လေရူးသုန်သုန် (အခန်း ၅၃ အဆက်) // မြသန်းတင့်

လေရူးသုန်သုန် (အခန်း ၅၃ အဆက်) // မြသန်းတင့်

“အစ်ကိုဟာ အစ်ကိုပဲဖြစ်ချင်တယ် ဟုတ်လား” စကားလက်က အရွဲ့တိုက်၍ ရယ်၏။ “စကားလက်လည်း စကားလက်ပဲ ဖြစ်ချင်တာပေါ့၊ ဒါပေမယ့် အဲဒီလိုဖြစ်ဖို့က အခက်ဆုံးပဲ အစ်ကို၊ စကားလက် ဘာဖြစ်ချင်သလဲ ဆိုတာနှင့် ပတ်သက်လို့တော့ စကားလက် ဖြစ်ချင်တာကို ဖြစ်နေပြီလို့ ထင်တာပဲ၊ စကာလက် ချမ်းသာချင်တယ်၊ ဘဝ လုံခြုံမှု ရှိချင်တယ်၊ ပြီးတော့”

“ကိုယ်ကတော့ ဆင်းရဲ ဆင်းရဲ၊ ချမ်းသာ ချမ်းသာ၊ ဒါတွေ သိပ် အရေးမကြီးပါဘူး၊ ဒါကိုကော စကားလက် သဘောပေါက်ရဲ့လား မသိဘူး”

စကားလက် သဘောမပေါက်။ မချမ်းသာချင်သူဟူ၍ ရှိလိမ့်မည် မထင်။

“ဒါဖြင့် အစ်ကိုက ဘာကို လိုချင်တာလဲ”

“ခုတော့ မသိသေးဘူး၊ တစ်ခါကတော့ သိခဲ့ဖူးတယ်၊ ဒါပေမယ့် ခု မေ့သလိုလို ဖြစ်နေပြီ၊ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တယ်၊ ကိုယ် မကြိုက်တဲ့ လူတွေ ခိုင်းတာကို မလုပ်ချင်ဘူး၊ တစ်နည်းပြောရရင် ဟိုတုန်းက ခေတ်ကို ပြန်ရောက်ချင်တယ်၊ ဒါပေမယ့် ဒီခေတ်ဟာ ပြန်လာမှာလည်း မဟုတ်တော့ဘူး၊ ဒီတော့ အစ်ကို့မှာ အဲဒီ ခေတ်ဟောင်းရဲ့ တစ္ဆေ

အမြဲ အခြောက်ခံနေရတယ်၊ ပြိုကွဲ ပျက်စီးသွားတဲ့ အစ်ကိုတို့ ခေတ်၊ အစ်ကိုတို့ လောကရဲ့တစ္ဆေ အမြဲ အခြောက်ခံနေရတယ်”

စကားလက်က ပါးစပ်ကို ခပ်တင်းတင်း စေ့ထား၏။ သူ ပြောသည့်စကားကို နားမလည်၍ မဟုတ်။ သူ့အသံက ဆွေးမြည့်သံ ပါသည်။ သူ့အသံကို နားထောင်ပြီး ခေတ်ဟောင်းကို ပြန်၍ လွမ်းသည်။ ပြန်၍ အောက်မေ့သည်။ သူ့ နှလုံးသည် နာကျင်ကိုက်ခဲလာ၏။ သို့ရာတွင် ဝက်သစ်ချမြိုင်က စိုက်ခင်းထဲတွင် မူးမေ့ လဲသွားသည့် နေ့မှစ၍ “ငါ နောက်ကို ပြန်မကြည့်တော့ဘူး” ဟု သူ ဆုံးဖြတ်ခဲ့ပြီ မဟုတ်လော။ စကားလက် အတိတ်ကို မျက်နှာ လွှဲခဲ့ပြီးပြီ။

“စကားလက်ကတော့ ခုခေတ်ကို ပိုပြီး သဘောကျတယ်” စကားလက်က ပြော၏။ သို့ရာတွင် အက်ရှလေနှင့် မျက်လုံးချင်း မဆိုင်။ “ခု ခေတ်မှာ နေရတာက ပျော်စရာကြီး၊ စိတ်ဝင်စားစရာတွေ အမြဲ တွေ့နေရတယ်၊ ဧည့်ခံပွဲတွေ ရှိတယ်၊ ကပွဲတွေ ရှိတယ်၊ အို စုံလို့ပဲ၊ ဒီခေတ်ကြီးက ဘယ်နေရာ ကြည့်ကြည့် တောက်တောက်ပပ ထိန်ထိန် လက်လက်နှင့်၊ ပျော်စရာတွေ ချည်းပဲ၊ ဟိုခေတ်က ပျင်းစရာ၊ ငြီးငွေ့စရာကြီး” (စင်စစ်မူ အေးဆေး၍ နွေးထွေး ရိပ်ငြိမ်သည့် ကျေးလက်ဆည်းဆာများ၊ အစေခံ တန်းလျားများမှ နူးညံ့ တိုးတိတ်သည့် ရယ်သံများကို စကားလက် လွမ်းသည်။ ထိုစဉ်က ဘဝက နွေးနွေးထွေးထွေး ပျော်စရာ။

အနာဂတ်က တောက်တောက်ပပ။ ကြည်ကြည် လင်လင်။ အမှန်၌ အက်ရှလေ ပြောသည့် စကားကို သူ မငြင်းနိုင်။)

“စကားလက်ကတော့ ခုခေတ်ကို ပိုပြီး သဘောကျတယ်”

ပြောမည့်သာ ပြောရသည်။ အသံက တုန်ယင်လျက်။

အက်ရှလေက စားပွဲပေါ်မှ လျှောဆင်း၏။ မယုံနိုင်သည့်ဟန် ခပ်အုပ်အုပ် ရယ်နေသည်။ စကားလက်၏ မေးကို ဆွဲယူ၍ မော့လိုက်သည်။

“စကားလက် လိမ်ပြောပုံကလည်း မပိရိလိုက်တာကွယ်၊ ဟုတ်ပါတယ်၊ တစ်နည်းအားဖြင့်တော့ ဒီခေတ်ကြီးဟာ ထိန်ထိန်လက်လက် တောက်တောက်ပပ ပါပဲ၊ အဲဒါကြောင့် ခု ခက်နေတာပေါ့၊ ရှေးတုန်းက ခေတ်က ခုခေတ်လို အရောင် မထွက်ဘူး၊ ပျော်စရာ မကောင်းဘူး၊ ဒါပေမယ့် လွမ်းစရာ ကောင်းတယ်၊ လှတယ်၊ အေးဆေးတည်ငြိမ်တဲ့ ဂုဏ်ဒြပ် ရှိတယ်”

စကားလက်၏ စိတ်သည် လွန်ဆွဲလျက် ရှိ၏။ မျက်လွှာကို ချလိုက်သည်။ သူ့အသံ သူ့ အထိအတွေ့သည် အသေ

ပိတ်ထားခဲ့သည့် စကားလက်၏ စိတ်တံခါးကို ဖြည်းညင်းစွာ ဖွင့်လျက် ရှိ၏။ ထိုတံခါး၏ နောက်ကွယ်တွင် သူတို့ ငယ်ငယ်က ခေတ်၏ အလှ။ အလှကို လွမ်းသည့် အလွမ်းသည် သူ့ရင်ထဲတွင် ပြည့်လျှံနေသည်။ သို့ရာတွင် ထိုခေတ်သည် မည်မျှ လှသည် ဖြစ်စေ၊ မည်မျှ လွမ်းစရာ ကောင်းသည်ဖြစ်စေ ရင်ထဲတွင် တံခါး ပိတ်၍သာ ထားရလိမ့်မည်။ လွမ်းစရာ၊ ဆွေးစရာတွေ တစ်ထမ်းကြီးဖြင့် ရှေ့သို့ ခရီးဆက်သွား၍ မဖြစ်။

အက်ရှလေက သူ့မေးကို လွှတ်လိုက်ပြီး စကားလက်၏ လက် တစ်ဖက်ကို သူ့လက်ဖြင့် အုပ်ကိုင်ထားသည်။

“စကားလက် မှတ်မိသေးလား”

အက်ရှလေက မေးသည်။ “နောက်ပြန် မကြည့်နှင့်၊ နောက်ပြန် မကြည့်နှင့်” ဟု စကားလက် စိတ်ထဲတွင် သတိပေး ခေါင်းလောင်းသံ မြည်နေသည်။

သို့ရာတွင် သတိပေးသံကို စကားလက် သတိမမူ။ စကားလက်၏ စိတ်သည် ပျော်လာ၏။ အက်ရှလေကို နားလည်လာသည်။ သူတို့ စိတ်နှစ်စိတ်သည် ပေါင်းမိကြသည်။ ဤ အချိန်ကလေးသည် အဖိုးတန်သည်။ အဆုံးမခံနိုင်။

နောင်တွင် မည်မျှ နာကျင် ထိခိုက်သည် ဖြစ်စေ ဤအချိန်ကလေးကို စကားလက် အဆုံးရှုံး မခံနိုင်။

“စကားလက် မှတ်မိသေးလား ဟင်”

အက်ရှလေက ပြန်ပြောနေသည်။ အက်ရှလေ၏ စကားသံ အောာက်တွင် သစ်ခွဲစက် ရုံးခန်းကလေးသည် တဖြည်းဖြည်း မှုန်ဝါးသွားသည်။ နှစ်ဟောင်းများသည် ပြန်ပေါ်လာကြ၏။ နှောင်းလုဆဲ နွေဦး၌ သူတို့နှစ်ယောက် တောထဲက လူသွားလမ်းကလေး တစ်လျှောက် မြင်းစီးနေကြသည်။ ရှေးဟောင်း နှောင်းဖြစ်များကို ပြန်ပြောရင်း သူ့လက်ကို ဆုပ်ထားသည့် အက်ရှလေ၏ လက်များသည် တင်းကျပ်လာကြ၏။ သူ့အသံသည် မေ့လုမေ့ခင် သီချင်းဟောင်းများ၏ လွမ်းစရာ့ သဘောကို ဆောင်လာသည်။ တာလက်တန်တို့ ပျော်ပွဲစားသို့ သွားခဲ့ကြပုံ၊ ရယ်သံ တလွင်လွင်ဖြင့် အပူအပင် မရှိ ရယ်ခဲ့ပုံ၊ အက်ရှလေ၏ ဝါလဲ့လဲ့ ဆံပင်များပေါ်သို့ နေခြည် ဖြာကျနေပုံ၊ ခါးကို မတ်လျက် သက်သောင့်သက်သာ မြင်းစီးလာပုံ၊ မြင်းဇက်သံများ တချွင်ချွင် မြည်နေပုံ၊ ဝက်သစ်ချမြိုင် အိမ်ဖြူဖြူကြီးတွင် ဗျတ်စောင်းသံ၊ ဘင်ဂျိုသံ တမြိုင်မြိုင်ဖြင့် ကခဲ့ကြပုံ၊ အေးမြသည့် ဟေမန်ဦး လသာရက်များ၌ ကိုင်းတောစပ်ထဲမှ စွေ့မြည်သံများကို ကြားရပုံ၊ နာတာလူး ပွဲတော်ညများတွင် သစ္စာပန်းများဖြင့် ရံထားသည့် အိုးကြီးများထဲ၌ ကြက်ဥ၊ နို့နှင့် အရက်တို့ ရောခေါက်ထားသည့် အနံ့ မွှေးပျံ့နေပုံ၊ သူတို့မျက်နှာများတွင် အပြုံးတွေ ဝေနေကြပုံတို့ကို စကားလက် မြင်ယောင်သည်။ သူငယ်ချင်း ပေါင်းဟောင်း သင်းဟောင်းများ၏ မျက်နှာများသည် ပြုံးလျက် ပေါ်လာကြ၏။ အသက်ရှင်နေကြသေးသည့်နှယ် ဆံပင် နီနီ ခြေတံ ရှည်ရှည်နှင့် အလွန် အကျီစားသန်သည့် စတူးဝပ်နှင့် ဖရင့်တို့ အမြွှာ ညီအစ်ကို။ မြင်းပေါက်ကလေးများလို မြူးတူးနေကြသည့် တွမ်နှင့် ဘွိုက်တို့ ညီအစ်ကို။ မျက်လုံး နက်နက်များနှင့် ဂျိုးဖွန်တိန်။ ခပ်အေးအေး နေတတ်သည့် ကိတ်နှင့် ရေဖို့ကားလ်ဗတ် ညီအစ်ကို။ ဦးကြီး ဂျွန်ဝီလ်ကီ။ ဘရန်ဒီ တန်ခိုးဖြင့် မျက်နှာ နီရဲနေသည့် ဖေဖေ။ ခပ်တိုးတိုး စကားပြောတတ်၍ ဆောင်တော်ကူးနံ့ သင်းနေသည့် မေမေ။ ထိုလူများ အားလုံးကို စကားလက် မြင်ယောင်လာသည်။ ထိုအရာများ အားလုံးပေါ်၌ ဘဝ လုံခြုံမှု ရှိသည်ဟူသော အသိ။ နက်ဖြန်သည်လည်း ယနေ့ သည်ကဲ့သို့ပင် ပျော်ရွှင်စရာများဖြင့် ရှိနေလိမ့်မည်ဟု မျှော်လင့်ခြင်း စသည်တို့သည် ပေါ်လာကြ၏။

အက်ရှလေ၏ အသံက ရပ်သွား၏။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အတန်ကြာ စိုက်ကြည့်နေမိကြသည်။

သူတို့နှစ်ဦး၏ စိတ်သည် ကုန်ဆုံးသွားသည့် နေခြည်ဖြာသော လူငယ် ဘဝသို့ ပြန်ရောက်နေကြသည်။

“အစ်ကို ဘာကြောင့် မပျော်တော့သလဲဆိုတာ ခု စကားလက် သိပါပြီ အစ်ကို” စကားလက် စိတ်ထဲတွင် ဝမ်းပန်းတနည်း တွေးနေသည်။ “အရင်တုန်းကတော့ စကားလက် နားမလည်ခဲ့ဘူး၊ စကားလက်လည်း မပျော်ဘူး၊ ဒါပေမယ့် ဘာကြောင့် မပျော်သလဲဆိုတာ အရင်တုန်းက စကားလက်ကိုယ်တိုင်လည်း နားမလည်ခဲ့ဘူး၊ ဒါပေမယ့် စကားလက်တို့ ဘာဖြစ်လို့ အဘိုးကြီး အမယ်ကြီးတွေလို ပြောနေမိကြတာလဲ” စကားလက် တအံ့တဩ တွေးမိသည်။ “ဟုတ်တယ်၊ စကားလက်တို့ ပြောနေကြတဲ့ စကားတွေဟာ အသက်ငါးဆယ်ကျော် အဘိုးကြီး အမယ်ကြီးတွေ ပြောကြတဲ့ စကားမျိုးတွေ ဖြစ်နေတယ်၊ ဒီနှစ်တွေ အတောအတွင်းမှာ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့ကြတယ်၊ အပြောင်းအလဲတွေက သိပ်များလွန်း မြန်လွန်းတော့ အနှစ်ငါးဆယ်လောက် ကြာသွားပြီလို့တောင် ထင်ရတယ်၊ ဒါပေမယ့် စကားလက်တို့ မအိုသေးပါဘူး အစ်ကို”

သို့ရာတွင် အက်ရှလေကို ကြည့်လိုက်သည့်အခါ၌ အက်ရှလေသည် ပျိုရွယ်ခြင်း မရှိတော့။ တောက်ပခြင်း မရှိတော့။

သူ့ လက်ထဲတွင် ဆုပ်ထားသည့် စကားလက်၏ လက်များကို သညာကင်းစွာ ငုံ့ကြည့်နေသဖြင့် သူ့ခေါင်းသည် ငိုက်စိုက် ကျလျက် ရှိ၏။ တစ်ခါက ဝါလဲ့လဲ့ ဆံပင်များသည် ဖြူကုန်ကြပြီ။ ငြိမ်သော ရေပြင်ပေါ်တွင် လရောင် ပြေးနေသည့်နှယ် ရှိသည်။

ဧပြီ ညနေခင်း၏ ဝင်းလဲ့သည့် အလှသည် ပျောက်ကွယ်သွားပြိ။ သူ့နှလုံးသားမှ အလှသည်လည်း ပျောက်ကွယ်သွားပြီ။

အောက်မေ့ တမ်းတရခြင်း၏ ချိုမြိန်သည့် အရသာသည် ခါးသီးသွားပြီ။

“အတိတ်ကို ပြန်မစဉ်းစားမိအောင် သူ့ကို တားလိုက်မိရင် အကောင်းသား” ဟု စကားလက် တွေးသည်။ “အတိတ်ကို ဘယ်တော့မှ ပြန်မကြည့်ဘူးလို့ ငါ ပြောခဲ့တာ မှန်သားပဲ၊ အတိတ်ကို ပြန်ကြည့်ရတာ ရင်နာရတယ်၊ ဝမ်းနည်းရတယ်၊ အတိတ်ကို ပြန်ကြည့်တယ်ဆိုတာမျိုးဟာ ရင်ထဲမှာ ခဲကြီး ဆွဲထားသလို လေးနေပြီး ရှေ့လျှောက် ဘာမှ လုပ်လို့ မရတော့ဘူး၊ အလုပ်တစ်ခု လုပ်တိုင်း အတိတ်ကိုပဲ ပြန်ပြန်ကြည့်နေမိတော့တာပဲ၊ ဒါကြောင့် အစ်ကိုဟာ ဒီလို ဖြစ်နေတာပေါ့၊ အစ်ကိုဟာ ရှေ့ကို မကြည့်နိုင်တော့ဘူး၊ ပစ္စုပ္ပန်ကိုလည်း မကြည့်ရဲတော့ဘူး၊ အနာဂတ်ကိုလည်း ကြောက်တယ်၊ ဒီတော့ အတိတ်ကိုပဲ ပြန်ကြည့်နေတော့တာပေါ့၊ ဒါကို အရင်တုန်းက ငါ နားမလည်ခဲ့ဘူး၊ အစ်ကို့ကို အရင်တုန်းက ငါ နားမလည်ခဲ့ဘူး၊ အတိတ်ကို ပြန်ကြည့်မနေစမ်းပါနှင့် အစ်ကိုရယ်၊ အတိတ်ကို ပြန်ကြည့်နေလို့ ဘာအကျိုး ထူးမှာလဲ၊ တကယ်ကတော့ အတိတ် အကြောင်းတွေကို ပြောအောင် ငါ မဖြားယောင်းသင့်ဘူး၊ အတိတ်က ပျော်စရာတွေကို ပြန်တွေးရင် ဘာမှ အကျိုးမထူးဘူး၊ ရင်နာရရုံ၊ အသည်းကွဲရရုံ၊ ဝမ်းနည်းရရုံ၊ စိတ်ဆင်းရဲရရုံ အဖတ်တင်မှာပဲ”

စကားလက် ထိုင်ရာမှ ထ၏။ အက်ရှလေက သူ့လက်ကို ဆုပ်ထားဆဲ။ အိမ်ပြန်တော့မည်။ ဤနေရာတွင် မနေချင်တော့။ အတိတ်ကို မတွေးချင်တော့။ နွမ်းနယ်သော၊ ကြေကွဲဟန် ရှိသော၊ ခြောက်သွေ့သော အက်ရှလေ၏ မျက်နှာကို မကြည့်ချင်တော့။

“ဟုတ်တယ် အစ်ကို၊ စကားလက်တို့ ဘဝမျိုးစုံကို တွေ့ခဲ့ကြရပြီ” စကားလက်က အသံကို တည်ငြိမ်အောင် ကြိုးစား၍ ပြော၏။ လည်ချောင်းထဲတွင် တင်းကျပ်နေရာမှ အနိုင်နိုင်အားယူသည်။ “အဲဒီတုန်းကတော့ စိတ်ကူးနှင့် ပြောခဲ့ကြတာပေါ့လေ၊ ဒါပေမယ့် စကားလက်တို့ မျှော်လင့်ခဲ့ကြသလို ဘာမှ ဖြစ်မလာခဲ့ဘူး”

“ဟုတ်တယ်၊ ဘယ်တော့မှ မျှော်လင့်သလို ဖြစ်မလာဘူး၊ ဘဝဆိုတာ သူ ဖြစ်ချင်ရာ ဖြစ်တာပဲ၊ အစ်ကိုတို့ မျှော်လင့်နေသလို စိတ်တိုင်းကျအောင် ဘယ်လုပ်ပေးနိုင်မလဲ၊ ရောက်သမျှ ဘဝမှာ ရှိသမျှနှင့် တင်းတိမ်ကြရမှာပေါ့၊ ဒီထက် မဆိုးရင်ပဲ တော်လှပြီ အေက်မေ့ရမှာပဲ”

စကားလက်၏ နှလုံးသားသည် မာလွန်း ပင်ပန်းလွန်းသဖြင့် ရုတ်တရက် ထုံကျဉ်သွား၏။ ထိုအချိန်က စ၍ ရှည်လျားသော ဘဝ ခရီးကို ဖြတ်ခဲ့ရသဖြင့် မောပန်းလှပြီ။ နာကျင်လှပြီ။ ရည်စားများသော၊ အဝတ်အစားကောင်း ကြိုက်သော၊ တစ်နေ့တွင် မေမေ့လို ဂုဏ်သရေရှိ အမျိုးကောင်း သမီးကြီးတစ်ဦး ဖြစ်မည်ဟု စိတ်ကူးခဲ့သော စကားလက် အိုဟာရာ ဆိုသည့်ကလေးမ၏ ရုပ်ပုံကို စကားလက် မြင်ယောင်လာသည်။

မျက်ရည်များသည် ပါးပြင်ပေါ်သို့ အလိုလို စီးကျလာကြ၏။ နာကျင်၍ နားမလည်နိုင်သည့် ကလေးတစ်ယောက်သဖွယ် စကားလက် သူ့ကို ကြောင်၍ ကြည့်နေမိသည်။ အက်ရှလေက စကားတစ်ခွန်းမျှ မပြော။ စကားလက်ကို ညင်သာစွာ ပွေ့ပြီး ခေါင်းကို သူ့ ရင်တွင် အပ်ထားသည်။ ငုံ့၍ ပါးချင်းအပ်သည်။ စကားလက်က သူ့ကို မှီကာ ပြန်ဖက်ထားသည်။ သူ့ လက်မောင်းများ၏ အတွေ့ကြောင့် မျက်ရည် တိတ်သွား၏။ အာသာ မရှိ၊ ရမ္မက်မရှိဘဲ သူ့ ရင်ခွင်ထဲတွင် နေရခြင်း၊ ချစ်ခင်သည့် မိတ်ဆွေတစ်ယောက် အဖြစ် သူ့ ရင်ခွင်တွင် မှီရခြင်းသည် ကောင်းသည်။ သူ့ ငယ်စဉ်ဘဝ၊ တမ်းတမှု၊ သူ့ဘဝ အစနှင့် သူ့ လက်ရှိ ဘဝကိုသိသည့် အက်ရှလေသာလျှင် ဤခံစားချက်မျိုးကို နားလည်နိုင်လိမ့်မည်။

အပြင်ဘက်မှ ခြေသံများကို ကြားရ၏။ သို့ရာတွင် စကားလက် သတိ မထားလိုက်မိ။ လားသမားများ အိမ်ပြန်ခြင်း ဖြစ်ပုံရသည်။ စကားလက် အတန်ကြာရပ်ကာ အက်ရှလေ၏ နှလုံးခုန်သံကို နားထောင်နေသည်။ အက်ရှလေက ရုတ်တရက် ခွာကာ သူ့ကို တွန်းလိုက်၏။ စကားလက် လန့်သွားသည်။ အက်ရှလေ၏ မျက်နှာကို တအံ့တဩ မော့်ကြည့်၏။ အက်ရှလေက စကားလက်ကို မကြည့်။ သူ့ ပခုံးပေါ်မှ ကျော်ကာ အပေါက်ဝသို့ လှမ်းကြည့်နေသည်။

စကားလက်လည်း လိုက်ကြည့်လိုက်သည်။ အပေါက်ဝတွင် အင်ဒီယာ ရပ်လျက်။ မျက်နှာက ဖြူရော်နေသည်။

မျက်လုံးပြာပြာများက ဝင်းဝင်းတောက်နေသည်။ အာချီက မျက်စိ တစ်ဖက် ကန်းနေသည့် ကြက်တူရွေးတစ်ကောင်လို စောင်း၍ သူ့ကို ဒေါသတကြီး ကြည့်နေသည်။ သူတို့နှစ်ဦးနောက်တွင် ရပ်နေသူက မစ္စက် အယ်လဆင်း။

မည်သို့ မည်ပုံ ရုံးခန်း အပြင်သို့ ရောက်လာခဲ့သည်ကို စကားလက် ကောင်းကောင်း မမှတ်မိ။ သို့ရာတွင် အက်ရှလေက ပြောသဖြင့် ဝုန်းခနဲ အပြင်သို့ ထွက်လာသည်။ အခန်းထဲတွင် အက်ရှလေနှင့် အာချီ စကားများ ကျန်ရစ်ခဲ့ကြ၏။ အင်ဒီယာနှင့် မစ္စက် အယ်လဆင်းက သူ့ကို ကျောပေးထားသည်။ စကားလက် ရှက်လည်း ရှက်သည်။ ကြောက်လည်း ကြောက်သည်။

အိမ်သို့ တန်းပြန်လာခဲ့သည်။ မုတ်ဆိတ်မွေးကြီး တွဲလွဲနှင့် အာချီ၏ ပုံပန်းသဏ္ဌာန်သည် ဓမ္မဟောင်း ကျမ်းထဲက ကလဲ့စား ချေတတ်သော နတ်ဆိုး တစ်ပါး၏ အသွင် ပေါ်နေသည်။

ဧပြီလ ဆည်းဆာတွင် အိမ်ကြီးသည် တိတ်ဆိတ်၍ လူသူ ရှင်းလျက် ရှိ၏။ အစေခံများက အသုဘ တစ်ခုသို့ သွားနေကြသည်။ ကလေးများက မီလာနီတို့ အိမ်နောက်ဖေး တလင်းပြင်တွင် ကစားလျက် ရှိကြ၏။ မီလာနီကမူ-

မီလာနီ။ ဟုတ်သည်။ အပေါ်ထပ် သူ့အိပ်ခန်းသို့ တက်လာစဉ် မီလာနီ အကြောင်းကို တွေးမိသည်။ သူ့ တစ်ကိုယ်လုံး အေးစက်သွားသည် ထင်ရ၏။ ဤအကြောင်းကို မီလာနီ ကြားတော့မည်။ ပြန်ပြောရမည်ဟု အင်ဒီယာက ပြောလိုက်သည်။

အင်ဒီယာက ဤအကြောင်းကို ဝမ်းသာအားရ ပြောတော့မည်။ အက်ရှလေ၏ ဂုဏ်သိက္ခာကို ထိခိုက်မည်၊ မထိခိုက်မည်၊ မီလာနီ စိတ်ထိခိုက်မည်၊ မထိခိုက်မည်ကို ဘာမျှ ထည့်၍ စဉ်းစားတော့မည် မဟုတ်။ သူ့ကို မုန်းမုန်းဖြင့် အားရပါးရ

ပြောတော့မည်။ မစ္စက် အယ်လဆင်းသည် အာချီနှင့် အင်ဒီယာ နောက်သို့ ရောက်နေသဖြင့် ဘာကိုမျှ မြင်ရသူ မဟုတ်။

သို့တိုင်အောင် သူကလည်း အာပေါင်အာရင်းသန်သန်ဖြင့် ပြောလိမ့်မည်။ ညစာ စားချိန်လောက်ဆိုလျှင် ဤသတင်းကို တစ်မြို့လုံးက သိကြတော့မည်။ နောက်တစ်နေ့ ထမင်းစားချိန်ဆိုလျှင် ကပ္ပလီများပင် မကျန် ကလေးသိ ခွေးသိ ဖြစ်တော့မည်။

ယနေ့ည အက်ရှလေ၏ မွေးနေ့ဧည့်ခံပွဲတွင် အမျိုးသမီးများသည် ချောင်ကုပ်ကာ တွတ်ထိုးကြတော့မည်။ မြိန်ရေ ရှက်ရေ

ပြောကြတော့မည်။ စကားလက်တစ်ယောက် မာနတံခွန် လွှင့်ရာ ဗိမာန်ပေါ်မှ ကျွမ်းပြန်ကျတော့မည်။ အဖြစ်အပျက်ကို ချဲ့ကားသည်ထက် ချဲ့ကားကြတော့မည်။ လိုက်ပိတ်၍ မဖြစ်နိုင်။ အက်ရှလေက သူ့ကို ဖက်ရုံ ဖက်ထားသည် ဆိုသည့် အချက်လောက်တွင် ရပ်မည်မဟုတ်။ ချဲ့ကား၍ ပြောရာမှ နောက်တစ်နေ့ ညနေလောက်ဆိုလျှင် သူ့ကို မျောက်မ ထားသူ၊ ဖောက်ပြားသူ ဖြစ်အောင် ပြောကြတော့မည်။ စင်စစ် သူတို့နှစ်ယောက်၏ အဖြစ်သည် ဖြူစင်သည်။ သန့်ရှင်းသည်။ ဤသည်ကို စကားလက် သိသည်။ နာတာလူး ပွဲတော်ပြန်လာစဉ် နှုတ်ဆက် နမ်းစဉ်က ယခုလို မိသွားလျှင်၊ သို့မဟုတ် မြိုင်သာယာက သစ်သီးခြံဝင်းတွင် သူနှင့် အတူ ထွက်ပြေးကြဖို့ ပြောစဉ်က မိသွားလျှင်၊ သူတို့နှစ်ယောက် မရိုးမဖြောင့် တွေ့သည့်အခါမျိုးတွင် မိသွားလျှင် စကားလက် ခံနိုင်သည်။ ခံသာသည်။ ယခုမူ ဤသို့ မဟုတ်။ မိတ်ဆွေတွေလို ရိုးရိုးတန်းတန်း ဖက်မိသည့် အခါကျမှ လူမိသွားသည့်အခါ၌-

သို့ရာတွင် ရိုးရိုးတန်းတန်းဟု မည်သူကမျှ ယုံမည် မဟုတ်။ သူ့ဘက်က ကာကွယ်ပေးမည့် မိတ်ဆွေ တစ်ယောက်မျှ မရှိ။ “စကားလက်ဟာ ဒါမျိုးမဟုတ်ပါဘူး” ဟု ပြောမည့် အသံ တစ်သံမျှ မရှိ။ စကားလက် ကြာမြင့်စွာကတည်းက မိတ်ဆွေဟောင်းများကို စော်ကားခဲ့ဖူးရာ သူတို့ကလည်း စကားလက်ကို ကာကွယ်ပေးမည် မဟုတ်တော့။ သူ စော်ကား မောက်မာသမျှကို ငုံ့ခံနေကြရသည့် မိတ်ဆွေသစ်များကလည်း သူ့ကို ညစ်နွမ်းအောင် လုပ်ဖို့ ဤအခွင့်အရေးမျိုးကို ဝမ်းသာအားရ ကြိုဆိုကြလိမ့်မည်။ အက်ရှလေလို လူကောင်းတစ်ယောက် ဤအဖြစ်မျိုး ဖြစ်ရလေခြင်းဟု စိတ်မကောင်း ဖြစ်မိမည် ဖြစ်ကြသော်လည်း သူ့ကိုမူ မည်သူကမျှ အယုံအကြည် ရှိကြမည် မဟုတ်။ ဤကိစ္စမျိုးတွင် ဖြစ်မြဲ ထုံးစံအတိုင်း အပြစ်ဟူသမျှကို မိန်းမသားအပေါ်တွင် စုပုံချပြီး ယောကျ်ားသား၏ အမှားကိုမူ ပခုံးတွန့်ကြလိမ့်မည်။ ဤကိစ္စတွင်မူ သူတို့ ပြောမည်ဆိုက ပြောစရာ ဖြစ်နေပြီ။ သူက အက်ရှလေ ရှိရာ ဝင်ခဲ့မိသည် မဟုတ်လော။

ကိစ္စ မရှိ။ တစ်မြို့လုံး ဝိုင်း၍ နှာခေါင်း ရှုံ့ခြင်း၊ မေးငေါ့ခြင်း၊ လှောင်ခြင်း၊ ဟားတိုက်ခြင်းကိုမူ ခံနိုင်သည်။

တစ်မြို့လုံးက ပြောချင်ရာ ပြောကြစေ၊ သူ ဂရုမစိုက်။ သို့ရာတွင် မီလာနီ အထင်လွဲသည်ကိုမူ စကားလက် မခံနိုင်။

နည်းနည်းမျှ မခံနိုင်။ မီလာနီ အထင်လွဲသည်ကို အဘယ့်ကြောင့် မခံနိုင်သည်ကိုမူ နားလည်၍ မရ။ အတိတ်က သူ မှားခဲ့သည့် အမှား၊ သူ ပြုခဲ့သည့် အပြစ်ကြောင့် မလုံမလဲ ဖြစ်နေသည့်အတွက် စကားလက် နားလည်နိုင်စွမ်း မရှိတော့။ အက်ရှလေက စကားလက်ကို ပွေ့ဖက်ထားသည်ကို သူကိုယ်တိုင် မြင်ခဲ့ရကြောင်းဖြင့် အင်ဒီယာက ပြောပြသည့်ခါ မီလာနီ မည်သို့ ရှိလိမ့်မည်နည်း။ ဤသည်ကို တွေးမိကာ စကားလက် ရှိုက်ကြီးတငင် ငိုမိသည်။ ထို စကားကို ကြားသည့်အခါ မီလာနီ မည်သို့ လုပ်မည်နည်း။ အက်ရှလေကို ကွာပစ်မည်လော။ သိက္ခာ မပျက်အောင် မည်သို့ လုပ်မည်နည်း။ သူနှင့် အက်ရှလေကကော မည်သို့ လုပ်မည်နည်း။ စိတ် ယောက်ယက်ခတ်ရင်းက မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျလာ၏။ အက်ရှလေသည် သေချင်လောက်အောင် ရှက်တော့မည်။ မိမိကြောင့် အရှက်ကွဲရသည်ဆိုတာ အမုန်းကြီး မုန်းတော့မည်။ ကြောက်စိတ် တစ်ခု ရုတ်ခြည်း ပေါ်လာသဖြင့် စကားလက် မျက်ရည်များသည် အလိုလို တိတ်သွားကြ၏။ ရက် ဘတ်တလာကကော။ သူကကော မည်သို့များ လုပ်မည်နည်း။

ရက် ဘတ်တလာ သိချင်မှ သိမည်။ “မယား ဖောက်ပြားချင်တိုင်း ဖောက်ပြား ယောကျ်ား နောက်ဆုံးမှ သိ” ဟူသော ဆိုရိုးစကား၊ သရော်စကား ရှိသည် မဟုတ်လော။ မည်သူကမျှ သူ့ကို ပြောလိမ့်မည် မထင်။ ဤသတင်းမျိုးကို ရက် ဘတ်တလာလို လူကို သွားပြောဖို့ဆိုသည်မှာ တော်တော်တန်တန် သတ္တိကောင်းရုံနှင့် မပြောဝံ့။ ရက် ဘတ်တလာသည် အရင် သေနတ်နှင့် ပစ်ပြီး မေးစရာရှိသည်ကို နောက်မှ မေးမည့် လူဟု နာမည်ကြီးသူ မဟုတ်လော။ ဘုရား သိကြား မ၍ ရက် ဘတ်တလာကို ပြောရဲလောက်အောင် သတ္တိရှိသူ မရှိပါစေနှင့်။ သို့ရာတွင် သစ်စက် ရုံးခန်းထဲတွင် တွေ့စဉ်က အာချီ၏ မျက်နှာကို စကားလက် အမှတ်ရ၏။ အေးစက်ပြာလဲ့သည့် မျက်လုံး။ သနား ကြင်နာခြင်း ကင်း၍ အမုန်းဖြင့် ဝင်းဝင်းတောက်နေသော မျက်လုံး။ မိန်းမတွေကို သတ်ချင်လောက်အောင် မုန်းသည်မဟုတ်လော။ ရက် ဘတ်တလာကို ပြန်ပြောမည်ဟု သူ့ကို ပြောခဲ့သူ မဟုတ်လော။ အက်ရှလေက အမျိုးမျိုးတားသည့်တိုင် အာချီသည် မပြောဘဲ နေမည် မထင်။ အက်ရှလေက သူ့ကို ဦးအောင် မသတ်လျှင် အာချီသည် မိမိ၏ ခရစ်ယာန် ကျင့်ဝတ်ဖြစ်သည်ဆိုကာ ရက် ဘတ်တလာကို ပြောမည် မုချ။

စကားလက် အဝတ်အစားလဲ၍ အိပ်ရာပေါ်သို့ လှဲချလိုက်၏။ သူ့စိတ်သည် ချာချာလည်လျက် ရှိသည်။ ဤအခန်းကို အသေပိတ်ကာ တစ်သက်လုံး မည်သူနှင့်မျှ မတွေ့ဘဲ နေ၍ ရလျှင်လည်း အကောင်းသား။ ရက် ဘတ်တလာသည် ယနေ့ ညတွင်းချင်းမူ သိမည် မထင်။ ခေါင်းကိုက်၍ ဧည့်ခံပွဲသို့ မလိုက်တော့ဟု ပြောရတော့မည်။ နောက်တစ်နေ့ မနက်တွင်မူ ဆင်ခြေကောင်း တစ်ခု ရှာ၍ ရတန်ကောင်းသည်။ ယုတ္တိရှိသည့် ထုချေချက် တစ်ခုကို စဉ်းစား၍ ရတန်ရာ၏။

“အို၊ ဒါတွေ ခု မစဉ်းစားဘူး” ခေါင်းအုံးထဲသို့ မျက်နှာကို မြှုပ်၍ ဇွတ်မှိတ်ပြောသည်။ “ဒါတွေကို ခု မစဉ်းစားသေးဘူး၊ နောင်ကျမှ စဉ်းစားမယ်”

ညနေ

မိုးချုပ်တွင် အစေခံများ ပြန်လာကြသည်။

ညစာကို ပြင်နေစဉ် သူတို့အားလုံး အထူး တိတ်ဆိတ်ငြိမ်သက်နေသည်ဟု စကားလက် ထင်၏။ သို့မဟုတ် သူကပင် မလုံမလဲ ဖြစ်နေခြင်းလော မဆိုနိုင်။ ကြီးဒေါ်က အခန်းတံခါး လာခေါက်၏။ သို့ရာတွင် စကားလက်က မဆာတော့ဟု ပြောလွှတ်လိုက်သည်။ အချိန် အတော်ကြာသည့် အခါ၌ လှေကားမှ တက်လာသည့် ရက် ဘတ်တလာ၏ ခြေသံကို ကြားရ၏။ အပေါ်ထပ် အိမ်ရှေ့သို့ ခြေသံ ရောက်သည့်အခါတွင် စကားလက် အာရုံကြောတွေ တင်းလာသည်။ အားတင်းပြီး ရင်ဆိုင်ဖို့ ပြင်ထားသည်။ သို့ရာတွင် ရက် ဘတ်တလာက သူ့ အခန်းထဲသို့ တောက်လျှောက် ဝင်သွား၏။ စကားလက် အသက်ရှူ ချောင်သွားသည်။ သူတို့အကြောင်းကို သိပုံ မရသေး။

သူ့ အိပ်ခန်းထဲသို့ မည်သည့်အခါမျှ မဝင်ရန် တောင်းပန်ထားသည်ကို ရက် ဘတ်တလာ လိုက်နာနေသေးသဖြင့် ဘုရားကို ကျေးဇူးတင်ရမည်။ ယခုလို အချိန်တွင် သူ့ကိုသာ မြင်သွားလျှင် သူ့မျက်နှာက အလိုလို သက်သေခံပြီး ဖြစ်နေလိမ့်မည်။

နေမကောင်းသဖြင့် ဧည့်ခံပွဲသို့ မလိုက်တော့ဟု ပြောအားရှိအောင် လုပ်ဖို့ အချိန် ရှိသေးသည်။ သို့မဟုတ် အချိန်မှ ရှိပါသေး၏လော။ ယနေ့ညနေ အဖြစ်အပျက်ပြီးသည့် နောက်၌ ဘဝသည် အချိန်ကင်းမဲ့နေသည်ဟု ထင်ရ၏။ ရက် ဘတ်တလာ၏ အခန်းဘက်မှ တလှုပ်လှုပ် အသံကို အချိန် အတန်ကြာသည်အထိ ကြားနေရ၏။ တစ်ခါတစ်ရံတွင် ပေါ့ကို လှမ်း၍ စကားပြောနေသည်။ စကားလက် ယခုအချိန်ထိ ရက် ဘတ်တလာကို မျက်နှာချင်း မဆိုင်ရဲသေး။ အမှောင်မည်းကြီး အိပ်ရာပေါ်တွင် လှဲနေသည်။ တစ်ကိုယ်လုံး တုန်ယင်လျက်။

ခဏကြာလျှင် ရက် ဘတ်တလာက တံခါး လာခေါက်သည်။ စကားလက်က အသံကို တည်ငြိမ်အောင် ကြိုးစား၍ ထိန်းပြော၏။

“ဝင်ခဲ့ပါ”

“ဘေးမဲ့ တောင်းထားတဲ့ အိပ်ခန်းနော်၊ ကျုပ်ကို တကယ် ဝင်ခွင့်ပြုတာလား”

ရက် ဘတ်တလာက တံခါးကို ဖွင့်၍ မေးသည်။ မှောင်နေသဖြင့် သူ့မျက်နှာကို မမြင်ရ။ သူ့ အသံကိုလည်း ခန့်မှန်း၍ မရ။ ရက် ဘတ်တလာက အခန်းထဲသို့ ဝင်လာကာ တံခါးကို ပိတ်၏။

“ဧည့်ခံပွဲ သွားမယ်လေ၊ အဆင်သင့်ဖြစ်ပြီလား”

“စကားလက် ခေါင်းသိပ်ကိုက်နေတယ်” စကားလက် အသံသည် သဘာဝ ကျနေသည်။ မှောင်နေသည်ကိုပင် ကျေးဇူးတင်ရ၏။ “မလိုက်နိုင်ဘူး ထင်တယ်၊ မောင်ပဲ သွားပါလား၊ မီလာနီကိုလည်း တောင်းပန်ခဲ့ပါ”

အတန်ကြာ တိတ်ဆိတ်နေသည်။ ရက် ဘတ်တလာက စကားပြော၏။ သူ့အသံက ခပ်ဖြည်းဖြည်း၊ ခပ်လှောင်လှောင်။

“မင်းဟာ တော်တော် သတ္တိနည်းပြီး တော်တော် အသည်းကြောင်တဲ့ သတ္တဝါမပဲ”

သူ သိပြီ၊ စကားလက် စကား မပြောနိုင်။ တုန်နေသည်။ အမှောင်ထဲတွင် စမ်းလာနေသည့် သူ့အသံကို ကြားရ၏။

မီးခြစ် ခြစ်လိုက်သဖြင့် အခန်းထဲတွင် လင်းလာသည်။ အိပ်ရာဆီသို့ လျှောက်လာကာ စကားလက်ကို ငုံ့ကြည့်၏။ ရက် ဘတ်တလာက ညနေခင်း ပွဲတက် ဝတ်စုံကို ဝတ်ထားသည်။

“ထ” သူ့အသံက ဘာမျှ မထူးခြား။ “ဧည့်ခံပွဲကို သွားမယ်၊ မြန်မြန်လုပ်”

“ဟင့်အင်း၊ စကားလက် လိုက်နိုင်မှာ မဟုတ်ဘူး၊ မောင် သိတဲ့ အတိုင်း”

“ကျုပ် သိပါတယ်၊ ထပါ”

“မောင့်ကို အာချီက ပြောရဲ”

“ပြောရဲတာပေါ့၊ အာချီက သတ္တိကောင်းတဲ့ လူပဲ”

“မဟုတ်က ဟုတ်က ပြောတာ ဘာလို့ နားထောင်သလဲ၊ ပစ်သတ်ခဲ့ဖို့ ကောင်းတယ်၊ လိမ်ပြောတာမျိုးကို”

“ကျုပ်က လူတစ်မျိုးပဲ၊ အမှန်ကို ပြောတဲ့လူကို မသတ်ဘူး၊ ကဲ လုပ်၊ ငြင်းခုံနေချိန် မရဘူး၊ နောက်မှ ငြင်း”

စကားလက် ထထိုင်ပြိး ညဝတ်အင်္ကျီကို ခြုံလိုက်သည်။ သူ့မျက်နှာကို စူးစမ်း၏။ မျက်နှာက ညိုမှောင်မှောင်။

မည်သည့် ခံစားချက်မျှ မရှိသည့်နှယ်။

“စကားလက် မလိုက်တော့ဘူး မောင်၊ ဒီလို အထင်လွဲတာမျိုး မပျောက်မချင်း စကားလက် ဘယ်မှ မသွားချင်ဘူး”

“ဒီနေ့ညမှာ မင်း မျက်နှာကို မပြရင် ဒီမြို့မှာ နောင် ဘယ်တော့မှ ပြလို့ ဖြစ်မှာ မဟုတ်တော့ဘူး၊ သေသည် အထိ ပြလို့ ဖြစ်မှာ မဟုတ်တော့ဘူး၊ ကျုပ် မိန်းမဟာ အကျင့်မကောင်းတဲ့ မိန်းမ ဖြစ်ချင် ဖြစ်ပါစေ၊ ကျုပ် သည်းခံနိုင်တယ်၊ ဒါပေမယ့် သတ္တိ ကြောင်တာကိုတော့ ကျုပ် နည်းနည်းမှ သည်းမခံနိုင်ဘူး၊ ဒီနေ့ည ဧည့်ခံပွဲကို လိုက်ရမယ်၊ ပြောချင်တဲ့လူက ပြောချင်ရာ ပြောစမ်းပါစေ၊ မီလာနီက ကျုပ်တို့ကို နှင်ထုတ်ချင်လည်း ထုတ်ပေါ့”

“စကားလက် ရှင်းပြပါရစေဦး”

“ကျုပ် နားမထောင်ချင်ဘူး၊ အချိန် မရှိတော့ဘူး၊ အဝတ်အစား လဲပါ”

“သူတို့ စကားလက်ကို သက်သက် အထင်လွဲတာ၊ အင်ဒီယာရယ်၊ မစ္စက် အယ်လဆင်းရယ်၊ အာချီရယ်၊ စကားလက်ကို သိပ်မုန်းနေကြတာ၊ အင်ဒီယာက သာဆိုးသေးတယ်၊ သူ့အစ်ကို မျက်နှာကိုတောင် မထောက်ဘူး၊ သက်သက်မဲ့ လိမ်ပြောတာ၊ စကားလက် အရှက်တကွဲ အကျိုးနည်းဖြစ်ရင် ပြီးရောဆိုပြီး အစ်ကို့ကိုတောင် မငဲ့တော့ဘူး၊ စကားလက်ကို ရှင်းပြခွင့်ပေးရင်”

စကားလက် သူ့ကိုယ်သူကျိန်ဆဲသည်။ ရှင်းပြဆိုလျှင် သူ မည်သို့ လုပ်မည်နည်း။ မည်သို့ ပြောရမည်နည်း။

“ဒီနေ့ည ဧည့်ခံပွဲမှာလည်း မဟုတ်က ဟုတ်ကတွေ လျှောက်ပြောမှာပဲ၊ ဒီတော့ စကားလက် မလိုက်ချင်ဘူး”

“လိုက်ရမယ်” ရက် ဘတ်တလာက ပြော၏။ “မလိုက်ရင် ကုပ်ဆွဲ ခေါ်သွားမယ်၊ လမ်းတစ်လျှောက်လုံး ဖိနပ်နှင့် မင်း တင်ပါး လှလှကို ကန်ကန်ပြီး ခေါ်မယ်၊ သိရဲ့လား”

ရက် ဘတ်တလာက သူ့လက်ကို ဆောင့်ဆွဲပြီး အထခိုင်းသည်။ မျက်လုံးများက အေးစက် တောက်ပြောင်လျက်။

စကားလက်၏ ဝတ်စုံ အောက်ခံ ကြိမ်ခွေကို ကောက်၍ ပစ်ပေးလိုက်၏။

“ရော့ ဝတ်မှာ ဝတ်စမ်း၊ ကျုပ် ကူဝတ်ပေးမယ်၊ ကြီးဒေါ်ကို ခေါ်ပြီး ဝတ်ခိုင်းမနေနှင့်၊ ကျုပ် ဝတ်ပေးတတ်တယ်၊ အခန်း တံခါး ပိတ်ပြီး အောင်းနေမလို့တဲ့၊ ဟင်း မင်းလောက် သတ္တိကြောင်တာ မင်းပဲ ရှိတယ်”

“သတ္တိမကြောင်ဘူး၊ သတ္တိမကြောင်ဘူး” ချက်ကောင်း ထိသွားသဖြင့် စကားလက် ထအော်သည်။ “ဒီက”

“ဘာလဲ၊ ယန်ကီ စစ်သားကို ပစ်သတ်ခဲ့တဲ့ ပုံပြင်ကို ပြောမလို့လား၊ ရှားမင်းရဲ့ တပ်သားတွေကိုတောင် ရင်ဆိုင်ခဲ့တယ်ပေါ့၊ တော်ပြီ၊ ဒါတွေ ပြော မနေနှင့်၊ သတ္တိကလည်း ကြောင်လိုက်တာ၊ သတ္တိကြောင်လို့ ဒိပြင်ဘက်က တော်သလား ဆိုတော့လည်း ဘာမှ မတော်ဘူး၊ ဒီနေ့ည ဧည့်ခံပွဲကို မင်း လိုက်ရမယ်၊ မင်းအတွက်က ကိစ္စ မရှိဘူး၊ သမီးအတွက် လိုက်ရမယ်၊ ဒီလိုနှင့် ကလေးကို လူတော မတိုးရဲတဲ့ အဖြစ်မျိုးရောက်အောင် လုပ်ဦးမယ်၊ တော်တော် တော်တဲ့ မိန်းမ၊ ကြိမ်ခွေ မြန်မြန်ဝတ်”

စကားလက် ညဝတ်အင်္ကျီကို ချွတ်၍ ရှင်မီးဖြင့် ရပ်နေသည်။ စကားလက်ကို လှမ်းကြည့်လျှင် ရှင်မီးအင်္ကျီမျှဖြင့် မည်မျှ စွဲမက်ဖွယ်ကောင်းသည်ကို မြင်ရလိမ့်မည်။ သူ့မျက်နှာပေါ်က ကြောက်စဖွယ် ခက်ထန်သည့် အမူအရာသည် ပျောက်သွားလိမ့်မည်။ စကားလက်ကို သူ ဤသို့ မမြင်ရသည်မှာ ကြာပြီ။ အတန် ကြာလှပြီ။ သို့ရာတွင် ရက် ဘတ်တလာက လှည့် မကြည့်။ ကျောပေး၍ စကားလက်၏ အဝတ်ဗီရိုကို ဖွင့်ကာ အဝတ်အစားများကို လျင်မြန်စွာ ထုတ်နေသည်။

အမှောင်ထဲတွင် စမ်းလျက် ကျောက်စိမ်းရောင် ပိုပျော့ အင်္ကျီကို ထုတ်သည်။ အင်္ကျီက လည်ဟိုက်။ ခါးဝတ်စုံက အတွန့် ခပ်ကြီးကြီး ဖော်ထားသည်။ အတွန့်ကြီးပေါ်တွင် ပန်းနုရောင် ကတ္တီပါ နှင်းဆီခိုင်ကြီး တစ်ခိုင် ထိုးထား၏။

“ရော့ ဒါဝတ်” ခုတင်ပေါ်သို့ လှမ်းပစ်တင်လိုက်ပြီး သူ့ဆီ လျှောက်လာ၏။ “မိုးပြာရောင်တို့၊ ပန်းပွင့် သေးသေးကလေးနှင့် ဟာမျိုးတို့ကို မဝတ်နဲ့၊ ဣန္ဒြေရလွန်းတယ်၊ အဘွားကြီးတွေ ဝတ်တာ၊ ဒီနေ့ ညမှာ တမင်ကို အစွမ်းကုန် လုပ်သွားရမယ်၊ ထဘီကို တိုင်ထိပ်ဖျား ရောက်အောင် အလံလွှင့်သွား၊ ဒီလို အလံထူ မသွားရင် မင်း ဒုက္ခရောက်မယ်၊ နှုတ်ခမ်းနီ ပါးနီကိုလည်း များများ ဆိုး၊ ရဲနေအောင် ဆိုး၊ သမ္မာကျမ်းစာထဲက မျောက်မထားတဲ့ မိန်းမတွေဟာ မင်းလို မျက်နှာ ဖြူဖပ်ဖြူရော် မဟုတ်ဘူး၊ မျက်နှာကို ဒန်းနီရောင် ခြယ်တယ်လို့ ကျုပ် ကြားဖူးတယ်၊ လှည့်စမ်း”

ရက် ဘတ်တလာက ကြိမ်ခွေများကို ချည်ထားသည့် ကြိုးစ နှစ်စကို တင်းနေအောင် ဆွဲလိုက်၏။ တင်းလွန်းသဖြင့် စကားလက် ကြောက်ကြောက်ဖြင့် အော်သည်။ သူ လုပ်ပုံကြောင့် ရှက်လည်း ရှက်သည်။ သိမ်ငယ်လည်း သိမ်ငယ်သည်။

“နာသလား” ရက် ဘတ်တလာက တစ်ချက် ရယ်လိုက်၏။ သူ့မျက်နှာကိုမူ မမြင်ရ။ “အမှန်က ဒီ ကြိုးကွင်းက ခါးကို စည်းဖို့မဟုတ်ဘူး၊ မင်း လည်ပင်းကို စွပ်ဖို့ ကောင်းတာ”

မီလာနီတို့ တစ်အိမ်လုံး မီးတွေ ထိန်နေသည်။ တီးသံ မှုတ်သံများဖြင့် အဝေးကြီး ကတည်းက ကြားရ၏။ အိမ်ရှေ့သို့ ရထား ဆိုက်သည့်အခါ၌ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသံများသည် အပြင်သို့ လျှံထွက်လာကြသည်။ တစ်အိမ်လုံး ဧည့်သည်တွေ ပြည့်လျက်။ အိမ်ထဲတွင် မဆံ့၍ တချို့က အပြင်ဘက် ဝရန်တာတွင် ထိုင်ကြရသည်။ တချို့က မီးရောင် မှိန်မှိန်ထွန်းထားသည့် မြက်ခင်းတွင် ခုံရှည်များ ချ၍ ထိုင်ကြသည်။

“ငါ မသွားချင်ဘူး၊ အထဲ မဝင်ချင်ဘူး” စကားလက် ရထားပေါ်မှ မဆင်းသေး။ လက်ထဲက လက်ကိုင်ပဝါကို လုံးခြေနေသည်။ သူ မသွားချင်။ မသွားနိုင်။ ရထားပေါ်မှ ခုန်ချပြီး တစ်နေရာရာသို့ ထွက်ပြေးချင်သည်။ မြိုင်သာယာသို့ ပြန်ပြေးချင်သည်။ ရက် ဘတ်တလာသည် အဘယ့်ကြောင့် ဤနေရာသို့ အတင်း ခေါ်လာရသနည်း။ လူတွေက မည်သို့ ပြုမူကြမည်နည်း။

မီလာနီကကော မည်သို့ ပြုမူမည်နည်း။ သူ့ရုပ် သူ့ပုံပန်းသဏ္ဌာန်သည် မည်သို့ နေမည်နည်း။ မီလာနီကို သူ မျက်နှာချင်း မဆိုင်ချင်။ ထွက်ပြေးချင်သည်။

ရက် ဘတ်တလာက သူ့စိတ်ကို ဆီထည့်သည့်ပမာ သူ့ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ထားလိုက်၏။

သူ ဆုပ်ကိုင်လိုက်ပုံက လူစိမ်းတစ်ယောက်က ဆုပ်ကိုင်ပုံမျိုး။ ခပ်ကြမ်းကြမ်း။ သူ့လက်မောင်းတွင် လက်ချောင်းရာ ထင်နေလိမ့်မည် ထင်သည်။

“အိုင်းရစ် လူမျိုးထဲမှာ သတ္တိကြောင်တဲ့လူ တစ်ယောာက်မှ ကျုပ် မတွေ့ဖူးသေးဘူး၊ မင်းကိုယ် မင်း သတ္တိကောင်းတယ်ဆို”

“စကားလက် အိမ်ပြန်ပါရစေ၊ အိမ်ကျရင် ရှင်းပြပါ့မယ်”

“နောင် ဘဝကျမှ ရှင်း၊ ဒီနေ့ တစ်ညတော့ လူစာ ကျွေးတဲ့ ကစားကွင်းမှာ အစတေးခံပြလိုက်ဦး၊ ကဲ ဆင်း၊ လူစာ ကျွေးတဲ့ ပွဲမှာ ခြသေ့ၤတွေ ဝိုင်းပြီး မင်းကို ကိုက်စားတာလေး ကြည့်ပါရစေဦး၊ ဆင်း”

စကားလက် ပန်းခြံလမ်းကလေးအတိုင်း လိုက်လာခဲ့၏။ သူ့ကို ကိုင်ထားသည့် ရက် ဘတ်တလာ၏ လက်မောင်းက ကျောက်စိုင် ကျောက်သားလို ခိုင်မာသည်။ တည်ငြိမ်သည်။ တောင့်တင်းသည်။ သူ့လက်မောင်းကို ကိုင်လိုက်ရသဖြင့် စကားလက် ကိုယ်တွင် သတ္တိတွေ ဓာတ်ကူးလာသည်ဟု ထင်ရ၏။ ဟုတ်သည်။ သူတို့ကို စကားလက် မျက်နှာချင်း ဆိုင်နိုင်သည်။ မျက်နှာချင်း ဆိုင်နိုင်မည်။ သူတို့ သူ့ကို မနာလို ဝန်တို ဖြစ်နေကြသည်။ လက်သည်း ဂျစ်ဂျစ်ကုတ်ကာ တညောင်ညောင် အော်နေသည့် ကြောင်အုပ်တစ်အုပ်သာ မဟုတ်လော။ သူတို့ကို စကားလက် မျက်နှာချင်းဆိုင်မည်။ သူတို့ မည်သို့ ထင်ထင် စကားလက် ဂရုမစိုက်။ မီလာနီတစ်ယောက်သာလျှင်။ မီလာနီ တစ်ယောက်သာလျှင်-

ဆင်ဝင်သို့ ရောက်လာကြ၏။ ရက် ဘတ်တလာက ဝဲယာကို ခေါင်းညွှတ်၍ နှုတ်ဆက်၏။ ဦးထုပ်ကို လက်တွင် ကိုင်လာသည်။ သူ့အသံက ပျော့ပျောင်းတည်ငြိမ်သည်။

အိမ်ခန်းထဲသို့ သူတို့ရောက်သွားသည့်အခါတွင် တီးမှုတ်သံများ ရပ်သွား၏။ လူအုပ်ကြီးသည် ပင်လယ်လှိုင်း ရိုက်သကဲ့သို့ သူ့ဆီသို့ ဝေါခနဲ ရောက်လာပြီးနောက် လှိုင်းလုံး ပြန်ဆုတ်သွားသည့်ပမာ အသံတွေ တဖြည်းဖြည်း ဝေးသွားသည်ဟု စကားလက် ထင်သည်။ စကားလက်၏ စိတ်သည် ရှုပ်ထွေး ပွေလိမ်လျက် ရှိ၏။ သူ့ကို ဝိုင်း၍ မေးငေါ့ကြမည်လော။ မေးငေါ့ကြပါစေ။ မေးငေါ့၍ ဘာဖြစ်သနည်း။ စကားလက်က ခေါင်းမော့ပြီး ပြုံးလိုက်သည်။

မျက်လုံးထောင့်များက တွန့်နေသည်။

တံခါးနားက အနီးဆုံး လူကို လှည့်၍ နှုတ်ဆက်မည် အပြု တစ်စုံတစ်ယောက် လူအုပ်ကြားထဲမှ တိုးဝှေ့ကာ သူ့ထံ ရောက်လာသည်။ စကားလက် စိတ်တွင် တစ်ခန်းလုံး တိတ်ဆိတ်သွားသည် ထင်လိုက်၏။ ဘေးသို့ ရှဲပေးသည့် လူအုပ်ကြားမှ မီလာနီ ခပ်သွက်သွက် လျှောက်လာသည်။ စကားလက်ကို ဦးဦးဖျားဖျား လာ၍ နှုတ်ဆက်ခြင်း ဖြစ်၏။ မီလာနီ၏ ရင်အုပ်ကျဉ်းကျဉ်းကလေးက ရှေ့သို့ ကော့ထားသည်။ ဒေါသဖြစ်နေသည့်နှယ် မေးရိုး ခပ်သေးသေးက အထင်းသား ပေါ်နေသည်။ စကားလက် တစ်ယောက်မှအပ တခြား ဧည့်သည်များ မရှိတော့သည့်နှယ် သူ့ထံ လျှောက်လာသည်။ မီလာနီက ဘေးချင်းယှဉ် ရပ်ကာ စကားလက်၏ ခါးကို ဖက်လိုက်သည်။

“စကားလက်က သိပ်လှတာပဲကွယ်” 

မီလာနီက ကြည်လင်သည့် အသံလေးဖြင့် ပြောသည်။ 

“စကားလက် ကိုယ့်ကို လာကူနော်၊ ဒီနေ့ အင်ဒီယာကလည်း မလာနိုင်ဘူး၊ ကိုယ်နှင့်အတူ ဧည့်သည်တွေကို လိုက်ကြိုပေးလှည့်နော်”

---

(အခန်း ၅၄ ဆက်ရန်)

#မြသန်းတင့်
#လေရူးသုန်သုန်

#shared_by_louis_augustine
#sbla

Comments