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။ နောက်တစ်ကြိမ် သီတင်းကျွတ်ကျောင်းပိတ်ရက်လောက်တွင် တောင်တွင်းကြီးသို့ ပြန်ရောက်သွားပါသည်။ ယခင်အတိုင်း ကိုဉာဏ်စိန်၏ သူငယ်တန်းသို့လည်း ရောက်သွားပြန်ပါသည်။

ကလေးတွေက စာတွေ အတော်လေး ဖတ်နိုင်နေကြပါပြီ။ ကျောင်းဆင်းခါနီးရောက်တော့ ကလေးတွေ သံပေါက်ကဗျာ ရွတ်ကြပါသည်။ ထိုသံပေါက်တွေကို အကုန်လုံး ကျွန်တော် မမှတ်မိတော့ပါ။ ဆိုလိုရင်း အဓိပ္ပာယ် အချို့ကိုတော့ သတိရနေပါသေးသည်။ အိပ်ရာဝင် ခြေဆေးရမည်။ ဘုရားကန်တော့၊ မိဘကန်တော့ ဆိုတာတွေလည်း ပါပါသည်။ ထိုထိုသော လိမ္မာရေးခြားရှိစေမည့်ကိစ္စများအပြင် (ကျွန်တော်မှတ်မိသလောက်) “အလှူပေးကြောင်း၊ ထမင်းရောင်း၊ တောင်းကြီးကိုသာ ကန်ပစ်ပါ” ဆိုတာလည်း ပါနေပါသည်။ စကားလုံးကတော့ တိတိကျကျ မှန်ချင်မှ မှန်ပါမည်။ ကလေးများမှာ သံပေါက်ကို ဆိုကြရာတွင် ပါးစပ်က ဆိုရုံသာမဟုတ်။ ကိုယ်ဟန်အမူအရာလည်း လုပ်ပြီး ဆိုကြရပါသည်။ ထိုသံပေါက်ကို ဆိုကြရာတွင် “တောင်းကြီးကိုသာ ကန်ပစ်ပါ” ဆိုရာ၌ ခြေထောက်နှင့် အားရပါးရ သိမ်းကျုံးပြီး ကန်လိုက်သည့် အမူအရာကိုလည်း လုပ်ကြရပါသည်။

ကျွန်တော်က ဘာကိုဆိုလိုကြောင်း ရုတ်တရက် နားမလည်နိုင်ပါ။ ထို့ကြောင့် ကျောင်းဆင်းပြီး နှစ်ယောက်သား ပြတိုက်ဘက်သို့ ထွက်လာကြတော့…

“နေပါဦး ကိုဉာဏ်စိန်ရ … ဟိုတောင်းကြီးကိုသာ ကန်ပစ်တယ် ဆိုတာက ဘာလုပ်တာလဲဗျ။ ကျုပ်ဖြင့် ဘာမှန်းကို မသိလိုက်ဘူး”

ကိုဉာဏ်စိန်က ရယ်လိုက်ပြီး…

“သက်သက် အမြင်ကတ်လွန်းလို့ဗျာ။ ဒီလိုဗျာ၊ ကျွန်တော်တို့ဆီမှာ တချို့လူတွေက အလှူလုပ်ရင် လုပ်ပေါ့ဗျာ ဘာလုပ် အလှူငွေခံချင်ရတာလဲ၊ သားသမီးကို မရှိမဲ့ရှိမဲ့ ရှင်ပြုရတာဆိုရင်တော့ အများက သနားသဖြင့် ဝိုင်းဝန်းကြ ရတာတော့ ရှိချင်ရှိမှာပေါ့။ အခုတော့ အလှူကြီးကို ဧရာမခမ်းခမ်းနားနားလုပ်ပြီး အကူငွေခံတာဟာ ထမင်းရောင်းတာနဲ့ ဘာထူးသလဲ။ အဲဒါတွေကို အမြင်ကတ်လွန်းလို့ ထည့်ပြီးရေးလိုက်တာပဲ။ ခင်ဗျားတို့လို ကဗျာနားလည်တဲ့လူတော့ မဟုတ်ဘူး။ ကျုပ်ကတော့ ကြားဖူးနားဝ ကိုယ်ရွတ်ခဲ့တာတွေနဲ့ မှန်းပြီး စပ်လိုက်တာပဲ၊ မှန်လားမမှန်လား မသိဘူး။ ခြေထောက်နဲ့ ကန်တာကို ထည့်ပြီးရေးလိုက်တာကတော့ ကလေးဆိုတာ အားရပါးရ လှုပ်ရှားပြီး ရွတ်ရဆိုရရင် ပိုကြိုက်တယ်ဗျ။ ဒါကြောင့် ကျုပ်က စွပ်ပြီး ထည့်လိုက်တာပဲ”

ကိုဉာဏ်စိန်က ပြောပြီး အားရပါးရ ရယ်နေပါသည်။

“နေပါဦးဗျာ၊ ခင်ဗျား အဲဒါတွေကိုရေးတော့ ကလေးတွေက ဘာနားလည်မှာလဲဗျ”

“အေးလေဗျာ… ကျုပ်လည်း ကလေးတွေကို နားလည်စေချင်လို့မှ မဟုတ်ဘဲ၊ လောဘကြီးသူတွေကို အမြင်ကတ်လို့ ရေးတာပဲ”

“ခင်ဗျားပြောတာကို ကျုပ်မရှင်းဘူး။ လောဘကြီးသူတွေကို အမြင်ကတ်တာနဲ့ ကလေးတွေကို နားမလည် ပါးမလည် ဘာကြောင့် သင်ပေးနေတာလဲ၊ ဒါကိုပြောတာပါ။ ကလေးတွေ ကြီးလာရင် ဒါမျိုးမလုပ်အောင်လို့ ဆိုလို တာလား”

“ကလေးတွေ ကြီးလာတာက နောက်ပိုင်းပေါ့ဗျာ၊ လောဘကြီးသူတွေကို အမြင်ကတ်တာက လောလောဆယ်ပဲဗျ။ ဒီလို… ကိုအောင်သင်းရ… ကလေးဆိုတာမျိုးက သူတို့ရနေတဲ့စာတို့ ကဗျာတို့ကို အလကား နေရင်း အော်ဟစ်နေတတ်တာ၊ ကလေးတွေဆိုတာကို ခဏခဏကြားနေရရင် လောဘကြီးသူတွေလည်း ဒါမျိုး လုပ်ရမှာ နည်းနည်းတော့ ရှက်လာကြမှာပေါ့ဗျာ။ အဲ… သောက်ရှက်ဆိုလို့ တစ်စက်မှမရှိတဲ့ လောဘကြီးသူတွေ အတွက်တော့လည်း မတတ်နိုင်တော့ဘူးပေါ့ဗျာ”

ကိုဉာဏ်စိန်က ပြောနေရင်းပင် အားရပါးရ ရယ်လိုက်ပြန်ပါသည်။

ကလေးတွေကို စာသင်နေရင်း လောဘကြီးသူတွေကို ဆုံးမသွန်သင်နေသော သူငယ်တန်းဆရာ ကိုဉာဏ်စိန်ကို တအံ့တသြကြည့်နေမိပါသည်။ ကျွန်တော်တို့လို ဘဝင်ကြီးတစ်ခွဲသားနှင့် ထင်တစ်လုံးလုပ်နေကြသော တက္ကသိုလ် ဆရာတို့သည် ကိုဉာဏ်စိန်တို့လို သူငယ်တန်းဆရာလောက်မှ ပြည်သူအများကို အကျိုးပြုနိုင်ပါ၏လော ဟု သံသယ ဖြစ်လာပါသည်။

စာဖတ်သူ စဉ်းစားကြည့်စေချင်ပါသည်။ တက္ကသိုလ်ကျောင်းသားနှင့် သူငယ်တန်းကျောင်းသား ဘယ်သူက ပိုပြီးများသလဲ။ တက္ကသိုလ်ကျောင်းသား ဆိုသည်က လက်တစ်ဆုပ်စာမျှလောက်သာဟု ပြောရပါမည်။ ဧရာမမြို့ကြီးပြကြီးတွေလောက်မှာသာ ရှိပါသည်။ သူငယ်တန်းဆိုသည်က ဟို… တောကြိုအုံကြားလေးတွေ ထိအောင် ရှိနေကြသည်မဟုတ်လား။

နောက်ပြီး စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်မြေး၏ ပညာရေးကို စိတ်အဝင်စားဆုံးမှာ (ကိုဉာဏ်စိန် ပြောသလို) သူငယ်တန်းပဲ မဟုတ်ပါလား။

နောက်ပြီး တက္ကသိုလ်ရောက်သော ကျောင်းသားက ဘယ်လောက်ထိအောင် များပြားပါသလဲ။ မူလတန်း ကျောင်းသားဆိုသည်ကတော့ တစ်ပြည်လုံးလောက်ပါပဲ။ တစ်ပြည်လုံးကို ပုံသွင်းနေသော သူငယ်တန်းဆရာများ၏ အရေးပါပုံကို ကျွန်တော်ဖြင့် တစိမ့်စိမ့် ကျေးဇူးတင် ကြည်ညိုနေမိပါသည်။

သြော်… ကျွန်တော့်မှာ မြေးမကလေးတစ်ယောက် ရလာပြန်တော့ ပိုလို့ပဲ ကိုဉာဏ်စိန်တို့လို သူငယ်တန်းပြ ဆရာ၊ ဆရာများ၏ ကျေးဇူးကို သဘောပေါက် မျှော်လင့်မိလာရပြန်ပါသည်။

တစ်ခုတော့ ရှိပါသည်။ “ယာဖျက်တော့ သူခိုး၊ မြေးဖျက်တော့ အဘိုး” ဟူသော စကားပုံအသစ် ပေါ်မလာ လေအောင် ဟို… ဒေါ်အေးသာဆိုသော အဘွားကြီးလို ဆရာ၊ ဆရာမလေးတွေ စိတ်မညစ်စေရန်တော့ သတိထားလေဦးမှပဲ။

(မှတ်ချက်။   ။ ငါန်းဇွန် အ-ထ-က ငွေရတုစာစောင်တွင် ဤအကြောင်းအရာကို အတိုချုပ် ရေးခဲ့ဖူးပါသည်။ ကိုဉာဏ်စိန်လည်း အငြိမ်းစားယူပြီး “ကံ့ကူလက်လှည့်” ဟူသော အမည်နှင့် သူငယ်တန်းကျောင်းဖွင့်ပြီး ဆီးသီးရောင်းနေသည်ဟု သိရပါကြောင်း။)

#အောင်သင်း
#ကံကူလက်လှည့်

#shared_by_louis_augustine

Comments