ကျွန်း (အပိုင်း ၄ ဇာတ်သိမ်းပိုင်း) // ဖေမြင့်

ကျွန်း (အပိုင်း ၄ ဇာတ်သိမ်းပိုင်း) // ဖေမြင့်

ထိုနေ့မှ ရေတွက်၍ ရက်သတ္တနှစ်ပတ်ခန့်အကြာ တစ်ခုသော နေ့တွင်ကား သေရမှာ ကြောက်သည်ဆိုသော သံလုံးတစ်ယောက် တကယ်ပင် သေမလို ဖြစ်ခဲ့ရလေသည်။

ထိုနေ့ နေ့လည်ဘက် သာသာယာယာ ခြောက်ခြောက်သွေ့သွေ့ ရှိသည်နှင့် သူတို့နှစ်ယောက် လက်နက်အဖြစ် ဓားမနှင့် လေးခွ ကိုင်ဆောင်ကာ တောဘက် ထွက်လာခဲ့ကြသည်။ တောင်ပေါ်တက်စကလေးတွင် ကိုသိန်းမျက်စိက ရှေ့နားရှိ သစ်ပင်တစ်ပင်ပေါ်မှာ သတ္တဝါတစ်ကောင် မြင်လိုက်ရသည်။ သင်းခွေချပ်။

“ဟေး သံလုံးရေ၊ ဟိုဟာ ဘာကောင်လဲ၊ သင်းခွေချပ် မဟုတ်လား”

“ဘယ်မလဲဗျ” 

သံလုံး သူ့နား ပြေးလာသည်။

“ဟိုမှာ ဟို သစ်ကိုင်းခွဆုံမှာ” 

ကိုသိန်း လက်ညှိုးထိုးပြသည်။

“မှန်တာပေါ့ဗျာ၊ သင်းခွေချပ်အစစ်ပေါ့”

သင်းခွေချပ်က အပေါ် တက်ပြေးမလို အောက်ဘက် ဆင်းလာမလို လုပ်နေသည်။ ကိုသိန်းနှင့် သံလုံး
သစ်ပင်ခြေရင်းမှာ ဟိုဘက် သည်ဘက် ညှပ်၍ ဓားမကိုယ်စီနှင့် စောင့်ကြသည်။ သင်းခွေချပ် အပေါ်တက်မလို အောက်ဆင်းလာမလို လုပ်ပြီး ခွဆုံမှ ဘေးဘက် ခွဲထွက်သွားသော သစ်ကိုင်းတစ်ကိုင်းပေါ် လျှောက်သွားကာ အဖျားပိုင်းမှာ ငြိမ်နေသည်။ သံလုံး လေးခွနှင့် လေးငါးဆယ်ချက် ပစ်သည်။ မထိ။ တစ်ခြားစီ။

"ကိုသိန်း ခင်ဗျား အဲဒီနားက စောင့်”

သံလုံးက သင်းခွေချပ် ရှိနေသည့် သစ်ကိုင်းဖျား အောက်ဘက်ဆီသို့ ညွန်ပြသည်။

"အောက်တည့်တည့်က မနေနဲ့၊ နောက်ဘက် နည်းနည်း ဆုတ်နေ၊ ကျွန်တော် အပင်ပေါ်တက်ပြီး အဲဒီအကိုင်း ခုတ်ချမယ်၊ ဒီကောင် အောက်ဘက် ကျလာရင် ဘယ်မှ မပြေးဘဲ ခွေချင် ခွေနေမယ်၊ အဲဒါဆို ကောက်ဖမ်းပြီး ပုဆိုးထဲ ထည့်ထုပ်ယူရုံပဲ၊ ထွက်ပြေးရင်တော့ ဓားနဲ့ မိမိရရ လိုက်ခုတ်ပေတော့၊ သင်းခွေချပ်သား သိပ်စားလို့ကောင်းတာ” 

ဟု ပြောပြီး ပုဆိုးခါးတောင်းကျိုက်၊ ခါးကြားမှာ ဓားမထိုးကာ သံလုံး အပင်ပေါ် ချိတ်တက်သည်။ ခွဆုံအထိ ဆယ်ပေကျော်လောက် ရှိမည်။ ပင်စည်ဖြောင့်ဖြောင့်ကြီးကို အုန်းပင်တက်သလို
တက်သွားပြီး ခွဆုံမှ သေသေချာချာ ရပ်ကာ သင်းခွေချပ်အကိုင်းကို ဓားနှင့် ခုတ်ချသည်။ ဆယ့်လေးငါးချက် ခုတ်ပြီးနောက် သစ်ကိုင်းက သူ့အလေးနှင့် သူ ပိကာ ဗြိဗြိဗြိနှင့် အောက်သို့ နိမ့်ပြီး ကျိုးတော့မလို ဖြစ်လာသည်။

သံလုံး ခပ်သွက်သွက် နှစ်ချက် ဆက်ခုတ်ပြီး သစ်ကိုင်း ဖြည်းဖြည်းချင်း အိကျလာသည်ကို ကြည့်နေဆဲ သင်းခွေချပ် အောက်ဘက်သို့ ခုန်ချသွားသည်။

“ဟော ဟော ဆင်းသွားပြီ ဆင်းသွားပြီ” 

ဟု အောက်ဘက်က ကိုသိန်းဆီ လှမ်းအအော်၊ ဘယ်လို ဟန်ချက်ပျက်သွားသည်မသိ၊ သံလုံး အောက်သို့ ကျွမ်းပစ်ပြီး ကျသွားသည်။ အောက်ဘက်မှာ ပြောင်ပြောင်ရှင်းရှင်း၊ငြိနေ တင်နေစရာလည်း တစ်ခုမှ မရှိ၊ မြေကြီးအထိ အသားလွတ် ကျသွားခြင်းဖြစ်သည်။ သို့သော် ကံအားလျော်စွာ ဓားတခြား လူတခြား ဖြစ်သွားသည်။ ပြီး လေထဲမှာ တစ်ပတ်လည်ကာ မတ်တတ်တည့်တည့်လိုပင် ကျလေသည်။ သို့သော် ခြေနှစ်ဖက် စုံမကျ။ ဘယ်ခြေနှင့် အရင် ထောက်မိပြီး လုံးဝ ပုံလျက်သား လဲသွားသည်။

ကိုသိန်း သံလုံးဆီ ပြေးလာသည်။ 

“သံလုံး၊ ဟေး သံလုံး၊ မင်း ဘယ့်နှယ်နေလဲ”

သံလုံး ကိုသိန်းကို မှီတွဲကာ ထဖို့ ကြိုးစားသည်။ “အောင်မယ်လေး” ဆိုပြီး ပြန်ငြိမ်သွားသည်။

“နေဦး၊ နေဦး၊ အရမ်း မထနဲ့၊ ခြေတွေ လက်တွေ ဘာဖြစ်သွားသေးလဲ၊ ကံကြီးပေလို့ကွာ၊ မသေကောင်း မပျောက်ကောင်း၊ ခြေထောက်နဲ့ ကျပေလို့”

ကိုသိန်း တတွတ်တွတ် ပြောနေသည်။ သံလုံး ခြေထောက်နှစ်ဖက် လျှောက်စမ်းကြည့်သည်။
ဘယ်ဖက်ခြေထောက် ခြေကျင်းဝတ်နေရာ၌ လုံးဝ အထိမခံနိုင်။ လုံးဝ မလှုပ်နိုင်၊ အရိုးကျိုးသွားသည့် ပုံမျိုး။

သံလုံး လဲကျသည့် အနေအထားအတိုင်းပင် မလှုပ်မရှားဘဲ ငြိမ်နေသည်။ ကိုသိန်း သူ့ဘေးနားတွင် ငုတ်တုတ်။အတော်ကြာတော့ ကိုသိန်းက

“ကဲ ဒီအတိုင်းချည်းနေလို့ မဖြစ်သေးဘူး၊ တဲရောက်အောင်တော့ ပြန်မှ ဖြစ်မယ်၊ ငါ့ကိုတွဲပြီး ထကြည့်ပါဦး”

သံလုံး တကျွတ်ကျွတ် စုတ်သပ်ညည်းညူကာ ကိုသိန်းကို တွဲ၍ ထသည်။ ဘယ်ခြေထောက်က လုံးဝ
မထောက်နိုင်။ ခြေမျက်စိတစ်ဝိုက်မှာ သိသိသာသာ ရောင်ရမ်း၍လာသည်။ သံလုံး ဘယ်ဘက်လက်က
ကိုသိန်းကို ချိုင်းထောက်သဖွယ် ချိတ်တွယ်ကာ ညာခြေတစ်ဖက်နှင့် ထောက်ပြီး စမ်းလျှောက်ကြည့်သည်။အမှတ်တမဲ့ ဘယ်ခြေနှင့် ထိမိလျှင် မခံမရပ်နိုင်လောက် နာသည်။တစ်လမ်းလုံး တညည်းညည်းတညူညူ ဟိုမှာနား သည်မှာနားနှင့်ပင် တဲအထိ ရောက်လာကြသည်။

“ကျွန်တော်တော့ ဒီခြေအကျိုးကြီး ဆေးမကုရ ဘာမကုရနဲ့ ဒုက္ခရောက်တော့မယ် ထင်တယ်ဗျာ”

 သံလုံး မျက်နှာငယ်ငယ်နှင့် ဆိုသည်။

“ဘာမှ မဖြစ်ပါဘူးကွ၊ မင်းကလဲ၊ သစ်ပင်ပေါ်က လိမ့်ကျတုန်းက မသေတာ ကံကောင်းတယ်၊
ခြေကျိုးတာလောက်နဲ့တော့ ဘာမှ မဖြစ်ဘူး၊ မင်းခြေထောက် ကောင်းသွားအောင် ငါ လုပ်ပေးမယ်၊ ငါက ဇာတ်အဖွဲ့နဲ့ အရပ်တကာ လျှောက်သွားခဲ့တဲ့အကောင်ဆိုတော့ ခြေကျိုးတာ လက်ကျိုးတာ တွေ့ဖူးပေါင်းများပြီ၊ အရေးကြီးတာက မင်း ခြေထောက်ကျိုးတဲ့နေရာက မလှုပ်အောင် ကျပ်စည်းပေးထားရုံပဲ၊ ကြာတဲ့အခါ တဖြည်းဖြည်း သူ့အလိုလို ပြန်ဆက်သွားမယ်။ ငါ လုပ်ပြပါ့မယ်”

ပါးစပ်က ပြောသည့်အခါ လွယ်သော်လည်း တကယ်တမ်းကျတော့ ခြေမျက်စိနေရာ ကျပ်စည်းရသည်မှာမလွယ်။ ဝါးခြမ်းစကလေးတွေ ကြိုးနှင့်သီကာ ယင်းလိပ်ကလေးလို လုပ်ပြီး ပတ်စည်းကြည့်သည်။ နေရာမကျ။

ဖော့ပြားကို ခြေထောက်ပုံ ကွေးကွေး လှီးဖြတ်ယူ၊ နည်းနည်းပါသွားအောင် လှီးပြီး ခြေထောက်ကို ညှပ်၍ စည်းကြည့်သည်။ နေရာမကျသေး။ နောက်တော့ ဖော့ပြားပါးပါးတွေနှင့် ဝါးခြမ်းယင်းလိပ် တွဲစပ်သုံးသောနည်းတစ်ခုက နေရာကျသလို ရှိသွားသည်။ ဒါမှမဟုတ် တစ်မျိုးပြီး တစ်မျိုး စမ်းကြည့်တိုင်း နာရလွန်းသဖြင့် သံလုံးက “အခုအတိုင်း ကောင်းပါပြီ” ဟု ထောက်ခံလိုက်ခြင်းလည်းဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သံလုံး ခြေထောက်အတွက် ဆေးဝါး ကုသမှု တစ်ခုတော့ ခံယူလိုက်ရပြီပဲ ဖြစ်သည်။

နောက်တစ်နေ့မှ စ၍ ကျွန်းပေါ်မှ လူမှုဆက်ဆံရေး ပုံသဏ္ဍန်သည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ အပြန်အလှန် အဖော်သဟဲပြုကာ တန်းတူရည်တူ ရပ်တည်နေသည့် အဆင့်မှ တစ်ဦးက တာဝန်အားလုံးကို ပခုံးထက် ထမ်းရွက်ထားရသူ၊ ကျန်တစ်ဦးက လုံးလုံးလျားလျား မှီခိုနေရသူဟူ၍ ကွဲပြားခြားနားသွားခဲ့သည်။

ပထမ သုံးလေးငါးရက်တွင် ကိုသိန်းက သံလုံးအား ကွပ်ပျစ်ပေါ်မှာပဲ ငြိမ်ငြိမ်နေစေပြီး သူက ထင်းခွေရေခပ်၊ငါးများ၊ ဟင်းသီးဟင်းရွက်ခူး၊ ထမင်းဟင်းချက် စသည့် သက်ရှင်ရပ်တည်မှုလုပ်ငန်းအားလုံးကို တစ်ဦးတည်း ဒိုင်ခံလုပ်သည်။ ကျွန်းပတ်၍ ရှာဖွေစုဆောင်းရခြင်းတည်းဟူသော စီးပွားရေးလုပ်ငန်းကိုလည်း နေ့စဉ်မပျက်
ထမ်းရွက်သည်။ သံလုံးက အားနာစကားဆိုလျှင် "ဒီလိုပေါ့ကွာ၊ သူငယ်ချင်းရာ၊ မင်းဖြစ်တော့ ငါက ပြုစုရတယ်၊ငါဖြစ်ရင်လည်း မင်းပြုစုရမှာပေါ့၊ ရပါတယ်ကွာ” ဟု ဆိုတတ်သည်။ 

သို့သော် တဖြည်းဖြည်း တစ်ပတ်က
နှစ်ပတ်ဆိုသလို ရက်ကြာလာသည့်အခါတွင်တော့ ကိုသိန်း ညည်းညူစ ပြုလာသည်။ စကားပြောပုံဆိုပုံ သံလုံးအပေါ် ဆက်ဆံပုံတွေက မာမာပြတ်ပြတ် ဖြစ်လာသည်။ အပေါ်စီး ဆန်ချင်လာသည်။
သံလုံး မခံချင်။ ဒေါသထွက်ချင်သည်။ သို့သော် သူ့အပေါ်မှာပဲ လုံးလုံးလျားလျား အားကိုးနေရသလို
ဖြစ်နေတော့ မကျေနပ်ကြောင်း မပြောရဲ။ သူနှင့် ပဋိပက္ခ မဖြစ်နိုင်သေး။ မိမိက ဒုက္ခိတ။ သို့သော်
သည်အနေမှာ ကြာရှည်မနေချင်။ သံလုံး ကြိုးစားပြီး လှုပ်ရှားကြည့်သည်။ တဲထဲ ဖင်ရွှေ့ဖင်ရွှေ့ သွားကာ ချက်သည့်ပြုတ်သည့်ကိစ္စများ ဝင်လုပ်သည်။ ကျပ်စည်းထားသည့်အထဲ သဲမဝင်အောင် ဂုန်နီခြေအိတ်ရှည်ကြီးတစ်ခု လုပ်ပြီး ခြေထောက်၌ စွပ်ကာ ကြိုးနှင့် စည်းထားသည်။ ထိုနောက် ပျဉ်တိုပျဉ်စများ အသုံးပြုကာ အကြမ်းစား ချိုင်းထောက်တစ်ခု ပြုလုပ်ပြီး နည်းနည်းစီ စမ်းသွားကြည့်သည်။

တစ်နေ့ ကိုသိန်း ကျွန်းမြောက်ပိုင်း ပစ္စည်းရှာ ထွက်နေတုန်း သံလုံး ကမ်းခြေဆီသို့ ချိုင်းထောက်အားကိုးနှင့်ဆင်းသွားသည်။ ခါတိုင်း ငါးမျှားနေကျ ကျောက်ဆောင်သို့ရောက်အောင် ကျောက်ဆောင်ကြို ကျောက်ဆောင်ကြား ခဲခဲယဉ်းယဉ်း သွားပြီး ငါးထိုင်မျှားးသည်။ ငါးက တော်တော်နှင့် မရသဖြင့် နေပူမှာ အတော်ကြီးကြာအောင် ထိုင်မျှားးရသည်။ ခြေထောက် ရေစိုမည်စိုးသဖြင့် ခါတိုင်းလိုလည်း ရေထဲ ဆင်းလိုက်စိမ်လိုက် လုပ်မနေနိုင်။ ငါးမျှားရင်း ခေါင်းတအား ကိုက်လာသည်။ ကိုယ်က ဖိန်းဖိန်းရှိန်းရှိန်း ဖြစ်လာသည်။ ဖျားများ ဖျားမလားမသိ။ သံလုံး ငါးများကိုင်းတံနှင့် ငါးလေးကောင် ဆွဲကာကျောက်ဆောင်တွေကြား ဆင်းလိုက်တက်လိုက် ပင်ပန်းကြီးစွာ ပြန်ခဲ့သည်။

တဲထဲသို့ ပြန်ရောက်သည့်အခါ၌ ခြေထောက်ကလည်း အတော်နာနေသည်။ လူတစ်ကိုယ်လုံးလည်း လုံးဝ အားမရှိတော့သလို ခံစားရသည်။ အသားတွေ စမ်းကြည့်တော့ နွေးနေသလိုလို။ ခြေထောက်ကျိုးနေရတဲ့အထဲ ဖျားရင်တော့ အခက်ပဲ၊ သံလုံး တွေးပူသည်။ ဟိုလူကလည်း သူချည်း လုပ်နေရတယ်လို့ ငြိုငြင်ချင်သည်။အပေါ်စီးက ပြောချင် ဆိုချင်သည်။ တကယ်ဆို ကိုယ်က အဓိကပဲ။ ကိုယ့်ကို အကြောင်းပြုပြီး သူက သည်ကျွန်းမှာ အဖော်လိုက်နေဖြစ်သူ။ အခုတော့ သူက ဆရာလိုလို၊ ခေါင်းဆောင်လိုလို။ ဒီကိစ္စ ရှင်းတော့ရှင်းရမည်။ ရွာပြန်ရဖို့လည်း နီးလာပြီ။သံလုံး အရက်ပုလင်းကို သတိရသည်။ အရက်နည်းနည်း သောက်လိုက်ရလျှင် နေသာထိုင်သာ ရှိမည်ဟု သူထင်သည်။ ခြေထောက်နာတာ သက်သာအောင် အရက်နည်းနည်းသောက်မယ် ပြောတုန်းက “ခြေနာတာ
အရက်သောက်လို့ ဘယ်ပျောက်မလဲကွ၊ ဖျားချင် နာချင်သလို ဖြစ်တဲ့အခါ သောက်ဖို့ ထားစမ်းပါ” ဆိုသဖြင့် စိတ်ထဲက မကျေနပ်သော်လည်း သည်းခံပြီး နေလိုက်ရသည်။ ယခုတော့ တကယ်လည်း ဖျားချင်နာချင်သလို ဖြစ်နေပြီ။ သူကျေနပ်ချင် ကျေနပ်၊ မကျေနပ်ချင်နေ၊ သူ့သဘော စောင့်မေးမနေတော့။ ပုလင်းကလည်း ကိုယ်စ တွေ့သည့်ပုလင်းပဲ၊ အောက်ကျခံပြီး ဘာလို့ ခွင့်တောင်းနေမလဲ။ သံလုံး ထင်ရူးပုံးထဲက ပုလင်းကို ယူကာ အကြမ်းပန်းကန်နှင့် ငဲ့၍ သောက်လေသည်။ဒုတိယမြောက်ခွက် သောက်အပြီး ပုလင်း လှမ်းကိုင်လိုက်စဉ် ကိုသိန်း တဲထဲ ဝင်လာသည်။

“ဟေ့ကောင်၊ မင်း ဘာလုပ်တာလဲ" 

သံလုံးကို မေးသည်။ ဟောက်သလို အသံမျိုး။

“ဒီလိုပဲ အရမ်းကာရော သောက်ပစ်လို့ ဖြစ်မလားကွ”

“အရမ်းကာရော မသောက်ပါဘူး၊ နှစ်ခွက်ပဲ သောက်သေးတယ်၊ ခင်ဗျားပဲ ဖျားရင်နာရင် သောက်ဖို့ ထားတယ်ဆို၊ အခု ဖျားချင်နေလို့ သောက်တာ၊ အဲဒါ ကျွန်တော် လွန်သလား”

“အဓိပ္ပာယ်မရှိတာကွာ၊ ငါကတော့ နေပူမရှောင် မိုးရွာမရှောင် လုပ်စရာ ရှိသမျှ အကုန်လုံး ကုန်းရုန်းပြီး လုပ်ရတယ် ၊ မင်းက တဲထဲမှာ ဇိမ်နဲ့ ထိုင်ပြီး ဖျားချင်လို့ဆိုပြီး အရက်သောက်တယ်၊ ဒီမှာ သံလုံး၊ မင်းအကြောင်း မသိရင် ခက်မယ်၊ အလကား အရက် သောက်ချင်လို့ ရမယ်ရှာတာ၊ တကယ်ဆို သောက်ချင်ရင်လည်း ငါပြောပေါ့ကွ၊ အခုတော့ မင်းက”

“ကျုပ် တကယ် နေမကောင်းလို့ သောက်တာဗျ၊ ခင်ဗျား စားဖို့ ငါးသွားများတာ နေပူမိပြီး ဖျားချင်သလို ဖြစ်လာလို့ သောက်တာ၊ အလကား ရမယ်ရှာတာ မဟုတ်ဘူး၊ ကျုပ် ခြေထောက်နာလို့ အလုပ် မလုပ်နိုင်တာကို ခင်ဗျားက မကျေနပ် ဖြစ်နေတယ် မဟုတ်လား၊ အလကား အချောင်ခိုနေတယ်လို့ ပြောချင်နေတယ် မဟုတ်လား”

 သံလုံး မကျေနပ်ချက်တွေ ပွင့်ထွက်လာသည်။

“ကျုပ်က မပြောချင်လို့ ကြည့်နေတာ၊ အရက်သောက်ချင်တာကို ခင်ဗျားဆီ ခွင့်တောင်းနေရအောင် ခင်ဗျားကဘာလဲ၊ ဆရာကြီးလား၊ ခင်ဗျား လာတုန်းက ကျုပ်ကို ဆက်ဆံတာ ဒီပုံ မဟုတ်ဘူး၊ ပြီးတော့ ဒီပုလင်းက ကျုပ်တွေ့လာတာဗျ၊ ကျုပ် သောက်ခွင့် ရှိတယ်”

“ဪသော် ဒီလိုကြေးလား၊ ရပါတယ်၊ ကောင်းပါပြီ၊ သောက်ပါ၊ မင်း နေကောင်းအောင် သောက်၊ ငါလည်း နည်းနည်း ဖျားချင်တယ်၊ ငါလည်း သောက်မယ်” 

ဆိုပြီး ကိုသိန်း ပုလင်း လှမ်းယူကာ အကြမ်းပန်းကန်နှင့် ပြည့်လုနီးပါး ထည့်ပြီး တဲအပြင်ဘက် ထွက်သွားသည်။သံလုံးက ပုလင်းထဲက လက်ကျန်ကို အကုန်မော့ချပစ်လိုက်သည်။ 

ထိုနေ့ တစ်နေ့လုံး တစ်ယောက်နှင့်တစ်ယောက် စကား တစ်ခွန်းမှ မပြောတော့။ ထမင်းလည်း ဘယ်သူမှ မချက်။ မစား။ ရင်ထဲမှာအမုန်းတရားတွေ ပွားများကာသာ အိပ်ရာ ဝင်ခဲ့ကြသည်။

နောက်နေ့ နေ့လည်၌ သံလုံး အကြီးအကျယ် ဖျားသည်။ ချမ်းတုန်၍ ဖျားသည်။ ကိုယ်ပူကြီး၍
ကယောင်ကတမ်းတွေ ပြောသည်။ ကိုသိန်း ပထမတော့ သူ့ ကွပ်ပျစ်မှာပင် ထိုင်ကြည့်နေသည်။
အတန်ကြာတော့ ထင်းရူးပုံးထဲမှာ ဆေးပုလင်း လိုက်ရှာသည်။ အဖျားဖြတ်ဆေး ဆယ်လုံး ဟိုလူတွေ ပေးထားခဲ့သည်။ ဆေးနှစ်လုံး ယူကာ ရေတစ်ခွက် ခပ်ပြီး သံလုံးကို တိုက်သည်။ ထိုနောက်
တဲပြင်ဘက်ထွက်ပြီး ထိုင်နေလိုက်သည်။ ညနေပိုင်းမှာ သံလုံး အဖျား သက်သာသည်။ သို့သော် ရှင်းရှင်းကား မပျောက်။ သံလုံးမှာ ငှက်ဖျားအခံ ရှိသည်ဟု ဆိုသည်။ ခုနှစ်ရက်လောက် တက်လိုက်ကျလိုက် ဖျားနေသည်။

ဆေးဆယ်လုံးလည်း ကုန်သွားသည်။ ဖျားသည့်နေ့ရက်များအတွင်း ကိုသိန်း သံလုံးကို တာဝန်ကျေပွန်အောင် ပြုစုစောင့်ရှောက်ပေးနေခဲ့သည်။ ဒီရက်အတွင်း သူ့ခေါင်းထဲမှာ ကြီးစိုးနေသည့်အတွေးက “သံလုံး သေခဲ့လျှင်”။သံလုံး သေမည့်အကြောင်း စဉ်းစားမိသော အကြိမ်ပေါင်းများလှပြီ။ ကျေနပ်လောက်ဖွယ် အနေအထားမျိုး စဉ်းစား၍ မရ။ သံလုံးလည်း သေ၊ သူလည်း အဆင်ပြေမယ့် အနေအထားမျိုး စိတ်ကူးထဲ မပေါ်။

ယခုနေခါ သံလုံး သေသွားပြီဆိုပါစို့။ မိမိ ပယောဂကြောင့် ဖြစ်စေ၊ သူ့ အလိုအလျောက် ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် သံလုံး သေသွားခဲ့လျှင် သံလုံး ဆွေမျိုးတွေ သူတို့ ရွာသူ ရွာသားတွေက သံလုံးကို မိမိ သတ်သည်ဟု သင်္ကာမကင်း ဖြစ်ကြမှာ သေချာသည်။ မိမိက သည်အရပ်မှာ လူစိမ်း။ တကယ် အရေးကြုံလျှင် မိမိဘက်က ရပ်မည့်သူ မရှိ။ မိမိကို သံလုံး သတ်မှုနှင့် တရားမစွဲကြတောင် အနည်းဆုံး ပစ္စည်းတစ်ဝက်တော့ သံလုံး သားမယားနှင့် ဆိုင်သည်ဟု သူတို့က အင်အားသုံးပြီး အတင်း ဝေစုခွဲကြမှာ သေချာသည်။ အကယ်၍
သံလုံး မသေဘဲ မိမိသာ သေမည်ဆိုလျှင် သံလုံးမှာ မိမိကဲ့သို့ အခက်အခဲမျိုး ကြုံမည်မဟုတ်။

 အခြေအနေက သံလုံးဘက်က တစ်ပန်းသာလျက် ရှိသည်။ သည်အနေအထားကို သံလုံးလည်း စဉ်းစားမိနိုင်သည်။ သတိထားရမည်။
သို့သော် သံလုံး လူသတ်လောက်အောင်အထိ မိုက်ပါ့မလား၊ သတ္တိရှိပါ့မလား။ သည်လောက်အထိ
လုပ်မည့်ပုံတော့ မဟုတ်။ သို့သော် ငွေကြေးနှင့် ပတ်သက်လာလျှင် လူဆိုတာ မပြောနိုင်။ အမျိုးမျိုး
ပြောင်းလဲသွားနိုင်သည်။ သည်အတိုင်းဆိုလျှင် မိုးကုန်ခါနီးလေ ပစ္စည်းတွေ များလေလေ မိမိအတွက် အန္တရာယ်ရှိလေ ဖြစ်မည်။ ကိုသိန်း တွေးပြီး စိုးရိမ် ကြောင့်ကြ ဖြစ်လာသည်။ သို့သော် လက်ငင်းအခြေအနေမှာတော့ အရေးမကြီးသေး။ သံလုံးသည် ခြေကျိုးနေသည့် ဒုက္ခိတ၊ မိမိကို မှီခိုနေရသူ။ ယခု ဖျား၍ နေပြန်သေးသည်။

ယခု အချိန်မှာ သံလုံးသည် မိမိကို အသက်သခင်ကျေးဇူးရှင်ပမာ အားထားရိုသေနေဖို့ပဲ ရှိသည်။
သည်အတောအတွင်း မိမိကတော့ သူ့ကိုလည်း မသေအောင် ပြုစု။ အရင်တုန်းက နှစ်ယောက်လုပ်ခဲ့သည့် ကိစ္စတွေကိုလည်း တစ်ယောက်တည်း ကုန်းရုန်းလုပ်။ တစ်ဘက်သတ် အနာခံရမည့် အနေအထား။

နောက်ထပ် ရက်သတ္တ တစ်ပတ်ခန့် ကြာသည့်အခါ သံလုံး၏ အဖျားက သက်တမ်း ကုန်သွား၍လား မသိ၊ဆေးဝါး မမှီဝဲရဘဲ သူ့အလိုအလျောက် ပျောက်၍သွားသည်။ ထို့ပြင် ဖျားနာနေစဉ်ကာလအတွင်း ငြိမ်ငြိမ်နေရ၍ ဖြစ်မည်ထင်သည်။ ခြေထောက်ကလည်း အတော်ပင် သက်သာလာခဲ့သည်။ သူ့ချည်း ထောက်လျှင် နာနေသေးသော်လည်း ချိုင်းထောက်ကလေးနှင့် မှေးထောက်၍ အတော်ဟန်ကျပြီဖြစ်သည်။ သို့သော်
အဖျားဒဏ် ခံရပြီးကာစ အားပြတ်သလိုဖြစ်နေသဖြင့် များများ မလျှောက်ရဲသေး။

မိမိ အပြင်းဖျားစဉ်အတွင်း ကိုသိန်း ပြုစုခဲ့သည့်အတွက် သံလုံး ကျေးဇူးတင်သလို ဖြစ်မိသည်။ သို့သော် ရာနှုန်းပြည့် လှိုက်လှိုက်လှဲလှဲကား မဟုတ်။ သူ့စိတ်ထဲမှာ ကိုသိန်း သူ့အား ဆက်ဆံပုံ ပြုစုပုံသည် ဝတ်ကျေ၀န်ကုန်နိုင်လှသည်ဟု သိနေသည်။ ပျူပျူငှာငှာ ဖော်ဖော်ရွေရွေ ပြောဆိုနေသော်လည်း အသက်မပါလှသည်ကို သူ သတိပြုမိသည်။ပြီး သူ့စိတ်ထဲမှာ စနောင့်စနင်းဖြစ်နေသော အရာတစ်ခု ရှိသည်။ သူ နေမကောင်းဖြစ်နေသည့် ရက်များအတွင်း ဘာအဖိုးတန်ပစ္စည်းတစ်ခုမှ ကိုသိန်း ရလာတာ မတွေ့ရ။ တိုလီမိုလီ အစုတ်အပြတ်ကလေးတွေသာ တစ်ခုတစ်စ ပါလာတတ်သည်။ ပြီး တစ်နေ့ကလည်း ကိုသိန်း အချိန်အတော်ကြီး ကြာအောင် သွားနေပြီး စွတ်စွတ်စိုစို ပင်ပင်ပန်းပန်း ပုံသဏ္ဍာန်မျိုးနှင့် ပြန်ရောက်လာသည်။ လက်မှာလည်း ဘာမှ မပါ။ သူ့ကို မေးကြည့်သောအခါ အလကားပါကွာ၊ ငါ ပျင်းတာနဲ့ ရေဆင်းကူးပြီး ဗောင်း (ခရုကြီးတစ်မျိုး) ငုတ်ကြည့်တာ၊
နှစ်လုံးပဲ ရတယ်” ဆိုပြီး ခါးပိုက်ထဲက ဗောင်းနှစ်လုံး ထုတ်ပြသည်။ သံလုံး စိတ်ထဲမှာ သိပ်မသင်္ကာချင်။
ကိုသိန်း ဘာတွေ လုပ်နေသလဲ အကဲခတ်ရမည်။ သူ့နောက် လိုက်ကြည့်ရမည်။

ကိုသိန်း မရှိသည့်အချိန်များတွင် သံလုံး တဲနားတစ်ဝိုက်မှာ ချိုင်းထောက်နှင့် လမ်းလျှောက်ကျင့်သည်။ကိုသိန်းရှေ့မှာဆိုလျှင် ခြေထောက်နာသဖြင့် ကောင်းကောင်း မလျှောက်နိုင်သလို ဟန်ဆောင်နေသည်။

တစ်နေ့နံနက် ကိုသိန်း ကမ်းနားတစ်လျှောက် ရှာဖွေရေး ထွက်သွားပြီး ကမ်းအငူစွန်းကလေးနောက် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သံလုံး နောက်က လိုက်လေသည်။ သူတို့ထဲမှ အငူစွန်းကလေးထိ ကိုက်နှစ်ရာခန့် ကွာဝေးသည်။
အငူစွန်းကလေး ဟိုဘက်တွင်ကား ကျယ်ဝန်းသော ပင်လယ်ကွေ့တစ်ခု ရှိသည်။ ပစ္စည်းတွေ အများဆုံးရသော ပင်လယ်ကမ်းကွေ့၊ အငူစွန်းထိပ် ကျောက်ဆောင်အကွယ်မှ စောင့်ကြည့်လျှင် ကွေ့ထဲမှာ ကိုသိန်း ဘာတွေ လုပ်နေသည်ကို ကောင်းကောင်း မြင်နိုင်သည်။

သံလုံး ချိုင်းထောက်နှင့် အလျှောက်ကျင့်ထားသည်ဆိုသော်လည်း ယခုလို သဲသောင်ပြင်တစ်လျှောက်
ဝေးဝေးလံလံ တောက်လျှောက်ကြီး သွားရသည့်အခါ အတော့်ကို မသက်သာ၊ တဲဘေး သဲမြေက ခပ်မာမာမို့ လျှောက်ရလွယ်သည်။ ကမ်းစပ်သဲပြင်မှာမူ ချိုင်းထောက်က နက်နက်ကြီး ကျွံဝင်သည်။ ခြေထောက်အဆစ် နာလာသည်။ ချိုင်းကြားက နာလာသည်။ မောလည်း မောသည်။ လမ်းမှာ ရပ်ရင်း အမော‌ဖြေ၊ အမောပြေလျှင် ဆက်လျှောက်နှင့် တမေ့တလျောလောက် ထင်ရအောင် သွားပြီးမှ အငူလေးထိပ် ရောက်လေသည်။

သံလုံး အငူစွန်းကျောက်ဆောင်ခြေရင်းမှာ ထိုင်၍ အမောအပန်းဖြေနေပြီး အတန်ကြာမှ ထလာကာ ၊
ကျောက်ဆောင်ပေါ် ချိတ်တက်သည်။ တစ်ဘက်သို့ လုံလုံခြုံခြုံ လှမ်းမျှော်ကြည့်နိုင်သော နေရာတစ်ခုသို့ ရောက်အောင် ဒူးထောက်လိုက်၊ ဖင်ရွှေ့လိုက်နှင့် ခဲခဲယဉ်းယဉ်း တက်ရသည်။ ကျောက်ဆောင်အကွယ်မှ အသာ ခေါင်းပြူကြည့်သည့်အခါ မိမိနှင့် များစွာ မဝေးလှသည့် ကမ်းစပ်တစ်နေရာတွင် ကိုသိန်းကို သွားတွေ့သည်။ ပုဆိုးခါးတောင်းကျိုက်ကာ ပင်လယ်ဘက်သို့ ကြည့်နေသည်။ ရေထဲ နည်းနည်း ဆင်းလိုက်၊နောက်ပြန်ဆုတ်လိုက်နှင့်၊ တစ်ခုခု တွေ့နေသည့် ပုံမျိုး။ သံလုံးဆီက ကြည့်တော့ ရေထဲမှာ ပစ္စည်းနှင့်တူတာ ဘာမှ မမြင်ရသေး။ ကျောက်ဆောင်သေးသေးလေးတွေ၊ ခပ်ကြီးကြီးတွေကလည်း ရှိနေသဖြင့် သူ့ဆီက မမြင်ရဘဲ ကွယ်နေတာ ဖြစ်နိုင်သည်။ သံလုံး တုတ်တုတ်မလှုပ်ဘဲ စောင့်ကြည့်နေသည်။ ကိုသိန်းစိတ်မရှည်တော့ဘူး ထင်သည်။ ခါးတောင်းကျိုက် ဖြုတ်ကာ ပုဆိုးချွတ်၍ သောင်ပြင်ပေါ် ပစ်တင်ထားခဲ့ပြီး
ရေထဲ ဆင်းသွားသည်။

ရင်ဘတ်လောက် အနက်ထိ ကူးခတ်သွားသည်။ သူ စောင့်မျှော်နေသော ပစ္စည်းဆီကို ရောက်သွားပြီ။ သံလုံး မြင်ပြီ၊ ပီပါတစ်လုံး။ ကိုသိန်း ကမ်းစပ်ဘက် တွန်းယူလာသည်။ ရေထဲမှာ အတော်မြုပ်ပုံ ထောက်၍ ဆီအပြည့် ဖြစ်နိုင်သည်ဟု သံလုံး မှန်းဆသည်။ ကိုသိန်း ဘာလုပ်မည်နည်း။ အဖြူအမည်း သဲကွဲတော့မည်။ ဆီပုံး သောင်ပေါ် ရောက်လာပြီ။ ကိုသိန်း ဆီပုံးကို သောင်ပြင်အပေါ်ပိုင်း သဲမွမွတွေအထိ တွန်းတင်နေသည်။

ဘယ်လိုလဲ။ သူတို့တဲဆီ သယ်မည်ဆိုလျှင် ပင်လယ်ရေစပ်နားက သဲမာမာတစ်လျှောက် တွန်းလှိမ့်လာရုံပဲရှိသည်။ တွန်းရခက်သည့် သဲပျော့သဲမွအထိ တင်စရာ မလို။သူ ဘယ်သွားမလဲ။ ကျွန်းပေါ်မှာက တော်ရုံတန်ရုံ ပစ္စည်းကို လူမမြင်အောင် အလွယ်တကူ ဖွက်ထားနိုင်သည့်
လျှိုကလေးတွေ အတော်ပဲ ရှိသည်။ ပြီး ဟို လိုဏ်ခေါင်းကြီးလည်း ရှိသည်။ အဲသည့်အထိ သွားမှာလား။တောထဲအရောက်ဆိုရင်တော့ မနည်း တွန်းရ သယ်ရလိမ့်မည်။ ကိုသိန်း မတွန်းတော့။ တူးနေပြီ။ သဲပြင်ကိုတူးသည်၊ ယက်သည်။

 လက်စသတ်တော့ တွင်းတူးပြီး မြုပ်မှာကိုး။ သံလုံး တောက်တစ်ချက် ပြင်းပြင်းခေါက်ကာ တဲဆီသို့ ကော့ကျိုးကော့ကျိုးနှင့် ပြန်ပြေးလာသည်။
ကိုသိန်း သစ္စာဖောက်ပြီ။ ခွေးမသား သစ္စာဖောက်ပြီ။ သည်ကိစ္စကို ဘယ်လို ဖြေရှင်းရမည်နည်း။
သည်ကျွန်းပေါ်မှာ ရသမျှ နှစ်ယောက်အတူတူ ဝေယူမည်ဟု ကတိရှိခဲ့သည်။ ငါးကြီးအန်ဖတ် ရလည်း အတူတူ၊ပုလင်းခွံတစ်လုံး ရလည်း အတူတူဟု ဆိုခဲ့သည်။ ယခုတော့ နေကလေး ဆယ်ကိုးရက် မကောင်း၍ မလိုက်နိုင်ရုံနှင့် သူက ကလိမ်ကျသည်။ သည်ပစ္စည်းတွေ ဖွက်ထားပြီး သူ ဘာလုပ်မည်နည်း။

ရွာပြန်ရောက် ဝေစုခွဲပြီးသည့်နောက်မှ သူက တစ်ခြားတစ်နေရာက စက်လှေငှားပြီး တစ်ခေါက်
ပြန်လာလိမ့်မည်ထင်သည်။ သည်လိုဆိုရင်လည်း သူ ကလိမ်ကျသည့်သတင်းက မကြာမတင်ဆိုသလို
ပေါက်ကြားလိမ့်မည်။ သို့သော် ဘာဖြစ်သေးလဲ။ သူက သည်အရပ်သားမှ မဟုတ်ဘဲ။ ရသမျှပစ္စည်း
ရသည့်ဈေးနှင့်ရောင်းချပြီး တစ်ရပ်တစ်ရွာ လစ်ပြေးသွားနိုင်သည်။ သည်အတိုင်းဆိုလျှင် ဒီကိစ္စကို
မသိချင်ယောင်ဆောင်ထားပြီး ရွာက ကိုယ့်လူတွေလာမှ ဖော်ထုတ်လိုက်လျှင် မကောင်းဘူးလား။ ဟုတ်သည်။အဲဒါ အကောင်းဆုံး ဖြစ်လိမ့်မည်။ သစ္စာဖောက်လောက်ကောင်၊ အဲသည်အခါမှ အကြောင်း သိကြတာပေါ့။

သို့သော် သည်ကြားထဲ သတိဝိရီယနှင့် နေမှဟု သံလုံး သဘောရသည်။ လောဘဇော ဒေါသတွေနှင့်မို့ သံလုံး ခြေနာနေသည်ကိုပင် မေ့သွားဟန်တူသည်။ တဲဆီသို့ မြန်မြန်ကြီး ပြန်ရောက်လာသည်။

တဲထဲရောက်တော့ သံလုံး ဂနာမငြိမ်။ ဒေါသကြောင့်လား ဖျားခါစ အားသိပ်မရှိသေးမီ ပင်ပင်ပန်းပန်း
လှုပ်ရှားလိုက်ရ၍လားမသိ၊ လူတစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေသည်။ ငြိမ်ငြိမ် ထိုင်မနေနိုင်။ ရူးချင်ချင် ဖြစ်နေသည်။ ခဏခဏထပြီး တဲတံခါးဝမှ ခေါင်းပြုကာ ကိုသိန်း ပြန်လာနေပြီလား လှမ်း လှမ်းကြည့်သည်။

အတန်ကြာတော့ အငူစွန်းကလေးတစ်ဘက်က ထွက်လာသည်ကို မြင်ရသည်။ ကိုသိန်း ရှေ့ဆက်တိုးမလာဘဲ အငူစွန်းနားမှာပင် တလည်လည် လုပ်နေသည်။တဲဘက်သို့လည်း လှမ်းမျှော်ကြည့်သည် ထင်သည်။ ဘာလုပ်နေသနည်း။ သူ့ကို လိုက်ပြီးချောင်းတာ သိသွားလေပြီလား။

သေချာသည်။ ချိုင်းထောက်ကြီးနှင့် လျှောက်လာသည့် သူ့ခြေရာတွေ အငူစွန်းနောက်မှာ ဆုံးနေတာ
ထင်းထင်းကြီး မြင်မှာ မုချ။ ဒါဆိုရင် ကိုသိန်း ဘာလုပ်မည်လဲ။ သူ အလိမ်ပေါ်သွားပြီဆိုပြီး ရမ်းနိုင်သည်။တစ်ဆုံးတစ်စ လုပ်နိုင်သည်။ လူကတော့ ခပ်ပျော့ပျော့သမား။ အချိုသတ်၍ ပေါင်းတတ်သူ။ သို့သော် သစ္စာဖောက်တာ ပေါ်သွားသည့် အနေအထား၊ ငွေကြေးကလည်း အနည်းဆုံး လေးငါးသောင်းလောက် ရှိနေသည့် အနေအထားမှာ ဘာမဆို ဖြစ်နိုင်သည်။ သူ့နောက်ကြောင်း ရာဇဝင်လည်း ကိုယ်က တိတိကျကျ သိတာမဟုတ်။ မိန်းမလျာလို ပျော့ပျော့နွဲ့နွဲ့ပုံမျိုးနဲ့ လူသတ်တဲ့ လူတွေလည်း အများကြီး ရှိသည်။လတ်တလော အချိုသတ်ထားပြီး နောက်တော့မှ အလစ်မှာ လက်စတုန်း လုပ်ချင်လုပ်နိုင်သည်။ ငါသေတယ်ဆိုရင် ရွာကလူတွေ သူ့ကို မယုံသင်္ကာဖြစ်မှာ သေချာသည်။ စစ်ကြဆေးကြမှာ သေချာသည်။
သို့သော် ဒါတွေက နောက်ဖြစ်မယ့်ကိစ္စ။ လောလောဆယ် အသက်အန္တရာယ် ရှိနေတာက ငါ။ ဘုရား။ သံလုံး ကျောချမ်းသွားသည်။ ကိုယ့်အသက်ကိုယ် ကာကွယ်ရမည်။ သူ မလုပ်ခင် ကိုယ်က လက်ဦးအောင် လုပ်ရလိမ့်မည်။ ရွာကလူတွေ လာရင် ဖျားပြီး သေသွားတယ် ပြောမည်။ မသင်္ကာတော့ကော ဘာအရေးလဲ။ဘယ်သူက ပြဿနာ ဖော်နေမှာလဲ။ ဒါပေမယ့် ငါက ချိုင်းထောက် တစ်ဘက်နဲ့။ ရင်ဆိုင်တိုက်လို့ မဖြစ်ဘူး။ ငါ သေသွားမယ်။ သတိထား၊ သတိထားရမယ်။ ဓား ဘယ်မှာလဲ။ သံလုံး ဓားတွေ ကမန်းကတန်း လိုက်ရှာသည်။
ပျာပျာသလဲ ကမူးရှူးထိုး ဖြစ်လာသည်။ မီးဖိုနားမှာ ဓားမ တစ်ချောင်း တွေ့ သည်။ ကောက်ယူပြီး သူ့ကွပ်ပျစ်ပေါ်တင်ကာ ပုဆိုးတစ်ထည်နှင့် ကောက်ဖုံးထားလိုက်သည်။ နောက်တစ်ချောင်း၊ နောက်တစ်ချောင်း၊ နောက်ထပ် ဓားတစ်ချောင်း၊ ဘယ်ရောက်နေလဲ။ လိုက်ရှာသည်။ မတွေ့။တဲပြင်က ကိုသိန်း အသံကြားရသည်။ သံလုံး ဆတ်ခနဲ ထပြီး ဓားကို ကိုင်ထားသည်။

“ဟေ့ သံလုံး”

သံလုံး မထူး။

“သံလုံးရေ၊ ဟေ့ သံလုံး”

မတုံ့ပြန်၊ ဘယ်လို တုံ့ပြန်ရမှန်း မသိ။

အငူစွန်းလေးနားမှာ ချိုင်းထောက်ရာတွေ တွေ့ကတည်းက သံလုံး အစအဆုံး မြင်သွားပြီဖြစ်ကြောင်း ကိုသိန်း သဘောပေါက်လိုက်သည်။
ဇာတ်ကတော့ ရှုပ်ပြီ။ သံလုံး ဘာလုပ်မည်လဲ၊ မမှန်းဆတတ်။ တတ်နိုင်သမျှတော့ မြွေမသေ တုတ်မကျိုးဖြစ်အောင် ကြည့်လုပ်ရမည်ဟု စဉ်းစားသည်။ သို့သော် လိုလိုမယ်မယ် သောင်ပြင်ပေါ်မှာတွေ့ရသည့် သစ်သားတုတ် ခပ်တိုတို တစ်ချောင်းကိုတော့ ခါးနောက်က အသာ ထိုးလာခဲ့သည်။
ကိုသိန်း တဲထဲ လှမ်းပြီး ခေါ်ပြန်သည်။

“သံလုံး မင်း ဘာဖြစ်တာလဲကွ”

ကိုသိန်း ခပ်လှမ်းလှမ်းမှ တဲထဲ အသာချောင်းကြည့်သည်။ သံလုံးကို မြင်သည်။ တဲအလယ်တွင် ငူငူကြီး ရပ်လျက်။ ချိုင်းထောက်တစ်ဘက်၊ ဓားတစ်ဘက်။

“သံလုံး အပြင်ထွက်ခဲ့ပါကွ၊ မင်းနဲ့ ငါ အေးအေးဆေးဆေး ဆွေးနွေးရအောင်၊ အရမ်းကာရော မလုပ်ပါနဲ့၊ ငါ အကျိုးအကြောင်း ရှင်းပြပါ့မယ်”

သံလုံး ကြောင်နေသည်။ ဘာပြန်ပြောရမှန်းမသိ။ အပြင်လည်း မထွက်ရဲ။ အပြင်က တစ်ခုခု ဆီးပြီး
လုပ်လိုက်လျှင်။

"သံလုံး၊ ခေါ်တာ ထူးပါဦးကွ၊ မင်း ဘာဖြစ်နေလဲ၊ ငါ အထဲ ဝင်လာခဲ့ရမလား”

သည်အခါ သံလုံး ရုတ်တရက် ပြန်အော်သည်။ ကြောက်အားလန့်အား ကမူးရှူးထိုးနှင့်။

“မလာနဲ့၊ ခင်ဗျား သစ္စာဖောက်၊ ခင်ဗျား ဝင်လာရင် ကျုပ် ဓားနဲ့ ခုတ်မိလိမ့်မယ်၊ ခင်ဗျား ဒီနားမှာ မနေနဲ့၊
ခပ်ဝေးဝေး ဆုတ်ပါ”

“ဒီမှာ မနေလို့ ငါ ဘယ်သွားနေရမလဲကွ၊ အဲဒီ ဓားထားပြီး မင်း အပြင်ထွက်ပါ။ မင်းကို ငါ ဘာမှ မလုပ်ဘူး၊ မင်းနဲ့ငါ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ်”

သံလုံးဆီက အသံ မကြားရ၊ စဉ်းစားနေဟန် တူသည်။ ကိုသိန်း ဘေးဘီကြည့်သည်။ တဲပြင်ဘက် ထင်းပုံမှာ ဓားမတစ်ချောင်း၊ ကိုသိန်း ထင်းပုံနား သွားကပ်သည်။ အရေးအကြောင်းဆိုလျှင် သည်ဓားမ လှမ်းဆွဲရမည်။ကိုသိန်း သူ့လက်ထဲမှာ ကိုင်ထားသည့် သစ်သားချောင်းကို တဲဝသို့ ပစ်ချလိုက်ပြီး သံလုံးဆီ အော်ပြောသည်။

“အဲဒီမှာဟေ့ သံလုံး၊ ငါ ဘာလက်နက်မှ မကိုင်ဘူး၊ မင်း ရဲရဲ ထွက်ခဲ့၊ အပြင်မှာ ဆွေးနွေးမယ်၊ ငါ လုပ်ချင်ရင် မင်းဘာမှ မတတ်နိုင်ဘူး၊ မင်းက ခြေကျိုးနေတဲ့ လူပဲ၊ ငါ ဒီခေါင်မိုး မီးရှို့လိုက်ရင် မင်း ဘယ်ပြေးမလဲ”

မီးသံကြားတော့ သံလုံး လန့်သွားသည်။ တံခါးဝ ဆတ်ခနဲ ပြေးထွက်လာပြီး တဲရှေ့ရပ်သည်။ သူ့လက်မှာဓားနှင့်။ ကိုသိန်းရှေ့ သုံးကိုက်လောက်အကွာမှာ သံလုံး ဖြုန်းခနဲ ထွက်လာတော့ ကိုသိန်း လန့်သွားပြီး ထင်းပုံက ဓားကို လှမ်းဆွဲသည်။ သံလုံးက ကပျာကယာ လက်ထဲက ဓားနှင့် ပစ်ပေါက်လိုက်ရာ ဓားနှောင့်က နဖူးကို မှန်ပြီး ကိုသိန်း ယိုင်သွားသည်။ သံလုံး ပြေးသွားကာ ချိုင်းထောင်နှင့် လွှဲရိုက်ဖို့ ကြိုးစားသည်။ သံလုံး ဘယ်ခြေထောက် သစ်သား တစ်ချောင်းနှင့် ခလုတ်တိုက်ကာ ဟပ်ထိုးအလဲ ကိုသိန်း ဓားနှင့် လှမ်းခုတ်သည်။
ထင်းခုတ်သော ဓား၊ အလေးစီးသည်။ သူ့ဓားက သံလုံး ဘယ်ဘက်ပုခုံးနှင့် လည်တိုင်အစပ်မှာ ဒုတ်ခနဲ မြုပ်သွားသည်။ သံလုံး လဲကျသွားပြီးနောက် ပြန်၍ ကုန်းထကာ ပင်လယ်ကမ်းဘက် သွေးရူးသွေးတမ်း ထွက်ပြေးသည်။ သောင်ပြင်မှာ လျှောက်ပြေးနေပြီး ရေစပ်က ကျောက်ဆောင်လေး တစ်ခုနံဘေးမှာ လဲကျသွားသည်။ လည်ပင်းက သွေးတွေ ငေါက်ခနဲ ပန်းထွက်နေသည်။ကိုသိန်း မင်သက်မိသလို ကြောင်၍နေပြီးမှ လက်ထဲက ဓားကို ပစ်ချကာ သံလုံးနောက် ပြေးလိုက်သွားသည်။

“ကိုသိန်း ကျွန်တော့်ကို မသတ်ပါနဲ့၊ တောင်းပန်ပါတယ်၊ ရှိခိုးပါတယ်၊ ကျွန်တော့်မှာ ကလေးတွေနဲ့၊
ကျွန်တော့်ကို သတ်ရင် ခင်ဗျားကို ရွာက လူတွေ သတ်လိမ့်မယ်၊ ကျွန်တော့်ကို မသတ်ပါနဲ့”

သံလုံးပါးစပ်က တတွတ်တွတ်ရွတ်နေသည်။ ကိုသိန်း ဘာလုပ်ရမှန်း ဘာကိုင်ရမှန်း မသိ။ သံလုံး လည်ပင်းရှိ ဟနေသော ဓားဒဏ်ရာမှာ သွေးတွေ အရှိန်နှင့် ပန်းထွက်နေသည်။ ဘေးနားမှာလည်း အိုင်ထွန်းနေပြီ။ ကိုသိန်းသွေးပန်းထွက်နေသည့် နေရာကို လက်ဝါးနှင့် ဖိပိတ်သည်။ မရ။ သွေးတွေက ရေပိုက်ပေါက်သလို တရဟော ထွက်နေသည်။ သူ့လက်တွေ တွတ်တွတ်ရဲကာ စိုရွှဲသွားသည်။ ကိုသိန်း သူ့ပုဆိုးအောက်နားကို တစ်ထွာလောက် ပတ်ပတ်လည် လှဲချလိုက်ပြီး ဓားဒဏ်ရာကို အဝတ်စုတ်နှင့် ဖိထားသည်။

“ငါ မသတ်ပါဘူးကွာ၊ မတော်တဆ ဖြစ်သွားတာပါ၊ တောင်းပန်ပါတယ်၊ ငါ တစ်သက်လုံး သူများကို
နာကျင်အောင် မလုပ်ခဲ့ဖူးပါဘူး၊ အခု ငါ ဘာလုပ်ရမလဲ”

ကိုသိန်း ငိုသံပါကြီးနှင့် ဆက်ပြောသည်။ လက်ထဲက အဝတ် ရွှဲရွှဲစိုကာ သွေးတွေ အပြင် စီးထွက်လာသည်။

ကိုသိန်း တဲဆီ အမြန်ပြေးကာ တွေ့သမျှ ပုဆိုးအင်္ကျီတွေ ကောက်ဆွဲလာပြီး သံလုံး လည်ပင်းမှာ ဖိထားသည်။သံလုံးပါစပ်က ညည်းညူနေသည်။ အသံကား မသဲကွဲတော့။ ကိုသိန်း သံလုံးကို ပွေ့ချီကာ တဲဆီ သယ်ယူလာပြီး ကွပ်ပျစ်ပေါ် တင်သည်။
သံလုံး ငြိမ်၍ နေသည်။ ဘုရား၊ ဘုရား။ သေများ သွားပြီလား။ လက်ကောက်ဝတ် သွေးစမ်းကြည့်သည်။ရင်ဘတ် စမ်းကြည့်သည်။ မျက်စိ ကြည့်သည်။ မသိ။ သေသလား။ ရှင်သလား။ မေ့မြောနေတာလား။အသက်ရှူသေးလား။ စောင့်ကြည့်သည်။ ဘုရား၊ ဘုရား မသေပါစေနဲ့။ အကြာကြီး ထိုင်စောင့်ကြည့်နေသည်။
အသက်မရှူ။ လုံးဝ မလှုပ်။ လုံးဝ မလှုပ်။ သံလုံး သေချေပြီတကား။ 

ငါမှားပြီ။ သည်ကိစ္စ ဘယ်လိုလုပ်မလဲ။ သံလုံးတို့ရွာက တံငါတွေ လာလျှင် ဘယ်လိုရှင်းမလဲ။ ဖျားပြီး
သေသည်ဟုပဲ ဆိုရမည်။ ဘယ်လိုမှ ယုံမည်မဟုတ်။ မယုံလျှင်လည်း မတတ်နိုင်။ အလောင်းဖော်ကြည့်လည်း အဲသည့်အချိန်ကျ အသားတွေ ဆွေးရော့မည်။ ဓားဒဏ်ရာ တွေ့တော့မည်မဟုတ်။ ကိုသိန်း၊
သံလုံးအလောင်းကို မြေမြုပ်ရန် တဲပြင်ထုတ်လာသည်။ ငါမှားသည်။ ငါ့အမှားပဲ။ ငါလောဘကြီးလို့ ဖြစ်ရတာ။ ငါ စိတ်ကောင်းမရှိလို့ ဖြစ်တာ။ သံလုံးက လူကောင်းကလေးပဲ။ သူဌေးသားဘဝက မလိမ္မာလို့ မွဲသွားတဲ့ကောင်လေး။ သားတွေ သမီးတွေလည်း ရှိသေး။ ငါက ဒီပစ္စည်းတွေ ရောင်းပြီး ဘာလုပ်မလဲ။ဘယ်အရပ် သွားနေမလဲ။ စောင့်မျှော်နေမည့် သားမယား မရှိ။ အဖေအမေလည်း ကွယ်လွန်ပြီ။ ကိုယ့်ကို စေတနာထားမည့် ဆွေရင်းမျိုးရင်းလည်း မရှိတော့။ ခင်ရာ ဆွေမျိုး၊ သည်အရပ်က သည်လူတွေနှင့် သွေးမတော် သားမစပ်ပေမယ့် ဆွေမျိုးရင်းချာလို ရင်းရင်းနှီးနှီး အကျွမ်းတဝင် နေလာခဲ့သည်။

ခုတော့ သည်နေရာမှာ ဆက်နေဖို့ မဖြစ်နိုင်ပြီ။ ကိုသိန်း သံလုံးအတွက် တွင်းတူးစရာ ရှာသည်။ ဓားတစ်လက်။ကောက်ကိုင် ကြည့်လိုက်သည်။ သံလုံးကို ခုတ်ခဲ့သောဓား။ သွေးတွေ စေးထန်းလျက်။ ငါ လူသတ်ခဲ့ပြီ။ 

လူသတ်သမား။ ခြေကျိုးနေသည့် လူကို ဓားနှင့် ခုတ်သတ်ခဲ့သည်။ ငါ အရူး။ အလကားကောင်။ ခေါင်းထဲမှာထုံ၍ နေသည်။ အလကားပဲ။ သွားပြီ။ ပြီးပြီ။ ဓားကို ပစ်ချပြီး တဲထဲ ဝင်သွားသည်။

ကွပ်ပျစ်မှာ အကြာကြီး ထိုင်ပြီး ငေးနေသည်။ သွားပြီ။ မရတော့ဘူး။ ဘယ်ပြေးမလဲ။ ရွာက လူတွေ၊ တံငါတွေ၊သံလုံးမယား၊ ကလေးတွေ၊ ကိုသန်းအောင်တို့၊ ကိုဘိုးညွန့်တို့၊ လူတွေ၊ လူတွေ၊ လူတံတိုင်းကြီး ဝိုင်းနေသည်။
ငါ သွားပြီ။ ပြီးပြီ။

တဲထဲမှာ ကြိုးတွေ၊ နိုင်လွန်ကြိုးခွေတွေ၊ အကြီး အသေး မျိုးစုံ၊ လက်ညှိုးလုံး၊ လက်သန်းလုံးမှ
လက်ကျင်းဝတ်လောက်အထိ အရွယ်အစားစား ရှိသည်။ အခွေလိုက်၊ အခွေလိုက်။ အပုံလိုက်၊ အပုံလိုက်။အတိုရှိသည်။ အရှည်ရှိသည်။ လက်ညှိုးလုံးအရွယ် နိုင်လွန်ကြိုး ခပ်တိုတို တစ်ချောင်း ဆွဲယူကာ အပြင်ဘက် ထွက်လာသည်။ သူ့စိတ် တည်ငြိမ်နေသည်။ သို့မဟုတ် သူ့မှာ စိတ်ဆိုတာ မရှိတော့။

 စက်ရုပ် တစ်ခုလို သူလှုပ်ရှားသည်။ သည်အလုပ်က အလွန် လွယ်ကူသော အလုပ်။ အသိဉာဏ်ကင်းမဲ့ချိန်၊ စဉ်းစားဉာဏ် ချွတ်ယွင်းချိန်မှာ လုပ်နိုင်သောအလုပ်။ ကိုသိန်း နိုင်လွန်ကြိုးဖြင့် ကွင်းလျာကလေး တစ်ခု လှပသေသပ်စွာ လုပ်လိုက်သည်။ ဆွဲကြည့်လိုက်လျှင် လျှောခနဲ။ အထစ်အငေါ့မရှိ။ လက်မှုအတတ်မှာ မကျွမ်းကျင်ခဲ့သော၊တစ်သက်လုံးလည်း ဘယ်နေရာမှာမှ အောင်မြင်မှု မရရှိခဲ့သော ကိုသိန်း၏ ဘဝမှာ အအောင်မြင်ဆုံး၊ အပိရိဆုံး၊
အသေသပ်ဆုံး လက်ရာ။

---

တစ်လခန့်အကြာ ကျွန်းသို့ ပထမဆုံး စက်လှေ ဆိုက်ရောက်လာသည်။ သံလုံးတို့ ရွာက တံငါများ၊ ကျွန်းမှာ တိတ်ဆိတ်လွန်းသဖြင့် စိုးရိမ်မကင်း ဖြစ်သွားကြသည်။ “သံလုံးရေ၊ ဟေ့ သံလုံး”၊ “ဗျို့ ကိုသိန်း”အော်ခေါ်ရင်း တဲဆီသို့ ပြေးလာကြသည်။

တဲဘေးတွင် များစွာ မခြောက်သွေ့သေးသည့် အရိုးစု တစ်စု တွေ့ကြသည်။

ထို့နောက်။

တဲနှင့် မလှမ်းမကမ်းဆီက သစ်ကိုင်း ခပ်နိမ့်နိမ့်တစ်ခုမှာ လေတိုက်တိုင်း တွဲလွဲလွဲနေသည့် အရိုးစု တစ်ခု။

“ကျုပ်တို့ သတ္တိ သိပလားဗျို့” ဟု သွားကြီးဖြဲကာ ရယ်မော ပြောဆိုနေသလို။

---

(ပြီးပါပြီ)

#ဖေမြင့်
#ကျွန်း

#shared_by_louis_augustine
#sbla

Comments