မအိမ်ကံ (အခန်း ၃၆ အဆက် ဇာတ်သိမ်းပိုင်း) // ခင်ခင်ထူး

မအိမ်ကံ (အခန်း ၃၆ အဆက် ဇာတ်သိမ်းပိုင်း) // ခင်ခင်ထူး

---

မအိမ်မြိုင် ရွာခြေ ပြန်ကပ်ပြီ ဆိုသည့် သတင်းက နောက်တစ်ရက်မှာပင် ရွာလုံးကြားခဲ့ကြလေပြီ။ တချို့က ကရုဏာဖြင့် လာရောက် ကြည့်ခဲ့ကြသည်။ မအိမ်မြိုင် သမီး မအိမ်စိုကို ကြည့်ကြသည်။ မအိမ်မြိုင်တောင် သားသည် အမေ ဖြစ်ခဲ့ပြီတဲ့လား။ မအိမ်မြိုင် အိမ်ထောင်ကျပြီ ဆိုတာ ရွာက သိနှင့်ကြရိုး မှန်သော်လည်း ရွာကို ရောက်လာတော့ လင်သား မပါတာကို ထူးဆန်းနေကြသည်။ ဘယ်သူကမှတော့ ဖွင့်ဟ မမေးကြပါ။ တချို့က ရွာထဲ အလည်ခေါ်ကာ ကျွေးမွေးကြသည်။

“ငါ့မြေး နာမည် ဘယ်သူသဲ့တုံး”

“မအိမ်စို”

“အဖေကကော”

“သေပြီ”

ကွယ်ရာမှာ မေးကြသော်လည်း မအိမ်စိုက သည့်ထက် မပြောတော့ ခက်သားပင်။ မိဘက သင်ထားတာ မဟုတ်။ မအိမ်စို ကိုယ်တိုင်က ဉာဏ်ရည် မမီသည့် ကလေး တစ်ယောက်လို ဖြစ်နေတာကို သဘောပေါက်ကြသဖြင့်လည်း သည်လောက်ပဲ သိခွင့် ရခဲ့ကြသည်။ မအိမ်စိုက ရုပ်ရည်အားဖြင့် ချစ်စရာ ကောင်းသူကလေးပင်။ မအိမ်ကံတို့ ဘက်ကို တူသဖြင့် ကြည်ကြည်စင်စင် ရှိရှာပါ၏။ သို့ပေသိ မျက်လုံးတွေက ဂနာမငြိမ်ဘဲ ယရှိသည်။ မျက်နှာကလေးက နုနုနယ်နယ် ဆိုသော်လည်း စိတ်ကြီးချင်သည့်အခါ ကြီးတတ်သည်။ စကားကောင်း ပြောနေရာက ဒေါသတကြီး ရှိချင်ရှိသည်။ တစ်ခါတစ်ရံ အိမ်ဝိုင်းကျယ်ကြီးထဲမှာ ကလေး တစ်ယောက်လို ကစားချင် ကစားနေတတ် ပါ၏။ ပြိုလဲလုလု ပဲမှော်စင်ကို ပတ်ပြေးချင် ပြေးနေတတ်သည်။ ပဲမှော်စင်အောက် ဝင်နေတတ်သဖြင့် ရီးကျေးဥက ဆွဲထုတ်ရသည်ပင် အခါခါ။

“သည်အောက်ကို မဝင်ရဘူး ငါ့မြေးရဲ့။ မြွေပါး ကင်းပါးနဲ့။ အမေကြီး ကျေးတောင် မဝင်ဘူး။ နောက်မဝင်နဲ့နော် ကြားလား”

“မြွေပါးကင်းပါးဆိုတာ ဘာလဲ ကျေးဥ”

“မြွေလေ၊ မြွေကိုပြောသာ”

“မကြောက်ဘူး”

မအေက ကျေးကျေး ခေါ်သော်လည်း မအိမ်စိုက ကျေးဥ လို့ခေါ်လေသည်။ အမေကြီးကျေးလို့ ခါ်ဖို့ သင်သော်လည်း မရ။ တစ်ခါတစ်ခါ မအိမ်ကံများ ဝင်စားလေသလား ထင်မိသည်။ မအိမ်ကံ ဆုံးသည့်အချိန်နှင့် မအိမ်စို မွေးသည့်ရက် တွက်ကြည့်တော့လည်း မအိမ်စိုမွေးသည့် ရက်က နောက်ကျသည် ဆိုတော့ ဖြစ်ချင်လည်း ဖြစ်နိုင်သည်။ ကျေးဥလို့ ခေါ်တာ တင်မကပါ။ စိတ်ကူးရလျှင် ရီးကျေးဥကို ငေးနေတတ်သည်။ ပြုံးပြတတ်သည်။ ထိုအခါမျိုးတွင် မအိမ်ကံ၏ စိုရွှန်းရွှန်း မျက်ဝန်းများကိုပင် သတိရမိ တတ်သည်။ မအိမ်မြိုင်ကို သည်သဘောထား ပြောပြတော့ ဖြစ်နိုင်သည် ဆိုပါ၏။ မအိမ်မြိုင် ပြောပြသလောက် မအိမ်စို ကိုယ်ဝန် လွယ်ထားစဉ် မိခင် မအိမ်ကံကို အိပ်မက် မကြာခဏ မက်သည် ဆိုပြန်ရာ ထင်မည်ဆို ထင်လောက်သည်။ မအိမ်စိုကလေးက တောတွင်း တစ်နေရာမှာ ကြီးပြင်းရသည့် အပြင် ပတ်ဝန်းကျင် ခန်းခြောက်ရာမှာ နေထိုင်ခဲ့ရသည့် အတွက်ပေလားတော့ မသိ။ မအိမ်စို၏ စရိုက်က ကြမ်းချင်သည်။ တဇွတ်ထိုးနိုင်သည်။ ပြောမနိုင် ဆိုမကောင်း ကလေးဖြစ်သည်။

မအိမ်မြိုင်ကတော့ သည်ကိစ္စတွေကို ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားပုံရသော်လည်း ရီးကျေးဥ ကတော့ ရေရှည် အတွက် စိတ်စနောင့်စနင်း ဖြစ်နေရပါ၏။ တစ်ခါလည်း အိမ်မှာ ကျိုထားသည့် နို့အိုးကို မှောက်ပစ်သည်။ ထမင်းစားရင်းက ဖိတ်ကျသော ထမင်းလုံးတွေကို ကောက်စားချင် စားသည်။ ကျန်ကောင်းကျန်ရာ ပန်းပင်တွေက ပန်းပွင့်တွေကို ခူးကာ ဓား တစ်ချောင်းနှင့် နုပ်နုပ်စဉ်းချင် စဉ်းနေတတ်သည်။ လူကြီး တွေစကားပြောနေခိုက် ပျောက်သွားတတ်သဖြင့် လိုက်ရှာရတာလည်း ခဏခဏပင်။ ညကြီးသန်းခေါင်ကျော် အိပ်ရာထဲက ထသွားကာ အိမ်ဝိုင်းကြီးထဲမှာ လျှောက်သွားနေလို့ ဘကြီး ဖိုးတုတ်က ရှာခေါ်ခဲ့ရသည်။ ထိုညက မအိမ်စို ပြောစကားကြောင့် ရီးကျေးဥပင် လန့်သွားခဲ့ရသည်။

“ကျေးဥ ညက မြင်းကြီး တစ်ကောင်တွေ့တယ်။ သမီး မြင်းကြီးနဲ့ လျှောက်သွားတာ”

မအိမ်ကံ ဆုံးခါနီး ရက်တွေတုန်းက မြင်းကြီး စိန်ပွင့်ကို တွေ့ခဲ့ကြောင်း ပြောဖူးတာကို ရီးကျေးဥ သတိရမိ၍ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မအိမ်မြိုင်တို့ သားအမိ ပြန်ရောက်လာလို့ ဝိုင်းတိုက်ထဲမှာ စိုပြည် လာခဲ့ရသည်။ မအိမ်မြိုင် ရောက်လာကြောင်း ရန်ကုန်က ဘကြီး မြတ်သာထံနှင့် ထနောင်းတိုင်ရွာက ဆွေမျိုး များသိစေရန် လူလွှတ် အကြောင်းကြားဖို့ တာဝန် ရှိသော်လည်း ရီးကျေးဥ လူမလွှတ်ဖြစ်သေး။ မအိမ်မြိုင်၏ ရှေ့ရေးကို ရီးကျေးဥ မသိရသေး။ မေးလို့ကလည်း မကောင်းနိုင်။ သည်အိမ်ကြီးက သူတို့အိမ်၊ သည်ဝိုင်းက သူတို့ဝိုင်း။ သူတို့ ယာတွေကိုင်းတွေ ရှိသေးသည်။ မအိမ်မြိုင် သားအမိသာ သည်အိမ်ကြီးမှာ တစ်သက်လုံးနေမည် ဆိုလျှင်တော့ ရီးကျေးဥ ဝမ်းသာလိုက်ရမယ့် ဖြစ်ချင်း။

တစ်ရက်မှာတော့ မအိမ်မြိုင်က အိမ်ကြီးကို ဖွင့်ကြည့်ချင်သည် ဆိုလာခဲ့၏။ ပဲမှော်တိုက်ထဲကို ရနိုင်သလောက် ဝင်ကြည့် ချင်သည် ဆို၏။ အိမ်မကြီးကို သော့ရယ်လို့ ခတ်ထားတာ မဟုတ်ဘဲ တံခါးမကြီးကို သစ်သားနှစ်ချောင်း ကန့်လန့်ရိုက် ပိတ်ထားလိုက်ခြင်းသာ ဖြစ်သည်။ ဦးဖိုးတုတ်က သစ်သား နှစ်ချောင်းကို ခွာကာ ဖွင့်ပြသည်။ ရီးကျေးဥ ကိုယ်တိုင်ပင် အိမ်မကြီးထဲကို မရောက်တာ ကြာပြီဆိုတော့ အောက်ထပ်ရော၊ အပေါ်ထပ်ပါ လိုက်ကြည့်ခဲ့ပါ၏။ ဖုန်တွေက ထုကြီးတက်လျက်။ တံခါးတွေက ဖွင့်လိုက်တိုင်း ညည်းသံ ထွက်နေကြသည်။ ပိတ်ထားခဲ့စဉ်က အတိုင်း ပျဉ်နံရံတွေမှာ ကိုပြေသိမ်း မြေဖြူနှင့် ရေးခြစ်ထားသော အင်္ဂလိပ်စာတွေ၊ ဂဏန်းတွေ ရှိသေးသည်။ မအိမ်ကံ၏ အဝတ်အစား သေတ္တာများနှင့် အဝတ် အစားတွေကလည်း သည်အတိုင်း။ ရီးကျေးဥက မအိမ်ကံ အဝတ်ဟောင်းတွေကို လှူပစ်ချင်ခဲ့သော်လည်း သူ့သဘောနှင့်သူ မလုပ်လိုသဖြင့် သည်အတိုင်း ခေါက်ရိုးမပျက် ရှိနေခြင်း ဖြစ်သည်။ မအိမ်မြိုင် သည်လို လိုက်ကြည့်တာ အိမ်ကြီးပေါ်မှာများနေချင်ရော့လား။ နေချင်တော့လည်း နေရုံပေါ့။

“အဖေနဲ့အမေ့ကို လွမ်းလို့ လိုက်ကြည့်သာပါ ကျေးကျေး ရယ်။ သည်လို မြင်ရပြန်တော့ အရိပ်တွေက ခြောက်လှန့်နေသလိုပဲ။ မြိုင့်ရှေ့ရေးကို ဘကြီးနဲ့ တိုင်ပင်ရဦးမယ်။ ထနောင်းတိုင်က အမျိုးတွေ ဆီကိုလည်း မြိုင်သွားမှာပါ။ သည်အိမ်ကြီး ပေါ်ကို မြိုင်နေလို့ မဖြစ်ပါဘူး။ မြိုင်လေ အမေ့ကို ခုထိ ကြောက်နေမိတုန်းပဲ”

မအိမ်မြိုင်က သူ့ရှေ့ရေးကို တွေးပြီးသားဖြစ်လိမ့်မည်။ မြိုင်နှင့်ခိုင်တို့ညီအစ်မအတွက် အမွေတွေကို ဘကြီးမြတ်သာ ကိုင်ထားတာဆိုတော့ ပူစရာမရှိ။

“ပဲမှော်တိုက် ကတော့ ပြိုလုလုရယ်။ အတွင်းကို မဝင်စေချင်ဘူး။ ချုံတွေ၊ နွယ်တွေ တိုးဖို့ရာလည်း မလွယ်ဘူး။ တိုင်တွေက တစ်ဖက်ကျွံပြီး စောင်းနေသာလေ။ ညည်းဘကြီး မြတ်သာက မဖြိုရဘူးပြောခဲ့သယ်”

“ချုံတွေ၊ နွယ်တွေရှင်းပြီး ပဲမှော်တိုက်ကို ပြန်တည့်ရင်ကော ကျေးကျေး”

“ကြမ်းတွေ ဆွေးပြီ။ ရက်မတွေ၊ ဆင့်တုံးတွေ၊ စရွေး တွေချောင်ကုန်ပြီ။ ကျေးကျေး သဘောကတော့ မလုပ်စေချင်ဘူး။ ပြီးတော့ မရှိကောင်းတော့ဘူး ထင်သာပဲလေ”

“ဟုတ်ပါသယ်လေ”

ချည်ထုပ်အဟောင်းတွေ၊ အထည်ရက်ပြီးသား အထုပ်တွေ၊ ဆိုးဆေးတွေ၊ ဆိုးဆေးအင်တုံကြီးတွေ၊ ရက်ကန်းပစ္စည်း ဟောင်းတွေကတော့ အိမ်ထောင့် တစ်နေရာမှာ ရုံထိုးပြီးထားသည်။ ဖုန်တသောသော ရက်ကန်းစင်ဟောင်းတွေက မိုးရွာ အစို၊ နေပူအခြောက်။ ဒါတွေမြင်ရပြန်တော့ အသစ်ဖြစ်ရပါ၏။ ရီးကျေးဥက အဝတ်အစား ပါမလာသော မအိမ်မြိုင်ကို မအေ့ အဝတ်အစားတွေ ယူဝတ် ပါလို့ပြောခဲ့သည်။ သည်အဝတ်အစားတွေ ညည်းအတွက် ထားခဲ့သလို ပါပဲအေလို့ ဆိုခဲ့သည်။ မအိမ်မြိုင်က များလှသော အဝတ်အထည် တွေကို ထုတ်ကြည့်ရင်း မျက်ရည်တွေ ကျနေခဲ့ပါ၏။

“ဒါတွေ မြင်ရတော့လည်း သွားလေသူကြီးကို သတိရ လိုက်သာအေ။ ညည်းနဲ့ ညည်းအမေပြန်များ ဆုံလိုက်ရရင် သည်လိုဖြစ်လိမ့်မယ် မထင်ဘူး။ မအိမ်မြိုင် ခိုးရာ လိုက်သွား ပြီဆိုသာ ကြားတဲ့နေ့က ဒေါသတွေ ကြီးလိုက်သာအေ။ မြစ်နား ရွာတွေမယ် ဝါဆိုဝါခေါင် ရေတိုးချိန် ကမ်းပါးပြိုသလိုပါပဲ။ ညည်းကို တော်တော် မျှော်လင့်ရှာသယ်။ သူ့တုန်းက မဖြစ်ခဲ့တဲ့ ကွမ်းတောင်ကိုင် ငါ့သမီးကျ ဖြစ်ရစေ့မယ် ရယ်လို့ အနှစ်လေးဆယ်လုံးလုံး စောင့်ခဲ့ရရှာ သူပါအေ။ ညည်းအကြောင်းကြားတော့ တုန်လှုပ်သွား သလောက် ဆရာလေး ကိုပြေသိမ်း ဆုံးသွားတဲ့ အခါ ငြိမ်သွားခဲ့သယ်။ မအိမ်ကံ သည်လောက် မငြိမ်ဖူးဘူး။ ချက်ချင်းပဲ တရားရသွားသလို ငြိမ်သက်သွားသာ ဆိုတော့ ကျေးကျေးလည်း မထင်ခဲ့ဘူး။ အဲသည့်ရက်က ရွာမှာမကြုံဖူးတဲ့ အလှူကြီး ကလည်းရှိသယ်။ ညည်းသိသားပဲ။ ဒါပေသိ သမီးမရှိတော့ဘူး ဆိုသဲ့ နောက် မှုံနံ့သာ ကွမ်းတောင် ကိုင်တော့မယ် ဆိုသာလည်း ကြားရော ဆောက်တည်ရာ မရရှာတော့ဘူး ပြောပါတော့အေ။ သူဟာ ညည်းတို့နဲ့ တစ်နေ့ ခွဲရတော့မယ်ဆိုသာ သိသူပါ။ သမီးနှစ်ယောက် မြို့ကျောင်းရောက်လို့ ပညာတွေ စုံကြရင် ရွာကို ပြန်စောင်းငဲ့ကြမယ် မဟုတ်ဘူးဆိုသာ သူသိပါသယ်။ လင်ယောကျ်ား ဆန္ဒ ပြည့်ဝပါစီတော့ ရယ်လို့ သမီးတွေ ပညာတတ် ဖြစ်သွားရင် ပြီးရောလို့ သဘောထားရှာသယ်။ သူကတော့ တစ်ယောက်တည်း တောမှာပဲ ကျေးကျေးတို့နဲ့ နေရ တော့မယ် ဆိုသာလည်း တွက်ပြီးသားအေ့။ ညည်းအမေ ကွမ်းတောင် ကိုင်စေချင်သာ ကွမ်းတောင်ကိုင်ဆိုတဲ့ ပကာသနကို မက်လို့ မဟုတ်ဘူး။ ကွမ်းတောင်ကိုင်ဆိုသာ စည်းတွေ ကမ်းတွေနဲ့ ရွေးချယ်ထားသဲ့ ရွာ့မိန်းမကောင်း ဆိုသာကို မက်သာ။ တန်ဖိုးရှိတဲ့ မိန်းမဆိုသာကို လိုချင်ရှာသာ။ ရွာ့ကျက်သရေကို ဆောင်နိုင်တဲ့ မိန်းမမြတ်ဆိုတဲ့ ဂုဏ်ကို ခံချင်ရှာသာ။ ဒါပေမယ့် ရှင်အိမ်ကံက အရှုံးကို ရင်မဆိုင်ဝံ့ ရှာဘူး။ သူ့ဘဝမှာ အမြဲတမ်း နိုင်ခဲ့သူ ဆိုတော့ သူရှုံးရမှာကို သေမလောက် ကြောက်ရှာသယ်။ အသက်နဲ့ လဲပြီး အနိုင်ယူလိုက် မဟဲ့ရယ်လို့ သူတွေးမိခဲ့ ပုံရသယ်။ မှန်ပါသယ်။ သူသည်လို လုပ်လိုက်တော့ မှုံနံ့သာ ကွမ်းတောင်ကိုင် မဖြစ်ရရှာတော့ဘူးပေါ့။ လာဘ်ဦး လွဲရသယ်ပေါ့လေ။ တကယ်တော့ မအိမ်ကံမှာ အငြိုးတွေ၊ အာဃာတတွေ၊ မကောင်းတဲ့ စိတ်တွေနဲ့ လက်စားချေခဲ့သာမျိုး မဟုတ်ဘူးဆိုသာ ကျေးဥယုံသယ်။ သည်ကိစ္စနဲ့ ပတ်သက်ပြီး သူအခါခါ ရှုံးခဲ့ရခြင်း အပေါ် မခံမရပ်နိုင်လွန်းလို့ နိုင်ပေါက်ကို တိုးဝင်သွား ခဲ့ရှာသာပဲ။ သည်တော့ သူနိုင်သယ်လို့ ကျေကျေနပ်နပ်ကြီး ခံယူ သွားရှာသာပေါ့အေ။ ဒါပေသိ အနိုင် မကျန်ခဲ့ဘူး။ အကျည်းတန်သာ ကျန်ခဲ့သယ်”

ရီးကျေးဥက ပါးပြင်ပေါ်က တလိမ့်လိမ့် ကျဆင်းလာသော မျက်ရည်တွေကို သုတ်သည်။ ငယ်ကပေါင်းခဲ့သည့် ငယ်ပေါင်းသူငယ်ချင်းမအပေါ် အပြစ်ရယ်လို့ မြူမတင်စေချင်တော့ပါ။

“ကိုင်း ပြီးခဲ့သာတွေလည်း ပြီးပါပြီလေ။ မှိုတစ်ကျင်း မြင်းတစ်ပြေးတဲ့။ မှိုကျင်းများ ကောင်းမိရင် မြင်းတစ်ပြေးစာ တမျှော်တခေါ်ကြီး နုတ်လို့ မနိုင်ဘူး။ အကုသိုလ်များလည်း အဲသလိုပဲ။ တမျှော် တခေါ်ကြီးအေ့။ မဆုံးနိုင်ဘူး။ သံသရာက ပါကရောပေါ့လေ”

လမ်းပေါ်မှာ လှည်းတွေ တအီအီ။ ဇောင်ချမ်းကုန်း ရွာကတော့ ပူပြင်းသော နယုန်လနေရောင်တွင် စူးစူးတောက်လျက် ရှိ၏။ အိမ်ကြီးပေါ်က ဆင်းလာကြတော့ မအိမ်စိုက လှေကား ဆံတွေမှာ ရိုက်ထားသော ငွေမတ်စေ့ ကလေးတွေကို နင်းကာ နင်းကာ ဆင်းလာခဲ့သည်။ ရီးကျေးဥက ဒါကိုမြင်လိုက်တော့ အမှတ်တရ ပြောလိုက်ပါ၏။

“ညည်းအမေ ရှင်အိမ်ကံလည်း အဲသလိုပဲ လှေကား အတက်အဆင်းတိုင်း မတ်စေ့ပြားတွေကို နင်းနင်းတက်သယ်၊ နင်းနင်းဆင်းသယ်။ အဲသာ တစ်သက်လုံးပဲ။ သေချာပါသယ် အေ။ ညည်းသမီးက ရှင်အိမ်ကံပါ။ မဟုတ်မှသာ လွဲကရော”

“မြိုင်နဲ့ သက်ဦးဝေ တောထဲမရောက်ခင် ရန္တပိုရွာကလေး မှာ တစ်လနီးပါးလောက်ခိုခဲ့ကြရသယ်။ လူကြီးတွေက ရှာလေသလား မသိပါဘူး ကျေးကျေးရယ်။ အမေ့ကို သတိရလိုက်သာ မပြောပါနဲ့တော့။ ရန္တပိုက သက်ဦးဝေရဲ့သူငယ်ချင်း တစ်ယောက်ရဲ့ ရွာပါ။ ရန္တပိုရွာမှာ မြိုင်တို့ ဆက်သွယ်တဲ့ လူ မလာမချင်း အောင်းနေခဲ့ကြသယ်။ တစ်နေ့တော့ လူတစ်ယောက်က မြိုင်တို့ကို လှေကလေး တစ်စီးနဲ့ လာခေါ်သယ်။ မြိုင်တို့ အဆက်အသွယ်လုပ်တဲ့ လူတော့ မဟုတ်ဘူး။ ကြားလူပါ။ ဒါပေသိ စိတ်ချရမှန်း သိလို့ လိုက်သွားခဲ့ကြသယ်။ မြိုင်နဲ့ သက်ဦးဝေတို့ အကြင်လင်မယား အဖြစ် ပေါင်းဖက်ခဲ့ကြပြီ ဆိုတော့ နှစ်ယောက်အားနဲ့ အကြောက်အရွံ့ မရှိခဲ့ကြဘူး ကျေးကျေးရဲ့။ သည်လူကပဲ တစ်ဖက်ကမ်းကို ကူးပြီး မြေတော်နယ် တစ်ကြောကိုဖြတ်ပြီး ရွာတစ်ရွာကို လိုက်ပို့သယ်။ အဲသည်ကမှ ပခုက္ကူဘက်ကို ကူးဖို့ပါ။ အဲသည် ရွာမှာ ခဏ ခိုကြရင်း ကြာလာတော့ မြိုင် တစ်ရက်မှ မနေချင်တော့ဘူး။ ခက်တာက တောထဲကို ဝင်ဖို့ဆိုသာ အဆက်အသွယ် မရှိဘဲ မဖြစ်ဘူးကိုး။ နောက်တော့ လူတစ်ယောက် လာခေါ် ပါသယ်။ သည်လူကလည်း အဖေ ကျဆုံးသွားပြီ ဆိုသာ မကြားပါဘူးလို့ ပြောတော့ မြိုင် အားတက်သွားမိသယ်။ သူခေါ်ရာ နောက်ကို လိုက်ရင်း အဖေကျသွားပြီ ဆိုသာ မဟုတ်ပါစေနဲ့လို့ မြိုင်တစ်လမ်းလုံး ဆုတောင်းသယ်။ ပြောကြစတမ်းဆိုရင် မြိုင်တို့မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ တောထဲဝင်ဖို့ အထိ စိတ်ရှိကြသာ မဟုတ်ပါဘူး။ မြိုင့်စိတ်ထဲမှာ တစ်ခုပဲရှိသယ်။ အဖေ ရှိသေးရင် မြေပေါ်ကို ပြန်ခေါ်မယ်။ အမေ့ကို စိတ်ချမ်းသာစေချင်သယ်။ မြိုင်တို့ ညီအစ်မ ပညာစုံကြရင် အဖေနဲ့ အမေ့ကို လုပ်ကျွေးမယ်။ မြိုင့်စိတ်ကူးတွေ ပေါ့လေ။ မြိုင်တို့ကို လိုက်ပို့တဲ့သူက တောတွင်းမှာ အခြေအနေ မကောင်းပုံတွေကို ပြောပြသယ်။ ဒါတွေထားပါတော့ ကျေးကျေးရယ်။ မြိုင်တို့လည်း ဝေခွဲရခက်နေသာပေါ့။ မြိုင်တို့ တောထဲရောက်ပြီး တောတွင်း အဖွဲ့အစည်းနဲ့ ဆက်သွယ်မိပြီဆိုရင် မြိုင်တို့ လွတ်အောင်ရှောင်ရတော့မယ်။ သည်တော့ နယ်မကျွံခင် စဉ်းစားကြရသာပေါ့။ သက်ဦးဝေက တောထဲ မဝင်ဘဲ ရွာတစ်ရွာမှာ အခြေချပြီး သတင်း စုံစမ်းကြည့်ချင်သယ်လို့ ပြောတော့ မြိုင်လည်း သဘောတူလိုက်သယ်။ စမ်းတဝါးဝါး လိုက်နေသာနဲ့ စာရင် သေချာမှ လိုက်ခေါ်သာ ကောင်းမှာကိုး။ မြိုင်တို့ အဲသည်ရွာမှာ ရှိတုန်း မြိုင်တို့ကို ခေါ်လာတဲ့ လူက နောက်လူတစ်ယောက်ကို ခေါ်လာခဲ့သယ်။ သူက အဖေနဲ့ အတူ နေခဲ့တဲ့လူ။ ဦးဘသောင်းတဲ့။ မြင်းခြံနယ်သားပဲ။ သူက သတင်း နှစ်ခုပေးသယ်။ နှစ်ခုစလုံး မကောင်းတဲ့ သတင်းတွေပါ ကျေးကျေးရယ်။ သူက အဖေ ကျဆုံးသွားသယ်ဆိုတာ အမှန်ပဲတဲ့။ သူ့မျက်စိရှေ့မှာ တွေ့မြင်လိုက်ရတဲ့ အဖေကျဆုံး ပုံတွေပြောပြတော့ မြိုင်ဖြင့် ကြောက်လိုက်သာ။ တောထဲ မလိုက်ကြနဲ့၊ အခြေအနေတွေက တော်တော့်ကို ဆိုးနေလို့ ပြောသာတဲ့။ နောက်သတင်းက အမေ ဇောင်ချမ်းကုန်းမှာ ဆုံးရှာပြီဆိုတဲ့ သတင်းပဲ။ အဲသည်အချိန်မှာ မြိုင် မူးလဲသွားခဲ့သယ်။ ရွာကပဲ ဆေးဝါးကုသ ပေးကြသယ်။ မြိုင့်မှာ ကိုယ်ဝန် ရှိနေပြီဆိုသာ သိလိုက်ရပြီ။ ပြောရဦးမယ် ကျေးကျေးရယ်။ မြိုင်တို့ကို အကျိုး အကြောင်း ပြောပြတဲ့ ဦးဘသောင်းက အမေ့ဆီကို အဖေလွှတ်လို့ တောပုန်းရည်သည် အဖြစ်နဲ့ ရွာကို နှစ်ခေါက် ရောက်ဖူး သယ်တဲ့။ အဖေ ကျဆုံးသာကို အမေ့ဆီ အကျိုးအကြောင်း ပြောမယ်ဆိုပြီးသွားတော့ အမေ ဆုံးသွားပြီဆိုသာ သိခဲ့သာတဲ့။ သည်သတင်းတွေက သေချာပြီ။ မိဘနှစ်ပါး မရှိကြတော့ဘူး။ မြိုင်လည်း တောကျွံခဲ့ပြီ။ ဘ၀ ကျွံခဲ့ပြီ။ မြိုင့်ကြောင့် သက်ဦးဝေ ခမျာလည်း ဒုက္ခ ရောက်ခဲ့ရသယ်။ မြိုင့်မှာ အမေ့ကို ထားပြီး အဖေ့ဆီ လာခဲ့တော့လည်း အဖေက မရှိတော့ဘူး။ နောက်လှည့် ကြည့်တော့ အမေကလည်း ဝေးရပြီ။ ရောက်နေတဲ့ နေရာက တောကြီးခေါင်ခေါင်။ သည်ကြားထဲ ဖြစ်ချင်တော့ မြိုင့် ကိုယ်ဝန်က ရင့်လာခဲ့ပြီ။ တောမရောက် တောင်မရောက်ဆိုသာ ဒါမျိုးနေမှာပါ ကျေးကျေးရယ်။ အစာ အာဟာရကလည်း မပြည့်စုံ၊ ဆေးဝါးဓာတ်စာကလည်း မစားရတော့ ရွာလက်သည်နဲ့သမီးကို မွေးတော့ ခြောက်ပေါင်တောင် ရှိပါ့မလား မသိဘူး။ တကယ့်ကြွက်ကလေးလို မွေးလာသာပါ။ ကလေးဆိုသာ ငိုနိုင်တဲ့ အားတောင် မရှိခဲ့ရှာဘူး။ မြိုင်ကလည်း နို့မထွက်တော့ ရွာကပဲ နို့တိုက်ကြ၊ ပြုစုကြသယ်။ တိုတို ပြောကြပါစို့ ကျေးကျေးရယ်။ ပြောရရင် ရင်နာစရာတွေချည်းပါ။ ဦးဘသောင်း ပြောတဲ့ စကားထဲမှာ မြင်းခြံမှာ ဖြစ်နေသာက မြိုင်တို့နှစ်ယောက် ခိုးရာ လိုက်ပြေးကြပြီ ဆိုသာထက် တောခိုသွားကြပြီဆိုတဲ့ သတင်းက ပိုကြီးနေသတဲ့။ မြိုင်တို့ နှစ်ယောက်ကို ဖမ်းဖို့ ရှိသယ်ဆိုသာ ပါလေတော့ မြို့တွေကို ရှောင်ကြရသာပေါ့။ အဲသည့်အခါ တောရွာတွေမှာကလည်း အခြေအနေတွေ မကောင်းဘူး မဟုတ်လား။ မြိုင်တို့မှာ ပြေးလို့ ချည်းနေရသယ် ပြောပါတော့။ ရွာပေါင်းကို အတော်စုံပါသယ်။ မြိုင်တို့ကို နှစ်ဖက်စလုံးက မသင်္ကာ ဖြစ်နေသာဆိုတော့ အတော့်ကို ဇာတ်မြှုပ် နေခဲ့ကြရသာပါလေ။ နောက်တော့ ဖြစ်ချင်ရာဖြစ် စေတော့ဆိုပြီး တောမြို့ကလေးမှာ အိမ်ကလေး တစ်လုံး ငှားနေခဲ့ ကြသယ်။ သမီးကလေးက ဉာဏ်မမီ ရှာတော့ခမျာ ကျောင်းရယ်လို့လည်း မတက်ခဲ့ရ ရှာပါဘူး။ မြိုင်ကပဲ ရသလောက် စာသင်ပေးခဲ့သယ်။ သမီးစိတ်က ဒေါ်တိ ဒေါ်ရာ ဆိုပေသိ သနားသာနဲ့ပဲ ခွင့်လွှတ်ထားခဲ့ရသယ်။ သည်တော့ ပိုဆိုးလာ ပြန်ရော။ စကားလည်း နားထောင်ချင်မှ ထောင်သာရယ်။ သမီး ဆယ်နှစ်သမီးလောက် ရောက်တော့ သက်ဦးဝေ တီဘီရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။ ဆေးရယ်ဝါး ရယ်လို့လည်း ကောင်းကောင်း မကုရတော့ ဗုံးဗုံးလဲတော့သာပါပဲ။ မြိုင်ဖြင့် ယူကျုံးမရ ဖြစ်လိုက်ရသာလေ။ ခမျာ မြိုင့် အတွက် ဘ၀ ပေးသွားရရှာသယ်လို့တောင် ပြောပါရစေတော့။ သူဆုံးခါနီးတော့ မြိုင့်ကို ဘာပဲဖြစ်ဖြစ် မြင်းခြံကို ပြန်နေဖို့ မှာသွားခဲ့ရှာသယ်။ သမီးအတွက် လုံခြုံမှု ရှိစေချင်လို့တဲ့။ ဒါပေမယ့် မြိုင် ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲသာနဲ့ အဲသည်ရွာမှာပဲ ပေနေခဲ့ပါသေးသယ်။ သက်ဦးဝေကြောင့် မြိုင် သံဝေဂရခဲ့သာ ဘာလဲဆိုတော့ ထွက်လာကတည်းက သူ့မိသူ့ဖ သူ့ဆွေသူ့မျိုး သူ့ရပ်သူ့ရွာကို ပြန်မရောက်ခဲ့ရရှာပါလားလို့ တွေးမိသယ်။ မြိုင်က နေဦးတော့ သမီး အူတိအူချာ ကလေးအတွက် မြိုင်စဉ်းစားရတော့မယ်။ မြိုင်မရှိတော့ဘူး ဆိုရင် သည်သမီးကလေး ဘယ်သူ့လက်ကို အပ်ထားခဲ့ရမလဲ။ မြိုင့်ဝန်းကျင်မှာ သူစိမ်းတွေပဲ ရှိသယ်။ သည်တော့ သမီးအတွက် လုံခြုံမှုဟာ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဆွေကိုယ့်မျိုး အသိုက်အဝန်းရဲ့ရင်ခွင်ပဲလို့ မြိုင် သဘောပေါက် လာခဲ့ပါသယ်။ မြိုင်တို့ သားအမိရဲ့ဘဝဟာ ဆွေရိပ်မျိုးရိပ် အောက်မှာရှိမှသာ အဓိပ္ပာယ် ရှိမှာပေါ့လို့ တွေးမိသယ်။ နဂိုက မြိုင် ဆွေရိပ်မျိုးရိပ်ကို မပြန်တော့ဘူး။ မျက်နှာ မပြတော့ဘူးလို့ ဆုံးဖြတ်ထားသာပါ။ သမီး အရွယ် ရောက်လာတော့ မြိုင့် ဆုံးဖြတ်ချက်ကို ပြင်ရတော့မယ်ဆိုသာသိပြီ။ သမီးကို မြိုင် မထိန်းနိုင်တော့ဘူး။ သွားချင်ရာသွားနေသာမျိုး၊ ညကြီး သန်းခေါင် လမ်းထလျှောက်သာမျိုးက အစ မကြောက်မလန့် ရှိလေတော့ သမီးကလေး ဒုက္ခရောက်ရချေရဲ့ဆိုတဲ့စိတ်နဲ့ မြိုင် ပြန်ဖို့ ရွေးချယ်လိုက်သယ်။ မြိုင်တို့ သားအမိ ဘယ်ကိုပြန်ရမလဲ။ ဘကြီးမြတ်သာတို့၊ ညီမလေးခိုင်တို့ ဆီလား။ သက်ဦးဝေရဲ့ မိဘများ ဆီကိုလား။ ထနောင်းတိုင် ရွာကိုလား။ တကယ်တမ်း မြိုင် တမ်းတမိသာက အမေ့ရဲ့ ရင်ခွင်ပဲ။ သည်တော့ အမေ့ရဲ့ရွာ ဇောင်ချမ်းကုန်းကိုပဲ ပြန်မယ်လို့ ရွေးချယ်လိုက်သယ်။ အမေမရှိပေမယ့် မြိုင့် အပေါ်မှာ အမေနဲ့မခြား မေတ္တာ ရင်ငွေ့ပေးနိုင်တဲ့ ကျေးကျေး ရှိရာ အရပ်ကို မြိုင် ပြန်လာခဲ့သာပါ။ ဇောင်ချမ်းကုန်းကို ပထမ ဆုံးခြေချခဲ့သာ အမေ့သင်္ချိုင်းကို ကန်တော့ချင်လို့ပါ။ မြိုင့် ရှေ့ရေးဆိုတာထက် သမီးကလေး ရှေ့ရေးက ပိုအရေးကြီးသယ် မှုတ်လား။ ဘကြီးဆီကိုလည်း မြိုင်ပဲ ဖုန်းဆက်ပါ့မယ်။ မြင်းခြံ ကိုတစ်ရက်သွားပြီး သက်ဦးဝေ မိဘများကိုလည်း ကန်တော့မယ်။ ထနောင်းတိုင်က အမျိုးတွေဆီကိုလည်း ဝင်မယ်။ မအိမ်စိုကို ဆွေပြမျိုးပြ သွားရမယ် ကျေးကျေး။ မြိုင်လည်း ကျောင်းဆရာမ အလုပ်လျှောက်မယ်”

“အခုတော့ မြိုင်တို့သားအမိ ကျေးကျေးနဲ့နေလိုက်ဦးမယ် ဆိုတဲ့ စိတ်ပဲ ရှိတယ်။ မြိုင် မှားခဲ့သယ်ဆိုရင် ခွင့်လွှတ်ပါတော့ ကျေးကျေးရယ်”

---

ရွာ့တောင်ပိုင်း အလှူအိမ်ဝိုင်း တိုက်ဆီက အသံချဲ့စက်သံ ညံလှသည်။ ဆောင်းကျွတ်လို့ သီးနှံပေါ်ချိန် ရောက်သည်နှင့် အလှူသံတွေ ကြားလာရပြီ။ တစ်ရွာလုံးလိုလို အလှူ အတွက် အလုပ်တွေများနေကြသည်။ ရီးကျေးဥပင် ကြက်သွန်လှီး ဆန်ရွေးလိုက်လိုက်ရသေးသည်။ ဝိုင်းလုံးပြည့် ထိုးထားသော မဏ္ဍပ်ကြီးထဲမှာ ဖျာကြမ်းတွေ အပြည့်ခင်းထားသဖြင့် အားသူက အားသလို ရောက်လာကြကာ ဆန်ရွေး၊ ပဲရွေးလိုက်ကြတာ ရွာဓလေ့ပင်။ သည်ရက်ထဲမှာ မအိမ်မြိုင် မရှိ။ မအိမ်စိုကို ရီးကျေးဥနှင့် ထားခဲ့ကာ မြင်းခြံကို အလုပ်ကိစ္စနှင့် သွားနေခိုက်ဖြစ်သည်။ မအိမ်မြိုင် သားအမိကို ဘကြီးဖြစ်သူ ဦးမြတ်သာက ဝမ်းသာအားရ လာတွေ့ခဲ့ကာ ရှေ့ရေးစီမံပေး ခဲ့သည်။ သက်ဦး‌ဝေ မိဘများနှင့် ထနောင်းတိုင်က ဆွေမျိုးတွေကလည်း လာနေစေချင် ကြသည်။ မအိမ်မြိုင်က မူလတန်းပြ ဆရာမေ လျှာက်ထားသည့်ကိစ္စ အဆင်ပြေလျှင် တစ်နေရာမှာ အခြေချဖို့ စိတ်ကူးထားသည်။ သည်ရက်ထဲမှာ လူကိုယ်တိုင် လာတွေ့ပါမှာသဖြင့် မြင်းခြံကိုလိုက်သွားခြင်း ဖြစ်သည်။ မအိမ်စိုကို ပထမတစ်ခေါက် နှစ်ခေါက်ခေါ် သွားခဲ့သော်လည်း အလုပ်ကိစ္စနှင့်မို့ သည်တစ်ခေါက်ရွာမှာပဲ ထားခဲ့ခြင်းဖြစ်သည်။

“မအိမ်မြိုင် သမီးက အချောလေးပဲ ရီးကျေးဥရဲ့၊ မအေ က ဘယ်သွားလို့တုံး”

“မြင်းခြံကို နှစ်ရက်သုံးရက် ပြေးသာ၊ အလုပ် ကိစ္စခေါ်လို့”

“ရီးကျေးဥနဲ့တော့ နေသားပါလား”

“နေသယ်။ ရောက်စတုန်းက စိမ်းသေးတော့ ပြောစကား ဆိုစကား နားမထောင်ချင်ဘူး။ ခုတော့ ခင်ရှာပါပြီ။ ခေါ်သာတော့ ကျေးဥတဲ့လေ”

မေးသူတွေက မေးတော့လည်း ရီးကျေးဥက အလိုက်သင့် ဖြေရပါ၏။

---

အလှူ အဝင်ည။

ညဦးပိုင်းတုန်းကတော့ မဏ္ဍပ်ထဲမှာ ရွာမောင်းဆိုင်းနှင့် ရွာမင်းသမီးတို့ ဧည့်ခံကလေး ပါသဖြင့် အလှူ ကူလုပ်ကြရင်း အလှူအိမ် ရောက်ကြရသည်။ ချက်သူတွေကချက်၊ ဖက်စိမ်းကွမ်းတောင် ထိုးသူတွေကထိုး၊ မနက်ဖြန်ရှင်လောင်း လှည့်ရန် ပြင်သူတွေကပြင်၊ ပရိက္ခရာတွေ နေရာချသူတွေကချ။ မောင်းဆိုင်းနှင့် မင်းသမီး ကတာကို မအိမ်စို သဘောကျနေသည်။ မင်းသမီးကိုကြည့်ရင်း သူကပါ မဏ္ဍပ်ထဲမှာလိုက်ကနေသဖြင့် ပွဲကျနေကြသည်။ ရီးကျေးဥကတော့ သူ့အမေကြီး မအိမ်ကံသာ ရှိလျှင် သည်လို ကတာကို ကြိုက်ပါ့မလား တွေးနေမိသည်။ မအိမ်စို ပျော်နေတာ တွေ့တော့လည်း သူနေချင်သလောက် နေပေးရပါ၏။ မောင်းဆိုင်းပြီးလို့ သိမ်းတာတောင် မအိမ်စို မပြန်ချင်။ ရီးကျေးဥကို ကလန်ကဆန် လုပ်လာခဲ့သည်။ ဆူဆူပူပူ ဖြစ်လာခဲ့သည်။ ကျေးဥ တစ်ယောက်တည်း ပြန်တော့၊ မဏ္ဍပ်ထဲမှာပဲ အိပ်တော့မည် ဆိုတာမျိုးဖြင့် တင်းမာလာခဲ့တော့သည်။ ရီးကျေးဥက ချော့သော်လည်း မရ။ မဏ္ဍပ်ထဲက လူတွေက သည်အဖြစ်ကို မြင်သည့်အခါ ရယ်ကြပါ၏။

“ရီးကျေးဥက ကလေး ပျော်နေတဲ့ ဥစ္စာ နေပါစေလား။ ကျွန်မတို့ ပြန်ပို့ပါ့မယ်။ ထားခဲ့ပါတော်”

“ညဉ့်နက်ပါပြီအေ။ ထားခဲ့လို့ မဖြစ်ပါဘူး။ ကလေးက တော်တော်ရယ်”

တော်တော်ရယ်ဆိုသည့် စကားက ပြောမနိုင် ဆိုမနိုင် ခပ်ကြောင်ကြောင်ကလေးလို့ ပြောခြင်းဖြစ်ကြောင်း သဘောပေါက်ကြ၏။ အလှူမဏ္ဍပ်မှာ ထားခဲ့ဖို့ စိတ်မချစရာ မရှိသော်လည်း တုံးပေကတ်သတ် ဇောက်တိဇောက်ထိုး လုပ်မည့် ကလေးမှန်း သိသဖြင့် မထားခဲ့လိုခြင်း ဖြစ်သည်။ ကလေးဆိုသော်လည်း ဆယ့်လေးငါးနှစ် အပျိုမပေါက်တပေါက် ဆိုတော့ ကိုယ်နှင့် မကွာထားချင်တာလည်း ပါပါ၏။ ရီးကျေးဥက လူရှင်းသွား ချိန်အထိ စောင့်နေပြီးမှ ချော့ချော့မော့မော့ ပြန်ခေါ်ရသည်။ သည်လိုဆိုတော့လည်း အသာတကြည် လိုက်ရှာပါ၏။

“မနက်ဖြန် အမေပြန်လာတော့မှာပါ ကလေးရယ်။ အမေ လာတော့ မင်းသမီးကသာ လာကြည့်လှည့်၊ ကြားလား ငါ့မြေး”

“မင်းသမီး ကမှာလား”

“ကမှာပေါ့။ မနက်ဖြန် ပိုတောင်ကဦးမှာ”

ထိုညက လရောင်ရှိသည်။ မအိမ်စိုနှင့် ရီးကျေးဥပြန်ကြတော့ သန်းခေါင်ကြက်ပင်တွန်ခဲ့ပြီ။ အလှူအိမ်ဘက်ဆီက အသံတွေပင် ငြိမ်သွားခဲ့ပြီ။ တစ်အိုးတစ်အောင့် နားကြခြင်းသာ ဖြစ်၍ မနက်အရုဏ်မတက်မီ ပြန်ထကြရတော့မည်။ အလှူ့ ဝေယျာဝစ္စတွေက အများသား မဟုတ်လား။ မအိမ်စိုက ရီးကျေးဥဘေးမှာအိပ်ရင်းက လက်ဆစ်တွေတဖျောက်ဖျောက် ချိုးနေလို့ ညဘက်လက်ဆစ်မချိုးရဘူး ငါ့မြေးရဲ့လုပ်ရသေးသည်။ ဒါတောင် ချိုးတော့ ဘာဖြစ်လို့တုံးမေးနေလို့ မနည်း အိပ်ခိုင်းရပါ၏။ မနက်စောစောထ၊ အလှူ လှည့်သာကြည့်ရဦးမှာ၊ မနိုးဘဲ နေလိမ့်မယ်ဆိုတော့မှ ငြိမ်ကျသွားခဲ့သည်။ ရီးကျေးဥလည်း မှေးခနဲ အိပ်ပျော် သွားခဲ့ပါ၏။

“ရီးကျေးဥ၊ ရီးကျေးဥ။ ဘကြီးဖိုးတုတ် ထကြပါဦး”

အသံတွေက ဝိုင်းဝဆီက ဖြစ်၏။ လူတွေ ဘာဖြစ်နေကြတာပါလိမ့်။ အော်သံတွေက ဆူပွက်နေသည်။ ရီးကျေးဥက အိပ်ချင်မူးတူးဖြင့် ထထိုင်ကာ မအိမ်စိုကို စမ်းသည်။ အိမ်ထဲမှာ မှောင်နေသေး၍ ဖြစ်၏။ မအိမ်စို မရှိ။ ဘယ်များ ရောက်နေပါလိမ့်။ မအိမ်စို ကိစ္စကို ခဏထားကာ အိမ်ရှေ့က ခေါ်သံတွေဆီ အရင်ထလာခဲ့သည်။ အိမ်က အိမ်သား ကိုဖိုးတုတ်ပင် တံခါး၀ ရောက်နေပြီ။ တံခါးကြီး နှစ်ချပ်မှာ ကလန့်လျှို ထိုးထားသော ဝါးတွေ မရှိ။ တွန်းဖွင့်လိုက် ရုံဖြင့် ပွင့်သွားတာကလည်း ထူးဆန်းသား။ ဟုတ်ပါရဲ့။ အိမ်ရှေ့မှာ ယောကျ်ားမိန်းမလေး ငါးဆယ်လောက် ရပ်နေကြသည်။

“ရီးကျေးဥ ကလေးမလေးကော”

“ဟဲ့ ဘယ်ကလေးမလေးလဲ။ ဘာတွေဖြစ်နေကြသာ တုံး”

“မအိမ်မြိုင် သမီးကလေးဟာ ကောဗျာ”

“ရှိသယ်။ ပြောပါဦး ဘာဖြစ်လို့လဲ”

“မနက်ကြီးလေးနာရီလောက်က မဏ္ဍပ်ထဲ ရောက်လာသယ်။ အားလုံးခဏ မှေးနေကြတုန်း ရောက်လာသာ။ ထမင်းချက်တဲ့ လူတွေက မအိပ်ကြတော့ မဏ္ဍပ်ထဲ စွပ်ခနဲ ဝင်သွားသာ တွေ့လိုက်ကြသယ်။ အဲသာ ဖက်စိမ်းကွမ်းတောင်ကြီး စားပွဲပေါ် တင်ထားသာ ပိုက်ပြေးလို့”

“ဘုရား ဘုရား၊ ဟုတ်ကဲ့လားဟယ်။ ကိုဖိုးတုတ်ရေ မအိမ်စို ရှာစမ်းပါဦး။ မကြံကောင်း မစည်ရာတော်”

လူတွေအားလုံး ဝိုင်းတိုက်ထဲ ဝင်လာခဲ့ကြသည်။ ဒေါသ ဖြစ်သူတွေက ဖြစ်နေကြသည်။ ပြန်တွေ့လျှင်တွေ့ မတွေ့လျှင် တုတ်ဆွဲ ဓားဆွဲ ရှိကြတော့မည့် မျက်နှာတွေ။ မအိမ်စိုကို အရင် ရှာကြရသည်။ အိမ်ထဲမှာ မရှိ။ သေချာအောင် ရှာကြသည်။ မရှိ။ တစ်ဝင်းလုံး ပတ်ရှာကြသည်။ မတွေ့ပါ။ ရီးကျေးဥက နာမည်ကို တစာစာခေါ်သည်။ မထူး။ ဒါဆိုလျှင် အလှူအိမ်က ဖက်စိမ်းကွမ်းတောင် သွားပွေ့ပြီးကတည်းက ပြန်မရောက်လာတာ သေချာပြီ။

ဖက်စိမ်းကွမ်းတောင် ပျောက်တာက ပြဿနာ တစ်ခု။ လူကိုယ်တိုင် ပျောက်နေတာက ပိုဆိုးသည်။ မတော်တရော် တခြားရွာတွေဘက် လျှောက်သွားတာ မျိုးလည်း ဖြစ်နိုင်သည်။ အရှေ့ကို သွားသလား၊ အနောက်ကို သွားသလား။ အိမ်ကြို အိမ်ကြားတွေက ဖြတ်ပြီး သစ်ခင်းတွေ ဘက်ပဲ ဆင်းရော့လား။ ရီးကျေးဥတို့ လင်မယား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရုံက လွဲ၍ မစဉ်းစားတတ်အောင် ဖြစ်ရပါ၏။ ကောင်းကင်ဆီက ရောင်နီပင် ပျို့ခဲ့ပြီ။ မဏ္ဍပ်ထဲက ထလိုက်လာခဲ့သည့် လူတွေသာမက ရပ်ရွာထဲက လူတွေပါ ဝိုင်းတိုက်ထဲမှာ ပြည့်နေကြပြီ။

“ဟော ဟိုမှာ ရက်ကန်းစင် ဟောင်းတွေကြားထဲ ပုန်းနေသာဟေ့။ ပြေးပြီ ပြေးပြီ”

ရိပ်ခနဲ လှုပ်ရှားလိုက်သော မအိမ်စို၏ သဏ္ဌာန်ကို အားလုံးက လှမ်းမြင်လိုက်ကြရသည်။ ဖက်စိမ်း ကွမ်းတောင်ကို ပိုက်ရင်း ပဲမှော်တိုက်ဘက်ကို အထွက် မြင်လိုက်ကြခြင်း ဖြစ်သည်။ မအိမ်စိုက ရက်ကန်းစင်ဟောင်းတွေ ကြားမှာ ပုန်းနေရာက လူတွေ များလာတော့ ထိတ်လန့်သွားပုံ ပေါ်သည်။ ပိုမိုလုံခြုံသည့် ပဲမှော်တိုက် စောင်းစောင်းကြီး အောက်ကို ပြေးဝင်ရန် ရွေးလိုက်ခြင်း ဖြစ်၏။ လူတွေအားလုံး ပဲမှော်တိုက်ကို ဝိုင်းလိုက် ကြလေပြီ။ အတွင်းကို မမြင်ရ။ ခြုံတွေ၊ နွယ်တွေက သိပ်သိပ်သည်းသည်း ဖုံးအုပ်ထားသဖြင့် မအိမ်စို ကိုကော ဖက်စိမ်းကွမ်းတောင်ကိုပါ မမြင်နိုင်ကြဘဲ ဖြစ်နေခဲ့သည်။ ရီးကျေးဥက ဝင်ပေါက်ကိုသိသဖြင့် စွတ်ခနဲ ဝင်လိုက်သွားခဲ့သည်။ ဖက်စိမ်း ကွမ်းတောင်ကို ဘေးချကာ ရင်တုန်ပန်းတုန် ထိုင်နေသော မအိမ်စို။ ရီးကျေးဥကို သနားစဖွယ် မော့ကြည့်နေရှာပါ၏။ အမှား လုပ်ခဲ့ပြီဆိုတာ ကိုသိနေသည့် မျက်နှာကလေးက ညှိုးနွမ်းလွန်းလှသည်။

“ကျေးဥ”

“လာ ထွက်ခဲ့တော့ သမီး။ လာ သည်အထဲက မကောင်းဘူး”

မအိမ်စိုလက်ကို ဆတ်ခနဲဆွဲကာ ခြုံတွေကြားက ထွက်လာခဲ့ကြသည်။ ဖက်စိမ်း ကွမ်းတောင်ကတော့ ကျန်ရစ်ခဲ့သည်။ မအိမ်စိုနှင့် ရီးကျေးဥကို လူတွေက ဝိုင်းကြည့်နေကြဆဲ။ ဘယ်မှာလဲ ဖက်စိမ်း ယကွမ်းတောင်။ အလှူအိမ်က လိုက်လာသူတွေက စိတ်မရှည်နိုင်ကြတော့သလို ပဲမှော်တိုက် ဝင်ပေါက်ကို တိုးကြဖို့ ခြုံတွေ၊ နွယ်တွေ ဆွဲပစ်နေကြသခိုက် မှာပင်။

အိခနဲ လှုပ်သွားခြင်းနှင့် အတူ ပဲမှော်တိုက်ကြီး တစ်ခုလုံး စောင်းစောင်းကြီး တည်နေရာမှ ဝုန်းခနဲ ပြိုလဲကျသွားလေသည်။ ခြုံတွေ၊ နွယ်တွေပါ ရောထွေး ပါသွားသဖြင့် လည်းကောင်း၊ ရက်မ၊ ဆင့်တန်းများ၊ အခြင်ရနယ်များ၊ ခင်းပျဉ်ဟောင်းများ၊ ထရံဆွေးများ အားလုံး ဦးစောက်ကျွမ်းပြန် ပြိုကျ သွားသဖြင့် လည်းကောင်း၊ ကြောက်စရာ ကောင်းလှသော အသံကြီး ဟည်းထ သွားခဲ့လေသည်။ ပိုးထိုး ကျွန်းတိုင်ကြီးတွေက မြေမှ ကျွတ်ကာ ပိုးလိုးပက်လက် လန်နေကြပြီ။ လေပြင်း မုန်တိုင်းဒဏ် ခံလိုက်ရသော တဲဟောင်း တစ်လုံးကဲ့သို့ ရစရာ မရှိအောင် ပြိုကျသွား ခဲ့သော ထိုမြင်ကွင်းသည် ရွာသူရွာသား တို့ရှေ့တွင် အချိန်ကိုက် တွန်းလှဲ လိုက်သကဲ့သို့ ရှိလေ၏။ ရှိရှိ သမျှ ကြည့်နေကြသူတွေ အားလုံး သွေးဆုတ်သွားကြသလို ထုံခဲခဲ အေးစက်စက် မလှုပ်မယှက် ရှိကြလေ၏။ ရီးကျေးဥကတော့ ထူးဆန်းလှသော အဖြစ်ကို တစ်စုံတစ်ရာသိနေသည့် ပမာ “မအိမ်ကံရေ အမျှ အမျှ အမျှ”ဟူ၍ နှုတ်ခမ်းကလေး လှုပ်ရုံ အမျှေ၀ နေခဲ့ပါ၏။

“နတ်ကတော်ကြီး အမေသုန် ဟောခဲ့တဲ့ ညည်းတို့အမျိုး ထဲက ကွမ်းတောင်ကိုင် ထွက်ဦးမှာပါအေ ဆိုတဲ့ စကား မှန်နေပါပကော။ ဒါဆိုရင်လည်း မအိမ်ကံ တစ်ယောက် ကျေနပ်နိုင် ရောပေါ့လေ။ ညည်း မအိမ်စို အဖြစ် ဝင်စားပြီးများ ကွမ်းတောင်ကို ရအောင် ကိုင်ခဲ့ရော့ သလား မအိမ်ကံရယ်” လို့လည်း အရီး ကျေးဥ ကိုယ့်ဘာသာ တွေးနေမိသည်။

တစ်ယောက်က ထအော်လိုက်သည်။

“ဟေ့ စန်းမောင်။ ပြေးစမ်း။ မစိန်လှတို့ ညီအစ်မကို ဖက်စိမ်းကွမ်းတောင်တစ်တောင် အမြန်ချိုးခိုင်း ချေစမ်း။ အလှူ ရှင်လောင်း လှည့်ပျက်လို့ မဖြစ်ဘူး။ ကိုင်း အားတဲ့လူက အပြို အပျက်တွေ ဝိုင်းရှင်းကြဗျာ။ အလှူကူရမယ့် လူတွေက မဏ္ဍပ်ကိုသွားကြတော့”

ဘကြီးဖိုးတုတ်က တဆတ်ဆတ် တုန်ရီနေရှာသည့် မအိမ်စိုကို ဝေးရာဘက် ခေါ်လာခဲ့သည်။ ထိုစဉ်မှာပင် မဏ္ဍပ်ဆီက မင်္ဂလာ ရေကင်းသံကြီး ထွက်ပေါ်လာခဲ့လေပြီ။ ဇောင်ချမ်းကုန်း ရွာသည်လည်း ပျို့လာသော အလင်းရောင်နှင့်အတူ ပြန်လည် လှုပ်ခုန် လာခဲ့လေ၏။

တစ်ခါက မြင်းခြံနယ် ဇောင်ချမ်းကုန်း ရွာကလေးတွင် အလွန်တရာ ချောမော လှပသလောက် စိတ်မနော ဖြူစင်သော မအိမ်ကံ ဆိုသူ မိန်းမသား တစ်ယောက်၏ ဘ၀ ဇာတ်လမ်းသည် ဤတွင် တစ်ခန်း ရပ်ခဲ့လေပြီ။ မျိုးဆက် သုံးဆက်အထိ အတိ ဒုက္ခ ပင်လယ် ဝေခဲ့သော အဖြစ်အပျက်များသည်လည်း အဆုံးသတ် သွားခဲ့ပါ၏။ ထူးဆန်းသည်ဟု ပြောနိုင်သည့် အချက်မှာ ပဲမှော်တိုက်ကြီး ပြိုကျပြီးသည့် နောက်ပိုင်း မအိမ်ကံ ဝင်စားသည် ဆိုသော မအိမ်စို တစ်ယောက် မူမှန်စိတ်ဖြင့် နူးညံ့ ရည်မွန်သော မိန်းမချော တစ်ယောက် အဖြစ် ထင်ရှား လာခဲ့ခြင်း ဖြစ်သည်။

ထို့ထက် ထူးဆန်းသည်ဟု ဆိုနိုင်သည့် အချက်မှာ မအိမ်စိုက ဇောင်ချမ်းကုန်းကို ရွာနေပြည်ထိုင် တစ်ယောက်လို သံယောဇဉ် တွယ်နေခြင်း ဖြစ်ပါ၏။ မိခင်ဖြစ်သူ မအိမ်မြိုင် ထနောင်းတိုင် ရွာတွင် ကျောင်းဆရာမ တာဝန်ကျပြီ ဆိုသည့် အခါမှာ မအိမ်စို လိုက်မသွားတော့ဘဲ အမေကြီးကျေးနှင့် နေခဲ့မည် ဆိုလာသည့် အခါ အားလုံးက အံ့သြခဲ့ကြရသည်။ တစ်နေ့ တစ်နေ့ ပုံထားသည့် ရက်ကန်းစင်တွေကိုကြည့်သည်။ ချည်ထုပ်ချည်ထည် ဟောင်းတွေ၊ ဆိုးဆေးအင်တုံကြီးတွေက အစ ရက်ကန်းနှင့် ဆိုင်သမျှ အားလုံး အာရုံဝင်စားနေတတ်သော မအိမ်စိုကို ရီးကျေးဥ မြင်တွေ့နေရသည်။ ရက်ကန်းနှင့်ပတ် သက်သမျှ ရီးကျေးဥကို မေးသည်။ မကြီးအေးငြိမ်ကို မေးသည်။ အမေကြီး မအိမ်ကံ၏ တစ်ခါက ကျော်ကြားခဲ့သော မအိမ်ကံ လက်ရက်ကန်းထည်တွေနှင့်မခြား မအိမ်စိုလက်ရက် ကန်းထည်တွေ ပြန်လည်တစ်ခေတ် ဆန်းစေချင်ကြောင်း ပြောလာတော့ ရီးကျေးဥ မအံ့သြဘဲ မနေနိုင်။ သည်တုန်းက ရီးကျေးဥ ကပင် ဟုတ်မှ ဟုတ်ပါ့မလား အောက်မေ့ခဲ့ပါသေးသည်။

“ဘိုးလေး ကိုစံကောင်းကို ခေါ်ပြီး ရက်ကန်းစင်တွေ ပြန်ဆင်ချင်သယ်။ ရက်ကန်းသားတွေ ပြန်စုချင်သယ်။ ရက်ကန်းရုံကြီး ခိုင်ခိုင်မာမာပြန်ဆောက်ချင်သယ် ကျေးဥရယ်။ သမီး ရက်ကန်း ခတ်ချင်သယ်”

မအိမ်စိုသည် လူပင်မက စိတ်ကပါ မအိမ်ကံနှင့် တူလွန်း လှသည်။ သူဖြစ်ချင်ရာကို မရမက အကောင်အထည် ဖော်ပြီဆိုတော့ ရီးကျေးဥတို့တစ်တွေလည်း မနေသာတော့။ ရန်ကုန်က ဘကြီးမြတ်သာကပဲ မအိမ်စို သဘောကျ စီမံဆောင်ရွက်ပေးရပါ တော့၏။ မအိမ်စိုက အိမ်ကြီးကို ပြန်လည်ပြုပြင်ပြီး အိမ်ကြီး ပေါ်မှာပဲနေသည်။ ဘကြီးဖိုးတုတ်နှင့် ရီးကျေးဥကို မိဘအရာ ထား၍ မကြီးအေးငြိမ်က ရက်ကန်းခေါင်း ဖြစ်လာခဲ့သည်။

သူကြီးမင်း ဘိုးသာထန်တို့ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့သော ပျဉ်ထောင်အိမ်ကြီးမှာ ရေနံရောင် တစိုစိုဖြင့် အသက်ပြန်ဝင်လာခဲ့ပြန်လေပြီ။ မအိမ်စိုက ပဲမှော်တိုက်ကြီး နေရာမှာ ကံကော်ပင်(ကံ့ကော်ပင်)တစ်ပင် စိုက်ခဲ့သည်။ အမေကြီး မအိမ်ကံ ဖြစ်လေရာဘ၀ ကံကောင်းအကြောင်းလှပါစေသားလို့လည်း ဆုတောင်း လိုက်ပါသေး၏။ ဆပ်သွားဖူးရုံဟောင်း မရှိတော့သည့် မြေပက်လက်မှာ ဆပ်သွားဖူးပင်သစ် စိုက်ခဲ့သည်။ သရက်တောအုပ်ကို ရှင်းလိုက်ပြီး နှင်းဆီတော၊ စံပယ်တော ဖြစ်စေခဲ့သည်။ ခတ္တာ၊ ဇလပ်ဖြူ၊ လေးကျွန်းစကြာပန်းတွေ ဝေကြပြီ။ ရက်ကန်းသံတွေ ညံခဲ့ပြီ။ ခြူကုံးသံတွေ လွင်ခဲ့ပြီ။

“ဖက်စိမ်းကွမ်းတောင် အမှတ်တံဆိပ်၊ မအိမ်စို လက်ရက် ကန်းထည်များ အရောင်အသွေး အာမခံ၊ ဇောင်ချမ်းကုန်း၊ မြင်းခြံမြို့နယ်”

ရီးကျေးဥက ပုံနှိပ်စက္ကူစကလေးတွေကို ဖတ်ရင်း ပြုံးသည်။ ပါးပြင်ပေါ်သို့ မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းလာခဲ့သည်။

“ရှင်အိမ်ကံရယ်။ ညည်းငါ့ကို လွမ်းလွန်းလို့ အစားပြန် ရောက်လာသာလားအေ။ ညည်းမြေးမ မအိမ်စိုက ညည်းမှ ညည်းအစစ်ပါအေ။ ငါဖြင့် စိတ်ချမ်းသာလိုက်သာတော်။ သည်အိမ်ကြီးကို ညည်းပြန်ရောက်လာ သလိုပါပဲလား။ ခဲတံ တစ်ချောင်း ဆံထုံးမှာ ထိုးပြီး ရက်ကန်းရုံထဲ ဝင်ထွက်နေသာများ ညည်းမှ ညည်းအတိုင်းပါအေ”

ပင်နီလည်ထောင် အင်္ကျီကလေး ဝတ်ထားသော ကိုယ်သားကိုယ်ရေ ဝင်းဖန့်ဖန့် မိန်းမချော မအိမ်စိုကို လှမ်းကြည့်ရင်း ရီးကျေးဥ စကားတွေ တတွတ်တွတ် ဆိုနေမိ၏။

လေအဝေ့မှာ ဆပ်သွားဖူး ပန်းရုံပျိုဆီက ပန်းရနံ့တို့ကြိုင်ခနဲ သင်းသွားလေသည်။ ဆပ်သွားဖူးပန်းတွေတောင် ပွင့်ကြပြီကော။

“ပျိုလေးတို့ ဗိုင်းရစ်ခုံ...ပန်းပုံလို့ပေး

ဘယ်အပျို ပန်ပြီလဲ...မောင်ကြီးကိုမေး။

ဘယ်အပျိုမှ ပန်ပါဘူးကွယ်...ပန်ဦးမို့လေး။

ဒေါင့်တလိပ် ခုနစ်စင်...ဘယ်စင်ကမွှေး

ပျိုတို့မောင် စင်တော်မြင့်က လေသင့်ရာမွှေး ။”

---

(ပြီးပါပြီ)

#ခင်ခင်ထူး
#မအိမ်ကံ

#shared_by_louis_augustine
#sbla

Comments