မောင် ကိုကို နှင့် မြနန္ဒာ (အပိုင်း ၁) // ကြည်အေး
မောင် ကိုကို နှင့် မြနန္ဒာ (အပိုင်း ၁) // ကြည်အေး
မောင့်နှမ မြနန္ဒာ
( ၁ )
“ဟော... လိုနေတဲ့အိမ် လာပြီ” ဟု ဒေါ်ယုယုခင်က ပြော၏။ ဦးသန်းတင့်က အကျင့်ပါနေဟန်ဖြင့် သူ့မယား ပြောသည်ကို ခေါင်းညိတ်လိုက်ပြီး လက်ထဲက ဖဲ ၁၃ ချပ်ကို အသစ် ပြန်စီပြန်လေ၏။
ကိုတင်မောင်က “သူ လာပြီလား၊ သူလား” ဟု အနည်းငယ် တုန်ယင်သော အသံဖြင့် မေး၏။ ပြီးတော့ ဖဲချပ်များကို ပက်လက်စီ၍ စားပွဲပေါ်ချလိုက်ကာ စီးကရက် တစ်လိပ်ကို မီးညှိစပြုလေ၏။
တစ်နေ့လုံး တစ်ခါမျှ မဒေါင်းသေးသော ကိုလှဦးက ခေါင်းယမ်း လိုက်သော်လည်း ပြုံးရယ်ကာ “မျှော်လို့သာပန်းရငဲ့၊ လမ်းဘယ်မမြင်” ဟု အသံနေ အသံထားဖြင့် ဆိုလိုက်သည်။
ဒေါက်တာ ခင်အေးရီက “ဂျိုကာကို မျှော်တာလား၊ ခုမှ ရောက်လာသူကလေးကို မျှော်တာလား၊ ရွှေဘိုက ရောက်လာမယ့် ရှင့်ယောက္ခမကြီးရဲ့ သမီးကို မျှော်တာလား... ဟင်” ဟု ပြောပြီး သူ့ဝါသနာအတိုင်း တဟားဟား ရယ်ပစ်လိုက်သည်။
ဒေါက်တာ့ လင်သည် လင်းထင်ကမူ ပျင်းရိမှေးမှိန်သော မျက်လုံးများ ဝင်းလဲ့လာပြီး သက်ပြင်း မသိမသာချကာ “မောင့်နှမ မြနန္ဒာ၊ မောင့်နှမ မြနန္ဒာ” ဟု အသံမထွက်ဘဲ နှုတ်ခမ်းသာ လှုပ်၍ စိတ်တွင်းမှ တသသ ရွတ်ဆိုနေလေ၏။
---
မြနန္ဒာ၏ ဗောက်ဝက်ဂွန်ကားသည် ဆင်ဝင်အောက်မှ ဖြတ်ပြီး သစ်ရိပ် သိုသိပ်သော ကံ့ကော်တန်း၌ ရပ်နားသံ ကြားရ၏။ ကလစ်ခနဲ တံခါးဖွင့် ဆင်းသံ၊ ဂျပ်ခနဲ ပြန်ပိတ်သံ ကြားရ၏။ ခုံမြင့်ဖိနပ်သံကို ခပ်အုပ်အုပ် ကြားရပြန်ပြီး မြနန္ဒာ၏ အသံသဲ့သဲ့ကို ကြားပြန်သည်။ အိမ်ရှေ့ တံခါးကို သော့ဖွင့်ပေးသော ယုယုခင် တစ်သက်လုံး မွေးလာခဲ့သည့် တင်ကြည်က ပျာပျာသလဲ နှုတ်ဆက်သည်ကို ပြန်ပြီး လိုက်လျောညီထွေ ဖြေတာ ဖြစ်မှာပဲ၊ မြနန္ဒာက ဒါလေးတွေ ရှိတယ်။ တင်ကြည် ဆိုတာကလည်း ဟိုမိန်းမချော ဝတ်စားပုံကလေးတွေ၊ ပင်တိုင်စံလို ကြော့မော့တဲ့ဟန်ကလေးကို ငေးရင်းက ထမင်းဝတဲ့ ကောင်မစားပဲ။ မိန်းမချင်းတောင် ကြိုက်ချင်သလား မသိ။ ငါ တစ်သက်လုံး ကျွေးလာတဲ့ သူကို မြင်ရင်တောင် သူ တစ်ခါမှ သည်လောက် အူမရွှင်ဖူးဘူး။ ဒေါ်ယုယုခင်သည် သူ့မျက်နှာ ချက်ချင်း အိုစာသည်ထက် အိုစာလာသည်ကို သိ၏။ သူ့မျက်နှာ ကြည်လင်လာအောင် စိတ်ကို အသစ်ပြန်ပြင်သော ဖဲ၌ ပြောင်းလိုက်၏။ တကယ်တော့ ဆရာဝန်ကြီးကတော် မြနန္ဒာလာမှ သူတို့ဖဲဝိုင်း အိမ်ပြည့်မည် ဖြစ်၏။ သည်တနင်္ဂနွေမှာမှ လူစုရ ခက်လိုက်တာ။ လာနေကျ တရုတ် ကပြား ညီအစ်ကို မလာတာနှင့်ဘဲ ပွဲပျက်ရတော့မလို ဖြစ်သည်။ သူတို့ ညီအစ်ကိုက သည်နေ့မှ သန်လျင်သွားကြသည်တဲ့။ လူပျိုသိုးနှစ်ယောက် သီတာစီးလို့ သန်လျင်သွားပြီး ရှင်မွေ့နွန်း ရှာသလား မသိ။ ဒေါ်ယုယုခင် သည် တကယ်ပင် မျက်နှာကြည်လင်လာပြီး အိုစာခြင်း အနည်းငယ် လျော့သွား၏။ တော်သေးရဲ့။ မန္တလေးကပါလာတဲ့ ကိုလှဦးရဲ့ သူငယ်ချင်း ကိုတင်မောင် တစ်အိမ် ဝင်ပေလို့။ သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောကျာ်းများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။
ဒေါ်ယုယုခင်သည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က မြနန္ဒာကို စ၍ မြင်ဖူးခဲ့သည်ကို သတိရမိလေ၏။ အဲသည်တုန်းက ဒေါ်ယုယုခင်သည် ယခုလို ပေါင် ၁၇၀ ရှိသော ကိုယ်လုံးနှင့် မဟုတ်။ ဆိုးဆေးဖြင့် နီကြန် ကြမ်းကောက်လာသော ဆံပင်နှင့် မဟုတ်။ တကယ်ပါ။ ယုယုခင်တို့လည်း ဖြူဖြူတုတ်တုတ်နှင့် ယောကျာ်းတို့အလယ်မှာ ထည်ခဲ့ဖူးပါသေး၏။ ယုခင်တို့ရဲ့ နှင်းဆီဖူးသဏ္ဌာန် သေးငယ်သော နှုတ်ခမ်းကို သူတကာ စွဲမက်ဖူး ပါသေး၏။ သူရဲ့ ကြီးမားဖွံ့ဖြိုးလှသော ရင်သားများကို တင်းကျပ်သော ဘော်လီဖြင့်ပင် ချိုးနှိမ်ခဲ့ရသေး၏။ မြနန္ဒာနှင့် သူ အသက်တူလောက် ရှိမည်ထင်၏။ သို့သော် မြနန္ဒာသည် ဘီအေ နောက်ဆုံးနှစ်၌ စာသင်နေစဉ်မှာ သူက တက္ကသိုလ်သို့ သစ်လွင်ကျောင်းသူအဖြစ် ရောက်ခဲ့ရ၏။ အဲဒီတုန်းက ဆယ်တန်း အကြိမ်ကြိမ် ကျခြင်းသည် ခုခေတ်လောက် ခေတ်မစားလှပေမယ့် ယုခင် သုံးခါကျခဲ့သည်။ ပြီးတော့လည်း ဘယ် စာမေးပွဲကိုမျှ တစ်ခါဖြင့် မအောင်တတ်။ စာဖတ်ရတာ ဝါသနာကို မပါဘူး။ သူ့၌ ကျောင်းသူစိတ် မရှိ။ အရပ်သူစိတ်သာ ရှိခဲ့သည် အမှန်ပင်။
ကျောင်းမှာကတည်းက မြနန္ဒာ ကျော်ကြားလှသည်။ တိုင်းမင်းကြီးသမီးဆိုတော့ ကျော်ကြားသင့်သည်ထက် ကျော်ကြားတာ ဖြစ်မှာပဲ။ ဘယ်လောက်များ လှလို့လဲ။ အို... လှတာတော့ လှတာပဲ။ ရခိုင်မဆိုတော့ အသားညိုညို ကုလားဆင်ပေါ့။ သူ့နှုတ်ခမ်းကလည်း ယုခင်တို့ နှုတ်ခမ်းလို မသေးငယ်လှပါဘူး။ ခြုံကြည့်ရလျှင် ခုမနက်မှ နိုးထပွင့်သစ်လိုက်သည့် နှင်းဆီလို ကျက်သရေ ရှိတယ်ဆိုတာတော့ မငြင်းချင်ပါဘူး။ ဒါပေမဲ့ ယုခင်တို့လို၊ နယ်ကကျောင်းသူများလို မြန်မာဆန်ဆန် ဣနြေ္ဒနဲ့ နေတတ်တာတွေ မဟုတ်ပါဘူး။ ယောကျာ်းရဲ့ အဖက်ခံပြီး တွဲကရတဲ့ ပွဲတွေမှာ နာမည်ကြီးတာပဲ မဟုတ်ဘူးလား။
နာမည်ကြီးသော မြနန္ဒာကို ဟိုတုန်းက မနီးစပ်ခဲ့ရပေမယ့် ယခု ဒေါ်ယုယုခင်သည် သစ်တော အရေးပိုင် ဦးသန်းတင့်ကတော်အနေဖြင့် တစ်ဖဲဝိုင်းတည်း တန်းတူ ထိုင်ခဲ့ပါပြီ။
ပြန်တွေ့ကြသော် မြနန္ဒာသည် ယုယုခင်ကို ကျောင်းတုန်းက တစ်ခါမျှ မမြင်ဖူးခဲ့ဆိုတာကို သိရသေးသည်။ “အို… ယုက ကျောင်းရောက်တာ အများကြီး နောက်ကျတာပဲ၊ မြနန္ဒာတို့က အဲဒီတုန်းက စီနီယာ မမတွေပေါ့။ ယုတို့က ကျစ်ဆံမြီး နှစ်ဖက်နဲ့ ကလေးစိတ်မပျောက်ဘဲ ကစားလို့ ကောင်းတုန်း” ဟု သူက ငယ်ဟန်ဆောင်လိုက်သေး၏။
ဖြစ်နိုင်လျှင် “ယုက ကောလိပ်ကို အသက် မပြည့်သေးဘဲ ရောက်တာ” လို့များ ပြောလိုက်ချင်သေး၏။ သို့သော် သူ့ယောကျ်ားကို သူ နည်းနည်းရှက်သည်။ ပြီးတော့ ကိုလှဦးဆိုတဲ့လူ နောက်က ထောက်လိုက်ရင် ခက်မယ်။ ဒေါက်တာခင်အေးရီနဲ့လည်း တစ်ခန်းတည်း တစ်လလောက် နေခဲ့ဖူးတော့ ခင်အေးရီက ဟောဟောဒိုင်းဒိုင်းနဲ့ ပွင့်လင်းစွာ ရယ်မော ပြောဆိုတတ်သည်။
မြနန္ဒာက ခင်အေးရီလောက် ကိုယ်လုံးကိုယ်ပေါက် မတောင့်ပါဘူးလို့ သူ တစ်ခါက ခုလို ဖဲဝိုင်းမှာ ပြောဖူးသည်။ (နန္ဒာ့ကို ခုလိုပဲ စောင့် နေကြစဉ်ပေါ့။ မြနန္ဒာ ဘယ်လိုလှကြောင်းကို မျက်နှာရူး ကိုလှဦးတို့၊ တရုတ်ကပြား လူပျိုသိုး ညီအစ်ကိုတို့၊ စိတ်ကူးယဉ် စာရေးဆရာ လင်းထင်တို့၊ အိမ်ကလူတောင် ပါလိုက်သေး။ ဟိမဝန္တာ ချီးမွမ်းခန်း ကျနေတာပဲ)။ သည်တော့ ခင်အေးရီဆိုတဲ့ ကာယကံရှင်ကပါ ရောပြီး အားလုံး ဝိုင်းရယ် ကြသည်။ တကယ်ပဲ မြနန္ဒာက ဘယ်လောက်ချောလို့လဲ။
တစ်သက်လုံး လိုတရနေလို့ မိုးလင်းကမိုးချုပ် ကိုယ့်ကိုယ်ကိုယ် သနေရတာ တစ်ခုပဲ ပူစရာရှိတဲ့ မိန်းကလေး။ သည်လောက်တော့ ဖြစ်ရမှာပေါ့။ မြနန္ဒာက ခပ်ပိန်ပိန်ပဲ။ ပေါင် ၁၃၀ ပဲ ရှိတယ်လို့တော့ ပြောတယ်။ အရပ်က ၅ ပေ၊ ၄ လက်မ ဆိုတော့ မြန်မာအနေနဲ့ ရှည်မျောမျောပေါ့။ ရေမှန်မှန်ကူးလို့ ပြေပြေပြစ်ပြစ်တော့ ရှိပါရဲ့။ တို့အကြိုက်ကတော့ ဖြူမှ၊ တုတ်တုတ်ခဲခဲကလေးမှ လှတယ်ထင်တာပဲ။ မြနန္ဒာရဲ့ ဆံပင်ကလည်း ကောက်လှပါတယ်။ မျက်လုံး၊ မျက်ခုံးကလည်း မှောင်လှပါတယ်။ နှာခေါင်းကလည်း ချွန်လှပါတယ်။ ရခိုင် ခေါ်တောစပ်မဘဲ။
သို့ပေမဲ့ သူ့လက်ဝတ်လက်စားတွေကတော့ ပျံနေတာပဲ ဆရာ။ နီလာစုံ၊ ပတ္တမြားစုံ၊ ပုလဲစုံ၊ စိန်စုံအပြင် ရွှေဒင်္ဂါးမတ်စေ့ပြားကလေးတွေ ကို ဆွဲကြိုး လက်ကောက်မှာ စည်းပြီးပတ်တာက အဆန်းပဲ။ ငွေကိုလည်း ကနုကမာနဲ့ရောပြီး တစ်ဆင်စာ ပြင်ဝတ်တတ်တော့ အဆန်းပဲ။ ဗိုလ်တော့ အတော်ဆန်တဲ့ မိန်းမ။ တတ်လည်း တတ်နိုင်ပေတာကိုး။ ကလေးကလည်း နှစ်ယောက်တည်း။
ဒေါ်ယုယုခင်သည် ကိုယ်ကို ဆတ်ခနဲ တုံ့လိုက်ပြီး မျက်နှာထား ကို ပြင်ပြန်၍ ရယ်ရွှန်းကာ “ဟော... မဒမ် မြနန္ဒာဂျော်ပါလား၊ ယုတို့ စောင့်နေတာ ကြာပြီ” ဟု နှုတ်ဆက်လိုက်လေ၏။
ကြည့်ပါဦး။ အခန်းထဲ ဝင်လာပုံက ရော်ရွက်တွေ ကြွေလာသလိုပဲ။ မင်းသမီးဟန်ကလေးနဲ့ လေမှာ လွင့်လာသလိုပဲ။ အောက်က သည်လောက် မြင့်တဲ့ ခုံမြင့်ဖိနပ်စီးပြီး သည်လောက် ပေါ့ပေါ့ပါးပါး ဝင်လာတာ အံ့ဩဖို့တော့ ကောင်းတယ်။ ခုခေတ်ကြီးမှာတောင် ရှားနဲလ်ရေမွှေးကို လှိုင်အောင် ဆွတ်တုန်းပဲ။ သူ့လင်က နိုင်ငံခြား ခဏခဏ သွားရတာကိုး။ ဒါပေမဲ့ သူ့လင်က မြနန္ဒာကို အရုပ်ကလေးလို ပြင်ပြီး ဧည့်ခန်းမှာ အလှထားတာပဲ။ ဘာမက်စရာတုန်း။
ဒေါ်ယုယုခင်သည် မျက်နှာထား တင်းမာကာ ရင်ပင် ကော့လာပေ၏။ အိမ်မှာတော့ ကိုတင့်သာ အရုပ်ဖြစ်ရမည်။ ကိုတင့်ကို ငါးကျပ်တန်ကအစ သည်ကပေးမှ ကိုင်ရတာ။ ဘယ်ပွေနိုင်မလဲ။ ယုယုခင်တို့ကို မြနန္ဒာလို ထားလို့ ဘယ်ရမလဲ။ မြနန္ဒာ ယောကျာ်းက နံပါတ် ၂-၃-၄ အပြင် မထင်မပေါ်တွေက မနည်းဘူးတဲ့။ ပြီးတော့ ဟိုတစ်လောက အဆိုတော် ဟိုဟာမတောင် အိမ်ပေါ် ခြောက်လလောက် ခေါ်တင်ထားသေးဆိုပဲ။
“မြ လုံချည်လေးက လှလိုက်တာ” ဟု သူ ဆက်ပြောလိုက်၏။ သူ့၌ စိတ်ငယ်ခြင်း စိုးစဉ်းမရှိတော့ဘဲ မြနန္ဒာကို သနားခြင်းပင် ဖြစ်ပေါ်လာလေ၏။ ကလေး မမွေးသော မိမိဘဝကို သူ ကျေနပ်အားရစရာမရှိ တာလည်း မေ့ပျောက်သွားလေ၏။ မြနန္ဒကို လှပသည်လို့ ပြောရမှာလည်း သူ ဝန်မလေးသလို ရှိ၏။ စောစောက နာမည်တောင် မခေါ်ချင်ဘဲ ဖဲ တစ်အိမ်လိုလို့သာ ခေါ်လိုက်သည်ကို သူ့ဘာသာ သတိရ၏။
“လှတဲ့သူ ဝတ်လို့ လှတာပေါ့လေ၊ မြ ဝတ်ရင် ဘာမဆို လှရမှာပေါ့ မဟုတ်ဘူးလား ရီ” ဟု ဒေါက်တာခင်အေးရီဘက်သို့ လှည့်ပြောလိုက်သေး၏။
ဒေါက်တာခင်အေးရီသည် သူပြောသည်ကို ကြားဟန်မရှိဘဲ မြနန္ဒာ လွင့်ပါးဝင်ရောက်လာသည်ကို ငေးမောလျက်ရှိသည်ကို တွေ့ရလေ၏။ ပန်းချီဆရာ ကိုတင်မောင်က ပက်လက်လှန်ချထားသော ဖဲချပ်များပေါ် လက်ထောက်ကာ စီးကရက်ကို အားရပါးရ ရှိုက်ရင်း မီးခိုးများကြားမှ မြနန္ဒာကို တအံ့တဩ ကြည့်သည်။ “လှရက်ပါပေ့ဗျာ” လို့ သူ ဆိုချင်သလား။ သည့်အပြင် တစ်ခုခု သူဆိုချင်သေးသည်။ ဘာလဲ၊ သူ ဘာဆို ချင်သေးသလဲ။ မြနန္ဒာဟာ ဆရာဝန်ကြီးကတော် မဒမ်ဂျော်ပဲ၊ ဒါမှမဟုတ် ၁၆ နှစ်သား ကောလိပ်ရောက်စ ကျောင်းသားရဲ့ အရွယ်တင်သော အမေပဲ။ သည့်ပြင် ဘာဆိုစရာများ ကျန်သေးသလဲ။ ကိုလှဦးကတော့ မိန်းမမြင်လျှင် တူနွှဲ အိပ်ရာဝင်ချင်တတ်သော သူ့စိတ်ရှိမြဲအတိုင်း တပ်မက်ဟန်နှင့်သာ ကြည့်တတ်သည်။ မြနန္ဒာမှာ ကိုလှဦးလိုလူမျိုး တပ်မက်စရာ ဘာရှိသလဲ။ ဘာမှ မရှိလှပါဘူး ထင်သည်။ မြနန္ဒာ၏ ရင်သားများသည် ယခု ပေါင် ၁၇၀ ကျော်လာသော ယုယုခင်၏ နို့မတိုက်ဖူးသော ရင်သားများအရွယ် တစ်ဝက်သာ ရှိမည်။ လင်းထင်ကတော့ အများသိကြသည့်အတိုင်း မြနန္ဒာကို တစ်သက်လုံး စွဲလမ်းလာသူပီပီ မြနန္ဒာကိုမြင်လျှင် လွမ်းအိပ်မက်မက်သည်ပေါ့။ ကြည့်ပါလား။ စောစောက ပျင်းရိပျင်းတွဲဟန်သည် ပျောက်ခဲ့ပြီ။ သူ့မျက်လုံးများ ဝင်းပလှပသည်။ မြနန္ဒာကို သူ တကယ် စွဲတုန်းပဲ။ ဟိုကလည်း စွဲစရာ လုပ်တတ်တုန်းပဲ။ ပြုံးလဲ့လဲ့ကလေးနဲ့ပေါ့။ အေးတိ အေးစက်နဲ့ ခုထိ ကိုယ့်ကို တစ်ခွန်းမှ ပြန်မပြောသေးဘူး။ ကိုတင့်ကော... ကိုတင့်ကော၊ သူ့ယောကျာ်းသည် ကုလားထိုင်မှ တစ်ချက်ထကာ မြနန္ဒာကို ရွှန်းရွှန်းစားစား တစ်ချက်ကြည့်ပြီး ဆက်မကြည့်ရဲသည့်ပမာ မျက်လွှာ ချကာ ဖဲ ၁၃ ချပ်ကို အသစ်ထပ်၍ စီပြန်လေသည်။
“ကဲ... ကိုတင့် ရှင်ထတော့။ မြနန္ဒာ မရောက်သေးလို့ သူ့ တစ်အိမ်ဝင်ခိုင်းထားတာ၊ ဖယ်ပေးလိုက်တော့လေ။ လာ သည်နားလာ။ ကိုယ့် မယားဖဲ ဂျိုကာ နှစ်ကောင်မှ ပါရဲ့လားကြည့်” ဟု ဒေါ်ယုယုခင်သည် ရွှန်းပြက်ပြက်ကလေး ပြောပြန်လေ၏။
သို့သော် ဘယ်သူမျှ ဖဲဝိုင်းကိစ္စ ရုတ်တရက် မလှုပ်ရှားကြသေးဘဲ ရှိလေ၏။
ဒေါက်တာခင်အေးရီသာ ခဏနေမှ ဒေါ်ယုယုခင်ဘက် လှည့်လာပြီး “ဘာဆေးစားလို့များ သည်လောက် နုနုနယ်နယ်ကလေး ဖြစ်နေရတယ် ဆိုတာ မသိတော့ပါဘူး။ သူ ဘယ်တော့မှ မအိုတော့ဘူးလား” ဟု မတိုးမကျယ် ပြောလေ၏။
“အဖြူနဲ့ ခရုခွံ ပန်းရောင်နုကလေး တွဲဝတ်ထားပုံကိုလည်း ကြည့်ပါဦး။ ပုလဲ ဆွဲကြိုးကလေးနဲ့ ဟပ်လို့၊ ရီလည်း အဲဒီလို ဝတ်ကြည့်ဦးမယ်။ ဘယ်လို ထွက်လာမလဲ မသိဘူး။ ဟား... ဟား... ဟား” ဟု ခပ်ကျယ်ကျယ် ရယ်မောပြန်လေ၏။
ဒေါ်ယုယုခင်သည် သူ့ဖဲကို စားပွဲပေါ် ဖုတ်ခနဲ ပစ်ချလိုက်လေ၏။
“ကဲ... မြနန္ဒာ ဝင်လာတာနဲ့ ထမင်းမေ့ ဟင်းမေ့ မေ့ကုန်ကြပြီ။ ဟို... ပန်းချီဆရာကလည်း ဖဲတစ်ထွေလုံး ပက်လက်လှန်ပြီး ချထားတော့ ဘယ်လိုလုပ် သည်ဝိုင်း ကစားလို့ ရတော့မလဲ။ ကောင်းတယ် ကိုတင့် ထွက်...ထွက်။ နှစ်အိမ်ကစားရတာ အားကြီးနာတယ်။ ရှင် သည်လာခဲ့။ ဟောဟိုက ထိုင်ခုံ သည်ဆွဲလာခဲ့။ ပြီးတော့ ကျုပ်ကို ဘေးတိုက်ကြည့်ပြီး ဗိုက်ခေါက်ထူသလေး၊ မေးနှစ်ထပ်ပြူသလေးနဲ့ မကဲ့ရဲ့နဲ့ဦးနော်” ဟု ပြောပြီး၊ “ကဲ... ကိုကိုငမ်းတို့ရဲ့ မြနန္ဒာကို ထိုင်ခွင့်ပေးကြဦးမှပေါ့ရှင့်၊ ဟောဒီ ဒေါက်တာကရော ကိုယ့်ယောကျ်ား ကိုယ်နိုင်အောင် မထိန်းတော့ဘူးလား” ဟု ကျယ်ကျယ်ကြီး ပြောချလိုက်လေ၏။
ကြည့်လေ။ ဝုန်းခနဲ ငနဲသားလေးယောက် ထလိုက်ကြတာ သခင်မ ဘုရင်မ ဝင်လာတာကျနေတာပဲ။ ကိုယ့်လူတောင် ရောယောင်လို့ ပါသေးတယ်။ ယောကျာ်းများ အပေါ်ယံ တယ်မက်တာပဲ။ (မြနန္ဒာဟာ ငါ့လို ယောကျာ်းကို ထမင်းကောင်း ဟင်းကောင်း ချက်ကျွေးမယ် ထင်သလား။ သူ့ ပန်းရောင်လက်သည်းချွန်ကလေးတွေ အရောင်မှိန်မှာ ကြောက်လွန်းလို့။ ပြီးတော့ သားကို ကောလိပ်ကျောင်းမှာ ဘော်ဒါထား၊ သမီးငယ်ကလေး နာနီလက် အပ်ပြီး အပျိုလုပ်နေတာပဲ။ ကားတစ်စင်းနဲ့ လည်နေတာပဲ။ အပျိုလုပ်နေတဲ့ ယမင်းရုပ်ကလေးကို အဖိုးတန်နေလိုက်ကြတာ။ ပန်းချီဆရာက ကုလားထိုင် အတင်းထိုးပေးတယ်။ စာရေးဆရာက စီးကရက် တည်တယ်။ မြနန္ဒာ စီးကရက်ကို မီးခိုးထောင်းထောင်းထပါရော။ မြနန္ဒာ ခေါင်းတစ်ချက်ညိတ်ခေါ်ရင် အကုန်ထလိုက်မယ့် လူချည်းပဲနော်။ တစ်ချက်မှ နောက်လှည့်ကြည့်မယ့်သူ မပါဘူး။ ငတင့်ရောပေါ့။ သူက သာဆိုးသေး။ သည်မိန်းမ အုပ်နိုင်ချုပ်နိုင်လွန်းလို့ မတော်လှန်ရဲလို့ နေရတာ။)
ဒါပေမဲ့ အလှပြင်ပြီး ကားတစ်စီးနဲ့ လည်နေတတ်တဲ့ မြနန္ဒာဟာ လှတာကလွဲလို့ ဘာများ အဖိုးတန်လွန်းလို့ပါလိမ့်။ သူ့ကို ပါတီတကာမှာ မြင်ရပါရဲ့။ သူ့ယောကျာ်းနဲ့ တစ်ကွဲတစ်ပြားစီပဲ။ လာတုန်း အတူလာပြီး ပြန်တော့မှ အတူပြန်ကြတာပဲ။ မြနန္ဒာနားမှာ နိုင်ငံခြားသားတွေကလည်း အုံလို့။ ဟိုတလောက သူ့မောင်ဝမ်းကွဲဆိုတဲ့ ရခိုင်အင်္ဂလိပ် ကပြားလေးနဲ့ တတွဲတွဲပဲ။ တို့တော့ ကြည့်ရတာ မသင်္ကာလှဘူး။ ကောင်လေးကို နိုင်လိုက်တာဆိုတာလည်း ခိုင်းသည့်ကျွန် ထွန်သည့်နွားပဲ။ ခု သည်ကောင်လေး ဘယ်ရောက်နေပြီလဲ။
ဒေါ်ယုယုခင်သည် သူ့မျက်နှာ အိုစာဦးမှာ ကြောက်ပြန်သည်နှင့် ထိုအတွေးမျှင်ကို မနည်း ဖြတ်ရလေ၏။ သူ့ရှေ့မှာ မိုးကျနတ်မယ်လို ထင်ပေါ်ကျော်စောနေသော မြနန္ဒာအား မနှစ်လိုစိတ်ကိုတော့ ချိုးနှိမ်လို့မရ။ ယောကျ်ားတွေကိုလည်း စိတ်ဆိုးသည်နှင့် ဘေးက လင်သည် ဦးသန်းတင့်၏ ကျောကုန်းကို အုန်းခနဲ ထုကာ “ကဲ... အားလုံး အသင့်ဖြစ်ကြပါပြီလားရှင်။ ကျွန်မတို့ ဖဲဝိုင်း စဖို့ အချိန်တော်လောက်ပါပြီနော်” ဟု ပြောလိုက်လေ၏။
တဟားဟား ရယ်တတ်သော၊ ဘယ်လို မိန်းမစားမှန်းလည်း မသိသော၊ သားဖွားဆေးရုံမှာ အချိန်ကုန်ပြီး လင်သည် စာရေးဆရာကို လွှတ်ထားတတ်သော၊ မြနန္ဒာကို စွဲလမ်းစိတ် မပြေသူကို ယူသော ဒေါက်တာ ခင်အေးရီက မိမိကို လှည့်ကြည့်ကာ ပခုံးကို အသာကိုင်ပြီး “သူ့ကုသိုလ်နဲ့သူ ဖြစ်တာပဲ ယုရယ်” ဟု ပြောကာ တဟားဟား ရယ်လိုက်ပြန်ရာ၊ ဒေါ်ယုယုခင်ပင် တဟင်းဟင်းနှင့် အတင်းဖျင်းညှစ်လို့ ရယ်ရချေသေးသည်။
---
မြနန္ဒာသည် တကယ် ကုသိုလ်ကောင်းသော မိန်းကလေးပါပဲဟု ဒေါက်တာခင်အေးရီ တွေးမိလေ၏။ မိန်းမဟူသည် ချောမောလှပမှ သို့မဟုတ် ပညာဉာဏ် ကြီးမားမှ သို့မဟုတ် ဖွဲမျှသာတည်း။ အကြမ်းဖျင်း ပြောရလျှင် မြနန္ဒာသည် မိန်းမလှဖြစ်၍၊ မိမိ ဒေါက်တာခင်အေးရီက မိန်းမပညာရှိဖြစ်ကာ၊ ယုယုခင်သည် ဖွဲမျှသည်တည်း။ ဒေါက်တာခင်အေးရီ သည် ထိုစိတ်ကူးကို ပြက်လုံးကောင်းလို အောက်မေ့ကာ တဟားဟား ရယ်မိပြန်သည်။ ဘာကိုမဆို သူ ရယ်စရာရှာ၍ မြင်တတ်သည်မှာလည်း ကုသိုလ်တစ်မျိုးပင်။
( မြနန္ဒာကို မနှစ်လိုစရာ သူ့၌မရှိ။ မြနန္ဒာ၏အလှသည် ရှားပါး၍ အပြစ်ရှာရ မလွယ်သော ပြည့်စုံကျနခြင်း ရှိလေသည်။ ကြည်နူးစေသော၊ စိတ်ချမ်းသာစေသော၊ နှစ်လိုဖွယ်သော အလှပင်။ မြနန္ဒာ၏ အတွင်းသဏ္ဍာန် တစ်ခုခုကလည်း ရုပ်ရည်အလှနောက်၌ လျှို့ဝှက်ခိုအောင်းကာ စွဲမက်ဖွယ် ကောင်းစေသည်။ ထိုလျှို့ဝှက်ခြင်းသည် ဝမ်းနည်းခြင်းလား။ တရားရှိခြင်းလား၊ ဖြူးဖြောင့်ခြင်းလား၊ တစ်ခုခုပဲ။ ခင်အေးရီ မသိ။ သိနိုင်အောင် ခင်မင်ရင်းနှီး ပေါင်းသင်းခွင့် မရခဲ့။ ထိုလျှို့ဝှက်ခြင်းကြောင့်ပင် အရေပြား တစ်ထောက်သာ လှသော အလှမျှ မဟုတ်ဘဲ အသက်အရွယ်ရလာလေလေ ရင့်ကျက်ပြီး ကျက်သရေ ရှိလေလေ။ အရောင်အဝါ တောက်ပလေလေ ဖြစ်တာ အမှန်ပင်။ မြနန္ဒာသည် ဆံပင်များ ဖွေးဖွေးဖြူတောင် တစ်မျိုးတော့ လှနေဦးမည် ထင်သည်။ ခုလည်း အသက်လေးဆယ် ပြည့်လုပြည့်ခင် ရှိမည်။ သူ့ကို ကြည့်ရသူအား အသက်အရွယ်ကို သတိမရစေသော ဂရု မထားစေသော အဆင်းနှင့် ပြည့်စုံသည်။ )
ကုသိုလ်ကောင်းသည်လို့ ဆိုချင်တာ တစ်ခုကလည်း မြနန္ဒာသည် မျိုးနှင့်ရိုးနှင့် ချမ်းသာ ကြွယ်ဝလှခြင်းပင်။ ပိုက်ဆံ၏ ဖန်တီးချက်ဖြင့် ဘီအေ အောင်ခဲ့သူ။ အင်္ဂလန်၊ အမေရိကန်၊ ဥရောပနှင့် ဂျပန်ကို လှည့်လည်ခဲ့သူ။ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန် သုံးဘာသာကို ကျွမ်းကျင်သူ။ ညစာစားပွဲများကို အထက်တန်းကျကျ တည်ခင်းတတ်သူ မြနန္ဒာ ဖြစ်ရပြန်၏။ သူ့ ယောကျာ်း ဆရာဝန်ကြီး ဖြစ်ခြင်းကလည်း မြနန္ဒာ၏ သရဖူမှ တဖျပ်ဖျပ် လက်သော နီလာကျောက်မျက် ဖြစ်ပါပေသည်။ မြနန္ဒာကို ဘဝက အခွင့်ကောင်း များစွာပေးလိုက်သည်။
သို့ပေမဲ့ ခင်အေးရီသည် မနှစ်လိုမဖြစ်။ မြနန္ဒာနှင့် နေရာချင်း လဲလိုစိတ် မရှိ။ ခင်အေးရီသည်လည်း အားထားစရာ ပညာပါရမီ ပါခဲ့သည်။ ၂၃ နှစ်မှာ ဘယ်သူ ဆရာဝန် အောင်ခဲ့ပါသလဲ။ ၂၇ နှစ်မှာ သားဖွားမီးယပ်သမားတော်ကြီး ဖြစ်ခဲ့ပါသလဲ။ ဆေးရုံအလုပ်တစ်ဖက်ဖြင့်ပင် ဂျာမနီ၊ ပြင်သစ်စာကို သင်ဖြစ်ကာ မြနန္ဒာလိုပင် ကျွမ်းကျင်ရုံမက ဆေးကျမ်းစာများပင် ဖတ်လျက်ရှိသေး၏။ မြနန္ဒာက သေးသွယ်ရှည်လျား၍ ချွန်ထက်သော လက်သည်း ပန်းရောင်ကလေးများက တပြောင်ပြောင် တလက်လက်နှင့် ပီယာနိုတီးသောအခါ ဒေါက်တာခင်အေးရီသည် လက်သည်း ငုံးတိတိ။ လက်စွပ်ပင်၊ နာရီပင် မရှိ။ ဝက်မှင်ဘီးနှင့် ဆပ်ပြာနှင့် ရေနွေး နှင့် အထပ်ထပ် ငါးမိနစ်တိတိ တိုက်ဆေးသဖြင့် နီရဲနေသော လက်များ၊ လက်အိတ်စွပ်ထားသော လက်များဖြင့် ဆေးရုံမှာ ပေါင်းပြုတ်ထားသဖြင့် ပိုးမွှားကင်းသော ကိရိယာများကို ကိုင်ကာ မမွေးနိုင်သော ကိုယ်ဝန်ဆောင် ဗိုက်ကိုခွဲ၍ ကလေးအရှင်ကို ထုတ်ခဲ့သည်။ ကင်ဆာဖြစ်စ သားအိမ်ကို ထုတ်ခဲ့သည်။ သူ့တစ်ကိုယ်လုံး ဖုံးအုပ်ထားသဖြင့် မျက်လုံးနှစ်စုံသာ ပေါ်သော်လည်း ထိုမျက်လုံးတို့သည် စိတ်အားထက်သန်ခြင်းဖြင့် ဝင်းဝင်း တောက်လျက်ရှိသည်။ ခင်အေးရီသည် ပီယာနို မတီးချင်လို့ မတီးခြင်းသာ ဖြစ်သည်ဟု ထင်သည်။ သူ့လက်များသည် ပဉ္စလက်တန်ခိုး ရှိသလို အမျိုးမျိုး တတ်နိုင်တာ အမှန်ပင်။
မြနန္ဒာကို မနှစ်လိုစရာ မရှိ။
တကယ်တော့ မြနန္ဒာကို တကယ်ပင် နှစ်လိုမိသေးသည်။ မြနန္ဒာ မိန်းမလှ၏ အေးဆေးတည်ငြိမ်သော၊ မိန်းမ “ဖွဲ”တို့ မနာလိုခြင်း ရိုက်ခတ်လို့ မရသော အထက်တန်းကျဟန်ကို ခင်အေးရီ သဘောကျလေသည်။ ပြောခဲ့သည့်အတိုင်းပင် မြနန္ဒာ၏ ပြင်ပရုပ် ချောမောလှပခြင်းကို ခင်အေးရီ စူးစမ်းလို့ မရသေးသော (အားလပ်သည့် တစ်နေ့မှာတော့ ရအောင် စူးစမ်းဦးမည်။) ထူးခြားသော အတွင်းသဏ္ဍာန်က ထည်ဝါစေသည်။ မာနကြီးတယ်လို့တော့ မဆိုလိုက်ပါနှင့်။ ခင်အေးရီသည် ခင်အေးရီသာ မဖြစ်လျှင် မြနန္ဒာသာ ဖြစ်ချင်ပါသည်။
တစ်ခုတော့ ရှိသည်။ ခင်အေးရီသည် အနည်းငယ် တုတ်ခိုင်လွန်းသည်။ ဆေးရုံ၌ ပင်ပန်းအိပ်ပျက်လှသဖြင့် အစားပြန်အိပ်ခြင်း၊ ပို၍ စားသောက်ခြင်းတို့ကြောင့်ပဲလား။ ငယ်ငယ်ကတည်းက ရေကူး လမ်းလျှောက် မှန်ခဲ့လို့လား မသိ။ ဒါမှမဟုတ် ပျော်ပျော်နေတတ်သော ဘိုးအေနှင့်ပင် တူလေသလားမသိ။ တဟားဟားဖြင့် ရယ်မောလွယ်သော ဒေါက်တာ ခင်အေးရီသည် အင်မတန်မှ ကျစ်လျစ်တောင့်တင်းလှသည်။ ခုမနက်တိုင်း အင်းလျားတစ်ပတ် ပတ်ဆဲပင်။ သူ့ယောကျာ်း လင်းထင်နှင့် တွဲသွားလျှင် သူက အစ်မကြီးနှင့် တူနေတတ်သည်။ မကြာခဏလည်း အမေးခံရသည်။ မိတ်ဆွေများက နောက်ပြောင်တတ်သည်။ သူသည် လင်းထက်ထက်လည်း ငါးလခန့် အသက်ကြီးတာ အမှန်ပင်။
လင်းထင်နှင့် ဘယ်သူမှ သဘောမတူဘဲ ဇွတ်အဓမ္မ လက်ထပ်ခဲ့သည်။ လင်းက ဘီအေသာ အောင်သော စာရေးဆရာ။ မိဘအမွေကို ရသဖြင့် အေးအေးထိုင်စားနေသော အလုပ်မရှိ။ ဒါထက် အလုပ်မလုပ်သော ယောကျ်ား။
လင်းနဲ့ လက်ထပ်ကြတဲ့နေ့ကများ သိပ်ရယ်ဖို့ကောင်းတာပဲ။ ဟား... ဟား။ ကိုယ်က ဆေးရုံက ညတာဝန်ကအပြန် အိပ်ပျက်နေသဖြင့် မျက်တွင်း ဟောက်ပက်နှင့် ရေ ကမန်းကတန်းချိုး၊ အဝတ်အစား ခပ်ပြောင်ပြောင် လက်လက်ဝတ်ပြီး ကိုယ့်အော်စတင်ကလေး မောင်းပြီး လင်းကို ရှာရတယ်။ လင်းက သူ ငှားနေမြဲ အခန်းကျဉ်းကလေးထဲမှာ စီးကရက်ပြာတွေ ပွလို့။ လင်းကို ရေချိုးခိုင်းတာ မချိုးဘူး။ အင်္ကျီလဲခိုင်းတော့လည်း ပေကပ်ကပ်။ ဘန်ကောက်ပုဆိုးတော့ ရှောရှောရှူရှူ ကောက်ဝတ်ပြီး နှစ်ယောက်သား ရုံးကိုပြေးကြတယ်။ သူ့သူငယ်ချင်း ကိုတင်မောင်ကြည်ရယ်၊ ကိုညွန့်ရွှေရယ်က ရုံးမှာ စောင့်ကြလို့။ ကိုယ့်အပေါင်းအသင်း ဒေါက်တာ မျိုးခင်ရယ်။ ဒေါက်တာ ကြည်နွဲ့ဦးရယ်ကလည်း ရုံးမှာစောင့်ကြလို့။ ကိုယ်က နည်းနည်း ရှက်လို့ အသက် ငါးလလျှော့ပြောလိုက်မှ လက်ထပ်စာချုပ်ထဲမှာ လင်းနဲ့ သက်တူရွယ်တူ ဖြစ်သွားတယ်။ အဲဒီည လင်းရဲ့ စားပွဲကို ကိုယ်ရှင်းတော့ “မောင့်နှမ မြနန္ဒာ” ဆိုပြီး သူ ကဗျာတွေ စပ်ထားတာ အမယ်လေး တစ်ထပ်ကြီးပဲ။ ပထမတော့ (ရှက်ပါရဲ့) မနာလိုမခံချိနဲ့ မျက်ရည်တွေ ဘာတွေကျ။ သူ့ကို ထုနှက်ပြီး ကဗျာတွေ ဆုတ်ပစ်တာပေါ့။ အထပ်လိုက်ကြီး ဆွဲဆုတ်တော့ မစုတ်ဘူး ဆရာရေ။ ဒါနဲ့ စာလုံးလေးတစ်လုံး လှတာတွေ့လို့ ကောက်ဖတ်တော့ တော်တော်ကောင်းတဲ့ ကဗျာတွေ။ နှမြောစရာကြီးဆိုပြီး ကိုကပဲ သိမ်းရသေးတယ်။ ပြီးတော့ ကိုယ်ဘာသာကိုယ် ရယ်ချင်ပြီး ကြုံဖူးရဲ့လားကွယ်တို့ဆိုပြီး တဟားဟား ရယ်ရတာပဲ။ ဘယ်တတ်နိုင်မလဲ။
နောက်ငါးနှစ်လောက်ကြာမှ ကြည်နွဲ့ဦးနှင့် ကိုမျိုးခင်တို့ စထရင်းမှာ ကြီးကြီးကျယ်ကျယ် လက်ထပ်ကြလေသည်။
အဲဒီမှာမှ မြနန္ဒာကို ပထမဆုံး မြင်ဖူးသည်။
မြနန္ဒာ နာမည်ကြီးလှပေမယ့် ခင်အေးရီသည် ကောလိပ်၌ ထင်ပေါ် ကျော်ကြားတာတွေကို ဂရုမစိုက်သဖြင့် တစ်ကြောင်း၊ သူကိုယ်နှိုက်က ရွှေတံဆိပ်ဆုရပြီး ပညာဘက်မှာ ကျော်ကြားသလို စာမပြတ် ကျက်မှတ်ရသည်မို့ တစ်ကြောင်း၊ သူလို စာသာကျက်တတ်သော ကျောင်းသူနှင့် မြနန္ဒာတို့ မင်းမူစိုးမိုးသော ပါတီပွဲသဘင်များ မအပ်စပ်သည်က တစ်ကြောင်းကြောင့် မြနန္ဒာကို ကျောင်းမှာ မမြင်ဖူးခဲ့ချေ။ ပြီးတော့ ယူနီဗာစီတီမှာ ၂ နှစ်သာ နေရပြီး လမ်းတော် ဆေးကျောင်းသို့ ပြောင်းခဲ့ကာ ဂျူဗလီဟောနားက ဆင်ပဆင်ဟိုတယ်မှာ နေလာရသည်သာ။ မြနန္ဒာကို မတွေ့နိုင် ပြန်ချေ။ ပြီးတော့ မြနန္ဒာက နေ့ကျောင်းသူ ဖြစ်သည်။
ကြည်နွဲ့ဦးတို့ မင်္ဂလာဆောင်ကို မီအောင် ဆေးရုံမှ ပြေးရပြန်တော့ ခင်အေးရီ လက်များသည် သားဖွားဆေးရုံနံ့ တော်တော်နံနေသေးသည်။ စင်အောင် မဆေးခဲ့ရ။ မေ့ပြီး ရေမွှေး မဆွတ်ခဲ့မိပြန်သဖြင့် သူ့ပတ်ဝန်းကျင်က မမချောတို့ သူ့ကို လှည့်ကြည့်ကာ နှာခေါင်းရှုံ့ကြတာ မှတ်မိသေးသည်။
(ယခုလည်း အိမ်သို့ ပြန်လာလျှင် သားအငယ်ဆုံးကလေးသည် “မေမေ့အနံ့ ရတယ်ဟေ့၊ မေမေ ပြန်လာပြီ မဟုတ်လား” ဟု အော်ကာ မေမေ ဖေဖေ အခန်းထဲသို့ ပြေးဝင်လာမြဲပင်။ သားငယ်ကလေးသည် အင်မတန် နှာခေါင်းပါးသည်။ စံပယ်ပန်းကို ကြိုက်တတ်သည်။ သူ့အဖေလို ကဗျာဆရာဖြစ်မည် ထင်သည်။ သီချင်း ကြိုက်လိုက်တာလည်း သူမတူ။ စကားမပြောတတ်ခင်က သီချင်းသွားကို မေမေ ထည့်၍ အစအဆုံး မှန်အောင် ဆိုလေသည်။)
ကြည်နွဲ့ဦးတို့ မင်္ဂလာဆောင်ကို မြနန္ဒာသည် ယခု ဖဲဝိုင်းသို့ လာသလိုပင် အဖြူနှင့် ခရုခွံပန်းနုရောင်ကလေးဝတ်ကာ ပုလဲနှင့်ငွေ တွဲဝတ်လာသည်။ အဲဒီခေတ်တုန်းက ထဘီအဖြူချိတ်ဆိုတာ မင်္ဂလာသတိုးသမီးတောင် ဝတ်ရမှန်း မသိသေးတဲ့ ခေတ်ပေါ့။ မြနန္ဒာက ပိုးပျော့အဖြူမှာ ငွေပွင့်များခြယ်သည့် ထဘီနှင့် လဲ့လဲ့လေးသာ အရောင်တင်သည်။ ပန်းနု အကျႌလက်ရှည်နှင့် ပဝါမခြုံပေ။ သူ့အမူအယာအတိုင်း လေမှာ လွင့်ပါး ကြွေလျောလာသည့် နှင်းဆီပွင့်ဖတ်ကလေးလို ဝင်လာလိုက်တာ လူတကာ ငေးလို့နေရသည်။ အဲသည်တုန်းက သူ့ယောကျာ်း ဆရာ ပါမလာချေ။
ဆရာလား၊ ဆရာကတော့ အများသိကြသည့်အတိုင်း သည်လောက် အဖိုးတန်အလှကလေးကို ရအောင်ယူ၊ ဧည့်ခန်းမှာ ထားပြီး ခပ်ထထ ကျောင်းသူကလေးတွေ၊ နာ့စ်မလေးတွေ ကားပေါ်တင်ကာ တစီစီ နေမြဲ။
ကျောင်းတုန်းက ဆရာ့ဝါသနာကို ကြောက်၍ ဆရာ့ စာသင်ချိန်မှာ ခင်အေးရီတို့တတွေ တော်တော် သတိနှင့်နေခဲ့ကြသည်ကို သတိရပြန်၏။
သည်တစ်ချက်နှင့်ပင် မြနန္ဒာကို သူမ နှစ်လိုဖွယ်လုံးလုံး မရှိလို့ ဆိုနိုင်ပြန်ပါသည်။ (လောက၌ ဘယ်လိုပင် ဘာမဆို ပြည့်စုံသည်ဖြစ်စေ လင်၏အချစ်ကို မခံရသော မိန်းမကို ဘယ်သူ မနာလို ရှိနိုင်မည်လဲ။)
လင်းက မြနန္ဒာကို ခုထိ မောင့်နှမ မြနန္ဒာလို့ လွမ်းချင်လည်း လွမ်းပါစေပေါ့။ ကဗျာဉာဏ် ဝင်ချင်လို့သာပါပဲ။ လင်းက တစ်ခါ တစ်ခါ ကလေးလိုပဲ ယောကျာ်းများစွာဟာ ကလေးဆိုးကြီးတွေနဲ့ တူတာ အမှန်ပဲ။ ဆေးရုံမှာ ကြည့်ပါလား။ သတ္တိချင်းယှဉ်ရင် မိန်းမတွေကို တစ်ဝက် မမီဘူး။ ဆေးထိုးတာကလေးလောက်တောင် အပ်နဲ့မရွယ်ခင်က ယောကျ်ားတွေ နာကြ၊ အော်ကြ။ ဆေးရုံကြီးမှာ လုပ်တုန်းက ယောကျ်ားတစ်ယောက်များ အကြောက်လွန်ပြီး တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေလို့ ထုံဆေးပေး ပြီးမှ ခွဲမဖြစ်လို့ မေ့ဆေးပေးပြီးမှ လိပ်ခေါင်းခွဲရတာ ကြုံဖူးသေးတယ်။ မိန်းမထဲမှာ တစ်ခါမျှ မဖြစ်ဖူးဘူး။ လင်ယူဝံ့တာ၊ ကလေးတွေ မွေးဝံ့တာ နည်းနည်းသတ္တိမှ မဟုတ်တာ။
လင်းက မြနန္ဒာကို တကယ် ချစ်ဖူးရင်လည်း ချစ်ဖူးမှာပေါ့။ ဒါပေမဲ့ အဝေးက ငေးမျှော်ချစ်ခဲ့တာ ဘယ်လောက် စွဲလမ်းနိုင်မှာလဲ။ ဟုတ်ပါတယ်။ သူတို့ သိကျွမ်းကြဖူးသေးတယ်တဲ့။ မမမြနန္ဒာရဲ့ မောင်လေး လင်းထင်ပေါ့။ သူ့ထက် လေးနှစ်လောက် ငယ်တယ်တဲ့။ အိုင်အေ အောက်တန်း ကျောင်းသားသစ်ကလေးကို ခိုင်းလို့ကောင်းတဲ့ ဇာတ်လမ်းပေါ့။ လင်းက ပြောတယ်။ တစ်ခါတိတိပဲ ဘိုင်စကုပ် နှစ်ယောက်အတူတူ ကြည့်ဖူးပါတယ်တဲ့။ ဒါလည်း အမှတ်မထင် ပြောမိတဲ့ မြနန္ဒာရဲ့စကားကို သူက အတင်းကတိတည်ခိုင်းလို့ ကြည့်ကြရတာလေ။ ပြီးတော့ လင်း အိုင်အေ အထက်တန်းလည်း တက်တော့ ကြီးပွားသွားလိုက်တာ မြနန္ဒာ လည်း လင်ယူပါလေရော။ ဟား... ဟား။
အချစ်ဆိုတာ လင်မယားမှာသာ ရှိတာပါ။
မနေ့ကပဲ တစ်အိမ်လုံး အင်းလျား ရေကူးသွားကြတယ်။ ကလေး ငါးယောက်ကို ကားနဲ့အပြည့် တင်လို့ပေါ့။ သူတို့အားလုံး ရှေ့ကသွားကြတော့ ကလေးတို့အဖေ လင်းနဲ့ ကလေးတတွေကို နောက်ကနေ ကြည့်ရင်း လင်းဟာ ဘယ်တော့မှ ငါ့လက်က မလွတ်နိုင်ဘူးလို့ စဉ်းစားမိတယ်။ ကိုယ်တစ်ယောက်တည်း နောက်က ဖြည်းဖြည်းလိုက်လာတယ်။ သူတို့နဲ့ အတော်ဝေးဝေးမှာကျန်ခဲ့တော့ ငယ်ငယ်ကလို လွတ်လပ်တဲ့စိတ် ပြန်ပေါ်လာတယ်။ လင်နဲ့သားနဲ့ ဘဝက အလှမ်းကွာသွားပြန်သလိုပဲ။ ဟုတ်တယ်။ လူတွေဟာ တစ်ယောက်ချင်းပဲ မွေးဖွားလာတာကို ဘယ်လိုလုပ်ပြီး အမြဲ လုံးဝ အမြဲတမ်းနော်။ အမြဲတမ်း မေ့နိုင်မှာလဲ။ အဲဒီအချိန်မှာ လူရွယ် နှစ်ယောက်က တူရူက လျှောက်လာပြန်တယ်။ တစ်ယောက်က တယ် တောင့်ပါလားလို့ ပြောသွားတယ်။ တစ်ယောက်က ဆိုဖီယာလိုရင်ကြီးလိုပဲတဲ့လေ။ ငယ်ငယ်ကလိုသာဆိုရင်တော့ ဟားပစ်လိုက်မှာပဲ။ ခုတောင် လင်း မကြိုက်မှာစိုးလို့ ဟားလိုက်ချင်သေးတယ်။ ဒါပေမဲ့ သားအငယ်ဆုံးလေးက ပြန်လှည့်လာပြီး လမ်းတစ်ဝက်က စောင့်တယ်။ လင်းကလည်း လှည့်ကြည့်ပြီး ရပ်စောင့်နေပြန်ပြီ။ အနားရောက်တော့ ဘာပြောလဲ သိလား။
“ရီ့ သားကလေ သူ့အမေကို သိပ်နှမြောတာ” တဲ့။
“ဘာဖြစ်လို့”
“ခုန ကောင်းလေးနှစ်ကောင် တွေ့တော့၊ အဖေ ဟိုမှ မေမေ တစ်ယောက်တည်းတဲ့။ ဒါနဲ့ ကိုယ်က ဘာဖြစ်လဲကွလို့ ပြောတော့၊ အို... ရေထဲ မြှုံးထောင်ထားတော့ သွားကြည့်ဦးမယ်ဆိုပြီး ရီ့ဆီကို ပြန်ပြေး လာတာ”
“လင်းကတော့ မနှမြောဘူးပေါ့လေ”
“ပေါတာမ”လို့ ဆိုပြီး သွားပေမယ့် လင်းဟာ ကိုယ့်ကို ဘယ်တော့မှ ရေကူးအဝတ် ဝတ်ခွင့်မပေးခဲ့ဘူး။ ငယ်ငယ်က ရေကူးရင် အမြဲ ဆွင်းမင်းစုနဲ့ ကူးတာ။ ခု ထဘီရင်လျားကြီး တပြုတ်ပြုတ်နဲ့ မကူးချင်တော့ပါဘူး။
---
(အပိုင်း ၂ ဆက်ရန်)
#ကြည်အေး
#မောင်ကိုကိုနှင့်မြနန္ဒာ
#shared_by_louis_augustine
Comments
Post a Comment