ခွေးဖြစ်မယ့် ကောင်တွေ // သုမောင်
ခွေးဖြစ်မယ့် ကောင်တွေ // သုမောင်
(ဧပြီ ၊ ၁၉၈၂ ခုနှစ်၊ သွားကောလိပ်နှစ်ပတ်လည်မဂ္ဂဇင်း)
“ ဘယ်လိုလဲ ဆရာကြီး ဦးဘု ၊ နက်ဖြန်မနက် ခွဲရတော့မယ် ဒီည ဆယ်နာရီ က စပြီး ဆရာကြီး ဘာမှ မစားရဘူး ၊ ဘာမှ မသောက်ရဘူး ၊ နေနိုင်ပါ့မလား ”
“ ကျုပ် တစ်ကိုယ်လုံး ခင်ဗျားတို့ လက် အပ်ထားပြီးပြီပဲ ၊ ခင်ဗျားတို့ ခိုင်းတာ လုပ်ရတော့မှာပေါ့ ”
“ ခွဲ ရမှာကော ကြောက် သလား ”
“ ကြောက်တာပေါ့ဗျ ”
“ မကြောက်ပါနဲ့ ဆရာကြီးရယ် ၊ ဗိုက်ခွဲတယ် ဆိုတာ ဆရာဝန် ကိုယ်တိုင် လူနာရဲ့ ကိုယ်ထဲကို ဝင်ပြီးကုသတဲ့ သဘောမို့ ပိုတောင်ထိ ရောက်ပါသေးတယ် ”
“ အိုး ... လူ တစ်ယောက် ကို မေ့ဆေး ပေးပြီး ဗိုက် ကို စိမ်ပြေနပြေ ဓားနဲ့ ခွဲ တဲ့ အလုပ်ပါဗျာ ၊ မကြောက်ဘဲ ဘယ်နေပါ့မလဲ ”
“ ဟား ... ဟား ... ဟား ... ဒါကြောင့်လည်း ဘု ကျတဲ့ သခင်ဘု ၊ သခင်ဘု နဲ့ နာမည် ကြီးနေတာကိုး ၊ ဆရာကြီး ရဲ့ ”
ခွဲစိတ်ကု ဆရာဝန်ကြီး သည် သခင်ဘု အား နှစ်သိမ့်စကားများ ၊ အားပေးစကားများ ကို ရယ်မောပျော်ရွှင်စွာ ပြောပြီး ထွက်သွားလေသည် ။
---
သခင်ဘု သည် နယ်ချဲ့တော်လှန်ရေး လက်ထက် မှ စ၍ နိုင်ငံရေးတွင် သူ့ ကိုယ်သူ လုံးဝ နှစ်မြှုပ်နေခဲ့သူ ဖြစ်သည် ။ သူသည် နိုင်ငံရေးသားကောင် စစ်စစ် ဖြစ်ခဲ့၏ ။ ယခုအခါ အသက်အရွယ် ထောက်လာပြီ ဖြစ်သဖြင့် နိုင်ငံရေးလောကမှ အနားယူပြီး ရပ်ရေးရွာရေး လူမှုရေး ကိစ္စများ၌သာ လုံးပန်းနေသူ ဖြစ်သည် ။
အိုခြင်းတရား နှင့်အတူ နာခြင်းတရား သည်လည်း ပူးတွဲ ပါလာသည် ဖြစ်ရာ ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ် ကုသခံရန် ရောက်ရှိနေခြင်း ဖြစ်သည် ။
စောစောက ပြောသလိုပင် ဆရာကြီး သခင်ဘု သည် နာမည် နှင့် လိုက်အောင် အလွန် ဘု ကျသူတစ်ဦး ဖြစ်သည် ။ ဆေးရုံ ပေါ်တွင် ဌာန ဆိုင်ရာ ဆေးရုံအုပ်ကြီး မှ အစ အောက်ဆုံး တံမြက်စည်းလှည်းသော ကုလားလေး အထိ သူနှင့်စကား ပြော၍ ဘယ်တော့မှ အဆင်မပြေတတ် ချေ ။ အချို့က သူ့ ကို ရွံရှာမုန်းတီးကြသော်လည်း အချို့ကမူ သူ ၏ အလွန် ချစ်စရာကောင်းသော စိတ်ကောင်း စေတနာကောင်းလေး ကို သိထားကြသူများကမူ ( ဆရာဝန်ကြီး အပါအဝင် ) သူ့ အား အလိုလိုက် ကြည်ဖြူကြလေသည် ။
သူ တက်ရောက် ကုသရသောဌာနတွင် သူ နှင့် အလျဉ်းသင့်သူ ဆို၍ သူနာပြုဆရာမလေး ခင်မာအေး တစ်ယောက်သာ ရှိသည် ။ ခင်မာအေး သည် သခင်ဘု အပေါ်တွင် ဖခင် ရင်းချာ သဖွယ် ပြုစု ရှာသည် ။ သားယောက်ျားလေးချည်း လေးယောက် မွေးထားသော သခင်ဘု သည် သူ ၏ သားများကဲ့သို့ပင် အရုပ်ဆိုးဆိုးကလေး ဖြစ်သော ခင်မာအေး အပေါ် သမီးကလေး တစ်ယောက် လို ခင်တွယ်မိသည် ။
သူ သည် သခင်ဘု ဘု ကျသမျှကို သည်းညည်းခံခဲ့သည် ။ အခြား ဆရာဝန် ၊ ဆရာမများ ၊ သူနာပြုများ ကလည်း သည်းညည်းခံကြပါသည် ။ သို့သော် ကွာခြားချက် တစ်ချက် ရှိသည် ။ ထိုအချက်ကား ...
သခင်ဘု သည် ဘု ကျသလောက် သူ လုပ်ချင်ရာ ကိုသာ လုပ်သည် ။ သူ မလုပ်ချင်သမျှကို အတင်းအကန် ငြင်းဆန်တတ်သည် ၊ ထိုအခါမျိုးတွင် အခြား အမှုထမ်းများ ချော့မော့၍သော်လည်းကောင်း ၊ ဇွတ်အတင်းသော် လည်းကောင်း ပြုလုပ်တတ်သည် ။
ပမာ ဆိုပါစို့ ။ ဆရာဝန်ကြီး အမိန့်ဖြင့် အကြောဆေး ထိုးရသည့် အခါမျိုးတွင် သခင်ဘု သည် အတင်းအကန် ငြင်းဆန် တတ်သည် ။ မထိုး မဖြစ် ထိုးရသည် ဖြစ်သောကြောင့် ချော့တစ်ချီ ၊ ခြောက်တစ်ခါ ဖြင့် ထိုးရသော အခါတွင်လည်း ရုန်းကန်ပစ်ခြင်း ၊ အသားနာ ခံ၍ လက် တွန့်လိမ်ပစ်ခြင်း စသည်တို့ ပြုမူတတ်သည် ။
ခင်မာအေး ကမူ သခင်ဘု မလုပ်ချင်ဘူး ဟု ဆိုလျှင်လည်း လုပ် မပေးဘဲ အလို လိုက်ရှာသည် ။ ထို့နောက်တွင် မှ မိမိ အလိုလိုက်သည့် အတွက် မိမိ အပေါ် ကြည်ဖြူမှု ကို အခွင့်ကောင်း ယူပြီး ချော့ချော့မော့မော့ ဖြင့် ပြုစရာအမှု ကို ပြုသည် ။
ဤကဲ့သို့ လိမ္မာပါးနပ်သော ခင်မာအေး နှင့် သခင်ဘု တို့ တဖြည်းဖြည်း အဖွဲ့ ကျသွားခဲ့ကြခြင်း ဖြစ်သည် ။
သခင်ဘု သည် မည်မျှပင် ဘု ကျသည် ဆိုစေကာမူ အမှုထမ်း အားလုံး အပေါ်၌မူ စေတနာကောင်း ထားသည် ။ တစ်ခန်းတည်း တွင် ရှိနေသော လူနာများ အပေါ်လည်း စေတနာကောင်း ထားသည် ။ ဆင်းရဲ သော လူနာများကို သူ ၏ အစားအသောက် ကောင်းများ ကိုလည်း ကျွေး မွေးသည် ။ သည်အတွက် သူ့ ကို ခင်မင်သူ များလေသည် ။
မည်သို့ပင် ရှိစေ သခင်ဘု ကတော့ နီးနီးကပ်ကပ် ဆို၍ ခင်မာအေး တစ်ယောက် ကိုသာ ပေါင်းသင်းသည် ။ မိမိ နှင့် ပတ်သက်သော အကြောင်း အရာများ ကိုလည်း ခင်မာအေး တစ်ယောက် ကိုသာ ဖွင့်ဟတိုင်ပင်လေ့ရှိသည် ။
အထူးသဖြင့် သူ့ သား လေးယောက်ကို သူ အားမရကြောင်း မကြာခဏ ပြောဆိုနေတတ်လေသည် ။
“ အလကား ကောင်တွေ သမီး ရဲ့ ၊ တစ်ကောင် မှ အသုံး မကျဘူး ”
“ ဘဘဘု ရဲ့ ဘာဖြစ်လို့လဲ ”
“ ငါ ဖြစ်စေချင်သလို တစ်ကောင် မှ ဖြစ်မလာဘူး ”
“ ဘဘ က ဘာ ဖြစ်စေချင်လို့လဲ ”
“ ဟ ... ဆရာဝန်တို့ ၊ အင်ဂျင်နီယာတို့ ဖြစ်စေချင်တာ ၊ အဖြစ်စေချင် ဆုံးကတော့ တချိန်ချိန်မှာ တိုင်းပြည်ခေါင်းဆောင်ကြီးတွေ ဖြစ်လာစေ မယ့် နိုင်ငံရေးလောက ထဲ ဝင်စေ့ချင်တာ ၊ ဌာန တစ်ခုခု မှာ အလုပ် လုပ်မယ် ၊ ဝင်မယ် ၊ ကျောင်းသား ဆိုလည်း လမ်းစဉ်လူငယ် ဝင်မယ် စသဖြင့် ပေါ့ကွယ် ၊ ဒါပေမဲ့ တစ်ကောင် မှ ဖြစ်မလာဘူး ”
“ ခု သူတို့က ဘာ လုပ်နေကြလို့လဲ ”
“ ဟင်း တစ်ကောင် က မှောင်ခို ၊ တစ်ကောင် က ရုပ်ရှင်မင်းသား လုပ်ချင်လှချည်ရဲ့ဆိုပြီး ကုမ္ပဏီတစ်ခု မှာ သွား လျှောက်တာ အခု လူကြမ်း ဖြစ်နေပြီ ”
“ ဪ ဘဘ ဆီ လာလာနေတဲ့ လူကြမ်းမင်းသား မြင့်မောင်မောင် ကို ပြောတာလား ၊ သမီးတို့ လည်း သူ့ အနုပညာ ကို သဘောကျသားပဲ ဘဘ ရဲ့ ”
“ နောက် တစ်ကောင် က ကဗျာဆရာယောင်ယောင် ဘာယောင် ယောင် ၊ ဘာ အလုပ် တစ်ခုမှ မည်မည်ရရ မလုပ်ဘူး ၊ ဟို လက်ဖက်ရည်ဆိုင် ထိုင် ၊ ဒီ လက်ဖက်ရည်ဆိုင် ထိုင် နဲ့ တစ်လလုံး နေလို့ ကဗျာလေးတစ်ပုဒ် ပါရင် နှစ်ဆယ် ရ ၊ အစိတ် ရ နဲ့ ၊ အဲ ... မှောင်ခိုကောင် ကတော့ တစ်နေ့ ကို နာရီ ဆယ့်လေးငါးမျိုး ပတ်နိုင်အောင်တော့ ချောင်လည်ပါရဲ့ ၊ ဒါပေမဲ့ ဒီကောင့် အလုပ်မျိုးလည်း ငါ မကြိုက်ဘူး ၊ အဲ ... နောက်ဆုံး ကောင် ၊ ဒီကောင် ကတော့ အသုံး မကျဆုံးပဲ ၊ ဂီတာ တဒေါင်ဒေါင် နဲ့ လမ်းသရဲ ”
“ အဘ ရယ် ဒီလိုလည်း မဟုတ်သေးပါဘူး ။ လူ ဆိုတာ အချိန်တန်တော့လည်း သူ့ ဟာနဲ့ သူ ဖြစ်လာမှာပေါ့ ”
“ သွားစမ်းပါ ၊ အလကား ခွေးဖြစ်မယ့် ကောင်တွေ ”
ယနေ့ သည် သခင်ဘု ဗိုက်ခွဲရမည့်နေ့ ဖြစ်သဖြင့် နံနက်စောစော ကတည်းက သူ့ အား ရေမိုးသန့်စင်ခြင်း စသော သန့်ရှင်းရေး ကိစ္စများ ကို အမှုထမ်းများ က လုပ်ပေးကြသည် ။
( ကန်တော့ပါရဲ့ ) သခင်ဘု အား ကိုယ်တုံးလုံး ချွတ်ပြီး ခွဲစိတ်ခန်း သုံး ဝတ်စုံ ကို ဝတ်ပေးကြသည် ။
ထို့နောက် သူနာပြုဆရာမလေးများ ၏ အခန်းသို့ ခေါ်လာပြီး လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်ကြသည် ။ ခွဲစိတ်ကုသရန် အတွက် အဆင်သင့် ဖြစ်နေသော လူနာ အား ခွဲစိတ်ခန်း သို့ မသွင်းမီ လို အပ်သော ဆေးထိုးခြင်း ၊ စမ်းသပ်ခြင်း စသည်များကို သူနာပြု ဆရာမ လေးများက ပြုလုပ်ကြသည် ။
ဆရာကြီး သခင်ဘု သည် ထုံးစံအတိုင်း အခြား သူနာပြုဆရာမ ကလေးများ ကို ဂရုတစိုက် မရှိဘဲ ခင်မာအေး ကိုသာ ဂရုတစိုက် ရှိလေသည် ။ ပြီးတော့ ခွဲစိတ်ကုသရန်အတွက် လိုအပ်သော ဆေးထိုးခြင်း ကိစ္စများကိုလည်း ခင်မာအေး တစ်ယောက် တည်းသာ ပြုလုပ်ပေးရန် ပြောလေသည် ။ ထိုအချိန်တွင် သခင်ဘု ၏ သားများသည် အပြင်ခန်း ၌ အသင့် စောင့်နေကြလေသည် ။
“ ဟိုကောင်တွေကော သမီး ၊ ဒီ ထဲကို မလာကြဘူးလား ”
“ ဘယ်သူတွေလဲ အဘ ”
“ ခွေးမသား ငါ့ သားတွေ ”
“ ဒီအခန်း ထဲ ကို လူနာ က လွဲလို့ တခြား လူ မဝင်ရဘူး ဘဘ ရဲ့ ”
ခင်မာအေး သည် လုပ်ဆောင်ဖွယ်ရာ ရှိသည်များ ကို လုပ်ဆောင်ရင်း မှ နေ၍ အရဲစွန့်လျက် သခင်ဘုအား စကား အချို့ကို ပြောဆိုမိလေသည် ။
“ ဘဘ ကလည်း သားတွေ နဲ့ ပတ်သက်လာရင် အမြဲတမ်း အဆိုး ချည်းပဲ မြင်နေတာပဲနော် ”
“ ဒီကောင်တွေ သောက်သုံးမှ မကျဘဲ ”
“ ဒီလိုလည်း မဟုတ်သေးဘူး ဘဘ ၊ လူ ဆိုတာ သူ့ နေရာနဲ့ သူ အသုံးကျတာပဲ မဟုတ်ဘူးလား ”
“ ခွေးဖြစ်မယ့် ကောင်တွေ ၊ ဘာ အသုံးကျလို့လဲ ”
“ သမီး ပြောမယ် ၊ ဘဘ စိတ် မဆိုးနဲ့နော် ”
“ အေး .. ပြော ”
“ ဘဘ က မကြာမကြာ ဆိုသလို ဘဘ သားတွေ အပေါ် မကျေနပ် တဲ့အကြောင်း ပြောပြော နေလို့ သမီး ဂရုတစိုက် လေ့လာနေခဲ့တယ် ၊ အဲဒီအခါမှာ သူတို့ ဟာ ကိုယ့် နေရာ နဲ့ကိုယ် အသုံးကျတယ် ဆိုတာ သမီး တွေ့ လိုက်ရတယ် ”
“ ဆိုစမ်းပါဦး ”
“ တစ်လောက ဘဘ ကို ခွဲစိတ်ဖို့ ဆရာဝန်ကြီး က ရက်ချိန်းပေးခဲ့ သေးတယ် မဟုတ်လား ၊ ဒါပေမဲ့ ခွဲရလောက်အောင် အထိ ခံနိုင်ရည် မရှိ လို့ မခွဲခဲ့ရဘူး ၊ အဲဒီအချိန် မှာ ဘဘ အတွက် အလွန် အရေးကြီးတဲ့ ဆေး တစ်မျိုး လိုအပ်နေတယ် ၊ အဲဒီ ဆေးဟာလည်း ကျွန်မတို့ ဆေးရုံကြီး မှာရော အခြား ဆေးရုံတွေမှာပါ မရှိဘူး ဘဘ ၊ ပြတ်နေတယ် ၊ အဲဒီဆေးမရ မချင်း ဘဘ ဟာ ဘယ်လိုမှ ခွဲစိတ်ကုသခံလို့ မဖြစ်နိုင်ဘူး ”
“ ကဲ ... ခုကော ”
“ အဲဒါ ပြောတာပေါ့ ဘဘ ၊ မှောင်ခိုသမား က ဘယ်က ဘယ်လို ရှာလာတယ် မသိဘူး ၊ မှောင်ခိုဈေး မှာတောင် ဝယ် မရတာ ကို သူ့ မိတ်ဆွေ အပေါင်းအသင်း အကူအညီနဲ့ ရအောင် ရှာတယ်လေ ၊ ပြီးတော့ ဘဘ အတွက် ဆေးဝါး အစားအသောက် က အစ သူ ပဲ တာဝန် ယူခဲ့တယ် ”
အဘိုးကြီး မျက်မှောင်ကြုတ်သွား၏ ။
“ နောက်တစ်ခု ဘဘ သတိထားမိလား မသိဘူး ၊ တစ်ခါတစ်ခါ ဘဘ ဆီကို တခြားဌာနတွေ ၊ အဆောင်တွေက ဆရာဝန်တွေ ၊ ဆရာမတွေ ၊ သူနာပြုတွေ မကြာမကြာ လာကြတာလေ ”
“ အေး ... ”
“ အဲဒါ ဘာကြောင့် ထင်သလဲ ဘဘ ၊ ဘဘ သား ရုပ်ရှင်မင်းသား လူကြမ်းမင်းသားကြီး ကို ကြည့်ချင်လို့ ဆိုပြီး တကူးတက လာကြရှာတာ ကြောင့် ဘဘ နားမှာ ဆရာဝန်တွေ ၊ သူနာပြုတွေ အမြဲမပြတ် ရှိနေ တာပေါ့ ”
အဘိုးကြီး စဉ်းစား တွေဝေသွားလေသည် ။
“ ပြီးတော့ သမီးတို့ ဆေးရုံ ဆိုတာ လူနာ ကြည့်ချိန်က လွဲရင် ဧည့် သည် လာခွင့် မရှိဘူး ၊ ကြည့်စမ်း .. ဘဘ နားမှာ အချိန်မရွေး ဧည့်သည်တွေ တစ်ပုံတစ်ခေါင်း နဲ့ စားစရာ သောက်စရာ ဆိုလည်း အဲဒီဧည့်သည်တွေ ဆီက ရလို့ အလျှံပယ် ၊ ပြီးတော့ မခွဲရသေးတဲ့ လူနာ အတွက် ညအိပ် စောင့်ဖို့ ဆိုတာ ထုံးစံက လူ တစ်ယောက်ပဲ ခွင့်ပြုတယ် ၊ ခုတော့ ဘဘ မှာ ညတိုင်း နှစ်ယောက် ၊ သုံးယောက် ဆိုသလို စောင့်ခွင့် ရခဲ့တယ် မဟုတ်လား ”
“ အဲဒါ ဘာဆိုင်လို့လဲ ”
“ ဆိုင်တာပေါ့ ဘဘရဲ့ ၊ အဲဒါ ဘဘပြောတဲ့ အငယ်ဆုံးကောင် လမ်းသရဲလေး ရဲ့ ကျေးဇူးကြောင့်ပေါ့ ”
“ ဘယ်လို ”
“ ဟုတ်တယ် ဘဘ ၊ ဒီ ကလေးဟာ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ် သလို ဒရဝမ် က အစ ဆရာဝန်ကြီး အထိ ဇက်ရဲလက်ရဲ ပေါင်းသင်းရဲ တယ် ၊ ဆေးရုံတစ်ရုံ လုံး သူ့ ခြေရာချည်းပဲ ၊ ဒီ ဆေးရုံဟာ သူ့ အိမ် ကျနေ တာပဲ ၊ ဒီတော့ ငယ်ငယ်ရွယ်ရွယ် လည်လည်ပတ်ပတ် ရှိတဲ့ သူ့ ကို ဆေးရုံ တစ်ရုံလုံး က ချစ်ကြတယ် ။ ဒီတော့ ဒီ ဆေးကုခန်း ထဲ ကို ကြည့် ၊ ဆရာဝန်ကြီး တို့ တာဝန်ခံ ဆရာမကြီး တို့ လစ်ရင် လစ်သလို သူ့အကြံအဖန် နဲ့ သူ ဖန်တီးပေးထားတာပေါ့ ဘဘ ရယ် ”
အဘိုးကြီး ပြုံး သွား၏ ။
ထိုအချိန်တွင် အခြား သူ နာပြုဆရာမလေး တစ်ယောက် သည် အခန်းတွင်း သို့ ဝင်လာပြီး ဆရာကြီး သခင်ဘု အား ခွဲစိတ်ခန်းသို့ ခေါ် ခဲ့ရန် ဆရာဝန်ကြီး က ခေါ်လိုက်ကြောင်း လာ ပြောရာ ပြောလက်စ စကား ပြတ်သွားရတော့သည် ။
သခင်ဘု အား ဘီးတပ်ခုတင်လေးဖြင့် အခန်းတွင်း မှ တွန်းထုတ် လာခဲ့သည် ။ အခန်း အပြင်ဘက် တွင် စောစောက ပြောသော မှောင်ခိုကောင် ၊ လူကြမ်းကောင် နှင့် လမ်းသရဲကောင် သုံးကောင်တို့သည် ဖခင် အား အားပေးသော မျက်လုံးများ ၊ စိတ်ပူသော မျက်လုံးများဖြင့် ကြည့်နေကြ သည်ကို သခင်ဘု တွေ့ လိုက်ရသည် ။
သခင်ဘု သည် တစ်စုံတစ်ရာ ကို သတိရ သွား၏ ။
“ ဟေ့ ကောင်တွေ ... ဟို ကဗျာကောင် ကော ”
သား သုံးယောက် ထံမှ တစ်ပြိုင်နက်လိုလို အသံ ထွက်လာသည် ။
“ သွေး လှူနေတယ် ဖေဖေ ”
“ ဘာကွ သွေးလှူဘဏ် မှာ သွေး မရှိဘူးလား ”
သူနာပြုဆရာမလေး ခင်မာအေး က ဝင်ပြောသည် ။
“ ရှိပါတယ် ဘဘ ၊ ရလည်း ရပါတယ် ၊ ဒါပေမဲ့ အဲဒီ ရတဲ့ သွေးဟာ တခြား လူတစ်ယောက်ယောက် ရဲ့ သွေးပါ ၊ ခု ဘဘ ရဲ့ သား သွေးလှူနေ တယ် ဆိုတာက အဲဒီ သွေး အစား တခြား နွမ်းပါးတဲ့ လူနာ တစ်ယောက် သွေး လိုအပ်ရင် အသုံးပြုဖို့အတွက် လှူနေတာပါ ”
ဆရာကြီး သခင်ဘု ၏ မျက်နှာသည် နုပျိုလန်းဆန်း သွားလေတော့ သည် ။ နှုတ် မှလည်း မည်သူ့ကို ရည်ရွယ်မှန်း မသိဘဲလျက် စကားတစ်ခွန်း အလိုလို ထွက်သွားသည် ။
“ အင်း .. ငါ့ သား ကဗျာကောင် ဟာ လည်း ဘာပဲ ဖြစ်ဖြစ် သွေးတော့ လှူနိုင်သားပါလား ”
သူနာပြုဆရာမလေး ခင်မာအေးသည် လူတိုင်း လူတိုင်း သည် စေတနာ သဒ္ဓါတရား ရှိလျှင် တစ်နေရာရာ၌ လောကကြီး အတွက် အသုံး ဝင်ကြောင်း ဆရာကြီး သခင်ဘု အား အရဲစွန့်၍ ပြောလိုက်တော့သည် ။
ဆရာကြီး သခင်ဘု သည် ဆရာမလေး ခင်မာအေး ၏ မျက်နှာကို ကြည့်လိုက်၏ ။ ဆရာမလေး ၏ မျက်နှာတွင် ကျေနပ်စွာသော အပြုံးကို မြင်လိုက်သည် ။
သို့ရာတွင် အပြုံး သည် ပထမ သားသုံးယောက် အတွက် ဆရာကြီး သခင်ဘု ကျေနပ်သွားခြင်း အတွက် ပြုံးခဲ့သော အပြုံးမျိုး မဟုတ်ချေ ။
တစ်မျိုးပဲ ။ ။
---
#သုမောင်
#ခွေးဖြစ်မယ့်ကောင်တွေ
#shared_by_louis_augustine
Comments
Post a Comment