ပိုးဖလံ // ခင်ခင်ထူး
ပိုးဖလံ // ခင်ခင်ထူး
(ရွှေအမြုတေမဂ္ဂဇင်း၊ မေလ၊ ၁၉၉၇)
---
(၁)
ရွှေရောင် ဆိုင်ကယ်လေးကို ကြော့နေအောင် စီးထွက်သွားတဲ့ ခင်အေးချစ်ရဲ့ကျောပြင်ကို ငေးကြည့်ရင်း ဦးစံကွန့် တစ်ယောက် သက်ပြင်းကြီး ဟီးခနဲ ချလိုက်တယ်။ ဦးစံကွန့် ချလိုက်တဲ့ သက်ပြင်းက အသံကျယ်သွားလို့ ထင်ပါရဲ့။ သူ့ယောက္ခမ မဒေါက သူ့ကို မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်တယ်။ ခပ်လှမ်းလှမ်းက မဒေါရဲ့ ယောက်ျား ကိုလှသောင်းကတော့ မသိချင်ဟန် ဆောင်နေတဲ့ပုံကို တမင်ဖမ်းပြီး ဆေးလိပ်သောက်နေတယ်။ ဦးစံကွန့်ကတော့ ဘယ်သူ့ကိုမှ စကား မပြောချင်တာနဲ့ဘဲ သူ့အိပ်ခန်းကလေးထဲ တန်းဝင်ခဲ့တယ်။
အိပ်ခန်းထဲမှာတော့ ခင်အေးချစ်ရဲ့ ထဘီတွေ အင်္ကျီတွေနဲ့ ရှုပ်ပွလို့။ ဟိုတုန်းကတော့ ဒါတွေ သိမ်းဆည်း ပေးရတာကိုပဲ သူ့မှာ ပီတိ ဖြစ်ရလွန်းလို့။ ခင်အေးချစ်ရဲ့ မျက်နှာနုနုကလေးကို တစ်နေကုန် သူ ကြည့်မဝ ဖြစ်ရလွန်းလို့။ ခံခဲ့ပါတယ်။ ခင်အေးချစ်ရဲ့ အနွံအတာတွေ။ ခင်အေးချစ် လိုချင်တာ ပူဆာစမ်း။ သူ့မှာ ဝယ်ပေးချင်လွန်းလို့ လက်တွေကို ယားလို့။ ရှိတဲ့စည်းစိမ် ပြုတ်သွားစမ်းပစေ။ အေးချစ်ကလေး လိုချင်တာ ကိုကိုကြီး ဝယ်ပေးမယ်၊ ဝယ်ပေးမယ်နဲ့ သူ မျက်နှာ ရူးခဲ့မိတာတွေ။ အခုမှ ပြန်တွေးရင်း သူ ရှက်လိုက်တာ။
သားတွေ သမီးတွေ ငိုကြီးချက်မနဲ့ တားရဲ့ကြားက သူ မီးပုံကို ဇွတ်တိုးခဲ့တာ။ ခံဟဲ့ ပိုးဖလံကောင်ကြီးလို့ ဦးစံကွန့်က သူ့ကိုယ်သူ အပြစ်တင်ရင်း ခုတင်ပေါ် လှဲချပစ်လိုက်တယ်။
“အား ...ကျွတ် ...ကျွတ် ...ကျွတ်”
ခါးထဲက မျက်ခနဲ အောင့်သွားလို့ အသာကလေး ဘေးကိုစောင်းလိုက်ရတယ်။ သူ့တစ်ကိုယ်လုံးလည်း ညောင်းညာ ကိုက်ခဲလို့။ ဟိုတုန်းက ခင်အေးချစ် နှိပ်နင်း ပေးခဲ့တာတွေကို သတိရမိတယ်။ အခုများတော့ မခင်အေးချစ်က နှိပ်နင်းပေးဖို့ မပြောနဲ့ သူ့အနားတောင် ကပ်ဖော် မရတော့ဘူး။ ဆိုင်ကယ် လိုချင်တယ်ဆိုလို့ ဝယ်ပေးလိုက်တာ ခင်အေးချစ်ကတော့ အဆင်းဘီးတပ်ပေးလိုက်သလို နားတယ်လို့ မရှိဘူး။
ဦးစံကွန့်ကတော့ ခင်အေးချစ်ကို ဘာမှ မပြောပါဘူး။ သူ့ကိုယ်သူသာ စိတ်တိုနေတာ။ အေးလေ သူ့ပါးစပ်ကြီးက နိမိတ်ဖတ်ခဲ့ မိတာပါ။ ရှိတဲ့စည်းစိမ် အကုန်ပြုတ်ပစေလို့ သူဆိုခဲ့မိတာကိုး။
ခုတော့ သူ့မှာ လူပဲ ကျန်တော့တယ်။ အဲသည် လူကြီးကို ခင်အေးချစ်က လူအိုစော် နံသတဲ့။ သင်း ဗြောင်စော်ကားပုံတွေ။ ဦးစံကွန့်မှာ မျက်ရည်လေး တလည်လည်နဲ့ ခုတင်ပေါ် ကွေးကွေးလေး မှိန်းရင်း နောက်ကြောင်းတွေကို ပြန် စဉ်းစားနေမိတယ်။ သူ့ဘဝကြီးကိုတောင် သူ မယုံချင် ဖြစ်လာတယ်။
အရင်တုန်းကတော့ ဘယ် သည်လို ဟုတ်မတုံး။
(၂)
ဦးစံကွန့်မှာက သားသမီး ၅ ယောက် ရှိတယ်။ အသက်ကလည်း ခြောက်ဆယ်ကျော်လို့ ရှစ်နှစ်တောင် စွန်းနေပြီ။ သည်တော့ သားတွေ သမီးတွေက သူတို့ အဖေကို သည်လို ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ကြဘူး။ အဖေ ဘာလုပ်လုပ် ဘာပြောပြော သည်အတိုင်းပဲ ကြည့်နေကြတာပေါ့။ ကလေးဆိုးကြီး တစ်ယောက်လိုပဲ အလိုလိုက်ထားကြတာ။ ဗြုန်းဆို ခင်အေးချစ်ကို ဦးစံကွန့်က ယူတော့မယ် ဆိုတော့ ငိုလိုက်ကြတာ ဝက်ဝက်ကွဲလို့။ ရှက်တာရော၊ ဖအေ သည်အရွယ်ကြီးကျမှ ဒုက္ခတွေ့မှာ စိုးတာရော၊ ဦးစံကွန့် ပစ္စည်းတွေ ခင်အေးချစ်တို့ ပိုင်းချသွားမှာရော အစုံပါပဲ။
ခင်အေးချစ် ဆိုတာက ဦးစံကွန့် သားအကြီးဆုံးက မွေးတဲ့ မသီတာနဲ့မှ ရွယ်တူလောက်ပဲ ရှိဦးမယ်။ အသက် နှစ်ဆယ်ကျော် အစိတ်ကလေး။ ဦးစံကွန့်တို့ တိုက်ကြီးရှေ့မှာ အကြော် လာကြော် ရောင်းကြရင်း ဝင်လိုက် ထွက်လိုက် လုပ်နေတဲ့ ကလေးမလေး။ ခင်အေးချစ်ရဲ့ အဖေ ကိုလှသောင်းတောင်မှ ရှိလှ အသက် ၅၀ ပေါ့။ ခင်အေးချစ်ရဲ့အမေ မဒေါဆို ကလေးနို့စို့ တစ်ဖက်နဲ့။
ကိုလှသောင်းတို့မှာက မိသားစု ၁၀ ယောက်အိုးကြီး။ တစ်သိုက် တစ်မြုံလုံး သည်အကြော်ဖိုကလေး အားပြု စားနေရတာ။ ဦးစံကွန့်တို့ နောက်ဖေးလမ်းကြားထဲမှာ တဲကလေး တစ်လုံး အနိုင်နိုင် ထိုးနေရတဲ့ ဘဝတွေ။ ဦးစံကွန့်တို့ တိုက်ရှေ့မှာ အကြော် ကြော်ရောင်းဖို့ ခွင့်တောင်းတော့ သနားတာနဲ့ပဲ ခွင့်ပြုလိုက်တာပါ။
မနက်ခင်း ဝေလီဝေမှောင်လေးမှာ ခင်အေးချစ်က ထင်းတောင်းကြီး ရွက်လာပြီး မီးဖိုတယ်။ အဲသည် အချိန်မှာ ဦးစံကွန့်က တုတ်ကောက်ကြီးနဲ့ လမ်း လျှောက်ဖို့ တိုက်ထဲက ထွက်လာပြီ။
“ဟဲ့ ကောင်မလေး ရောက်ပြီလား”
“ဟုတ်ကဲ့ ဘကြီး။ လမ်းလျှောက် ထွက်တော့ မလို့လား။ အပြန်ကျ အကြော် ပူပူလေး စားရအောင် ကျွန်မ ကြော်ထားလိုက်မယ်နော်”
ဦးစံကွန့် လမ်းလျှောက် ပြန်လာရင် ခင်အေးချစ်က အကြော် ပူပူရွရွကလေးကို ပန်းကန်ပြားလေးနဲ့ ထည့်ပြီး အချဉ်ရည်ကလေးနဲ့ တိုက်ထဲ သွားပို့တယ်။ ဦးစံကွန့် မနက်တိုင်း အကြော် ကြွပ်ကြွပ်ကလေးနဲ့ နက်စ်ကော်ဖီ ပြင်းပြင်းလေး သောက်နေကျ။ ခင်အေးချစ်ကလည်း မပျက်မကွက် ပို့နေကျ။
ဦးစံကွန့်က တစ်ရေးတစ်မော အိပ်ပြီး နိုးလာရင် တိုက်အပြင်ဘက် ထွက်ပြီး အကြော်ဖို တဲကလေးထဲ သွားထိုင်နေတော့တာပဲ။ အကြော် လာစားသမျှ လူတွေနဲ့ တစ်နေကုန် လေပန်းလိုက်၊ ရေနွေးကြမ်း သောက်လိုက်။ ခင်အေးချစ်တို့ မောင်နှမ တစ်တွေကို စလိုက် နောက်လိုက်။ ပေးလိုက် ကမ်းလိုက်။
ဦးစံကွန့် သားသမီးတွေက သူတို့အမေ ဆုံးပြီးကတည်းက ဖအေကို အလိုလိုက် ထားကြတာကလား။ ဘယ်သွားသွား ဘာစားစား အဖေ့သဘော။ အဖေ စိတ်ချမ်းသာရင် ပြီးရောပဲ။ သူတို့မှာလည်း သူတို့ ကလေးတွေနဲ့၊ သူတို့ အလုပ်တွေနဲ့ ရှုပ်နေတာ ဆိုတော့ ဦးစံကွန့်ကို ဘယ်ဂရုစိုက် အားပါ့မလဲ။
ဦးစံကွန့်ကလည်း ဘာမှ ပူစရာ မရှိဘူးလေ။ သူ ရှာဖွေထားတာကလည်း မနည်းဘူး မှုတ်လား။ တိုက်နဲ့ ခြံအလွတ် ဦးစံကွန့် နာမည်နဲ့ ဘဏ်မှာ အပ်ထားတာကိုက သိန်းသုံးဆယ်လောက် ရှိတာ။ ဒါပေမဲ့ ဦးစံကွန့် တစ်ပြားမှ ထုတ်မသုံးရပါဘူး။ သားတွေ သမီးတွေက အပြည့်အစုံ ကျွေးမွေးထားတာ။ သည်တော့ ဦးစံကွန့်မှာ ဘာအလုပ်မှလဲ မရှိဘူး။
ဦးစံကွန့် အလုပ်က တိုက်ရှေ့က အကြော်ဖိုမှာ တစ်နေကုန် ထိုင်နေတဲ့ အလုပ်ပဲ ရှိတယ်။ ကြာလာတော့လည်း ခင်အေးချစ်တို့ မိသားစုနဲ့ ပိုပြီး ရင်းနှီးလာခဲ့တယ်။ ပိုပြီး သနားလာခဲ့တယ်။ မလောက်မငနဲ့ စားသောက် နေရတာတွေ၊ အဝတ်မဲ့ အစားမဲ့ ကလေးတွေကို မြင်တော့ ဦးစံကွန့် စိတ်မကောင်းဘူး။ သည်တော့ ပေးမိကမ်းမိတာပေါ့။အထူးသဖြင့် အကြီးဆုံး ဖြစ်တဲ့ ခင်အေးချစ်ကို ဦးစံကွန့် ပိုပြီး ကျမိတယ်။
သည်မှာတင် မျက်စိလျင်တဲ့ မဒေါက အကြံကောင်း ကြံတော့တာပဲ။
(၃)
ပထမဆုံး မဒေါက သူ့ယောက်ျား ကိုလှသောင်းနဲ့ တိုင်ပင်တယ်။ ကိုလှသောင်း ဆိုတာကလည်း ဘာမှ အတွေးအမြင် ရှိတဲ့ ယောက်ျား မဟုတ်ဘူး။ သူ့စိတ်ထဲမှာ သူတို့တစ်တွေ ဆင်းရဲသား ဘဝက လွတ်ချင်တာ တစ်ခုပဲ ရှိတယ်။ ဆင်းရဲတာရှည် လွန်းတော့လည်း ကြံမိကြံရာ ကြံစည်လေသလား မသိဘူး။ ခင်အေးချစ်ကို ဦးစံကွန့်နဲ့ ပိုပြီး နီးစပ်အောင် လုပ်တယ်။ ရေလာမြောင်းပေး စကားတွေ ပြောတယ်။
“ဦးလေး စံကွန့်ရယ်၊ ကျွန်တော်တို့မလဲ ဆင်းရဲတာက တစ်ဖက်၊ ခင်အေးချစ်ကို စိတ်ပူရတာက တစ်ဖက်နဲ့ စိတ်ရှုပ်ပါတယ်ဗျာ။ အခုလည်း ကြည့်လေ အကြော်ရောင်း ထွက်သွားတာ နေစောင်းလှပြီ ဘာများ ဖြစ်နေသလဲ မသိဘူး”
“ကိုလှသောင်းရယ် ကျုပ်တော့ တော့်သမီးကို အခုလို စိတ်ပူနေရမယ့်အစား အိမ်ထောင်သာ ချပေးလိုက် ချင်တော့တယ်။ ခုနေ ငွေကြေးလေး အတန်သင့် ရှိတဲ့သူနဲ့ ဆိုရင် ဘယ်မုဆိုးဖို ဘယ်နှခုလပ်ပဲ ဖြစ်ဖြစ် ကျုပ် ပေးစားလိုက်မှာ”
နဲ့ လုပ်တော့ ဦးစံကွန့် စိတ်တွေ လှုပ်ရှား လာတာပေါ့။
ခင်အေးချစ်ကလည်း လှတယ် မှုတ်လား။ ဦးစံကွန့် တစ်ယောက် ခင်အေးချစ်ကို ပိုပြီး ဂရုစိုက် လာတယ်။ ပိုပြီး တွယ်တာ လာတယ်။ ပိုပြီး ပေးကမ်း လာတယ်။ ကြာတော့လည်း ဘာသားနဲ့ ထုထားတာမို့တုံး။ ဦးစံကွန့်နဲ့ ခင်အေးချစ်တို့ သမီးရည်းစား ဖြစ်သွားကြတယ်။ ချစ်သူရည်းစား တွေ့ပါများ မကြာခင်မှာ ညားတတ်တယ် ဆိုတဲ့အတိုင်း ဦးစံကွန့်ဘက်က ခင်အေးချစ်ကို ယူဖို့ တာဝန် ရှိလာတယ်။ ဒါပေမဲ့ သားတွေ သမီးတွေကို ပြောဖို့ ခက်နေတယ်။ ဦးစံကွန့်မှာ တစ်ချိန်လုံး သည်စိတ်နဲ့ပဲ မစားနိုင် မသောက်နိုင် တမှိုင်မှိုင် တတွေတွေနဲ့။ အိပ်ရာထဲ ခွေနေတော့တာ ကလား။ သမီးတွေက ...
“အဖေ ခါတိုင်းလို လမ်းလျှောက်လည်း မထွက်ဘူး။ နေမကောင်းဘူးလား။ ဆရာဝန် ပင့်လိုက်မယ်လေ”
လို့ မေးကြတော့ ဦးစံကွန့်က ပြောမယ်လို့ ဆုံးဖြတ်ပြီး
“လူက နေကောင်းပါတယ် သမီးရယ်။ စိတ် နေမကောင်းလို့ပါ”
လို့ စလိုက်တယ်။
“အို အဖေ့ကို ဘယ်သူက ဘာပြောလို့လဲ။ ကျွန်မကို ပြော။ မတင့်လား၊ မဆင့်လား။ အဖေ့ ထိရင်တော့ ကျွန်မ မခံဘူးနော်”
နဲ့ တစ်ယောက် တစ်ယောက် အပြစ်ရှာကြတယ်။ အစ်ကို လုပ်တဲ့သူက ညီအစ်မတစ်တွေကို ဆူလိုက်ကြိမ်းလိုက် လုပ်တယ်။ ညီမတွေက ပြန်ပြောတယ်။ သည်တော့ ဦးစံကွန့်လည်း မနေသာတော့ဘူး။ ဗြောင်ပဲ ဖွင့်ပြောရတော့တာပေါ့။
“ငါ့သမီးတို့ အပြစ်တင်ရင်လည်း ခံရတော့မှာပဲ။ ဒါပေမဲ့ အဖေ့မှာ မပြောလို့ကလည်း မပြီး။ အဲ ...ပြောရမှာလည်း ရှက်ပါရဲ့။ ဒီလိုကွ ...”
ဦးစံကွန့်စကား ကြားလိုက်ရတော့ သားသမီးတွေ အကုန်လုံး ပါးစပ် ဟောင်းလောင်းနဲ့ ဘာမှ ပြန်မပြောနိုင်ကြဘူး။ ထင်လည်း ထင်မထားကြဘဲကိုး။ နောက်တော့ သမီးတွေက ဝိုင်းငိုကြတယ်။ သားလုပ်သူက မဖြစ်နိုင်ပါဘူး အဖေရဲ့နဲ့ ငိုသံပါကြီးနဲ့ တားတယ်။ ဒါပေမဲ့ ဦးစံကွန့်က နောက်မဆုတ်နိုင်တော့ဘူး။ အပြတ်ပဲ ပြောချလိုက်တယ်။
“မင်းတို့က မင်းတို့သားတွေ မယားတွေ တရုန်းရုန်းနဲ့ ငါ့ကို ဘယ်သူ ဂရုစိုက်လို့လဲ ... ဟင်။ ငါ့အတွက် အိုစာမင်းစာ၊ ဆေးပေးမီးယူကလေး တစ်ယောက် လောက်တော့ အနားရှိမှပေါ့။ ငါ့အပေါ် မတရား မလုပ်နဲ့။ ငါ့ငွေနဲ့ ငါ အေးချစ်ကို ယူမှာ။ မင်းတို့ငွေ တစ်ပြားမှ မထိဘူး”
အဲသည် ငါ့ငွေ ဆိုတာကို ထိမှာ သားသမီးတွေ စိုးရိမ်ကြတာပေါ့။
ဦးစံကွန့်ကိုတော့ သည်လို တားလို့ မရတော့ဘူး ဆိုပြီး လူနိုင်တွေကို အသိပေးပြီး ပြောခိုင်းရတော့တာပဲ။ ဦးစံကွန့် ကိုးကွယ်တဲ့ ဆရာတော်တောင် မနေရဘူး။
အဲသလို အကျယ်ကျယ်နဲ့ ဖြစ်ကုန်တော့ ဦးစံကွန့် ရှက်ရမ်းရမ်းတော့ တာပေါ့။ ဘဏ်က ငွေတွေ ထုတ်မယ်။ ဒီခြံနဲ့ ဒီတိုက်က ငါပိုင်တဲ့ ခြံနဲ့တိုက်။ အေးချစ်ကို ယူလို့ မကျေနပ်တဲ့လူ ဆင်းသွားနဲ့ လုပ်တော့ သားသမီးတွေက လျှော့လိုက်ကြရတယ်။
ရပ်ရွာလူကြီး မိဘတွေခေါ် ရှေ့နေရှေ့ရပ်တွေ ခေါ်ပြီး တိုင်ပင်ကြရတယ်။ နောက်ဆုံးတော့ ဦးစံကွန့်က ငွေ ၁၀ သိန်းနဲ့ တခြားမြို့ကို ပြောင်းနေဖို့ သဘောတူ လိုက်တယ်။ ကျန်တဲ့ တိုက်နဲ့ခြံ ငွေတွေကိုလည်း ဦးစံကွန့် အပိုင်ပါပဲ။ ဒါပေမဲ့ လောလောဆယ်တော့ ငွေ ၁၀ သိန်း ထုတ်ပေး လိုက်မယ်ပေါ့။ သားတွေ သမီးတွေကလည်း ငွေ ၁၀ သိန်းနဲ့ အဖေ ခင်အေးချစ်ကို သွားပေါင်း ကြည့်ပါဦး။ အဖေ စိတ်ကုန်တဲ့အချိန် သားသမီးတွေဆီ အချိန်မရွေး ပြန်လာပါလို့ မျက်ရည်စက်လက်နဲ့ ပြောကြတယ်။
ဒါနဲ့ပဲ ဖအေကို ငွေ ၁၀ သိန်းနဲ့ ခင်အေးချစ်တို့နောက် ထည့်လိုက်ရတယ်။ ဦးစံကွန့်ကတော့ ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းလို တစ်ချိုးတည်းပဲ။ ခင်အေးချစ်တို့ မိသားစု တစ်ပြုံတောင်ကြီးနဲ့ ပါသွားလေရဲ့။
(၄)
သည်လိုနဲ့ ဦးစံကွန့် မန္တလေးကို ရောက်လာခဲ့တာပါ။ ဂေါဝိန်ရဲ့ အောက်ဘက်နားက ကမ်းနားရပ်ကွက်ကလေး ထဲက အိမ်တစ်လုံးကို ဝယ်လိုက်ကြတယ်။ ပြီးတော့ ကိုလှသောင်းကို ဦးစီးစေပြီး လက်ဖက်ရည်ဆိုင် ထောင်ပေးလိုက်တယ်။ အိမ်ဝယ်တာ၊ ဆိုင်ထောင်တာ၊ ပစ္စည်းပစ္စယလေးတွေ ဝယ်တာ စုပေါင်းလိုက်ရင် ဦးစံကွန့်မှာ ၅ သိန်းလောက် ကုန်သွားတယ်။ ကိုလှသောင်းကိုလည်း အဲသည် ဆိုင်ကနေ ရတဲ့ဝင်ငွေနဲ့ လောက်ငအောင် သုံးစွဲသွားလို့ သူကပဲ ဇယားချပေး လိုက်တယ်။
ကျန်တဲ့ ငွေထဲကမှ ခင်အေးချစ်ကို ငွေတစ်သိန်းဖိုးလောက် လက်ဝတ် လက်စားတွေ ဆင်ပစ်လိုက်တယ်။ လူမှာအဝတ် တောင်းမှာအကွပ် ဆိုတာများ သိပ်မှန်တယ်။ ခင်အေးချစ် တစ်ယောက် ခုလို ဝတ်လိုက်စားလိုက်တော့ တစ်သွေးတစ်မွေးကြီး လှလာတာပေါ့။ ဒါကိုပဲ ဦးစံကွန့်က သဘောကျလို့ မဆုံးခဲ့ဘူး။
လက်ဖက်ရည်ဆိုင် ကောင်တာ ထိုင်နေတဲ့ ခင်အေးချစ်ရဲ့အလှကို လာငေးကြသူတွေ ကလည်း အများကြီး။ လက်ဖက်ရည်ဆိုင် ကလည်း ရောင်းကောင်းသလား မမေးနဲ့။ တစ်နေ့တစ်နေ့ ရောင်းကြေးကိုက တစ်သောင်း ကျော်တယ်။
ရောင်းကောင်းဆို ကိုလှသောင်းတို့က ခင်အေးချစ်ကို အပျိုလို့ ပြောထားတာကိုး။ ဦးစံကွန့်ကို ကိုလှသောင်းတို့ရဲ့ အစ်ကို အကြီးဆုံးပေါ့။ ဦးစံကွန့်က သူ့တူမ ခင်အေးချစ်ကို သိပ်ချစ်တယ်ပေါ့။
အဲသလို လုပ်ထားကြတာ။ အစတုန်းကတော့ ဦးစံကွန့် မရိပ်မိခဲ့ဘူး။
သည်လိုပဲ နေခဲ့တယ်။ ကိုလှသောင်းကလည်း
“ဦးလေး ဆိုင်ဘက် မထွက်ပါနဲ့ဗျာ။ လူရှုပ်က ရှုပ်နဲ့။ အိမ်ထဲမှာပဲ အေးအေးဆေးဆေး အနားယူနေပါ။ ကျွန်တော်တို့ လုပ်ကျွေးပါ့မယ်”
ဆိုတော့ ဦးစံကွန့်က စေတနာစကားပဲလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အမှန်တရားဟာ တစ်နေ့တော့ ပေါ်တာပဲ။ ခင်အေးချစ်ရဲ့ ကောင်တာ အံဆွဲထဲက ရည်းစားစာ တစ်စောင် မိတာက စတာပါ။
အဲသည်နေ့က ခင်အေးချစ် မြို့ထဲ ထွက်သွားတယ်။ လူမရှိတော့ ကောင်တာမှာ ဦးစံကွန့် ထိုင်ပေးရတယ်။ အံဆွဲကို ဖွင့်လိုက်ပိတ်လိုက် လုပ်ရာက စာရွက် ပန်းရောင်လေး ထွက်ကျလာတယ်။ ဦးစံကွန့်လည်း စိတ်ဝင်စားသလိုလို ရှိတာနဲ့ ကောက်ဖတ် ကြည့်လိုက်တယ်။
ချစ်
မနက်ဖြန် မနက် ၁၀ နာရီတိတိ မန္တလေး တောင်ခြေက စောင့်နေမယ်။
ချစ်ရဲ့ မောင်
ဆိုတာလည်း ဖတ်လိုက်ရရော ဦးစံကွန့် တစ်ယောက် မူးမေ့လဲမတတ် ဖြစ်သွားတော့ တာပဲ။ ဆိုင်ထဲက လူတွေရှေ့မှာ ဟန်မဆောင်နိုင် ပေါက်ကွဲမိတယ်။ ဒါကို ကိုလှသောင်းနဲ့ မဒေါက ဖာဖို့ထေးဖို့ ကြိုးစားတယ်။ ဦးစံကွန့်ကတော့ ဒေါသဖြစ်ဖြစ်နဲ့ အထုပ်ဖြေချ ပစ်တော့တာပဲ။
ဆိုင်ထဲက လူတွေလည်း အံ့ဩကုန်ကြတော့ တာပေါ့။ သည်အရွယ်နဲ့ သည်အရွယ် ဘယ်လိုမှ ထင်မထားဘူးလို့ ပြောသူက ပြော။ ငါ ထင်သားပဲကွ အဘိုးကြီးက ခင်အေးချစ်နား ဒီလောက် ကပ်နေတာ မရိုးဘူးဆိုတာ အသိသာကြီးနဲ့ ပြောသူက ပြောပေါ့။
သည်တုန်းမှာပဲ ခင်အေးချစ် ပြန်ရောက်လာတယ်။ ဆိုင်ထဲမှာ ဆူဆူညံညံနဲ့ ဘာဖြစ်နေမှန်း မသိဘူး။ ဦးစံကွန့်ကြီး ဆိုင်ရှေ့ထွက် မတ်တတ် ရပ်နေတာကိုပဲ
“ဘကြီး ဘာလို့ ဆိုင်ရှေ့ထွက်နေတာလဲ”
လို့ ခနဲ့တဲ့တဲ့ လုပ်တော့ ဦးစံကွန့် ဒေါသတွေ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်တော့တာပေါ့။ ခင်အေးချစ်ကလည်း တစ်ခွန်းမခံ ပြန်ပြောတယ်။
ဦးစံကွန့်က
“ငါ့ ပစ္စည်းတွေနဲ့ ငါ့ကို ကျေးဇူးကန်းတဲ့ ဟာတွေ”
နဲ့ လုပ်တော့ ကိုလှသောင်းနဲ့ မဒေါလည်း ပါကုန်ကြရော။
“ကျုပ်တို့နဲ့ မဆိုင်ဘူး။ ခင်ဗျားကို အေးအေးဆေးဆေး လုပ်ကျွေးနေတာပဲ။ အေးချစ်ကို နိုင်အောင်ထိန်းပေါ့”
လို့ ပြောတယ်။
ဦးစံကွန့်က ခင်အေးချစ်ဘက် လှည့်တဲ့ပြီး
“သည်နေ့က စပြီး နင် အိမ်ထဲက အိမ်ပြင်မထွက်နဲ့”
လို့ ပိုင်ပိုင်နိုင်နိုင်ကြီး အမိန့်ချလိုက်တယ်။ ခင်အေးချစ်ကတော့ ဘာမှ ရှည်ရှည်ဝေးဝေး ပြောမနေပါဘူး။ တစ်ခွန်းတည်းနဲ့ ပွဲဖြတ်ချလိုက်တယ်။
“ညနေ ဘကြီးနဲ့ ကျွန်မ ကွာရှင်းမယ်” တဲ့။
(၅)
အဲသည်နောက်တော့ ဦးစံကွန့် တစ်ယောက် ခင်အေးချစ်ကို ဘာမှ မပြောရဲတော့ဘူး။ ငယ်သူပဲပေါ့လေ။ ငါ့ကို သူ့ယောက်ျားမှန်းလည်း ပတ်ဝန်းကျင်က သိသွားပြီပဲလို့ စိတ်ကိုဖြေတယ်။ အကြောင်းရင်း သိလို့ ခင်အေးချစ်ရဲ့ ရည်းစား ကောင်လေးလည်း နောက်ဆုတ်သွားပြီ မှုတ်လား။ ဦးစံကွန့် ပုံမှန်အတိုင်းပဲ ဆက်ပြီး နေလိုက်တယ်။
ဒါပေမဲ့ ဦးစံကွန့်အပေါ် သူတို့ မိသားစုရဲ့ ဆက်ဆံရေးက အတော်ကလေး ကျဲသွားကြတယ်။ ဟိုတုန်းက ရိုသေ လေးစားကြသလောက် အခုတော့ ရိုင်းပျလာ ကြတယ်။ ကိုလှသောင်းတို့ မဒေါတို့ကဆို သူ့ကို စကားတောင် ဟက်ဟက်ပက်ပက် မပြောကြတော့ဘူး။ ကလေးတွေကလည်း ခိုင်းတာ ဘာတစ်ခုမှ လုပ်မပေးကြဘူး။ ယုတ်စွအဆုံး ထမင်းဆာတာတောင် ကိုယ့်ဟာကိုယ် ခူးစားရတဲ့ အဖြစ်။ ခင်အေးချစ်ကလည်း သူ့ကို ဆေးဖော်ကြောဖက် လုပ်တယ် ဆိုရုံလေး လုပ်တယ်။ ကြာတော့ ဦးစံကွန့်ကြီး စိတ်ဆင်းရဲလာတယ်။ ပေါင်းတာမှ နှစ်နှစ် မပြည့်သေးဘူး။ ငွေ ၁၀ သိန်းက ပြောင်ပြီ။ သားသမီးတွေဆီလည်း သူ ငွေ လှမ်းမတောင်းရဲဘူး။ ငွေမပေးဘဲ သူ့ကို လာခေါ်ကြမှာကို စိုးရိမ်တယ်။ ခင်အေးချစ်နဲ့လည်း မပြတ်နိုင်ဘူး ဆိုတော့ သည်ဒဏ်တွေကို သူ ကြိတ်မှိတ် ခံနေရတော့တာပေါ့။
တစ်ခါတစ်ခါ အားလုံးကို ထားခဲ့ပြီး သားတွေ သမီးတွေဆီ ပြန်နေရရင် ကောင်းမလား တွေးမိတဲ့အခါ တွေးရဲ့။ တစ်ခါတစ်ခါ ကိုလှသောင်းတို့ကို ဆိုင် ပေးပစ်ခဲ့ပြီး သူနဲ့ ခင်အေးချစ် တစ်အိုးတစ်အိမ် နေကြမယ်လို့ တွေးမိတဲ့အခါ တွေးရဲ့။ ဒါပေမဲ့ ဘာတစ်ခုမှ ဦးစံကွန့် အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ခင်အေးချစ်နဲ့ ကွဲမှာကို သူ သိပ်ကြောက်တယ်။
ဦးစံကွန့် အတွေး ကောင်းနေတုန်းမှာပဲ ခင်အေးချစ်ရဲ့ ဆိုင်ကယ်သံကို ကြားလိုက်ရတယ်။ အိပ်ရာထဲကနေ ငေါက်ခနဲ ထထိုင်ပြီး နာရီကို လှမ်းကြည့်လိုက်တော့ ည ၉ နာရီ ထိုးပြီးနေပြီ။ ခဏနေတော့ ခင်အေးချစ် အခန်းထဲ ဝင်လာတယ်။ ဦးစံကွန့်ကို တစ်ချက် လှမ်းကြည့်ပြီး သူ လုပ်စရာရှိတာပဲ လုပ်တယ်။ ဦးစံကွန့်ခမျာ နင် ဘယ်သွားနေတာလဲ လို့လည်း မမေးရဲဘူး။ ပြန်လာပြီလား လို့လည်း နှုတ်မဆက်ရဲဘူး။ သည်အတိုင်းပဲ ခင်အေးချစ်ကို ငေးကြည့်နေမိတယ်။
(၆)
တစ်ရက်တော့ ဆိုင်ပိတ်တယ်။ ကိုလှသောင်း မဒေါတို့လည်း အိမ်မှာ မရှိကြဘူး။ အလုပ်သမားတွေရော ကလေးတွေရော အကုန် ထွက်လည်ကြတယ်။ အိမ်မှာ ဦးစံကွန့်နဲ့ ခင်အေးချစ် နှစ်ယောက်တည်းပဲ ရှိတယ်။ ဦးစံကွန့်ကတော့ပေါ့လေ နားအေးပါးအေး ခင်အေးချစ်နဲ့ ကြည်နူးရမလား အောက်မေ့ပါတယ်။
“ဘကြီးကို ကျွန်မ တစ်ခု ခွင့်တောင်းချင်လို့”
ဆိုပြီး မျက်နှာထားနဲ့ ခင်အေးချစ်က စကားစလိုက်တော့ ဦးစံကွန့် ခေါင်းနပန်း ကြီးသွားရတယ်။ ခင်အေးချစ် ဘာ ပူဆာမလို့ ပါလိမ့်လို့ သူ့ရင်တွေလည်း ထိတ်သွားတာပေါ့။ သူ့လက်ထဲမှာ တစ်ပြားမှ မရှိတော့ဘူးလေ။ ဟိုတစ်လောကပဲ လက်ကျန်ငွေတွေ အားလုံးကို ခင်အေးချစ် ဆိုင်ကယ် ဝယ်စီးပစ်လိုက်ပြီ။ သားသမီးတွေဆီ လှမ်းတောင်းရင်လည်း ပေးကြမှာ မဟုတ်ဘူး။ သူ့ကိုသာ ပြန်ခေါ်ကြမှာ။ ဦးစံကွန့် ငြိမ်နေတာကို တစ်ချက် လှမ်းကြည့်ပြီး ခင်အေးချစ်က အေးအေးဆေးဆေးပဲ ပြောချလိုက်တယ်။
“ကျွန်မ ယောက်ျား ယူတော့မလို့”
“ဟင်”
ဦးစံကွန့် ထခုန်မတတ် လန့်သွားရတယ်။ သည်လောက်ကြီးအထိ သူ့အပေါ် ခင်အေးချစ် ရက်စက်လိမ့်မယ်လို့ ထင်မထားဘူး။ ခင်အေးချစ် ဘယ်လိုပဲ လမ်းများများ သူ့ကျေးဇူးကိုတော့ ထောက်ထားမှာပါလေလို့ ဖြေတွေးခဲ့တယ်။ ခုတော့ ...
“အဲဒါ ဘကြီး ကျွန်မကို ခွင့်ပြုပါ။ ကျွန်မလေ ကျွန်မ ဘကြီးနဲ့ မပေါင်းချင်တော့ဘူး”
“ဟင်”
ဦးစံကွန့်က ခင်အေးချစ်ကို တစ်ခါမှ မမြင်ဖူးသူ တစ်ယောက်လို တအံ့တဩ ကြည့်နေမိတယ်။ ဘာစကားမှလဲ မပြောနိုင်ဘူး။
“ဘကြီး မကျေနပ်လို့ တိုင်ဟယ်တောဟယ် လုပ်လည်း အရှက်ကွဲကြတာပဲ အဖတ်တင်မယ်၊ ကျွန်မကတော့ နောက်မဆုတ်တော့ဘူး။ အဖေတို့ကိုလည်း ပြောပြီးပြီ”
“ဟင်”
ဦးစံကွန့် တဟင်ဟင်နဲ့ ခေါင်းကြီးကိုသာ တွင်တွင် ယမ်းနေတော့တယ်။ ခင်အေးချစ်ကို သူ ဘာပြောရမယ်မှန်းလဲ မသိဘူး။
“ဟုတ်တယ်၊ ကျွန်မ အခုအိမ်က ဆင်းတော့မလို့။ ဘကြီးရဲ့ ပစ္စည်းတွေကို ကျွန်မ အကုန် ထားခဲ့ပါ့မယ်”
ခင်အေးချစ်က ပြောပြောဆိုဆို လက်ဝတ်လက်စားတွေကို ချွတ်ပြီး ဦးစံကွန့်ရှေ့မှာ လာပုံတယ်။ နားကပ်တောင် မချန်ဘူး။ သည်တော့မှ ဦးစံကွန့်လည်း ပစ္စည်းတွေကို ဂရုမထားနိုင်ဘဲ ခင်အေးချစ်ကိုသာ တွင်တွင် တားတယ်။ ခင်အေးချစ်ကလည်း မရဘူး။ ဇွတ်ကို ဆင်းချသွားတယ်။
(၇)
အဲသလို ခင်အေးချစ် ဆင်းသွားကတည်းက ဦးစံကွန့်တစ်ယောက် မစားနိုင် မသောက်နိုင် ဖြစ်တော့တာပါပဲ။ တပိန်ပိန် တရှောင်ရှောင်နဲ့ ကျန်းမာရေးကို ထိခိုက်လာတယ်။
ပြုစုမယ့် သူရယ်လို့လည်း မရှိဘူး။ သွေးမတော် သားမစပ်တဲ့ သူတစိမ်းတွေ အလယ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ အားတွေ ငယ်နေမိတယ်။ ဒါပေမဲ့ တစ်နေ့ ခင်အေးချစ် ပြန်လာနိုး ပြတင်းပေါက်ကို သုံးကြိမ်လောက်တော့ ထွက်ကြည့် မိတယ်။ အခန်းဝက ချက်ခနဲဆို ခင်အေးချစ်လားလို့ မေးရတာလဲ အမော။ နောက်ဆုံးတော့ အိပ်ရာထဲ ဗုန်းဗုန်းလဲတော့တာ ပါပဲ။
ကိုလှသောင်းတို့လည်း ဘာမှ မကြံတတ် မစည်တတ်တာနဲ့ ဦးစံကွန့် သားသမီးတွေကို လှမ်းခေါ်လိုက်တယ်။ သားတွေ သမီးတွေက ဦးစံကွန့် အဖြစ်ကို မြင်တော့ ငိုကြယိုကြ တက်ကြချက်ကြနဲ့။ ဦးစံကွန့်ကတော့ ခုတင်ပေါ်မှာ ယဲ့ယဲ့လေးရယ်။ ဒါနဲ့ပဲ သားသမီးတွေက ဦးစံကွန့်ကို ဆေးရုံ ပို့လိုက်ကြတယ်။ အားချင်း ဆေးထိုးဆေးသွင်းနဲ့ ကုကြရတာပေါ့။ တစ်လလောက် နေတော့ ဦးစံကွန့် နည်းနည်း နာလန်ထူ လာတယ်။
ဆေးရုံက ဆင်းတော့ ဦးစံကွန့်ကို သားသမီးတွေက ပြန်ခေါ်သွားကြဖို့ ပြင်တယ်။ ဦးစံကွန့်က
“ခဏနေပါဦး။ ငါ ခင်အေးချစ်ကို နှုတ်ဆက်ခဲ့ပါရစေဦး”
နဲ့လုပ်တယ်။ သားသမီးတွေကလည်း ဖအေ စိတ်ချမ်းသာပါ စေတော့ရယ် လို့ ခင်အေးချစ်ကို ခေါ်တွေ့ ပေးလိုက်ကြတယ်။ ခင်အေးချစ်ကတော့ ဦးစံကွန့်ရဲ့ သားသမီးတွေကို ငယ်ကြောက် မှုတ်လား။ မလှုပ်ဝံ့ဘူး။ မျက်နှာကို ငုံ့ပြီး ငိုနေတယ်။
“ခင်အေးချစ် ... ရော့ ဒါ ညည်းပစ္စည်းတွေ၊ ဘကြီး ပေးပြီးသားပဲကွယ်။ တကယ်တော့ ဘကြီးမှာရော ညည်းမှာရော အပြစ်ရှိတယ် ဆိုလည်း ဟုတ်၊ အပြစ် မရှိဘူး ဆိုလည်း ဟုတ်ပါတယ်။ ဘကြီး ညည်းကို တကယ် သံယောဇဉ် ဖြစ်မိတာပါ။ ဒါပေမဲ့ ညည်း ဒီပစ္စည်းတွေ ပြန်ပေးတဲ့ နေ့ကပဲ ဘကြီး တော်တော်ကလေး သံဝေဂ ရလိုက်တယ်။ တကယ်တမ်းကျ လူတွေဟာ ကိုယ့်စိတ်ချမ်းသာမှုကို ဘာနဲ့မှ မလဲနိုင်ကြပါဘူးကွယ်”
ခင်အေးချစ်က ပစ္စည်းတွေကို ပြန်ယူရင်း ရှိုက်ကြီးတငင် ငိုကြွေးတယ်။
“ကဲ ... ကဲ ... ငိုမနေပါနဲ့တော့။ ညည်းမှာ အပြစ်ရှိတာလည်း ဘကြီး ခွင့်လွှတ်တယ်။ ဘကြီးမှာ အပြစ်ရှိတာလည်း ညည်းခွင့်လွှတ် ဟုတ်လား”
ဦးစံကွန့် အသံတွေ တုန်နေတယ်။ ခင်အေးချစ်က ဦးစံကွန့်ကို ထိုင် ကန်တော့တော့ ဦးစံကွန့်လည်း မျက်ရည်တွေ လည်လို့။ အားလုံးကို ကျောခိုင်းပြီး ဦးစံကွန့် မူလ နေရာဟောင်းကို ပြန်ခဲ့တယ်။ သူ နှစ်နှစ်တာ ကာလ ခွဲခွာခဲ့ရတဲ့ နေရာဟောင်းကို ရောက်ပြန်တော့ သူ့အကြောင်းတွေက သူ့ကို လှောင်ပြောင်ကြ ပြန်တယ်။ သူ့မြေးတွေက အလည်လွန်ရာက ပြန်လာတဲ့ အဘိုးကို ဆီးကြိုသလိုမျိုး အားရဝမ်းသာ ကြိုဆိုကြရှာတယ်။
“ဘိုးဘိုးကြီး ပြန်လာပြီ။ ဘိုးဘိုးကြီး ပြန်လာပြီဟေ့”
မြေးတွေကို ပွေ့ဖက်ရင်း ဦးစံကွန့် ရင်မှာ နာကျင်လာတယ်။ သူ့အတွက်တော့ ငွေ ၁၀ သိန်းနဲ့ လဲလိုက်ရတဲ့ အကောင်းဆုံး သံဝေဂ တရားပေါ့။ အခုနေ သူ ခင်အေးချစ်ကို ပြန်လိုချင်လို့ နောက်ထပ် ငွေ ၁၀ သိန်းနဲ့ သွားလည်း မရနိုင်တော့ဘူး မှုတ်လား။
ဦးစံကွန့်တစ်ယောက် သူ့တိုက်ကြီးထဲမှာပဲ စိပ်ပုတီး တစ်ကုံးနဲ့ပေါ့။
ကျန်းမာရေးအတွက် လမ်းလျှောက် ထွက်ချင်ပေမယ့် သားတွေ သမီးတွေက
“အဖေ အပြင် မထွက်နဲ့နော်” တဲ့။
---
#ခင်ခင်ထူး
#ပိုးဖလံ
#shared_by_louis_augustine
Comments
Post a Comment