လေရူးသုန်သုန် (အခန်း ၁၀) // မြသန်းတင့်

လေရူးသုန်သုန် (အခန်း ၁၀) // မြသန်းတင့်

နောက်တစ်နေ့ နံနက် လက်ဖက်ရည်ပွဲတွင် ဒေါ်လေး ပစ်တီ မျက်ရည်စမ်းစမ်းနှင့် ဖြစ်နေသည်။ မီလာနီက တိတ်ဆိတ်လျက်။ စကားလက် မကျေမနပ် ဖြစ်နေသည်။

“ပြောချင်တာ ပြောကြပစေပေါ့၊ စကားလက် ဂရုမစိုက်ပါဘူး၊ ဆေးရုံ ရန်ပုံငွေ အတွက် ဒိပြင် မိန်းကလေးတွေထက် စကားလက် ငွေ ပိုရှာပေးခဲ့တယ်၊ နိဗ္ဗာန်ဈေး ရောင်းရတဲ့ ငွေထက်တောင် များသေးတယ်”

“ပိုက်ဆံက ဘာ အရေးလဲ စကားလက်ရယ်” ဒေါ်လေး ပစ်တီက ညည်းသည်။ “ဒေါ်လေးဖြင့် ကိုယ့် မျက်စိတောင် ကိုယ် မယုံနိုင်ဘူး၊ ချားလ် ဆုံးပြီးတာ ဘယ်လောက်များ ကြာသေးလို့လဲ၊ ပြီးတော့ တွဲကတဲ့ လူကလည်း တကယ့်လူ၊ ဗိုလ်ကြီး ဘတ်တလာနှင့်တဲ့၊ တကယ့် ကြောက်စရာ လူနှင့်မှ သွားပြီး ကတယ်၊ ချာလက်စတန်က ပြန်လာတဲ့ လူတွေဆီက သူ့အကြောင်း အကုန် ကြားပြီးပြီ၊ မျိုးရိုးကတော့ မဆိုးပါဘူး၊ ဒါပေမယ့် သူတို့ အမျိုးထဲမှာ တကယ့် လူဆိုး၊ ချာလက်စတန်မှာလည်း သူ့ကို ဘယ်သူကမှ အဆက်အဆံ မလုပ်ကြဘူး၊ သိပ်နာမည် ပျက်တာပဲတဲ့၊ ပြီးတော့ မိန်းကလေး တစ်ယောက်ကိုလည်း ဖျက်ဆီးခဲ့ သတဲ့၊ သူ ဆိုးပုံကတော့ ပြောလို့တောင် မကောင်းဘူးတဲ့”

“ဒီလောက်တော့ ဆိုးပုံ မရပါဘူး” မီလာနီက ဝင်ပြောသည်။ “ကြည့်ရတာကတော့ လူကြီး လူကောင်း တစ်ယောက်ပါ၊ ပိတ်ဆို့မှုကိုလည်း သူပဲ သတ္တိကောင်းကောင်းနှင့် ဖောက်ထွက်ခဲ့တာပဲ”

“ဒီလောက်လည်း သတ္တိမကောင်းပါဘူး” စကားလက်က ကန့်လန့်ပြောပြီး မုန့်ယှက်ပေါ်သို့ အချိုရည် ဆမ်းနေသည်။

“သူ ဒီလို ဖောက်ထွက်တာ ပိုက်ဆံ လိုချင်လို့တဲ့၊ ပိုက်ဆံ အတွက် လုပ်တာတဲ့၊ စကားလက်ကို ပြောပြတယ်၊ သီးခြား ပြည်နယ်တို့ ဘာတို့ ဆိုတာလည်း သူ ဂရုမစိုက်ဘူးတဲ့၊ စကားလက်တို့ သီးခြား ပြည်နယ်လည်း ရှုံးမှာပဲတဲ့၊ အက ကတော့ သိပ်ကောင်းတာပဲ”

ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ နှစ်ယောက် တိတ်သွားသည်။

“အိမ်တွင်း အောင်းရတာကို စကားလက် ငြီးငွေ့လာပြီ၊ နောက်ထပ် မအောင့်နိုင်တော့ဘူး၊ မနေ့ညက ကိစ္စကို ဝိုင်းပြောနေကြပြီ ဆိုတော့ စကားလက် အဖို့ သိက္ခာ ပျက်စရာ မကျန်တော့ပါဘူး၊ သူတို့ ပြောချင်ရာ ပြောကြပစေ့ပေါ့”

ဤလို အတွေးမျိုးသည် ရက် ဘတ်တလာ၏ အတွေးဟု မထင်။ သူ့အတွေး သူ့သဘောထားနှင့် တစ်ထပ်တည်း ဖြစ်နေသည်။

“စကားလက် မေမေများ ကြားရင် ဘယ်လို ပြောမလဲ၊ ဒေါ်လေးကိုလည်း ဘယ်လို ထင်မလဲ”

သူ့သမီး အကြောင်း မေမေ ကြားလျှင် မည်သို့ ရှိမည်နည်း။ ထိုအခါကျမှ စကားလက် မေမေ့ကို အမှတ်ရသည်။ သို့ရာတွင် အတ္တလန်တာနှင့် မြိုင်သာယာက နှစ်ဆယ့်ငါးမိုင် ဝေးသည်။ ဒေါ်လေး ပစ်တီကလည်း မေမေ့ကို ပြောမည် မဟုတ်။

ပြောလျှင် မိန်းကလေး တစ်ယောက်ကို မထိန်းနိုင်ရကောင်းလောဟု သူ့အပေါ်ပင် တာဝန်ကျမည်။ ဒေါ်လေး ပစ်တီက မပြောလျှင် မေမေ့ကို မည်သူမျှ ပြောမည့်သူ မရှိ။

“ဒေါ်လေး စိတ်ကတော့ ဦးလေး ဟင်နရီဆီကို စာရေးချင်တယ်၊ တကယ်တော့ သူနှင့်လည်း သိပ် အဆက်အဆံ မလုပ်ချင်ပါဘူး၊ ဒါပေမယ့် ဒေါ်လေးတို့ ဆွေမျိုးထဲမှာ ယောကျ်ား ကြီးကြီးမားမား ဆိုလို့ သူပဲ ရှိတာ၊ ဒီတော့ သူ့ဆီ စာရေးပြီး ဗိုလ်ကြီး ဘတ်တလာကို နောက် ဒီလို မလုပ်ဖို့ အပြောခိုင်းရမလား မသိဘူး၊ ချားလ်သာ ရှိရင် ဒီလို လူမျိုးနှင့် ဘယ်တော့မှ စကားပြောရမှာ မဟုတ်ဘူး”

မီလာနီက လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တင်၍ တိတ်ဆိတ်စွာ ထိုင်နေသည်။ စားပွဲပေါ်က မုန့်ကို တစ်ချပ်မျှ မနှိုက်ရသေး။ မီလာနီက ထလာကာ စကားလက်ကို နောက်မှ သိုင်းဖက်လိုက်သည်။

“စကားလက်ရယ်၊ ဒီလောက်လည်း စိတ်ထိခိုက် မနေပါနှင့်၊ မီလာနီ နားလည်ပါတယ်၊ တကယ်တော့ မနေ့ညက စကားလက် လုပ်လိုက်တာဟာ ရဲရင့်တဲ့ အပြုအမူ တစ်ရပ်ပါ၊ ဒီလို လုပ်လိုက်တဲ့အတွက် ဆေးရုံ ရန်ပုံငွေတွေ အများကြီး တိုးသွားတယ်၊ စကားလက်ကို မကောင်း ပြောကြစမ်းပါစေ၊ မီလာနီ ရှေ့က ရပ်မယ်၊ အပြော မခံဘူး၊ ဒေါ်လေးကလည်း ငိုမနေစမ်းပါနှင့်၊ ဟုတ်သားပဲ၊ ဘယ်မှ မသွားရဘဲ အိမ်ခေါင်းထဲမှာချည်း ဘယ် အောင်းနေနိုင်ပါ့မလဲ၊ ခုမှ ငယ်ငယ်ကလေး ရှိသေးတာ”

မီလာနီက စကားလက်၏ ဆံပင် နက်နက်များကို ပွတ်သပ်ပေးနေသည်။

“ဟုတ်တယ်၊ တစ်ခါတလေတော့ ပျော်ပွဲတို့ ဧည့်ခံပွဲတို့ကို သွားပေးရမယ်၊ စစ်ဖြစ်နေချိန် ဆိုတော့ သာမန် အချိန်မှာလို အိမ်ထဲ ကုပ်မနေနိုင်ဘူး၊ ပြည်နယ် အတွက် တတ်နိုင်တဲ့ ဘက်က ဝိုင်း လုပ်ပေးရမှာပေါ့၊ ကိုယ့်ကိစ္စကြောင့် အိမ်ထဲ ကုပ်နေရင် မီလာနီတို့လောက် ကိုယ်ကျိုးကြည့်တာ ဘယ်မှာ ရှိတော့မလဲ၊ ကိုယ့် ကိစ္စလေးကိုသာ အရေးတကြီး ထားနေသလို ဖြစ်နေမှာပေါ့၊ တချို့ စစ်သား ရဲဘော်တွေ ဆိုရင် သားမယား ဆွေမျိုးနှင့် ခွဲပြီး တစ်ရပ်တစ်ကျေးမှာ လာနေကြရတယ်၊ လည်စရာ အသိ မိတ်ဆွေတောင် မရှိဘူး၊ တချို့ ရဲဘော်တွေ ဆိုရင်လည်း ဆေးရုံပေါ်မှာ ဒဏ်ရာကြီးတွေနှင့် ပက်လက် နေရတယ်၊ ဒီအချိန်မှာ မီလာနီ တို့က ချားလ် ဆုံးတာကို အကြောင်းပြုပြီး ပြည်နယ် ကိစ္စတွေထဲ မပါဘဲ ရှောင်နေရင် ဘယ်တရားမလဲ၊ ဒီပြင် အိမ်တွေမှာ စစ်သား လူနာ နာလန်ထတွေကို ခေါ်ပြီး တင်ထားကြတယ်၊ မီလာနီတို့ အိမ်ကို စစ်သား ရဲဘော် သုံးယောက် ခေါ်ထားမယ်၊ တနင်္ဂနွေနေ့တိုင်း ရဲဘော်တွေကို ဖိတ်ပြီး ညစာတို့ ဘာတို့ ကျွေးတဲ့အခါ ကျွေးမယ်၊ ကဲ၊ စကားလက် စိတ်ရှုပ်မနေနှင့်၊ အကြောင်း သိလာတဲ့ အခါကျတော့ လူတွေကလည်း ပြောတော့မှာ မဟုတ်ပါဘူး၊ ချားလ်ကို စကားလက် ဘယ်လောက် ချစ်တယ် ဆိုတာ မီလာနီတို့ သိတယ်”

စကားလက်က သူ ထင်သလို စိတ်မရှုပ်။ မီလာနီက သူ့ခေါင်းကို ဖွနေသဖြင့် သူ့လက်ထဲမှ ခေါင်းကို ယမ်း၍ ရုန်းထွက်လိုက်ချင်သည်။ မီလာနီက သူ့ဘက်က ရပ်၍ ကာကွယ်မည်ဟု ဆိုသည်။ မီလာနီ ကာကွယ်ပေးသည်ကို သူ မလိုချင်။ ကျေးဇူးတင်ပါသည်။ သို့ရာတွင် သူ့ဘာသာသူ ကာကွယ်နိုင်သည်။ သူ လုပ်ပုံကို ကြောင်အိုမကြီးတွေ သဘော မကျလျှင်လည်း နေပါစေ။ ကိစ္စ မရှိ။ ကြောင်အိုမကြီးတွေ မရှိတော့ ဘာအရေးနည်း။ ကမ္ဘာပေါ်တွင် ယောကျ်ားတွေ တစ်ပုံကြီး။ ဒေါ်လေး ပစ်တီက မျက်ရည်တွေကို သုတ်နေသည်။ ထိုစဉ် ပရဇ္ဇီ ဝင်လာကာ စာတစ်စောင် လာပေးသည်။

“မမ မီလာနီဖို့တဲ့၊ ကပ္ပလီ သူငယ်လေး တစ်ယောက် ပေးသွာတယ်”

“ငါ့ဖို့ ဟုတ်လား”

မီလာနီက စာအိတ်ကို ဖွင့်ဖတ်သည်။ စကားလက်က မုန့်ပွဲကို ဆက်စားနေသဖြင့် မီလာနီကို သတိ မထားမိ။ မီလာနီ၏ ငိုသံကို ကြား၍ မော့ကြည့်လိုက်သည်။ ဒေါ်လေး ပစ်တီက သူ့ရင်ကို ဖိထားသည်။

“အက်ရှလေ ကျသွားပြီတဲ့”

ဒေါ်လေး ပစ်တီက ငို၍ ပြောသည်။ သူ့လက် နှစ်ဖက်သည် အရုပ်ကြိုးပြတ်သည့်နှယ် တွဲလောင်း ကျနေသည်။

“ဘုရား ဘုရား”

စကားလက် တစ်ကိုယ်လုံး ရေခဲတုံးကြီးပမာ အေးစက်သွားသည်။

“မဟုတ်ပါဘူး ဒေါ်လေး၊ ဘယ်က ဟုတ်ရမှာလဲ” မီလာနီက အော်သည်။ “ဟဲ့ ပရဇ္ဇီ၊ လာစမ်းပါ၊ မြန်မြန် မြန်မြန်၊ ဒေါ်လေး ဒေါ်လေး သတိရတယ် နော်၊ အသက် မှန်မှန်ရှူ၊ မဟုတ်ပါဘူး ဒေါ်လေးရဲ့၊ မီလာနီ ဝမ်းသာလွန်းလို့ ငိုတာပါ၊ ဒေါ်လေးကလည်း ရမ်းသန်းပြီး လန့်နေတာပဲ”

မီလာနီက ဆုပ်ထားသည့် လက်ထဲမှ အရာတစ်ခုကို နှုတ်ခမ်းသို့ ကပ်လိုက်သည်။ စကားလက် လှမ်းကြည့်လိုက်သည်။

ရွှေလက်စွပ်ကလေး တစ်ကွင်း။

“ဖတ်ကြည့်လေ စကားလက်၊ သိပ်သိတတ်တဲ့ လူ၊ ကိုယ်ချင်းစာတတ်တဲ့လူ”

မီလာနီက စာကို ထိုးပေးသည်။ ပီသ ဝိုင်းစက်သော လက်ရေးများဖြင့် ရေးထားသည့် စာကို စကားလက် ဖတ်ကြည့်သည်။

“သီးခြား ပြည်နယ်သည် ပြည်နယ် အမျိုးသားများ၏ အသက်သွေးကို လိုကောင်း လိုပါလိမ့်မည်။ သို့ရာတွင် အမျိုးသမီးများ၏ နှလုံးသွေးကို မလိုသေးပါ။ သင်၏ ရဲစွမ်းသတ္တိကို လေးစားသည့် အထိမ်းအမှတ် အဖြစ် ဤအမှတ်တရ

ပစ္စည်းကို လက်ခံစေလိုပါသည်။ ဤသို့ ပေးသည့် အတွက် သင်၏ စွန့်လွှတ်မှုသည် အချည်းနှီးဟု မမှတ်စေလိုပါ။ ဤလက်စွပ်ကို တန်ဖိုးထက် ဆယ်ဆ ပေး၍ ရွေးယူခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ကြီး ဘတ်တလာ”

မီလာနီက လက်စွပ်ကို ဝတ်လိုက်ပြီး အမြတ်တနိုး ကြည့်နေသည်။

“ဒီလူဟာ လူကြီး လူကောင်းပါလို့ မီလာနီ မပြောဘူးလား” မီလာနီက ဒေါ်လေး ပစ်တီ ဘက်သို့ လှည့်၍ ပြောလိုက်သည်။ သူ့အပြုံးသည် မျက်ရည်များ ကြားမှ ဝင်းပနေသည်။ “လက်ထပ် လက်စွပ်ကို လှူရတာ ဘယ်လောက် စိတ်ထိခိုက်သလဲ ဆိုတာ ကိုယ်ချင်းစာ တတ်တဲ့ လူကြီး လူကောင်းမို့လို့ နားလည်နိုင်တာပေါ့၊ ကိစ္စ မရှိဘူးလေ၊ မီလာနီရဲ့ ရွှေဆွဲကြိုးကို ပြန်လှူလိုက်မယ်၊ ဒေါ်လေး သူ့ဆီကို စာရေးပြီး တနင်္ဂနွေနေ့ညမှာ ထမင်းလာစားဖို့ ဖိတ်ပေးပါနော်”

ဗိုလ်ကြီး ဘတ်တလာသည် စကားလက်၏ လက်ထပ် လက်စွပ်ကို ပြန်ရွေးပေးခြင်း မပြု။ ဤသည်ကိုမူ ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ သတိထားမိ ကြဟန် မတူ။ သို့ရာတွင် စကားလက် သတိထားမိသည်။ မီလာနီ၏ လက်ထပ် လက်စွပ်ကို ပြန်ရွေးပေးခြင်းမှာ ဗိုလ်ကြီး ဘတ်တလာ ကိုယ်ချင်းစာတတ်၍ မဟုတ်။ လူကြီး လူကောင်း ပီသခြင်းကြောင့်လည်း မဟုတ်။

ဒေါ်လေး ပစ်တီ၏ အိမ်မှ ထမင်းစား ဖိတ်စေချင်သောကြောင့် ဖြစ်သည်။ ဤသို့ လုပ်လျှင် ထမင်းစား ဖိတ်လိမ့်မည် ကိုလည်း ရက် ဘတ်တလာ တွက်ပြီးသား ဖြစ်သည်။

ထို့ကြောင့် သူ့လက်စွပ်ကို ရွေးမပေးဘဲ မီလာနီ လက်စွပ်ကို ရွေးပေးခြင်း ဖြစ်သည်ကို စကားလက် သိလိုက်သည်။

“သမီး လုပ်ပုံတွေကို ကြားတော့ မေမေ တော်တော် စိတ်မကောင်း ဖြစ်ရတယ်” မေမေ၏ စာက ဤသို့ အစ ချီထားသည်။

စားပွဲတွင် စာထိုင်ဖတ်နေသည့် စကားလက်က မျက်မှောင်ကုတ်သည်။ မကောင်း သတင်း ဆိုသည်မှာ ပြန့်လွယ်သည်။

တောင်ပိုင်းသားများ အနက် အတ္တလန်တာက လူများသည် သူများတကာထက် ထူး၍ အတင်း ပြောတတ်သည်၊ သူများ ကိစ္စကို စပ်စုတတ်သည်ဟု စကားလက် ကြားခဲ့ဖူးသည်။ ယခု စကားလက် ယုံသည်။ နိဗ္ဗာန်ဈေးက တနင်္လာနေ့ညက ခင်းသည်။

ကြာသပတေးနေ့ ရှိသေးသည်။ မည်သည့် ကြောင်အိုမကြီးကများ မေမေ့ထံ သွား၍ စာရေးလိုက်သနည်း။ ရုတ်တရက်သော် ဒေါ်လေး ပစ်တီပင် ဖြစ်သည်ဟု ထင်လိုက်သည်။ သို့ရာတွင် မဖြစ်နိုင်။ ဒေါ်လေး ပစ်တီသည် သူ အပြစ်တင်ခံရမည်ကို စိုးရိမ်နေပြီ။ သူ မဖြစ်နိုင်။ ဧကန္တ မစ္စက် မယ်ရီဝယ်သာ ဖြစ်ရမည်။

“သမီးဟာ မိကောင်းဖခင် သားသမီး ဖြစ်တယ်ဆိုတာ မေ့သွားပြီ ထင်တယ်၊ မေမေတော့ ယုံတောင် မယုံနိုင်ဘူး၊ မုဆိုးမ ဖြစ်တာ မကြာသေးဘူး ဒီလို လုပ်တယ် ဆိုတော့ သမီးပဲ စဉ်းစားကြည့်ပေါ့၊ ဆေးရုံ ရန်ပုံငွေ အတွက် စေတနာ ထက်သန်လို့ ဒီလိုလုပ်တာပဲလို့ မေမေ ယူဆတယ်၊ ဒါပေမယ့် သမီး တွဲကတဲ့ လူကလည်း ဗိုလ်ကြီး ဘတ်တလာ ဆိုတော့ သမီး လုပ်ပုံကို စဉ်းစားကြည့်ဦး၊ သူ့ အကြောင်းက မကြားချင် အဆုံး လူတိုင်း သိနေကြတယ်၊ ဒီလူဟာ နာမည် သိပ်ပျက်တဲ့ လူ၊ ချာလက်စတန်က ဆိုရင် တစ်မြို့လုံးက အပေါင်းအသင်း မလုပ်ကြဘူး၊ သူ့ကို ဆက်ဆံတဲ့ လူဆိုလို့ သူ့အတွက် စိတ်သောက ဖြစ်နေရတဲ့ သူ့ အမေကြီး တစ်ယောက်ပဲ ရှိတယ်၊ အရင်အပတ် စာထဲမှာ သူ့အကြောင်းကို ပေါ်လင်းက မေမေ့ဆီ ရေးလိုက်သေးတယ်၊ ဒီလူဟာ အကျင့် စာရိတ္တ နည်းနည်းလေးမှ မကောင်းဘူး၊ သမီးလို မလိမ္မာအရွယ် ကလေးကို လူ ပြောစရာ ဖြစ်အောင် လုပ်မှာ မေမေ စိုးရိမ်တယ်၊ ဒီလိုသာ ဖြစ်ရင်တော့ မေမေ အရှက်ကွဲရတော့မှာပဲ၊ ဒေါ်လေး ပစ်တီကလည်း ဒီလောက်မှ ကြည့် မထိန်းနိုင်ဘူး တဲ့လား”

စကားလက်က မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဒေါ်လေး ပစ်တီကို လှမ်းကြည့်လိုက်သည်။ ဒေါ်လေး ပစ်တီက မေမေ့ လက်ရေးကို မှတ်မိသည်။ သူ့ ပူဖောင်းဖောင်း ပါးများသည် တုန်နေကြသည်။ အမေ ရိုက်မည်ကို ကြောက်သဖြင့် ငိုတော့မည့် ကလေးကြီးလို ဖြစ်နေသည်။

“သမီးဟာ မေမေ ဆုံးမ သွန်သင် ခဲ့သမျှကို ဒီလောက် မြန်မြန်ဆန်ဆန် မေ့တယ် ဆိုတော့ မေမေ ဝမ်းနည်းလို့ မဆုံးဘူး၊ ဖေဖေက ဘာပြောမလဲ မသိသေးဘူး၊ သမီး ဖေဖေလည်း ဗိုလ်ကြီး ဘတ်တလာနှင့် တွေ့ပြီး စကား ပြောဖို့ သောကြာနေ့လောက်မှာ အတ္တလန်တာကို လာလိမ့်မယ်၊ ပြန်ခေါ်မယ် ဆိုရင်တော့ သမီး သူနှင့်အတူ လိုက်လာခဲ့ဖို့ပဲ၊ သမီး ဖေဖေကတော့ တော်တော် စိတ်ဆိုးနေတယ်၊ မေမေ ပြောပေမယ့် မရဘူး၊ ဒီလောက် ရဲတင်းတဲ့ အလုပ်မျိုးကို လုပ်တာဟာ သမီးက ငယ်ပြီး ရှေ့ရေး နောက်ရေးကို မစဉ်းစား တတ်လို့ပဲလို့ မေမေ ယူဆတယ်၊ ပြည်နယ် အရေးတော်ပုံကို မေမေလည်း ယုံပါတယ်၊ တတ်နိုင်သမျှလည်း ထောက်ခံပါတယ်၊ မေမေ့လောက် စိတ်အား ထက်သန်တဲ့လူ တော်တော် ရှားလိမ့်မယ်လို့တောင် မေမေ ထင်တယ်၊ မေမေ့ သမီးတွေလည်း မေမေ့လိုပဲ အရေးတော်ပုံကြီးကို ယုံကြည်စေချင်တယ်၊ ဒါပေမယ့် ကိုယ့် ဆွေမျိုးဂုဏ်ကိုတောင် မထောက်ဘဲ”

မေမေ့ စာက သူ့ကို မြည်တွန် တောက်တီး ထားသည်။ စကားလက် ဆက်မဖတ်တော့။ စကားလက်သည် သူ့အပြုအမူ အတွက် ပထမဆုံး အကြိမ် ထိတ်လန့်ခြင်း ဖြစ်မိသည်။ ပမာမခန့် မပြုရဲတော့။ အာမခံရဲတော့။ ဆယ်နှစ်သမီးလောက်တုန်းက ဆွီလင်ကို ထောပတ်တွေ သုတ်ထားသည့် မုန့်ဖြင့် ပေါက်ခဲ့စဉ်ကလို ကိုယ့်အပြစ်ကို မလုံမလဲ ဖြစ်နေသည်။ နူးညံ့ သိမ်မွေ့သည့် မေမေကပင် ဤမျှ ပြင်းပြင်းထန်ထန် ရေးပြီး ဖေဖေ ကိုယ်တိုင် အတ္တလန်တာသို့ ရောက်လာပြီး ဗိုလ်ကြီး ဘတ်တလာနှင့် စကားပြောဦးမည် ဆိုလျှင် မည်သို့ ဖြစ်ကုန်မည်နည်း။ စကားလက် မတွေးရဲ။ သူ င်္ဂြိုဟ်မွှေသဖြင့် ပြဿနာတွေ ရှုပ်ကုန်ပြီ။

ဖေဖေ ရောက်လာလျှင် မသက်သာ။ ဖေဖေ့ ပေါင်ပေါ် တက်ထိုင်၍ မရိုက်အောင်၊ မဆူအောင် တီတီတာတာ ချွဲ၍ ရသည့် အရွယ်လည်း မဟုတ်တော့။

“ဘာထူးသလဲ၊ သတင်းကောင်းလား၊ သတင်းဆိုးလား”

ဒေါ်လေး ပစ်တီက တုန်တုန်ယင်ယင်ဖြင့် မေးသည်။

“မနက်ဖြန်ကျရင် ဖေဖေ လိုက်လာမယ် တဲ့၊ စကားလက်ကိုတော့ ဆူတော့မှာပဲ”

စကားလက်က ခပ်အင်အင် ပြောလိုက်သည်။

“ပရဇ္ဇီရေ၊ ငါ့ရှူဆေးဘူး ယူခဲ့စမ်း၊ မူးလိုက်တာ ရိပ်ရိပ် ရိပ်ရိပ်နှင့်”

ဒေါ်လေး ပစ်တီက တုန်တုန်ယင်ယင်ဖြင့် ကုလားထိုင်ကို နောက်သို့ တွန်း၍ ထလိုက်သည်။ ညစာကိုပင် မစားနိုင်တော့။

“ဒေါ်လေးရဲ့ အိတ်ကပ်ထဲမှာ မဟုတ်လား”

စကားလက် နောက်တွင် ရပ်နေသည့် ပရဇ္ဇီက ပြောလိုက်သည်။ ပရဇ္ဇီသည် ကြားရသည့် သတင်းကို စိတ်ဝင်စားနေသည်။ သူ့သခင် မစ္စတာ ဂျရယ် အိုဟာရာ ဒေါသ ထွက်ပြီ ဆိုလျှင် ကြည့်၍ ကောင်းသည်။ ဒေါ်လေး ပစ်တီက အိတ်ကပ်ထဲက ရှူဆေးဘူးကို ယူ၍ ရှူနေသည်။

“ဖေဖေ လာရင် ဒေါ်လေးရော မီလာနီရော စကားလက် အနားမှာပဲ နေကြနော်၊ ဖေဖေက ဒေါ်လေးတို့ နှစ်ယောက်ကို သိပ်ခင်တယ်၊ ဒေါ်လေးတို့ ရှိရင် စကားလက်ကို သိပ်ဆူမှာ မဟုတ်ဘူး”

“အမယ်လေးတော်၊ မလုပ်ပါနှင့်” ဒေါ်လေး ပစ်တီက ထလိုက်သည်။ “ကျုပ် သိပ်နေမကောင်းချင်ဘူး၊ မနက်ဖြန်ကျရင် တစ်နေ့လုံး အခန်းထဲက မထွက်တော့ဘူး၊ ညည်းသာ ကြည့်ပြောလိုက်ပေတော့” “ဒါကတော့ ဒေါ်လေးက ကိုယ်လွတ်ရုန်းတာပဲ”

စကားလက်က အော်သည်။ မီလာနီကမူ သူနေမည်ဟု ဆိုသည်။ သို့ရာတွင် သူလည်း ဒေါသကြီးသည့် မစ္စတာ ဂျရယ် အိုဟာရာကို ခပ်လန့်လန့်။

“မီလာနီ နေပါ့မယ်၊ ဆေးရုံ ရန်ပုံငွေ အတွက် ဆိုတာ မီလာနီလည်း ရှင်းပြပါ့မယ်၊ ဦးကလည်း နားလည်မှာပါ”

“အမယ်လေး၊ မထင်နှင့်” စကားလက်က ပြောသည်။ “စကားလက် သေချင်တယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်ပြီး မြိုင်သာယာကို ပြန်ရမှာ၊ စကားလက် သေချင်တယ်”

“အို ဘာဖြစ်လို့ မြိုင်သာယာကို ပြန်ရမှာလဲ၊ မပြန်ရဘူး” ဒေါ်လေး ပစ်တီက မျက်ရည်စမ်းစမ်းဖြင့် ပြောသည်။

“ညည်း ပြန်ရင် ဟင်နရီနှင့် အတူတူ မနေနိုင်ဘူး၊ ကျုပ်နှင့် မီလာနီ နှစ်ယောက်တည်းလည်း မနေရဲဘူး၊ မြို့ထဲမှာ လူပေါင်းစုံ ရောက်နေတဲ့ ကာလကြီး၊ ညည်းက သတ္တိကောင်းလို့ ကျုပ်တို့ နေရဲတာ၊ ညည်း ရှိလို့ နေရဲတာ”

“အို ဦးကလည်း ပြန်ခေါ်မှာ မဟုတ်ပါဘူး၊ ဒီအိမ်က စကားလက်လည်း ဆိုင်နေပြီပဲ၊ စကားလက် မရှိဘဲ မီလာနီတို့ ဘယ်လိုလုပ် နေမှာလဲ”

“အင်း ငါ သူတို့အပေါ် ဘယ်လို သဘောထားသလဲ ဆိုတာ သိရင် ငါ မြန်မြန် သွားပါစေလို့ ဆုတောင်းမှာ” ဟု စကားလက် တွေးမိသည်။ ဖေဖေ ရောက်လာလျှင် မီလာနီ အစား တစ်ယောက်ယောက် ရှိပါက မည်မျှ ကောင်းမည်နည်းဟုလည်း တွေးမိသည်။ သူ မနှစ်မြို့သည့် မီလာနီက သူ့အတွက် ကာကွယ်ပေးမည် ဆိုသည်မှာ စိတ်ပျက်စရာ ကောင်းသည်။

“ဗိုလ်ကြီး ဘတ်တလာကို ထမင်းစား ဖိတ်ထားတာ ဖျက်လိုက်ရရင် မကောင်းဘူးလား”

ဒေါ်လေး ပစ်တီက မေးသည်။

“အို ဖြစ်မလား ဒေါ်လေးရဲ့၊ သိပ်ရိုင်းရာ ရောက်သွားမှာပေါ့”

“ငါ့ကို အိပ်ရာပေါ် ရောက်အောင် ပို့ပေးကြစမ်းပါ၊ ငါ နေမကောင်း ဖြစ်ချင်လာပြီ၊ စကားလက် ဂြိုဟ်မွှေတာ၊ ငါ့ခေါင်းပေါ် တာဝန်ကျတော့မှာပဲ”

နောက်တစ်နေ့ည ဖေဖေ ရောက်လာသည့် အခါတွင် ဒေါ်လေး ပစ်တီသည် အခန်းထဲက မထွက်တော့။ နေထိုင် မကောင်း ဖြစ်နေသည်။ ဒေါ်လေး ပစ်တီက အောက်ထပ်သို့ မဆင်းနိုင်သဖြင့် ခွင့်လွှတ်ရန် အပြောခိုင်းသည်။ ထိုနေ့ည ထမင်းစားပွဲတွင် စကားလက်နှင့် မီလာနီတို့ နှစ်ယောက်ကို ဖေဖေနှင့် ဆိုင်ပေးပစ်ခဲ့သည်။ ဖေဖေက စကားလက်ကို နမ်း၍ နှုတ်ဆက်သည်။ မီလာနီကိုလည်း ချစ်ချစ်ခင်ခင် ဆက်ဆံသည်။ သို့ရာတွင် စကား တစ်လုံးမျှ မပြော။ နှစ်ယောက်သား လန့်နေကြပြီ။ ဖေဖေက စကား တစ်လုံးမျှ မပြောဘဲ နေလေလေ အနေရ ခက်လေလေ၊ ဆဲဆို ကြိမ်းမောင်းလိုက်သည်ကမှ တော်ဦးမည်။ မီလာနီသည် သူ့ကတိ အတိုင်း စကားလက် အနားမှာ တစ်ဖဝါးမျှ မခွာ။ ကပ်လိုက်နေသည် ဖေဖေကလည်း စကားလက်ကို မီလာနီ ရှေ့တွင် ကြိမ်းမောင်း ဆူပူခြင်း မပြု။ ဤတစ်ချီတွင်မူ မီလာနီ လုပ်ပုံက ပိရိသည်။ ဘာမျှ မသိဟန်ဆောင်ကာ သေသေသပ်သပ် လုပ်သွားသဖြင့် စကားလက်ပင် အံ့သြရသေးသည်။ ညစာ စားပွဲတွင် မီလာနီသည် ဖေဖေ့ကို စကားတွေ ဖောင်လောက်အောင် ပြောကာ ထိန်းထားသည်။

“တောမှာ ဘာတွေ ထူးသလဲ ဦး၊ အင်ဒီယာတို့ ဟန်နီတို့များ နေနိုင်လိုက်တာ၊ စာလေး တစ်စောင်လောက်တောင် ပေးဖော် မရဘူး၊ ဦးကတော့ အဲဒီနား တစ်ဝိုက်က အကြောင်းတွေ အကုန် သိမှာပဲနော်၊ ဖွန်တိန်တို့ မင်္ဂလာဆောင်ကော တော်တော် စည်ရဲ့လား ဦး”

ဖေဖေက သူ့ကို မြှောက်ပြောသဖြင့် ကျေနပ်သွားသည်။ ဖွန်တိန်တို့ မင်္ဂလာဆောင်က လူသိပ်မစည်၊ သူတို့ မင်္ဂလာဆောင်များလို မဟုတ်ဟု ပြောပြသည်။ ဂျိုးဖွန်တိန်က ခွင့်မရသဖြင့် စည်စည်ကားကား မလုပ်နိုင်။ သတို့သမီး ဆယ်လီမွန်ရိုးက လှသည်။ ထိုနေ့က သတို့သမီး အဝတ်အစားကို သူ မမှတ်မိ။ သို့ရာတွင် မင်္ဂလာဦးခရီး မထွက်ဖြစ်ဟု ကြားရသည်။

“ဟင် မင်္ဂလာဦး ခရီး မထွက်ဖြစ်ဘူး ဟုတ်လား”

“ဒါပေါ့ ထွက်ချိန်မှ မရဘဲ”

ဖေဖေက ပြောရင်း ရယ်သည်။ ဤစကားမျိုးကို မိန်းကလေးတွေ ရှေ့တွင် မပြောကောင်းဟု သတိရသွားသည်။

ဖေဖေ့ ရယ်သံကို ကြားရသဖြင့် စကားလက် အားတက်သွားသည်။ မီလာနီ၏ ပရိယာယ်ကိုလည်း ချီးကျူးမိသည်။

“နောက်တစ်နေ့မှာ ဂျိုးက ရှေ့တန်းကို ပြန်သွားရတယ်လေ၊ ဘယ်မှ သွားချိန်မရဘူး၊ စတူးဝပ်နှင့် ဘရင့် အမြွှာ ညီအစ်ကိုကတော့ ခွင့်နှင့် အိမ်ပြန်ရောက် နေကြလေရဲ့”

“ဟုတ်ကဲ့၊ မီလာနီတို့လည်း ကြားပါတယ်၊ ခုကော သူတို့ ဒဏ်ရာ ဘယ့်နှယ် နေပါသေးသလဲ”

“ဒဏ်ရာက သိပ်မကြီးပါဘူး၊ စတူးဝပ်က ဒူးမှာ ဒဏ်ရာရတယ်၊ ဘရင့်က ပခုံး ရှပ်မှန်သွားတယ်၊ သူတို့ သူရ သတ္တိ အတွက် ပြန်တမ်းထဲမှာ ဂုဏ်ပြုထားတာ မင်းတို့လည်း တွေ့မှာပေါ့”

“ဟင့်အင်း၊ မတွေ့သေးပါဘူး ဦး”

“ဒီကောင်တွေက ရမ်းတယ်၊ အိုင်းရစ်သွေး ပါပုံရတယ်” ဖေဖေက ကျေနပ်နေသည်။ “ဘယ်လိုမှန်းတော့ မသိဘူး၊ ဘရင့်ကတော့ ဗိုလ်ဖြစ်နေပြီ”

သူတို့ စွန့်စားခန်းများကို ကြားရသည့် အတွက် စကားလက် ကျေနပ်သွားသည်။ စကားလက်သည် အဆက်ဟောင်း တစ်ယောက်ကို မည်သည့် အခါမျှ မမေ့။ သူ့အဆက် ဖြစ်ဖူးလျှင် သူလည်း ဆိုင်သည်ဟု ယုံကြည်နေသည်။ သူ့အဆက်ဟောင်း အတွက် ဂုဏ်ယူသည်။

“အေး သတင်းထူး တစ်ခုတော့ ပြောလိုက်ရဦးမယ်” ဖေဖေက ပြောသည်။ “စတူးဝပ်က ဝက်သစ်ချမြိုင်က တစ်ယောက်ယောက်ကို ချိတ်နေသတဲ့” “ဘယ်သူ့ကိုလဲ၊ ဟန်နီကိုလား၊ အင်ဒီယာကိုလား”

မီလာနီက စိတ်အား ထက်သန်စွာ မေးသည်။ စကားလက်က စိတ်တိုနေသည်။

“အင်ဒီယာကို ဖြစ်မှာပေါ့၊ ဟောဒီ ကောင်မလေးနှင့် တွဲနေကတည်းက အင်ဒီယာက စတူးဝပ်ကို သဘောကျနေတာ မဟုတ်လား”

“အို ဦးကလည်း”

မီလာနီက ဖေဖေ ပွင့်ပွင့်လင်းလင်း ပြောတတ်ပုံကို ကြည့်၍ ရှက်နေသည်။

“ပြီးတော့ အငယ်ကောင် ဘရင့်ကလည်း မြိုင်သာယာကို လာရစ်နေပြန်ပြီ”

စကားလက် စကား မပြောနိုင်တော့။ သူ့အဆက်များက သူ့ကို စာရင်းထဲ မထည့်ကြတော့သည်ကို တွေ့ရသောအခါ ခံပြင်းသည်။ ချားလ်ကို လက်ထပ်တော့မည် ပြောစဉ်က သူတို့ ညီအစ်ကို ဖြစ်နေပုံများကို အမှတ်ရသည်။ စတူးဝပ်ကမူ ချားလ်ကိုရော၊ စကားလက်ကိုရော၊ သူ့ကိုယ်သူရော ပစ်သတ်မည်ဟု ပြောခဲ့သည်။ ထိုစဉ်က စိုးရိမ်လိုက်ရသည့် ဖြစ်ခြင်း။

“ဘယ်သူ့ကိုလဲ၊ ဆွီလင်ကိုလား” မီလာနီက ပြန်၍ မေးလိုက်သည်။ “မီလာနီကတော့ ဖရင့် ကင်နဒီလို့ ထင်တယ်”

“သူလား၊ လူလေးက ပျော့ပျော့ကလေး၊ မိန်းမလျာလေးလိုပဲ၊ ကိုယ့်အရိပ် ကိုယ်တောင် လန့်နေတာ၊ ခုထိတော့ ဘာမှ ဖွင့်မပြောသေးဘူး၊ သူက မပြောရင်တော့ မေးရမှာပဲ”

“ကာရင်းကကော”

“ကာရင်းက ငယ်ပါသေးတယ်၊ ကလေးပဲ ရှိသေးတာ”

စကားလက်က ဝင်ပြောလိုက်သည်။

“အမယ်လေး မငယ်ပါဘူး၊ သမီး လက်ထပ်တုန်းက သူ့ထက် တစ်နှစ်တည်း ကြီးတာပဲ၊ ဘာလဲ အဆက်ဟောင်းနှင့်မို့ မနာလိုဘူးလား”

မီလာနီက ဖေဖေ့ စကားကြောင့် မျက်နှာ နီရဲသွားသည်။ သမီးနှင့် အဖေ ဤမျှ ပွင့်ပွင့်လင်းလင်း ပြောကြသည်ကို မီလာနီ တစ်ခါမျှ မကြားစဖူး။ မီလာနီက အားလူးမုန့် ယူလာရန် ဦးလေး ပီတာကို အချက်ပြလိုက်သည်။ စိတ်ထဲကလည်း ဖေဖေ့အား ကိုယ်ရေး ကိုယ်တာ ကိစ္စ၊ မိသားစု ကိစ္စများကို မပြောတော့ဘဲ တခြား ကိစ္စများသို့ စကားလမ်းကြောင်း ပြောင်းရန် စဉ်းစားနေသည်။ သို့မှသာ လာရင်းကိစ္စကို တခြားသို့ လမ်းလွှဲပေးနိုင်လိမ့်မည်။ ဖေဖေက နားထောင်မည့်သူ ရှိလျှင် အလွန် စကားပြောသည်။ စကား ပြောရမည်ဆိုလျှင် တော်တော့် ကိစ္စကို သတိမရတော့။ သို့ဖြင့် ဖေဖေသည် တပ်ထောက်ချုပ်ရုံးတွင် ပစ္စည်းတွေ အပျောက်အရှ များကြောင်း၊ ခိုးမှုများသဖြင့် တပ်ထောက် ဌာနကို ယခင်ကထက် ငွေပိုသုံးနေရကြောင်း၊ ယန်ကီတို့ ဘက်မှ အိုင်းရစ် လူမျိုးတွေ ဝင်တိုက်ပေးသဖြင့် အိုင်းရစ် လူမျိုး အစား ရှက်မိကြောင်း စသည်တို့ကို ပြောနေသည်။ စားပွဲသို့ အရက်ချိုပုလင်း ချသည့် အခါတွင် မိန်းကလေး နှစ်ယောက်သည် ထိုင်ရာမှ ထလိုက်ကြသည်။ ဖေဖေက မျက်မှောင်ကြီး ကုတ်ထားရာမှ စကားလက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စကား ပြောစရာ ရှိသဖြင့် ခဏလောက် နေခဲ့ရန် အမိန့်ပေးသည်။ စကားလက်က အားကိုးတကြီးဖြင့် မီလာနီကို လှမ်းကြည့်လိုက်သည်။ သို့ရာတွင် မီလာနီလည်း ဘာမျှ မတတ်နိုင်။ လက်ထဲက လက်ကိုင်ပဝါကို လုံးချေကာ အသာ ထွက်လာခဲ့ရသည်။ ဆွဲတံခါးကို အသံ မမြည်အောင် စေ့ပစ်ခဲ့သည်။

“ကဲ ဆိုစမ်းပါဦး၊ ဘာပြောချင်သေး သလဲ၊ လုပ်ပုံက နည်းနည်းမှ မဟုတ်ဘူး၊ မုဆိုးမ ဖြစ်တာဖြင့် ဘာမှ မကြာသေးဘူး၊ ခု နောက်လင် ထောင်နေပြန်ပြီ”

“တိုးတိုး ဖေဖေ တိုးတိုး၊ အစေခံတွေ”

“အမယ်လေး၊ ကြားတော့ ဘာဖြစ်သလဲ၊ အားလုံး သိပြီးသား၊ ဟိုးလေး တကျော်ကျော် ဖြစ်နေပြီ၊ တော်တော် တော်တဲ့ သမီး၊ မိဘ မျက်နှာ အိုးမဲ သုတ်တယ်၊ မအေလည်း သူ့စိတ်ကြောင့် အိပ်ရာထဲ လဲရပြီ၊ ငါ့ကိုလည်း ခေါင်း မဖော်ရဲအောင် လုပ်တယ်၊ ထွီ၊ သိပ် ရှက်စရာ ကောင်းတာပဲ၊ ဒီတစ်ခါတော့ ငါ့ကို မျက်ရည်ခံ မထိုးနှင့်၊ ဒါပဲ”

ဖေဖေက ဒေါသတကြီး ပြောနေသည်။ အသံက တုန်နေသည်။ စကားလက် မျက်ရည်တွေ ဝဲလာကာ ငိုချင်လာသည်။

“နင့်အကြောင်းကို ငါ သိတယ်၊ လင်သေတာဖြင့် မကြာသေးဘူး၊ မဟုတ်က ဟုတ်က သတင်း ကြားရပြီ၊ ငိုမနေနှင့်၊ ဒီနေ့ စကား ပြောချိန် မရဘူး၊ ဗိုလ်ကြီး ဘတ်တလာ ဆိုတဲ့ ကောင်ဆီကို သွားရဦးမယ်၊ ငါ့သမီးရဲ့ ဂုဏ်သိက္ခာကို ဖျက်တဲ့ကောင်၊ မနက်ကျမှ ထပ်ပြောမယ်၊ အလကားပဲ၊ ဘာမှ အသုံး မကျဘူး၊ မနက်ဖြန် မြိုင်သာယာကို ပြန်လိုက်ရမယ်၊ အဆင်သင့် ပြင်ထား၊ ဒီမှာ ကြာကြာထားရင် ဒီထက်ပိုပြီး အရှက်ကွဲမှာ၊ ငိုမနေနှင့်၊ နင်ဟာ ငါ့ကို တော်တော် ဒုက္ခ ပေးတယ်၊ အိမ်မှာ ကိစ္စ များရတဲ့အထဲ သူ့ကိစ္စကြောင့် ဒီအထိ လိုက်လာရတယ်၊ တော်ပြီ၊ တော်ပြီ၊ ငိုမနေနှင့်”

မီလာနီနှင့် ဒေါ်လေး ပစ်တီက အစောကြီး အိပ်ပျော်နေပြီ။ ပူနွေးသည့် အမှောင်ထုထဲတွင် စကားလက် အိပ်မပျော်နိုင်။

ရင်ထဲက လေးနေသည်။ ယခုမှ အတ္တလန်တာတွင် ပျော်ပျော်ပါးပါး နေရမည် ကြံကာ ရှိသေး မြိုင်သာယာကို ပြန်ရတော့မည်။

မေမေ့ကို မျက်နှာ ပြရတော့မည်။ ခေါင်းအုံးပေါ်တွင် မျက်နှာအပ်၍ စကားလက် လူးလှိမ့်နေမိသည်။ ထိုစဉ် တိတ်ဆိတ်သော လမ်းမဘက်ဆီမှ အသံ တစ်သံကို ကြားရသည်။ သဲကွဲခြင်း မရှိသော်လည်း သူ ကြားနေကျ အသံ။ စကားလက်သည် အိပ်ရာမှ ထလာကာ ပြတင်းဝတွင် ရပ်သည်။ အဝင်လမ်းမသည် သစ်ပင်အုပ်များ အောက်တွင် မှောင်နေသည်။ ကောင်းကင်တွင် ကြယ်တို့က ခပ်မှိန်မှိန် လက်နေကြ၏။ အသံက တဖြည်းဖြည်း နီးလာသည်။ ရထားဘီးသံများနှင့် တဖြောက်ဖြောက် မြည်သော မြင်းခွာသံများ ဖြစ်သည်။ စကားပြောသံများကိုလည်း ကြားရသည်။ စကားလက် ရုတ်တရက် ပြုံးလိုက်မိသည်။ အသံသြသြ မူးမူးနှင့် သီချင်း ဆိုလာသည့် ဖေဖေ့ အသံကို ကြားရသည်။ ထုံးစံအတိုင်း ဖေဖေ မူးလာပြီ။

အမိုးပက်လက် ဘာဂီ ရထားသည် အိမ်ရှေ့ ဆင်ဝင်တွင် ရပ်လိုက်သည်။ ရထားပေါ်မှ ဆင်းလာသည့် မည်းမည်းသဏ္ဌာန်များကို မြင်ရ၏။ ဖေဖေ တစ်ယောက်တည်း မဟုတ်။ အဖော် တစ်ယောက် ပါလာသည်။ တံခါးဖွင့်သံနှင့် ဖေဖေ့ အသံကို ကြားရသည်။ “ခု ရောဘတ်အင်မက် သီချင်း ဦး ဆိုပြမယ်၊ ဒီသီချင်းကိုတော့ ငါ့တူကြီး ရဖို့ ကောင်းတယ်ကွ၊ ဒီ သီချင်းကို ဦးလေး တက်ပေးမယ်”

“ဟာ သိပ်ကောင်းတာပေါ့ ဦးရ” အဖော်က ခပ်အုပ်အုပ် ရယ်ရင်း ပြောသည်။ အသံက ခပ်ဝဲဝဲ။ “ဒါပေမယ့် ခု မဆိုပါနှင့်ဦး ဦး၊ နောက်ကျမှ ဆိုပြပါ”

“ဟောတော့၊ ဗိုလ်ကြီး ရက် ဘတ်တလာ့ အသံပါလား၊ ဒုက္ခပဲ” စကားလက် လန့်သွားသည်။ သို့ရာတွင် ချက်ချင်း အားတင်း လိုက်သည်။ တစ်ယောက်နှင့် တစ်ယောက် သေနတ်ဖြင့် မပစ်ခဲ့ကြသည့် အတွက် တော်သေးသည်။ အရက်မူးမူးဖြင့် အိမ်သို့ နှစ်ယောက် အတူ ပြန်လာကြပုံကို ထောက်လျှင် အဆင်ပြေ လာကြပုံ ရသည်။

“အို မရဘူး၊ ခု ဆိုပြမယ်၊ ငါ့တူကြီးလည်း နားထောင် ရမယ်၊ နားမထောင်ရင် အော်ရိန်း နယ်သားတော့ သေနတ်နှင့် ပစ်အသတ်ပဲ”

“အော်ရိန်း နယ်သား မဟုတ်ပါဘူး ဦးရဲ့၊ ချာလက်စတန် နယ်သားပါ”

“အတူတူပဲ၊ ချာလက်စတန် နယ်သားက သာပြီးတောင် ဆိုးသေးတယ်၊ ချာလက်စတန်မှာ ငါ့ ခယ်မ နှစ်ယောက် ရှိတယ်၊ ချာလက်စတန်သားလည်း ဆိုးတာပဲ”

စကားလက် တထိတ်ထိတ် ဖြစ်နေသည်။ စကားလက်က အပေါ်ရုံ အင်္ကျီပါးပါးကလေး ခြုံလိုက်သည်။ သူ ဘာလုပ်ရမည်နည်း။ ဘာမျှ မတတ်နိုင်။ ဤအချိန်ကြီးတွင် အိမ်အောက် ဆင်းကာ သူ့အဖေကို တွဲခေါ်၍လည်း မဖြစ်။

ဖေဖေက အိမ်ထဲ မဝင်။ ဝင်းဝ ခြံစည်းရိုးတိုင်ကို ကိုင်၍ ရပ်ရင်း အသံသြသြကြီးဖြင့် သီချင်း ဆိုနေသည်။

အိမ်နီးပါးချင်းတွေ သိလျှင် ဒုက္ခ။ စကားလက်က ပြတင်းပေါက်ပေါင်တွင် လက်ထောက်၍ အရိပ်အခြည်ကို ကြည့်သည်။

ဖေဖေက ဆိုပေါက် မမှန်။ ဆိုပေါက် မှန်မှန်၊ အသံမှန်မှန်နှင့် ဆိုလျှင် တော်တော် နားထောင်ကောင်းမည့် သီချင်း ဖြစ်သည်။

ဤသီချင်းကို စကားလက်လည်း ကြိုက်သည်။

xx အချစ် သူရဲကောင်း အိပ်ပျော်ရာ နယ်မြေ xx မိန်းမလှကလေး တစ်ယောက်ရဲ့ အထီးကျန် ဘဝပေ xx ချစ်သူတို့က သူ့အနီးမှာ ငိုည်းကာ သက်ပြင်း ချရှာပေ xx

စကားလက်က လွမ်းစရာ တေးကို စိတ်ထဲက လိုက်၍ ညည်းနေသည်။ ထိုစဉ် ဒေါ်လေး ပစ်တီနှင့် မီလာနီတို့၏ အခန်းထဲမှ လှုပ်လှုပ်ရွရွ အသံများကို ကြားရသည်။ သူ့အဖို့က ကိစ္စမရှိ။ ဖေဖေ့ အကြောင်းကို သိပြီးသား။ ဖေဖေ မူးလာလျှင် ဤသို့ သီချင်းဆိုမြဲ။ အော်ကျယ် ဟစ်ကျယ် လုပ်မြဲ။ သို့ရာတွင် ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ အဖို့မူ အသစ်အဆန်း။ ဖေဖေ့လို ရိုင်းရိုင်းကြမ်းကြမ်း ယောကျ်ားကြီးမျိုးကို မတွေ့ဖူးသေး။ ယခု အဖြစ်ကို သိလျှင် လန့်ဖျပ်၍ မူမေ့ကုန် ကြမည်လော မဆိုနိုင်။

သဏ္ဌာန် နှစ်ခုသည် ပူးသွားကြကာ ဆင်ဝင် လှေကားသို့ တက်လာသည်။ တံခါးကို ခပ်အုပ်အုပ် ခေါက်သံ ပေါ်လာသည်။

“ငါ ဆင်းသွားမှပဲ ထင်တယ်၊ အဖေ ဖြစ်နေတော့ ငါပဲ ဆင်းမှ ကောင်းမှာ၊ ဒေါ်လေး ပစ်တီသာ ဆိုရင်တော့ ဖေဖေ့ဆီ မရောက်ခင် တက်သေမှာ”

စကားလက် တွေးနေသည်။ အစေခံတွေ သိ၍ မကောင်း။ ဖေဖေ ဖြစ်လာပုံကို အစေခံတွေ မသိစေချင်။ ဦးလေး ပီတာက အိပ်ရာသို့ တွဲပို့လျှင် သူ့ကို အရက်မူးသမား ထင်၍ တွဲပို့ကြသလော စသဖြင့် ဆူဆူပူပူ လုပ်ဦးမည်။ ဖေဖေ့ကို ကိုင်တွယ်တတ်သူ ဆို၍ မြိုင်သာယာက ဘဏ္ဍာစိုးကြီး ပေါ့ တစ်ယောက်သာ ရှိသည်။

စကားလက်က ညဝတ် အင်္ကျီရှည်ကို လည်ပင်းထိအောင် ကြယ်သီး တပ်လိုက်ပြီး ဖယောင်းတိုင် တစ်တိုင်ကို မီးညှိကာ အောက်ထပ် ခန်းမထဲသို့ ဆင်းလာခဲ့သည်။ ဖယောင်းတိုင်ကို ခုံပေါ်တွင် စိုက်ပြီးနောက် ခန်းမကြီး တံခါးကို ဖွင့်လိုက်သည်။ မှုန်ရီရီ အလင်းရောင်ထဲတွင် သပ်သပ်ရပ်ရပ် ဝတ်စားထားသည့် ရက် ဘတ်တလာကို မြင်ရ၏။ အရပ် ပုပု၊ ဗလ ကောင်းကောင်း သူ့အဖေကို တွဲထားသည်။ စောစောက သီချင်းသံမှာ သတိ မမေ့ခင် နောက်ဆုံး သီချင်း ဖြစ်ဟန် တူသည်။ ရက် ဘတ်တလာ၏ ပခုံးကို သိုင်းလျက်။ ဦးထုပ်လည်း မပါတော့။ လည်စည်းက နားရွက်နား ရောက်နေပြီ။ ရှည်လျား ဖြူဖွေးသည့် ဆံပင်များက ဖရိုဖရဲ။ ရှပ်အင်္ကျီပေါ်တွင် အရက်တွေ စွန်းထင်းလျက်။

“မင့်အဖေ ဟုတ်လား”

ဗိုလ်ကြီး ဘတ်တလာ၏ ခပ်ညိုညို မျက်နှာပေါ်က မျက်လုံးများက ခပ်လှောင်လှောင်။ ရက် ဘတ်တလာက ဖရိုဖရဲ ဝတ်ထားသည့် စကားလက်ကို တစ်ချက် လှမ်းကြည့်သည်။ သူ့ အကြည့်သည် ညဝတ် အင်္ကျီရှည်ကို ဖောက်သွားသည်ဟု ထင်ရ၏။

“အထဲ ခေါ်ခဲ့လေ”

စကားလက်က ခပ်တိုးတိုး ပြောသည်။ သူ့ အဝတ်အစားကြောင့် ရှက်နေသည်။ ဤလူက သူ့ကို လှောင်တော့မည်။

ဤလူနှင့်မှ ပြန်လာရသည်ဟု ဖေဖေ့ကိုလည်း စိတ်ဆိုးသည်။

ရက် ဘတ်တလာက ဖေဖေ့ကို ရှေ့သို့ တွန်းပို့သည်။

“အပေါ်ထပ်ကို တွဲပို့ ပေးရမလား၊ မင်း တစ်ယောက်တည်း မနိုင်ဘူး၊ သူ့ကိုယ်ကြီးက သိပ်လေးတယ်”

ရဲတင်းလှသည့် ရက် ဘတ်တလာ၏ စကားများကြောင့် စကားလက် အံ့အားသင့်နေသည်။ ရက် ဘတ်တလာသာ အိမ်ပေါ်ထပ်ထိ တက်လိုက်လာလျှင် အခန်းထဲတွင် တုန်နေကြသည့် ဒေါ်လေး ပစ်တီနှင့် မီလာနီ မည်သို့ ရှိမည်နည်း။

“ဟင့်အင်း နေပေ့စေ၊ ဧည့်ခန်းက ဆက်တီ ပေါ်မှာပဲ ထားခဲ့”

“ဆက်တီလား၊ ဆတ်တီးလား”

“အရေးထဲ နောက်မနေစမ်းပါနှင့်ရှင်၊ ကဲ ချ ချ ဒီပေါ်မှာ ချ”

“ဖိနပ်တွေ ချွတ်ပေးရဦးမလား” “နေပေ့စေ၊ သူ ဒီလိုပဲ အိပ်တတ်တယ်”

ရက် ဘတ်တလာက ဖေဖေ့ ခြေထောက်များကို ဆိုဖာပေါ်သို့ တင်ပေးရင်း ခပ်တိုးတိုး ရယ်သည်။

စကားလက်သည် သူ့စကားကြောင့် သူ့ နှုတ်ခမ်းကို ပြတ်ထွက်သွားအောင် ကိုက်ပစ်လိုက်ချင်သည်။

“ကဲ ကျေးဇူးတင်ပါတယ်၊ ပြန်ပါတော့”

ရက် ဘတ်တလာက ခပ်မှိန်မှိန် ခန်းမဆောင်ထဲမှ ပြန်ထွက်သွားသည်။ ပြတင်းပေါက် ပေါင်တွင် တင်ပစ်ခဲ့သည့် ဦးထုပ်ကို ကောက်ယူလိုက်၏။

“တနင်္ဂနွေနေ့ ညစာ လာစားတော့ တွေ့ကြ သေးတာပေါ့”

ရက် ဘတ်တလာက တံခါးကို အသံ မမြည်အောင် နောက်ပြန်ပိတ်၍ ထွက်သွားသည်။

နောက်ဖေး တန်းလျားက အစေခံတွေ လာ၍ နံနက်စာ မပြင်မီ နံနက် ငါးနာရီခွဲတွင် စကားလက် အိပ်ရာမှ ထသည်။

တိတ်ဆိတ်နေသည့် အိမ်အောက်ထပ်သို့ အသာ ဆင်းလာခဲ့၏။ ဖေဖေ နိုးနေပြီ။ ကျည်ဆန် ထိပ်ဖူးလို ချွန်နေသော သူ့ခေါင်းကို လက် နှစ်ဖက်ဖြင့် ဖျစ်ညှစ်ပွတ်ရင်း ထိုင်ဖုံတွင် ထိုင်နေသည်။ စကားလက် ဆင်းလာသည့် အခါတွင် လှမ်းကြည့်သည်။

မျက်ရိုးတွေ ကိုက်နေသည်။

“ဖေဖေ လုပ်ပုံ ကောင်းသေးရဲ့လား” စကားလက်က ခပ်တိုးတိုး ကြိမ်းသည်။ “ဘယ်အချိန်ကျမှ ပြန်လာသလဲ၊ ပြန်လာတော့လည်း အေးအေးဆေးဆေး မဟုတ်ဘူး၊ အရက်မူးပြီး သီချင်းတွေ ဆိုလာတယ်၊ အိမ်နီးနားချင်းတွေ အကုန်လုံး နိုးကုန်တာပဲ”

“သီချင်း ဆိုတယ် ဟုတ်လား”

“ဒါပေါ့၊ ဆူညံနေတာပဲ”

“ဖေဖေတော့ ဘာမှ မမှတ်မိတော့ဘူး”

“အင်း၊ ဖေဖေကသာ မမှတ်မိတယ်၊ အိမ်နားနီးချင်းတွေကတော့ သေတောင် မေ့မှာ မဟုတ်ဘူး၊ ဒေါ်လေးနှင့် မီလာနီတို့ကကော ဘယ်လို ထင်ကြမလဲ”

“ဒုက္ခပဲ” ဖေဖေက လျှာလေးကြီးဖြင့် ပြောကာ ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို လျက်လိုက်သည်။ “ဖေဖေကတော့ ကစားတာပဲ မှတ်မိတယ်၊ ဒီနောက် ဘာဖြစ်မှန်း မသိတော့ဘူး”

“ကစားတယ် ဟုတ်လား”

“ဘတ်တလာ ဆိုတဲ့ သတ္တဝါပေါ့၊ သူက ဒီနားမှာ သူ့လောက် ပိုကာ ကစားကောင်းတဲ့လူ တစ်ယောက်မှ မရှိဘူးလို့ ကြွားတာနှင့် မခံချင်လို့ ကစားတာ” “ဘယ်လောက် ရှုံးခဲ့သလဲ”

“ဘယ်ရှုံးမလဲ၊ ဖေဖေပဲ နိုင်တာပေါ့၊ အရက်ကလေး တစ်ခွက် နှစ်ခွက်လောက် သောက်ပြီးသာ ကစားရရင် ဖေဖေ

ဘယ်တော့မှ ပိုကာ မရှုံးဘူး”

“ဖေဖေ့ ပိုက်ဆံအိတ်လည်း ကြည့်ပါဦး”

ဖေဖေက ခက်ခဲပင်ပန်းစွာ လှုပ်ရှားကာ အင်္ကျီအိတ်ထဲက သားရေအိတ်ကို ဖွင့်ကြည့်၏။ သားရေအိတ်ထဲတွင် တစ်ပြားမှ မရှိ။ ဖေဖေသည် စိတ်ပျက် လက်ပျက်ဖြင့် ပိုက်ဆံအိတ်ကို ကြည့်နေသည်။

“ဟင်၊ ငွေငါးရာ မရှိတော့ပါလား၊ သမီး မေမေဖို့ ပိတ်ဆို့မှုကို ဖြတ်ပြီး ရောက်လာတဲ့ မှောင်ခို နိုင်ငံခြား ပစ္စည်းတွေ ဝယ်ဖို့ ယူလာတာ၊ ပြန်စရိတ်တောင် မကျန်တော့ဘူး”

စကားလက်က ဟာလာဟင်းလင်း ဖြစ်နေသည့် သားရေအိတ်ကို ကြည့်ရင်း စိတ်ကူး တစ်ခု ပေါ်လာသည်။

“ဒီမြို့မှာ သမီးတော့ ခေါင်းဖော် ရဲတော့မှာ မဟုတ်ဘူး၊ ဖေဖေ လုပ်တာနှင့် အားလုံး အရှက်ကွဲ ကုန်ပြီ”

“တော်တော့ကွယ်၊ မပြောပါနှင့်တော့၊ ခေါင်းကိုက်ရတဲ့ အထဲ”

“ဗိုလ်ကြီး ဘတ်တလာလို လူမျိုးနှင့် အရက်မူးပြီး အိမ်ပြန်လာတယ်၊ ပြီးတော့ ခုနစ်သံ တင်ပြီး သီချင်းတွေ ဆိုလာတယ်၊ ပါလာတဲ့ ပိုက်ဆံလည်း အကုန် ဖဲရှုံးပစ်တယ်”

“ဒီကောင်ဟာ ပိုကာဆွဲ သိပ်ကောင်းတာပဲ၊ ဒီလောက် ဖဲရိုက်တော်တဲ့ ကောင်ဟာ လူကြီးလူကောင်း မဖြစ်နိုင်ဘူး၊ ပြီးတော့”

“မေမေ ကြားရင် ဘာပြောမလဲ”

ဖေဖေက မော့ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ထိတ်လန့်သည့် အရိပ်အယောင် ပေါ်နေသည်။

“သမီး မေမေကတော့ စိတ်ထိခိုက်မှာပဲ”

“ဒါတော့ ဖေဖေပဲ စဉ်းစားကြည့်ပေါ့၊ သမီးဟာ မိဘမျက်နှာကို အိုးမဲ သုတ်တယ်လို့ ဖေဖေပဲ မနေ့ညက ပြောခဲ့တယ်၊ တပ်သားတွေ ရန်ပုံငွေ အတွက် ဝင်ကတာလေးကို အကြီးအကျယ် လုပ်ပြောလိုက်ကြတာ၊ စကားလက် ရှက်တယ်၊ ငိုမိလိမ့်မယ်”

“ကဲ တော်ပါကွယ်၊ မပြောပါနှင့်တော့၊ ခေါင်းကိုက်လှပြီ၊ ဒါတွေ ဆက်ပြောနေရင် ဖေဖေ့ ခေါင်း ကွဲထွက်လိမ့်မယ်”

“ဖေဖေပဲ ပြောတယ် မဟုတ်လား၊ သမီးဟာ”

“ကဲ တော်ပါတော့ဗျာ၊ ကျုပ် တောင်းပန်ပါတယ်၊ ကျုပ် ပြောမိတာ မှားပါတယ်၊ တော်ပါတော့၊ စကားလက် အိုဟာရာ ဆိုတဲ့ မိန်းကလေးဟာ မျိုးချစ်စိတ် ရှိတဲ့ မိန်းကလေး၊ ဗိုင်းကောင်းကျောက်ဖိပါတဲ့”

“သမီးကို အရှက်တကွဲ ဖြစ်အောင် အိမ်ပြန် ခေါ်ဦးမှာလား”

“မခေါ်ပါဘူးကွယ်၊ အစကတည်းက ခေါ်ဖို့ စိတ်မကူးပါဘူး၊ စ တာပါ၊ ဖေဖေ ဖဲရှုံးတာကိုလည်း မေမေ့ကို သွားမပြောလိုက်ပါနှင့်၊ အကုန်အကျ များရလို့ စိတ်ညစ်နေတာ”

“ဒီမှာ ဆက်နေခွင့် ပြုရမယ်၊ ပြီးတော့ သမီးကိစ္စဟာ ဘာမှ မဟုတ်ဘူး၊ အဘွားကြီးတွေ အတင်းပြော ဆိုတာ မေမေ့ကို ပြောရမယ်၊ ဒီလိုဆိုရင် သမီးကလည်း မပြောဘူး”

ဖေဖေက သူ့သမီးကို စိတ် မချမ်းမသာဖြင့် ကြည့်သည်။

“ဖေဖေ့ကို ခြိမ်းခြောက်နေတာလား”

“မနေ့ညက ဖေဖေ့ လုပ်ပုံဟာ အရှက်တကွဲ ဖြစ်စရာ မဟုတ်ဘူးလား”

“ကဲ ကဲ၊ ဒါတွေ အားလုံး သင်ပုန်းချေလိုက်၊ နေစမ်းပါဦး၊ ဒေါ်လေး ပစ်တီတို့ အိမ်မှာ ဘရမ်ဒီလေး ဘာလေး မထားဘူးလား၊ ဖေဖေ သိပ်ခေါင်းကိုက်”

စကားလက်က ခြေဖျားထောက်၍ ထွက်သွားသည်။ ခန်းမကြီးထဲမှ တစ်ဆင့် ထမင်းစားခန်းထဲသို့ ဝင်ကာ ဘရမ်ဒီ ပုလင်းကို ယူလာသည်။ သူနှင့် မီလာနီတို့က ဘရမ်ဒီကို “အမူးပြေ” ဆေးဟု ခေါ်သည်။ ဒေါ်လေး ပစ်တီ တစ်ယောက် ရင်တလှပ်လှပ် ခုန်၍ မူးလျှင်၊ သို့မဟုတ် မူးသည်ဟု ထင်လျှင် တစ်ကျိုက်လောက် သောက်တတ်သည်။ သူ့မျက်နှာက အောင်ပွဲရသည့် မျက်နှာ။ ဖေဖေ့ကို အာခံခဲ့ရသည့် အတွက် ရှက်ဟန် မရှိ။ မေမေ့ဆီ မည်သူတွေ မည်သို့ရေးရေး ဂရုစိုက်စရာ မလိုတော့။ သူ့ဘက်က ဖေဖေ ရှိနေပြီ။ အတ္တလန်တာတွင် နေရစ်ခဲ့ရတော့မည်။ သူ ကြိုက်သလို နေရတော့မည်။ ဒေါ်လေး ပစ်တီ ဆိုသည်ကလည်း မှုလောက်စရာ မဟုတ်။ စကားလက်သည် ဗီရိုကို လှပ်ကာ ဘရမ်ဒီ ပုလင်းကို ရင်မှာ ပိုက်ထားသည်။

မက်မုံပင် ချောင်းဘေးတွင် ပျော်ပွဲစား ထွက်ကြမည်။ ကျောက်တောင်တွင် ကောင်လုံးကင် ပျော်ပွဲစား သွားကြမည်။

ဧည့်ခံပွဲများ၊ ကပွဲများသို့ သွားရတော့မည်။ ညကပွဲများသို့ သွားရတော့မည်။ ဘာဂီဖြင့် လေညင်းခံ ထွက်မည်။ တနင်္ဂနွေနေ့ ညစာ စားပွဲများသို့ သွားရတော့မည်။ အတ္တလန်တာတွင် သူသည် ယောကျ်ားပျိုတွေ ဝိုင်းဝိုင်းလည်နေမည်။ ဗဟိုချက်မတွင် ရောက်နေမည်။ ဆေးရုံ သွားပြီး နည်းနည်းပါးပါး လုပ်ပြလိုက်လျှင် ယောကျ်ားပျိုတွေကလည်း သဘောကျ ကြသည်။ ဆေးရုံကို စိတ်မပျက်တော့။ မြိုင်သာယာက သစ်တော်ခြံတွင် အပင်ကို လှုပ်လိုက်သည်နှင့် ပင်မှည့်တွေ တဖြုတ်ဖြုတ် ကြွေကျကြသကဲ့သို့ စကားလက်လို အမျိုးသမီး လက်ထဲသို့ ယောကျ်ားလေးတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာရမည်။

စကားလက်က ဘရမ်ဒီ ပုလင်းကို ဖေဖေ့ထံ ယူလာသည်။ မနေ့ညက ဖေဖေ မူးခဲ့သည့် အတွက် ဘုရားကိုပင် ကျေးဇူး တင်ရဦးမည်။ ရက် ဘတ်တလာ ကမူ မည်သို့ ပြောမည် မသိ။

---

(အခန်း ၁၁ ဆက်ရန်)

#မြသန်းတင့်
#လေရူးသုန်သုန်

#shared_by_louis_augustine
#sbla

Comments