ဆုံနေရက်နဲ့လွမ်းလေခြင်း (အခန်း ၂၄) // ဂျူး
ဆုံနေရက်နဲ့လွမ်းလေခြင်း (အခန်း ၂၄) // ဂျူး
---
(၂၄)
မာဆေးမြို့သည် ပြင်သစ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ထားသောမြို့လည်း ဖြစ်သည်။ ကျွန်မတည်းခိုရသည့် ဟိုတယ်သစ်သည် လူသွားလူလာများသော မြို့အလယ်ဗဟို ဆိပ်ကမ်းဟောင်းနေရာမှာ ရှိသဖြင့် ဟိုတယ်အနီးမှာ ဖြတ်သွားဖြတ်လာ လူတွေ၊ ဆိုင်ကယ်စီးသူတွေ များသည်။
ရှေ့တည့်တည့်မှာ နိုင်လွန်ကတ္တရာဖြင့် ချောမွေ့ ပြောင်လက်စွာ မဲနက်နေသော ရင်ပြင်လေးတစ်ခု ရှိသည်။ ထိုရင်ပြင်ကို ဖြတ်သွားလျှင် ခြေလှမ်းဆယ့်လေးငါးလှမ်းအတွင်းမှာ မေထရိုဟု ဆိုင်းဘုတ်ချိတ်ထားသော မြေအောက်ရထားဘူတာသို့ ရောက်သည်။ ဘူတာသို့ အဆင်းနှင့်အတက် စက်လှေခါးတွေကို မြေအောက် ဝင်ပေါက်ဆီ၌ လှမ်းမြင်နေရသည်။
မြေအောက်မေထရိုဘူတာတိုင်းတွင် နံရံတွေကို ဆေးရောင်လှပစွာခြယ်ထားသည်။ ပန်းချီလက်ရာတွေလိုပဲ။ ဂရက်ဖစ်တီ ပန်းချီမျိုးတော့ မဟုတ်။ ကျွန်မရောက်သွားတော့ ရထားမလာသေး။ အပြာရောင်လိုင်း နံပါတ်၁၊ လာရို့စ်သို့ ဟု မြားပြထားသော သံလမ်းဘက်သို့ ကျွန်မ ခပ်သွက်သွက်လျှောက်ခဲ့သည်။ ဟိုတယ်မှ မထွက်ခင် မြေပုံကို သေသေချာချာကြည့်ပြီးမှ ရထားစီးတာဖြစ်လို့ အနီရထားနှင့်အပြာရထား မှားစရာအကြောင်းမရှိပါ။ အသွားနှင့်အပြန်လည်း မမှားနိုင်။ ကျွန်မစီးသည့်ဘူတာက ဒီဘက်ဂိတ်အဆုံးဘူတာလေ။ ကျွန်မက လာရို့စ်ဘူတာ ရှိသည့် ဘက်သို့ ဦးတည်သောရထားကို စီးရမှာ ဖြစ်သည်။
သူတို့ ဘူတာတွေမှာ ကလေးတွေအလုပ်လုပ်နေတာမျိုး၊ ရေသန့်ဘူးခွံ လိုက်တောင်းတာမျိုးမရှိဘဲ ရှင်းလင်းနေသည် ဟုတွေးမိတွေးရာ တွေးမိသည်။ မြင်ရသမျှမှာ ကိုယ့်ခရီးကိုယ် အာရုံစိုက်နေကြသော လူတွေချည်းပါပဲ။
ဆိုက်ရောက်လာမည့် နောက်ရထားများဟု နီယွန်မီးဖြင့် စာတမ်းထိုးထားသည်ကို ကျွန်မ လှမ်းဖတ်လိုက်သည်။ နောက်ရထားများ၊ ၀၁မိနစ်၊ ၁၇မိနစ်ဟု ပြင်သစ်လို စာတမ်းထိုးထားပါသည်။ ဒါဖြင့် ၆မိနစ်တစ်ကြိမ် ရထားထွက်သည်ပေါ့။
မာဆေးမြို့တွင်းသည် ၂၄၀ စတုရန်းကီလိုမီတာခန့် ရှိပြီး လူဦးရေ ရှစ်သိန်းခွဲကိုးသိန်းသာ ရှိသည်။ သို့သော် မာဆေး မြို့ပြဝန်းကျင်ကတော့ အကျယ်ကြီးဖြစ်သည်။ လူဦးရေ ဆယ့်လေးသိန်း၊ ဆယ့်ခြောက်သိန်းထိ ရှိသည်ဟု ဆိုသည်။ ထိုလူ ဦးရေသည်ပင် ရန်ကုန်မြို့၏ငါးပုံတစ်ပုံလောက်ပဲ ရှိမည်ထင်ပါသည်။ လူဦးရေနည်းပါးခြင်း အကြောင်းနှင့်အတူ ၆မိနစ်တစ်ခါ မြေအောက် ရထားအပြာရောင်တစ်စင်း ထွက်သောကြောင့် ယခု ဘူတာတွင် လူများများစားစား မမြင်ရခြင်းဖြစ်လေသလား။
အမျိုးသမီးတစ်ဦးက ခရီးဆောင်သေတ္တာကို ပလက်ဖောင်းပေါ်ချလျက် မတ်တတ်ရပ်ကာ ရထားစောင့်ရင်း လက်ကိုင်တယ်လီဖုန်းကို ငုံ့ကြည့် ခလုပ်နှိပ်နေသည်။
ခဏရပ်စောင့်နေပြီးတော့ ရထားရောက်လာသည်။
ကျွန်မနှင့်အတူ ရထားထဲသို့ ဝင်မည့်လူ လေးငါးယောက်ပဲ ရှိသည်။ အားလုံးသည် ပြင်သစ်လူမျိုးများ ဖြစ်ကြသည်။ မြန်မာမဆိုထားနှင့် အရှေ့တိုင်းသားဟူ၍ပင် တစ်ယောက်မှ မပါသော ရထားတွဲပါလား။ ကိစ္စမရှိပါဘူးလေ။ တက္ကသိုလ်ထဲရောက်သည့်အခါ အပြည်ပြည်ကလာသော မြန်မာတွေကိုလည်း တွေ့မည်။ မြန်မာပြည်မှလာသော အခြား မြန်မာတွေကိုလည်း တွေ့မှာပဲ။ ကျွန်မ ရထားပေါ်သို့ ခပ်သွက်သွက်တက်လိုက်သည်။
ရထားက နေရာအချောင်ကြီးပဲ။ ထိုင်ခုံတွေများ ထိုင်မည့်သူပင်မရှိ။ ထိုင်ခုံက ကော်ခုံ၊ အတွဲလိုက် အဝါရောင်လေးတွေဖြစ်သည်။
ရထားနံရံ၏ ခရီးသည်ဦးခေါင်းအထက်နေရာတွင် တယ်လီဖုန်းအားသွင်းဖို့ ပလပ်ပေါက်လေးတွေ နေရာချထားပေးသည်။
ရထားတွဲထဲသို့ ဝင်လိုက်သောအခါ စိမ့်ခနဲအေးသွားသည်။ ရထားတွဲနံရံတွင် ဘူတာတွေနှင့်လမ်းကြောင်းပြ မြေပုံ၏ဒီဇိုင်းဖြင့် မြင်ရသည်။ ဘူတာတစ်ခုသို့ ရောက်တိုင်း မီးလုံးက နေရာရွှေ့လျက် ပြပေးနေသည်။ မမှားဘူး။ တော်ပါသေး။ နောက်ဘူတာဆိုရင် ကျွန်မ ဆင်းရတော့မှာ။
စန့်ရှားလ်ဟု ပြင်သစ်တွေအသံထွက်ခေါ်ကြသော စိန့်ချားလ်ဘူတာရုံသို့ ရထားဆိုက်တော့ နေ့လည် သုံးနာရီထိုးခါနီးပြီ။ မြေအောက်မှ ဘူတာပေါ်သို့ စက်လှေကားဖြင့်တက်လာစဉ် နှေးသည်ထင်ပြီး လှေကားကို တစ်ထစ်ပြီးတစ်ထစ် တက်လာမိသည်။ မြေပုံထဲမှာတော့ ပရောဗန့်စ်တက္ကသိုလ်ဟာ စန့်ရှားလ်ဘူတာရဲ့ လက်ဝဲဘက်မှာ ရှိတာပဲ။ ဟောဟိုက အဆောက်အအုံပဲ ဖြစ်ရမယ်။
တက္ကသိုလ်ဝင်းဆီသို့ အပြေးနီးပါး လမ်းလျှောက်ခိုက်မှာ ကျွန်မကို တက္ကသိုလ်ထဲကနေ တစ်ယောက်ယောက်က ကြိုလင့်နေလိမ့်မလားဟု စိတ်ကူးယဉ်မိသည်။ မဖြစ်နိုင်မှန်းလည်းသိပါရဲ့။
ညီလာခံခန်းမဆီသို့ မြားပြထားသော အမှတ်အသားတွေမှတစ်ဆင့် လမ်းလျှောက်လာခဲ့ချိန်တွင် ကျွန်မနှင့်ဘဝတူ ညီလာခံသို့တက်မည့်သူများဟု ထင်ရသည့် သူစိမ်းအမျိုးသမီး အမျိုးသားများကို တွေ့သည်။ သူတို့လျှောက်ရာသို့ လိုက်လျှောက်သည့်အခါ နောက်ဆုံးတော့ ကျယ်ဝန်းသော လှေခါးထစ်တွေရှိရာ အဆောက်အဦသို့ ရောက်သည်။ ထိုရင်ပြင်တွင် လူတွေ အများကြီး စုရုံးနေတာကို မြင်ရသည်။
ကျွန်မနှင့်သိသူတွေလည်း ပါ၏။ မသိသူတွေကတော့ ပိုများတာပေါ့။
ဖွင့်ပွဲအခမ်းအနားက သုံးနာရီမှာ စမည်။ သုံးနာရီကထိုးနေပြီ။ လူတော်တော်များများက အပြင်မှာပဲ မိတ်ဟောင်း ဆွေဟောင်းအချင်းချင်း နှုတ်ဆက်ရင်း ရယ်မောဆဲ။
ခပ်လှမ်းလှမ်းမှာ ခန်းမကျယ်ကြီးရှိပြီး သူ့မနီးမဝေးတွင် အခန်းငယ်နှစ်ခုသုံးခုနှင့် ရှေ့တွင် စားပွဲများ စာရွက်စာတမ်းများ ချထားသည်ကို တွေ့ရသည်။ ဒါကတော့ ညီလာခံတက်သူတိုင်း ရီဂျစ်စ်တာခေါ် မှတ်ပုံတင်သည့်နေရာပဲ။
ကျွန်မက ဖွင့်ပွဲတွင် စကားဆယ်မိနစ်လောက် ပြောရမည်မို့ အတွင်းသို့ ဝင်တော့မှ ဖြစ်မည်။ ခန်းမကြီးရှိရာသို့ လျှောက်လာစဉ်မှာ ကျွန်မကို နောက်တစ်နေရာရာမှ တစ်ယောက်ယောက်က ကြည့်နေသည်ဟု ခံစားရသည်။ စောစောကအတွေးမျိုး ပေါ်လာပြန်ပြီ။ ကျွန်မ မလုံမလဲ နောက်လှည့်ကြည့်လိုက်သည်။
ဘယ်လိုလူအုပ်ကြားမှာပဲ ဖြစ်ဖြစ် အများနှင့်မရောဘဲ ကွဲပြားစွာ သီးသန့်ထင်ရှားနေသောလူမျိုးရှိသည်ဆိုလျှင် အဲဒါမောင်ပဲဖြစ်ရမည်။ မောင့်ကို လူအုပ်နှင့်အတူ အအေးဖန်ခွက်များ ချထားရာစားပွဲနား၌ မတ်တတ်ရပ်လျက် တွေ့ရသည်။
အဲဒါ မောင်ပါပဲ။
မောင့်ကို သည်တစ်သက်မှာ ပြန်မတွေ့ရတော့ဘူးလားဟု မနက်ကအထိ စိတ်ထင့်နေခဲ့သည်။ မောင်သည် အကျိုးသင့် အကြောင်းသင့်ဖြင့် တွက်ချက်ခန့်မှန်းလို့ မရနိုင်လောက်အောင် ကြုံသလို ပြုမူ လှုပ်ရှား တတ်သူဖြစ်သည်။ မောင် လာချင်လည်းလာမည်။ လာချင်မှလည်း လာမည်။ ကျွန်မ ကြိုတင် စိတ်လျှော့ထားပြီးသား။
မောင်သည် လွန်ခဲ့သည့်လေးနှစ်ကထက် ပိုပြီး လူကြီးလူကောင်းပုံစံဖြစ်လာပြီ။ အရင်လို ပိန်ပိန်ကိုင်းကိုင်းလေး မဟုတ်တော့ဘဲ အနည်းငယ် ပြည့်လာပြီ။ အသားကတော့ နဂိုကထက်တောင် ပိုပြီး စိုဝင်းလျက် ဖြူနေသည်။
ဘယ်သူနှင့်မှ ရောမသွားဘဲ သီးသန့် တည်ရှိနေသည်ဆိုပေမယ့် မောင့်ဆံပင်ပုံစံက သူများထက် ပိုပြီး ထူးခြားနေတာမဟုတ်။ ရှတ်အင်္ကျီလက်ရှည်ကိုလည်း သူများတွေဝတ်သလိုပဲ ကော်လာကို အပေါ်ဆုံး လည်ပင်းကျယ်သီးဖြုတ်ထားတာပါပဲ။
ရှတ်အင်္ကျီလက်ကို တတောင်ဆစ်အောက်နားမှာ အများလိုပဲ သေသေသပ်သပ် ခေါက်ထားတာပါပဲ။ ဒါနှင့်တောင် တစ်ခုခု ထူးခြားနေသလို ဝင်းပကာ မြင်လွယ်သည့် လူမျိုးလား။
အင်း တစ်ခုတော့ရှိသည်။ မြန်မာပုဆိုးကို ဝတ်ထားတာကိုး။ ပိုးတွဲချည်ကွက် စိပ်စိပ်ပုဆိုးနှင့် ခြေညှပ်ကတ္တီပါဖိနပ်နှင့်ဆိုတော့ သူများထက်ထူးတာပေါ့။ ကျွန်မ မောင့်ကို အလွယ်တကူ ပြုံးပြနိုင်လိုက်သည်။ တကယ်ပါ။ မောင့်ကို ဒီလောက် သေသေသပ်သပ်ပုံစံဖြင့် ဘဝမှာ တစ်ခါမှ မမြင်တွေ့ရဖူးပါ။
မောင်က ကျွန်မနှင့်မောင်ကြားမှာ ဘာမှ နာကျင်စရာ အတိတ်တွေမရှိခဲ့သလို မနေ့တစ်နေ့ကမှ ပုံမှန်တွေ့ခဲ့ကြသေးသူတွေလို၊ မနက်ဖြန်လည်း တွေ့ကြဦးမှာလိုလို မထူးဆန်းသည့်အပြုံး ပြုံးလျက် ကျွန်မရှိရာသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပါသည်။
အင်း မောင့်အပြုံးကတော့ အရင်နှင့်မတူပါ။ အရင်က ကျွန်မကိုတွေ့လျှင် မျက်လုံးများ တောက်ပရွှန်းလက်ပြီး မိခင်ကိုသားက တွေ့လိုက်ရသလို အူယားဖားရားပြေးလာသည့် ဟန်အမူအရာမျိုး မောင့်မှာ မရှိတော့ပေ။ တည်ငြိမ်သော လေးနက်သော ရင့်ကျက်သောလူငယ်တစ်ယောက်။
“ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ”
“မမတောင် ဒီနိုင်ငံရောက်နေတဲ့အချိန်မှာ ဒီနိုင်ငံမှာရှိနေတဲ့ ကျွန်တော်က မမကို လာမတွေ့ဘဲ နေကောင်းလို့လားဗျာ”
မောင့်စကားအသုံးအနှုံးတွေ တော်တော် ရင့်ကျက်လာပြီပဲဟု ကျွန်မ သတိပြုလိုက်မိသည်။ သုံးရက်ကာလအတွင်း ညီလာခံကို ဧည့်သည်အဖြစ် ဝင်ရောက် လေ့လာဖို့ နောက်ကျစွာ မှတ်ပုံတင်လိုက်ပြီးပြီဟု မောင်ကပြောပါသည်။ ဒါများကွယ် ဟိုနေ့ညက မမကို ပြောလိုက်ရောပေါ့။
“မမရဲ့ အဖွင့်နှုတ်ဆက်စကားကို နားထောင်ဖို့ ဒီနေ့အမီ လိုက်လာတာပါ”
ပြင်သစ်ယဉ်ကျေးမှုနှင့် ပြင်သစ်ထုံးစံမို့ သိပ် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီး လုပ်မနေပေ။ ရိုးစင်းစွာပင် သီယေတာ ခန်းမကြီးထဲမှာ ဖွင့်ပွဲကို ပြုလုပ်ကျင်းပသည်။ ရှေ့ကနေ ဟိုးနောက်ဘက်အထိ တဖြည်းဖြည်း မြင့်တက်သွားသော သီယေတာ ခန်းမကြီးမို့ အားလုံးကို မော့ကြည့်ပြီး မြင်ရသည်။
မောင်က နောက်ဆုံးတန်း၏ထောင့်တစ်နေရာမှာ ထိုင်ပါသည်။ စကားပြောမည့် ပုဂ္ဂိုလ်သုံးယောက်အပြီး ကျွန်မက နောက်ဆုံး စတုတ္ထမြောက်ပြောသူဖြစ်သည်။ အားလုံးက ပြင်သစ်လိုမပြောဘဲ အင်္ဂလိပ်ဘာသာဖြင့်ပဲ ပြောကြပါသည်။
“ဂုဏ်သရေရှိ အမျိုးသမီးနဲ့ လူကြီးမင်းများရှင့် ...
ပထမဦးဆုံးတော့ ဒီ မယ်ဒီတာရေးနီးယန်း ပင်လယ်ကမ်းခြေကို ကျွန်မရောက်လာဖို့ ပြီးတော့ အခုလို ကိုးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗမာညီလာခံကိုတက်ရောက်ဖို့ ကျွန်မကိုဖိတ်ခေါ်ခဲ့တဲ့ အရှေ့တောင်အာရှ သုတေသနတက္ကသိုလ်နဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ရက်ရောတဲ့ကြင်နာမှုအတွက် အထူးပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ
ထူးချွန်ပြောင်မြောက်တဲ့ပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံအကြောင်း လေ့လာဆွေးနွေး သုံးသပ်မှုတွေကို နားထောင်ခွင့် ပါဝင်ဆွေးနွေးခွင့်ရမှာမို့ ကျွန်မ သိပ် ဝမ်းမြောက်မိပါတယ်
ကျွန်မဟာ ပညာရှင်တစ်ယောက်မဟုတ်ပါဘူး။ ကျွန်မက ပညာသင်ပေးသူနဲ့ကျောင်းဆရာမသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအားလုံးကို ထင်ဟပ်ပြောပြနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မနိုင်ငံနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ ဖြေရှင်းဖို့ နည်းလမ်းတွေနဲ့ အဖြေတွေကို လေ့လာစူးစမ်းချင်တဲ့စိတ်နဲ့ ရောက်လာတာပဲဖြစ်ပါတယ်”
မေမေသာ ရှိလျှင် ကျွန်မ၏ အဖွင့်စကားကို သည့်ထက်ကျစ်လစ်ပြီး ပြည့်စုံခမ်းနားအောင် ကူညီပေးနိုင်လိမ့်မည်။ အခုတော့ ကျွန်မဘဝထဲမှာ မေမေ မရှိတော့ပါ။ အခုလို ပြင်သစ်နိုင်ငံမှာ အထူးဧည့်သည်တော်အဖြစ် ညီလာခံအဖွင့်စကားကိုပါ ပြောပေးရသည်ကို မေမေများ မြင်ခွင့်ရလျှင် မေမေ ကျွန်မအတွက် ဘယ်လောက်များ ဂုဏ်ယူလိုက်လေမလဲ။ ကျွန်မ မေမေ့ကို သတိရသွားသဖြင့် မျက်ရည်စတွေဝဲလာကာ မြင်ကွင်းက နည်းနည်းဝါးသွားသည်။
အခုအခါ မောင်သည် ညီလာခံပရိသတ်အဖြစ် ဟိုးအထက် နောက်ဆုံးတန်းမှာ နားထောင်နေသည်။ ကျွန်မကို စောင့်ကြည့်နေသည်။ မောင့်ဘေးနားမှာ ဘယ်သူမှ မရှိ။ မောင့်မျက်လုံးတွေက ဘယ်ကိုမှ မကြည့်၊ ကျွန်မဆီသို့သာ အာရုံစူးစိုက်လျက် ရှိသည်။
“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆောင်ရွက်စရာတွေ အများကြီးရှိပါတယ်။ အခုရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ မိမိ တတ်နိုင်သမျှကို ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ ဒီထက်ပိုကောင်းလာအောင် ကူညီပါဝင်ပေးနိုင်မယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်
ကျောင်းဆရာမတစ်ယောက်အနေနဲ့ရော ပညာပေးအပ်သူအနေနဲ့ရော ဘဝတစ်လျှောက်လုံးစာဖတ်မယ့်သူ အနေနဲ့ရော စာပေရဲ့ လူတွေအပေါ် လွှမ်းမိုးဩဇာသက်ရောက်မှုကို ကျွန်မ ယုံကြည် အားထားပါတယ်
ကိုရီးယန်းကဗျာဆရာ ပါ့က်ယီမွန်းရဲ့ စကားတစ်ခုကို ကိုးကားပြီးပြောပါရစေ။ အခြားဘယ်လိုအရာတွေကမှ ဖြည့်မပေးနိုင်တဲ့ ကွက်လပ်မျိုးကို ဖြည့်ပေးဖို့ စာပေဟာ တည်ရှိခြင်း ဖြစ်ပါတယ်တဲ့။ ဒါ ကျွန်မယုံကြည်တဲ့ ဘဝအမြင်တစ်ခုလည်း ဖြစ်ပါတယ်ရှင်”
ဖွင့်ပွဲသည် အချိန်တိုအတွင်း ပြီးသွားပါသည်။ ဖွင့်ပွဲတွင် မှတ်တမ်းဗွီဒီယိုကားတိုလေး နှစ်ကားလည်း ပါဝင်ခဲ့သည်။ ဒါက မြန်မာနိုင်ငံအတွက် မိတ်ဆက်သဘောပါပဲ၊ မနက်ဖြန်မှစပြီး သုံးရက်တိုင်တိုင် အခန်းပေါင်းများစွာတွင် ပညာရှင်နှင့် သုတေသီပေါင်းများစွာက ကိုယ့်လေ့လာမိသမျှမှတ်တမ်းနှင့် အမြင် အယူအဆ၊ မှတ်ချက်တို့ကိုဖွင့်ပြဆွေးနွေးကြမည် ဖြစ်ပါသည်။
မြန်မာလူမျိုးတွေကို ဆယ်ယောက် ဆယ့်ငါးယောက်မက တွေ့ရသည်။ မုန့်အနည်းငယ်နှင့် အအေးဘူးများ၊ အအေးဖန်ခွက်များကို ကိုယ်တိုင်ယူစနစ်ဖြင့် မြည်းစမ်းရင်း စကားလက်ဆုံကျနေကြပြန်သည်။ မြန်မာကိုချစ်သော သို့မဟုတ် မြန်မာကို စိတ်ဝင်စားသော နိုင်ငံခြားသားအများစုသည် တစ်ဦးနှင့်တစ်ဦး သိနေကြတာများ၏။ ကြည့်ရတာ နှစ်နှစ်တစ်ခါပြုလုပ်သော ယခုလို ဗမာ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံတွင် စာတမ်းဖတ်နေကျ တက်ရောက်နေကျ လေ့လာဆွေးနွေးနေကျ ဖြစ်ပုံရပါသည်။
တစ်ယောက်က တခြားတစ်ယောက်ကို သူ့မိတ်ဆွေနှင့် ထပ်မံမိတ်ဆက်ပေးနေတာမျိုးလည်း များစွာတွေ့ရသည်။
“အင်ကြင်း”
မောင့်ကို ကျွန်မ တစ်နေရာရာတွင် ညစာသွားစားဖို့ ခေါ်သင့်မခေါ်သင့် စဉ်းစားနေဆဲ ကျွန်မ အနီးသို့ လူတစ်ယောက် ရောက်လာသည်။ မြန်မာသံပီပီသသနှင့်ခေါ်လိုက်သော ကျွန်မနာမည်။
ကျွန်မ လှည့်ကြည့်လိုက်၏။
အသားဖြူဖြူ အရပ်ခပ်ပျပ်ပျပ်၊ ခပ်ဖိုင့်ဖိုင့် ရင်းနှီးသည့် မျက်နှာသွင်ပြင်မျိုးနှင့် အသက်ကြီးကြီး လူတစ်ယောက်။
“သမီး အင်ကြင်းဝေနော်”
“ဟုတ်ကဲ့”
နိုင်ငံခြားသားတွေအလယ်တွင် မြန်မာစကားဖြင့်
အားရပါးရ ပြောလိုက်ရတာမို့ အရသာရှိလိုက်တာဟု တွေးလျက် ပြန်ပြုံးပြဆဲ သူက ကျွန်မအား ရင်းနှီးကျွမ်းဝင်စွာ ကြည့်သည်။
ဟင် အဲဒီအကြည့်ကို ကျွန်မ သိတာပေါ့။
“သမီးက တော်တော်ကို အရွယ်ရောက်လာပြီပဲ၊ သမီးမေမေရော နေကောင်းလား”
သမီးမေမေရော နေကောင်းလားဟူသည့် စကားအသုံးအနှုန်းကို ကြားလိုက်ရချိန်တွင် ကျွန်မ ရင်ထဲမှာနွေးခနဲ လှိုက်ဖိုသွားသည်။ ဖေဖေပါလား။ကျွန်မရှေ့မှာ ရှိနေသူသည် ဆံပင်က အနက်တွင်မီးခိုးစွက်နေပြီ။ နဖူးက ခပ်ကျဉ်းကျဉ်း မျက်ခုံးပါးပါး။ သို့သော် မျက်လုံးက ထူထူတန်းတန်း။ ပြုံးလိုက်လျှင် မျက်လုံးတို့ သိမ်မွေ့သွားတတ်သော ကျွန်မ ဖေဖေ။
“ဖေဖေ”
မတွေ့ရတာ ဘယ်နှနှစ်တောင် ကြာခဲ့ပြီလဲ။ ယခင်က ဖေဖေသာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့လျှင်ဟု စိတ်ကူးယဉ်ပြီး ကာလအတော်ကြာကြာ တိတ်တခိုး စောင့်မျှော်နေခဲ့ဖူးသည်။ နောက်ဆုံး
မေမေက ကျွန်မအား ညည်းအဖေက အစိုးရကို ပုန်ကန်ပြီး အပြင် ရောက်သွားတဲ့သူ။ သူ ဘယ်တော့မှ ဒီကိုပြန်လာလို့ မရတော့ဘူး။ မျှော်မနေနဲ့ ဟု ယတိပြတ် ပြောတော့မှ ကျွန်မဝမ်းနည်း ကြေကွဲစွာ မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ရသည်။
ရှစ်တန်းနှစ်မှစပြီး ဖခင်မပါဘဲနှင့် ကျွန်မ ကြီးပြင်းခဲ့သည်။ မိခင်၏ စောင့်ရှောက်မှုဖြင့် ကျွန်မ ရင့်ကျက်ခဲ့ရသည်။ အခုအခါ ကျွန်မဘဝတွင် ဖခင်ဆိုတာ မရှိလျှင်လည်း ကျွန်မဘဝ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်တော့ပါ။
“နေကောင်းလားဖေဖေ။ ဖေဖေ ဒီကိုလာတာ ဒီပွဲကို လာတာလား”
“အေး။ ဖေဖေက အမေရိကမှာနေတာသမီး၊ သမီး ဒီပွဲမှာ စာတမ်းဖတ်မယ်ဆိုတာ ကြားလို့ ဖေဖေ ဒီကို လိုက်လာတာ။”
“သမီးမေမေ နေကောင်းလား”
“မေမေ မရှိတော့ဘူး ဖေဖေ၊ မေမေ အခုနှစ် သင်္ကြန်တွင်းက ဆုံးသွားခဲ့ပါပြီ”
ဖေဖေ့မျက်နှာမှာ ချက်ချင်းပင် အိုမင်းရင့်ရော်သွားသလို ထင်ရသည်။ ဖေဖေ့နှုတ်ခမ်းတို့သည် ဖြူဖျော့သွားသည်။
ကျွန်မတို့သားအဖသည် တစ်ယောက်နှင့်တစ်ယောက် ခပ်စိမ်းစိမ်းဖြစ်နေကြသည်။ မေးခွန်းတစ်ခုကို မေးဖို့ ကျွန်မ နှုတ်ဖျားမှ စကားလုံးတို့ မထွက်လာဘဲ အကြာကြီးအားယူနေရသည်။
နောက်တော့မှ ခပ်ဆဆ မေးလိုက်ရပါသည်။
“ဖေဖေ့ဇနီး မပါဘူးလား”
ဖေဖေ ခပ်ဆွေးဆွေးအပြုံးဖြင့် ခေါင်းယမ်းသည်။
“မပါဘူး”
မေမေ မသိလိုက်သည့်အရာဟူ၍ ဘာမှ မရှိအောင် ဖေဖေက သူ နောက်အိမ်ထောင်ပြုမည့်အကြောင်း မေမေ့ကိုအရင်ဆုံး တိုင်ပင်သည်ဟု မေမေက ဂုဏ်ယူစွာပြောစဉ်က ကျွန်မမေမေ့ကို တအံ့တသြ ငေးကြည့်နေမိခဲ့သည်။ မေမေ လိုက်သွားရင် ရရဲ့ သားနဲ့။ မေမေ ပင်စင်ယူလိုက်ပြီပဲ ဖေဖေ့ နောက်ကို မေမေ လိုက်သွားလေ။ မေမေက ခပ်ပြုံးပြုံးဖြင့် ခေါင်းခါယမ်းပါသည်။
“သမီး ဘယ်မှာတည်းလဲ”
“အင်ကြင်း ဗြားယေးပေါမှာ တည်းတယ်။ နယူးဟိုတယ် တဲ့ ဖေဖေ”
“အော် ဖေဖေကတော့ ဒီစန့်ရှားလ်က ဟိုတယ်တစ်ခုမှာပဲ တည်းတယ်။ သမီးနဲ့ ညစာစားရင်း စကားပြောချင်တယ်”
ကျွန်မ မောင့်ကို လှည့်ကြည့်လိုက်သည်။ မောင်သည် ကျွန်မနှင့် ခပ်လှမ်းလှမ်းမှာ နိုင်ငံခြားသူတစ်ယောက်နှင့် စကားလက်ဆုံကျနေ၏။
“ဖေဖေ အင်ကြင်း စာတမ်းအတွက်ပြင်ဆင်စရာ ရှိသေးလို့ နောက်နေ့မှ ညစာစားလို့ရမလားဟင်”
“ရတာပေါ့သမီးရယ်။ ဒါဆို ဖေဖေ မိတ်ဆွေတွေနဲ့ ဒီညတွေ့လိုက်မယ်”
ကျွန်မ မောင့်အနားသို့ ခပ်သွက်သွက် လျှောက်သွားလိုက်ပါသည်။ မောင်က စကားပြောနေပေမယ့် ကျွန်မ ရောက်လာတာကို သိ၏။ စကားဖြတ်လျက် ကျွန်မဘက်သို့ လှည့်လိုက်ပါသည်။ မောင့်စကားသံ တစ်စွန်းတစ်စကို ကြားရသည်။ မောင် ပြင်သစ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနေခဲ့တာပါလား။ ကျွန်မ အံ့ဩသွားပါသည်။ ဆိုးမှာရှိသည့် ကျောက်တုံးစံအိမ်သို့ ရနံ့ကုထုံးကို စမ်းသပ်ခံယူဖို့ ဖိတ်ခေါ်နေခဲ့တာဟု ကျွန်မ ထင်သည်။
“မမ ညစာအတွက် မမဘယ်သူနဲ့ချိန်းထားပြီးပြီလဲ”
“ငြိမ်းငြိမ်းထွန်းကိုတော့ စောစောက လူအုပ်ထဲမှာ မြင်လိုက်တယ်။ သူနဲ့ ညစာအတူစားမလားလို့။ ဒါပေမယ့် အခု သူ့ကို မတွေ့တော့ပြန်ဘူး”
“ကျွန်တော် မမကို မာဆေးက အကောင်းဆုံးဆိုင်မှာ ညစာကျွေးမယ်လေ”
မောင်က ကျွန်မကို ဘယ်တုန်းကမှ မနာကျည်းခဲ့ဖူးသလို ခပ်သာသာပြုံးလျက် ပြောသည်။
“ကျွေးလေ”
“ညစာစားပြီးရင် မမရဲ့ စာတမ်းအတွက် ပါဝါပွိုင့်မှာသုံးဖို့ ဓာတ်ပုံတွေ ထည့်ယူလာတာပေးမယ်။ ကျွန်တော်ပါဝါပွိုင့် ကောင်းကောင်း လုပ်ပေးတတ်တယ်။ မမကို ကျွန်တော် ကူညီလို့ရလား”
ပါဝါပွိုင့်။ မောင်သည် အချိုရည်စက်ရုံကနေ ရေမွှေးထုတ်သည့် ကုမ္ပဏီသို့ ပြောင်းပြီး အလုပ်လုပ်သည့်ကောင်လေးအဖြစ်မှ အခုအခါ ဉာဏ်ရည်နှင့်အလုပ်လုပ်သော ရနံ့ကုထုံးပညာရှင်တစ်ယောက် ဖြစ်သွားခဲ့ပြီတဲ့။ အံ့ဩစရာပါလား။
ကျွန်မ တစ်ချက် ရယ်လိုက်မိသည်။
“ဒါပေမယ့် မင်းရဲ့ အရည်အချင်းကို ဘယ်လိုယုံကြည်ပြီး မင်းလက်ထဲ လွှဲရမှာလဲ”
“အဲဒါ မမ တွေ့မှာပေါ့။ ခိုင်းကြည့်ပါ။ ယုံမှ အပ်ပါ”
“အိုကေ ကြည့်သေးတာပေါ့။ ဒါနဲ့ ညစာကို နောက်မှ စားလို့ရမလား။ မမ အလုပ်ကို အရင်လုပ်ချင်တယ်”
ကျွန်မအတွက် ညစာက အရေးမကြီးပါ။ မောင်နှင့်အတူ မျက်နှာချင်းဆိုင်စားရမည်ဆိုစေ
ဦးတော့ ထိုညစာက အရေးမကြီးပါ။ ကျွန်မ ပုံသွင်းဖို့ကြိုးစားခဲ့သည့် ဖယောင်းတုံးလေး ဘယ်လောက် ရုပ်လုံးကြွနေပြီလဲ ကျွန်မ၏ ကူညီမှု ဘယ်လောက်ပါပြီး သူ့ အားထုတ်မှုက ဘယ်လောက်ပါလဲ ဆိုတာ တစ်ခဏလောက်တော့ အကဲခတ်ကြည့်ခွင့်ရမည်ဟု မျှော်လင့်မိသည်။
“ရတာပေါ့ မမ”
ဥရောပ၏ နေရာကျဉ်းကျဉ်း ဈေးကြီးကြီးထုံးစံကြောင့် ဟိုတယ်ဧည့်ကြိုဌာနက ကျဉ်းကျဉ်းလေး။ ဓါတ်လှေခါးက ရှေးဟောင်း ဘာဂျာသံဆွဲတံခါးတပ် ဓာတ်လှေခါး၊ ဧည့်ကြိုဌာနမှာ ထိုင်ခုံက ဆိုဖာရှည်လေးတစ်ခုနှင့် ကုလားထိုင်နှစ်လုံး။ ဒါပဲရှိသည်။
ကျွန်မအခန်းသည် တတိယထပ်မှာ ရှိသည်။ အများအားဖြင့်တော့ ကျွန်မ ဓာတ်လှေကား မသုံးဘဲ ရိုးရိုးလှေကားဖြင့် တက်တာ များပါသည်။ လှေကားသည် ပျဉ်လှေကားဖြစ်သည်။ ကော်ဇောအနီရောင် ခင်းပေးထားသည်။ တချို့နေရာတွင် ခြေနင်းသည့်အခါ တကျွိကျွိ မြည်တတ်သည်။
အခန်းက ခပ်ကျဉ်းကျဉ်းပါပဲ။ ရေချိုးခန်းမှာ ရေချိုးကြွေကန်ပါသည်။ ဒီနေ့ညတော့ မောင့်လက်ဆောင် ရေချိုးဆပ်ပြာရည်ကို ကြွေကန်ထဲသို့ ရေနှင့်အတူ အမြုပ်တွေတဖွားဖွားထွက်အောင် ထည့်ပြီး တစ်ကိုယ်လုံး ရေနွေးပူပူ စိမ်ပစ်လိုက်မည်ဟု စဉ်းစားထားခဲ့တာ။ အခုတော့ ဧည့်သည်မပြန်မချင်း ကျွန်မ ဇိမ်ကျကျ ရေမချိုးနိုင်တော့ဘူးပေါ့။
မောင်သည် မြန်မာနိုင်ငံမှာတုန်းက ကျွန်မတိုက်ခန်းသို့ ပြီးတော့ ကျွန်မ အိမ်ဝယ်လိုက်တော့လည်း အိမ်သို့ နံနက် တော်တော်များများနှင့် ညနေတိုင်း လာနေကျပါ။ ကျွန်မအိမ်သည် သူ့စားအိမ်သောက်အိမ် ဖြစ်နေသည်ဟု ပြောလို့ရသည်။ သို့သော် ကျွန်မအိပ်ခန်းထဲသို့ မောင့်ကို တစ်ခါမှ မဖိတ်ခေါ် ဖူးချေ။ ပစ္စည်းတစ်ခုခု ဝင်ယူခိုင်းတာမျိုးလည်း ကျွန်မ ဘယ်တုန်းကမှ မလုပ်ခဲ့တာမို့ မောင်သည် ကျွန်မအိပ်ခန်းနှင့် ကျွန်မခုတင် ကျွန်မမှန်ဘီဒိုစသည်တို့ကို မြင်ဖူးစရာ အကြောင်းမရှိပေ။
ယခုအခါ ကျွန်မတည်းသည့်ဟိုတယ်ခန်းမို့ ကျွန်မ၏အိပ်ခန်းပဲပေါ့။ ကျွန်မ၏ခုတင်ရှိသည်။ ခုတင်ပေါ်မှာ ဘာများ အမြင်မတော်တာတွေရှိဦးမလဲဟု ဓာတ်လှေခါးဟောင်းကြီးထဲမှာ မောင်နှင့်အတူတက်လိုက်လာနေရင်း အပြေးအလွှား စဉ်းစားနေမိသည်။ ဟင့်အင်း ဘာမှ မရှိပါဘူး။ ကျွန်မသည် မေမေနှင့်အဘွား၏ တင်းကျပ်သည့်စည်းကမ်းများအောက်တွင် နေလာခဲ့ရသူမို့ ဘယ်လောက်ပဲ အရေးတကြီးသုတ်သီးသုတ်ပျား ဖြစ်ပါစေ ကျွန်မ အခန်းကို ရှုပ်ပွအောင် မထားတတ်တာ အကျင့်ဖြစ်နေသည်။
သို့သော် ဘုရားရေ။ ကျွန်မ မေ့သွားတာတစ်ခု ရှိ၏။ စားပွဲပေါ်မှာ ထောက်တိုင်ဖြင့် တင်ထားသော မောင့်ဓာတ်ပုံ။ အို မောင် အခုလို မာဆေးကို လိုက်လာလိမ့်မယ်ဟုလည်းမထင်။ နောက်ပြီး ဟိုတယ်ခန်းအထိ လိုက်လာလိမ့်မယ်ဟု ပိုလို့တောင် မထင်ခဲ့မိပေ။
မဖြစ်ဘူး။ အဲဒီဓာတ်ပုံကို မောင်မြင်သွားလို့ မဖြစ်ဘူး။
မဟုတ်သေးပါဘူး။ သူ ကျွန်မစိတ်ကို ဟိုတုန်းကတည်းက ရိပ်မိခဲ့ပြီးပြီပဲ။ ဘာဖုံးကွယ်စရာလိုလဲ ။
မဟုတ်သေးဘူး။ ဟိုတုန်းက ရိပ်မိပြီးခဲ့တာက လေးငါးနှစ်တောင်ကြာခဲ့ပြီ။ အတိတ်က အတိတ်မှာ ကျန်ခဲ့ပြီလေ။ ခုချိန်ထိ တသသ တမ်းတ လွမ်းမက်နေဆဲဆိုတာတော့ သူသိဖို့ မလိုဘူး။ မဟုတ်ဘူး။ သိကို မသိသင့်တာ။
ဘယ်လို လုပ်ရပါ့မလဲ။
အို လွယ်ပါတယ်။ ကျွန်မက အရင်ဝင်ပြီး သူ့ကို ခဏစောင့်ခိုင်းလိုက်ပေါ့။ သူ ကျွန်မစကားကို နာခံပါ့မလား။ အတင်း လိုက်ဝင်လာရင်ကော။
ဟင့်အင်း မဖြစ်နိုင်ဘူး။ သူ လိုက်လာမှာ မဟုတ်ပါဘူး။ သူက အခုဆို ပိုပြီးတောင် လူကြီးလူကောင်းနဲ့တူလာသေးတယ်။ သော့ကိုဖွင့်လိုက်ပြီးနောက် ကျွန်မ သူ့ကို ခပ်တည်တည် လှည့်ကြည့်လိုက်၏။
“မောင်လေး ခဏနေဦး၊ မမခုတင်ပေါ်မှာ ရှင်းစရာတွေ ရှင်းရဦးမှာမို့ တစ်မိနစ်ပဲ။ တစ်မိနစ်ကြာမှ လိုက်ဝင်ခဲ့”
“ဟုတ်ကဲ့”
တွေ့လား။ ဘယ်လောက် အဆင်ပြေလိုက်သလဲ။ ကျွန်မ အပြေးအလွှားသွားပြီး ဓာတ်ပုံကို ကောက်ယူကာ အံဆွဲထဲသို့ထည့်လိုက်၏။
အံဆွဲငယ် လေးခု အတန်းလိုက် တစ်ညီတည်းပါသော စာရေးစားပွဲလေးနှင့် ဆိုဖာတပ် မတ်တတ်ကုလားထိုင်နှစ်လုံးရှိသည်မို့ အတော်ပဲ၊ မောင်က တစ်လုံးထိုင်၊ ကျွန်မကတစ်လုံးထိုင်လို့ ရသည်။ နံရံကပ်မှန်ကလည်း စားပွဲရှေ့တည့်တည့်မှာ။ ကျွန်မ၏ လက်ပ်တော့ကွန်ပျူတာက စားပွဲပေါ်မှာ ချလျက်သား။
ကျွန်မတို့နှစ်ယောက် စားပွဲရှေ့မှာ ရပ်မိတော့ မှန်ထဲမှာ အတူတူ ယှဉ်လျက်မြင်ရသည်။
မောင့်အရပ်က အမြင့်ကြီးပါပဲ။ ဆံပင်က ဟိုတုန်းကလို နဖူးပေါ်မှာ ဖြောင့်စင်းပြီး ဝဲကျနေသည့်ခပ်ရိုင်းရိုင်း ဆံပင်တွေ မဟုတ်တော့ဘဲ ဘယ်ဘက်မှာ ခွဲကြောင်းဖြင့် သေသေသပ်သပ် ဖြီးသင်ထားသည်။ ဒီပုံစံမျိုးကို ကျွန်မ နှစ်ခါသုံးခါပဲ တွေ့ဖူးသည်။
တစ်ခါက ရေနံချောင်းမှာ။ ဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာဖြင့်အောင်တော့ ဆုပေးပွဲမှာ ဆုယူတုန်းက သိမ်မွေ့ယဉ်ကျေးသော လူလိမ်မာလေးပုံစံပေါ့။ နောက်တစ်ခါက ရန်ကုန်မှာ အင်တာဗျူးသွားတုန်းက။ ကျွန်မမောင့်ကို မှန်ထဲမှာ ကြည့်လိုက်သလိုပင် မောင်ကလည်း ကျွန်မကို မှန်ထဲကနေ လှမ်းပြီး ပြုံးပြပါသည်။
မောင်ယူလာသည့် memory stick ထဲမှ ဓာတ်ပုံများကို ကျွန်မ ကွန်ပျူတာထဲမှာ အရင် ကူးထည့်သည်။ ပြီးတော့မှ ကျွန်မ ပြင်ဆင်ထားသော ပါဝါပွိုင့်ဆလိုက်ချပ်များကို အတူကြည့်ကြသည်။
တကယ်တော့လည်း ကျွန်မ မနေ့ညက ငိုရင်းရှိုက်ရင်း အိပ်ပျော်သွားတာမို့ စာတမ်းကို ပါဝါပွိုင့်ဖြင့်ပြဖို့ ပြင်ဆင်ချိန် မရခဲ့ပါ။ ရန်ကုန်မှာတုန်းက စိတ်ကူးပေါက်ရာ လုပ်ထားပြီး တစ်ဝက်တပြက်ဖြင့် စာအတိုင်းပဲ ပြောပြတော့မည်ဟု စိတ်ကူးလိုက်သည်မို့ ပြီးအောင်ဆက်မလုပ်ဖြစ်တော့ပါ။ အခုမှ မောင်က ပါဝါပွိုင့်ဆလိုက်ကို တိုက်တွန်းအားပေးနေလို့ ပြင်ဆင်ရမှာပါ။
“ပါဝါပွိုင့်ဆလိုက်ကို တကယ်တော့ ကျွန်တော်လည်း မကြိုက်ပါဘူးမမရယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ်ပြောမယ့် အကြောင်း အရာကို မမေ့အောင်လည်း အရေးကြီးတာကိုး။ စာကိုဖတ်ပြရတာမျိုးဆိုရင်တော့ ဘာအရေးလဲ။ အခုဟာက စာတမ်းကို ဖတ်ပြတာထက် ပြောပြတာက လူ ပိုအထင်ကြီးတယ်လေ”
ကျွန်မ သူ့ကို တအံ့တသြကြည့်မိသည်။
“မမ သိသလောက်တော့ မောင်သက်ဝေက အဲဒီအလုပ်မျိုးနဲ့ မနီးစပ်ဖူးလားလို့”
“ကျွန်တော် ရန်ကုန်မှာကတည်းက နောက်ပြောင်းတဲ့အလုပ်က ထုတ်ကုန်ပစ္စည်း ကြေငြာတဲ့ မန်နေဂျာအလုပ်လေ၊ ကျွန်တော် ကုမ္ပဏီတွေမှာ အမြဲ ပါဝါပွိုင့်နဲ့ပြပြီး ကိုယ့် ကုန်ပစ္စည်းကိုယ် ရောင်းဖို့ ကြိုးစားရတာ မမရဲ့။ ကျွန်တော့်ကို ယုံပါ”
ကျွန်မ ခေါင်းကိုသာ ခါယမ်းမိတော့သည်။ ရန်ကုန်မှာကတည်းက မောင်သည် ကျွန်မ မသိလိုက်သည့်ဘဝတွေ ရှိနေပါ့လားဆိုတာ အစောကတည်းက ကျွန်မသဘောပေါက်ခဲ့ပါရဲ့။
“ပါဝါပွိုင့်နဲ့ဆိုတော့ အင်္ဂလိပ်လိုပြောတဲ့အခါ ကိုယ့်အတွက် ကိုယ့်လေယူလေသိမ်းကို သူတို့ သိပ်မကျက်မိရင်တောင် မြင်ရတဲ့ ဆလိုက်လေးတွေက သူတို့နားလည်အောင် အထောက်အကူပြုမယ်လို့ ကျွန်တော်ထင်တယ်”
ကျွန်မ ခေါင်းညိတ်လိုက်သည်။ သူကူးယူပေးသည့်ပုံများမှာ တော်တော် ကောင်းသည်။ ကျွန်မဟာကျွန်မဆိုလျှင် သူများနိုင်ငံမှာ ရောက်နေချိန် ရှာဖို့မလွယ်သည့်ဓာတ်ပုံတွေနှင့် စာအုပ်မျက်နှာဖုံးတွေ သရုပ်ဖော်ပုံတွေ ဖြစ်သည်။
ကျွန်မ သူ့ကို စာတမ်းပေးဖတ်လိုက်တာ မှန်သွားသည်။ ဘာကြောင့်လဲဆိုတော့ စာတမ်းထဲမှာပါသော ကဗျာများနှင့် ကဗျာဆရာများ၏ပုံတွေကို သေသေသပ်သပ် လှလှပပ စကင်ကောက်ပြီး ကူးယူထားခြင်းဖြစ်သည်။
“ဟယ် ကောင်းလိုက်တဲ့ပုံတွေ”
မောင် ပြောပြသည့် မင်းသုဝဏ်၏ ဝင်္ကပါကဗျာ သရုပ်ဖော်ပုံလေးလည်း ပါသည်။ ဦးဘရင်ကလေး၏ တစ်ကြောင်းဆွဲ ကောက်ကြောင်းပန်းချီလေးတွင် ကလေးလေး၏ပုံက ချစ်စရာ ကောင်းလှသည်။
အေးရိပ်သာတဲ့ ပညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့နဒီတွင်း
သမင်ရေသောက်ဆင်း
ထိုကဗျာကို မောင့်ကို ပေးဖတ်ခဲ့သည့် လွန်ခဲ့ပြီးသောနှစ်တွေက ကာလတစ်ခုကို သတိရမိသည်။ မောင်ကတော့ သိပ်ငယ်လွန်းသေးတာမို့ သတိရချင်မှ ရပါလိမ့်မည်။ အဲဒီတုန်းက မောင့်ကို ဝေဿန္တရာဇာတ်နှင့် ပထမဆုံး မိတ်ဆက်ပေးခြင်း ဖြစ်သည်။ နောက်တော့ ဦးကြော့၏ စုံနံ့သာမြိုင်ကဗျာနှင့် ဒုတိယအကြိမ် မိတ်ဆက်ပေးခဲ့သည်။
မေမေ့ကိုသာ ဝေဿန္တရာကို ကျွန်မ မကြိုက်ဘူးဟုပြောမိသော်လည်း တကယ်တော့ ဝေဿန္တရာသည် ကျွန်မ နှလုံးသားထဲ တော်တော်လေးစိမ့်ဝင်နေခဲ့ပုံရပါသည်။
“ကလေးတစ်ယောက်ကို မွေးစကနေ အသက်ခုနစ်နှစ်အထိ ငါ့ကိုပေးထားပါ။ ငါကဒီကလေးကို လူကောင်းတစ်ယောက် ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ် ဆိုတဲ့ ဂျေဆူးမက်ဇင် အဆိုစကားကို ပထမဆုံး ဆလိုက်မှာထည့်မယ်။ မမ သဘောတူလား”
“အင်း ကောင်းတယ်”
ထို့နောက် သူက စိတ်ပါလက်ပါနှင့် ပုံတစ်ပုံထည့်လိုက် စာတမ်းထဲက တချို့စာသားတွေကို ဆလိုက်ထဲ ကူးထည့်လိုက်။ သူ့ကြည့်ရသည်မှာ အလုပ်တစ်ခုကို စူးစူးစိုက်စိုက်လုပ်နေသူနှင့်မတူ။ ကစားစရာအသစ်အဆန်းတစ်ခု ရလာသည့်ကလေးတစ်ယောက် ကစားစရာကို စိတ်ဝင်တစားဆော့နေသလိုပဲ။
သူ့မျက်ခုံးတွေက သိပ်အထူကြီးလည်း မဟုတ်။ သိပ်အပါးကြီးလည်းမဟုတ်။ အပေါ်မှာ ထောင့်ချိုးလေးတော့ ရှိသည်။ အဖျားက နည်းနည်းသေးသွားပေမယ့် အလယ်မှာတော့ ပြားချင်သလိုလို။ ကျွန်မလက်ညှိုးနှင့် လက်မလေးနှင့်များ မျက်ခုံးတွေကိုဆွဲပြီး စုပေးလိုက်ရင် တန်းသွားနေကျ မျက်ခုံးလေးတွေ။ ကျွန်မ ပြုံးချင်သွား၏။ အခုတော့ ကျွန်မ သူ့ကို ငယ်ငယ်ကလို လုပ်ချင်ရာလုပ်ပေးလို့ မရတော့သည့် ဘဝတွေသို့ ပြောင်းလဲသွားခဲ့ပြီပဲ။
မျက်တောင်တွေက ငယ်ငယ်ကလိုပဲ သိပ်မကော့ပါ။ မတိုမရှည်၊ ဒါပေမယ့် မဲနက်နေသည်။ မျက်လုံးကလည်း သိပ်အမဲကြီးမဟုတ်ပါ။ ညိုနက်နက်ပါပဲ။ ဒါပေမယ့် တောက်ပတာ မျက်သားက ဖြူဖွေးနေတော့ မျက်ဆံက ပိုရင့်ပြီး တောက်ပ
သွားခဲ့တာ။ သူ့မှာ နှုတ်ခမ်းမွေးစစလေးတော့ ရှိနေပြီပဲ။
ကျွန်မ သူ့ကို စောင့်ကြည့်ရင်း မျက်တောင်တွေလေးလာသည်။ မျက်လုံးက မှေးစင်းလုမတတ်။ အတင်း ဖွင့်ထားရ၏။ မကောင်းပါဘူးလေ။ သူက ကိုယ့်အတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးနေတာ။ သို့သော် ညက ကျွန်မ တော်တော်နှင့် အိပ်မပျော်ပါ။ ငိုနေခဲ့သေးတာကိုး။
“မမ အိပ်ချင်နေတာလား”
“ဟင့်အင်း မအိပ်ချင်ပါဘူး”
“ဆာပြီလား”
“အင်း ဒါပေမယ့် ဒါပြီးမှ စားမယ်လေ”
“ဒါဆိုရင် ကျွန်တော် ဒါလေးပြီးအောင် လုပ်လိုက်မလို့”
“အင်း”
“မမ နားနားနေနေ နေလေ။ ကျွန်တော့်ကို အားမနာနဲ့”
သူ ကျွန်မကို လှည့်မကြည့်ပါ။ သို့သော် မှန်ထဲမှာ သူ့ကိုမြင်နေရတာမို့ သူ့အာရုံက ကျွန်မဆီမှာမရှိဘဲ ကွန်ပျူတာထဲမှာ သာရှိနေသည်က သိသာသည်။ သူ တကယ်ပဲ ကျွန်မကို ပါဝါပွိုင့်ဆလိုက် လုပ်ပေးရုံ သက်သက် ကျွန်မဆီလိုက်လာတာပေါ့နော်။
သူက တင်မိုး၏ပုံကို သုံးလေးပုံထဲကနေ ရွေးနေတာမြင်ရသည်။ ကဗျာဆရာကြီး ဦးတင်မိုး၏ ၀၀ပြည့်ပြည့်မျက်နှာ မျက်လုံးများမှေးစင်းသွားအောင် ပြုံးရယ်နေသောမျက်နှာ။
နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကို သွားရမယ်
ငွေဗျိုင်းဖြူးရယ် ကျွန်တော်သွားတော့
လိုက်မှာလားကွဲ့ ပျော်လှတယ်။
တချို့ကဗျာတို့မှာ အင်္ဂလိပ်ဘာသာပြန် ရှိပြီးသား။ တချို့သောဆရာကြီးများက ဘာသာပြန်ထားခဲ့သည်။ တချို့ကဗျာတို့မှာ ဘာသာပြန်ပြီးသား မရှိပေ။ ထိုကဗျာတို့ကို ကိုယ်ဟာကိုယ် ဘာသာပြန်ခဲ့ရသည်။ ထိုဘာသာပြန်တွေသည် မူရင်းကို ခြေဖျား ပင် မီမှာမဟုတ်ဟု ကိုယ့်ဟာကိုယ်သိပြီးသားပါ။
“မမ ဒါ တော်တော်နဲ့ ပြီးမှာ မဟုတ်ဘူး။ ကျွန်တော်ဒီမှာ ညအိပ်ပြီးလုပ်ပေးဖို့လည်း မမက လက်ခံမှာမဟုတ်ဘူး ဆိုတော့ ညစာ ထွက်မစားဘဲ လုပ်လိုက်ကြမလား”
မင်းဒီမှာ ညအိပ်ဖို့ မမ လက်မခံဘူးလို့ မင်း ဘယ်လိုလုပ်သိလဲ။ ကျွန်မ မေးလိုက်ချင်သည်။ ဟိုတုန်းက အင်ကြင်းဝေဆိုလျှင် မေးလိုက်ပြီပေါ့။ အခုတော့ ကျွန်မ မသိချင်ယောင် ဆောင်တတ်သွားပါပြီ။
“အင်း ဒါဆို အခန်းထဲကို ညစာမှာပြီး စားကြမလား”
“ကောင်းသားပဲ။ ကျွန်တော် လုပ်ပြီးသားလေး မမ ပြန်ကြည့်လိုက်ဦး။ ကျွန်တော် ရေချိုးခန်းဝင်ပြီး မျက်နှာသစ်လိုက်ဦးမယ်နော်”
သူ ရေချိုးခန်းထဲ ဝင်သွားသည့်အခါ သူလုပ်ထားသည့် ပါဝါပွိုင့် ဆလိုက်ချပ်များကို တစ်ခုချင်း ကြည့်ပါသည်။ ကျွန်မစာတမ်းထဲမှ ကော်ပီလုပ်ပြီး ပြန်ထည့်ထားခြင်း ဖြစ်သော်လည်း အမှားအယွင်းတစ်ခုခု ဖြစ်မှာ စိုးရိမ်သည်။ သူတစ်ခုခု ပြင်လိုက်လျှင် သတ်ပုံမှားမှာကို စိုးရိမ်သည်။ သူက ယခုထိ သတ်ပုံရော သဒ္ဒါရော မှားတုန်း မဟုတ်လား။
အခုကိုပဲ ကြည့်လေ။
မြန်မာနိုင်ငံတွင် ကလေးကဗျာ သမိုင်းကြောင်းသည် ရှည်လျားခဲ့သည်။ ဟိုးရှေးရှေးကတည်းက သားချော့တေးတွေ အမည်မသိ စာဆိုတွေစပ်ဆိုခဲ့ကြသည်။ ဥပမာ လူလေးရယ်ငို ခိုဖမ်းလို့ပေး ခိုဖြူခိုပြာနက်ကယ် ဖမ်းခက်လှသေး။ သားချော့တေးဆိုသည့် စကားလုံးတွင် စာလုံးတစ်ခုကျန်နေခဲ့သည်။ သူက ကျွန်မစာတမ်းထဲက ကူးလိုက်တာဖြစ်သော်လည်း ပြန်ပြီးထည့်လိုက်သည့်အချိန်မှာ တစ်ခုခုနှင့် ကပ်ပြီး ပျက်သွားပုံပေါ်ပါသည်။
ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွတ်သည့်အဘိုးအို
ဟော ကြည့်ပါဆို
ဆိုသာဆို ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား။
တကယ်တော့ လပေါ်တွင် နတ်သားမရှိပါ။ သေသေချာချာကြည့်လျှင် ဆန်ဖွတ်သည့်အဘိုးအို၏အရိပ်လည်း ပေါ်မနေပါ။ လပေါ်မှာ ကျွန်မတို့မြင်နေရသည်က တောင်တွေချိုင့်ဝှမ်းတွေသာ ဖြစ်ပါသည်။ အခုတော့ လပေါ်မှာ လူတွေရောက်ခဲ့ပြီ။ လကို ဓာတ်ပုံလည်း ရိုက်ပြခဲ့ကြပြီးပြီ။ (တချို့ကတော့ လပေါ်လူရောက်သည်ဆိုတာကို မယုံကြ။ ဆင်ရိုက်တာဟု စွပ်စွဲသည်) ကျွန်မ ငယ်ငယ်တုန်းက ယုန်ကလေးလည်း မြင်ရသည်။ ဆန်ဖွတ်သည့် အဘိုးအိုကိုလည်း မြင်ရသည်။ အသက်ကြီးလာတော့ ဆန်ဖွတ်သည့်အဘိုးအိုကိုရော ယုန်လေးကိုရော မမြင်ရတော့ပေ။
အသက်အရွယ်အရ အမြင်တွေပြောင်းသွားတာလား၊ အသက်ငယ်စဉ်က စိတ်ကူးဉာဏ် ကွန့်မြူးနိုင်စွမ်း ပိုများခဲ့တာကြောင့်လား။ ငယ်စဉ်ကတော့ တိမ်တောင်တိမ်လိပ်တွေကို ကြည့်လျှင် နဂါးရုပ် ဂဠုန်ရုပ် ဆင်ရုပ် စသည်ဖြင့် မြင်ရသည်။ အခုတော့ တိမ်တောင်သည် ပုံသဏ္ဌာန် မသဲကွဲ မပြတ်သားသည့် တိမ်တွေပဲ ဖြစ်နေသည်။ ဘာကွာသွားလို့လဲ။ ဘာကွာသလဲဆိုတော့ ကလေးသည် ဖန်တီးဉာဏ်ဖြင့် ပြည့်စုံသည်။ လူကြီးမှာ ထိုဖန်တီးဉာဏ်တွေ လျော့ကုန်သည်။
ထိုအချိန်တွင် ကျွန်မ ရုတ်တရက် ဂီတသံတစ်ခု ကြားလိုက်ရသည်။ တေးသီချင်းသံတစ်ခုပါ။
“××× နာကျင်စရာများနဲ့ ဖြန့်ကာထားတဲ့ လှိုင်းတွေထဲ ကူးခတ်နေရင်း ငါ ကမ်းပျောက်နေဆဲ အို မောပန်းနွမ်း ဒဏ်ရာတွေ အပြည့်နဲ့ စိမ့်ဝင်ကာ စီးခဲ့ ငါ့ရဲ့သွေး ခါးသီးပေမယ့် ခုံမင်ကာ
တမ်းမက် ဒါအဆုံးမရှိတဲ့လမ်း အိုး သိပါတယ် ×××”
သီချင်းသံက ပထမတော့ ခပ်တိုးတိုးမျှသာ ထို့နောက် တဖြည်းဖြည်း ကျယ်လောင်လာသည်။
အသံက မျိုးကြီးအသံမဟုတ်။ အဲဒါ မောင့်အသံ ဖြစ်ပါသည်။ မောင် မသိလိုက်ခင်မှာ ကျွန်မ တယ်လီဖုန်းထဲ ထည့်ထားခဲ့သော မောင့်သီချင်းသံပါ။ အဆိပ်ခွက် သီချင်းကို မောင် ဂီတာတီးပြီး ကျွန်မကို သီဆိုပြတုန်းက တယ်လီဖုန်းဖြင့် တိတ်တိတ် အသံသွင်းထားခဲ့တာလေ။
ကျွန်မဖုန်း၏ ဖုန်းမြည်သံမှာ မောင့်သီချင်းသံ ဖြစ်သည်ဟု ကျွန်မ မေ့နေခဲ့သည်။ ကျွန်မ ကမန်းကတန်း တယ်လီဖုန်းကို ရှာဖွေလိုက်သည်။ ဘယ်ရောက်နေပါလိမ့်၊ လက်ပွေ့အိတ်ထဲမှာ ထင်တယ်။ မောင်မကြားစေချင်သည့် မောင့်အသံကို မြန်မြန် ပျောက်သွားစေဖို့ ခလုပ်ကို နှိပ်ချင်လှပြီ။ ကဗျာကရာ ရှာလေ ဖုန်းကို မတွေ့လေ။ သီချင်းသည် ထပ်ခါထပ်ခါ မြည်နေဆဲ။ နောက်ဆုံးမှာ လက်ပွေ့အိတ်ထဲမှာ နစ်နေသောဖုန်းကို တွေ့၏။
ကျွန်မကိုင်လိုက်ချိန်မှာ ဖုန်းက ကျသွားပြီ။ ထိုအချိန်မှာ ရေချိုးခန်းတံခါး ပွင့်သွားသည်။ ဇဝေဇဝါမျက်နှာထားဖြင့် မောင် ကျွန်မဆီသို့ လျှောက်လာသည်။ ကျွန်မ တယ်လီဖုန်းကို နောက်ထပ် အသံမမြည်အောင် အသံထုထည်ကို အဆုံးထိအောင် ချပြီးတိုးပစ်လိုက်သည်။ သို့သော် မောင် ကြားသွားခဲ့ပြီဆိုတာ မောင့်မျက်လုံးတွေကို ကြည့်ပြီး ကျွန်မ သိလိုက်ပါသည်။
“မမ”
ကျွန်မ မောင့်ထံမှ မျက်နှာလွှဲထားဖို့ ကြိုးစားပေမယ့် မောင့်ကို မျက်လုံးထောင့်မှ ခပ်ရိပ်ရိပ် မြင်နေရပါသည်။
နောက်တစ်ကြိမ် ဖုန်းလာပြန်ပြီ။ သည်တစ်ခါတော့ ကျွန်မက အသံတိတ်ပစ်လိုက်တာမို့ တုန်ခါမှုဖြင့်ပဲ ကျွန်မ သိရသည်။ ကျွန်မ ဖုန်းကို ဖွင့်လိုက်လျှင် မောင့်ထံမှ မျက်နှာလွှဲလို့ရမှာမို့ အားတက်စွာ ဖြေဆိုသည့်ခလုပ်ကို ပွတ်ဆွဲလိုက်ပါသည်။
“ဟဲလို”
“ဟဲလို အင်ကြင်း”
အမျိုးသားတစ်ယောက်အသံ၊ မြန်မာစကားသံ။ ကြားဖူးနေလိုက်တာ။ ဘယ်သူပါလိမ့်။
ကျွန်မဘေးမှာ မောင်သည် အသိစိတ်ကင်းမဲ့သူလို မတ်တတ်ရပ်နေဆဲ။ ကျွန်မဘေးမှာ မောင် ရပ်နေဆဲ။ ကျွန်မ၏ လှုပ်ရှားပြုမူမှုတွေကို စောင့်ကြည့်နေသလိုပဲ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
“အင်ကြင်း နင့်ဆီက ဘာအဆက်အသွယ်မှ မရလို့။ ငါစိတ်ပူလို့ ဆက်လိုက်တာ။ နင် အဆင်ပြေလား။ ဘာထူးခြားလဲ”
ကိုလတ်အသံလား။ ဖုန်းမျက်နှာပြင်ပေါ်မှာ နံပါတ်ကိုမတွေ့ရ၊ မသိသောနံပါတ်ဟု စာလုံးတွေ ပေါ်နေသည်။ ဟုတ်မှာပါ။ ဒါ မြန်မာပြည်ကနေ ကိုလတ် ဆက်နေတာပါ။
“အေး။ နင် ငါ့ဆီ အီးမေးလ်လည်း ပို့မထားဘူး။ ဘာတွေဖြစ်နေတာလဲ ငါမသိရဘူး။ နင် အဆင်ပြေလား”
“ပြေပါတယ် ကိုလတ်ခင်းတဲ့ဇာတ်အတိုင်း ကျနော် ကနေတယ်လေကိုလတ်”
ကိုလတ် ရယ်ရမလားဟု ကျွန်မ ပြောလိုက်သည့် စကားတွင် ပျော်ရွှင်မှုနှင့် ဟာသဉာဏ် လုံးဝ ပါမသွားခဲ့တာ ကျွန်မရိပ်မိပါသည်။ ထို့ကြောင့် ကိုလတ်ဆီမှ ရယ်သံမကြားရပါ။
“ဆောရီး အင်ကြင်း နောက်မှ ငါစဉ်းစားမိတယ်။ ငါ့စေတနာက ဝေဒနာတွေ ဖြစ်သွားပြီလားလို့ တွေးမိတယ်”
“ဟင့်အင်း မဖြစ်ပါဘူးကိုလတ်။ ဒီမှာ အစစအရာရာ အဆင်ပြေနေပါတယ်”
“တကယ်လား”
“ဟုတ်”
“သူ နင့်ကို အဆက်အသွယ် လုပ်လား”
“ဘယ်သူလဲ ကိုလတ်"
“ချီးမှပဲ တော်ပြီ ငါ မပြောတော့ဘူး”
“ဟားဟားဟား”
သည်တစ်ခါ ရယ်လိုက်ရတာ တကယ်ပဲ အရသာရှိနေသည်။ ကိုလတ်၏ တကယ်စိတ်တိုသွားသည့်အသံကြောင့် ကျွန်မ ပေါ့ပေါ့ပါးပါး ရယ်နိုင်ပြီပေါ့။
“အေး အေး နင်ရယ်နိုင်ရင် ငါ ဝမ်းသာပါတယ်”
“ကိုလတ် ဖုန်းချလိုက်။ ပိုက်ဆံကုန်မယ်။ ကျနော် ညကျ အီးမေးလ် ပို့လိုက်မယ်။ အကျိုးအကြောင်း အရှည်ကြီး ထည့်ရေးပေးလိုက်မယ်။ အပြန်ကျရင် ကိုလတ်အတွက် ဝိုင်တစ်ပုလင်း ဝယ်ခဲ့မယ်နော်”
ကျွန်မ ဖုန်းချလိုက်ပြီး မောင့်ကို မော့ကြည့်နိုင်သွား၏။
မောင်က ကျွန်မအား မရယ်မပြုံး စိုက်ကြည့်နေ
ခဲ့သည်။ မောင့်မျက်လုံးမှာ ဘာအဓိပ္ပါယ်တွေပါလဲဟု မီးရောင်အောက်မှာ ကျွန်မ မခန့်မှန်းနိုင်ပါ။
“မမ”
သူ့မျက်ဝန်းမှာ အံ့ဩသည့်အရိပ်အယောင်လား၊ စိတ်မကောင်းသည့် အရိပ်တွေလား။ ကျွန်မကို သနားညှာတာသည့် မျက်လုံးတွေလား။ ဟင့်အင်း အဲဒီမျက်လုံးမျိုးနဲ့ ငါ့ကို မကြည့်နဲ့။
ကျွန်မကလည်း ညံ့လိုက်တာ။ ဘာဖြစ်လို့များ ဒီသီချင်းကို ဖုန်းမြည်သံ အဖြစ်ကနေ ပြန်ဖျက်မပစ်ခဲ့မိတာလဲ။ ကိုလတ်ကရော ဘာဖြစ်လို့ သူရှိနေချိန်မှာ ဖုန်းဆက်လာရတာလဲ။ ကျွန်မကို ထားပစ်ခဲ့သူရှေ့မှာမှ ဒီသီချင်းနဲ့ ဒီအသံနဲ့ ကျွန်မနှလုံးသားကို ဖွင့်ဟပြမိလေခြင်း။
သူ ကျွန်မကို ဖက်ပွေ့တော့မလို ဟန်ပြင်လာသည်မို့ ကျွန်မ မျက်နှာထားတင်းတင်းဖြင့် မျက်နှာလွှဲပစ်လိုက်မိသည်။
ထိုအခါ သူ နောက်ပြန်ဆုတ်လိုက်သည်။ ကျွန်မတို့နှစ်ယောက် စကားတစ်ခွန်းမှ မပြောမိကြပြန်ပါ။
မောင့်ကို လှည့်မကြည့်သော်လည်း မောင် ကျွန်မကို ငေးကြည့်နေဆဲဟု ကျွန်မသိနေသည်။ ဘာဖြစ်လို့ သိနေလဲဟုမမေးပါနှင့်။ ကျွန်မ သိနေပါသည်။ မောင့်အသက်ရှူသံကို ကျွန်မ ကြားနေရသည်။ ပင့်သက်ရှိုက်သံလား၊ မသဲကွဲသည့်အသံ။ အခုအချိန်မှာ မောင့်လက်က ကျွန်မပခုံးကို ထိန်းကိုင်လာလျှင်တော့ ကျွန်မ တင်းဆည်ထားသမျှ အကုန်ပြိုကျသွားတော့မှာပဲ။ ကျွန်မ သိနေသည်။ ကျေးဇူးပြုပြီး သူ့ကို ပြောစရာ သာမန်စကားတစ်ခုခုကို ကျွန်မ အမြန်ရှာတွေ့ပါရစေလား။
နောက်ဆုံးတော့ တိတ်ဆိတ်ပြီး မသက်မသာဖြစ်နေမှုကို ဖြိုခွဲလိုက်သူက အရွယ်ပိုကြီးရင့်သောကျွန်မဖြစ်ရမည့်အစား ပိုငယ်သည့် မောင် ဖြစ်နေခဲ့ပါရောလား။ ။
“မမကြောင့် ကျနော်အင်္ဂလိပ်သီချင်းတွေကို သိလာတာ မမကျေးဇူးက သိပ်ကြီးပါတယ်”
အဖြစ်အပျက်နှင့် နည်းနည်းပဲ ဆိုင်သည့် စကားကို ပုံမှန်အသံဖြင့် ပြောလာသည့်အတွက် ကျွန်မ မောင့်ကို ကျေးဇူးတင်ရပါသည်။ ကျွန်မ မောင့်ဘက်သို့ ပြန်လှည့်ကြည့်နိုင်သွားပါပြီ။
“အခု ကျနော်က ရနံ့နဲ့သာမက ဂီတပါရောပြီး ကုထုံးထဲ ထည့်ဖို့ စိတ်ကူးနေတာ။ အဲဒါ မမကျေးဇူးပေါ့”
ကျွန်မ ပြောဖို့ စကားရှာဖွေနေဆဲ သူက ကုလားထိုင်မှာဝင်ထိုင်လိုက်ပြီး ကွန်ပျူတာလက်ကွက်ပေါ် လက်ဖျားတွေ တင်လိုက်ပြီ။
“မမရဲ့စာတမ်းမှာ ကလေးကဗျာတွေနဲ့ အောင်မြင်မှု တစ်ခုခုရဲ့ ဆက်စပ်မှုကို သက်သေပြဖို့လိုတယ်လို့ တွေးမိလား။ စာတမ်းရဲ့ အနှစ်ချုပ် ကောက်ချက် လိုတယ်မဟုတ်လား”
“မမ တွေးမိတာပေါ့။ ဒါပေမယ့် ယေဘုယျပဲပြောနိုင်မှာ မမမှာ လူသက်သေ မရှိဘူးလေ”
မောင် ကျွန်မဘက်သို့ လှည့်ကြည့်သည်။
ဟိုတုန်းက ကြည့်သည့်မျက်လုံးမျိုး။ ရယ်မြူးသော ရွှင်ပျသော မျက်လုံးမျိုးပါ။
“မမရှေ့မှာ အလွန်ခိုင်လုံတဲ့ သက်သေ လူသားတစ်ယောက် ရှိနေတာပဲ။ မမ သုံးလို့ရတယ်လေ”
“မင်း စိတ်ပြောင်းသွားတာလား”
“စိတ်ပြောင်းတာ မဟုတ်ပါဘူး။ နဂိုကတော့ ခေါင်းစဉ်ကို မြင်လိုက်တော့ အဲ့လိုကြီး လုပ်ချလိုက်မှာလားလို့ လန့်သွားတာ။ ကျနော်တို့ဘဝတွေ အထူးသဖြင့် ကျနော်နဲ့ နေမင်းဦးနဲ့ မိုးမခရဲ့ဘဝတွေက မလှခဲ့ဘူးလေ မမ။ အခုလို ကဗျာတွေနဲ့ ပေါင်းစပ်ပြီး လှလှပပ ကောက်ချက်ဆွဲလိမ့်မယ်လို့ ကျနော် ဘယ်ထင်ထားခဲ့မိမလဲ။ အခုလိုစာတမ်းမှာတော့ အောင်မြင်တဲ့ပုံပြင်အဖြစ် ကျနော် ပါဝင်ရမယ်ဆိုရင် ကျနော်လောက် ဂုဏ်ယူရတဲ့သူ လောကမှာ ရှိတော့မယ် မထင်ဘူး”
“အို တကယ်လားမောင်ရယ်”
ကျွန်မ ရင်ထဲမှာ ထိတ်ခနဲ ခုန်သွား၏။ သည်တစ်ခါခုန်သည့်ရင်က ကြည်နူးချမ်းမြေ့မှုကြောင့် ဖြစ်ပါသည်။
“တကယ်ပါ မမရယ်။ မမက ကျနော့်ကို အောင်မြင်မှု ပုံပြင်တစ်ခုလို့ သဘောထားခဲ့မယ်ဆိုရင်ပေါ့”
ကျွန်မ သူ့လက်ကို လှမ်းဆွဲကာ ဆုပ်ညှစ်လိုက်မိသည်။ ကျွန်မတို့နှစ်ယောက် လွန်ခဲ့သည့် နှစ် နှစ်ဆယ်ကာလသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရပါသည်။
---
(အခန်း ၂၅ ဆက်ရန်)
#ဂျူး
#ဆုံနေရက်နဲ့လွမ်းလေခြင်း
#shared_by_louis_augustine
Comments
Post a Comment