မာစီဒီးနဲ့ စဉ့်ကူးမင်း // သုမောင်

မာစီဒီးနဲ့ စဉ့်ကူးမင်း // သုမောင်

(ဟဒယမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၀၈ ခုနှစ်)

ကျွန်တော်၏ ဇာတာတွင် ယာဉ်၊ ရထား ကံအကျိုးပေးပုံရပါတယ်။ မွေးကတည်းက မော်တော်ကားနဲ့ ပြတ်လပ်ခဲ့တာ မရှိခဲ့ပါဘူး။ ခုထိတိုင်ပါပဲ။ အရင်ကတော့ အဖေ့ရဲ့ ကားတွေ စီးရတာပါ။ စာရေးဆရာဖြစ်ပြီး လုံးချင်းတွေရေးနိုင်တော့ သင့်နိုးရာရာ ကားတစ်စီး ဝယ်စီးနိုင်ခဲ့ရာက ကျွန်တော့်မှာ မော်တော်ကား တစ်စီးတော့ အမြဲရှိနေတတ်တော့တာပါပဲ။ စီးပွားတက်ရင် ကားကောင်းကောင်းလေး စီးလိုက်၊ စီးပွားပျက်ရင် ကားညံ့ညံ့လေး စီးလိုက်နဲ့ပေါ့။ ပြောချင်တာက အဲဒီကား ထည်လဲတွေထဲမှာ တစ်ကြိမ်တော့ဖြင့် “မာစီဒီး” ပါဝင်ခဲ့ပါတယ်။ မာစီဒီးဆိုပေမယ့် “ဟစ်တလာ” စီးခဲ့တဲ့ ရှေးဟောင်း“မာစီဒီး”ပါ။ ဘာပဲဖြစ်ဖြစ် “မာစီဒီး” တစ်ကြိမ်တော့ စီးဖူးတယ် ပြောရပါလိမ့်မယ်။ ဒါကို အကျယ်ချဲ့ပြောနေရတာက “မာစီဒီး” နဲ့ ပတ်သတ်လို့ လူကြားသူကြား အမေးခံရတာ နှစ်ကြိမ်ရှိခဲ့ဖူးလို့ပါ။

တစ်ကြိမ်က တေးသံသွင်းတစ်ခုက စားသောက်ဆိုင်မှာ ဖြစ်ပါတယ်။ အဲဒီညက စားနေသောက်နေကြတုန်း တေးသံသွင်း ပိုင်ရှင်နဲ့ ဂျာမဏီနိုင်ငံသားတစ်ယောက် ကျွန်တော်တို့ဝိုင်းမှာ ဝင်ထိုင်ရင်း ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။ ဒီအခါ ဂျာမဏီသားက - “မင်းမှာ မာစီဒီး ဘယ်နှစ်စီးရှိသလဲ” လို့မေးပါတယ်။ သူနဲ့ ကျွန်တော့် မိတ်ဆက်ပေးတုန်းက စာရေးဆရာ၊ အဆိုကျော်၊ ရုပ်ရှင်မင်သားဆိုပြီး မိတ်ဆက်ပေးတာကိုး။ အဲဒီတုန်းက ကျွန်တော့်မာစီဒီးက “ဃ” အက္ခရာတွေပယ်လို့ ပါသွားပါပြီ။ ဒါကြောင့် “တစ်ခါတော့ရှိဖူးတယ်” ပြောတော့ သူအံ့သြသွားပါတယ်။ သူတို့ဆီမှာဆိုရင် ကျွန်တော့်လို ဘက်စုံ အနုပညာသည်ဟာ မာစီဒီး (၆) စီး ရှိသတဲ့။ အမယ်မယ်သုံးဆိုပါစို့။ 

နောက်တစ်ခါ အမေးခံရတာက အမေရိကားရောက်တုန်းကပါ။ နိုင်ငံတကာ စာပေဆွေးနွေးပွဲတက်တော့ နိုင်ငံစုံ စာရေးဆရာတွေနဲ့ တွေ့ကြရာမှာ အလုပ်သဘော စားကြသောက်ကြရင်း ကိုယ်ရေးကိုယ်တာတွေ ရောက်သွားပါတယ်။ ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုသိနေကြတော့ ဂျာမဏီစာရေးဆရာကပဲ မေးပါလေရော။ “မင်းမှာ မာစီဒီး ဘယ်နှစီးရှိသလဲ” တဲ့။ ဒီနေရာမှာ မာစီဒီးကိုပဲ ဂုဏ်ပြုမေးကြတာက မာစီဒီးဟာ ဂျာမဏီလုပ်ကားဖြစ်နေတာ တစ်ကြောင်းကြောင့်ဖြစ်ပါလိမ့်မယ်။ အဲဒီတုန်းကတော့ “ငါ့မှာက ဆန်နီပစ်ကပ် ပဲသုံးတယ်၊ မာစီဒီးက မွန်းကျပ်တယ်၊ ဆန်နီပစ်ကပ်က လွတ်လပ်တယ်လေ” ဆိုပြီး ဆတ်ဆတ်ထိမခံ ရယ်ပွဲဖွဲ့ခဲ့ရပါတယ်။

ဒါလေးတွေ ပြောနေရတာက လူ့သဘာဝမှာ ဂုဏ်တုဂုဏ်ပြိုင် ပြောကြရင် မော်တော်ကား ကောင်းကောင်းဟာ မပါမဖြစ်ပါဝင်တဲ့ သဘောမို့ပါ။ ပြီးတော့ လူတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုကို တိုင်းတာရင်လည်း မော်တော်ကား ကောင်းကောင်းဟာ ပါရစမြဲမဟုတ်လား။ တကယ်တော့ ကျွန်တော်ဟာ လိမ္မာရေးခြားရှိခဲ့ရင် (စုစုဆောင်းဆောင်းနဲ့ နေခဲ့ရင်) ခုလောက်ဆို မာစီဒီးတစ်စီးတော့ စီးနိုင်ကောင်းပါတယ်။ ဆိုလိုတာက - စာရေးဆရာ အဆိုကျော်မင်းသားတစ်ယောက်အနေနဲ့ သူ့တန်းနဲ့သူတော့ဖြင့် နေနိုင်ထိုင်နိုင်ရှိနေပါ့မယ်။ သို့သော် တကယ်တမ်းမတော့ ကျွန်တော့်ဘဝမှာ သာမန်အဆင့် လောက်ပဲရှိခဲ့ပါတယ်။ အဆိုကျော်မင်းသား တန်းမဝင်ခဲ့ပါဘူး။ နာမည်ရ စာရေးဆရာတစ်ယောက်လောက်ပဲ နေနိုင်ထိုင်နိုင်ခဲ့ပါတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်တာတော့ရှိပါရဲ့။ ကျွန်တော်က လောဘမကြီးတတ်လို့ပါ။ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲခဲ့တယ်လို့ ဆိုရမှာပေါ့။ 

အထူးသဖြင့် ဇနီးသည် အေးဘုံနဲ့ သားသမီးတွေကလည်း ပါရမီဖြည့်နိုင်ကြလို့ပါ။ သူတို့လည်း ရိုးရိုးသားသား ပေးနိုင်ကမ်းနိုင်ရုံနဲ့ ကျေနပ်နေခဲ့နိုင်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ အတွင်းစိတ်ထဲမှာတော့ ထိုက်သင့်တဲ့ အကျိုးခံစားချင်ကြမှာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း စီးမယ်ဆို မာစီဒီး၊ နေမယ်ဆို ရွှေတောင်ကြား လောက်တော့ လိုချင်ခဲ့ပါတယ်။ စောစောကပြောသလို ရောင့်ရဲနေတတ် လို့သာပါ။

ကောင်းပါပြီ။ အဲသလိုမျိုး ကျွန်တော်ဘာကြောင့် မနေနိုင်ခဲ့ပါသလဲ။ ရှင်းပါတယ်။ “အရက်”ဟာ အဓိကတရားခံပါပဲ။ “အရက်” သောက်ပစ်လို့ ငွေကြေးဥစ္စာဓနတွေ ကုန်ရတယ်လို့ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ထုတ်လုပ်သူ၊ ထုတ်ဝေသူတွေကသာ တိုက်ကြပြုကြတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်စေတနာပါပါ့မလဲ။ သုမောင်နဲ့ လုပ်စားနေရတုန်းမို့ မသဒ္ဓါရေစာတိုက်ကြတာပါ။ သို့မဟုတ် ဖားကြပြုကြတာပါ။ တကယ်တမ်း သုမောင်တစ်ယောက် အီလည်လည်ဖြစ်လာတဲ့အခါကျတော့ ပုလင်းထောင်ပေးဖို့ နေနေသာသာ မသိ ချင်ယောင်ဆောင်လာကြပါတယ်။ ဟော သုမောင်လည်း ကျပါလေရော ဝေးဝေးက ရှောင်ကြတော့တာပဲ။ အပြစ်တော့ မတင်ပါဘူး။ 

လူဆိုတာ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာ မဟုတ်လား။ အနုပညာသည်က ကိုယ်နဲ့ ဦးနှောက်ကို ရင်းပြီးဖန်တီးတယ်။ သူတို့က ငွေကိုရင်းပြီး ပွားစီးတယ်။ ဘယ်မှာ အပြစ်ရှိလို့လဲ။ ပြောချင်တာက အဲသလို အရက်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရာကနေ ကိုယ့်လူတန်းစေ့နဲ့ကိုယ် မနေနိုင်တာကိုပါ။ တချို့အနုပညာသည်တွေ ဖြစ်ဖူးကြားဖူးကြမှာပေါ့။ အောင်မြင်တဲ့အချိန်မှာ စုဆောင်းတယ်။ စီးပွားရေးသမားနဲ့ သင့်တင့်အောင် ပေါင်းတယ်။ နည်းနည်း အီလည်လည်ဖြစ်လာတော့ ဒုတိယတန်းစားနေရာက ဝင်ပြီး ဖန်တီးတယ်။ ကျဆုံးချိန်ရောက်တော့ အရံအပို့နေရာတွေမှာ ဝင်လုပ်တယ်။ အိုမင်းမစွမ်းရှိတဲ့အခါမှာ စုဆောင်း တာလေးနဲ့ လူတန်းစေ့နေနိုင်တယ်။ တကယ်တော့ အားကျစရာကောင်းတဲ့ ဘဝမျိုးပဲမဟုတ်ပါလား။

ကျွန်တော့်မှာက အကျင့်စရိုက်နောက်တစ်မျိုး ရှိပြန်ပါတယ်။ ကိုယ်ရောက်တဲ့နေရာမှာ မနေတတ်တာပါပဲ။ ပင်ကိုအားဖြင့် ရိုးရိုးသားသား ပြုမူနေထိုင်တတ်တာပါသလို ငယ်စဉ်က လက်ဝဲယိမ်းပြီး အတင်းကြီးကာရော အခြေခံကျခဲ့တာပါ။ တကယ်တော့ မင်းသားအဆိုကျော်ဆိုတာ သူ့နေရာလေးနဲ့သူ နေရမှာပါ။ ကျွန်တော်က မင်းသားလို မနေဘဲ အဲဒီခေတ်က စာရေးဆရာတွေလို နေတယ်။ လူတိုင်းနဲ့ (အထူးသဖြင့် အောက်ခြေလူတန်းစားနဲ့) ပရောပရီနေတယ်။ ဖြစ်ကတတ်ဆန်းနေတယ်။ အရက်သောက်တာတောင် အရက်ဖြူကို လမ်းဘေးဆိုင် ထိုင်သောက်တယ်။ အဲဒီလို ချီးမွမ်းကြတော့ ကျေနပ်တယ်။ နှာခေါင်းရှုံ့တဲ့သူတွေကို ခုခံတယ်။ ပြောကြကြေးဆိုရင် ရုပ်ရည်ချို့တဲ့တဲ့ ကျွန်တော်ဟာ အရွဲ့တိုက်ပြီး မိတ်ကပ်မလိမ်းဘဲ ရုပ်ရှင်ရိုက်တယ်။ တကယ်တော့ မိတ်ကပ်ဆိုတာ လှပဖို့ထက် ပြုပြင်ဖို့ဆိုတာကို မသိခဲ့ဘူး။

သီချင်းဆိုပွဲတွေမှာ ဖြစ်ကတတ်ဆန်း အဝတ်နဲ့ ပွဲတတ်တယ်။ ပရိသတ်ကို စော်ကားရာကျတယ်ဆိုတာ မစဉ်းစားဘူး။ ကျွန်တော့်ဖခင်က ပြောဖူးတယ်။ “သား ပရိသတ်ဆိုတာ ကိုယ့်ကို ပိုက်ဆံပေးပြီးကြည့်တာ သူတို့ စိတ်ချမ်းသာအောင် သပ်သပ်ရပ်ရပ် လှလှပပလေး ဖြစ်အောင်နေရတယ်” တဲ့။ ဒါကိုလည်း ကျွန်တော် နားမထောင်ခဲ့ဘူး။ လုပ်ချင်ရာလုပ်တယ်။ အရက်ဝင်တော့ ပိုဆိုးတော့တာပေါ့။ ဒါလောက်ဆို ကျွန်တော့် သဘာဝနဲ့ ကျွန်တော့်ဘဝကို သိလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် အေးဘုံရဲ့ စီးတဲ့ရေ ဆယ်တဲ့ ကန်သင်းကြောင့် ခုလို တန်းစေ့လေး နေနိုင်ခဲ့တာပါ။ 

ပင်ကိုရိုးရိုးသားသား စိတ်ကလေးကြောင့်လည်း လက်ရှိဘဝကို ရောင့်ရဲနိုင်ခဲ့တာပါ။ ကောင်းပါပြီ။ ကျွန်တော့်ရဲ့ ယခု စာစု ခေါင်းစီးကိစ္စ။ “မာစီဒီးနဲ့ စဥ့်ကူးမင်း” တဲ့။ “မာစီဒီး” ကတော့ ဟုတ်ပါပြီ။ လူနေမှုဘ၀ တစ်ခုရဲ့ ပြယုဂ်။ စဥ့်ကူးမင်း ဘယ့်နှယ့်ကြောင့်ပါလာရပါသလဲ။ မတန်တရာနှိုင်းတယ်ပဲဆိုဆို ကျွန်တော့်အဖြစ်က စဥ့်ကူးမင်းနဲ့ သွားတူနေလို့ပါ။ ဒါကို ဆရာကြီး မြကေတုရဲ့ “နန်းမူနန်းရာ စာပေါင်းချုပ်” စာအုပ် ပြန်ဖတ်ရင်း သတိထားမိတာပါ။ ၁၁၃၈ခုနှစ်မှာ “အဝ” ကို စဥ့်ကူးမင်း စိုးစံပါတယ်။ စဥ့်ကူးမင်းဟာ ဆန်းကျယ်တဲ့ ဓလေ့ရှိသူဖြစ်ပါတယ်။ သူဟာ ဆင်းရဲသား ဘဝက လာသူမို့ ဆင်းရဲသားများကို အလေးထား စောင့်ရှောက်ပါတယ်။ ဆင်းရဲသားတွေကို တန်းတူပေါင်းတယ်။ ရှင်ဘုရင်လို မနေဘူး။ ဒါကြောင့် ဆင်းရဲသားများက စဥ့်ကူးမင်းကို ချစ်ကြတယ်။ အရွယ်ကလည်း (၂၀) ကျော်ဆိုတော့ လုပ်ရဲကိုင်ရဲ သတ္တိရှိတယ်။ တိုင်းပြည်တွင်းမှာ အခွန်တော်ငွေ မကောက်ခံရ အမိန့်ထုတ်တယ်။ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားခွင့်ပေးတယ်။ လူမျိုးဘာသာမရွေး တိုင်းပြည်တွင်း ဝင်ထွက်ခွင့်ပေးတယ်။ သန်းခေါင်စာရင်း (လူဦးရေ စာရင်း)ကို ပယ်ဖျက်တယ်။ သူဟာ ဆင်းရဲသားဘဝကလာတာမို့ ဆင်းရဲသားလိုပဲ ကျင့်ကြံတယ်။

ရှေးရှေးဘုရင်တွေဟာ ဇိမ်ခံနေကြတာပဲလို့ သူက ယူဆတယ်။ နန်းတော်သစ်ဆောက်ဖို့ မူးမတ်တွေက အကြံပေးကြတာကို လက်မခံဘူး။ ဆင်းရဲသားတွေ ပင်ပန်းမယ်။ အလုပ်ရှုပ်တယ်။ ပြည်သူ့ဘဏ္ဍာတွေ လျော့ပါးမယ်လို့ ဆိုပါတယ်။ ကုန်ကုန်ပြောကြကြေး ဝတ်လဲတော် အသစ်တောင် မချုပ်လုပ်ဘူး။ အဲ သံဃာ တွေအတွက်တော့ ကျောင်းဇရပ်တွေ ဆောက်လုပ်လှူဒါန်းတယ်။ အလှူအတန်းရက်ရောရုံမကဘူး လက်ဖွာတယ်လို့တောင် အဆိုရှိပါတယ်။ သာသနာရေးကို အလွန်အလေးထားတဲ့ မင်းပါပဲ။ ခုထိ ရှိနေတဲ့ ရွှေတိဂုံဘုရားပေါ်က “ပြည်တော်ပြန် ခေါင်းလောင်းကြီး”ဟာ စဥ့်ကူးမင်းရဲ့ ကုသိုလ်ပါ။ စဥ့်ကူးမင်း ခေါင်းလောင်းလို့တောင် ခေါ်ပါတယ်။ ဒါကြောင့် စဥ့်ကူးမင်းလက်ထက်မှာ တိုင်းပြည်သာယာဝပြော ချမ်းသာပါတယ်။ ဒါပေမဲ့ ကျဆုံးချိန်တန်လာတော့လည်း ဘာတတ်နိုင်မှာလဲ။ ဖြစ်ပုံကလည်း ကြည့်ဦး “အရက်”ကိစ္စပါပဲ။ စောစောကပြောသလို လူဝင်လူထွက်စာရင်းဇယားမရှိ တိုင်းပြည်ကို တံခါးဖွင့်ထားတော့ နိုင်ငံခြားသားတွေ ကုန်သွယ်ဖို့ အဝင်အထွက်များလာတယ်။ အဲဒီမှာ လက်ဆောင်ပဏ္ဏာတွေဆက်ကြ တယ်။  အဲဒီထဲမှာ နိုင်ငံခြားဖြစ် အရက်တွေပါတယ်။ ဒါတွေ မြည်းစမ်းရင်း နောက်ပိုင်း အရက်စွဲလာရာမှ တစ်တိုင်းပြည်လုံး အရက်ဆိုင်တွေ မှိုလိုပေါက်အောင် စည်ကားလုပ်စားကြတော့တဲ့အဆင့်ထိ ခွင့်ပြုခဲ့ ပါတယ်။ 

ဘိုးစဉ်ဘောင်ဆက် “အမဲမပေါ်ရ” အမိန့်ကိုဖျက်ပြီး အမဲပေါ်စေတယ်။ သူကိုယ်တိုင်လည်း အရက်နဲ့ အမဲကို စွဲနေခဲ့ပါပြီ။ နောက်ပိုင်း ဘယ်လောက်ထိ အရက်ကြောင်သွားသလဲဆိုတာ ဥပမာပြုလောက်ပါတယ်။ နန်းတော်မှာ ပွဲလမ်းသဘင်တွေ အမြဲလိုလို ကျင်းပဆက်သွင်းကြရတယ်။ အဲဒီမှာ ဇာတ်သမားတွေဟာ ရရာအဝတ်နဲ့ တက်ကကြရတာကို သူ မနှစ်မြို့ဘူး။ ဒီတော့ ဘာလုပ်သလဲ။ ပွဲထဲက ရှင်ဘုရင် အဝတ်အစား ညှိုးနေရင် သူဝတ်တဲ့ ဝတ်လဲတော် ငှားရမ်းပြီး ကစေတယ်။ ဝန်ကြီး၊ မှူးကြီး၊ မတ်ကြီးတွေရဲ့ ဗောင်းတော် တွေ ဝတ်လုံတော်တွေကြည့်မကောင်းရင် ဝန်ကြီး၊ မှူးကြီး၊ မတ်ကြီး အစစ်တွေရဲ့ ပစ္စည်းတွေ ငှားရမ်းစေပြီး ကစေတယ်။ ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် နောက်ပိုင်းမှာ ဘီလူးခေါင်း မျောက်ခေါင်း စတဲ့ မျက်နှာဖုံး ခေါင်းစွပ်တွေကို ကိုယ်တော်တိုင်စွပ်ပြီး ပွဲဝင်ကတဲ့အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဆင်းရဲသားတွေရဲ့ ဘဝကို စာနာလွန်းလို့ မကြာခဏဆိုသလို ဆင်းရဲသားယောင်ဆောင်ပြီး မြို့ပြင်ထွက် လေ့ရှိတယ်။

တစ်ခါတော့ အဲသလိုနန်းပြင်ထွက်သွားလိုက်တာ အကြံဆိုးရှိတဲ့ ဖေါင်းကားစားမောင်မောင်ဆိုသူက စဥ့်ကူးမင်း ယောင်ဆောင်ပြီး မြို့ထဲဝင် ထီးနန်းသိမ်းပိုက်လိုက်တော့ ခံရတော့တာပါပဲ။ မြို့တံခါးကိုလည်း အဝင်အထွက် သိပ်မစစ်ဆေးခဲ့ဘူးကိုး၊ ဒီလိုနဲ့ စဥ့်ကူးမင်း နန်းကျပါတယ်။ တော်သေးတာက ဖေါင်းကားစား မောင်မောင်ဟာ ခုနှစ်ရက်သာ နန်းစံလိုက်ရပြီး ဘိုးတော်ဘုရားက ပြန်လည် နန်းသိမ်းလိုက်လို့သာပေါ့။

ကိုင်း ဒါလောက်ဆို ကျွန်တော့် စာစုခေါင်းစီး ဘာကြောင့် “မာစီဒီးနဲ့ စဥ့်ကူးမင်း” ဖြစ်ရသလဲဆိုတာ ရှင်းလောက်ပါပြီ။ လူဆိုတာ ရိုးသားရပါမယ်။ ရိုးသားတယ်ဆိုရာမှာ သာမန်ပြည်သူလိုပဲနေရမယ် မဆိုပါဘူး။ ဘုရင် ဘုရင်အလျောက်၊ အမှူး အမတ်အမှူးအမတ် အလျောက်၊ ပြည်သူ ပြည်သူအလျောက် ရိုးသားစွာ နေရမယ်လို့ပြောတာပါ။ ချမ်းသာချင်ဟန်ဆောင်တာ မရိုးသားသလို ဆင်းရဲချင်ဟန်ဆောင် တာလည်း မရိုးသားပါဘူး။ ဒါဟာ တစ်နည်းနည်းနဲ့ ဟန်လုပ်နေကြတာပါပဲ။ (တစ်ခုတော့ရှိတယ် ဆင်းရဲသားတွေ အပေါ် ကရုဏာထားတဲ့ စဥ့်ကူးမင်းရဲ့ စိတ်ဓာတ်ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။)

---

#သုမောင်
#မာစီဒီးနဲ့ စဉ့်ကူးမင်း

#shared_by_louis_augustine
#sbla

Comments