လေရူးသုန်သုန် (အခန်း ၅၄ အဆက်) // မြသန်းတင့်

လေရူးသုန်သုန် (အခန်း ၅၄ အဆက်) // မြသန်းတင့်

“ကျုပ် မနာလိုဝန်တို ဖြစ်တယ် ဟုတ်လား” ရက် ဘတ်တလာက ပြောသည်။ “ဟုတ်သားပဲ၊ မနာလိုတော့ ဘာဖြစ်သလဲ၊ အက်ရှလေကို ကျုပ် မနာလိုဘူး၊ သဝန်တိုတယ်၊ အဲဒါ ဘာဖြစ်သလဲ၊ ကျုပ်ကို ရှင်းမနေပါနှင့်၊ မင်းဟာ ကျုပ် အပေါ်မှာ ကာယကံမြောက် သစ္စာ မဖောက်သေးဘူးလို့ ပြောမလို့ မဟုတ်လား၊ ကျုပ် သိပြီးပြီ၊ အစောကြီး ကတည်းက သိပြီးပြီ၊ ညားကတည်းက သိပြီးသား၊ ဘယ်လို လုပ်ပြီး သိတယ် ထင်သလဲ၊ လွယ်လွယ်ကလေးရယ်၊ အက်ရှလေလို လူမျိုး အကြောင်း ကျုပ် ကောင်းကောင်း သိတယ်၊ အဲဒီ လူမျိုးက လူကြီး လူကောင်းတွေ၊ ဣန္ဒြေရှင်ကြီးတွေ မဟုတ်လား၊ မင်း အတွက်၊ ကျုပ် အတွက်၊ ဒီကိစ္စ အတွက် ကျုပ် ဒီလောက်ပဲ ပြောမယ်၊ ကျုပ်တို့က လူကြီး လူကောင်း မဟုတ်ဘူး၊ သိက္ခာတွေ ဘာတွေ နားမလည်ဘူး၊ ရှင်းရှင်းပဲ၊ ဒါကြောင့် ကျုပ်တို့ တစ်တွေ ဆိတ်နံကြီးပင်လို တရိပ်ရိပ် ကြီးပွားနေတာပေါ့”

“ဖယ်ပါ၊ ကျွန်မ သွားမယ်၊ ရှင် ဒီလောက် စော်ကားရရင် တော်ရောပေါ့၊ နောက်ထပ် အစော်ကား မခံနိုင်ဘူး”

“ကျုပ် မင်းကို ဘယ်မှာ စော်ကားလို့လဲ၊ ကိုယ်ခန္ဓာအားဖြင့် သန့်ရှင်းတယ်၊ သစ္စာ ရှိတယ်လို့ မင်းကို ချီးကျူးနေတာ၊ ဒါပေမယ့် ကျုပ်ကို အရူးလုပ်လို့တော့ မရဘူး မှတ်ပါ၊ မင်းက ယောကျ်ားတွေကို အရူးတွေလို့ ထင်နေတာ မဟုတ်လား၊ ဒီမှာ စကားလက်၊ ကိုယ့်ရန်သူကို ဘယ်တော့မှ အထင် မသေးပါနှင့်၊ ရန်သူကို အထင်သေးတာဟာ ဘယ်တော့မှ အကျိုး မများဘူး မှတ်ပါ၊ ကျုပ်က နလပိန်းတုံး မဟုတ်ဘူး၊ ကျုပ်ကို အက်ရှလေ အမှတ်ထားပြီး ကျုပ် ရင်ခွင်ထဲ ဝင်နေတာကို ကျုပ် မသိဘူးများ ထင်နေသလား”

စကားလက်၏ ပါးစပ်သည် ဟသွား၏။ စကားလက်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ အံ့သြသည့် အမူအရာ ပေါ်လာသည်။

“တော်တော် အရသာ ရှိမှာပေါ့ ဟုတ်လား၊ စိတ်ကူးနှင့် မှန်းပြီး လွမ်းတယ်ပေါ့၊ လင်မယား နှစ်ယောက်တည်း ခုတင်ပေါ်မှာ အိပ်တာကို သုံးယောက် အိပ်ရသလို ဇိမ်ကျနေတာပေါ့ ဟုတ်လား”

ရက် ဘတ်တလာက ပခုံးများကို ကိုင်လှုပ်လိုက်ပြီး ခပ်လှောင်လှောင် ပြုံးနေသည်။

“ဟုတ်ပါတယ်၊ မင်း ကျုပ် အပေါ်မှာ သစ္စာ ရှိပါတယ်၊ အက်ရှလေက မင်းကို စိတ်မပါသေးတော့ မင်း ကျုပ် အပေါ်မှာ သစ္စာ ရှိနေသေးတာပေါ့၊ ဒါပေမယ့် မင်း ခန္ဓာကိုယ်ကို ပေးလိုက်ရင်လည်း ကျုပ်အဖို့ အရေးမကြီးပါဘူး၊ မနာလို မဖြစ်ပါဘူး၊ စိတ်ချပါ၊ ခန္ဓာကိုယ် ဆိုတာ အလကားပါ၊ အထူးသဖြင့် မင်းတို့ မိန်းမတွေရဲ့ ခန္ဓာကိုယ် ဆိုတာ အလကားပါ၊ ဒါပေမယ့် မင်း နှလုံးသားကို ပေးတဲ့ အတွက်၊ မင်းရဲ့ ချစ်စရာ ကောင်းတဲ့ ဇွတ်တရွတ်နိုင်တဲ့ အရှက် မရှိ လုပ်ရဲတဲ့ စိတ်ထားကို ပေးတဲ့ အတွက်တော့ ကျုပ် သူ့ကို မနာလို ဖြစ်တယ်၊ ဒီလူက အလကား လူပါ၊ မင်း စိတ်ကို လိုချင်တာ မဟုတ်ပါဘူး၊ ကျုပ်ကလည်း မင်း ခန္ဓာကိုယ်ကို လိုချင်တာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကို လိုချင်ရင် မိန်းမတွေ ပေါတယ်၊ ပိုက်ဆံ ပေးရင် ဈေးပေါပေါနှင့် လိုသလောက် ရတယ်၊ ဒါပေမယ့် ကျုပ် လိုချင်တာက မင်း စိတ်ကို လိုချင်တာ၊ မင်း အသည်းနှလုံးကို လိုချင်တာ၊ ကျုပ် မင်း စိတ်ကို မရခဲ့ဘူး၊ မင်း အသည်းနှလုံးကို မရခဲ့ဘူး၊ မင်းလည်း အက်ရှလေရဲ့ စိတ်ကို မရခဲ့ဘူး၊ သူ့ အသည်းနှလုံးကို မရဘူး၊ ဒါကြောင့် မင်းကို ကျုပ် သနားတာ”

စကားလက် ထိတ်လန့် ကြောက်ရွံ့နေသည့် တိုင်အောင် သူ့ သရော်ပုံကို ခံပြင်းနေသည်။

“သနားစရာ မလိုပါဘူး”

“လိုတာပေါ့၊ သိပ်လိုတာပေါ့၊ တကယ်က မင်းဟာ ကလေးလေးပဲ ရှိသေးတယ်၊ လမင်းကို လိုချင်လို့ ငိုနေတဲ့ ကလေးလေးပဲ၊ လမင်းကို ရပါပြီတဲ့၊ အဲဒီ ကလေး ဘာလုပ်မလဲ၊ အက်ရှလေကို ရတော့ မင်း ဘာလုပ်မလဲ၊ ဟုတ်တယ်၊ မင်းအတွက် ကျုပ် ဝမ်းနည်းတယ်၊ သနားတယ်၊ လက်ထဲ ရောက်လာတဲ့ ချမ်းသာ သုခကို လွှတ်ပစ်ပြီး ဒုက္ခကို လိုက်ရှာနေတယ်၊ မင်းကို ဘယ်တော့မှ ပျော်ရွှင်မှု မပေးတဲ့ အရာကို လိုက်ရှာနေတယ်၊ မင်းဟာ ဘာမှ အသိဉာဏ် မရှိတဲ့ မိန်းမ၊ အသွင်တူသူချင်း ပေါင်းဖက်မှ ချမ်းသာ သုခကို ရနိုင်တယ် ဆိုတာလောက်ကိုတောင် မင်း မစဉ်းစားတတ်ဘူး၊ ဒါကြောင့် ကျုပ် မင်းကို သနားတယ်”

“ဆိုပါစို့၊ ကျုပ်ကလည်း သေ၊ မီလာနီလည်း သေပြီး မင်း အင်မတန် တန်ဖိုးထားတဲ့ မင်း ချစ်သူကို ရပြီ ထားပါစို့၊ မင်း ပျော်မယ် ထင်သလား၊ ဟင်း အဝေးကြီး၊ မင်းဟာ ဒီလူကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး၊ သူ ဘာတွေ တွေးပြီး ဘာတွေ စဉ်းစား နေတယ် ဆိုတာကိုလည်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး၊ ဘယ် နားလည်မလဲ၊ မင်း ကဗျာကို နား မလည်ဘူး၊ ဂီတကို နားမလည်ဘူး၊ စာပေကို နားမလည်ဘူး၊ ငွေကလွဲရင် မင်း ဘာမှ နားမလည်ဘူး၊ ဒီတော့ မင်း သူ့ကိုလည်း ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး၊ ဒီမှာ ကျုပ် မိန်းမ၊ ကျုပ်ကို သူ့ထက် တစ်ဝက်လောက်သာ အခွင့်အရေး ပေးရင် မင်းရော ကျုပ်ရော ပျော်မယ်၊ စိတ်ချ၊ ကျုပ်တို့ နှစ်ယောက်စလုံးဟာ လူဆိုးတွေ၊ ကျုပ်တို့ လိုချင်လာပြီ ဆိုရင် ဘာကို ဖြစ်ဖြစ် ရတဲ့နည်းနဲ့ ရအောင် ယူတယ်၊ ကျုပ်က မင်းကို ချစ်တယ်၊ မင်းကို နားလည်တယ်၊ အက်ရှလေက မင်း အကြောင်းကို နားမလည်သလောက် ကျုပ်က မင်း အကြောင်းကို အကုန် သိတယ်၊ ဒါကြောင့် ကျုပ်တို့ နှစ်ယောက်သာ နေရရင် ပျော်မှာပဲ၊ အက်ရှလေဟာ မင်းကို နားမလည်လို့၊ မင်းကို နားလည်ရင် မင်းကို မုန်းမှာ သေချာတယ်၊ ဒါပေမယ့် မင်း သဘော၊ မင်း ကြိုက်သလို လုပ်၊ ကိုယ် နားမလည်တဲ့ လူ တစ်ယောက် အတွက် တစ်သက်လုံး လွမ်း၊ တစ်သက်လုံး ဆွေးနေပေါ့ ဟုတ်လား၊ ဒီတော့ ကျုပ်ကလည်း ပြည့်တန်ဆာတွေကို လွမ်းနေမယ်၊ ကိုယ့်နည်းနဲ့ ကိုယ်ပေါ့ ဟုတ်လား၊ ဒီလိုဆိုရင် ကျုပ်တို့ လင်မယား နှစ်ယောက် ဒိပြင် လင်မယားတွေထက် သာမှာပါ”

ရက် ဘတ်တလာက သူ့ကို ရုတ်တရက် လွှတ်ပြီး အရက် ဖန်ချိုင့်ဆီသို့ ဒယီးဒယိုင် လျှောက်သွား၏။ စကားလက် အတန်ကြာမျှ မလှုပ်မရှား ရပ်နေသည်။ သူ့ ခေါင်းထဲတွင် အတွေးများသည် တစ်ခုပြီး တစ်ခု လျင်မြန်စွာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။ သို့ရာတွင် မည်သည့် အတွေးကိုမျှ ဖမ်းဆုပ်၍ မရ။

သူ့ကို ချစ်သည်ဟု ရက် ဘတ်တလာက ပြောသွားသည်။ သူ တကယ် ပြောနေခြင်းလော။ သို့မဟုတ် အရက် မူး၍ ပြောနေခြင်းလော။ သို့မဟုတ် တမင် လှောင်ပြောင် ပြောနေခြင်းလော။ အက်ရှလေကိုမူ လမင်းနှင့် ခိုင်းနှိုင်း ထားသည်။ သူ့ကို လမင်းကို လိုချင်၍ ငိုနေသူဟု ပြောသွားသည်။

တစ္ဆေသရဲ လိုက်လာသကဲ့သို့ မှောင်ပိန်း နေသည့် အိမ်ရှေ့ ခန်းမဆောင်သို့ စကားလက်က တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။ သူ့ အိပ်ခန်းသို့ ပြန်ရောက်ချင် လှပြီ။ ခြေထောက် ခွေသွားပြီး ဖိနပ် ကျွတ်သွားသည်။ ဖိနပ် တစ်ဖက်ကို ချွတ်၍ ကန်ထုတ် ပစ်လိုက်၏။ တောတွင်းသား တစ်ယောက်လို ပေါ့ပါး လျင်မြန်စွာ ပြေးလိုက်လာသည့် ရက် ဘတ်တလာသည် သူ့ဘေး အမှောင်ထဲတွင် ရောက်နေသည်။ ထွက်သက်လေသည် သူ့ မျက်နှာပေါ်တွင် နွေးနေ၏။ လက် နှစ်ဖက်က သူ့ကို ခပ်ကြမ်းကြမ်း ဖက်ကာ ဝတ်ရုံအောက်သို့ တိုးဝင်လာသည်။

“မင်း ကျုပ်ကို ကန်ထုတ်ပြီး ဟိုလူနောက်ကို လိုက်နေတယ်ပေါ့၊ ဟုတ်လား၊ ဒီနေ့ တစ်ညတော့ ကျုပ် အိပ်ရာပေါ်မှာ နှစ်ယောက်တည်း ရှိတဲ့ည ဖြစ်ရမယ်၊ နှစ်ယောက်တည်း ရှိတဲ့ည”

ရက် ဘတ်တလာက ရုတ်တရက် ကောက်ပွေ့လိုက်ပြီး လှေကား တစ်လျှောက် တက်လာသည်။ စကားလက် ခေါင်းသည် သူ့ ရင်ဘတ်တွင် ညပ်နေသည်။ တူထုသလို တဒိုင်းဒိုင်း ခုန်နေသည့် သူ့ နှလုံးခုန်သံကို ကြားရ၏။ ရက် ဘတ်တလာက အတင်း ဖျစ်ညှစ်ထားသဖြင့် စကားလက် နာကျင်၍ အော်သည်။ သူ့ အသံက ဗလုံးဗထွေး။ ထိတ်လန့် ကြောက်ရွံ့နေသည့် အသံ။ မှောင်ကြီးမည်းမည်းတွင် လှေကား တစ်လျှောက် စမ်း၍ တက်လာသည်။

စကားလက် ကြောက်စိတ် မွှန်လျက် ရှိ၏။ ရက် ဘတ်တလာသည် ရူးသွပ်နေသည့် လူစိမ်း တစ်ယောက်။ ဤသည်မှာ သူ မသိသည့် မှောင်မိုက်သည့် အမှောင်ထုကြီး ဖြစ်သည်။ သေခြင်းတရား ထက်ပင် မှောင်မိုက်သည်။ ရက် ဘတ်တလာသည် သေမင်းနှင့် ဘာမျှမခြား။ သူ့ လက်မောင်းကြီးများဖြင့် တင်းကျပ်စွာ ပွေ့၍ ခေါ်သွားနေသည်။ စကားလက်က အော်သည်။

ရင်အုပ် ကြားတွင် မပီမသ။ တစ်ဆစ်ချိုး အကွေ့တွင် ရုတ်တရက် ရပ်လိုက်ပြီး စကားလက်ကို သူ့ လက်မောင်းထဲတွင် ပက်လက် လှန်လိုက်၏။ ရိုင်းစိုင်း ကြမ်းတမ်းစွာ အားကုန် နမ်းသည်။ စကားလက် ဘာကိုမျှ မသိတော့။ သူ နစ်မြုပ်လျက်ရှိရာ အမှောင်ထုနှင့် သူ့ နှုတ်ခမ်းပေါ်က နှုတ်ခမ်းများမှအပ အခြား ဘာကိုမျှ သတိ မရတော့။ လေပြင်းထဲတွင် ရပ်နေသူပမာ ရက် ဘတ်တလာ တစ်ကိုယ်လုံး တုန်နေသည်။ သူ့နှုတ်ခမ်းများသည် စကားလက်၏ ပါးစပ်မှ အောက်သို့ ဆင်းလာသည်။ ဝတ်ရုံက ကိုယ်ပေါ်မှာ လျှောကျသွားပြီ။ သူ့ နှုတ်ခမ်းများသည် စကားလက်၏ နူးညံ့ အိစက်သည့် အသားပေါ်သို့ ရောက်လာ၏။

စကားတွေ တတွတ်တွတ် ပြောနေသည့်တိုင် စကားလက် မကြား။ သူ့ နှုတ်ခမ်းများသည် စကားလက် ယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသော ခံစားချက်များကို လှုပ်နှိုးနေသည်။ စကားလက် ကိုယ်တိုင်သည် အမှောင်ထုကြီး ဖြစ်နေသည်။

ရက် ဘတ်တလာသည်လည်း အမှောင်ထုကြီး ဖြစ်နေသည်။ ဤကာလ မတိုင်မီ အထိ လောကကြီးတွင် ဘာမျှ မရှိ။

အမှောင်ထုကြီးနှင့် သူ့နှုတ်ခမ်းများသာ ရှိသည်။ စကားလက် စကား ပြောဖို့ ကြိုးစားသည်။ သူ့ နှုတ်ခမ်းများက ပါးစပ်ပေါ်သို့ ရောက်လာကြပြန်သည်။ ရုတ်တရက် သူ တစ်ခါမျှ မခံစားခဲ့ဖူးသည့် ပြင်းထန်သော တုန်လှုပ်ခြင်းမျိုးကို ခံစား လိုက်ရသည်။

ပျော်ခြင်း၊ ကြောက်ခြင်း၊ ချောက်ချားခြင်း၊ ရင်သိမ့်တုန်ခြင်း၊ သန်မာသော လက်မောင်းများ၊ နာကျင်စေသော နှုတ်ခမ်းများနှင့် အပြောင်းအလဲ မြန်သော ကံတရားကို အရှုံးပေးခြင်းတို့ ရောထွေးနေသည်။ တစ်စုံတစ်ယောက်၊ သူ့ကို အနိုင်ကျင့်၍ သူ့ကို လွှမ်းမိုးနေသော တစ်စုံတစ်ယောက်ကို သူ့ တစ်သက်တွင် ပထမဆုံး စကားလက် တွေ့ရပြီ။ သို့တိုင်အောင် စကားလက်၏ လက်မောင်းများသည် သူ့လည်ပင်းကို သိုင်းဖက် ထားကြသည်။ နှုတ်ခမ်းများသည် သူ့ နှုတ်ခမ်းအောက်တွင် တရွရွ တုန်နေကြသည်။ သူတို့ နှစ်ဦးသည် အမှောင်ထုကြီးထဲသို့ လွင့်ပါနေကြသည်။ နူးညံ့သော၊ ချာချာလည်သော၊ အားလုံးကို ဖုံးလွှမ်းသော အမှောင်ထုကြီး ထဲသို့ လွင့်ပါနေကြသည်။

နောက်တစ်နေ့ နံနက် အိပ်ရာမှ နိုးသည့် အခါ၌ ရက် ဘတ်တလာကို မတွေ့ရတော့။ သူ့ ဘေးတွင် တွန့်ကြေ နေသည့် ခေါင်းအုံးကိုသာ မတွေ့ရလျှင် မနေ့ညက အဖြစ်အပျက်သည် ကယောင်ချောက်ချား မက်သည့် အိပ်မက်ရိုင်း တစ်ခုမျှသာဟု ထင်မိလိမ့်မည်။ မနေ့ညက အဖြစ်ကို တွေးမိသဖြင့် စကားလက် မျက်နှာတွင် ကြက်သွေးရောင် စို့လာ၏။ စောင်ကို လည်ပင်းအထိ ဆွဲခြုံလိုက်ပြီး နေရောင်ထဲတွင် လဲလျောင်းကာ ရောထွေး ယှက်လိမ်နေသည့် မြင်ကွင်းများကို ကြိုးစား၍ ဖြေ၏။

ထိုအထဲတွင် အရာ နှစ်ခုကို သူ ကောင်းကောင်း မှတ်မိသည်။ ရက် ဘတ်တလာနှင့် နေခဲ့သည်မှာ နှစ်တွေ ကြာခဲ့ပြီ။

သူနှင့် အတူ အိပ်ခဲ့သည်။ အတူ စားခဲ့သည်။ ရန်ဖြစ်ခဲ့သည်။ ကလေး တစ်ယောက် မွေးခဲ့သည်။ သို့တိုင်အောင် သူသည် ရက် ဘတ်တလာကို မသိခဲ့။ မည်းမှောင်သည့် လှေကား တစ်လျှောက်တွင် သူ့ကို ပွေ့ချီသွားခဲ့သူသည် သူ မသိသည့် သူစိမ်းပြင်ပြင် တစ်ယောက် ဖြစ်ခဲ့သည်။ သို့ရာတွင် ယခုမူ သူ့ကို မုန်းရန် ကြိုးစားသည့်တိုင်၊ သူ့ကို စိတ်ဆိုးရန် ကြိုးစားသည့်တိုင် စကားလက် မုန်း၍ မရတော့။ စိတ်ဆိုး၍ မရတော့။ ရက် ဘတ်တလာသည် သူ့ကို ဦးကျိုးအောင် လုပ်ခဲ့ပြီ။ နာကျင်အောင် လုပ်ခဲ့ပြီ။

ပြင်းထန် ကြမ်းတမ်းသည့် ညတစ်ညလုံး သူ့ကို ကြမ်းတမ်းစွာ အသုံးချခဲ့ပြီ။ စကားလက် ထိုအပြုအမူကို ကျေနပ်နေသည်။ ရှက်ဖို့မူ ကောင်းသည်။ မနေ့ညက အမှောင်ထု အကြောင်းကို တွေးလျှင် ခေါင်းပင် ဖော်ရဲစရာ မရှိ။ ဂုဏ်သရေရှိ အမျိုးကောင်းသမီး တစ်ယောက်၊ တကယ့် ဂုဏ်သရေရှိ အမျိုးသမီးကောင်း တစ်ယောက်ဆိုလျှင် ထိုညမျိုးကို တွေ့ခဲ့ရပြီးနောက် ခေါင်းပင် ဖော်ရဲစရာ မရှိ။ သို့ရာတွင် ပီတိ၏ အရှိန်အဟုန်သည် အလျှော့ပေးလိုက်ရသည့် အရှက်ထက် အားကောင်းသည်။ သူ့ တစ်သက်တွင် ပထမဆုံး ရှင်သန် နိုးကြားလာသည်ဟု ခံစားရ၏။ ရမ္မက်ဇောကို ခံစားရသည်။ ထိုရမ္မက်သည် အတ္တလန်တာက ထွက်ပြေးခဲ့ရသည့် ညက အကြောက်နည်းတူ ပြင်းထန်သည်။ ယန်ကီ စစ်သားကို သေနတ်ဖြင့် ပစ်သတ်ခဲ့စဉ်က အမုန်း နည်းတူ ချိုမြိန်၍ အရသာ ရှိသည်။

ရက် ဘတ်တလာက သူ့ကို ချစ်သည်။ အနည်းဆုံး သူ့ကို ချစ်သည်ဟု ပြောပြီ။ သံသယ ရှိစရာ မလိုတော့။ သူနှင့် ခပ်မှန်မှန် နေခဲ့သည့် ရိုင်းစိုင်း ကြမ်းကြုတ်သည့် ဤလူစိမ်းက သူ့ကို ချစ်သည် ဆိုခြင်းမှာ ဆန်းသည်။ နားမလည်နိုင်စရာ။

မယုံကြည်နိုင်စရာ။ ဤအချက်ကို မည်သို့ မည်ပုံ သဘောပေါက်သွားသည်ကိုမူ စကားလက် ကောင်းကောင်း မသိ။ သို့ရာတွင် တစ်စုံတစ်ရာကို တွေးမိသဖြင့် စကားလက် ရုတ်တရက် အသံထွက်၍ ရယ်သည်။ ရက် ဘတ်တလာက သူ့ကို ချစ်သည် ဆိုလျှင် နောက်ဆုံးတွင် ရက် ဘတ်တလာကို သူ အနိုင်ရပြီ။ သူ့ကို ချစ်လာအောင် ရက် ဘတ်တလာ အား မျှားခေါ်မည်။

သို့ိဆိုလျှင် ရက် ဘတ်တလာ၏ ခေါင်းပေါ်တွင် ကျာပွတ်ကို ဝင့်နိုင်တော့မည်ဟု သူ စိတ်ကူးခဲ့ဖူးသည် မဟုတ်လော။ ယခု သူ့ အလှည့် ရောက်ပြီ။ ဤသည်ကို တွေး၍ စကားလက် များစွာ ကျေနပ်သည်။ ရက် ဘတ်တလာသည် သူ့ကို တစ်ည မင်းမူခဲ့သည်။ သို့ရာတွင် ယခု ရက် ဘတ်တလာ၏ သံချပ် အင်္ကျီ၌ မည်သည့် နေရာက အားနည်းချက် ရှိသည်ကို စကားလက် သိပြီ။ ယခု အချိန်မှ စ၍ ရက် ဘတ်တလာသည် သူ့ လက်ခုပ်ထဲကရေ ဖြစ်ပြီ။ သူ ရောက်စေချင်သည့် နေရာသို့ ရောက်ပြီ။

ရက် ဘတ်တလာ၏ လှောင်ပြောင် ရယ်မောခြင်းကို စကားလက် နှစ်ရှည် လများ ခံခဲ့ရသည်။ ယခုမူ ရက် ဘတ်တလာသည် မည်သည့် မီးကွင်းကို ဖြစ်စေ သူ ခိုင်းရာ မီးကွင်းထဲသို့ ခုန်ဝင်မည့် ဆပ်ကပ်ပွဲထဲက သတ္တဝါ တစ်ကောင်နှယ် ဖြစ်နေပြီ။

နေ့ခင်း ကြောင်တောင် အလင်းရောင်ထဲတွင် ရက် ဘတ်တလာနှင့် မျက်နှာချင်း ဆိုင်ရမည်ကို တွေးမိသည့် အခါ စကားလက် ရင်လည်း တုန်သည်။ ရှက်လည်း ရှက်သည်။ ပျော်လည်း ပျော်သည်။

“ငါကလည်း သတို့သမီးလေး ကျနေတာပဲ၊ ရင်တွေ တုန်လို့၊ သူတော့ ဘယ်လို နေမယ် မသိဘူး” ဟု စကားလက် တွေးမိသည်။ သို့ တွေးမိရာက စကားလက် အဓိပ္ပာယ် မရှိ တခစ်ခစ် ရယ်သည်။

သို့ရာတွင် ညစာ စားချိန် ရောက်သည် အထိ ရက် ဘတ်တလာ မပေါ်လာ။ ညလယ်စာ စားချိန် အထိလည်း ပြန်မရောက်လာသေး။ သို့ဖြင့် ထိုည လွန်မြောက်သွားသည်။ ရှည်လျားလိုက်သည့် ည။ အရုဏ်တက်သည် အထိ စကားလက် အိပ်မပျော်။ တံခါးသော့ ဖွင့်သံကို စကားလက် နားစွင့်သည်။ သို့ရာတွင် ရက် ဘတ်တလာ ရောက်မလာ။ သတင်း တစ်စုံတစ်ရာ မကြားရဘဲ ဒုတိယနေ့ လွန်မြောက်သွားသည့် အခါတွင်မူ စကားလက် ယောက်ယက်ခတ်စ ပြုလာ၏။ စိတ်လည်း ပျက်သည်။

ကြောက်လည်း ကြောက်လာသည်။ စကားလက် ဘဏ်တိုက်သို့ လိုက်သွား၏။ ဘဏ်တိုက်တွင် မရှိ။ ကုန်တိုက်သို့ လိုက်သည်။

စကားလက် စိတ်ဆိုး နေသည်။ တံခါး ဖွင့်၍ ဈေးဝယ်သူ တစ်ယောက် ဝင်လာတိုင်း ရက် ဘတ်တလာများလောဟု ရင် ထိတ်ထိတ်ဖြင့် လှမ်းကြည့်သည်။ သစ်စက်သို့ လိုက်သွား ပြန်သည်။ ဟူးချ်ကို မဲ၍ ဆူပူနေသဖြင့် ပျဉ်ပုံကြီး တစ်ခု နောက်တွင် ရှောင်နေရသည်။ သို့ရာတွင် ဤနေရာသို့လည်း ရက် ဘတ်တလာ လိုက်မလာ။

စကားလက် အောက်ကျခံ၍ မိတ်ဆွေများ အိမ်သို့ လိုက်မမေးချင်။ အစေခံများဆီတွင်လည်း မစုံစမ်းချင်။ သို့ရာတွင် သူသာ မသိလျှင် ရှိမည်။ အစေခံများ ကမူ တစ်စွန်းတစ်စ သိသည်ဟု စကားလက် ထင်သည်။ ထိုနှစ်ရက် အတွင်း ကြီးဒေါ်သည် စကား မနည်းစဖူး စကား နည်းနေသည်။ စကားလက်က အရိပ်အခြည်ကို စောင့်ကြည့်၏။ သို့ရာတွင် မည်သို့မျှ မပြော။

ဒုတိယည လွန်မြောက်ပြီးသည့် နောက်တွင်မူ ရဲဌာနသို့ သွားတိုင်ရန် စကားလက် ဆုံးဖြတ်သည်။ ရထားချင်း တိုက်၍လော။

မြင်းဖောက်၍ ရထားပေါ်မှ လိမ့်ကျကာ မြောင်းထဲတွင် သတိ မေ့နေသလော။ သို့မဟုတ် ဖွဟဲ့၊ မပြောကောင်း ပြောကောင်း သေများ သေပြီလော။

နောက်တစ်နေ့ နံနက်စာ စားပြီး သောက်ပြီးနောက် အခန်းထဲတွင် အဝတ်အစား လဲနေသည်။ လှေကားမှ ခပ်သုတ်သုတ် တက်လာသော ခြေသံများကို ကြားရ၏။ စကားလက် သက်မကြီး ချ၍ ခုတင်ပေါ် ထိုင်ဆဲ ရက် ဘတ်တလာ ရောက်လာသည်။

မုတ်ဆိတ်ကို သန့်ရှင်းစွာ ရိတ်ထား၏။ အရက်မူးခြင်း မရှိ။ သို့ရာတွင် အရက်နာ ကျထားသဖြင့် မျက်လုံးများက နီရဲပြီး ခပ်အစ်အစ် ဖြစ်နေသည်။ သူ့ကို ခပ်သွက်သွက် လက်မြှောက်ပြပြီး “ဟလို” ဟု နှုတ်ဆက်သည်။

သူ လုပ်ပုံက ခံပြင်းစရာ။ နှစ်ရက်လုံးလုံးလည်း ပျောက်နေသေးသည်။ ပြန်လာသည့် အခါတွင်လည်း ထုချေချက်လေးမျှ ပေးဖော် မရ။ ရှင်းလင်းချက်ကလေးမျှ ပေးဖော် မရ။ “ဟလို” ဆိုသည့် စကားလောက်ဖြင့် ပြီးသွားသည်။ တစ်နေ့ညက ဘာမျှ မဖြစ်ခဲ့သည့်နှယ် ခပ်ပေါ့ပေါ့။ ပမာမခန့်သည့် အမူအရာ၊ ဤလို ညမျိုးသည် သူ့ အတွက် တွေ့ရိုး တွေ့စဉ် ညမျိုး ဖြစ်ရမည်။

တွေ့ရိုး တွေ့စဉ် ညမျိုး မဟုတ်လျှင် ဤမျှလောက် ပေါ့ပေါ့တန်တန် သဘောထားဖွယ် မရှိ။ စကားလက် အတန်ကြာမျှ စကား မပြောနိုင်။ သူ့ အပေါ်တွင် ယုယုယယ ဆက်ဆံမည်။ ကြင်ကြင်နာနာ ဆက်ဆံမည်။ အပြုံးလဲ့လဲ့ဖြင့် ဆီးကြိုမည်ဟု စိတ်ကူး ထားသမျှ ပျောက်သွားကြပြီ။ ရက် ဘတ်တလာက သူ့အနားသို့ပင် မကပ်။ ထုံးစံ အတိုင်း အမှတ်တမဲ့ နမ်းရှုပ် နှုတ်ဆက်ခြင်းပင် မပြု။ ခန်းဝမှ ရပ်၍ သူ့ကို ပြုံးကြည့်၏။ လက်ထဲက ဆေးပြင်းလိပ်က မီးခိုး တလူလူ ထွက်လျက်။

“ဘယ် ပျောက်နေတာလဲ”

“မသိချင်ယောင် ဆောင်မနေစမ်းပါနှင့် ကွယ်၊ ခုလောက်ဆိုရင် တစ်မြို့လုံး သိနေပြီ၊ မင်း တစ်ယောက်က လွဲရင် လူတိုင်း မသိချင်အဆုံး၊ စကားပုံ တစ်ခုကို မင်း ကြားဖူးတယ် မဟုတ်လား၊ လင် ဖောက်ပြားချင်တိုင်း ဖောက်ပြား၊ မယား နောက်ဆုံးမှ သိ ဆိုတဲ့ စကားပုံလေ”

“ဟင့်အင်း၊ စကားလက် နားမလည်ဘူး၊ ဘာကို ဆိုချင်တာလဲ”

“မနေ့ညက ဘဲလ် ဝက်တလင်းရဲ့ အိမ်ကို ပုလိပ်က တက်ဖမ်းတဲ့ အခါကျတော့”

“ဘာ၊ ဘဲလ် ဝက်တလင်း ဟုတ်လား၊ ဟို မကောင်းတဲ့ မိန်းမလား၊ ဒါဖြင့် ရှင် ရှင် သူနှင့် သွားနေ”

“ဟုတ်တယ်လေ၊ ဒီပြင် တခြား ဘယ်သွားစရာ ရှိတာမှတ်လို့၊ ကျုပ် အတွက်တော့ မင်း စိတ်မပူပါဘူးနော်”

“ဒါဖြင့် စကားလက်ဆီကနေပြီး ဟို ဟို မိန်းမဆီကို”

“ရှင်းရှင်း ပြောစမ်းပါကွယ်၊ ခုမှ သိတဲ့ ပုံမျိုးတွေ လုပ်မနေစမ်းပါနှင့်၊ ဘဲလ် ဝက်တလင်း အကြောင်း မင်း အစောကြီး ကတည်းက သိပြီးသားပဲဟာ”

“စကားလက်ဆီက နေပြီး သူ့ဆီ သွားတယ်ပေါ့၊ ဟိုနေ့ည ဟိုနေ့ညက”

“တော်တော် ခက်ပါလား” ရက် ဘတ်တလာက အရေးမကြီးသည့် အမူအရာ လုပ်ပြ၏။ “ဟိုနေ့ညက ကျုပ် အပြုအမူတွေကို မေ့သွားပြီလေ၊ အဲဒီညက ကျုပ် အပြုအမူ အတွက်လည်း ခွင့်လွှတ်ပါ၊ တောင်းပန်ပါတယ်၊ အဲဒီ ညက မင်း သိတဲ့ အတိုင်း ကျုပ် တော်တော် မူးသွားတယ်၊ မင်း အလှကို မြင်တော့ ကျုပ် သတိ မထိန်းနိုင် ဖြစ်သွားတယ်၊ မင်း ဘယ်လောက် လှတယ်၊ ချစ်စရာ ကောင်းတယ် ဆိုတာတော့ အကျယ်ချဲ့ ပြောစရာ မလိုဘူး ထင်ပါရဲ့ နော်”

စကားလက် ငိုပစ်လိုက်ချင်သည်။ အိပ်ရာပေါ်သို့ လှဲကာ စိတ်ရှိ လက်ရှိ ငိုပစ်လိုက်ချင်သည်။ ရက် ဘတ်တလာသည် ပြောင်းလဲခြင်း မရှိ။ ဘာမျှ မပြောင်းလဲ။ သူ အရူးလုပ်ခံခဲ့ရပြီ။ သူ့ကို ရက် ဘတ်တလာက ချစ်သည်ဟု သူ့ဘာသာ သူ ထင်ခဲ့သည်။ ယခု ကိုယ့်ဘာသာ ဘဝင်မြင့်နေသည့် သနားစရာ အရူး တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြီ။ ထိုနေ့ညက အပြုအမူများနှင့် စကားများသည် သူ့ ထုံးစံ အတိုင်း မူးလာလျှင် မထိတထိ ရိသည့် စက်ဆုပ်စရာ အပြုအမူ တစ်ရပ်မှန်း စကားလက် သိရပြီ။ အရက် မူးနေစဉ်တွင် သူ့ကို နသားဘားရား လုပ်ကာ အသုံးချ သွားခဲ့ပြီ။ ဘဲလ် ဝက်တလင်း အိမ်က မိန်းမတွေကို ဆက်ဆံသည့် နည်းဖြင့် ဆက်ဆံသွားခဲ့ပြီ။ ယခု ပြန်ရောက်လာသည့် အခါတွင် စော်ကားမြဲ။ လှောင်ပြောင်မြဲ။

သူနှင့် ဝေးကွာမြဲ။ စကားလက် မျက်ရည်များကို ချုပ်တည်း၍ အားတင်းသည်။ သူ ဘဝင်မြင့်နေခြင်း၊ သူ့ကို ချစ်သည်ဟု ထင်နေခြင်းကို ရက် ဘတ်တလာ မည်သည့် နည်းနှင့်မျှ မသိစေရ။ သိလျှင်မူ မပြုံးဘဲနှင့် ဝါးလုံးကွဲ ရယ်လိမ့်မည်။ သို့ရာတွင် မသိသေး၍ တော်သေးသည်။ စကားလက် သူ့ကို ဆတ်ခနဲ မော့ကြည့်၏။ နားလည်ရ ခက်၍ စူးစိုက်ကြည့်နေသည့် သူ့ မျက်လုံး လက်လက် များကို မြင်ရသည်။ စကားလက်၏ စကားများကို နားစွင့်နေသည့်နှယ် ထက်သန် တောက်ပလျက် ရှိကြ၏။ မျှော်လင့် စောင့်စားနေကြသနည်း။ အရူး အလုပ်ခံရခြင်းဟု ရန်ထောင်မည်လော။ သူ ရယ်ရအောင် တစ်စုံ တစ်ရာ လုပ်မည်လောဟု စောင့်စားနေပုံရသည်။ သူ လှောင်စရာ၊ ရယ်စရာ မဟုတ်။ စကားလက်ကို မည်သည့် အစားထဲကများ ထင်နေသည်။ စကားလက်၏ မျက်ခုံး နှစ်ဖက်သည် အေးစက်သည့် မျက်မှောင် အဖြစ် တွန့်သွားကြ၏။

“ဟုတ်ပါတယ်၊ အဲဒီ ကောင်မနှင့် ဆက်နေတာကို အစ ကတည်းက သံသယ ဖြစ်နေတာပါ”

“သံသယ ဖြစ်ရုံပဲလား၊ ဘာဖြစ်လို့ ကျုပ်ကို ဗြောင်ဖွင့်မမေးတာလဲ၊ ဘာဖြစ်လို့ မစပ်စုတာလဲ၊ ဗြောင်ဖွင့်မေးရောပေါ့၊ ဗြောင်ဖွင့်မေးရင် ကျုပ် ပြောမှာပေါ့၊ မင်းနှင့် အက်ရှလေက ကျုပ်တို့ နှစ်ယောက် တခြားစီ အိပ်ရမယ်လို့ ဆုံးဖြတ်တဲ့ နေ့က စပြီး ကျုပ် သူနှင့် အတူတူ သွားနေတယ်လေ”

“ရှင် အရှက် မရှိ မျက်နှာပြောင်တိုက်ပြီး ဒီ အကြောင်းတွေကို ကျွန်မရှေ့ လာပြောမနေနှင့်၊ ကျွန်မဟာ ရှင့် မယား၊ ရှင့် မယား ဆိုတာလည်း သိထားဦး”

အို အို၊ ကျုပ်ကို ဒေါသ မကြီးပါနှင့်လေ၊ မင်းက ကျုပ်ဆီက ငွေရရင် ပြီးရော မဟုတ်လား၊ မင်း ကြိုက်သလို သုံးဖို့ ဖြုန်းဖို့ ပေးထားရင် ကျုပ် ဘာ လုပ်လုပ် မင်း ဂရုမစိုက်ဘူး မဟုတ်လား၊ တလောလေးတုန်းက ကျုပ် ဘယ်လောက် ရမ်းရမ်းကားကား နေတယ် ဆိုတာ မင်းလည်း သိသားပဲ၊ မင်း ဘာမှ မပြောခဲ့ဘူး၊ ကျုပ် မယားလို့ ပြောရလောက်အောင်ကလည်း နီလာကို မွေးပြီးတဲ့နောက် ဘယ်မှာ လင်လို မယားလို နေကြတော့လို့လဲ၊ နေလို့လား၊ မင်းကို အရင်းအနှီး မြှုပ်ရတာ အလကားပဲ စကားလက်၊ အမြတ် မထွက်ဘူး၊ မင်းနှင့်စာရင် ဘဲလ် ဝက်တလင်းကို အရင်းအနှီး မြှုပ်ရတာက အကျိုး အများကြီး ရှိတယ်”

“ဘာ အရင်းအနှီး မြှုပ်တာလဲ၊ ဒါဖြင့် ရှင် သူ့ကို ပိုက်ဆံ”

“အလုပ်အကိုင် တစ်ခု ထောင်ပေးတာလို့ ဆိုပါစို့လေ၊ ဒီလို ပြောရင် ပိုပြီး တိကျပါတယ်၊ ဘဲလ် ဝက်တလင်း ဆိုတဲ့ မိန်းမဟာ တော်တော် ထက်တဲ့ မိန်းမပဲ၊ ကျုပ် သူ့ကို ကြီးပွားစေချင်တယ်၊ ဒါပေမယ့် သူ့မှာ အဲဒီလို အိမ်မျိုး ထောင်ဖို့ ပိုက်ဆံ မရှိရှာဘူး၊ မိန်းမတွေဟာ တော်တော်တော့ အံ့သြစရာ ကောင်းတယ်၊ လက်ထဲမှာ အရင်းအနှီးကလေး ရှိရင် ရှိတာကလေးနှင့် ကြီးပွားအောင် လုပ်တတ်ကြတယ်၊ မင်းကို ကြည့်ပါလား”

“ရှင် ကျွန်မနှင့် နှိုင်း”

“မင်းတို့ နှစ်ယောက်က တော်တော် တူတယ်၊ နှစ်ယောက်စလုံး ခေါင်းမာတယ်၊ အလုပ်အကိုင် ကောင်းတယ်၊ အောင်လည်း အောင်မြင်တယ်၊ ဒါပေမယ့် ဘဲလ်ဝက်တလင်းက မင်းထက် သာတာ တစ်ချက်တော့ ရှိတယ်၊ သူက သနားတတ်တယ်၊ စိတ်ကောင်း နှလုံးကောင်း ရှိတယ်၊ ပြီးတော့”

“ရှင် အခန်းထဲက ထွက်သွားပါ”

ရက် ဘတ်တလာက တံခါးဆီသို့ လျှောက်သွားသည်။ မျက်စ တစ်ဖက်ကို ချီထား၏။ ရက် ဘတ်တလာသည် သူ့ကို အဘယ်ကြောင့် စော်ကား နေသနည်းဟု စကားလက် စိတ်ဆိုးဆိုးဖြင့် တွေးမိသည်။ သူကမူ စိတ်ပူလိုက်ရသည့် ဖြစ်ခြင်း။ သူ အိမ်အပြန်ကို မျှော်လိုက်ရသည်ကလည်း အမော။ သို့ရာတွင် ရက် ဘတ်တလာ က အရက် မူးပြီး မကောင်းသည့် အိမ်တွင် ရဲနှင့် ရန်ဖြစ်နေသည်။ ပြန်လာသည့် အခါတွင်လည်း သူ့ကို စော်ကားသည်။ ရစရာ မရှိအောင် လှောင်သည်။

“သွား၊ ရှင် ခု ထွက်သွား၊ နောက် ဒီအခန်းထဲကို ဘယ်တော့မှ ခြေမချနှင့်၊ ဒီ အခန်းထဲကို မလာပါနှင့် ပြောတာ မမှတ်ဘူး၊ အရိပ်အကဲ နားလည်နိုင်တဲ့ အဆင့် အတန်းလည်း မရှိဘူး၊ အလကား လူ၊ နောက် ကျွန်မ အခန်းကို မလာနှင့်၊ သော့ခတ်ထားမယ်”

“စိတ်မပူပါနှင့်”

“အခန်းကို သော့ခတ် ထားမယ်၊ ဟိုနေ့ညကလည်း သောင်းကျန်းသွားလိုက်တာ၊ အရက်တွေ မူးလို့၊ သိပ် ရွံစရာ ကောင်းတယ်”

“ဒီလို မပြောပါနှင့်ကွယ်၊ မင်း တကယ် မရွံပါဘူး”

“သွားဆို မသွားသေးဘူးလား”

“စိတ်မပူပါနှင့်၊ ကျုပ် သွားမှာပါ၊ မင်းကို စိတ် အနှောင့်အယှက် ဖြစ်အောင် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကျုပ် ကတိ ပေးတယ်၊ ဒါ နောက်ဆုံးပဲ၊ ကျုပ် နေပုံ ထိုင်ပုံက နာမည် သိပ်ပျက်တယ်၊ မင်းလည်း ကြာကြာ သည်းခံနိုင်မှာ မဟုတ်ဘူး၊ ဒီတော့ မင်းကို ကျုပ် ကွာခွင့် ပေးမယ်၊ အဲဒါ ကျုပ် ပြောမလို့ လာတာ၊ ကလေးကိုသာ ကျုပ် ပေးပါ၊ ကျုပ် ဘာမှ မလိုချင်ပါဘူး”

“မကွာနိုင်ဘူး၊ ကျွန်မတို့ အမျိုးထဲမှာ ဒါမျိုး မရှိဘူး၊ ဆွေမျိုးဂုဏ် အထိခိုက် မခံနိုင်ဘူး၊ ဆွေမျိုး သိက္ခာ ကျတယ်”

“မီလာနီ မသေသေးလို့ပါ၊ မီလာနီ သေရင် မင်း အမျိုး သိက္ခာကို မင်းပဲ အမြန်ဆုံး ဖျက်မှာပါ၊ မီလာနီ သေရင် အမျိုး သိက္ခာကျမှာ ဂုဏ်ပျက်မှာတွေကို မင်း ကြည့်နေမှာ မဟုတ်ပါဘူး၊ ကွာပေးပါ၊ ကွာပေးပါလို့ မင်း တကျီကျီ လုပ်မှာ ကျုပ် မြင်ပြီးသားပါ”

“ရှင် မသွားသေးဘူးလား”

“သွားမှာပါ၊ ဒီကိစ္စကို ပြောဖို့ မင်းဆီ လာတာပဲ၊ ကျုပ် ချာလက်စတန်ကို သွားမယ်၊ ပြီးတော့ နယူးအော်လီယန်းကို သွားမယ်၊ ပြီးတော့ ဘယ်ရောက်လို့ ဘယ်ပေါက်မယ် မသိသေးဘူး၊ ကျုပ် ဒီနေ့ပဲ သွားမှာပဲ”

“ဟင်”

“ကျုပ် သမီးလေး နီလာကို ခေါ်သွားမယ်၊ ကပ္ပလီ အရူးမလေး ပရဇ္ဇီကိုလည်း သူ့ အဝတ်အစားတွေ အပြင်ခိုင်းထားပါ၊ ပရဇ္ဇီကိုလည်း ခေါ်သွားရမယ်”

“ကျွန်မ ကလေးကို ကျွန်မ အိမ်ပြင်ဘက် ဘယ်ကိုမှ ခေါ်မသွားရဘူး”

“ကျုပ်ကလေး ဆိုတာလည်း မင်း သတိထားဦးလေ၊ ချာလက်စတန်မှာ သူ့ဘွားအေ ရှိတယ်၊ သူ့ ဘွားအေနှင့် တွေ့ဖို့ ခေါ်သွားတာကိုတော့ မင်း စိတ်မဆိုးသင့်ဘူး ထင်တယ်”

“ဘာ ဘွားအေလဲ၊ နားမလည်ဘူး၊ ကလေးကို ခေါ်သွား၊ ဟိုကျတော့ ညတိုင်း မူးပြီး ကလေးကို ပစ်ထား၊ ပြီးတော့ ကလေးကို ဘဲလ် ဝက်တလင်းလို မိန်းမပျက်တွေအိမ်ကို ခေါ်သွား၊ ဟုတ်တယ်၊ ကျွန်မ ကလေးကို ရှင်နဲ့ ပေါက်လွှတ်ပဲစား ထည့်ရမယ်၊ ထည့်လိမ့်မယ် အားကြီး”

ရက် ဘတ်တလာက ဆေးပြင်းလိပ်ကို ကိုင်ပေါက် လွှတ်ပစ်လိုက်၏။ ဆေးပြင်းလိပ် မီးက ကြမ်းခင်း ကော်ဇောကြီးကို လောင်နေသည်။ သိုးမွေးကို မီးလောင်သည့် ညှော်နံ့ကြီး ထွက်လာ၏။ ချက်ချင်း သူ့ဘေးသို့ ရက် ဘတ်တလာ ရောက်လာသည်။ သူ့ မျက်နှာက ဒေါသကြောင့် ညိုပုပ်နေသည်။

“မင်း ဒီစကားမျိုး မပြောနှင့်၊ မိန်းမ ဖြစ်နေလို့၊ ယောကျ်ားသာ ဆိုရင် မင်း လည်မျိုကို ကျုပ် ညှစ်သတ် ပြီးပြီ သိရဲ့လား၊ ခေါ်မယ်၊ ခေါ်တော့ ဘာဖြစ်သလဲ၊ နောက်ထပ် မင်း သောက်ပါးစပ်က တစ်ခွန်းမှ မပြောနှင့်၊ တိတ်၊ ကျုပ် သမီးကို ကျုပ် မချစ်ဘူးလို့ မင်း ထင်နေသလား၊ ကျုပ် သမီးကို ဟို ဟို မဟုတ်တရုတ် အိမ်တွေ၊ တော်ကွာ မပြောချင်ဘူး၊ ကျုပ် သမီးကို ဒါမျိုးတွေနှင့် ဆက်စပ် မပြောနှင့်၊ မင်း တော်တော် သောက်သုံးမကျတဲ့ မိန်းမ၊ ကြည့်တော့ တစ်ခါတည်း သမီးကို ချစ်တဲ့ ကလေးမအေ ဂိုက်မျိုး၊ ခုတော့ ကြောင်မလောက် တောင်မှ ကိုယ့် သားသမီးကို မချစ်ဘူး၊ ကြောင်က တိရစ္ဆာန် ပေမယ့် မင်းထက် သာတယ်၊ သူ့ သားသမီးကို ပြုစုတယ်၊ မင်းက မင်းသားသမီးးတွေကို ဘယ်လို ထိန်းသလဲ၊ ဝိတ်ကလေးနှင့် အယ်လာဟာ မင်းကို သေမတတ် ကြောက်နေကြရတယ်၊ မီလာနီသာ မရှိရင် ဒီကလေးတွေဟာ မေတ္တာတို့၊ ကရုဏာတို့ကို ဘာမှ နားလည်တော့မှာ မဟုတ်ဘူး၊ အေး၊ မင်း သားသမီးတော့ မင်း ထင်သလို လုပ်လို့ ရချင် ရမယ်၊ ကျုပ် သမီးလေးကိုတော့ မင်း ဒါမျိုး လုပ်လို့ မရဘူး၊ သားသမီးကို ဂရုစိုက်တဲ့ နေရာမှာ မင်းလောက် မချစ်ဘူးလို့များ ထင်နေသလား၊ ခု ဝိတ်ကလေးနှင့် အယ်လာကို မင်း အနိုင်ကျင့်ချင်တိုင်း ကျင့်တယ်၊ စိတ်ဓာတ်ကို ဖျက်ဆီးပစ်ခဲ့တယ်၊ ကျုပ် သမီးကို ဒီလို အလုပ်ခံမယ်လု့ိ ထင်သလား၊ ဟင်း အဝေးကြီး၊ ဒါမျိုး လုပ်လို့မရဘူး၊ တစ်နာရီအတွင်း ကလေး အဝတ်အစားတွေ ထုပ်ပိုးပြီး အသင့် ပြင်ထားပါ၊ ဒီလိုမှ မလုပ်ရင်တော့ ဟိုနေ့ညက ဖြစ်တာထက် ဆိုးလိမ့်မယ်၊ မင်းက မြင်းရိုက်တဲ့ ကျာပွတ်နှင့် ခပ်စပ်စပ် ရိုက်ပေးမှ တော်ရုံကျတဲ့ မိန်းမ”

စကားလက်က ပြန်မပြောရသေးမီ ရက် ဘတ်တလာက ချာခနဲ လှည့်၍ ထွက်သွား၏။ အိမ်ရှေ့ ခန်းမဆောင်ကို ဖြတ်ကာ ကလေးထိန်းခန်း တံခါးကို ဖွင့်သံ ကြားရသည်။

ကလေးများ၏ ဝမ်းသာအားရ အော်သံ သေးသေးကလေးများက ပေါ်လာ၏။ နီလာ၏ အသံက အခြား အသံများထက် စူးနေသည်။

“ဖေဖေကြီး၊ ဘယ်သွားနေတာလဲ ဟင်”

“သမီးလေးကို ထုပ်ထားဖို့ ယုန်ရေ လိုက်ရှာနေတာ၊ ကဲ ကဲ သမီးလေး ဖေဖေကြီးကို မွှေးမွှေး ပေးစမ်း၊ လာ၊ အယ်လာရော ဖေဖေကြီးကို မွှေးမွှေး”

---

(အခန်း ၅၅ ဆက်ရန်)

#မြသန်းတင့်
#လေရူးသုန်သုန်

#shared_by_louis_augustine
#sbla

Comments