မအိမ်ကံ (အခန်း ၈) // ခင်ခင်ထူး

မအိမ်ကံ (အခန်း ၈) // ခင်ခင်ထူး

မအိမ်ကံ ပထမဆုံးရသည့်အနံမှာ မာလကာရွက်နံ့၊ သွေးဆေးနံ့တွေ ဖြစ်သည်။ သည်အနံ့က အမေပန်းရုံ မူးသည် မော်သည်ဆိုလျှင် ရှူနေကျအနံ့ဖြစ်သည်။ ကိုဖိုးငွေက မာလကာရွက်ရင့်ရင့် လက်တွင်းတစ်ဆုပ်ခူးကာ ရေပင်မဆေးဘဲ လက်ဖဝါးကြမ်းကြမ်းထဲ ထည့်ချေသည်။ မာလကာရွက် သတ္တုရည်တွေ နူးလာပြီဆိုတော့ သွေးဆေးမှုန့် မန်ကျည်း နှစ်စေ့လောက်ထည့်ကာ ပွတ်ပြန်သည်။ ပြီးမှ မအိမ်ကံ နဖူးထိပ်မှအောက်ကို ဆွဲဆွဲချသည်နှာခေါင်းနားရောက်တော့ ခဏကလေးရပ်ကာ အနံ့တွေများများဝင်အောင် ရှူစေသည်။ ပြီးပြန်တော့ အောက်မေးဖျားအထိ ဆက်ဆွဲချ။ သည်အနံ့ကို မအိမ်ကံ မျှင်းမျှင်းကလေး ရှူနေခဲ့သည်။ သူ့နားထဲမှာ အသံတွေ စီစီ စီစီ ကြားနေရဆဲဖြစ်သည်။

အဖေကော အမေပန်းရုံကာ ..အစ်ကိုကော ..။ မအိမ်ကံ နောက်ဆုံးမှတ်မိတာ အဖေက အစ်ကို့ကို သေနတ်နှင့် ထိုးချိန်လိုက်တာကိုပဲ ဖြစ်သည်။ အစ်ကို့ကို အဖေ တကယ်များ ပစ်လိုက်လေသလား။

“သမီး မအိမ်ကံ သတိရပြီလား ရှူစမ်း … ငယ်ထိပ်ပေါက်အောင်ရှူ.. ”

အမေပန်းရုံက မအိမ်ကံနဖူးပေါ်ဝဲကျနေသည့် ဆံစကလေးတွေကို သပ်တင်ပေးနေတာလည်း မအိမ်ကံ သိနေပါသည်။ မျက်လုံးတွေဖွင့်ကြည့်တော့ ဆေးနံပေးနေသော ကိုဖိုးငွေ၏ လက်ဖဝါးကြီးနှစ်ဖက်က မျက်နှာပေါ်မှာပိတ်လို့။ မာလကာရွက် သွေးဆေးနံ့ ကိုမအိမ်ကံ တစ်ဝရှူလိုက်ပါ၏။

“သမီး … ဘယ့်နှယ်နေတုံး”

“ရင်ဘတ်တွေ ခုန်နေသယ် အမေ”

မအိမ်ကံက နှလုံးတွေ မငြိမ်သေးတာကို ပြောတတ်သလို ပြောလိုက်ခြင်းဖြစ်သည်။ တကယ်လည်း ရင်ဘတ်ကလေးတစ်ခုလုံး လှည်းမီးချသည့် ဒေါက်ဖို့က ဖားဖိုကြီးလို နိမ့်ချည် မြင့်ချည်။ အဖေ့ကိုရော အစ်ကို့ ကိုရော မအိမ်ကံ မမြင်တော့ စိုးရိမ်သည်။ အရေးထဲ ကိုဖိုးငွေ ဆေးငွေ ပေးသည့်လက်ကြီးက တမှောင့်။ မအိမ်ကံ မျက်နှာကလေးငုံနေရသည်။ 

“ကိုင်းပါ ကိုဖိုးငွေရဲ့ တော်လောက်ပါပြီ.…မအိမ်ကံတောင် မွှန်လာပြီ”

မလှအုံက ငေါက်တော့မှ ကိုဖိုးငွေလည်း ရပ်တော့သည်။ အမေပန်းရုံက မအိမ်ကံ လက်ကလေးတွေကို ဆုတ်ကိုင်ရင်း အဖေနှင့် အစ်ကို အကြောင်းကို ရှင်းပြသည်။ ဦးသာထန်က တကယ်ပစ်လိုက်တာမဟုတ်ဘဲ သားဇောဖြင့် ကရုဏာဒေါသော ချိန်ရုံသာချိန်ခြင်းဖြစ်ကြောင်း မောင်မြတ်သာက ဖအေကို ခြေစုံဖက်၍ တောင်းပန်ခဲ့ကြောင်း၊ ဦးသာထန်က သေနတ်ကို ထရံမှာထောင်ကာ ကျူကျူပါအောင် ငိုခဲ့ကြောင်း၊ သည်နောက်တော့ သားဖြစ်သူကို ဘာတစ်ခွန်းမှမပြောဘဲ မြင်းကြီးစီးပြီး ထွက်သွားခဲ့ကြောင်း၊ မောင်မြတ်သာက နှမကိုက ခုတင်ပေါ် တင်ပေးပြီး စိုးရိမ်တကြီးစောင့်နေခဲ့ကြောင်း စသည်ဖြင့် မအိမ်ကံ ပုံလဲကျပြီးနောက် အခြေအနေတွေကို အမေပန်းရုံကပြောပြတော့ မအိမ်ကံ မျက်လုံးပြူးကလေးနှင့် နားထောင် နေခဲ့သည်။

“အစ်ကိုကော …. ”

“အခုပဲ ထသွားသယ်... အပေါ်ထပ်မှာ အင်္ဂလိပ်ဘိုးအုပ်ဖတ်နေသယ်” 

မလှအုံက မီးဖိုကျင်းကိုဆင်းကာ ဆန်လက်တစ်ဆုပ်ပြုတ်သည်။ ယုန်သားခြောက် ကျပ်တင်ကို မီးကလေးအုံပြီးမှ ချေဖဲ့ထည့်သည်။ နူးနူးအိအိ ဆန်ပြုတ်ကို မအိမ်ကံ နှစ်ပန်းကန်လောက် သောက်ပစ်လိုက်သည်။ ယုန်သားကျပ်တင်နံ့ကို မခံနိုင်သော်လည်း အမေက အတင်းစားခိုင်းတော့ မငြင်းသာပါ။ ဆန်ပြုတ်သောက်ပြီးတော့ မအိမ်ကံကို မလှအုံက အဝတ်လဲပေးသည်။ ဆန်ပြုတ်ပူပူကြောင့် ချွေးကလေးတွေ ရွှဲလို ။ ပင်နီအင်္ကျီလက်ရှည်နှင့် ချည်ပွထည် ပြောင်ထဘီမည်းမည်းကလေး ဝတ်ပေးထားတော့ တကယ့်အဘွားအို လူမမာကလေးနှင့် တူလေသည်။ မလှအုံက ဆံပင်တွေစုသိမ်းကာ ပန်းစည်းကြိုးကလေးနှစ်ချောင်းဖြင့် ပေါင်ပေးထားတော့ မျက်နှာကလေး ရှင်းနေသည်။

လက်ထဲက အင်္ဂလိပ်စာအုပ်အထူကြီးကို လက်ညှိုးထိုးညှပ်ပြီး မောင်မြတ်သာ ဆင်းလာ ခဲ့သည်။ ခရီးပန်းလာတာမို့ စာဖတ်ရင်း တစ်မှေးအိပ်ပျော်သွားခဲ့သေးသည်။ ဖျတ်ခနဲ အနိုးမှာ နှမဖြစ်သူကို တစ်ခေါက်လာကြည့်ခြင်းဖြစ်သည်နှမကလေးကို လန်းလန်းဆန်းဆန်း တွေ့ ရတော့ ဝမ်းသာသွားရှာသည်။

“ကံကလေး ကြောက်သွားသလား...အစ်ကိုဖြင့် စိုးရိမ်လိုက်ရသာ .. အဖေက တကယ် ပစ်ပါ့မလား ကံကလေးရဲ့ အစ်ကိုကလည်း အပြစ်ရှိပါသယ်လေ ..မိဘ စိတ်ဆင်းရဲ အောင် လုပ်မိသာကိုး… သို့သော်လည်း”

အပြင်ဘက်စဉ့်အိုးမှာ လက်တွေဆေးပြီး ပုဆိုးခါးပုံစနှင့် သုတ်ရင်း ဝင်လာသည့် ကိုဖိုးငွေက မောင်မြတ်သာ စကားကျကို စောင့်ပြီးမှ တစ်ခွန်းဝင်ပြောလေသည်။ မလှအုံက မောင်မြတ်သာအတွက် ယုန်သားကျပ်တိုက်ဆန်ပြုတ် သွားထည့်သည်

“ချက်ချင်းတော့ မပြန်ပါနဲ့ဦးကွာ .. ရွာမှာနေပါဦး.. ခေတ်ကာလကြီးက မကောင်းလှဘူး ... မင်းအဖေကလည်း ခုတလောမြင်းတစ်စီးနဲ မိုးလင်းချင်လင်းသာ.. ပြောသာ ပြောရသာ.. မင်းအဖေသေနတ်ရှိသာ တော်ရုံလူက ခြံနား မကပ်ဝံ့ဘူးကွ.. သရက်ပင် ကန်မှာ ဓားပြက သူကြီးတောင် ဝင်ရိုက်သွားသာ မျောလို့သဲ့”

ထိုညက မအိမ်ကံ တော်တော်နှင့်အိပ်မပျော်၊ လသာရက်ဆိုသော်လည်း ခါတိုင်း လသာရက်တွေလို ရွာထဲမှာ သွားသွားလာလာ သိပ်မရှိကြ ရွာအနောက်ပိုင်းက လူခေါ်သံခွေးဟောင်သံတွေ ကြားရသော်လည်း တစ်ခဏချင်းမှာပင် တိတ်ဆိတ်သွားပြန်သည်။ မအိမ်ကံ က လရောင်ကျနေသော ကြမ်းကပ်ပြတင်းပေါက်နားမှာ အိပ်သည်။ ခေါင်းအုံးပေါ် မေးကလေး ထောက်ကာ မှောက်အိပ်နေတော့ အိမ်ရှေ့တာလမ်းကြီးကို မြင်ရသည်လရောင်တွေက ပွဲခင်းနေရာဟောင်း တလင်းပြင်မှာ ဝင်းစက်နေ၏။ ညဉ့်ကြီးတော်တော်နက်ကာမှ အဖေဖြစ် သူ မြင်းကြီးဖြင့် ပြန်လာသည်။ ကိုဖိုးငွေက ခြံတံခါးကြီး ပြေးဖွင့်ပေးတာရော၊ အဖေ မြင်းကြီး စီးဝင်လာတာရော၊ ကိုဖိုးငွေက မြင်းကို မြင်းဇောင်းဘက် ဆွဲသွားတာရော အကုန်လုံးကို မြင်ရသည်။ အဖေက ဇွန်ရုံကြီးဘေးက စဉ့်အိုးမှာ မျက်နှာသစ်၊ ခြေဆေးပြီးမှ ဘေးပေါက်မှ အိမ်ထဲဝင်ဖို့ ပြင်သည်။

“အဖေ”

“ဟေ… သမီးဟဲ့ မအိပ်သေးဘူးလား နေကောင်းပြီလား ညဉ့်နက်လှပေါ့”

“အဖေ့စောင့်နေသာ” 

“အောင်မာဗျာ”

သမီးကလေးက သည်လိုဆီးကြိုလိုက်တော့ ဦးသာထန် ကျေနပ်သွားပုံရသည်။ တဟားဟား ရယ်ရင်းဖြင့် အိမ်ကြီးထဲလှမ်းဝင်လာခဲ့သည်။ မလှအုံက မှန်အိမ်ကို ဧည့်ခန်းမှာ တစ်လုံး၊ မီးဖိုချောင်မှာတစ်လုံး ထွန်းလိုက်သည်။ မီးလင်းသွားတော့ အဖေ့မျက်လုံးတွေက ဟိုကြည့် သည်ကြည့်နှင့်ဆိုတော့ အမေပန်းရုံက 

“လူကလေး ခရီးပန်းလို့ အိပ်သွားရှာပြီ” 

လို့ပြောလိုက်သည်။

“ထမင်းစားမှာလား တော့်တပည့်တွေကော” 

“ရှားတောမှာ အမှုစစ်ရင်း ထမင်းစားခဲ့ပြီးပြီ.. သည်ကောင်တွေ ညဘက်မှာ ကင်းချထားသယ် .. တလုတ်မြို့ ဘက်မှာ ဓားပြတွေ တော်တော်သောင်းကျန်းနေသဲ့ကွ သည်ဘက်နယ်တောင် ငါ့ကို ကြောက်ကြလို့”

“ဦးလေး နှစ်လုံးပြူးကြီးကြောက်ကြသာ ထင်ပါရဲ့ဗျာ”

ကိုဖိုးငွေက ထရံမှာထောင်ထားသော သေနတ်ကြီးကို လှမ်းကြည့်ရင်းက ပြောလိုက် သည်။ သူ့ဦးလေးသူကြီးမင်းမှာ နှစ်လုံးပြူးသေနတ်ကြီးရှိတာ ဘာရယ်မဟုတ်ဘဲ အားရှိမိသလို တစ်ချက်မှ သေနတ်သံမကြားဖူးတာကိုလည်း သံသယဖြစ်မိ၏။ ဒါမျိုးက စမ်းလို့ပြုလို့လည်း ဖြစ်တာမဟုတ်။

“ကဲ ကဲ ဖိုးငွေတို့ လှအုံတို့ အိပ်ချေကြတော့လေ...သမီးလည်း အိပ်တော့ မအိမ်ကံ အိပ်ရာထဲဝင်တော့”

မြောက်ပြန်လေကလေးသွေးလာသည်။ ရေတွင်းကုန်းမှာစင်တင်၍ စိုက်ထားသော ခွာညိုပန်းရနံ့သင်းသင်းကလေးက နှာဝကို လာချူသည်။ မနက် ကျရင် ခွာညိုပန်းတွေခူးပြီး ရွာရှေ့က ရွှေစေတီဘုရားကို ပန်းသွားကပ်ရမည်။ ပြီးတော့ ရွာ့ကွမ်းတောင်ကိုင် အပျိုချော မမဂွမ်းဖြူကို ခွာညိုပန်းတွေ သွားပေးရဦးမည်။ လရောင်ကို ငေးရင်း စိတ်ကူးတယဉ်ယဉ်ဖြင့် မအိမ်ကံမျက်လုံးကလေးတွေ မှေးစင်းလာသည်။ အစ်ကိုမောင်မြတ်သာကတော့ သူ့စာအုပ်ကြီးကို သည်းကြီးမည်းကြီး ဖတ်နေပုံရသည်။ အစ်ကို့ အခန်းဘက်က မီးရောင်ကို မအိမ်ကံ တစ်စွန်းတစ်စ မြင်နေရလို့ ဖြစ်သည်။ ခဏနေတော့ လရောင်တစောင်းထိုး အလင်းထဲမှာပင် မအိမ်ကံ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။

တပို့တွဲလ။

---

မအိမ်ကံတို့ခြံထဲက ပေါက်ပန်း လဲပန်းတွေပွင့်ကြပြီ။ နှင်းတဖွဲဖွဲ တပို့တွဲ ပေါက်လဲ ငုံကားကား။ မအိမ်ကံတို့ အိမ်မှ မဟုတ်ပါ။ တစ်ရွာလုံးက အပင်တွေလည်း ပွင့်ကြပါ၏။ ဆပ်သွားဖူး၊ ပုန်းညက်၊ ဇွန်၊ မြတ်လေးသရဖီ၊ ကံ့ကော် စသည့် ရနံ့မွှေးသည့်ပန်းတွေကို မအိမ်ကံ သဘောကျသည်။ သည်ပန်းတွေ တုံးပြန်တော့ ရာသီက နွေဘက်ကို ယိမ်းချင်ပြီ။

တပို့တွဲလထဲမှာပဲ အစ်ကိုမောင်မြတ်သာ မြင်းခြံကို ပြန်သွားခဲ့သည်။ အဖေနှင့် ဘယ်လိုညှိနှိုင်းပြီး ပြတ်သွားခဲ့ကြတာလည်းဆိုတာတော့ မအိမ်ကံ မသိ။ မလှအုံကိုမေးတော့ “ဘယ့်နှယ်မှ ပြီးသံမကြားပေါင်အေ .. ညည်းအဖေကလည်း မြင်းကြီးနဲ့ ထွက်နေသာပဲ၊ ညည်း အစ်ကိုလည်း အင်္ဂလိပ်ဘိုးအုပ်ကြီးနဲ့ ပြီးနေသာပဲ” လောက်သာပြောသည်။ မအိမ်ကံကတော့ အစ်ကို ရွာမှာရှိစဉ်အခါက အနောက်ကုန်းရွာက ဆွေမျိုးတွေဆီ အလည်သွားခဲ့ကြတာကို အောက်မေ့နေမိပါသည်။ အစ်ကိုက လှည်းကို ကိုယ်တိုင်မောင်း၍ မအိမ်ကံကို လှည်းပေါ် ပွေ့တင်ကာ မောင်နှမနှစ်ယောက်တည်း ထွက်ခဲ့ကြခြင်းဖြစ်၏။ အစ်ကိုလှည်းမောင်းတာ မစီးရသည်မှာပင် ကြာပြီ။ အနောက်ကုန်းကို သွားသည့်လမ်းက မအိမ်ကံတို ရွာမှ အနောက်စူးစူးကို မောင်းထွက်ရသည်။ ညောင်ငါးခွကို ရောက်လျှင် နှစ်လမ်းကွဲသွားသည်။ တစ်လမ်းက အနောက်ကုန်း၊ လေးပင်အိမ်၊ တည်တောဘက်သွားသည့် လမ်းဖြစ်သည်။ တစ်လမ်းကတော့ ကြည်တော်ကုန်း၊ ချယားကုန်း၊ လင်းနေကုန်းဘက်သွားသည့် လမ်းဖြစ်ပါ၏သည်ရွာတွေကို မအိမ်ကံ မကြာခဏ ရောက်ဖူးပါသည်ဆွေတွေမျိုးတွေရှိသည် မဟုတ်လား။ ညောင်ငါးခွရောက်တော့ အစ်ကိုက လှည်းကို အနောက်ကုန်းဘက်ကို မမောင်းဘဲ တခြားလမ်းကို ဒုန်းမောင်းလေတော့သည်။

“အစ်ကို ဘယ်ကိုသွားနေသာလဲ... အနောက်ကုန်းက ဟိုဘက်လမ်းဟာကို” 

“အပြန်ကျမှဝင်မှာ အခုက ကြည်တော်ကုန်းကို သွားမှာဟ...ဆရာကြည်နဲ တွေ့ချင်လို့”

ဟုတ်ပေသားပဲ။ အစ်ကိုရှိနေစဉ်ရက်တွေမှာ ကြည်တော်ကုန်းကို ရောက်အောင်လာခဲ့ဖို့ ဆရာကြည် မှာထားခဲ့တာကို မအိမ်ကံ မေ့နေသည်။ ပွဲညက ဆရာကြည်နှင့်တွေ့ သည့်အကြောင်း အခုမှပဲ အစ်ကိုကို ပြောပြရသည်အစ်ကိုက မအိမ်ကံခေါင်းကလေးကိုပွတ်ကာ ရယ်သည်။

“အစ်ကို … ဆရာကြည့်အိမ်သွားရင် မအိမ်ကံ ကိုဖိုးပေါက်တို့အိမ်မှာ ချထားခဲ့...အပြန်ကျမှ ဝင်ခေါ်နော်”

ကြည်တော်ကုန်းမှာလည်း မအိမ်ကံတို့ဆွေမျိုးတွေ ရှိသည်။ ရွာတွေဆိုတာက တစ်ရွာသားနှင့်တစ်ရွာသမီး အကြောင်းဆက်ပေါင်းဖက်ရာက ပေါက်ဖွားလာကြသော ဆွေတွေ မျိုးတွေ ရှိတတ်ကြမြဲမဟုတ်လား။ ရင်းတာ ခြားတာပဲ ကွာသည်။

“အေး အေး…အစ်ကို ဆရာကြည်တို့ အိမ်မှာဘဲ ထမင်းစားလိုက်တော့မယ်.... ကံကလေးက ကိုဖိုးပေါက်အိမ်စားလိုက်နော်”

မအိမ်ကံကို ကိုဖိုးပေါက်တို့ အိမ်ဝမှာချခဲ့ကာ မောင်မြတ်သာ လှည်းဆက်မောင်းသွားသည်။ မအိမ်ကံတို့ မောင်နှမရောက်လာတော့ ကြည်တော်ကုန်းက ဆွေမျိုးတွေက ဝမ်းသာကြသည်။ ရွာချင်းဝေးတာမဟုတ်သော်လည်း အကြောင်းရှိမှ ရောက်ကြရတာမဟုတ်လား။ ကိုဖိုးပေါက်တို့ အိမ်ကို အိမ်မ,ထားကာ ရောက်လာသော်လည်း ဆွေမျိုးတွေအိမ်မှာ တစ်လှည့်စီ အချိန်ကုန်ရသည်။ ဆွေဆွေမျိုးမျိုးတွေအိမ်မှာ တစ်လှည့်စီသွားလာရင်း ပင်ပန်းဆင်းရဲကြရှာသော တောသူတောင်သားများ အနေဆင်းရဲ အစားဆင်းရဲဘဝတွေ မြင်တွေ့ခဲ့ရပါ၏။ အစ်ကိုပြန်လာ ခေါ်တော့ နေတောင်အတော်မြင့်လှပြီ။

ညောင်ငါးခွ လှည်းလမ်းဆုံကိုရောက်တော့ အနောက်ကုန်းကို ချိုးကြရပြန်သည်။ သည်မှာလည်း ဆွေတွေမျိုးတွေ များလှပါသည်။ တတ်နိုင်သူတချို့က မအိမ်ကံတို့ကို ရွာထွက် လက်ဆောင်တွေပေးကြသလို မတတ်နိုင်သူတွေကတော့ မေတ္တာဖြင့်သာ ဧည့်ခံကြရှာသည်။ အနောက်ကုန်းက လှည်းပြန်လှည့်ကြတော့ နေစွယ်ပင်ကျိုးခဲ့ပြီ။ စားကျက်ကွင်းမှ ပြန်သိမ်းလာ ကြသော ဆိတ်အုပ်၊ နွားအုပ်တွေက ရွာလမ်းမှာ ဖုန်တထောင်းထောင်း။ နွားမပန်းရအောင် နေချိုမှ ပြန်ခဲ့ကြခြင်းဖြစ်သော်လည်း ဆောင်းနေမို့ အဝင်စောသည်ထင်ပါ၏။ ရွာဝင်တော့ မိုးစုတ်စုတ်ချုပ်ပြီ။ ခြံထဲ လှည်းဝင်လာတော့ ကိုဖိုးငွေက လှည်းဆီးချွတ်သည်။

“မောင်နှမနှစ်ယောက် သွားလိုက်ကြသာ မိုးကို ချုပ်ကရောဗျား” 

သည်ခရီးက နောက်တစ်ရက်မှာတော့ ပြဿနာပေါ်လာခဲ့သည်။ မအိမ်ကံတို့ မောင်နှမကြည်တော်ကုန်းရောက်ကြတာကို ဦးသာထန် သိသွားရာက အစ်ကိုမောင်မြတ်သာနှင့် အကြီး အကျယ် စကားများကြသည်။ ဦးသာထန်က ဆရာကြည့်ကို မကြည်ညို။ အင်္ဂလိပ်အစိုးရကို အာခံလို့တော့လည်းမဟုတ်။ ဦးသာထန်က သူ့ နယ်တစ်ဝိုက် ဆယ့်နှစ်ရွာမှာ ဆရာကြည်လို လူမျိုး မရှိစေချင်တာပဲဖြစ်သည်။

“ငါ့နယ်မှာ သူပုန်သူကန်မရှိတာ လိုချင်သာကွ .. ဆရာကြည်က မြင်းခြံနဲ့ဆက်ပြီး အစိုးရအရိုအသေတန်အောင် လုပ်နေသာတွေကို သူတို့ အထောက်တော်တွေက သိသယ်… စောင့်ကြည့်နေကြသာ ... မောင်မြတ်သာရယ် မင်းက ဆရာကြည့်အိမ်သွားပြီး တံစက်မြိတ်ခိုသယ်ဆိုတော့ ငါလည်း ခွေးဖြစ်ကရော...”

“အဖေတို့ ပြဿနာတွေ ကျွန်တော်မသိပါဘူး...ဆရာကြည်က ဘာမှလည်းမဟုတ်ပါ ဘူးဗျာ ..နယ်မှာ လူရိုသေ ရှင်ရိုသေပါ သူ့ဆေးနဲ့ လူရော ကျွဲ နွားပါ ချမ်းသာနေ ကြသာမဟုတ်လား ... ကျွန်တော်သွားသာ ရိုးရိုးပါ”

“ဘာရိုးရိုးလဲ မောင်မြတ်သာရဲ့.. မင်းတို့ ကြည်တော်ကုန်းအရှေ့ဘက် ထန်းတောထဲ သီချင်းဆိုကြသာကို သူများပြောမှ ငါသိရသယ် .. အင်္ဂလိပ်များ မင်းတို့က ဝါလုံးနဲ့ ထိုးချချင်လို့ ရပါ့မလားကွ မောင်မြတ်သာရ”

“အဖေရာ … အင်္ဂလိပ်တွေကို အဖေသစ္စာခံသာ အဖေ့အလုပ်ပါ တစ်တိုင်းပြည်လုံး ကျွန်ဖြစ်နေသာကို အဖေကပါ ပလိုင်းပေါက်နဲ့ ဖားကောက်နေသာ ခက်သာ”

“ဘာပဲဖြစ်ဖြစ်ကွာ ..မင်း သည်ကိစ္စတွေထဲ ပယောဂမပါစေနဲ ..ငါ ဒါပဲပြောမယ် မင်းကို ပညာသင်ပေးသာ အေးအေးသင် … သခွပ်ပင်က မီးတကျည်ကျည် မင်းက တမှောင့်”

အဖေနှင့်အစ်ကိုတို့ အော်နေကြတာ မအိမ်ကံကြားနေရသည်။ မလှအုံပြောသလို အဖေက ဆရာကြည်နှင့် တည့်ပုံမရ။ အစ်ကိုကလည်း တစ်ခွန်းမခံ ပြန်အော်နေတာမျိုး မဟုတ်သော်လည်း အစ်ကို့မျက်နှာကြီး နီနေသည်။ အဖေကတော့ ကျုံးလို့သာအော်နေတော့၏။ 

“မင်း မြို့မှာလည်း စာကောင်းကောင်းမသင်ဘူးလို့ ငါကြားသယ် .. ငါလာတိုင်း မင်း ခရီးထွက်နေသာချည်းပဲ .. သည်မယ် မောင်မြတ်သာ..မင်းကို ပညာတတ်အောင် သင်ပေးနေသာ ငါ့အမွေကို ခံယူဖို့ ... ပညာမှ မလိုလားရင် မင်း ရွာပြန်ခဲ့တော့ သူကြီးလုပ်တော့ကွာ.. ဒါပဲ”

သည်ပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ မောင်မြတ်သာ မြို့ပြန်ဖို့ စီစဉ်တော့သည်။ မြို့ပြန် မည့်နေ့က အမေပန်းရုံကို ထိုင်ကန်တော့သည်။ မအိမ်ကံကို နှုတ်ဆက်သည်။ ကိုဖိုးငွေနှင့် မလှအုံတို့ မိသားစုကို နှုတ်ဆက်သည်။ အဖေကတော့ ထုံးစံအတိုင်း အိမ်မှာမရှိပါ။ 

“ကြာရင် ကျွန်တော် ငရဲကြီးရတော့မှာ အမေပန်းရုံ … အဖေက အင်္ဂလိပ်သစ္စာခံ ချင်လွန်းလို့ သူကြီးဖြစ်လာသူမဟုတ်သာ ကျွန်တော်သိပါရဲ့ ဒါပေမဲ့ သူကြီးလုပ် နေရရင် ပြီးရောဆိုတာမျိုးနဲ့တော့ ခေတ်ကာလကြီးနဲ့ မကိုက်လောက်တော့ဘူး...” 

“အမေတို့ကတော့ ဒါတွေ ဘာမှနားမလည်ပါဘူး လူကလေးရယ် …. အမေတို့မှာ ပြေးကြည့်မှ သည်သားအမိ သားအဖ လေးယောက်ရှိသာ ….မင်းက တစ်မြို့ တစ်ရွာမှာ ဆိုတော့ အားတော့ငယ်မိသား မင်းအဖေကလည်း ဘူးတူးဘားတားဆိုတော့ အမေ့ မှာ တစ်ချိန်လုံး ပူနေရတော့သာ … မင်းနှမကလေးကလည်း မင်းပြန်မလာသာ ကြာရင်လွမ်းတတ်နေပြီကွယ့်” 

အမေပန်းရုံကပြောတော့ မောင်မြတ်သာက နှမကလေးကို ဖက်ပြီး နှစ်သိမ့်ရှာသည်။ အစ်ကိုချော့တော့ မအိမ်ကံကပါ ငိုမိတော့၏။

“ကိုင်း ကိုင်း သွား သွား နေမြင့်ရင် နွားတွေ ပန်းလိမ့်မယ် .. စာတော့ မကြာမကြာ ရေးကွယ်”

အစ်ကို့လှည်းကို ရွာထိပ်အထိ မအိမ်ကံ လိုက်နှုတ်ဆက်သည်။ အစ်ကိုပြန်သွား ကတည်းက အိမ်ကြီးမှာ မအိမ်ကံတစ်ယောက်တည်း ကျန်ခဲ့တာဆိုတော့ ရင်ထဲမှာ ဟာတာတာ ဖြစ်ရသည်။

တပို့တွဲလပြည့်ရက်မှာ ကျင်းပကြမည့် ရွာက ထမနဲပွဲကိုသာ မျှော်ရသည်ဇောင်ချမ်းကုန်းရွာ၏ ထမနဲဓလေ့မှာ ပွဲရယ်လမ်းရယ် မပါသော်လည်း တစ်နယ်လုံးက အုန်းအုန်းထ လာကြရသော ပွဲဖြစ်ပါ၏။ တပို့တွဲလဆန်း ဆယ့်လေးရက်နေ့တိုင်ပြီဆိုလျှင် ရွာမှာရှိသမျှ အိမ်တိုင်းက ဆင်းရဲ ချမ်းသာမရွေး တတ်အားသမျှသော ကောက်ညှင်းဆန်၊ ဆန်၊ မြေပဲဆံ၊ အုန်းသီး၊ နှမ်းဆီ၊ ထင်းကအစ လာရောက်လှူဒါန်းကြသည်။ ရွာဦး ရွှေစေတီ ဘုရားရင်ပြင်မှာ ထန်းခေါက်တောင်းကြီးတွေချကာ အလှူခံပြီးညမှာ ထမနဲတွေ တစ်ဒယ်ပြီး တစ်ဒယ် ထိုးကြတော့သည်။ လရောင်အလင်းဖြင့် ရွာလုံးကျွတ် ထမနဲထိုးပွဲကြီး ဖြစ်ပါ၏။

မနက်အရုဏ်ကျင်းတော့ ထမနဲဒန်အိုးကြီးတွေ ဘုရားရင်ပြင်တော်ထက်မှာ အငွေ့ တထောင်းထောင်းနှင့်။ ရွာဘုရားတွေကို ထမနဲဆွမ်း ကပ်ကြသည်။ ရွာကျောင်းနှင့်တကွ အနီးဂေါစရဂါမ်ရှိ ဘုန်းကြီးကျောင်းများသို့ လှည့်လည်လှူဒါန်းကြသည်။ တစ်ရွာလုံးရှိသမျှ လူကုန် ကြိုက်သလောက် သုံးဆောင်နိုင်ရုံမက အဝေးရွာတွေကပါ ထမနဲ လာယူကြသည်။ လှည်းတွေနှင့် လာသူလာကြ၊ ခြေကျင်လျှောက်ကာ လာသူလာကြ။ ပါလာသမျှ အိုးခွက်များဖြင့် ထမနဲတွေ ပြည့်ပြည့်မောက်မောက် ထည့်ပေးလိုက်ကြသည်သာ။ သည်ဓလေ့က ဘိုးစဉ် ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့ကြသည့်ဓလေ့ဆိုတော့ နှစ်ထမ်းရလှပြီ။ ထမနဲပွဲချိန်ရောက်လျှင် မအိမ်ကံ အမြဲပျော်ရသည်။

ဘုရားမှာ စုပေါင်းထမနဲထိုးကြသလို ကိုယ့်အိမ်မှာလည်း တစ်ဒယ်တစ်အိုး ထိုးကြပါသေး၏။ မလှအုံက ရွာမှာတော့ ထမနဲအထိုးကောင်း။ မအိမ်ကံတို့အိမ်မှာ ယာဂုကျို၊ ထမနဲထိုး ကောင်းလှသော မလှအုံကြောင့် မကြာခဏ လုပ်စားလေ့ရှိပါသည်။ ယာဂုကို ရက်မန်း ခေါ်ကြသည်လည်းရှိပါ၏။ ရက်မန်းကျိုတာကတော့ ရေခြောက်ဆ ဆန်တစ်ဆပြုတ် ကျိုခြင်း ဖြစ်၍ ကရိကထမများလှပါ။ ထမနဲကတော့ ယောက်ျားသန်သန်ကြီးတွေပါမှ ဖြစ်သည်။ မလှအုံ ထမနဲ အထိုးကောင်းဆိုတာက အစပ်အဟပ် နားလည်ခြင်းကို ပြောခြင်းဖြစ်ပါ၏။ မလှအုံက မြေပဲဆံကို သဲပူဖြင့် လှော်ရင်းက မအိမ်ကံကို နည်းပေးသည်။ ညည်းကြီးတော့ ထမနဲထိုးတတ်ကရောပေါ့လို့လည်း ဆိုသေးသည်။

“ထမနဲများတော့ ဆီဆုံနှမ်းဆီလေးမှ ကောင်းသာ.. ရှေးက တို့အဖေများက စာစပ် ကလေးတောင် ကျက်ထားကြသာအေ့..‘စားတော်ရ ဆန်ပေါက်ဝါ လေးပြည်သာ ထည့်မြဲ၊ ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့ နှမ်းဆီလည်းထည့်ပြန်’ … သဲ့တော်။ ပါရသာတွေကတော့ ကောက်ညှင်းဆန် လေးပြည်, မြေပဲဆံ ရှစ်ဆယ်သား, နှမ်းဆီက တစ်ပိဿာ, နှမ်းက သုံးဆယ့်နှစ်ကျပ်သား, အုန်းသီးစိတ် နှစ်ဆယ်သား, ဆား ခုနစ်ကျပ်သား, ချင်း သုံးကျပ်သား… ဒါအချိုးပဲ... အဖေက ချင်းနုဖပ် သိင်္ဂီမျှင်ရွှေ သုံးကျပ်မသွေ … နည်းစဉ်ဆက် သမုဆွေရယ် ဥပဒေမော်ကွန်းပလေးလို့ ဆိုပြသေးသာ”

“အဲသာ.. ဘာပြောသာတုံး မလှအုံရဲ့” 

“ဟောတော်… ညည်းနှယ် ဖြစ်ရပလေ …ရှေးက ဘုရင့်နန်းတော်မှာထိုးသဲ့ ထမနဲ အချိုးလို့ ပြောသာ... သည်အချိုးဟာ ဥပဒေပဲလို့ ပြောသာ” 

“ဘုရင်တွေက ထမနဲထိုးစားလိုလား မလှအုံရဲ့”

“ဟဲ့ ဘုရင်တွေလည်း ပါးစပ်နဲ့ပဲဟဲ့"

သမီးဖြစ်သူနှင့် မလှအုံ ပြောနေတာတွေကို ဒေါ်ပန်းရုံ မလှမ်းမကမ်းက ရယ်မိသည်။ မလှအုံ၏ ထမနဲအချိုးမှာ တကယ်လည်း ကောင်းပါ၏။ တစ်ရွာလုံးကလည်း မလှအုံကို လာမေးတတ်ကြပါ၏။ တချို့ကလည်း စာနှင့်ပင် ရေးကူးကြသည်။ သို့သော် ထမနဲထိုးကာနီး တော့ တစ်ခေါက်လာမေးကြသူတွေချည်း။ အခုလည်း မအိမ်ကံကို သင်ပေးနေပြန်ပါပကော။ မအိမ်ကံကြီးတော့ ထမနဲထိုးရအောင်လို့တဲ့။ ဒေါ်ပန်းရုံက ဒါကို သဘောကျခြင်းဖြစ်သည်။

---

(အခန်း ၈ အဆက် သို့ ဆက်ရန်)

#ခင်ခင်ထူး
#မအိမ်ကံ

#shared_by_louis_augustine
#sbla

Comments