ဆုံနေရက်နဲ့လွမ်းလေခြင်း (အခန်း ၂၃) // ဂျူး

ဆုံနေရက်နဲ့လွမ်းလေခြင်း (အခန်း ၂၃) // ဂျူး

---

(၂၃)

ကျွန်မ မောင့်ကို စိုက်ကြည့်နေခဲ့သည်မှာ တစ်နာရီမက ကြာခဲ့ပြီ။ အပြင်ဘက်မှာ အမှောင်ထုလွှမ်းမိုးနေ၏။ ကောင်းကင်ကို အခန်းထဲမှ တစ်ဝက်တပြက် လှမ်းမြင်ရသလောက်တော့ ကြယ်ရောင်ပျပျသာ လင်းလျက် လကို လုံးဝမမြင်ရ၊ လကွယ်ခါနီးလပဲ။ ညဉ့်နက်မှ လထွက်မှာပေါ့။ သူတို့ ပြင်သစ်အခေါ်ကတော့ ဒီလိုလမျိုးကို လအဟောင်း vieille line တဲ့။ လပြည့်ကနေလွန်ပြီး တဖြည်းဖြည်း ပြန်ငယ်သွားတဲ့လေသတဲ့။ ဒီတော့ အခု ဇူလိုင်၆ရက်နေ့ည မောင့်မွေးနေ့ညမှာ ညဉ့်နက်နက်မှာ ကျွန်မ အပြင်ထွက်ရင် လအဟောင်းကို တွေ့ခွင့်ရမည်။

အခုတော့ မောင့်ထံမှ တယ်လီဖုန်းကို စောင့်နေရင်း စားပွဲပေါ်မှာ ထောင်ထားသော မောင့်ဓာတ်ပုံကို ကျွန်မ စိုက်ကြည့်နေပါသည်။ ဒီဓာတ်ပုံက ကျွန်မ ဘယ်နေရာသွားသွား ပါလာမြဲ ဓာတ်ပုံလေးပါ။ အနံငါးလက်မ အလျားခုနစ်လက်မ အရွယ်ပါ။ မှန်ပေါင်ဆိုလျှင် ခရီးဆောင်သယ်ရတာ လေးမှာစိုးလို့ တွဲမှာစိုးလို့ ဂျပ်စက္ကူပေါ့ပေါ့လေးနှင့် ပေါင်သွင်းထားသည့် ဓာတ်ပုံ။

မောင်က ကျွန်မကို ပြုံးမယောင်ယောင် နှုတ်ခမ်းပါးလေး ကော့ပျံလျက် မပြုံးသလို ပြုံးသလို မထိတထိ မျက်လုံးတို့ဖြင့် စိုက်ကြည့်နေသည်။ ကျွန်မအိမ်ကို လာတုန်းက ကျွန်မ ရိုက်ထားခဲ့သည့် ဓာတ်ပုံ၊ ကင်မရာအလွယ်တကူမရှိလို့ အံဆွဲထဲအထိလည်း သွားရှာမနေနိုင်တော့လို့ စိတ်ကူးရတုန်း တယ်လီဖုန်းဖြင့် အမှတ်မထင် ရိုက်ယူလိုက်သည့်ပုံ။

ကျွန်မတို့ ထိုအချိန်က ထမင်းစား စားပွဲမှာ ထိုင်နေကြသည်။ မောင်က ကော်ဖီသောက်ချင်သည်ဆိုလို့ မောင့်အတွက် ကော်ဖီဖျော်မည်ပြုတုန်း မောင်က ဘာစိတ်ကူးပေါက်သည်မသိ။ စားပွဲပေါ်သို့ လက်ဖျံနှစ်ဖက်ကို တစ်ခုနှင့်တစ်ခု ယှက်လျက်သား အလျားလိုက်ချပြီး လက်ဖမိုးတစ်ခုပေါ်မှာ မေးတင်လျက် ကျွန်မကို လှမ်းကြည့်နေခဲ့သည်။ မောင့်မျက်လုံးတွေကသာ ကျွန်မ၏ လှုပ်ရှားမှုနောက်သို့ လိုက်ပါကြည့်နေသော်လည်း မောင့်မျက်နှာက လုံးဝနေရာမရွှေ့ မောင့်ဦးခေါင်းက လုံးဝ နေရာမရွှေ့။ ပျင်းတွဲ ဖြေဖြေလျော့လျော့ ထိုဟန်အမူအရာလေးကို ကျွန်မက ကြည့်ရင်းနှင့် ချစ်သွားကာ အနားမှာ အလွယ်တကူ ရှိသည့် တယ်လီဖုန်းကို ကိုင်လျက် ချိန်လိုက်သည်။

“မောင် မလှုပ်နဲ့နော် အဲဒီအတိုင်းနေ”

မောင်က မလှုပ်ပါ။ အနည်းငယ်တော့ ရယ်ချင်သလို ပြုံးယောင်သန်းသွားသည်။

“မရယ်နဲ့”

မရယ်နဲ့ဟုပြောတော့ သူ မရယ်ပါ၊ သို့သော် မနေတတ်တာကို အတင်း မာန်တင်းထားသဖြင့် ရယ်ချင်သလို မထိတထိ နှုတ်ခမ်းလေးတော့ ကော့ပျံသွားလိုက်သေး၏။

အဲဒီပုံလေးသည် ကျွန်မ ရိုက်ကူးခဲ့သမျှ မောင့်ပုံတွေထဲတွင် ရှောင်တခင်မို့ သဘာဝ အကျဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး ဖြစ်လာခဲ့သည်။

မောင် ယုံနိုင်ပါ့မလား။ ထိုဓာတ်ပုံကို ကျွန်မ ကော်ပီများစွာ ကူးထားသည်။ သေးသေးလေးတွေ၊ ကြီးကြီးလေးတွေ၊ ကျွန်မ၏ မှတ်စုစာအုပ်ထဲမှာ။ ကျွန်မ၏ တစ်နှစ်တာ အစီအစဉ်တွေမှတ်သည့် planner စာအုပ်ထဲမှာ၊ နောက်ပြီးတော့ ကျွန်မ၏ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ။ မေမေ တွေ့သွားနိုင်သည့်နေရာတွေ ဖြစ်လျှင်တောင် ကျွန်မ မထိန်းချုပ်တော့ပါ။ မေမေ မေးလာလျှင်လည်း ဖြေလိုက်ရုံပါပဲ။ ဟုတ်ပါတယ်မေမေ။ လူက အင်ကြင်းအနားမှာ မရှိတော့ပါဘူး။ ဓာတ်ပုံလေးပဲ ကျန်ပါတော့တယ်လို့။

မောင် ဘယ်အချိန်မှာ ဖုန်းဆက်လာလေမလဲ။ ညနေက ကိုဉာဏ်လင်းအောင် ပြောတာတော့ စာတမ်းကို လက်ခံရရှိပြီးပါပြီ။ ညကျရင် ဖုန်းဆက်မယ်လို့ပြောပါတယ် တဲ့။ 

မောင့်ဖုန်းနံပါတ်ကို ကိုဉာဏ်လင်းအောင်က စားပွဲပေါ်က မှတ်စုစာအုပ်တွင် ရေးပေးထားသော်လည်း ကျွန်မ မခေါ်ပါ။

မနက်တုန်းကတော့ ဒင်းကတောင် ငါ့ကို ထားခဲ့သေးတာ ဟု မာနဖြင့် မခေါ်ခဲ့တာ။ အခုညကျတော့ ခေါ်ရမှာ အားနာနေမိတာပါ။ လေးနှစ်လုံးလုံး ကျွန်မကိုမတွေ့ချင်လို့ သို့မဟုတ် မတွေ့သင့်တော့ဘူးထင်လို့ ခြေရာဖျောက် ပုန်းကွယ်နေခဲ့သူကို ကျွန်မက ဖုန်းနံပါတ်သိလိုက်လို့ ခေါ်လိုက်ရင် သူ့ ကိုယ်ရေးကိုယ်တာကို ချဉ်းနင်း ချိုးဖောက်ရာ ကျလေမလားဟု ကျွန်မ တွေးမိသွားလို့ပါ။

မောင် ဘာဖြစ်သွားခဲ့သည်ဆိုတာ အခုတော့ ကျွန်မသိပြီ ဟု ထင်ပါသည်။

တယ်လီဖုန်းကို စောင့်နေသည့်အချိန်မှာ ကျွန်မ၏နှလုံးက တဒိတ်ဒိတ်ခုန်သံသည် တိုးဖျော့နေသည်။ ခွန်အားမရှိသည့် နှလုံးခုန်သံ။

သူ့အသံကို ကျွန်မ စောင့်နေသည်။ ခုတင်ပေါ်မှာ အသာလဲလျောင်းနေရင်းက အားမလိုအားမရဖြစ်ကာ ထထိုင်ပြီး စောင့်ခဲ့၏။ ပြီးတော့ စားပွဲအနီးသို့ ကိုယ်ကို တိုးကပ်ပြီး ခေါင်းအုံးပေါ် တတောင်ထောက်ကာ ထိုင်တစ်ဝက် လှဲတစ်ဝက် အနေအထားဖြင့် စောင့်နေခဲ့၏။

မောင် ဘယ်တော့ ဖုန်းဆက်မှာလဲ။ ခုတင်ခေါင်းရင်းက တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သည်။ ညကိုးနာရီ ထိုးတော့မည်။ ခုတင်ခြေရင်းမှာတော့ စီကာဒါ ပုရစ်ရုပ်လေး။

လေအဝှေ့တွင် ပန်းရနံ့က အခန်းထဲသို့ လွင့်ခနဲ တိုးဝင်မွှေးကြိုင်လာ၏။ လာဗင်ဒါက စိတ်ကို ကြည်လင်စေသည်။ နောက်ပြီး အကောင်းမြင်စိတ်ကို ပေးသည်။ ထို ပန်းရနံ့ကြောင့် ကျွန်မ စိတ်လန်းဆန်းသွားပြီး သူ ကျွန်မဆီ တယ်လီဖုန်း ဆက်ကို ဆက်မှာဟု ယုံကြည်စိတ် ဝင်သွားသည်။ 

တယ်လီဖုန်းမြည်သံ... ။

ဟုတ်ပါသည်။ တယ်လီဖုန်းမြည်သံ။ တိတ်ဆိတ်သော အခန်းထဲမှာ တယ်လီဖုန်းမြည်သံကို မျှော်လင့်နေခဲ့သော်လည်း တကယ်မြည်လာသည့်အခါ ကျွန်မ ပျာရာခပ်သွားပါသည်။

သူပဲဖြစ်မှာ။ ဒီမှာ ကျွန်မကို ဖုန်းဆက်မည့်သူမှ မရှိတာ ချက်ချင်းကိုင်ရမလား။ နည်းနည်း အချိန်စောင့်ရဦးမလား။ တွေးနေဆဲမှာလက်က ဖုန်းခွက်ဆီသို့ ကိုင်မိပြီးနေပြီ။

“မမလား”

မောင်။ မောင့်အသံကို ကြားရပြီပေါ့။

လပေါင်းများစွာ မျှော်လင့်နေခဲ့သည့်မောင့်အသံကို အခုတော့ ကျွန်မ ကြားရပြီ။

“မမ”

မောင့်အသံကိုကြားရတော့မှ သူ့အသံကို ဘယ်လောက်ထိ တမ်းတနေမိသလဲဆိုတာ သိသွားသည်။ နှလုံးသားထဲက သွေးကြောမျှင်တွေထဲက တစိမ့်စိမ့်စီးဆင်းနေတဲ့ သွေးတွေထဲကနေ တမ်းတနေမိခဲ့တာပါ။

မောင်ဟု ခေါ်မည့်နှုတ်ခမ်းကို တစ်စုံတရာက ထိန်းချုပ်ထားလိုက်သည့်အခါ လွယ်ကူသောစကားလုံးတစ်ခုသာ လွှတ်ခနဲ ထွက်သွားပါသည်။ 

“ဟဲလို”

“မမ နေကောင်းတယ်နော်”

ကျွန်မ စိုးရိမ်ထားခဲ့သလို စိမ်းကား အေးစက်မှုမပါ။ ခါတိုင်းလိုပင် နွေးထွေးနူးညံ့သည့် နှုတ်ခွန်းဆက်စကား။ ကျွန်မ ချစ်မြတ်နိုးခဲ့ရသည့် မောင်လေးပါပဲ။ ဘာမှ မပြောင်းလဲသော အသံပါ။ မနေ့ကအထိ ပုံမှန် နေ့စဉ် တွေ့နေခဲ့ကြသူနှစ်ယောက် ကြားထဲက နှုတ်ခွန်းဆက်စကားမျိုးအတိုင်းပါပဲ။

နေကောင်းပါတယ်။ ကျွန်မအသံက လုံးဝမထွက်လာပါ။ ရင်ထဲက တလှပ်လှပ် တုန်လာပြီး တစ်ကိုယ်လုံး နွမ်းခွေလာသည်။

ဘုရား ဘုရား။ ကျွန်မ မျက်ရည်တွေတွေ ကျနေမိပါရောလား။ မင်း မမကို ဒဏ်ပေးပုံ ရက်စက်လှချည်ရဲ့ မောင်ရယ်။

“ကျွန်တော် မမရဲ့ အလုပ်ကို နှောက်ယှက်မိတာ တောင်းပန်ပါတယ် မမ”

ကျွန်မ ခေါင်းကို ခပ်သွက်သွက်ခါယမ်းလိုက်မိ၏။

“မမ”

ကျွန်မ ကိုယ့်ကိုယ်ကို ရင့်ကျက်လှပြီဟု ထင်ခဲ့တာ။ အခုတော့ လုံးလုံးကို မှားယွင်းနေပါပြီကော။ ကျွန်မ၏ လည်ချောင်းတွေ နာကျင်လာသည်။ နှုတ်ခမ်းတွေက စကားပြောလို့ မရအောင် တဆတ်ဆတ်တုန်လာကြသည်။ ပိုဆိုးတာက ကျွန်မ၏ ရင်ထဲက လှိုက်တက်လာသော ဆို့နင့်မှုကို ဘယ်လိုမှ မထိန်းနိုင်၊ ကျွန်မ၏ ရှိုက်သံတို့ကို ကျွန်မ မထိန်းနိုင်။

“မမရေ”

ဟင့်အင်း။ ကျွန်မ စကားပြောလို့မရပါဘူး။

ကျွန်မ ကလေးငယ်တစ်ယောက်လိုပင် ဝမ်းပန်းတနည်းငိုကြွေးမိတော့သည်။ 

“အော် မမရယ်” 

မင်းက အခုမှ မမနေကောင်းလားလို့ မေးရသလား။ မမကဖြင့် မင်းအတွက် စိတ်ပူလိုက်ရတာ ဘယ်နှရက် ဘယ်နှလရှိပြီလဲ။ ပြီးတော့ လွမ်းလိုက်ရတာ နံနက်ခင်းပေါင်း များလှပြီ။ 

“ကျွန်တော် စိတ်ပူလိုက်တာ။ မမ အဆင်ပြေ
ရဲ့လား”

သူ့အသံမှာ စိုးရိမ်မှု ရောစွက်လာသည်။ မင်းမရှိတဲ့ ကွက်လပ်ကလွဲလို့ မမဘဝမှာ အစစအရာရာ အဆင်ပြေပါရဲ့၊ စကားပြန်ပြောဖို့က ကိုယ့်ရှိုက်သံကို ကိုယ် ထိန်းချုပ်နေရလို့ တော်တော်နှင့် အသံမထွက်ပါ။

“ကျွန်တော်လိုက်လာဖို့လိုလားမမ” 

ဟင်။ လိုက်လာဖို့လိုလား။ အခုမှ... ၊ ဘာအတွက်လဲ။

“ရတယ်”

အခုတော့ အသံကို မထိန်းနိုင်သေးပေမယ့် စကားသံ ထွက်သည်အထိတော့ ကျွန်မ ကြိုးစားယူလို့ရသွားပါပြီ။ 

“ကျွန်တော် မမကို တောင်းပန်ပါတယ်။ မမရဲ့ စာတမ်းအပေါ် အထင်မှားမိတဲ့အတွက်ရယ်” 

ကျွန်မ ခေါင်းခါယမ်းလိုက်မိပြန်သည်။

“ဟင့်အင်း”

ကျွန်မက ခုတင်ပေါ်မှာ ဒူးကွေးထောက်လျက်သား ထိုင်ပြီး စကားပြောနေရာကနေ ကျုံ့ကျုံ့ထိုင်သည့် အနေအထားသို့ ပြောင်းလိုက်သည်။ 

“ပြီးတော့ မမကို ကြားကဖြတ်ပြီး ခေါ်ထားမိတဲ့ အတွက်ရယ်”

သူ၏ နေ့စဉ်တွေ့နေကျကဲ့သို့ မထူးခြားသည့် ပုံမှန်အသံကြောင့်လားမသိ ကျွန်မ နေရထိုင်ရတာ နည်းနည်းတော့ ပေါ့ပါးလာသည်။ ကြားကဖြတ်ပြီး ခေါ်ထားတယ်ဆိုတဲ့ စကားလုံးထက် ပိုသင့်တော်တဲ့ စကားအသုံးအနှုန်းရှိတယ်။ ပြန်ပေးဆွဲတယ် ဆိုတဲ့စကားလုံး။ ဒါပေမယ့် မောင်ရေ ပြန်ပေးဆွဲခံရတဲ့ ဓားစာခံတွေထဲမှာတော့ ကိုယ်က အဆင့်အမြင့်ဆုံး ထင်တာပဲ။

ကျွန်မအတွေးဖြင့်ကိုယ့်ဟာကိုယ် ပြုံးမိသည်။ အခုတော့ ကျွန်မ ပြုံးတောင် ပြုံးနိုင်ပါပြီ ကောလား။

“မနက်ဖြန်ကျရင် ဉာဏ်လင်းအောင်က မမကို မာဆေးထိ ပြန်လိုက်ပို့ပေးပါလိမ့်မယ်။ ကျွန်တော် ရိုင်းသွားခဲ့တဲ့အတွက် ခွင့်လွှတ်ပါနော်မမ”

ကျွန်မ ပါးပေါ်က မျက်ရည်စတွေကို လက်ဖမိုးဖြင့် ကမန်းကတန်း သုတ်ဖယ်ပစ်လိုက်သည်။ ကျွန်မ တစ်ခုခုတော့ ပြန်ပြောရလိမ့်မည်။ သို့သော် ဘာစကားပြောရပါ့။ ပြောချင်တာတွေများပြီး မပြောသင့်သည့်စကားတွေချည်း ဖြစ်နေလေသည်။

မင်း အခု ဘယ်မှာ ဘာလုပ်နေတာလဲ။ အခု ဘယ်သူနဲ့နေလဲ။ မင်း ဘယ်လိုလုပ်ပြီး ပြင်သစ်ကို ရောက်လာတာလဲ။ မင်းမမကို ဘာဖြစ်လို့ ပြတ်ပြတ်တောက်တောက် ဖြတ်ပစ်ခဲ့လဲ။ သို့သော် ကျွန်မ ဘာမေးခွန်းမှ မမေးဖြစ်ပါး

“မမ တစ်ခုခု ပြောပါဦး”

သူ့အသံ မပြောင်းဘူးလို့ ထင်နေတာ။ ပြောင်းတာပေါ့။ သူ့အသံသည် တည်ငြိမ်ရင့်ကျက်သော လူကြီးတစ်ယောက်၏အသံ ဖြစ်နေပြီပဲ။ ကျွန်မနှင့်ဝေးနေသည့် လေးနှစ်ကာလကို သူ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ကျွန်မ သိချင်လိုက်တာ။

“ပျော်ရွှင်စရာမွေးနေ့ပါ”

ရည်ရွယ်မထားဘဲ အင်္ဂလိပ်လို နှုတ်ခွန်းဆက်လိုက်မိ၏။ ဒီနေ့ကစပြီး မေတ္တာတွေနဲ့ လွှမ်းခြုံပေးလိုက်ပြီမို့ တစ်နှစ်ပတ်လုံး လုံခြုံနွေးထွေးစွာ ချမ်းမြေ့ပါစေဟု ကျွန်မ ဆုတောင်းလို့ မဖြစ်တော့ပါ။ ကျွန်မမေတ္တာကို မောင်က မလိုချင်တော့ဘူးဆိုမှတော့။ ကျွန်မမေတ္တာသည် မောင့်အတွက် ပင်ပန်းဆင်းရဲခြင်း အထိ ဖြစ်ခဲ့ပြီဆိုမှတော့။ ကျွန်မ မေတ္တာသည် မောင့်အတွက် ပူလောင် ကျွမ်းမြေ့စေခဲ့ပြီ ဆိုမှတော့။

“ကျေးဇူးတင်ပါတယ်မမ”

မောင့်အသံမှာ သူစိမ်းဆန်သည့်အရိပ်တွေလား။ မောင် တော်တော်နှင့်စကားမပြောဘဲ ငြိမ်နေခဲ့သည်။ မောင့်ဘက်က နောက်ဆုတ်လိုက်ပေမယ့် ကျွန်မဘက်ကနဂိုအနေအတိုင်း ချစ်လှစွာသောအစ်မအဖြစ် ရှိသေးသည်ဆိုကာ မောင့်ကို ပြောချင်သည်။

“မောင်သက်ဝေအတွက် မွေးနေ့လက်ဆောင်ကို ရန်ကုန်အိမ်မှာ ထားခဲ့တယ်။ ခါတိုင်းနှစ်တွေတုန်းက မွေးနေ့လက်ဆောင်တွေကို သိမ်းပေးထားတဲ့ နေရာမှာပဲ မမ ထားခဲ့တယ်” 

ကျွန်မ ဝါကျတစ်ခုချင်း အားယူပြီး ပြောလိုက်ပါသည်။

“ကျွန်တော် လာမယူတော့ဘူးလေ မမ”

သူ့အသံက တိုးတိုးငြင်သာ။ ကျွန်မမခံသာမည့် စကားကို ကျွန်မ ခံသာမည့် လေယူလေသိမ်းဖြင့် နူးနူးညံ့ညံ့ တောင်းတောင်းပန်ပန် မောင် ပြောတတ်ပါပေသည်။ ကျွန်မ ရင်ထဲမှာ ကျင်ခနဲ နာသွားသည်။

“မမ သိပါတယ်”

မမရဲ့ အသိစိတ်ထဲမှာ၊ မသိစိတ်ထဲမှာ၊ မမရဲ့နှလုံးသားထဲမှာ ဇူလိုင် ၆ ရက်နေ့ဟာ မောင့်မွေးနေ့ဆိုတာကို မေ့ပျောက် မသွားမချင်း မောင့်အတွက် မွေးနေ့လက်ဆောင်တွေ မမ ဝယ်ပြီး သိမ်းထားပေးနေဦးမှာပါပဲ။

ထိုစကားကိုတော့ ကျွန်မ မပြောလိုက်တော့ပါ။ သို့သော်ကျွန်မရင်ထဲက စကားသံကို မောင် ကြားလိုက်ဟန်တူသည်။ ပင့်သက်ရှိုက်သံကို သဲ့သဲ့ကြားလိုက်ရသည်။

ကျွန်မ စကားတစ်ခွန်းအတွက် မောင်လေး အနေရမခက်ပါစေနှင့်။ ကျွန်မ ရှေ့မှာ မထိတထိ ပြုံးနေသည့် မောင့်ကိုသာ ငေးစိုက်ကြည့်မိသည်။ ဟောဒီမောင့်ကိုတော့ မမ ပိုင်ဆိုင်တယ်နော်။ စားပွဲမျက်နှာပြင်နှင့်တန်းလျှက် လက်ထောက်ပြီး ဆန့်ချထားလျက် ထိုလက်ဖမိုးတွေပေါ်မှ မေးထောက်ပြီး ကြည့်နေသောမောင်၊ ဒါကတော့ ကျွန်မ ဘေးမှာ အမြဲလိုက်ပါနေမည့်မောင်။

“လာဗင်ဒါပန်းတွေက သိပ်လှတာပဲ”

မောင့်ကို ပြောချင်တာတွေ ပြောလို့မရတော့ ဘာမှ အဆက်အစပ်မရှိပေမယ့် အန္တရာယ်ကင်းသော စကားကိုသာ ပြောဖြစ်တော့သည်။ ရှိုက်သံတစ်ဝက်တပြက်ဖြင့် ပြောလိုက်သည့်စကားမို့ ကျွန်မ ကိုယ့်ကိုယ်ကို အားမရပါ။ ကျွန်မ မရင့်ကျက်သေးဘူးနော်။ 

ထိုအခါ တစ်ဖက်က ခပ်ဖွဖွ ရယ်မောသံကို ကြားလိုက်ရသည်။

“မမက အဆက်အစပ်မရှိတဲ့စကားကို ရွေးပြောတော့ ကျွန်တော်လည်း အဆက်အစပ်မရှိတဲ့စကားကို ပြောဦးမယ်။ ကွန်ဂရက်ကျူလေးရှင်းစ် မမ။ မမရဲ့ စာတမ်းက သိပ်ကောင်းတာပဲ။ ကျွန်တော် ညနေက ထိုင်ဖတ်နေခဲ့တာ”

“ အော်”

ကျွန်မစာတမ်းကို သူ ကြိုက်သတဲ့လား။ ကျွန်မ၏ကလေးကဗျာအကြောင်းစာတမ်းကို မောင် ကြိုက်သည်ဆိုတော့ ကျွန်မ ကြည်နူးသွားပါသည်။ ထိုစာတမ်းကို ပြုစုနေသမျှ တစ်ချိန်လုံးတွင် မောင့်ကိုချည်း အရွယ်စုံအဖြစ် မြင်ယောင်နေခဲ့တာကိုတော့ မောင့်ကို ပြောမပြတော့ပါ။ သည်စာတမ်းသည် မောင့်ကိုချစ်သည့် အချစ်၏ အထိမ်းအမှတ်တစ်ခုပါ။ အခုမှ ချစ်ရသည့်မောင် မဟုတ်။ ကလေးဘဝအရွယ်ကတည်းက ချစ်ခဲ့ရသည့် မောင်သက်ဝေလေးအတွက်။ နောင်မွေးဖွားလာမည့် မောင်သက်ဝေ လေးပေါင်းများစွာအတွက်ပါ။

“မမ ပါဝါပွိုင့်ဆလိုက်တော့ မသုံးတော့ဘူးလား”

“ကဗျာအကြောင်းဆိုတော့ ကဗျာစာလုံးတွေကိုတော့ ဆလိုက်ထဲမှာ ပြမလားလို့ စဉ်းစားထားတယ်။ အကုန်တော့ မထည့်ရသေးဘူး”

“မမကို ပထမဆုံးအကြိမ် ဆရာလုပ်ကြည့်ချင်တယ် ရမလား”

ပထမဆုံးအကြိမ်တဲ့။ ဟုတ်လား။ မင်းမမကို တစ်ခါမှ ဘာအတွက်မှ ဘာအကြံဉာဏ်မှ မပေးခဲ့ဘူးလား၊ ကျွန်မ ပြန်တွေးကြည့်မိသည်။ သူ မှန်ပါသည်။ အမြဲတမ်း ကျွန်မကချည်း အကြံပေးသူပါ။

“အေး”

ကျွန်မ ဝမ်းနည်းလှိုက်ဟာမှုတွေ နည်းနည်း သက်သာသွားပြီး ပုံမှန် စကားပြောနိုင်သွားပါသည်။ 

“မမ မင်းသုဝဏ်ရဲ့ ဓာတ်ပုံတို့ ငွေတာရီရဲ့ ဓာတ်ပုံတို့ တင်မိုးရဲ့ ဓာတ်ပုံတို့ ထည့်ပြီး ပါဝါပွိုင့်ဆလိုက်လေးတွေနဲ့ ပြရင် ဘယ့်နှယ်လဲ။ သူတို့မွေးဖွားရာ နယ်ရဲ့ ဓာတ်ပုံလေးတွေရောပေါ့”

“အင်”

ကျွန်မ တစ်ချက်တွေခနဲ ဖြစ်သွားသည်။ 

“သူတို့ ကဗျာဆရာတွေကို မြင်ရဖို့ စိတ်ဝင်စားမှာပါ”

အင်း ဖြစ်နိုင်ပါသည်။ ကျွန်မတို့၏ ကဗျာဆရာကြီးများ ကဗျာဆရာမကြီးများနှင့် သူတို့ မွေးဖွားကြီးပြင်းရာ တောနယ်၏ သဘာဝများကို ထည့်လို့ရတာပဲလေ။ ဟုတ်ပါတယ်။ 

“ဥပမာ မမရယ် မမရေးထားတဲ့ ဝင်္ကပါဆိုတဲ့ကဗျာအကြောင်းဆိုရင် အဲဒီကဗျာရဲ့ မူရင်းသရုပ်ဖော်ပုံလေးရှိတယ်လေ။ မမ သိမှာပါ”

“အင်း ဦးဘရင်ကလေးရဲ့ သရုပ်ဖော်ပုံလေး”

“အဲ ဟုတ်တယ်မမ အဲဒါလေးနဲ့ပြလိုက်ရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော် ခံစားရတယ်။ ကလေးငယ်လေးရဲ့ ဟန်လေးကလည်း ချစ်စရာလေး၊ လက်ရေးကလည်း ရှေးလက်ရေးမူနဲ့မို့ ထူးခြားနေတယ်လို့ မမ မထင်ဘူးလား”

“သိပ်ကောင်းတာပဲ”

ကျွန်မ အံ့ဩတကြီး ကျေနပ်သွားသဖြင့် ခပ်တိုးတိုး ပြောမိသည်။ ကျွန်မအသံက ရှိုက်သံပါးလျက် အနည်းငယ် ငြိမ်လာပါသည်။

“ကျွန်တော် ဒီမှာ အနေကြာလာတော့ လွမ်းတဲ့အရာတွေထဲမှာ ကဗျာတွေပါတယ်မမ။ မမ ကျွန်တော့်ကို အတင်းအတင်း ပေးဖတ်တဲ့ကဗျာတွေလေ။ အဲဒီကဗျာတွေက အခုတော့ ကျွန်တော့်အတွက် သိပ်ကောင်းတဲ့ ဘဝခရီးဖော်တွေ ဖြစ်လာပြီ”

"အော်”

မောင့်မှာ တခြားခရီးဖော် မရှိသေးဘူး ဆိုတဲ့ အဓိပ္ပါယ်လား။ မမေးနဲ့။ ဘာမှတ်ချက်မှလည်း မပေးနဲ့။ အသာပဲ နားထောင်နေပါ။ ကျွန်မသည် မောင့်ဘဝနှင့် မပတ်သက်တော့သူ ဖြစ်နေပြီဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက်ပါ။ ကျွန်မဘဝထဲကနေ သူ အပြီးအပိုင်ထွက်ခွာသွားလိုက်ပြီ။ သူ ပြန်မဝင်လာတော့ဘူး။ 

“အခု မမနေတဲ့အခန်းက ကျွန်တော့်အခန်း”

သူ့အခန်းဆိုခါမှ အခန်းသည် ကျွန်မအတွက် နွေးထွေးလှိုက်လှဲမှုအတိ ဖြစ်သွားသည်။ ကြည့်စမ်း စောစောက ခြောက်သွေ့နေသည့်အခန်းသည် အခုအခါ အသက်ဝင် လှုပ်ရှားလာပါပြီ ကောလား။ အခန်းနံရံသည် အဝါနုရောင်ဖျော့ဖျော့။ ပြတင်းပေါက်တွေက ပြင်သစ်ရှေးဟောင်းပုံစံ အမိုးခုံးတွေ။ ခန်းဆီးက အဝါနုရောင်ပေါ်မှာ ခရမ်းရောင် လာဗင်ဒါပန်းခက် ကျဲကျဲ ဒီဇိုင်းဖြင့်၊ ခန်းဆီးတွေကို ကျွန်မ ပြတင်းပေါင်အဆုံးထိ ဘေးသို့ ဆွဲဖွင့်ထားသဖြင့် မှန်ကိုဖြတ်လျက် အပြင်ဘက်က လာဗင်ဒါပန်းခင်းကို မြင်နေရသည်။ ညအမှောင် ကြယ်အလင်းအောက်မှာဆိုတော့ ပန်းခင်းသည် အမှောင်သန်းသည့် ခရမ်းရောင် ရင့်ရင့်။ ခင်မောင်တိုး၏ ဝေးခဲ့ပြီပန်းခရမ်းပြာ ဆိုသည့်သီချင်းကို သတိရသွားသည်။

“မမပြန်ရင်ယူသွားဖို့ ကျွန်တော် အမွှေးဆီပုလင်းတွေနဲ့ ရေချိုးဆပ်ပြာရည်ဘူးတွေ ထားပေးခဲ့တယ်မမ။ ပြတင်းပေါင်ကို လှမ်းကြည့်လိုက်”

ပြတင်းပေါင်။ အုတ်နံရံတွင် အုတ်ပေါင်အတိုင်း ထွင်းထားသည့် ပြတင်းမို့ ပေါင်က တစ်ပေလောက်တောင် ကျယ်သည့် အုတ်မျက်နှာပြင်တစ်ခု ဖြစ်နေသည်။ ထိုမျက်နှာပြင်ပေါ်တွင် ပုလင်းလေးတွေ အစီအရီတင်ထားသည်ကို အခုမှ မြင်မိသည်။

“တွေ့လား မမ”

“အင်း”

“အဲဒါတွေအကုန်လုံး မမအတွက်ပဲ။ ရေချိုးကြွေကန်ထဲ ထည့်ဖို့လည်းပါတယ်။ ညအိပ်ရာဝင်မှာ လိမ်းဖို့ အမွှေးဆီလည်းပါတယ်။ အညောင်းအညာပြေမယ်။ အကြောအခြင်တွေ လျော့မယ်။ တစ်နေ့တာ ပင်ပန်းသမျှ စိတ်ဖိစီးမှုတွေ ပျောက်သွားမယ်။ သက်တောင့်သက်သာ ပျော့ပျော့ပျောင်းပျောင်းနေလို့ ရသွားမယ်။ အရေးအကြီးဆုံးက အိပ်မက်လှလှမက်မယ်”

အော်။ 

“မမ မြင်လား။ အသေးဆုံးပုလင်းလေးက လာဗင်ဒါအော်ဒီကိုလုံး။ သူက ရိုးလ်အွန် ပုံစံနဲ့ ထုတ်ထားတာ။ မမ ခေါင်းကိုက်ရင် အဲဒီအနံ့လေးကို ရှူလို့ရတယ်။ ဇက်ကြောကို နည်းနည်း လိမ်းလို့ရတယ်။ သူ့ဘူးထိပ်က အလုံးလေးအတိုင်း အသာလေး လှိမ့်ပွတ်လိုက်ရင်ရတယ်။ သွေးပြန်ကြောရှိတဲ့နေရာကို အကြော အလျားအတိုင်း ပွတ်ဆွဲပေးလိုက် နော်”

သူပြောနေပုံက အရောင်းစာရေးမလေးတစ်ယောက် မျက်နှာလိမ်း ကော့စ်မက်တစ်ကို ဈေးဝယ်သူအား အားတက်သရော ရှင်းပြနေသလိုပါပဲလား။ ကျွန်မ ငိုချင်စိတ်တွေ လျော့သွားပြီး ပြုံးချင်လာသည်။ 

“မင်းလေသံကလည်း အချိုရည်အရောင်း မြှင့်တင်ရေးဝန်ထမ်းကျနေတာပဲ”

မောင်က ပထမဆုံးအကြိမ်အဖြစ် ဟက်ဟက်ပက်ပက် ရယ်လိုက်ပါသည်။

“အခုဟာကတော့ မမကို လက်ဆောင်ပေးနေတာပါ”

“အဲဒီအဆီတွေ ရေမွှေးတွေကို မမ သုံးဖြစ်လိမ့်မယ်လို့ မင်း ဘာဖြစ်လို့ ထင်နေတာလဲ”

“မမ ဘာလိုတယ်ဆိုတာ ကျွန်တော်သိပါတယ်။ မမအတွက် ဘာအမွှေးဆီက အဆင်ပြေမယ်ဆိုတာလည်း ကျွန်တော်သိပါတယ်”

“အလို မင်းက ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ”

“ဘယ်လို သိနိုင်မလဲဆိုတော့ ကျွန်တော်က နာမည်ကြီး ရနံ့ကုထုံးပညာရှင်လေ”

“ဘာရယ်”

သူပြောလိုက်သည့် Aromatherapist ဆိုသော စကားကို ချက်ချင်း နားမလည်လိုက်ပါ"

“ဉာဏ်လင်းအောင် မပြောဘူးလား”

“ဟင့်အင်း”

“ထားလိုက်ပါတော့။ မမ စိတ်ချလက်ချသုံးပါ။ ဒါတွေက ပူးလေးတွေ ကြွက်လေးတွေနဲ့စမ်းသပ်ပြီးသား၊ ဘာအန္တရာယ်မှ မရှိပါဘူး” 

ထို့နောက် နှစ်ယောက်သား တစ်ယောက်ကို တစ်
ယောက် မထိခိုက်မိမည့် စကားကို ရွေးချယ်နေရသဖြင့် တစ်ခါငြိမ်သက်သွားကြပါသည်။

အလုပ်သဘော မေးခွန်းတချို့မေးရမလား၊ မင်း မေမေ့ရဲ့ သုတေသနစီမံချက်ထဲကနေ ထွက်လိုက်ပြီလား။ ဟင့်အင်း။ ဒါ မေးဖို့မလိုဘူး။ သူ ထွက်လိုက်ပြီပဲ။

မနှစ်က ၂၀၀၉ ခုနှစ်မို့ သူနှင့်ရွယ်တူ ကျန်သည့် လူငယ်တွေ အားလုံးကို တွေ့ပြီး ခုနစ်နှစ်အတွင်း ဖြစ်ပျက်သည့် အပြောင်းအလဲများကို မေးမြန်းမှတ်တမ်းတင်ခဲ့သည်။ သူကလွဲပြီး အားလုံးကို ဆက်သွယ် စုံစမ်းလို့ရခဲ့၏။ သူတို့ကတော့ နေရာပြောင်းလျှင်တောင်မှ လိုက်ရှာလို့ရအောင် အဆက်အသွယ်တွေ ကျွန်မနှင့်ကိုလတ်အတွက် ထားပေးခဲ့ကြလေသည်။

ကျန်တဲ့ကလေးတွေနဲ့ အဆက်အသွယ်ရသေးလား။ ဟင့်အင်း။ ထိုမေးခွန်းလည်း မေးဖို့မလိုပါ။ မနှစ်က သူတို့တွေနှင့်တွေ့တော့ ဘယ်သူမှ သက်ဝေအကြောင်းမသိကြပါ။ မိုးမခနှင့် နေမင်းဦးတောင် သက်ဝေ ဘယ်ရောက်နေမှန်းမသိခဲ့ပါ တဲ့။

“မမ ဒီမှာနေတုန်း လိုအပ်တဲ့အကူအညီရှိရင် ဉာဏ်လင်းအောင်ကို ပြောနော်၊ အားနာစရာမလိုဘူး။ ကျွန်တော်နဲ့ သူနဲ့က စီးပွားအတူတူပဲလို့ ပြောလို့ရတယ်။ မာဆေးမှာ လည်ချင်တဲ့နေရာတွေ ရှိရင်”

“စိတ်မပူပါနဲ့။ မမ ဘာမှမလိုပါဘူး မောင်လေး”

ကျွန်မတို့နှစ်ယောက် တိတ်ဆိတ်သွားကြပြန်သည်။ အခု ပြောစရာတွေ ကုန်သွားပြီလား။ သို့မဟုတ် ပြောသင့်သည့်စကားတွေ ကုန်ပြီလား။ ဒါဆိုရင် ပြဿနာက ဘယ်သူက အရင်ဖုန်းချမှာလဲ။ သူက ဆက်လာသည်မို့ သူ ဖုန်းချတာက ပိုပြီး မှန်ကန်လိမ့်မည်။ သူ ဖုန်းအချရ ခက်နေလား။ ကျွန်မကို အားနာနေသလား။ ကျွန်မကပဲ စပြီး ဖုန်းချဖို့ နှုတ်ဆက်လိုက်ရမလား။

တော်တော်လေးကြာသွားမှ သူ ပြောသင့်သည့်စကားကို ရှာမရဘူးဟု ကျွန်မ ရိပ်မိသွားသည်။ ဖုန်းမချခင် ကျွန်မ စပြီး စကားပြောရမည့်အလှည့်ဟု သတ်မှတ်လိုက်ပါသည်။

“ဂါးထရုစတိန်းက ပြောတယ်။ ဘယ်သူကမှ မေးခွန်းတစ်ခုမှ မမေးဘူးဆိုပါစို့။ ဒါဆိုရင် အဖြေက ဘယ်လိုလုပ်ပြီး ရမလဲတဲ့။ ဂါးထရုစတိန်းကို မောင်လေး သိလား”

“မသိဘူး”

“စာရေးဆရာမပေါ့”

“မမ ဘာပြောချင်တာလဲဟင်”

“အော် မမကို မောင်လေး ဘာမေးခွန်းမှ မမေးတော့ဘူးလား”

“ကျွန်တော်”

သူ တွန့်ဆုတ်ဆုတ်လေသံဖြင့် စဉ်းစားနေသည်။ ပြီးတော့မှ “မမေးတော့ပါဘူးမမရယ်” ဟု ပင့်သက်တစ်ရှိုက်ဖြင့် ညည်းပြောပြောသည်။ 

သူ့မျက်ဝန်းတွေ ဝေမှိုင်းသွားမည်ဟု ကျွန်မ စိတ်ကူးယဉ်ကြည့်နေမိသည်။ ဟင့်အင်း။ မဟုတ်သေးပါဘူး။ သူ့ဘေးနားမှာ သူ တယ်လီဖုန်း ပြောအပြီးကို စိတ်မရှည်စွာ မျက်နှာအမူအရာ အမျိုးမျိုးဖြင့် ငြူစူပြပြီး စောင့်နေသော ချစ်စဖွယ် မိန်းကလေးတစ်ယောက်လည်း ရှိနေနိုင်တာပဲနော်။ ထိုအဖြစ်ကို ချစ်စနိုး ပြုံးပစ်လိုက်ချင်သော်လည်း ကျွန်မမှာ ပြုံးဖို့ ခွန်အား မရှိပါ။

“မင်း မမေးပေမယ့် မမကတော့ မေးစရာမေးခွန်းတစ်ခု ရှိတယ်မောင်လေး”

“ကျွန်တော်...မဖြေဘဲနေလို့ ရလားမမ”

သူ ခပ်ဆဆမေးလာတော့ ကျွန်မ နင့်သည်းစွာ ရယ်လိုက်မိသည်။ 

“ရပါတယ်မောင်လေး။ မဖြေဘဲ နေလို့ရပါတယ်။ ဒါပေမယ့် စိတ်မပူနဲ့နော်။ မမ မေးမယ့်မေးခွန်းက မောင်လေးကို ခက်တဲ့မေးခွန်းမျိုးမဟုတ်ပါဘူး မမ ကတိပေးပါတယ်” 

“မေးပါ မမ”

“မောင်လေး မြန်မာနိုင်ငံကို ပြန်လာဖို့ စိတ်ကူးရှိလား”

သူ တိတ်ဆိတ်သွားသည်။ သူ မျှော်လင့်ထားသည်က ထိုမေးခွန်း ဟုတ်ပုံမရပါ။ သူ ဘာမေးခွန်းမျိုးမျှော်လင့်ပြီး စိတ်ကျဉ်းကြပ်သွားသလဲဟု ကျွန်မ ရိပ်မိပါသည်။ ကျွန်မ သူ့တိတ်ဆိတ်မှုကို အခွင့်ကောင်းယူလိုက်ရ၏။ 

“ဖြေစရာမလိုပါဘူးမောင်လေး။ မေးရုံပဲ မေးတာပါ။ အိပ်တော့နော်။ ကောင်းသောညပါ။ ချမ်းမြေ့တဲ့မွေးနေ့မင်္ဂလာပါ။ မောင်လေး ဘဝတစ်လျှောက်လုံးမှာ မေတ္တာအပြည့်နဲ့ လုံခြုံပါစေ” 

ကျွန်မ အသံကို တည်ငြိမ်အောင် အားတင်း ထိန်းချုပ်ပြောပြီးနောက် မဟန်နိုင်တော့သဖြင့် တယ်လီဖုန်းကို လျှင်မြန်စွာ ချလိုက်ရသည်။ 

ထို့နောက် ခေါင်းအုံးပေါ် မျက်နှာမှောက်အပ်လျက် သည်းသည်းထန်ထန် ရှိုက်ငင် ငိုကြွေးမိပါသည်။

---

(အခန်း ၂၄ ဆက်ရန်)

#ဂျူး
#ဆုံနေရက်နဲ့လွမ်းလေခြင်း

#shared_by_louis_augustine
#sbla

Comments