မအိမ်ကံ (အခန်း ၈ အဆက်) // ခင်ခင်ထူး

မအိမ်ကံ (အခန်း ၈ အဆက်) // ခင်ခင်ထူး

“ဟဲ့ လှအုံရဲ့ …. ငါ့သမီး ငယ်ပါသေးအေ... ထမနဲထိုးဖို့ အဝေးကြီးလိုပါသေးသယ်” 

“ငယ်တုန်းသင်ရသာကော…ကြီးရင် ထမနဲများ ခေါင်းထဲတောင် ထည့်မှာမှုတ်ဘူး” 

မအိမ်ကံတို့ ဝိုင်းတိုက်ထဲမှာ မီးကျင်းကြီးတွေ နှစ်ကျင်းသုံးကျင်းတူးကာ ထမနဲထိုး ကြသည်။ ယောက်ျားကြီးတွေပင် ချွေးပေါက်ပေါက်ကျကြ၏။ ရေကုန်အောင်ထိုးတော့ ဆီထွေး ထွေးဖြင့် နပ်နပ်ပျောင်းပျောင်းရှိသည်။ အထားခံသည်။ စားရတာ အရသာရှိသည်။ ဘုရား ဆွမ်းတော်တင်ဖို့ လင်ပန်းနှင့်တစ်ချပ် ‘ဦး’ ဖယ်ပြီး ရွာကျောင်းဆရာတော်ထံ ဦးဦးဖျားဖျား ပို့လှူကြရသည်။ ရွာထဲရပ်ထဲ အိမ်ပေါက်စေ့အောင် ဝေငှရသည်။ အဝေးရွာကလာကြသော လှည်းတွေကို ရော့ဟဲ့ အင့်ဟဲ့ ကမ်းကြရပါ၏။ တပို့တွဲကုသိုလ်ခေါ်ကြပါသည်။

“အမေ … မအိမ်ကံ ဘုရားကုန်းသွားတော့မယ်”

လရောင်ကလေးပေါက်လာတော့ ရွာထိပ်ရွှေစေတီဘုရားဆီက လူသံတွေ အုပ်အုပ် အုပ်အုပ်နှင့် ကြားနေရပြီ။ ထမနဲထိုးပွဲ စကြပြီထင်ပါရဲ့။ 

“သွားလေ သမီး.. လှအုံတော့ မအားဘူး… ကျေးဥတို့နဲ့သွားပေါ့သမီးရဲ့ အပြန်ကျအမေ လာကြိုလှည့်မယ်”

မအိမ်ကံတို့ အိမ်မှာ ထမနဲထိုးလာကူသော အရီးကြာညွန့် ၏ သမီး ကျေးဥနှင့် မလှအုံ သား ဖိုးကူးကိုပါ အဖော်ခေါ်ကာ ဘုရားကုန်းဆီ အပြေးထွက်ခဲ့ကြသည်။ ကိုဖိုးငွေနှင့်မလှအုံ၏ သားနှစ်ယောက်မှာ မအိမ်ကံတို့ အတွက် တအားဖြစ်လာခဲ့ပြီ။ အကြီးကောင် ဖိုးတုတ်ဆိုလျှင် လူပျိုသိုးကလေးဆိုတော့ ကိုဖိုးငွေကို ကူနိုင်နေပြီ။ ဖိုးကူးကလည်း လက်တိုလက်တောင်းခိုင်းရပြီ။ အထူးသဖြင့် မအိမ်ကံ၏ အနွံအတာအခံရဆုံးဖြစ်၏။

မအိမ်ကံတို့ ဘုရားကုန်းကိုရောက်တော့ မိုးဗြဲဒယ်ကြီးတွေ မီးတရဲရဲထိုးကာ ထမနဲပွဲ စနေပါပြီ။ ယောက်ျားတွေက ဆောင်းတွင်းကြီးဆိုသော်လည်း အင်္ကျီမကပ်နိုင်။ တစ်ကိုယ်လုံး ချွေးဒီးဒီးကျနေကြသည်။ မိန်းမပျိုကလေးတွေကတော့ မြေပဲဆံအခွံချွတ်သူချွတ်နှမ်းထောင်းသူ ထောင်း၊ အုန်းသီးစိတ် ထိုးသူထိုး၊ မုန့်ကျက်လျှင် ထုတ်ပိုးနိုင်ရန် ငှက်ပျောဖက် သုတ်သူသုတ်။ စကြနောက်ကြ ပြောင်ကြလှောင်ကြနှင့် ဆူညံနေတော့သည်။ သည်အပျော်တွေက မအိမ်ကံကို ကူးစက်လို့ လာသည်။ တစ်ချိန်လုံး အိမ်တွင်းအောင်းကာ စိတ်ရှုပ်ထွေးခဲ့ရသမျှ သည်မှာကျ လွတ်လပ်ပေါ့ပါးလှပါ၏။ ပျော်လိုက်သာတော်။

“မအိမ်ကံ... ဟိုမှာ ရွှေမှုံတို့ ဘုရားပန်းကုံးနေကြသယ် .. ပန်းကူကုံးချေရအောင်”

ဘုရားရင်ပြင်ပေါ်မှာ နှီးချောဖျာချပ်ကြီးတွေခင်းကာ မအိမ်ကံတို့ အရွယ် မိန်းကလေး တွေ ဇလပ်ပန်းဖွေးဖွေးကလေးတွေ ကုံးနေကြသည်။ မအိမ်ကံနှင့်ကျေးဥလည်း ပန်းဝင်ကုံးကြ သည်။

“ဟော မအိမ်ကံ သည်လိုမှန်းသိ ညည်းကို ဝင်ခေါ်ပါသယ်တော်.. လာ လာ”

ရွှေမှုံက သူ့ဘေးက နေရာကလေးကို ကျုံ့ပေးလိုက်သည်။ တောင်ပိုင်းက အရီးမြ၏ သမီး ရွှေမှုံ။ ရွှေမှုံက သူကြီးသမီး မအိမ်ကံကို အလွန်ခင်သည်။ ရွေမှုံမှမဟုတ်ပါ မအိမ်ကံကို ရွယ်တူမိန်းကလေးတိုင်းက ခင်ချင်ကြသည်။ သူကြီးသမီးဆိုသည့် အရှိန်အစော် ကြီးရသည့်အထဲ အနေအထိုင် တည်လွန်းသော မအိမ်ကံကို အားလုံးက ယို့ကြရသည်။ မအိမ်ကံနှင့် ခင်ရမင်ရသည်ကို တစ်ဂုဏ်အောက်မေ့ကြလေသည်။ ဇလပ်ပန်းတွေထည့်ထားသော ပန်းဆန်ကာခုံးကြီး ထဲက အပွင့်လှလှကလေးတွေကို ရွေးကာ မအိမ်ကံလက်ထဲ ထည့်ကြသည်။ သည်ပန်းတွေကို ညနေကတည်းက တစ်ရွာလုံးရှိသမျှအိမ်တွေမှာ လည်ဆွတ်ခဲ့ကြတာဆိုတော့ အမောက်အလျှံ၊ ပန်းတစ်ကုံးကုံးပြီးတိုင်း ဘုရားစေတီဖောင်းရစ်မှာ သွားသွားခွေတင်ကြ ချိတ်ဆွဲကြတာဆိုတော့ စေတီတစ်ဆူလုံး ဇလပ်ပန်းကုံးတွေ ဖွေးနေတော့သည်။ 

“ဟောတော် ရွှေမှုံ ညည်း နားကပ်ပန်ပြီပေါ့”

ကျေးဥ၏ အလန့်တကြားအော်လိုက်သံကြောင့် မအိမ်ကံလက်ထဲက ကုံးလက်စ ဇလပ်ပွင့်ကလေးပြုတ်ကျသွားရသည်။ ပြီးတော့ ရွှေမှုံကို ဆတ်ခနဲမော့ကြည့်လိုက်မိသည်။ ရွှေမှုံ့ မျက်နှာကလေး ရဲသွေးထနေလေ၏။

“အေးဟဲ့….မကြာသေးပါဘူးအေ...ညည်းရော”

ကျေးဥကလည်း ခေါင်းကလေးညှိတ်ပြသည်။ ရွှေမှုံနှင့်ကျေးဥတို့ ဘာတွေပြောနေကြမှန်း မအိမ်ကံ နားမလည်ပါ။ ရွှေမှုံနားက ရွှေအပ်ကလေးကိုတစ်လှည့် ကျေးဥနားက တမာရိုးကလေးကိုတစ်လှည့် ကြည့်ရင်း အံ့သြနေမိ၏။ ပန်းငုံ့ ကုံးနေကြသည့် တချို့မိန်းကလေး တွေမှာလည်း နား‌ပေါက်ကလေးတွေနှင့်။ တချို့ က ရွှေအပ်မတတ်နိုင်တော့ တမာရိုးကလေး ထိုးကြသည်။ အပ်ချည်မျှင်ကလေးတွေ သွင်းထားကြသည်။ အမေပန်းရုံက သူ့ ကို ဘာလို့ နားကပ် ပန်မပေးသေးတာပါလိမ့်။

“ ×× တပို့တွဲ  ပေါက်လဲရယ်တဲ့ ငုံစီစီ ဖူးတံကချီ  သည်ရာသီ ဗာဟီက  အပြောင်း  ပျိုတို့ မောင် ရွှေသျှောင်တွဲငယ်နှင့် ခါမမီ ယာယီခွဲလို့ ရယ် ။ လွဲပေါ့ သည်ဆောင်း .. ×× ”

ထမနဲထိုးနေကြသည့်ဝိုင်းမှ ကာလသားတစ်ယောက်က အသံဝါကြီးနှင့် ထဟစ်လိုက် တော့ တဝေါဝေါ ဆူနေသည့် အသံများပင် တိတ်သွားလေသည်။ တစ်ယောက်က ပုလွေကို ထမှုတ်သည်။ ပုလွေသံနှင့် သီချင်းသံက လိုက်ဖက်ညီလွန်းလှသည်။ မအိမ်ကံရင်ထဲ ကျင်ခနဲ ဖြစ်သွားကာ ဘာကိုလွမ်းမှန်းမသိ လွမ်းနေမိတော့၏။

---

သည်လိုလတွေမှာ မအိမ်ကံတို့ ရွာက လက်ပံပွင့်ကောက် ထွက်ကြရသည်။ ဆောင်း အကုန် နွေအကူး လေရူးမြူးချိန်။ လက်ပံပင်ပေါ်က ဥဩငှက်ကလေးတွေ တွန်မြည်ကြသည့် အသံကိုက နွေရောက်တော့မည့် နိမိတ်ပုံပဲဖြစ်သည်။ မလှအုံက ထန်းခေါက်လျှော်တောင်းကြီး ခါးထစ်ခွင်ကာ လက်ပံပွင့်ကောက်သွားမည်ဆိုတော့ မအိမ်ကံနှင့် ဖိုးကူးပါ လိုက်သွားကြသည်။ လက်ပံခေါင်းနှင့် ဝက်သားဟင်းလေးချက်ကို သူကြီး ဦးသာထန် ကြိုက်လေတော့ နှစ်ပေါက် စားရအောင် ကောက်ကာ အခြောက်ခံထားကြရသည်။ လက်ပံခေါင်းခြောက်ကို ပုတ်တောင်းပြည့်အောင် လှောင်ကာ တစ်နှစ်လုံး ဧည့်မပြတ်သော သူကြီးမင်း၏ ဧည့်သည်တော် များအတွက် တောစာ ဟင်းတစ်ခွက်တိုးရ၏။

“ကြည့်ပါဦးအေ... လဲပွင့်တွေ ကြွေထားသာ နည်းပါဘူး”

“လဲပွင့်လို ခေါ်သာ ဟုတ်ပါရဲ့ ... ဘာလို့ ခေါ်သာလဲ မလှအုံရဲ့” 

“ဟဲ့... လက်ပံပွင့်ကို လဲပွင့်ခေါ်သာပဲ ... ဘာလို့ ခေါ်သာလဲလို့ ငါလည်း ဘယ်သိပါ့”

သည်ဘက်နယ်က ရွာတွေမှာ လက်ပံပွင့်လို ခေါ်ခဲပါသည်။ ပေါက်ပွင့် လဲပွင့်လို့ သုံးကြသည်။ ပေါက်ပွင့်ကလည်း ရဲရဲ၊ လဲပွင့်ကလည်း မှည့်မှည့်။ လက်ပံသီးကို လဲသီး လက်ပံမှို ကို လဲမှို့ ခေါ်ကြသည်။ တချို့က လက်ပံပင်ကို လဲပင်ခေါ်တတ်ကြသည်။ လဲပွင့် တွေ ကောက်လိုက်ကြ၊ နီးရာ ပုံထားကြ၊ လဲပင်တန်းအရိပ်အောက်မှာပဲ ပွင့်ဖတ်တွေ ခြွေကြ၊ ပျော်စရာကောင်းလိုက်တာ။ လဲပွင့်ကောက်သူတွေကလည်း မနည်း။ အိမ်ရောက်တော့ ဖျာကြမ်း ကြီးတွေခင်းကာ နေသွေ့စေရသည်။ သွေ့ပြီဆိုတော့မှ ပုတ်တောင်းထဲထည့်ကာ ပုဆိုးဟောင်း အုပ်ထားရုံသာ။ လဲပွင့်ကောက်က ပြန်တော့ လမ်းမှာ မအိမ်ကံက မေးသည်။ 

“အဖေတော့ အစ်ကို့ကို စိတ်ဆိုးနေသာလား မသိဘူးနော်... မလှအုံ”

“ညည်းအဖေလား… မဆိုးပေါင်တော်... ထမနဲနဲ့ သကာရည်တွေ ပို့ခိုင်းလို့ အိမ်က ကိုဖိုးငွေ သွားပို့ရသေးသာကော” 

“ဟုတ်လား.…မအိမ်ကံ မသိလိုက်ပေါင်တော်”

သည်လိုဆိုတော့လည်း စိတ်ချမ်းသာရပါ၏။ မအိမ်ကံတို့မှာ မိသားစု များများမရှိတော့ အဖေ့ကိုလည်း ချစ်ရသည်။ အမေ့ကိုလည်း ချစ်ရသည်။ အစ်ကို့ကိုလည်း ချစ်ရသည်။ သည်မိသားစုကလေးထဲမှာ အမုန်းမရှိစေချင်။ အစ်ကို ရွာကို အပြီးပြန်လာလျှင် ကောင်းသား။ သည့်နောက်ရက်တွေမှာတော့ အိမ်ကြီးပေါ်မှာ မအိမ်ကံ နေကုန်ရတော့သည်။ တပို့တွဲ ကုန်လို့ တပေါင်းကူးတော့မည်။ တောင်လေတွေ တဟူးဟူးတိုက်လာလေပြီ။ သစ်ရွက်တွေက လည်း ကြွေလိုက်ကြတာ။ အိမ်ဝိုင်းထဲမှာ သစ်ရွက်ကြွေတွေ လှဲလို့ကျင်းလို့ပင် မနိုင်နိုင် ရွာရိုး တစ်လျှောက် ဖုန်ခိုးတွေ အလိမ်းလိမ်းမှုန်နေတော့၏။ ရွာအိမ်တန်းတွေဆီက သားသည်မအေများ၏ ကလေးပုခက်လွှဲ သီချင်းသံတွေကို ကြားနေရသည်။ ရွာရက်ကန်းအချို့ဆီက ရက်ကန်း ခတ်သံ တဂျောင်းဂျောင်းကို ကြားရတာကလည်း ဘာရယ်မသိ လွမ်းစရာပင်။

ရာသီမိန်ငယ် ဂိမှာန်ရက်ပြောင်း လတပေါင်းမို့ ရွက်ဟောင်းတို့ ကြွေကြလေပြီ။ သရဖီနှင့် အင်ကြင်းပန်းတွေ အပြိုင်ပွင့်ကြဦးမှာပေါ့။ နွေဦးတစ်လှည့် ပေါက်လေပြီ။

သရဖီနှင့် အင်ကြင်းပန်းတွေ လှိုင်လှိုင်ပွင့်ကြသည့် နွေတစ်ကြော့ကို ရောက်ခဲ့ပြန်ပါပြီ။ နွေ ရောက်လေတိုင်း အစ်ကို မောင်မြတ်သာ ရွာကို ပြန်လာနေကျ ဖြစ်သော်လည်း သည်နှစ် ပြန်လာနိုင်မည် မထင်ကြောင်း လူကြုံဖြင့် စာရောက်လာသည်။ သည်နှစ် မောင်မြတ်သာက မြင်းခြံကျောင်းမှာ မဟုတ်တော့။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်ကို ကျောင်းသွားတက်နေရပြီ။ အဖေ ဦသာထန်နှင့် စကားများပြီးနောက်ပိုင်း ရွာကို သုံးခေါက်လား လေးခေါက်လား ပြန်လာခဲ့သေးသည်။

မောင်မြတ်သာ ပြန်လာလေတိုင်း တိုင်းရေးပြည်ရေး သတင်းတွေက တစ်ခုမဟုတ် တစ်ခု ပါလာတတ်မြဲ။ ဗြိတိသျှနန်းရင်းဝန်ကြီး မစ္စတာ မက္ကဒေါ်နယ်က အိန္ဒိယပြည်နှင့် ခွဲရေးတွဲရေးကို မြန်မာလူမျိုးတို့၏ ဆန္ဒခံယူမည့်အကြောင်း ဒိုင်အာခီဥပဒေပြုကောင်စီအမတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ တွဲရေးသမားများက မဲအရေအတွက်ဖြင့် အနိုင်ရသွားကြောင်း၊ ချောက်မြို့ ရေနံမြေ၌ တို့ဗမာအစည်းအရုံးကို စတင်ဖွဲ့စည်းလှုပ်ရှားနေပြီဖြစ်ကြောင်း၊ လန်ဒန် တွင် မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲများ ကျင်းပခဲ့ကြကြောင်း စသည်ဖြင့်...။

အစ်ကိုမောင်မြတ်သာ၏ စကားတွေကို အဖေက နားဝင်သူမဟုတ်ပါ။ အစ်ကို့နားမှာ အမြဲကပ်နေတတ်သော မအိမ်ကံကတော့ နားမလည်သော်လည်း အကြားနာခဲ့ရသည်။ သည် ဘက်ပိုင်း ရွာပြန်လာသည့်အခေါက်တွေမှာ အစ်ကိုက မအိမ်ကံကို အင်္ဂလိပ်စာ အခြေခံတွေကိုပါ သင်ကြားပေးခဲ့သည်။ ဒါကိုတော့ အဖေက သဘောကျ၏။ မအိမ်ကံကလည်း ဉာဏ်ကောင်း လေတော့ သင်ပေးသမျှ အလွတ်ကျက်မှတ်နိုင်ခဲ့သည်။ အစ်ကိုက မအိမ်ကံအတွက် စာအုပ်နှင့် ဖောင်တိန်တစ်ချောင်းပါ ဝယ်လာခဲ့သည်။ ဖတ်စရာစာအုပ်အချို့လည်း ထားခဲ့သည်။ ဗမာစာ ကိုတော့ မအိမ်ကံ စာလုံးပေါင်းဖတ်စရာ မလိုလောက်အောင် ဖတ်နိုင်ခဲ့ပြီ။

“ဥသြ ဥသြ ဥသြ” 

ထိုင်နေကျအိမ်ကြီးအပေါ်ထပ်က လေသာဆောင်မှာထိုင်ရင်း အတွေးဝင်နေသည့်မအိမ်ကံမှာ ဥဩသံတွေကို ကြားလိုက်ရတော့ ဆတ်ခနဲ တုန်သွားမိသည်။ ကြားနေကျ ဥဩသံကိုပင် လန့်ခနဲဖြစ်သွားကာ ခေါင်းထဲ မူးဝေသွားသလိုလိုပင် ခံစားမိရ၏။ အဝေး လဲပင်တွေဆီက ဥသြငှက်သံတွေ ဆက်တိုက်ဆိုသလိုပင် ကြားနေရသည်။ မှိုင်းမှုန်ရီဝေနေသော ကောင်းကင် ညိုလာပြီဆိုသည်နှင့် ပုစဉ်းရင်ကွဲတွေ အော်ကြပြီ။ ပုစဉ်းရင်ကွဲတွေ ဘယ်ကြို ဘယ်ကြားက အော်မြည်နေကြတာလဲ။ နားကွဲလုမတတ်ပါပဲတော်။

အိမ်အောက်မှာ မလှအုံက သရဖီပန်းတွေ နှီးတောင်းထဲထည့်ကာ အပ်တစ်ချောင်းနှင့် ကုံးသည်။ သုံးကုံးကို ဘုရားတင်မည်။ တစ်ကုံးက အရီးပန်းရုံဖို့၊ ကျန်တစ်ကုံးကိုတော့ မအိမ်ကံ ပန်လိမ့်မည်။ မလှအုံက ပန်းကုံးကလေးတွေကိုင်ပြီး အိမ်ပေါ်ကို တက်လာခဲ့၏။ ကျွန်းလှေကားဆံပြားကြီးတွေကို နင်းတက်လာခိုက်မှာပင် ပန်းကုံးတစ်ကုံး လှေကားဆံပေါ် ပြုတ်ကျသွားခဲ့သည်။ မလှအုံက ပန်းကုံးကလေးကို ငုံ့ ကောက်လိုက်ချိန်မှာတော့...။

မလှအုံ ချက်ချင်းပြေးဆင်းသွားကာ အရီးပန်းရုံကို ရှာသည်။ ဒေါ်ပန်းရုံက အိမ်ကြီး ထဲမှာ မရှိ။ ခြံထောင့် ပဲမှော်တိုက်ဘေးမှာ တံမြက်စည်းလှဲနေသံကြားတော့ မလှအုံ အမော တကော ရောက်သွားရသည်။ ဒေါ်ပန်းရုံက တဘက်ကြီးတစ်ထည် ခေါင်းပေါင်းကာ မတ်တတ် တံမြက်စည်းဖြင့် တဗျင်းဗျင်းလှဲနေခိုက်ဖြစ်၏။

“အရီးပန်းရုံ .. အရီးပန်းရုံ မ မအိမ်ကံ အပျိုဖြစ်ပါပကောတော်” 

“ဟဲ့ .. ဘယ်လိုတဲ့... ညည်းဟာ ဘာစကားတုံး”

မလှအုံ သရဖီပန်းကုံးတာကအစ လှေကားပေါ် တက်သွားသည်အထိ စီကာပတ်ကုံး ပြောနေသည်။ သရဖီပန်းကုံးတစ်ကုံး ပြုတ်ကျသွားလို့ငုံ ကောက်လိုက်သည့်အခါ ဆံ တစ်ထစ်ချင်း လိုက်ကြည့်လိုက်သည့်အခါ … ။

“လှေကားဆံမှာ ရိုက်ထားတဲ့ ဒင်္ဂါးပြားတွေ တွေ့လား .. မအိမ်ကံက အဲသည်ဒင်္ဂါး ပြားတွေ နင်းပြီး တက်နေကျလေ...အခု ဒင်္ဂါးပြားတွေဘေးမှာ ဘာတွေ ခဲ့သယ်မှတ်တုံး ...”

“လိုရင်းပြောစမ်းပါ လှအုံရယ် ညည်းဟာကလည်း...” 

မလှအုံ ပြောပြလိုက်သည့်အခါမှာတော့ ဒေါ်ပန်းရုံ တံမြက်စည်းကိုင်လျက် တွေသွားသည်။ အို...ဟုတ်ကဲ့လား...။ မလှအုံက ညာစရာမရှိ။ ဖြစ်ချင်လည်း ဖြစ်နိုင်သည်။ ဖြစ်လည်းဖြစ်နိုင်သည်။ သမီးကလေးက အသက်ပဲ ဆယ့်နှစ်နှစ်လား … ဆယ့်သုံးနှစ်ထဲမှာ လား..။ အင်းလေ… ဒါတွေကို ရှောင်လွှဲလို့ မဖြစ်နိုင်ပါ။ ဒေါ်ပန်းရုံ မျက်ရည်တွေ ဝဲနေသည်။ မလှအုံကလည်း မျက်ရည်တွေ ဝဲနေသည်။ မလှအုံက မျက်ရည်စတွေကို လက်ဖမိုးနှင့် သုတ်ရင်းက ဝမ်းနည်းသံနှင့် ပြောလေသည်။

“မနေ့ကအထိ ကလေးဘဝထဲမှာပါ အရီးရယ်... ကနေ့ အပျိုဘော်ဝင်ပြီဆိုသာကိုပဲ ကျုပ်မယုံနိုင်သာပါတော်...ကျုပ်ညီမကလေးကို ကလေးလိုပဲ ကျုပ်မြင်ချင်သာတော့... ဘာဖြစ်လို့ မှန်းမသိဘူး ... ကျုပ်ရင်ထဲ တစ်မျိုးကြီးပဲ"

“ငါ မအေ ပိုဆိုးတော့မပေါ့အေ.ညည်း အခုလာပြောတော့ တာဝန်တွေ ပိုများလာပြီလို့လည်း ခေါင်းကြီးသွားမိသယ်... မိန်းကလေးဆိုသာ အရွယ်ရောက်လာရင် မိဘ များမယ် ဝန်တာကြီးသလို သူ့ အတွက်လည်း ဝန်တာတွေ ပိုလာသာအေရဲ့.…. သည်ကြားထဲ ညည်းညီမက” 

ဒေါ်ပန်းရုံ ရှိုက်သံကြောင့် မလှအုံက မော့ကြည့်သည်။ ဒေါ်ပန်းရုံပါးပေါ်မှာ မျက်ရည်ပေါက်တွေ စီးကျနေလေသည်။

“ပြောလေ အရီး” 

“သူက ကွမ်းတောင်ကိုင် လုပ်ချင်လိုက်သာ ရူးလို့ ညည်းလည်းသိသားပဲ ... သို့ပေ သိ….ငါ့သမီးကလေးမှာက ..”

ဒေါ်ပန်းရုံက ရှိုက်ကြီးတငင် ငိုကြွေးလေတော့ မလှအုံက သက်ပြင်းချသည်။ ကုက္ကို ရွက်ခြောက်တွေ တဖျောဖျောကျလာတာကို ငေးနေမိ၏။ လေပွေတစ်ချက် ထသွားတော့ တာလမ်းပေါ်မှာ ဖုန်ဝဲကတော့ထိုးလေသည်။ ဝဲကတော့ကြီးက လေတိုက်ရာ ဝဲလှည့်ရင်း ပါသွားလေ၏။

“ကျုပ်သိပါသယ် အရီးရယ်..ကျုပ်ကိုလည်း သတိရတိုင်း မေးသေးသာရယ်တော့် ကျုပ်ကလည်း ပြောမထွက်သာနဲ့ ဝေ့လည်ချောင်ပတ် ဖြေလိုက်သာချည်းပဲ...ကိုင်း အဲသာထား ၊ မအိမ်ကံကို လိုက်ကြည့်ဦးလေ အရီး”

“လှအုံရယ်..ညည်း ထမနဲထိုးနည်း သင်ပေးတုန်းက ငါတောင် ပြောမိသေးသယ်.. လှအုံရယ် ငါ့သမီး ငယ်ပါသေးအေ.ထမနဲထိုးဖို့ အဝေးကြီးလိုပါသေးသယ် လို... အခုတော့ ထမနဲထိုးရမယ့်အရွယ် ရောက်လာပါပကောအေရယ်..”

ဒေါ်ပန်းရုံနှင့် မလှအုံ လှေကားအတိုင်း တစ်ထစ်ချင်း တက်လာခဲ့ကြသည်။ လှေကား ဆံတွေကို ရေဆေးပြီး တရော်ကင်ပွန်းရည်ဖျန်းဖို့ မလှအုံကို တိုးတိုးမှာသည်။ အိမ်ကြီးလေသာ ဆောင်မှာ မအိမ်ကံတစ်ယောက်တည်း။ လေထဲလွင့်လာသည့် မှို စကြာကလေးကို မမီမကမ်း လှမ်းဖမ်းနေ၏။ သည်လိုတော့လည်း ကလေးလေးလိုပါပဲလား သမီးရယ်။

“သမီး”

အမေပန်းရုံက မအိမ်ကံကို ပြေးဖက်ကာ ငိုလေတော့သည်။ မအိမ်ကံကလည်း မအေကို ဖက်ရင်း ဝမ်းနည်းပက်လက် ငိုပါ၏။ ဘေးက မလှအုံလည်း မျက်ရည်မဆည်နိုင်။ 

“မအိမ်ကံ သည်ကနေ့ နေရတာ တစ်မျိုးကြီးပဲအမေရယ် ... ဘာဖြစ်သာလဲဟင်” 

“သမီး သည်နေ့ကစပြီး ကလေးလို နေလို့မရတော့ဘူး.. ကိုင်း ရေချိုးချေဦး...ပြီးမှ အမေပြောပြမယ် … လှအုံနဲ့လိုက်သွား..သွား သမီး သွား”

လေဝဲကတော့ကြီးက မအိမ်ကံတို့ ဝိုင်းတိုက်ထဲမှာ ဝဲလှည့်ရင်း သစ်ရွက်ခြောက်တွေကိုပါ ကောင်းကင်ထက် ဆွဲယူသွားခဲ့သည်။ ရုတ်တရက် ကောင်းကင် ညို့လာတော့ ပုစဉ်းရင်ကွဲ မြည်သံတွေ ဆူပွက်လာပြန်လေ၏။

ထိုညက မအိမ်ကံ အိပ်မပျော်ပါ။ အမေပန်းရုံက မလှအုံကို မအိမ်ကံနှင့် အတူအိပ်စေသည်။ ခါတိုင်းတော့ မအိမ်ကံ အိပ်ချင်သည့်နေရာမှာ အိပ်နေကျ။ အမေပန်းရုံနှင့် အတူ သွားအိပ်ချင်အိပ်သည်။ မအိမ်ကံတစ်ယောက်တည်း အိပ်လိုက်တာလည်း ရှိသည်။ အခုတော့ အမေက မအိမ်ကံကို အဖော်တစ်ယောက်နှင့်အတူ အိမ်ကြီးပေါ်မှာ ပြောင်းရွှေ့ပေးတော့မည် ဆိုသည်။ နေ့ခင်းက မအိမ်ကံတို့ အိမ်ကြီးအပေါ်ထပ်ကို ရှင်းကြလင်းကြသည်။ မအိမ်ကံအတွက် အခန်းတစ်ခန်း သီးသန့် ပြင်ဆင်ပေးကြသည်။ ကျောက်ပြင်၊ သနပ်ခါးကအစ မအိမ်ကံ အဝတ် အစားတွေပါ ရွှေ့ပေးခြင်းဖြစ်၏။ အမေပန်းရုံ ခေါ်သလိုခေါ်ရလျှင် အပျိုခန်းဟု ဆို၏။

အပျိုခန်း...

သည်စကားလုံးက မအိမ်ကံကို ခြောက်လှန့်နေသည်။ အပျိုခန်းမှာ အိပ်ရသူဆိုလျှင် မအိမ်ကံ အပျိုပဲပေါ့။ အပျိုဆိုတာ ဘာကိုပြောတာပါလိမ့်။ တကယ်တမ်းကျတော့ မအိမ်ကံ အပျိုမဖြစ်ချင်သေးပါ။ ကလေးလိုပဲ နေချင်ပြန်ခဲ့သည်။

“အို ... မြန်မြန်အပျိုဖြစ်တော့လည်း မြန်မြန်ဖက်စိမ်းကွမ်းတောင် ကိုင်ရသာပေါ့”

မျက်စိထဲမှာ ဖက်စိမ်းကွမ်းတောင်အုပ်ကြီးကို ကိုင်ထားသည့် မမဂွမ်းဖြူကို မြင်နေရသည်။ ပြီးတော့ မအိမ်ကံကိုယ်တိုင် ကွမ်းတောင်ကိုင် ဖြစ်နေပြန်သည်။ လှလိုက်သည့် မအိမ်ကံ.. ။ ဖက်စိမ်းတစ်လှည့် ဖက်ဝါတစ်လှည့် ကွက်ပြောက်ထိုးထားသည့် ဖက်စိမ်းကွမ်း တောင်ကြီးကိုကိုင်ရင်း ရွာလယ်လမ်းအတိုင်း စိတ်ဖြင့် လျှောက်ကြည့်သည်။ ထိုအချိန်မှာပင် . ပဲမှော်တိုက်ဘက်ဆီက ‘ဂီး’ခနဲ အော်လိုက်သော ငှက်တစ်ကောင်၏အော်သံကြီးကို ကြားလိုက် ရလေသည်။ သည်အသံကြောင့် မအိမ်ကံ ထိတ်ပျာသွားခဲ့ရသည်။

“အမေ”

အမေ့အခန်းဘက်က ထူးသံမကြားရ။ မအိမ်ကံ ချွေးတွေပြန်လာခဲ့သည်။ ညဘက်မှာ ငှက်အော်သံတွေ မအိမ်ကံ အကြိမ်များစွာ ကြားဖူးပါ၏။ သည်တစ်ခါ ငှက်အော်သံကတော့ သူ့ကို ရည်စူးကာ ထိုးလိုက်သလို ရင်ထဲကို စူးခနဲ ဖောက်ဝင်သွားခဲ့ခြင်းဖြစ်သည်။ မအိမ်ကံ ရေဆာလိုက်တာ။ မလှအုံကို နှိုးရ ကောင်းမလား။ မလှအုံခမျာလည်း တစ်နေကုန် ပန်းရှာလို့ ထင်ပါ၏။ ဟောက်သံကြီးပြုလျက် တုတ်တုတ်မျှမလှုပ်။ ကိုယ့်အိမ်ကိုယ်ပဲလေ၊ ဘာကြောက်စရာ ရှိသလဲ။ မအိမ်ကံ အိပ်ရာက လူးလဲထကာ မီးခတ်ကို စမ်းသည်။ မတွေ့။ မလှအုံ ဘယ်နားထား အိပ်ပါလိမ့်။ မအိမ်ကံ ခုတင်ပေါ်က ဆင်းကာ အခန်းတံခါးပေါက်ဆီ လျှောက်လာခဲ့သည်။

တံခါးအောက်ချက်ကို ဖွင့်ပြီးတော့ အပေါ်က ချက်ကို မမီဖြစ်ရသည်။ မှန်တင်ခုံရှိရာ စမ်းသွားပြီး ဖင်ထိုင်သည့် ခွေးခြေခုံကလေးကို မယူလာခဲ့သည်။ ခုံပေါ်တက်ကာ တံခါးအပေါ်ချက်ကို ဖွင့်သည်။ အခန်းအပြင်ဘက်ကို ထွက်လိုက်တော့ စိမ့်ခနဲပင် အေးသွားမိသည်။ သစ်သား ကြမ်းပြင်ကို ခြေထိုးစမ်းရင်း သောက်ရေအိုးစင်ရှိရာ တစ်လှမ်းချင်း လှမ်းထွက်ခဲ့သည်။ တစ်လှမ်း..၊ နှစ်လှမ်း၊ သုံးလှမ်း…လေးလှမ်းငါးလှမ်း…………။

“ဂီး”

“အမေ”

အိမ်မကြီးရှေ့မှ ငှက်တစ်ကောင် အတောင်ခတ်လိုက်သည့်အသံကိုပင် မအိမ်ကံ ကြားလိုက်ရသည်။ တောင်ပံခတ်လိုက်သည့် လေက မအိမ်ကံကိုပင် လာဟပ်လေသလား အောက်မေ့မိ၏။ မအိမ်ကံ တစ်ကိုယ်လုံး အေးစက်သွားရာက ပြိုလဲကျမသွားအောင် အနားရှိ  ကျွန်းလုံးအိမ်တိုင်ကြီးကို လှမ်းဖက်လိုက်ရင်း မျက်စိတွေ စုံမှိတ်ထားလိုက်သည်။ အိမ်အပြင်ခန်းမှာ ဘယ်သူမှ မရှိ၊ ဘာကိုမျှ မမြင်ရ။ မှောင်နှင့်မည်းမည်း။ တစ်ဘက်အခန်းဆီက အမေ့အော်သံ ကို ကြားလိုက်ရသည်။ 

“မအိမ်ကံ မကြောက်နဲ့… အမေလာပြီ သမီး”

---

(အခန်း ၈ အဆက် သို့ ဆက်ရန်)

#ခင်ခင်ထူး
#မအိမ်ကံ

#shared_by_louis_augustine
#sbla

Comments