လေရူးသုန်သုန် (အခန်း ၅၄) // မြသန်းတင့်
လေရူးသုန်သုန် (အခန်း ၅၄) // မြသန်းတင့်
၅၄
မိမိ အိပ်ခန်းသို့ ပြန်ရောက်သည့် အခါ၌ စကားလက် အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်သည်။ အဝတ်အစားပင် မလဲနိုင်။
ခါးတွန့် ကတ္တီပါနှင့် နှင်းဆီပွင့်များကိုပင် မဖြုတ်မိ။ မီလာနီနှင့် အက်ရှလေတို့ ကြားတွင် ရပ်လျက် ဧည့်သည်များအား ဆီးကြို နှုတ်ဆက်ခဲ့ပုံကို ပြန်၍ မြင်ယောင်၏။ စကားလက် ယခုမှ တွေး၍ လန့်နေသည်။ ဤသို့ နောက်တစ်ကြိမ် ပြန်လုပ်ရသည်နှင့် စာလျှင် ယန်ကီ ဗိုလ်ချုပ် ရှားမင်း၏ စစ်တပ်ကြီး တစ်တပ်လုံးနှင့် ရင်ဆိုင်ရသည်ကမှ တော်ဦးမည်။ ခဏ အကြာတွင် အိပ်ရာမှ ထကာ အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်သည်။ လမ်းလျှောက်ရင်း အဝတ်အစားများကို ချွတ်ပစ်၏။
သူ့ စိတ်ထဲတွင် တင်းကျပ်လျက် တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဆံညှပ်များသည် လက်ထဲမှ လွတ်ကျကာ ကြမ်းပြင်ပေါ်သို့ ကျသွားကြ၏။ ထုံးစံ အတိုင်း ဆံပင်ကို ဝက်မှင်ဘီးဖြင့် တိုက်သည်။ သို့ရာတွင် ဝက်မှင်ဘီးကို ပြောင်းပြန် ဖြီးမိပြီး နားထင်ကို ခိုက်မိသွားသည်။ မကြာ မကြာ တံခါးဝသို့ ခြေဖျား ထောက်၍ သွားကာ အောက်ထပ်က အသံဗလံများကို နားစွင့် ကြည့်သည်။ သို့ရာတွင် အောက်ထပ် အိမ်ရှေ့ခန်းသည် မည်းမှောင် တိတ်ဆိတ်သည့် ကျင်းကြီး တစ်ကျင်းနှင့် တူနေသည်။
ဧည့်ခံပွဲ ပြီးသည့် အခါ၌ ရက် ဘတ်တလာက ရထားဖြင့် အိမ်ပြန်လွှတ်လိုက်သည်။ စောစော ပြန်ရသဖြင့် ဘုရား၏ ဂုဏ်ကျေးဇူးကို စကားလက် အောက်မေ့မိ၏။ ရက် ဘတ်တလာက ပြန်မလာသေး။ သူ ပြန်လာမလာသေးသည့် အတွက်လည်း ဘုရား၏ ဂုဏ်ကျေးဇူးကို စကားလက် အောက်မေ့သည်။ ယနေ့ည သူ့ကို မျက်နှာချင်း မဆိုင်ချင်။ ရှက်သည်။ ကြောက်သည်။
တုန်နေသည်။ သို့ရာတွင် ရက် ဘတ်တလာသည် မည်သည်သို့ သွားနေသနည်း။ ထိုသတ္တဝါမ အိမ်သို့ သွားခြင်း ဖြစ်နိုင်သည်။
လောကတွင် ဘဲလ် ဝက်တလင်းလို မိန်းမစားမျိုး ရှိသေးသည့် အတွက် စကားလက် ပထမဆုံး အကြိမ် ဝမ်းသာခြင်း ဖြစ်ရသည်။
ကြောက်စိတ် ပြေသည် အထိ ရက် ဘတ်တလာကို လက်ခံထားမည့် အလားတူ အခြား အိမ်များ ရှိသေးလျှင်လည်း စကားလက် ဝမ်းသာသည်။ ကိုယ့် ယောကျ်ား ပြည့်တန်ဆာအိမ် တစ်အိမ်သို့ သွားနေခြင်းကို ဝမ်းသာခြင်း ဖြစ်ရသည်ကမူ မကောင်း။
ပြည့်တန်ဆာအိမ် တစ်အိမ်ပြီး တစ်အိမ် သွားနေပါစေဟု ဆုတောင်းရတော့မည်။ ယခုတစ်ည မတွေ့ရလျှင် တော်ပြီ။ ယနေ့ည မတွေ့ရဟု ဆိုပါက ရက် ဘတ်တလာ သေသွားလျှင်ပင် စကားလက် ဝမ်းမနည်း။ ဝမ်းသာသည်။
မနက်ဖြန်ကျလျှင်ကော။ မနက်ဖြန်ကမူ နောက်နေ့သစ် တစ်နေ့ ဖြစ်သည်။ မနက်ဖြန် ဆိုလျှင် အကြောင်းပြချက် တစ်ခု စဉ်းစား၍ ရနိုင်သည်။ သူ့ကို ပြန်လှန် စွပ်စွဲစရာ အချက်အလက် တစ်ခု စဉ်းစား၍ ရကောင်း ရနိုင်သည်။ ရက် ဘတ်တလာ ခြေလှမ်း မှားအောင် အကွက် တစ်ကွက်လောက် ဖန်တီး၍ ရနိုင်သေးသည်။ မနက်ဖြန်လောက် ဆိုလျှင် ဤညက အဖြစ်အပျက်ကို စဉ်းစားတိုင်း ယခုလောက် တုန်လှုပ်တော့မည် မဟုတ်။ မနက်ဖြန် ဆိုလျှင် အက်ရှလေ၏ မျက်နှာကို စဉ်းစားတိုင်း ယခုလောက် ထင်ရှားတော့မည် မဟုတ်။ အက်ရှလေ၏ ဦးချိုး ခံရသည့် မာန၊ အက်ရှလေ၏ ရှက်စရာ အဖြစ်။ မိမိကြောင့် ဖြစ်ခဲ့ရသော ရှက်စရာ အဖြစ်။ သူ့ ကိုယ်ပိုင် ပယောဂ မပါဘဲ ရခဲ့ရသော ရှက်စရာ အဖြစ်ကို စကားလက် မေ့ပျောက် ပစ်နိုင်ကောင်းသည်။ အက်ရှလေ၊ ဣန္ဒြေ သိက္ခာ ကြီး၍ သူ ချစ်ရသော အက်ရှလေသည် ယခု အချိန်တွင် သူ့ကို မုန်းသွားပြီလော။ သူ့ကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရသည့် အတွက် သူ့ကို မုန်းသွားပြီလော။ ယခုလောက် ဆိုလျှင် အက်ရှလေသည် သူ့ကို မုန်းသွားလောက်ပြီ။ မီလာနီက သူ့ပခုံး သေးသေးကလေးများကို မတ်ထား၏။ သူ့ခါးကို ဖက်ရင်း သူ့ကို ချစ်ခင် ယုံကြည်စွာဖြင့် ဆီးကြိုသည်။ သူ့ကို စူးစမ်းသော၊ မုန်းထားသော အကြည့်ဖြင့် ကြည့်သော ပရိသတ်ကို ရင်ဆိုင်ခဲ့သည်။ မီလာနီက သူတို့ နှစ်ယောက် ဂုဏ် သိက္ခာကို ဆယ်သွားခဲ့သည်။ ဤသို့ မီလာနီက သိက္ခာ ဆယ်ပေးခြင်းကြောင့်ပင် အက်ရှလေသည် သူ့အပေါ်တွင် ပို၍ နာကြည်း ခါးသီး သွားနိုင်သည်။ ထိုနေ့ည တစ်ညလုံး မီလာနီသည် စကားလက်ကို သူ့ အနားတွင် ခေါ်ထားသည်။ ဤနည်းဖြင့် မီလာနီသည် မကောင်းသတင်းကို ဟန်မပျက် တားဆီးခဲ့၏။ ပရိသတ်က သူ့ကို ဟက်ဟက် ပက်ပက် မရှိလှ။ သို့ရာတွင် ယဉ်ကျေးမှု အရ ဆက်ဆံကြသည်။
သူ့ကို မုန်းတီးသူ၊ သူ့ကို အတင်းအဖျင်း စကားများဖြင့် ဆုတ်ဖဲ့ ခြေမွှပစ်သူများ၏ ရန်မှ လွတ်အောင် မီလာနီ၏ ထဘီနားနာနား အောက်တွင် ပုန်းကွယ် ရသည့် အဖြစ်ကမူ ရှက်စရာ ကောင်းသည်။ လူတွေ အနန္တ ရှိပါလျက် သူ့ အကာအကွယ် အောက်၌ ဝင်နေရသည်။
ဤသို့ တွေးမိတိုင်း စကားလက် အအေးမိသည့်နှယ် တုန်လာသည်။ အရက် နည်းနည်း သောက်မှ ဖြစ်မည်။
အိပ်ရာပေါ် လှဲပြီးနောက် အိပ်ပျော်သွားအောင် အရက် သောက်မှ ဖြစ်မည်။ စကားလက် ညဝတ် အင်္ကျီပေါ်တွင် ဝတ်ရုံ တစ်ထည်ကို ပတ်ကာ အိမ်ရှေ့ခန်း အမှောင်ထဲသို့ ထွက်လာခဲ့၏။ တိတ်ဆိတ်သည့် အမှောင်ထုထဲတွင် လွှာဖိနပ်သံ တဖျပ်ဖျပ် မြည်နေ၏။ လှေကား အလယ်သို့ ရောက်သည်တွင် ထမင်းစားခန်းဘက်ဆီသို့ လှမ်းကြည့်သည်။ စေ့ထားသော တံခါး ကြားမှ မီးရောင် သေးသေး မျှင်မျှင်ကလေး တစ်ခု အပြင်သို့ ဖြာကျနေသည်။ ရင်သည် ဒိတ်ခနဲ ဖြစ်သွား၏။ အိမ်သို့ သူ ပြန်လာစဉ်က ထမင်းစားခန်းထဲတွင် မီးရောင် ရှိသလော။ စိတ်လှုပ်ရှားနေသဖြင့် မမြင်ခဲ့ခြင်းလော။ သို့ မဟုတ်လျှင်လည်း ရက် ဘတ်တလာ ပြန်ရောက်နေ ပြီလော။ နောက်ဖေး မီးဖိုဘက် တံခါးမှ အသာ ဝင်လာခြင်း ဖြစ်နိုင်သည်။ ရက် ဘတ်တလာ ပြန်ရောက် နေပြီ ဆိုလျှင်မူ သူ သောက်ချင်နေသည့် အရက်ကို မသောက်တော့။ အိပ်ရာထဲ ပြန်အိပ်တော့မည်။ သို့ဆိုလျှင် သူနှင့် မျက်နှာချင်း ဆိုင်ရတော့မည် မဟုတ်။ ကိုယ့် အခန်းထဲ ပြန်ရောက်ပြီ ဆိုလျှင် လုံခြုံပြီ။ စိတ်ချ ရပြီ။ အထဲက တံခါးကို သော့ချထားလိုက်ရုံသာ ရှိသည်။
စကားလက် ဖိနပ်ကို ငုံ့၍ ချွတ်လိုက်၏။ ဖိနပ် မချွတ်လျှင် ဖိနပ်သံကို ကြားမည် စိုးသည်။ ထိုစဉ် ထမင်းစားခန်း တံခါး ဖြုန်းခနဲ ပွင့်လာကာ ခပ်မှိန်မှိန် ဖယောင်းတိုင် မီးရောင်တွင် ရက် ဘတ်တလာ မားမားကြီး ရပ်နေသည်။ နောက်က မီးရောင် ခံနေသဖြင့် ရက် ဘတ်တလာ၏ မည်းမည်း သဏ္ဌာန်သည် ခါတိုင်းထက် ကြီးမားနေသည် ထင်ရ၏။ ခြေထောက်ပေါ်တွင် ခပ်ယိုင်ယိုင် ရပ်လျက်။ မျက်နှာကို သဲကွဲစွာ မမြင်ရသည့် ကြောက်စရာ မည်းမည်း အရိပ်ကြီး တစ်ခု။
“ကျုပ်နှင့် လာသောက်ပါ မစ္စက် ရက် ဘတ်တလာ”
သူ့ အသံက အတော် လေးနေပြီ။ အရက် တောတော် မူးနေပုံ ရသည်။ ဣန္ဒြေဆောင်ခြင်း မရှိတော့။ ရက် ဘတ်တလာ မည်မျှ သောက်သောက် ဣန္ဒြေ ပျက်လောက်အောင် မူးသည်ကို စကားလက် တစ်ခါမျှ မမြင်ဖူးသေး။ စကားလက် ရပ်၍ တွေနေသည်။ မည်သို့မျှ မပြော။ ရက် ဘတ်တလာက လက်ဟန် ခြေဟန်ဖြင့် ဆင်းလာရန် အမိန့် ပေးနေသည်။
“လာ သောက်လှည့်လို့ ပြောနေတယ်ကွ”
ရက် ဘတ်တလာက ခပ်ကြမ်းကြမ်း ပြောသည်။
တော်တော် မူးနေပုံရသည်ဟု တွေးကာ စကားလက် တထိတ်ထိတ် ဖြစ်နေ၏။ ခါတိုင်း ဤသို့ မဟုတ်။ မူးလေလေ
ယဉ်ကျေး သိမ်မွေ့လေလေ။ ခါတိုင်း မူးလျှင် ပို၍ လှောင်သည်။ ပို၍ စကားလုံး ပြောင်သည်။ သို့ရာတွင် အမူအရာက တစ်ချက်မျှ မမှား။
“သူ့ကို ကြောက်နေတယ်လို့တော့ အထင် မခံနိုင်ဘူး၊ ဘယ်တော့မှ အထင် မခံဘူး” ဟု စကားလက်က တွေးနေသည်။
ထို့နောက် ဝတ်ရုံကို လည်ပင်း ထိအောင် ပတ်၍ ရုံ၏။ ခေါင်းမော့၍ ခြေသံ ပြင်းပြင်းဖြင့် လှေကားမှ ဆင်းလာခဲ့သည်။
ရက် ဘတ်တလာက ဘေးသို့ ကပ်ပေးကာ လှောင်သလိုလို ဟန်ဖြင့် ဦးညွှတ်၍ နှုတ်ဆက်သည်။ စကားလက် မျက်ရည် လည်လာသည်။ ရက် ဘတ်တလာတွင် ကုတ်အင်္ကျီ မပါ။ လည်စည်းကို ဖြုတ်ကာ ပခုံး တစ်ဖက် တစ်ချက်တွင် တွဲလောင်း ချထား၏။ ရှပ်အင်္ကျီ ရင်ဘတ်က ဟပြဲ။ ရင်ဘတ်ပေါ်က အမွေး နက်နက်တွေ ပေါ်နေသည်။ ဆံပင်ကလည် ဖရိုဖရဲ။ မျက်လုံးများက သေးငယ် ကျဉ်းမြောင်းကာ နီရဲနေသည်။ စားပွဲပေါ်တွင် ဖယောင်းတိုင် လင်းနေသည်။ မီးတောက် ကလေးက သေးသဖြင့် အခန်းထဲက အရိပ် မည်းမည်းကြီးတွေက အဆမတန် ကြီးကာ ကြောက်စရာ ကောင်းနေသည်။
နံရံကပ် ဗီရိုကြီးများ၊ ကြောင်အိမ်ကြီးများသည် ငြိမ်သက်စွာ ဝပ်နေကြသည့် သတ္တဝါ အကောင် သေးသေးကလေးများနှင့် တူနေကြသည်။ စားပွဲပေါ်က ငွေလင်ပန်း တစ်ခုထဲတွင် အရက် ဖန်ချိုင့် တစ်ခု တင်ထားသည်။ ဖန်ချိုင့် အဖုံးက ပွင့်လျက်။
ဘေးပတ်လည်တွင် ဖန်ခွက်များက ပိုးလိုးပက်လက်။
“ထိုင်”
ရက် ဘတ်တလာက နောက်မှ လိုက်လာရင်း ခပ်ပြတ်ပြတ် ပြောသည်။
စကားလက်၏ ရင်ထဲတွင် ကြောက်စိတ် တစ်မျိုး ပေါ်လာ၏။ ထိုအကြောက်နှင့်စာလျှင် ရက် ဘတ်တလာနှင့် မျက်နှာဆိုင်ရမည့် အရေးသည် အသေးအဖွဲ ဖြစ်သွားသည်။ ရက် ဘတ်တလာ ကြည့်ပုံ၊ စကား ပြောပုံ၊ ပြုမူ ဆက်ဆံပုံက သူစိမ်းပြင်ပြင် တစ်ယောက်နှင့် တူနေသည်။ ယခု သူ တွေ့နေရသည့် ရက် ဘတ်တလာသည် ရိုင်းစိုင်း ကြမ်းကြုတ်သည့် ရက် ဘတ်တလာ ဖြစ်နေသည်။ ဤသို့ ရိုင်းစိုင်း ကြမ်းကြုတ်ဟန်ကို စကားလက် တစ်ခါမျှ မမြင်ဖူးခဲ့။ ရက် ဘတ်တလာက အမြဲတမ်း အေးစက်စက်။ အရေး မထားသည့်ဟန်။ လင်ရယ် မယားရယ် ရင်းနှီး ကျွမ်းဝင်စွာ ဆက်ဆံသည့် အချိန်များမှာပင် ဤသို့ နေလေ့ရှိသည်။ ဒေါသထွက်သည့် အချိန်တွင်ပင် သူ့ အသံသည် ချိုသာ နူးညံ့ကာ လှောင်ပြောင် သရော်သည့်ဟန် ပေါက်နေတတ်သည်။ အထူးသဖြင့် ဝီစကီ သောက်လျှင် ပိုသိသာသည်။ ရစတုန်း ကမူ သူ့ အပြုအမူ၊ သူ ဆက်ဆံပုံကို စကားလက် မကျေနပ်။ ရက် ဘတ်တလာ၏ အေးစက်စက် အရေး မထားဟန်ကို ဖျောက်ပစ်ရန် စကားလက် ကြိုးစားသည်။
သို့ရာတွင် မကြာမီ စကားလက် နေသားကျသွားသည်။ သူက အရေး မထားသည့် အတွက် အနေရ အထိုင်ရပင် ချောင်သေးသည်။ ရက် ဘတ်တလာသည် ဘာကိုမျှ အရေးတကြီး ထားသူ မဟုတ်ဟု စကားလက် ထင်ခဲ့သည်။ သူ့ မယားကို လည်းကောင်း၊ လောကတွင် ရှိရှိသမျှ အရာကို လည်းကောင်း ဘာမျှ အရေးတကြီး ထားခြင်း မရှိ။ လူ့ ဘဝ၏ အဖြစ်အပျက် ဟူသမျှသည် လှည့်စားတတ်သည့် ရယ်စရာများလောက်သာဟု ရက် ဘတ်တလာ သဘော ထားပုံရသည်။ သို့ရာတွင် ယခုမူ ရက် ဘတ်တလာသည် တစ်စုံတစ်ရာကို အလေးအနက် ထားနေပြီ။ အလွန် အရေးတကြီး ထားနေပြီဟု မျက်နှာချင်းဆိုင် ထိုင်ရင်း စကားလက် အလန့်တကြား တွေးနေသည်။
“ကျုပ်က အလိုက်ကန်းဆိုး မသိ အိမ်ပြန်ရောက် နေပေမယ့် မင်း သောက်ချင်တယ် ဆိုရင် မင်းဘာသာ မင်း သောက်ပေါ့၊ ဘာမှ ဟန်ဆောင်နေဖို့ မလိုပါဘူး၊ ဘာလဲ၊ ကျုပ် ငှဲ့ပေးရဦးမလား”
“မသောက်ချင်ပါဘူး” စကားလက်က ခပ်ပြတ်ပြတ် ပြောသည်။ “အောက်ထပ်က အသံ ကြားတာနှင့် ဆင်းကြည့်”
“မလိမ်ပါနှင့်၊ ဘာသံမှ မကြားရပါဘူး၊ အိမ်မှာ ကျုပ် မရှိဘူး ထင်လို့ မင်း ဆင်းလာတာ မဟုတ်လား၊ အပေါ်ထပ်မှာ မင်း ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် နေသံကို ကြားပါတယ်၊ မင်း လမ်းလျှောက်ပုံက ဂနာ မငြိမ်ဘူး၊ အရက် သောက်ချင်နေတဲ့ ပုံပဲ၊ ရော့ သောက်”
“ဟင့်အင်း၊ စကားလက်”
ရက် ဘတ်တလာက အရက် ဖန်ချိုင့်ကို ယူ၍ ငှဲ့ပေးသည်။ အရက် ဖန်ခွက်ထဲသို့ ဝေါခနဲ ထည့်လိုက်၏။ အရက်တွေ ဖိတ်ကုန်သည်။
“ရော့ သောက်လိုက်” ဖန်ခွက်ကို သူ့ လက်ထဲသို့ ထိုးပေးသည်။ “မင်း တစ်ကိုယ်လုံး တုန်နေပြီ၊ ဟန်ဆောင် မနေစမ်းပါနှင့်၊ မင်း ခွက်ပုန်း သောက်နေတာ ကျုပ် သိပါတယ်၊ ဘယ်လောက် သောက်သလဲ ဆိုတာလည်း ကျုပ် သိတယ်၊ မင်း ဟန်ဆောင်တာတွေ သိပ်များလွန်းတယ်၊ ဟန်မဆောင်ဖို့ ပြောမလို့ စိတ်ကူးထားတာ ကြာလှပြီ၊ သောက်ချင်ရင် ဗြောင် သောက်ပေါ့ကွ၊ ဘာ ခွက်ပုန်း ချစရာ ရှိသလဲ၊ ဘာလဲ မင်း ဘရန်ဒီ သောက်တာ သိရင် ကျုပ် ဆူမှာ စိုးလို့လား”
စကားလက် သူ့ကို စိတ်ထဲမှ ကျိန်ဆဲကာ စိုစွတ်နေသည့် ဖန်ခွက်ကို လှမ်းယူသည်။ ရက် ဘတ်တလာက စာအုပ် တစ်အုပ်ကို ဖတ်သည့်နှယ် သူ့ စိတ်ကို အကဲခတ်နေသည်။ ရက် ဘတ်တလာက သူ့ စိတ်ကို အမြဲတမ်း အကဲခတ် နေတတ်သည်။ စကားလက်က သူ့ တကယ့် စိတ်ကူးကို ရက် ဘတ်တလာ မသိစေချင်။ ဤကမ္ဘာ လောကကြီးတွင် သူ့ စိတ်ကူးကို ရက် ဘတ်တလာ သာ၍ မသိစေချင်။
“သောက်လို့ ပြောနေတာ မကြားဘူးလား”
စကားလက်က ဖန်ခွက်ကို မြှောက်သည်။ လက်မောင်းကို ဆတ်ခနဲ မ၍ လက်ကောက်ဝတ်ကို တောင့်ထားပြီး အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ဝီစကီကို ရေမရောဘဲ ဖေဖေလည်း ဤသို့ မော့တတ်သည်။ သောက်ပုံက သောက်နေကျဟန်၊ အရက် သောက်နေကျ ယောကျ်ားကြီး တစ်ဦး၏ဟန်။ ဤသည်ကို စကားလက် သတိ မပြုမိ။ ရက် ဘတ်တလာက စကားလက် ကျွမ်းကျင်စွာ အရက် သောက်နေပုံကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ နှုတ်ခမ်း တစ်ဖက်ကို မဲ့လိုက်၏။
“ထိုင်၊ ကျုပ်တို့ သွားခဲ့တဲ့ မွေးနေ့ ဧည့်ခံပွဲကြီး အကြောင်းကို ဆွေးနွေးကြမယ်၊ လင်မယားချင်း အေးအေး ဆေးဆေး အိမ်တွင်းရေး ကိစ္စ ဆွေးနွေးတဲ့ သဘောပေါ့၊ ဟုတ်လား”
“ရှင် မူးနေပြီ” စကားလက်က အေးစက်စက် ပြောနေသည်။ “စကားလက်လည်း အိပ်တော့မယ်”
“ဟုတ်တယ်၊ ကျုပ် တော်တော် မူးနေပြီ၊ ဒါပေမယ့် ကိစ္စ မရှိဘူး၊ နောက်ထပ် သောက်ဦးမယ်၊ ဒီနေ့ည ဒီထက် မူးအောင် သောက်ဦးမယ်၊ ဒါပေမယ့် မင်းလည်း မအိပ်ရသေးဘူး၊ ထိုင်ဦး”
မူးနေသည့်တိုင် ရက် ဘတ်တလာ၏ အသံက သူ ပြောနေကျ ခပ်အေးအေး ခပ်ဝဲဝဲ အသံ မပျောက်သေး။ သို့ရာတွင် ထိုစကားလုံးများ၏ နောက်ကွယ်မှ ဒေါသသည် ရှေ့သို့ တိုးထွက်နေသည်ကို စကားလက် သတိ ပြုမိ၏။ ကျာပွတ် တစ်ချောင်း၏ မြည်သံလို ပြင်းထန် ရက်စက်သည့် ဒေါသမျိုး ဖြစ်သည်။ စကားလက် ချီတုံချတုံ ဖြစ်နေစဉ် သူ့ ဘေးသို့ ရက် ဘတ်တလာ ရောက်လာ၏။ သူ့ လက်မောင်း တစ်ဖက်ကို ဖျစ်ညှစ် ကိုင်လိုက်သည်။ ရက် ဘတ်တလာက ဆွဲဆောင့်၍ အထိုင်ခိုင်းသဖြင့် စကားလက်က စုတ်သပ်၍ ခပ်မြန်မြန် ထိုင်ချလိုက်ရသည်။ စကားလက် ကြောက်နေပြီ။ သူ့ တစ်သက်တွင် ဤမျှလောက် တစ်ခါမျှ မကြောက်စဖူး။ သူ့ အပေါ်သို့ ငုံ့မိုးလာသည့် ရက် ဘတ်တလာ၏ မျက်နှာက ညိုမှောင်သည့် အထဲမှ သွေးရောင် လျှမ်းနေသည်။ မျက်လုံးများက ကြောက်စဖွယ် အရောင် ဝင်းဝင်းတောက်နေသည်။ သူ့မျက်လုံးထဲတွင် တစ်စုံတစ်ရာကို မြင်ရသည့်တိုင် ထိုအရာကို စကားလက် မမှတ်မိ။ စကားလက် နားမလည်။ ထိုအရာသည် ဒေါသထက် ပိုသည်။
နာကျင်ခြင်းထက် စွမ်းအား ကြီးသည်။ ထိုအရာကြောင့် သူ့ မျက်လုံး နှစ်လုံးသည် မီးကျီးခဲလို အရောင်တောက်သည်ဟု ထင်ရ၏။ ရက် ဘတ်တလာသည် သူ့ကို အကြာကြီး ငုံ့၍ စိုက်ကြည့်နေသည်။ သူ့ အကြည့်ကြောင့် စကားလက်၏ အာခံသည့် အကြည့်သည် နောက်သို့ ဆုတ်သွားကာ အရှုံးပေးသွားသည်။ ထိုနောက် ရက် ဘတ်တလာက မျက်နှာချင်းဆိုင် ကုလားထိုင်ပေါ်သို့ ပစ်ထိုင်လိုက်ပြီး နောက်တစ်ခွက် အရက် ငှဲ့နေသည်။ စကားလက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စဉ်းစားနေသည်။ သို့ရာတွင် သူက မည်သို့မျှ မပြောမီ ကိုယ်မည်သို့ စပြောရမည် မသိ။ မည်သည့် စွပ်စွဲချက်များကို တင်လာမည်ဟု ကံသေကံမ မပြောနိုင်။
ရက် ဘတ်တလာက အရက်ကို တဖြည်းဖြည်း သောက်ရင်း ဖန်ခွက်ပေါ်မှ ကျော်၍ သူ့ကို စိုက်ကြည့် နေ၏။
စကားလက် အာရုံကြောတွေ တင်းလာကာ တုန်ယင်ခြင်း မရှိအောင် မနည်း အားတင်းထားရသည်။ ရက် ဘတ်တလာ၏ မျက်နှာ အမူအရာက အချိန် အတန်ကြာသည် အထိ ပြောင်းလဲခြင်း မရှိ။ အတော်ကြီး ကြာမှ ရက် ဘတ်တလာက ရယ်ချလိုက်သည်။ မျက်လုံးများက စကားလက်ကို စိုက်ကြည့်နေဆဲ။ သူ့ ရယ်သံကြောင့် စကားလက် တုန်ယင်ခြင်း မရှိအောင် အားတင်း မထားနိုင်တော့။
“ညနေက ကိစ္စကလေးက တော်တော် ရယ်ရတဲ့ ဇာတ်လမ်း တစ်ပုဒ်ပဲနော်”
စကားလက်က မည်သို့မျှ မပြော။ တုန်ယင်ခြင်း မရှိရန် ချုပ်တည်းသည့် အနေဖြင့် လွှာဖိနပ်ထဲက ခြေချောင်းကလေးများကို ကွေးချည် ဆန့်ချည် ပြုနေသည်။
“တော်တော် ကြည့်လို့ ကောင်းတဲ့ ဇာတ်လမ်း ကလေးပဲ၊ ဇာတ်ဆောင်တွေကလည်း စုံတယ်၊ သစ္စာဖောက် ခံရတဲ့ ယောကျ်ားက စိတ်သဘောထား ကြီးကြီးနှင့် ဖောက်ပြားတဲ့ မယားကို တွဲခေါ်လာတယ်၊ သစ္စာဖောက် ခံရတဲ့ မိန်းမကလည်း သူတော်ကောင်းမကြီး ပီပီ သူ့ အဖြစ်အပျက်ကို သူ့ သိက္ခာနှင့် ဖုံးဖိ ပြသွားတယ်၊ တစ်ရွာလုံးက လူတွေကလည်း ဖောက်ပြားတဲ့ မယားကို ခဲနှင့် ဝိုင်းပေါက်မလို့ ဝိုင်းအုံလို့၊ ပြီးတော့ ကြာခိုတဲ့ ကောင်ကလည်း”
“ဒီ စကားတွေ မပြောပါနှင့်၊ ကျေးဇူးပြုပြီး”
“ကျေးဇူး မပြုနိုင်ဘူး၊ ဒီနေ့ညတော့ ပြောရလိမ့်မယ်၊ ရယ်စရာ ကောင်းလွန်းလို့ပါ၊ အဲဒီ ကြာခိုတဲ့ ကောင်က ကြိုးဆွဲချ သေချင်တဲ့ ရုပ်မျိုး၊ အူတူတူနှင့်၊ ခုတော့ ဘယ့်နှယ်ရှိစ၊ မင်း မုန်းတဲ့ မိန်းမက မင်းအနားမှာ ရပ်ပြီး မင်း အပြစ်တွေကို ဖုံးဖိပေးသွားပြီလေ၊ မင်း စိတ်ထဲ ဘယ့်နှယ် နေသလဲ ဟင်၊ မရှက်ဘူးလား၊ ထိုင်ပါ၊ မသွားပါနှင့်”
စကားလက်က ထိုင်သည်။
“ဒါပေမယ့် မင်းကို ဒီလို ကာကွယ် ပေးလို့လည်း သူ့ကို မင်း အကောင်း ထင်မှာ မဟုတ်ပါဘူး၊ ကျုပ် သိပါတယ်၊ မင်းနှင့် အက်ရှလေ အကြောင်းကို သူ သိပြီလား၊ သိရက်သားနှင့် မင်းကို ဘာဖြစ်လို့ ကာကွယ် ပေးရသလဲ၊ သူ့ သိက္ခာကို သူ ဆယ်ဖို့ လုပ်တာလားလို့ မင်း တွေးနေတယ် မဟုတ်လား၊ မီလာနီ ဆိုတဲ့ မိန်းမဟာ တော်တော် နုံတဲ့ မိန်းမ၊ သူ့ လင်ကို ခိုးတာတောင် ငါ့ကို လိုက်ပြီး သိက္ခာ ဆယ်ပေးနေတဲ့ မိန်းမ၊ တော်တော် တုံးတဲ့ မိန်းမလို့ မင်း စိတ်ထဲက”
“တော် တော်၊ ကျွန်မ နားမထောင်ချင်ဘူး”
“မထောင်လို့ ဘယ်ဖြစ်မလဲ၊ ထောင်ရမယ်၊ မင်း စိတ်သက်သာရာ ရအောင် ကျုပ် တစ်ခုတော့ ပြောလိုက်မယ်၊ ဟုတ်တယ်၊ မီလာနီဟာ တော်တော် နုံတဲ့ မိန်းမ၊ ဒါပေမယ့် မင်း ထင်သလို နုံတဲ့ မိန်းမမျိုးတော့ မဟုတ်ဘူး၊ ဒီသတင်းကို သူ ကြားပြီးပေမယ့် ယုံပုံ မရဘူး၊ သူ့ မျက်စိနှင့် တပ်အပ် မြင်ရင်တောင် ယုံမှာ မဟုတ်ဘူး၊ မီလာနီဟာ အင်မတန် မွန်မြတ်ပြီး သိက္ခာရှိတဲ့ မိန်းမ၊ ဒီလို မွန်မြတ်တဲ့ မိန်းမမျိုးဟာ ကိုယ် ချစ်တဲ့သူ ကိုယ်ခင်တဲ့သူတွေကို ယုတ်ညံ့ သိမ်ဖျင်းတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးတတ်ဘူး၊ အက်ရှလေက သူ့ကို ဘယ်လောက် ပိပိရိရိ လိမ်ပြောထားသလဲ မသိဘူး၊ ဒါပေမယ့် လိမ်တာ မပိရိသည့်တိုင် မီလာနီကတော့ ယုံမှာပဲ၊ မီလာနီဟာ အက်ရှလေကို ချစ်တယ်၊ မင်းကိုလည်း ချစ်တယ်၊ ဒါကြောင့် မင်းတို့ ဘာပြောပြော သူ ယုံမှာပဲ၊ မင်းမှာ ဘာများ ချစ်စရာ ရှိသလဲတော့ မသိဘူး၊ ဒါပေမယ့် မီလာနီဟာ မင်းကို ချစ်တာတော့ အမှန်ပဲ၊ ဒါကို အခွင့်ကောင်း ယူပြီး မင်းက အနိုင်ယူ သွားတာ၊ တကယ် သူ့ အချစ်ကို မင်း လက်ဝါးကပ်တိုင်လို ထိုင်ပြီး ကိုးကွယ်ဖို့တောင် ကောင်းတယ်”
“ရှင် မူးမူးပြီး မစော်ကားနှင့်၊ ရှင် မူးပြီး မရမ်းရင် ကျွန်မ သေသေချာချာ ရှင်းပြမယ်” စကားလက်က ခပ်တည်တည် ပြန်ပြေသည်။ “ဒါပေမယ့် ခုတော့ ရှင်က”
“မင်း ရှင်းပြမှာတွေကို ကျုပ် စိတ်မဝင်စားပါဘူး၊ အမှန်ကို မင်းထက် ကျုပ် ပိုသိတယ်၊ မင်း ထပြန်ဖို့တော့ မကြိုးစားနှင့်နော်၊ ကုလားထိုင်မှာ မထိုင်ဘဲ နောက်တစ်ခါ ထရပ်ရဲရင် ရပ်ကြည့်စမ်း၊ ဒီနေ့ည ရယ်စရာ ဇာတ်လမ်းကလေးထက် ပိုပြီး ရယ်စရာ ကောင်းတာ ရှိသေးတယ်၊ ဘာလဲ သိရဲ့လား၊ အပြစ်တွေ ကျူးလွန်တဲ့ ဒုစရိုက်ကောင် ဆိုပြီး ကျုပ်ကိုတော့ မင်းအိပ်ရာပေါ် တက်အိပ်ခွင့် မပေးခဲ့ဘူး၊ အဗြဟ္မစရိယာ သိက္ခာပုဒ်ကို စောင့်ထိန်းတဲ့ သူတော်ကောင်းမကြီးပေါ့လေ၊ ဒါပေမယ့် မင်း စိတ်ထဲမှာတော့ အက်ရှလေနှင့် ကိလေသာ သောင်းကျန်းနေတယ်၊ ဟုတ်တယ်၊ ကိလေသာ သောင်းကျန်းနေတယ်၊ တော်တော် ကောင်းတဲ့ စကားလုံးပဲ၊ အဲဒီ စာအုပ်ထဲမှာ တော်တော် ကောင်းတဲ့ စကားလုံးတွေ ပါတယ်၊ သိလား”
မည်သည့် စာအုပ်နည်း။ မည်သည့် စာအုပ်ကို ပြောနေသနည်း။ စကားလက် စိတ်ထဲတွင် တွေးနေသည်။ မဆီမဆိုင် အခန်း ပတ်ပတ်လည်ကို အလန့်တကြား လှည့်ကြည့်၏။ ငွေထည် ပစ္စည်းများက ခပ်မှိန်မှိန် မီးရောင်ထဲတွင် လက်နေကြ၏။
အခန်းထောင့်များက ကြောက်ဖွယ် မှောင်နေသည်။
“မင်း ကျုပ်ကို ကန်ထုတ်ခဲ့တယ်၊ မင်းရဲ့ သဘာဝက နုနုနယ်နယ်ကလေး၊ ကျုပ် စိတ်ဆန္ဒက ခပ်ရိုင်းရိုင်း၊ ဒါကြောင့်မို့ ကျုပ် စိတ်ဆန္ဒရိုင်းကို မင်း မဖြည့်စွမ်းနိုင်ဘူး၊ ဆန္ဒရိုင်းကို မဖြည့်စွမ်းချင်လို့ နောက်ထပ်ကလေး မလိုချင်တာပေါ့၊ မဟုတ်ဘူးလား၊ ဒီတော့ ကျုပ် စိတ်မကောင်းဘူး၊ ကျုပ် ဆန္ဒရိုင်းကို ဖြည့်စွမ်းနိုင်တဲ့ဆီ သွားတယ်၊ ဆန္ဒရိုင်းကို တခြားမှာ သွားပြီး ပြေပျောက်အောင် လုပ်တယ်၊ မင်းဘာသာ မင်း နုနု နယ်နယ်ကလေး နေပါစေတော့ ဆိုပြီး ကျုပ်ဘာသာ ကျုပ် ပျော်စရာ ရှာတယ်၊ ဒီတော့ မင်း ဘာလုပ်သလဲ၊ အသည်း ဟက်တက်ကွဲနေတဲ့ အက်ရှလေနှင့် တစ်ချိန်လုံး ပလူးနေတယ်၊ အလကားကောင်၊ ကိုယ့် မယား အပေါ်မှာတောင် သစ္စာ မစောင့်ဘူး၊ မနောကံနှင့်လည်း သစ္စာဖောက်တယ်၊ ကာယကံနှင့်လည်း သစ္စာဖောက်တယ်၊ သတ္တိ ရှိရင် ရဲရဲ ဆုံးဖြတ်ပါလား၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါလား၊ သူနှင့်သာ ဆိုရင် မင်းကလည်း ကလေးတွေ မွေးပေးမှာပဲ၊ ကလေး မမွေးချင်ဘူးလို့ ပြောတော့မှာ မဟုတ်ဘူး၊ မဟုတ်ဘူးလား၊ ပြီးတော့ ကျုပ် ကလေးလို့ တံဆိပ် တပ်မယ်”
စကားလက်က တစ်ချက် အော်၍ ဖြုန်းခနဲ မတ်တတ် ရပ်လိုက်၏။ ရက် ဘတ်တလာက ဝုန်းခနဲ ထလာကာ ခပ်တိုးတိုး ရယ်သည်။ စကားလက်၏ သွေးတွေကို အေးခဲသွားစေသည့် ရယ်သံမျိုး။ စကားလက်၏ ပခုံးကို သူ့ လက်ညိုညိုကြီးများဖြင့် ဖိ၍ အထိုင်ခိုင်းပြီး မိုး၍ ငုံ့ကြည့်နေသည်။
“ဒီမှာ မိန်းကလေး၊ ကျုပ် လက်တွေကို ကြည့်စမ်း” ရက် ဘတ်တလာက လက်ချောင်းများကို ကွေးချည် ဆန့်ချည် ပြုပြ၏။ “ဒီလက်တွေနှင့် မင်းကို အသာကလေး ညှစ်သတ်ပစ်နိုင်တယ် သိလား၊ ဒီလို ညှစ်သတ်လို့ အက်ရှလေ မင်း စိတ်ထဲက ပျောက်သွားမယ် ဆိုရင် ကျုပ် တကယ် ညှစ်သတ်ပစ်မှာပဲ၊ ဒါပေမယ့် လည်ပင်း ညှစ်သတ်ရုံနှင့် အက်ရှလေဟာ မင်း စိတ်ထဲက ပျောက်သွားမှာ မဟုတ်ဘူး၊ ဒီတော့ အက်ရှလေကို မင်း စိတ်ထဲက တစ်သက်လုံး ပျောက်သွားအောင် ဒီလို လုပ်ရမယ်၊ မင်း ခေါင်းကို လက်နှစ်ဖက်နှင့် ပြုတ်တူ ညှပ်သလို ညှပ်၊ ပြီးတော့မှ သစ်ကြားသီး ရိုက်ခွဲသလို မင်း ခေါင်းကို ရိုက်ခွဲရမယ်၊ ဒီလို လုပ်ရင် အက်ရှလေ မင်း ခေါင်းထဲမှာ မရှိတော့ဘူး”
သူ့ လက်များက စကားလက် ခေါင်းပေါ်သို့ ရောက်လာ၏။ ရှည်လျား ကော့ပျံသည့် ဆံပင်ထဲသို့ လက်ချောင်းများကို ဖွ၍ လျှောက်စမ်းပြီး မျက်နှာကို မေ့ာယူလိုက်သည်။ ရက် ဘတ်တလာ၏ မျက်နှာက သူစိမ်းပြင်ပြင် တစ်ယောက်၏ မျက်နှာ။
သူ့ အသံက ခပ်ဝဲဝဲဖြင့် အရက် မူးနေသည့် လူစိမ်း တစ်ယောက်၏ အာလေး လျှာလေးကြီးဖြင့် ပြောသံ။ စကားလက်၏ အဟိတ် တိရစ္ဆာန် သတ္တိသည် သူ့ အကြောများထဲသို့ ပြန်၍ စီးဝင်လာသည်။ ခါးကို ဆန့်၍ မျက်လုံးများကို မှေးကြည့်သည်။
“ရှင် အရက်သမား၊ အလကားလူ၊ ကျွန်မကို မထိနှင့်”
စကားလက် အော်သည်။ ရက် ဘတ်တလာက လက်ကို ရုပ်ကာ စားပွဲစွန်းတွင် ဝင်ထိုင်ပြီး နောက်ထပ် အရက် တစ်ခွက် ငှဲ့သောက်နေ၏။ စကားလက် အံ့အား သင့်နေသည်။
“မင်း စိတ်ဓာတ်ကို ကျုပ် တစ်လျှောက်လုံး သဘောကျခဲ့တာ၊ ဒီတစ်ခါတော့ ပိုကြိုက်သွားပြီ၊ ချောင်ပိတ် ခံရတာတောင် အရှုံး မပေးဘူး”
စကားလက်က ဝတ်ရုံကို ခပ်တင်းတင်း ဆွဲ၍ ပတ်ထားလိုက်သည်။ အခန်းသို့ ပြန်သွားကာ သော့ပိတ်ထားချင်လှပြီ။
တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်လှပြီ။ သို့ရာတွင် မရဲသော်လည်း ပြေးခဲစေ ဆိုသကဲ့သို့ သူ့ကို နည်းနည်းပါးပါး အကြောင်း ပြရဦးမည်။ ဦးကျိုးသွားအောင် လုပ်ရဦးမည်။ ရက် ဘတ်တလာ ဤမျှ ဒေါသတကြီး ရမ်းကားသည်ကို တစ်ခါမျှ မမြင်ဖူးသေး။ ဒူးတွေ တဆတ်ဆတ် တုန်နေသည့်တိုင် စကားလက် ထရပ်ကာ ဝတ်ရုံကို တင်ပါးပေါ်တွင် ခပ်တင်းတင်း ဆွဲပတ်သည်။ မျက်နှာပေါ်သို့ ဝဲကျနေသည့် ဆံပင်များကို နောက်သို့ ပြန်တင်လိုက်၏။
“ဟင်း၊ ဘာဖြစ်လို့ ချောင်ပိတ် ခံရမှာလဲ” စကားလက်က ရန်ထောင်သည်။ “ဒီမှာ ဗိုလ်ကြီး ဘတ်တလာ၊ ကျွန်မကို ရှင် ချောင်ပိတ်လို့ ရမယ် ထင်သလား၊ ခြောက်လို့ ရမယ်ကော ထင်သလား၊ တစ်သက်လုံး မရဘူး မှတ်ပါ၊ ရှင်ဟာ အရက်သမား၊ အဟိတ် တိရစ္ဆာန်၊ မကောင်းတဲ့ မိန်းမတွေနှင့် ပျော်နေတဲ့ လူ၊ မကောင်းတဲ့ မိန်းမတောမှာ အနေ ကြာတော့ ရှင်ဟာ မကောင်းတာကိုပဲ နားလည်တယ်၊ အက်ရှလေကိုရော ကျွန်မကိုရော ရှင် နားမလည်ဘူး၊ ရှင်ဟာ မနာလို ဝန်တို ဖြစ်နေတာ၊ ရှင် နားမလည်တာ တစ်ခုကို မနာလိုဝန်တို ဖြစ်နေတာ၊ ဒါပဲ သွားမယ်”
စကားလက်က ချာခနဲ လှည့်၍ တံခါးပေါက် ဆီသို့ ထွက်လိုက်၏။ တဟားဟား ရယ်သံကြောင့် စကားလက် ခြေလှမ်း တုန့်သွား၏။ စကားလက် ပြန်လှည့်ကြည့်သည်။ ရက် ဘတ်တလာက ဒယီးဒယိုင်ဖြင့် သူ့ဆီသို့ လျှောက်လာ၏။
သူ့ ရယ်သံကြီးက ကြောက်စရာ။ ဤရယ်သံကြီးကို စကားလက် မကြားချင်။ ဤကိစ္စတွင် ဘာများ ရယ်စရာ ရှိသနည်း။
သူက ရှေ့တိုး လာသဖြင့် စကားလက်က တံခါးဆီသို့ နောက်ပြန် ဆုတ်လာသည်။ သို့ရာတွင် ဆုတ်စရာ မရှိတော့။ နံရံကြီး ခံနေသည်။ ရက် ဘတ်တလာက လက်နှစ်ဖက်ဖြင့် သူ့ ပခုံးကို တွန်း၍ နံရံဖြင့် ညှပ်ထားသည်။
“ဘာလို့ ရယ်နေတာလဲ၊ မရယ်ပါနှင့်”
“ရယ်တယ်၊ မင်းကို သနားလို့ ရယ်တယ်”
“ဘာဖြစ်လို့ သနားရမှာလဲ၊ သူများကို မသနားပါနှင့်၊ ကိုယ့်ကိုယ်ကိုယ်ပဲ သနားပါ”
“ကျုပ် ကိုယ် ကျုပ် မသနားဘူး သူငယ်မ၊ မင်းကို သနားတာ၊ သိပ်ချောပြီး သိပ်လှတဲ့ နလပိန်းတုံး မလေး တစ်ယောက်ကို သနားတာ၊ မင်းကို သနားတယ်လို့ ပြောတာကိုကော မခံနိုင်ဘူးလား၊ ဘယ်လိုလဲ၊ ရယ်တာကိုလည်း မခံနိုင်ဘူး၊ သနားတာကိုလည်း မခံနိုင်ဘူး ဆိုတော့ မင်းဟာက မလွန်လွန်းဘူးလား”
ရက် ဘတ်တလာက အရယ် ရပ်လိုက်၏။ သူ့ ပခုံးကို အတင်း ညှပ်၍ ဖိထားသဖြင့် ပခုံးတွေ နာလာသည်။ သူ့ မျက်နှာထားက ပြောင်းသွားသည်။ မျက်နှာကြီးက အနားသို့ ကပ်လာသဖြင့် ဝီစကီနံ့ တထောင်းထောင်း ဖြစ်နေ၏။
စကားလက်က မျက်နှာကို လွှဲလိုက်သည်။
---
(အခန်း ၅၄ အဆက် သို့ ဆက်ရန်)
#မြသန်းတင့်
#လေရူးသုန်သုန်
#shared_by_louis_augustine
Comments
Post a Comment