ဆုံနေရက်နဲ့လွမ်းလေခြင်း (အခန်း ၂၂) // ဂျူး

ဆုံနေရက်နဲ့လွမ်းလေခြင်း (အခန်း ၂၂) // ဂျူး

---

အခုအခါ

ပန်ပါတဲ့ပန်ပါ။
ရွှေမင်းဝံတောင်ပေါ်ရိုးက
ပန်းချိုးလို့လာ။

အပွင့်ရယ်ဝါ
အညှာမှာ ရွှေရည်လူးတယ်
ပန်ဝံ့ပြီဘူး။

---

(၂၂)

ပထမတော့ ကျွန်မ မြင်နေရသည့် အခန်းတစ်ခုလုံး၏ မြင်ကွင်းကို ကျွန်မ၏ငယ်ဘဝဟု ထင်ခဲ့၏။ တကယ်တော့ ကျွန်၏ငယ်ဘဝမဟုတ်။ မောင့် ငယ်ဘဝသာ ဖြစ်၏။ မောင်အသက် ခုနစ်နှစ်သားအရွယ်ကနေ ကျွန်မနှင့်နောက်ဆုံးတွေ့သည့် ၂၀၀၆ခုနှစ်အထိ မောင်သိမ်းဆည်းထားခဲ့သော ကျွန်မနှင့်ပတ်သက်သမျှ မောင့် ငယ်ဘဝတွေ ဖြစ်ပါသည်။ 

မှန်သေတ္တာလေးထဲထည့်ထားသော လက်ပတ်နာရီလေးတစ်လုံးလည်းပါ၏။ အို၊ နာရီလေးကိုမြင်လိုက်တော့ ကျွန်မလှပ်ခနဲ ရင်ခုန်သွားသည်။ ကျွန်မမှတ်မိတာပေါ့။ ရွှေရောင်ဒိုင်ခွက် အဝိုင်းလေးနှင့် ရောမ ဂဏန်းစာလုံးတွေနှင့် လက်ပတ်ကြိုးစက အညိုရင့်ရောင်လေ။ သူ ရှစ်တန်းနှစ်က ကျွန်မပေးခဲ့သည့် သူ့အတွက် မွေးနေ့လက်ဆောင် တစ်ခုပေါ့။ သိပ် တန်ဖိုးမကြီးပါ။ ကျွန်မ၏ပထမဆုံးဝင်ငွေဖြင့် မီသလောက်ပဲ ဝယ်ပေးနိုင်သည့် ပါလ်ဆာ နာရီလေးပါ။ မောင် ဒါကို အမြတ်တနိုး သိမ်းထားခဲ့တယ်ပေါ့။ မောင်ရယ်။ ကျွန်မ သူ့အတွက် သက်သက် အချိန်ယူပြီး ပြုလုပ်ထားသည့် scrap book လေးကို ကျွန်မ ပြုလုပ်ပေးထားသည့် ကတ်ဘူးလေးဖြင့် စားပွဲမြင့်လေးတစ်ခုပေါ်မှာ တွေ့မြင်လိုက်ရချိန်တွင် ကျွန်မ မျက်ဝန်းမှာ စိမ့်အိုင် ရစ်ဝဲလာသော မျက်ရည်တို့က ကြည်နူးစွာ လွမ်းဆွတ်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ကျွန်မ မှတ်မိတာပေါ့။ အပြာနုရောင်ကတ်ဘူးသည် ကျွန်မကိုယ်တိုင် ဖန်တီးပြုလုပ်ထားသည့် လက်ရာ။ အပြာရောင်ကတ်ဘူးပေါ်တွင် ကျွန်မ ကိုယ်တိုင် ဆေးခြယ်ပေးထားသည့် ဂစ်တာလေးနှင့် လိပ်ပြာပုံလေးကို ကျွန်မ ဘယ်လိုလုပ်ပြီး မေ့နိုင်ပါ့မလဲ။ အနည်းငယ်တုန်ယင်သော လက်များဖြင့် ကတ်ထူဘူးကို ဖွင့်လိုက်သောအခါ အတွင်းမှာ ဗလာစာအုပ်ထူထူ တစ်အုပ်နှင့် သီချင်းကူးထားသည့် စီဒီချပ်များကို မြင်လိုက်ရသည်။

ဗလာစာအုပ်ကိုဖုံးထားသည့် မျက်နှာဖုံးစာရွက်၏ ပန်းချီပုံလေးကို မြင်လိုက်တော့လည်း ကျွန်မ ပြုံးမိသည်။ တိုင်းမ်မဂ္ဂဇင်းဟောင်း
တစ်ခုထဲမှ ဖြတ်ယူထားသော ရေနွား၏ပန်းချီလက်ရာ ပုံတစ်ခုပါသည့် စာရွက်ဖြင့် ကျွန်မ စိတ်ရှည်လက်ရှည် မျက်နှာဖုံး ဖုံးပေးထားခဲ့တာကိုး။

ကျွန်မမျက်ရည်တို့ဖြင့် ဝေဝါးလျက်က ထိုစာအုပ်လေးကို လက်ညှိုးဖြင့် ထိကြည့်လိုက်သည်။ အဲသည်နေ့က အခုလိုပဲ ဇူလိုင် ၆ရက် သူ့မွေးနေ့ဖြစ်သည်။ သို့သော်လွန်ခဲ့သည့် ခုနစ်နှစ်က မို့ ၂ဝဝ၃ခုနှစ် ဇူလိုင် ၆ရက်ဖြစ်ပါသည်။ ။

“မမ ဒီနေ့ ကျွန်တော့်မွေးနေ့။ မွေးနေ့လက်ဆောင် ပေးပါ”

ထိုနေ့က တနင်္ဂနွနေ့ဖြစ်သည်။ ထိုညနေမှာ ကျွန်မဆီသို့ ရောက်လာပြီး ကလေးမုန့်တောင်းသလို လာတောင်းနေသည့် မောင့်ကိုကြည့်ရင်း ရယ်လည်းရယ်ချင်၊ သနားလည်း သနား။ 

“အို ပေးမှာပေါ့ ပေးမှာပေါ့”

အသက်က ၂၂နှစ်အရွယ်။ စက်ရုံတစ်ခုမှာ ဝန်ထမ်း။ မောင့်ရုပ်ရည်က ချောမွေ့တာမို့ မောင် ဘယ်နေရာပဲရောက်ရောက် အလုပ်တော့ ရှားမှာမဟုတ်ဘူးဟု ကျွန်မကြိုသိခဲ့သည်။ မောင့်ကို သေသေသပ်သပ်လေး ဝတ်စားဆင်ယင် စေချင်သည်။ 

“လာ မမနဲ့ လိုက်ခဲ့”

ကျွန်မ မောင့်ကို ဆူပါမားကက်တစ်ခုသို့ခေါ်သွားပြီး အဝတ်အစားတစ်စုံ ဝယ်ပေးဖို့ပြင်တော့ သူ မျက်နှာပျက်သွား၏။ 

“ကျွန်တော် မမဆီက မွေးနေ့လက်ဆောင်လိုချင်တာ။ အဝတ်အစားလိုချင်တာ မဟုတ်ဘူး”

“ဟောတော်။ မွေးနေ့လက်ဆောင်ဆိုပြီးရောပေါ့။ ဘာ
ချေးများနေရတာလဲ။ ရော့ ဒီဘောင်းဘီကို ဟိုဖက် ဖစ်တင်းရွမ်းမှာ သွား ဝတ်ကြည့်ချေ”

“နိုး”

သူ ဘယ်အချိန်ကစပြီး ကျွန်မထက် ခေါင်းမာသွားပါလိမ့်။ ထိုနေ့က ကျွန်မ ဇွတ်ဝယ်တော့မည့် အရိပ်အယောင် တွေ့သည့်အခါ သူ ချာခနဲ လှည့်ပြန်သွားလေသည်။ ကျွန်မ နားလည်ရ ခက်သွားသည်။ 

ကျွန်မ တိုက်ခန်းပြန်ရောက်တော့ တိုက်ခန်း တံခါး လှေခါးထစ်ပေါ်မှာ သူ ကျကျနန ထိုင်စောင့်နေသည်။ 

ကျွန်မ သူ့ကိုစိတ်ဆိုးနေသဖြင့် ဘာစကားမှ မပြောချင်။ တိုက်ခန်းတံခါးကို သော့ဖွင့်၊ အခန်းထဲဝင်ပြီးသည့်အခါ တံခါးကို အသံမြည်အောင် ဆွဲပိတ်ပစ်ခဲ့သည်။ သို့သော် ချက်တော့မချခဲ့။ သူ လိုက်ဝင်လာမှာကို သိနေတာကိုး။ 

သူက တိုက်ခန်းထဲသို့ လိုက်ဝင်လာပြီး ကျွန်မကို ချော့မော့ ပါသည်။

“မမ ကျနော်လိုချင်တာက အမှတ်တရတစ်ခုခုပါ။ မွေးနေ့ကတ်ပြားလေးဖြစ်ဖြစ်။ လက်ကိုင်ပုဝါလေးတစ်ထည် ဖြစ်ဖြစ်၊ ဦးထုပ်လေးတစ်ခုဖြစ်ဖြစ်”

ကျွန်မက သူ့ကို လွှတ်ခနဲ ပြောလိုက်မိတော့မလို့။ လက်ကိုင်ပုဝါပေးရင် ကွဲရတတ်သတဲ့။ သို့သော် အဲဒီစကားကိုပြောဖို့ ကျွန်မတို့နှစ်ယောက်မှာ ပြောရေးဆိုခွင့်မရှိခဲ့ပေ။ ကျွန်မတို့ နှစ်ယောက်သည် ချစ်သူတွေ မဟုတ်ကြပေ။ အထူးသဖြင့် ကျွန်မမှာ ထိုစကားကို ပြောခွင့်မရှိပေ။ မောင်က စိတ်ကို ဖွင့်ဟသူ။ ကျွန်မက စိတ်ကို ဖုံးကွယ်သူ၊ သို့မဟုတ် ထိန်းချုပ်သူ၊ ဟင့်အင်း မဟုတ်ပါဘူးနော်။ ကျွန်မ၏စိတ်ရင်းအမှန်ကိုက မောင့်ကို မောင်လေးတစ်ယောက်လို မေတ္တာထားနေတာမဟုတ်လား။

ကျွန်မကို ချစ်စကားပြောထားသော်လည်း ကျွန်မက ထိုစကားကို ဘယ်တုန်းကမှ မကြားဖူးခဲ့ရသလိုပဲ လစ်လျူရှုထားခဲ့သည်။ မောင်ကလည်း ကျွန်မကို ကြောက်လို့လား ရှိန်နေလို့လား။ ထပ်မမေးရဲတာ တော်တော်ကြာခဲ့သည်။ အင်းလေ။ ထိုနေ့ ညနေအထိပေါ့။ 

“မမ ကျွန်တော် မနှစ်က အောက်တိုဘာတုန်းက ပြောခဲ့တဲ့စကားကို မမ ဘာမှ ထင်မြင်ချက်မပေးသေးဘူး”

“ဘာစကားလဲ”

ကျွန်မ ချက်ချင်းသိလိုက်သော်လည်း မသိချင်ယောင်ဆောင်ခဲ့ပြီး မထူးခြားသည့် လေသံဖြင့် မေးမိသည်။ သူ့အတွက် ကော်ဖီဖျော်ရင်း သူကြိုက်သည့် ခရွားဆွန့်ပေါင်မုန့်ကို ပန်းကန်ထဲ ပြင်ဆင်ရင်း သူ့မျက်နှာကို လှည့်မကြည့်ဘဲ နေမိ၏။

“မမက မေ့ချင်ယောင် ဆောင်နေခဲ့တာမဟုတ်လား။ မမတို့ လူကြီးတွေဟာ တော်တော် ဉာဏ်များတယ်နော်”

သူက မလိုတမာအသံဖြင့် ခပ်ဆတ်ဆတ်ပြောသည်။

“အိုကေ မင်း သဘောပေါက်သားပဲ။ မမက လူကြီး မင်းက ကလေးဆိုတာ မင်းလက်ခံပြီးသားပဲ မဟုတ်လား”

“ဟာ သွားပါပြီ”

သူ စကားမှားသွားမှန်း သူ့ဟာသူသိပြီး နဖူးကို လက်ဝါးဖြင့် ရိုက်ကာ ရယ်တော့သည်။

ထိုညနေက ကျွန်မပေးခဲ့သည့် မွေးနေ့လက်ဆောင်ကို သူတော်တော် နှစ်သက်ကျေနပ်သွားခဲ့ပါသည်။ အချိန်အားရလျှင် ရသလို ကျွန်မ သူ့အတွက် ပြုလုပ်ပေးထားသည့် လက်ဆောင်မှာ အင်္ဂလိပ်သီချင်းတွေ၏စာသားတွေကို လက်ရေးဖြင့် စိတ်ရှည်လက်ရှည် ကူးရေးပေးထားသည့်စာအုပ် ဖြစ်သည်။ ထိုစာအုပ်တွင် သီချင်းအပုဒ်တိုင်း၏ဘေး နေရာလွတ်တွင် ကျွန်မနှစ်သက်ရာ ပုံလေးတွေကို ငယ်ငယ်တုန်းကလိုပင် ဖြတ် ညှပ် ကပ် လုပ်ထားသည်မို့ အရောင် အသွေးစုံစုံနှင့် လှပဝေဆာနေလေသည်။ ကျွန်မ၏ရည်ရွယ်ချက်က အင်္ဂလိပ်သီချင်းတွေကို သူနားထောင်သည့်အကျင့်ရဖို့၊ နားထောင်ရင်း အင်္ဂလိပ်စာကို ပိုပြီးနားလည်လာဖို့၊ အသံထွက်တွေ လေယူလေသိမ်းတွေကို ခန့်မှန်းတတ်ဖို့၊ စကားအသုံးအနှုန်းကို မှတ်မိနိုင်ဖို့၊ ပြီးတော့ ဂီတဖြင့် စိတ်အမောတွေ ဖြေတတ်စေဖို့ စသည်စသည် မျှော်လင့်ခြင်းတို့ဖြင့် ပေးခဲ့သည့်လက်ဆောင်ဖြစ်ပါသည်။

စာအုပ်လေးတွင် ကျွန်မ၏ မြတ်နိုးမှုကို ဘယ်သူမဆို မြင်တွေ့နိုင်မှာပါ။ ကျွန်မ၏ လက်ရေးတို့သည် ညီညာလျက် သေသပ်လျက် ရှိသည်။ သီချင်းတို့သည် ကျွန်မအကြိုက် သီချင်းတွေချည်း ဖြစ်ပေမယ့် အတတ်နိုင်ဆုံး အမျိုးသားသီဆိုသည့်သီချင်းတွေ များများပါဝင်ဖို့ ကျွန်မ ကြိုးစားရှာဖွေခဲ့သည်။ သီချင်း အပုဒ်ပေါင်း တစ်ရာနီးပါး ရှိသည့်အထဲတွင် နားထောင်ရလွယ်ကူသော သီချင်းလေးတွေကို အရင်ရေးပေးပြီ တဖြေးဖြေးနှင့် ခက်ခဲသော သီချင်းတွေဆီသို့ ရွှေ့ပြောင်းသွားပါသည်။

လွယ်ကူသောသီချင်း ကာပင်တားစ် (Carpenters) အဖွဲ့၏ ကမ္ဘာရဲ့ ထိပ်ဆုံး (Top of the World) မှစပြီး ထည့်ပေးထားသည်။ နောက်တော့ ယောက်ျားလေးတွေ နှစ်သက်နိုင်မည်ဟု ယူဆရပြီး နားထောင်ရတာလည်း အလွန်လွယ်သည့် Westlife ၏ My Love သီချင်း၊ Backstreet Boys ၏ မင်းကိုယ့်ကို ချစ်နေသရွေ့ (As Long As You Love Me) သီချင်းတွေလည်း ကူးရေးပေးထားသည်။

ဗာနက်ဆာ ကာလ်တန် (Vanessa Carlton) ၏ မိုင်ပေါင်းတစ်ထောင် (A Thousand Miles) သီချင်းမှာ ထိုစဉ်က ကျွန်မ ရေးပေးသည့်အထဲတွင် ခေတ်အမီဆုံးသီချင်းတွေထဲမှာ ပါ၏။ ၂၀၀၂ ခုနှစ်မှာ ထွက်သည့် ဆင်ဂယ်လ် အယ်လ်ဘမ်မို့ပါ။

မောင်သိစေချင်သည့် အကြောင်းအရာတချို့ ရှိလျှင် သီချင်းအောက်ဘက် နေရာလွတ်တွင် မှတ်စုလေးရေးပေးထားသည်။

‘ဗာနက်ဆာ ကာလ်တန်၏မိခင်သည် စန္ဒယားဆရာမ ဖြစ်သည်။ ဗာနက်ဆာသည် အသက်နှစ်နှစ်အရွယ်ကတည်းက စန္ဒယားတီးနိုင်ခဲ့သည်။ မိုင်ပေါင်း တစ်ထောင်သီချင်းဗွီဒီယိုတွင် သူကိုယ်တိုင် စန္ဒယားတီးပြီး သရုပ်ဆောင်ခဲ့သည်’

ခေတ်နောက်ကျနေပြီဟု ထင်ရသော်လည်း ဘယ်တော့မှ မရိုးနိုင်သည့် တယ်ရီဂျက်ခ်စ် Terry Jacks ၏ နေရောင်အောက်က ရာသီများ (Seasons in the Sun) သီချင်းကိုလည်း ရှေ့ပိုင်းတွင် ထည့်ပေးထားသည်။ ထိုသီချင်းက ကမ္ဘာကျော်သည့် သီချင်းဖြစ်သည့်အပြင် စာသားကလည်း ဇာတ်လမ်းတစ်ပုဒ်လို စိတ်ဝင်စားစရာကောင်းပြီး နားထောင်ဖို့ အလွန်လွယ်ကူသောကြောင့် ဖြစ်ပါသည်။ သီချင်းဘေးတွင် တယ်ရီ ဂျက်ခ်စ်၏ ဓာတ်ပုံကို ကပ်ပေးထားသည်။ မူရင်းအဆိုတော်ကို မောင်သိစေချင်လို့ပါ။ မောင်အလွန်ဆုံးသိလျှင် ဝက်စ်တ်လိုက်ဖ်အဖွဲ့ပြန်ဆိုသည့် သီချင်းကိုပဲ သိမှာပေါ့။ သီချင်း၏ အောက်နားတွင် ကျွန်မ လက်ရေးဖြင့် မှတ်ချက်တစ်ခုကို မြန်မာဘာသာဖြင့် ထည့်ရေးပေးထားခဲ့သည်။

‘တယ်ရီဂျက်ခ်စ်သည် မူရင်း ပြင်သစ်သီချင်း Is
Monbond ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆို ခံစားထားခြင်း ဖြစ်သည်။ မူရင်း ပြင်သစ်ဘာသာ၏ စကားလုံးတချို့ကို ပြန်ပြင်ထားသည်။’

ကျွန်မက အပုဒ်ရေ တစ်ရာပြည့်မှ သူ့ကို လက်ဆောင်ပေးမည်ဟု စဉ်းစားထားသဖြင့် အပုဒ် ကိုးဆယ်ပင် မပြည့်သေးသည့် ထိုစာအုပ်ကို ပေးဖို့ စိတ်မကူးသေးခဲ့ပေ။ သို့သော် မွေးနေ့လက်ဆောင်နှင့် ပတ်သက်ပြီး မောင် ဂျီကျနေလေတော့ မပြီးသေးသည့် ထိုစာအုပ်ကိုပဲ အချိန်မတိုင်မီ ကျွန်မ ပေးလိုက်ရ၏။

ထိုစာအုပ်လေးကို တအံ့တဩ ခပ်ရွရွလေး လှန်ကြည့်ရင်း မောင့်မျက်လုံးတွေ တဖြည်းဖြည်း တောက်ပလာတာကို မြင်ရသည့်အခါ ကျွန်မ သိပ်ပျော်သွားခဲ့သည်။ ဂီတာတီးဖို့ ဝါသနာထုံသည့် မောင့်အတွက် တစ်ယောက်တည်း ကြိတ်ပြီး ကူးနေခဲ့သည့် သီချင်းတွေကို မောင်နှစ်သက်သည်ဟု သိရတော့ ကျွန်မဖြင့် ရင်တောင်ခုန်နေခဲ့သေး၏။

“ဟား ကောင်းလိုက်တာမမရယ် မမ တော်တော် စိတ်ရှည်တာပဲနော်”

သူ တဖွဖွပြောလို့ မဆုံးတော့ပေ။

တစ်ညနေတည်းမှာပင် စာအုပ်ထဲက သီချင်းတွေနှင့် ပုံတွေကို တသသ ကြည့်လို့ မဝသလို ထပ်ခါထပ်ခါ ကြည့်နေသည်။

“ကျေးဇူးတင်ပါတယ် မမရယ်။ ဒါမျိုးကမှ မွေးနေ့လက်ဆောင်မမရဲ့၊ အင်္ကျီတို့ ဘောင်းဘီတို့က မွေးနေ့လက်ဆောင်မဟုတ်ဘူး”

ကျွန်မ မှန်ကန်သောလက်ဆောင်ကို ပေးလိုက်မိလေပြီဟု ကြည်နူးသွားရပါသည်။ 

“တောသီချင်းတွေချည်း အော်အော်ဆိုနေမှာစိုးလို့ပါ”

“ဘာလဲ မောင့်မမပန်းနွယ်လိုသီချင်းမျိုး မဆိုရဘူးလား”

ကျွန်မတို့နှစ်ယောက် နှစ်ခြိုက်စွာရယ်မောနိုင်ခဲ့ကြသည့်ညနေခင်းတစ်ခုပေါ့။ 

အထဲက သီချင်းတစ်ပုဒ်တွင် ဩစတြီးယန်းလူမျိုး ပန်းချီဆရာ ဂုစ်တေ့ဗ် ကလင့်(မ်)(တ်)၏ နာမည်ကျော် ပန်းချီလက်ရာဖြစ်သည့် အနမ်း ဟူသည့် ပန်းချီကားပုံကို သရုပ်ဖော်ပုံအဖြစ် ထည့်ထားပေးသည်။ လှပသောရွှေဝတ်ရုံလွှာဖြင့် လွှမ်းခြုံထားသည့် ချစ်သူနှစ်ဦး နမ်းနေသည့်ပုံကို သိမ်မွေ့စွာ ရေးဆွဲထားသည့် ပန်းချီကားဖြစ်သဖြင့် မောင့်ရှေ့မှာ ကျွန်မ ထိုပန်းချီကားစစ်စစ်ကို ကြည့်ရမည်ဆိုလျှင်လည်း ကြည့်ဝံ့ပါလိမ့်မည်။ သို့သော် မောင်က ထိုစာမျက်နှာကို အချိန်ကြာကြာ ကြည့်နေခဲ့ပေမယ့် ကျွန်မကို ထိုပုံအကြောင်း စကားမစပ်ခဲ့ပါ။

သီချင်းက ဘာတီဟစ်ဂင်စ် (Bertie Higgins) ၏ ကာဆာဗလန်ကာ (Casablanca) သီချင်းဖြစ်သည်။ 

တကယ်ဆိုလျှင် မောင်သာ ဉာဏ်နီဉာဏ်နက် သုံးလိုပါက ထိုပန်းချီကားအကြောင်းကို ကျွန်မ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျွန်မအား မေးလို့ရသည်။ ပန်းချီက သာမန်အတိုင်း ဆီဆေးသက်သက်ဖြင့် ရေးဆွဲတာမဟုတ်ဘဲ အီဂျစ်တို့ထံမှရသော နည်းဖြစ်သည်တဲ့။ ရုပ်လုံးကြွ မဟုတ်ဘဲ အပြားလိုက် နံရံဆေးခြယ်သည့်ပန်းချီနည်းနှင့် ရွှေနှင့်အပိုင်းအစများကို ရောထားသော ၁၃ရာစု ဘင်ဇန်တိုင်း ရောမအင်ပါရာခေတ် အနုပညာတို့ကို ပေါင်းစပ်ထားသည့် ထူးခြားသောပန်းချီရေးနည်းဟု ကျွန်မဖတ်ထားသည့်စာတွေကို ရှင်းပြရမှာပေါ့။

သူ ကျွန်မကို ယောက်ျားတစ်ယောက်အနေနှင့် မဟုတ်ဘဲ ထူးဆန်းသော ပန်းချီကို မြင်ရသူ ပရိသတ်တစ်ယောက်အနေနှင့် ထို “အနမ်း” ပန်းချီကားပုံကို မေးပြီး မြူဆွယ်ခွင့် ရှိပါသည်။

ထိုပန်းချီ၏ ထူးခြားဆန်းသစ်မှုက ပန်းချီကို ကြည့်သည့် မည်သူကိုမဆို အခွင့်အရေး ပေးထားပါသည်။ သို့သော် သူ ထို အခွင့်အရေးကို လုံးဝ မယူခဲ့ပါ။

ကျွန်မသည် အခုအခါ မြင်တွေ့နေရသော စာမျက်နှာပေါ်က ဖြတ် ညှပ် ကပ် အနမ်း ပန်းချီကားပုံလေးကို ကြည့်ရင်း ကြည်နူးစွာ ပြုံးလိုက်မိသည်။

အမှတ်တရ ပစ္စည်းများစွာသည် မောင်နှင့်ကျွန်မ အတူ ဖြတ်သန်းခဲ့ရသည့် အတိတ်ကာလတွေပေါ့။ ထိုအတိတ်ကာလတွေထဲမှာ အရုပ်ဆိုးအကျည်းတန်သည့်အရာမျိုး၊ ကိုယ့်ဟာကိုယ် ပြန်မကြည့်ဝံ့မည့်စာမျိုး မပါခဲ့သည့်အတွက် ဂုဏ်ယူရမှာလား။

ဟောတော့။ သူ့ဆီရေးခဲ့သည့်စာတွေရောပဲ။ 

“မောင်ရေ ညတုန်းက မောင့်ကို အိပ်မက်မက်လို့။ မောင် နေကောင်းရဲ့ လား။ အိပ်မက်ထဲမှာ မောင့်မျက်နှာတွေ ညှိုးနေလိုက်တား ညမိုးချုပ်ကို အုတ်ကန်ရေ မချိုးနဲ့နော်။ ဆောင်းတွင်းမှာ
အုတ်ကန်ရေက အေးစိမ့်နေတာ၊ နေ့လည်နေ့ခင်းမှာလည်း ရေတွင်းရေကိုပဲ တိုက်ရိုက်ချိုးပါ။ နောက်ပြီး အဖေ့ကိုလည်း သိပ်ဒေါသမထွက်နေနဲ့နော်။ ဒီအရွယ်အထိ အိမ်ထောင်မပြုဘဲ သားအတွက် အသက်ရှင်ခဲ့တဲ့ အဖေကို မောင် စိတ်မကွက်ရဘူး”

ကြည့်စမ်း၊ စာတွေကို ပြပွဲတစ်ခုသဖွယ် ပေါင်ဖြင့် အလှဆင်ပြီး နံရံမှာ ချိတ်ထားတာပါလား၊ စာတွေ စာတွေ နေ့စွဲတွေနှင့် ကျွန်မ၏စာတွေ၊ အလယ်တန်း ကျောင်းတုန်းကစာ၊ အထက်တန်း ကျောင်းတုန်းကစာ၊ တက္ကသိုလ်တုန်းကစာ၊ ရန်ကုန်မှ ပင်းဝသို့ ရေးသည့်စာ၊ ရန်ကုန်မှ ရေနံချောင်းသို့ ရေးသည့်စာ။ မောင့်ဆီရေးသည့် ကိုယ်ရေးကိုယ်တာစာတွေမှာ ကျွန်မ ပြန်ကြည့်တိုင်း မျက်နှာပူနွေးရမည့် ဆန်းပြားသည့်စာမျိုး မပါသည့်အတွက် ကျွန်မကိုယ်ကျွန်မ ကျေနပ်ရမလား၊ ဟောဒီအခန်းပတ်လည်မှာ ကျွန်မစာတွေ ထောင်နှင့်သောင်းနှင့် ရှိနေပါစေဦးတော့ အဲဒီထဲမှာ အင်ကြင်းဝေ၏ နှလုံးသားကို သူတစ်ပါး မြင်နိုင်မည့်စာ တစ်စောင်မှ မပါခဲ့ပါ။ ကျွန်မ လုံးဝစိန်ခေါ်ခဲ့ပါသည်။ ပေးစာထဲမှာ ဖွင့်ဟ မရေးခဲ့ရုံသာမက ကျွန်မ၏ ကိုယ်ပိုင်မှတ်စုတွေထဲမှာလည်း တစ်ခွန်းတစ်ပါဒမျှ ဖွင့်ဟမရေးခဲ့ပါ။ သေချာလား။ ဟုတ်ကဲ့၊ သေချာပါ။ လုံးဝ သေချာပါသည်။ 

အဲဒီတော့ရော ဘာဖြစ်လဲ။ ဘာဖြစ်သွားမှာလဲ။ ဒီစာတွေကို ကိုဉာဏ်လင်းအောင် ကြည့်လို့ရတယ်လေ။ မြန်မာစာဖတ်တတ်သူတိုင်း ကြည့်လို့ရတယ်။ အဲဒီမှာ မြင်ကြရမှာပေါ့။ ကျွန်မရဲ့ ရိုးသားဖြူစင်သည့်မေတ္တာကို မြင်ကြရမှာပေါ့။

တွေ့လားမောင်။ မောင့်အပေါ်မှာ ကျွန်မ ဖြူစင်တဲ့မေတ္တာနဲ့ ချစ်ခဲ့တယ်ဆိုတာ လက်တွေ့ တွေ့ပြီမဟုတ်လား။ သို့သော် ကျွန်မ အာရုံထဲမှာ တစ်နေရာရာဆီကနေ မောင့်ရယ်သံကို ကြားလိုက်ရသလိုပဲ။

မောင့်ရယ်သံ တိုးတိုး ဖွဖွ။ မထီတထီ ခနိုးခနဲ့ ရယ်လိုက်သည့် အသံမျိုး။ အသံသိပ်မထွက်ဘဲ မရယ်ဖို့ ထိန်းချုပ်ထားရင်းက ရယ်လိုက်မိသည့်ရယ်သံမျိုး။

အဲဒီတော့ဘာဖြစ်လဲမမရဲ့။ အဲဒါကို ဘယ်သူက ဂရုစိုက်မှာမို့လဲ။

မောင် သရော်လိုက်တဲ့အသံလားလို့။ ကျွန်မ ရင်ထဲက လှိုက်ဟာစွာ ပူနွေးသွားသည်။ 

တန်လို့လား။ ကျနော်တို့နှစ်ယောက်ရဲ့ တစ်ဘဝလုံး စိတ်မချမ်းမြေ့မှုတွေနဲ့ လဲယူရလောက်အောင် အဲဒီဂုဏ်သိက္ခာက တန်လို့လား။ တန်တယ်လို့ထင်လား။

မောင်ကများ မေးလာခဲ့ရင်...၊ ကျွန်မ မသိတော့ပါဘူးမောင်ရယ်။

---

(အခန်း ၂၃ ဆက်ရန်)

#ဂျူး
#ဆုံနေရက်နဲ့လွမ်းလေခြင်း

#shared_by_louis_augustine
#sbla

Comments