မိဘမဲ့ // လူထုဦးလှ

မိဘမဲ့ // လူထုဦးလှ

(ဇွန်ပွင့် စာအုပ်တိုက်၏ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ပထမ အကြိမ် ထုတ် ‘စာပေမောင်နှံတို့ရဲ့ရွှေလက်ရာများ’စာအုပ်မှ)

ရုပ်ရည် သနားကမားနှင့် အလွန်ငယ်ရွယ်သော ကလေးတယောက် ထောင်ကြီး အတွင်း ရောင်လာသည်မှာ ဆိုးလှပါသည်။ သူ့အတွက်ဘေးအန္တရာယ် အမျိုးမျိုးပင် ရှိသည်။ ငယ်သူများနှင့် သက်ကြီး အကျဉ်းသားများ မရောနှောရဟု ဆိုသော်လည်း လက်တွေ့အားဖြင့် ဖြစ်နိုင်ရန် မလွယ်ကူလှပေ။

ရန်ကုန်ထောင်ကြီး အတွင်း၌ ကျွန်တော် တွေ့ဖူးသမျှသော ငယ်ရွယ်သူများ အထဲတွင် မောင်ချစ်တင်မှာ အငယ်ဆုံး ဖြစ်သည်။ ငယ်ပင် ငယ်သော်လည်း သူသည် အလွန် သွက်လက် ချက်ချာလှသည်။ သူ့ဘဝ အတွေ့အကြုံများ အလိုက်ပင် ဤသို့ လျင်နေ၊ ရှင်နေသည်ဟု ယူဆရမည်။ ဘယ်အချိန်က စ၍ မိဘမဲ့ ဖြစ်လာခဲ့ရသည် ကိုပင် ကောင်းစွာ မသိခဲ့ရသော ဤကလေးငယ်၏ ဘဝ လမ်းခရီးသည် ကြမ်းတမ်း ခက်ထန်လှ ပါဘိသည်။ သူ၏ ဖြစ်စဉ်များကို သူမပြောချင်ရှာ။ "ကျွန်တော် ဒါပဲ လုပ်စားမှာပဲ ဒါကြောင့် ကျွန်တော် ပြောချင်ဘူး" ဟု ဆိုရှာသည်။ ဤသို့ ပြောရင်းနှင့် မျက်ရည်တွေ ရွဲပြီး ငိုပါတော့သည်။ ထိုအခါ ကျွန်တော်တို့ ၃-၄ ယောက်က ဝိုင်းချော့ကြသည်။ ဤလုပ်ငန်း၏ ဆိုးဝါးပုံများကို တင်ပြကြသည်။ သူ့ကို မုန့်ကျွေး ကော်ဖီ တိုက်ကြသည်။

အငို အနည်းငယ် တိတ်ပြီး သူပြောပြသည်များမှာ

ကျွန်တော် နည်းနည်းကြီးမှ သိရသည်မှာ အဖေ အရင်းက ကိုဘတင်၊ အမေက မနှင်းစိန် ဖြစ်သည် ဆိုခြင်းပင် ဖြစ်ပါသည်။ ပဲခူးမြို့ ရွှေသာလျှောင်းဘက်မှာ နေကြပါသည်။ မုံ့ဆန်းမရွှေး ရောင်းစားကြသည်ဟု သိရပါသည်။ ကျွန်တော် နို့မပြတ်မီမှာ ကျွန်တော့် မိဘများ သေသွားကြကြောင်း သိရပါသည်။

ကိုဘိုးအုန်း မကြည်အောင်တို့က ကျွန်တော့်ကို မွေးစားကြပါသည်။ အစ်မ တယောက်၊ အစ်ကို တယောက်နှင့် ကျွန်တော်ပါ မွေးချင်း ၃ ယောက် ရှိပါသည်။ ကျွန်တော်တို့ အဖေ အရင်းများက အိန်ဒိယ မူစလင်ဟု ပြောပါသည်။ ထို့ကြောင့် ပထန် - ပထန်နှင့် အားလုံးက အစ်ကို့ကို ခေါ်ကြပါသည်။

ပဲခူး ဖောင်တော်ဦးကျကျောင်းမှာ ကျောင်းစ နေရပါသည်။ စာမကျက်၍ အရိုက် ခံရပါသည်။ ထို့ကြောင့် ကျောင်းက ထွက်ပြေး နေပါသည်။ ထို့ကြောင့်ပင် က-ကြီး-ခ-ခွေး သာ ဖတ်တတ်ပါသည်။ နောက်တွင် ကျောင်းမသွားတော့ဘဲ မီးရထား ခိုးစီးပြီး ရန်ကုန် လိုက်ခဲ့ပါသည်။ ရန်ကုန် ရောက်သောအခါ ဟိုလျှောက်သွား၊ ဒီလျှောက်သွား၊ ဟိုဟာလစ်၊ ဒီဟာလစ်၊ ဟိုချောင်အိပ်၊ ဒီချောင်အိပ်နှင့်သာ နေခဲ့ပါသည်။

၈ နှစ်သားအရွယ်တွင် ဆူးလေ ဘုရားလမ်း ကွန်တီနင်တယ်လ်နားမှာ ကျွန်တော့်ကို မိသွားပါသည်။ အပေါင်းအသင်းအများနှင့် မဟုတ်ပါ။ ကျွန်တော် တယောက်တည်း ဖြစ်ပါသည်။ ကျွန်တော့် အစ်ကို ရန်ကုန် ထွက်ပြေး လာခဲ့သည်မှာ ကျွန်တော့်အရင် တနှစ်ခန့် စောပါသည်။ သို့ရာတွင် ရန်ကုန်၌ သူနှင့် ကျွန်တော် မတွေ့ကြပါ။ ကလေးများ စုထားသည့် ဓမ်မစေတီ (ဘောင်ဒရ) လမ်းမှ အိမ်မှာ ကျွန်တော့်ကို ထားပါသည်။ ဧည့်သည် လည်သည့်အခါ ကျောင်းတွင် ပွဲရှိ၍ ဧည့်သည်များ လာမည့်အခါ - အဝတ်သစ်များ ဝတ်ရပါသည်။ အလုပ်မှာ မြေပေါက်၊ ရေထမ်း၊ ပန်းပင်စိုက်ခြင်းများ ဖြစ်ပါသည်။

ထိုအခါက ကျောင်းသား ၁ဝဝ ခန့် ရှိပါသည်။ နံနက် ၆ နာရီ အိပ်ရာက ထပြီး ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ရပါသည်။ နံနက် ၇ နာရီမှ ၁ဝ နာရီခန့် အထိ စာသင်ရပါသည်။ ၁ဝ နာရီမှာ ထမင်း စားရပါသည်။ ဟင်းမကောင်းပါ။ ကန်စွန်းရွက် ဟင်းသာ များပါသည်။ ထို့နောက် သန့်ရှင်းရေး အနည်းငယ် လုပ်ရပါသည်။

မွန်းလွဲပိုင်းမှာ ခြံအလုပ် လုပ်ရပါသည်။ ညနေ ၅ နာရီ လောက်တွင် ညစာ စားကြရပါသည်။ ၇ နာရီ ထိုးသောအခါ ဘုရား ရှိခိုးကြရပါသည်။ လူမျိုးဘာသာစုံ ကလေးများ ရှိကြပါသည်။ အားလုံးပင် ဗုဒ်ဓဘာသာ ထုံးစံ အတိုင်း ဘုရား ရှိခိုးကြရပါသည်။ ၈ နာရီထိုးတွင် အိပ်ရာ ဝင်ကြရပါသည်။

ကလေးများ အားလုံးပင် သူ့အဆင့်အလိုက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဂဏန်းသချၤာ၊ ပထဝီ ဘာသာများ သင်ရပါသည်။ ကျွန်တော်လည်း ထိုကျောင်းမှာ ၅ နှစ် ကြာ၍ စာဖတ်တတ် လာပါသည်။ (သတင်းစာ၊ စာလုံးကြီးများကို ဖတ်ခိုင်းကြည့်ရာ သွက်သွက် မဖတ်နိုင် ပ,ဆင့်များကို လုံးဝ မဖတ်တတ်ရှာ။ စာရေးသူ) ကျောင်းက ပြဇတ်ကသော အခါ “သူတော်ကြောင်သာဝ” မှာ ဇာတ်လိုက် လုပ်ရပါသည်။ ရေချိုး၊ ပန်းကန်ဆေး၊ အဝတ်ဖွပ် အားလုံး ဗမာ့ခေတ် နောက်ဖေးက ကန်ကလေးမှာပဲ လုပ်ကြရပါသည်။ ထို့ြကောင့် ဝဲပေါက်၊ သန်းကြီး တက်ပါသည်။ ဒက်တော့ မပေါက်ပါ။ အဝတ်ဖွပ်ရသည်မှာ အထည် ၁ဝဝ အတွက်မှ ဘဲတံဆိပ် ဆပ်ပြာ ၆ ခဲသာ ရပါသည်။ ကျောင်းမှာ မော်နီတာ ဖြစ်ခဲ့ပါသေးသည်။ ကိုယ်က ကြည့်ခိုင်းရပါသည်။

၁၉၅၅ ခုနှစ် သင်္ကြန်ရက်များမှာ ဆရာနှင့် လူကြီးများ အတွက် ကျောင်းအပြင်ဘက်က ရေကန်သို့ ကျွန်တော်တို့ ရေသွားခပ်ရရာ အခွင့်ကောင်းယူပြီး သူငယ်ချင်းများနှင့် အတူ ထွက်ပြေးကြပါသည်။ စိန်လှိုင်၊ အဗ်ဗဒူကရင်တို့နှင့် ဖြစ်ပါသည်။ သူတို့မှာ ကျွန်တော်နှင့် ရွယ်တူများ ဖြစ်ကြပါသည်။ စိန်လှိုင်က သူ့အစ်မထံ ပြန်သွားပါသည်။ ကျွန်တော့်မှာ သွားစရာ မရှိပါ။ အစကတည်းက သိဖူးပြီး ကျွန်တော့်ထက် နည်းနည်းကြီးသော ကျော်ဝင်း ဆိုသူနှင့်သာ အတူ နေလိုက်ပါသည်။ ရွှေဘုံသာ (မဂို) လမ်း၊ ဘဏ်တိုက် အနီးရှိ တိုက်ကတုံးတွေ အပေါ်ဆုံး ခေါင်မိုးများပေါ်မှာ ကုတင်များ ရှိရာ ထိုနေရာတွင် တက်တက် အိပ်ကြပါသည်။ ၂ လခန့် ကြာသောအခါ ဆူးလေ ဘုရားလမ်း၊ ဘိုင်စကုပ်ရုံများ အနီးမှာ ကျောင်းမှလူများက ကျွန်တော့်ကို ပြန်ဖမ်းမိ သွားကြပါသည်။ ထိုအချိန်အထိ ကျွန်တော့် အစ်ကို ပထန်နှင့် ကျွန်တော် မတွေ့သေးပါ။

ဓမ်မစေတီ (ဘောင်ဒရီ) လမ်း ကျောင်းသို့ ပြန်ရောက်သော အခါ ထုံးစံအတိုင်း အချက် ၅ဝ ကြိမ် အရိုက် ခံရပါသည်။ ကျောင်းပြေးများ ပြန်မိလျှင် ရှိသူများ မပြေးရဲအောင် ဤသို့ပင် ရိုက်ပါသည်။ ၂ ခါပြေးသမား ဆိုလျှင် ကြိမ်အချက် ၁ဝဝ အထိ အရိုက်ခံရပါသည်။ ဤမျှသာ မကသေးပါ။ ခေါင်းတုံးရိတ်ပြီး အခန်းကလေးထဲ လှောင်ထားပါသေးသည်။ ရေပင် ကောင်းကောင်း မသောက်ရပါ။ ထမင်းလည်း အခြားသူများ စားပြီးမှ စားရပါသည်။

တလခန့် ကြာသောအခါ ကမ္ဘာအေး စေတီနားက ကျောင်းသစ်ကို ရွေ့ပါသည်။ ကျောင်းသစ်တိုက်ကြီးမှာ ကြီးလည်းကြီး၊ ကောင်းလည်း ကောင်းပါသည်။ ဝင်းကြီးကလည်း ကျယ်ပါသည်။ လယ်များပါ ပိုင်ပါသည်။ စ,ရောက်သောအခါ သန့်ရှင်းရေး အလုပ် လုပ်ကြရပါသည်။ ကျောင်းသစ်တွင် လက်သမား၊ စက်ချုပ်၊ ဆံပင်ညှပ်များပါ သင်ကြရပါသည်။ မော်တော်ကား ပြင်သော ပညာကိုမူ ကျောင်းသား နည်းနည်းပါးပါး အပြင် အလုပ်ရုံမှာ သင်ခွင့်ရပါသည်။ စာဖတ်ကလည်း ၅ တန်း၊ ၆ တန်း တတ်၍ ပညာထူးချွန်သူ၊ စိတ်ချရသူ ဆိုလျှင် အပြင်ကျောင်းမှာ ထားပေးပါသည်။ ဤသို့ ထားပေးသော ကျောင်းသား ၃ - ၄ ဦး ရှိပါသည်။ ကျောင်းသစ်ကြီးသို့ ရောက်မှ ကျောင်းသားများလည်း ပို၍ များလာပါသည်၊

၁၃၁၈ ခုနှစ်၊ သာသနာ ၂၅ဝဝ ပြည့်ပွဲတော် အတွင်းက ကျွန်တော်တို့ ကျောင်းကလည်း သွားးရောက် ကပြ ဧည့်ခံကြ ပါသေးသည်။ ကျွန်တော်က ဝါးလက်ခုပ် တီးရပါသည်။ ထိုပွဲတော် ပြီးသည့်နောက် ၃ - ၄ ရက်ခန့် ကြာသောအခါ ကျောင်း အရှေ့ဘက်ရှိ တရုတ်မကြီး ခြံထဲက ဖြတ်ပြီး ညနေ ၄ နာရီ အချိန်လောက်မှာ ကျွန်တော် ထွက်ပြေးပါသည်။ အိတ်ထဲတွင် ပိုက်ဆံ ၆၅ ပြား ပါခဲ့ပါသည်။ ဆင်ဖြူ ဘတ်စ်ကားစီးပြီး လိုက်လာရာ ရွှဘေုံသာ (မဂို) လမ်းမှာ ကျွန်တော် ဆင်းပါသည်။ ကံအားလျှော်စွာ ထိုညမှာ အစ်ကိုနှင့် သွားတွေ့ပါသည်။ အစ်ကို ‘ပထန်’ လည်း ရွှေဘုံသာ (မဂို) လမ်းတဝိုက်မှာ ခိုနေပြီး ဤသို့လျှင် ဂျပိုး ကျနေပါသည်။ 

ထိုအချိန် ကတည်းက အစ်ကိုနှင့် ကျွန်တော် မခွဲတော့ပါ။ အိမ်မှ ထွက်သည်က စ၍ ယနေ့အထိ အစ်ကိုရောက်သည့် နေရာများမှာ နှံ့နေပါပြီ။ အလုပ်မျိုးစုံလည်း လုပ်ဖူးလှပါပြီ။ ကလေးထောင်လည်း ကျဖူးပြီ။ ပုလိပ်ကလည်း သူ့ကို တေးလှပါပြီ။ သူအသက်မှာ ၁၉ နှစ် ရှိပါပြီ။ မိန်းမလည်း ရှိနေပါပြီ။ မိန်းမကို အစ်မတို့နှင့်အတူ ထားပါသည်။

(ပထန်သည် သူ့အကြောင်းအရာများကို ပြောပြရန် ငြင်းပါသည်။ သူ့ကို ထိခိုက်မည်ဟု ဆိုသည်။ ထို့ကြောင့် ဘဝအစုံစုံ ရောက်ခဲ့သည့် လူငယ်ကလေး တယောက်၏ အြကောင်းကို တင်မပြနိုင်ပါ။ စာရေးသူ)

နေ့ခင်းပိုင်းတွင် ဂျမားရုံ၊ ဝင်းဝင်းရုံ စသည်တို့၌ ဘိုင်စကုပ်ကြည့်၍ ညပိုင်းတွင် လျှောက်ခိုးပါသည်။ လမ်းကြားများထဲ လျှောက်ကြည့်၍ ပြူတင်းပေါက် ဖွင့်ထားသော အိမ်များကို ပိုက်လုံးကနေ ဖက်တက်ပြီး ခိုးရာ ရွှေငွေ လက်ပတ်နာရီများ ရကြပါသည်။ ပိုက်ဆံများ ရလျှင် ဘိုင်စကုပ် ကြည့်၊ ကုလားဆိုင်မှာ ထမင်းစား၊ တခါစားလျှင် ၆၅ ပြား ကုန်ပါသည်။ ဗိုလ်တထောင် ဈေးဘက်မှာ တခါတလေ သွားနေပါသည်။ ညပိုင်း တိုက်များကို တက်သောအခါ ပုလိပ်နှင့် တခါမှ မတိုးဘူးပါ။ တနင်ဂနွေနေ့ဆိုင်များ ပိတ်သောရက်များတွင် သံသေတ္တာဆိုင်များထဲ ဝင်ပြီး သံသေတ္တာဆိုင် ဂျလှည့်များ ခိုးပါသည်။ ပြန်ရောင်းသော အခါ တဘူးကို၂ဝိ ရပါသည်။

ဘောလုံးပွဲများကို ကြည့်ချင်သော်လည်း ကျောင်းက ပြန်မိမည် စိုးသောြကောင့် မသွားပါ။ ရှောင်ပါသည်။ အစ်ကိုနှင့် ကျွန်တော်တို့ ရန်ဖြစ်ပါသည်။ သူက ပုလိပ်ကို သွားရှို့သည့်အတွက် တနင်ဂနွေနေ့ နံနက် ၆ နာရီ အချိန်လောက်တွင် ကျွန်တော်တို့ ဝင်ခိုးနေသော သံသေတ္တာဆိုင်ကို ပုလိပ်များက ဝိုင်းထားပါသည်။ လာဝိုင်းရုံ သာမက “ချစ်တင် - ပထန်လေး၊ ကျော်ဝင်း - ချာတိတ်” မောင်ချစ်တင်ဟု ကျွန်တော့် နာမည်ပါ ထည့်ပြီး အပြင်ဘက်ကနေ ခေါ်ပါသည်။ “ထွက်ခဲ့ကြ” ဟု အမိန့် ပေးပါသည်။ ကျွန်တော်တို့ မထွက်ကြပါ။ အပေါ်တက်ပြီး ပုန်းသူပုန်း၊ ချောင်ကပ်ပြီး ခိုသူကခို လုပ်နေရာ ဆိုင်ရှင်များ ကုလားများရော ပုလိပ်များပါ တံခါးဖွင့်ပြီး ဝင်လာကြပါသည်။ ကျွန်တော်တို့လည်း ဆိုင်ထဲတွင် အရိုက်အနှက် အထိုးအကြိတ် တော်တော် ခံကြရပါသည်။ ကျော်ဝင်း အနာဆုံး ဖြစ်ပါသည်။ ကျွန်တော်မှာမူ တချက် အရိုက်ခံရပြီး ကျောကိုတချက် အကန်ခံရပါသည်။ ဆိုင်ထဲတွင် ၃ ယောက်၊ အပြင်မှာ တယောက် မိပါသည်။

ဤဆိုင်၏ နောက်ဖေး လက်တထွာနှင့် လက် ၅ လုံး ဟ,နေသည့် အပေါက်က ကျွန်တော်တို့ ဝင်ကြခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ကို ပန်းဘဲတန်း ဌာနသို့ ခေါ်သွားကြပါသည်။ ညနေ ၃ နာရီခန့်တွင် ဘားလမ်းစတူးဝပ် မြို့မအချုပ်သို့ ပို့ပြီး နောက်တရက်တွင် ရုံးတင်ပါသည်။ ညနေတွင် ပုဒ်မ ၄၄၇ ဖောက်ထွင်းမှုနှင့် ထောင်ကြီးချုပ်သို့ ပို့လိုက်သဖြင့် ယခု ဦးလေးတို့နှင့် တွေ့ရခြင်း ဖြစ်ပါသည်။

၁၉၅၆ ခုနှစ်၊ ဇွန်လဆန်းတွင် ဤအမှု ဖြစ်ပွားပါသည်။ ယခု ထောင်ထဲတွင် ကျွန်တော်တို့ ခပ်ငယ်ငယ် အရွယ်များကို မိန်းမလျာများကဲ့သို့ပင် သီးသန့် စုထားပါသည်။ ဆေးရုံတိုက်မှာ ဖြစ်ပါသည်။ မိန်းမလျာများနှင့် နီးပါသည်။ မိန်းမလျာ အစိန်က ဤထောင်ထဲမှာ ယခု ကျွန်တော့်ကို မွေးစားပါသည်။ ကျွန်တော့်ကို သူအများကြီး ဂရုစိုက် ပြုစုပါသည်။

လွတ်သွားလျှင် ဘာလုပ်မလဲ ဆိုသော ဦးလေး၏ အမေးကို မှန်မှန်ပြောရပါလျှင် “ခိုးမည်” ဟုပင် ဖြေရပါလိမ့်မည်။

ဤအမှုနှင့် ၂ လ ကျော်ကျော်ခန့် အချုပ်ခံရပြီး ချာတိတ်ကလေး မောင်ချစ်တင်နှင့် သူ့အမှုတွဲများသည် ရုံးမင်းတထိုင် အပြစ်ရကြပြီး လွတ်သွားကြပါသည်။ ဤသို့ လွတ်သွားကြပြီး ၇ - ရက်ခန့်မျှ ကြာသော အခါ ၁၄ . ၉ . ၅၆ ရက် သောကြာနေ့က ညီအစ်ကို ၂ ယောက် ပထန်နှင့် မောင်ချစ်တင်တို့သည် ရွှေဘုံသာ (မဂို) လမ်းတွင် ဖောက်ထွင်းမှု တခု ကြူးလွန်သည့် အတွက် ထောင်သို့ တခေါက် ပြန်ရောက် လာကြပြန်သည်။ ယခု အချိန်တွင် အချုပ် အဖြစ်နှင့် မဟုတ်တော့ဘဲ ရုံးမင်းက တခါတည်း ထောင်တလ ချလိုက်သော အပြစ်ဒဏ်နှင့် ဖြစ်ပေသည်။

တခါ လွတ်သွားကြ ပြန်ပြီ။ ဘယ်သောအခါ တခါ ပြန်လာကြ ပေဦးမည်နည်း။ ခိုးနေရာတွင် မိ၍ ခေါင်းများ ကွဲလာမည်လား၊ ယခင့်ယခင် အမှုများထက် ကြီးသော အမှုများကို ကြူးလွန် လာချမေည်လား။

မောင်ချစ်တင်ကလေးသည် အလွန်မှပင် ငယ်ပါသေးသည်။ အသက် ၁၇ နှစ်ရှိပြီ ဆိုသည်မှာ အမေ့ကျောင်းနှင့် ကမ္ဘာအေး အနီးရှိ ကလေး ဂေဟာသို့ ပို့ကာ ချုပ်မည်စိုးသောကြောင့် အသက်ပို၍ပြောထားသလား မပြောတတ်၊ ကျွန်တော့် စိတ်ထင်အားဖြင့်မူ သူ၏ အသက်မှာ ၁၅ နှစ်ထက် မပိုနိုင်သေးပေ။

---

#လူထုဦးလှ
#မိဘမဲ့

#shared_by_louis_augustine
#sbla

Comments