ဆရာ့ကိုလွမ်းတဲ့စာ // ဂျူး

ဆရာ့ကိုလွမ်းတဲ့စာ // ဂျူး

(ကလျာမဂ္ဂဇင်း၊ အမှတ် ၁၅၉၊ ၁၉၉၈ ခုနှစ်၊ မေလ)

---

ဆရာမြသန်းတင့် ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ မြတ်စွာဘုရားကို တ, မိရင်း ပထမဆုံး ဖြစ်ပေါ်လာတဲ့စိတ်က နှမြောတသ စိတ်ပါ။

မြန်မာနိုင်ငံရဲ့ စာပေလောကမှာ အင်မတန်ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကြီးတခု ဖြစ်ပေါ်သွားခဲ့ပြန်ပြီ။ ဟောဒီနေရာကနေ ဆရာ ရုတ်တရက် လစ်လပ်ကွယ်ပျောက်သွားလို့ ကျန်ရစ်ခဲ့မယ့် ကွက်လပ်တခုကို ကျွန်မတို့ ဘယ်သူ့ နာမည်နဲ့ အစားထိုးလို့ ရနိုင်မှာလဲ။ ဘယ်အရာမျိုးနဲ့များ အစားထိုးလို့ ရနိုင်မှာတဲ့လဲ။ အဲဒီ အသိမျိုး တုန်လှုပ်မှုမျိုးနဲ့ နှမြောတသမိပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ စာပေကို တန်ဖိုးထား မြတ်နိုးကြတဲ့၊ စာပေနဲ့ ကိုယ့်ဘဝကို တည်ဆောက်ကိုယ် တည်ဆောက် မြှင့်တင်နေရတဲ့ ပြည်သူလူထုတရပ်လုံးနဲ့အတူ နှမြော တသရတဲ့ စိတ်ပါ။

ဒုတိယ ဖြစ်ပေါ်လာရတဲ့စိတ်က ဝမ်းနည်းကြေကွဲစိတ် ဖြစ်ပါတယ်။

ရင်းနှီးစွာ ချစ်ခင်အားကိုးရတဲ့ ဦးလေးတယောက် ကိုယ့်ဘဝထဲက ရုတ်တရက် ထွက်ခွါသွားလို့ ခံစား ကျန်ရစ်ခဲ့ရတဲ့ ဝမ်းနည်းစိတ်ပါ။

ကျွန်မဘဝမှာ စာကို နှစ်သက်လေးစားစွာ ဖတ်နေခဲ့တဲ့ စာရေးဆရာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် စာကို နှစ်သက်လေးစားရုံမက လူကိုပါ ကျွန်မ ချစ်ခင်လေးစားရတဲ့ စာရေးဆရာကြီးတွေတော့ အင်မတန် နည်းပါတယ်။ သိကျွမ်းခွင့် မကြုံခဲ့ရလို့ ... ဒါမှမဟုတ် သိကျွမ်းခွင်းကြုံပေမယ့် ရင်းနှီးခွင့် မကြုံခဲ့လို့ ... ဒါပေမယ့် ရင်နှီးခွင့် ကြုံပေမယ့် ချစ်ခင်လေးစားတဲ့ အဖြစ်ကို မရောက်လာခဲ့လို့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ဆရာမြသန်းတင့်ကတော့ ရင်းနှီးခွင့်လည်း ကြုံခဲ့ပြီး၊ ကျွန်မချစ်ခင် လေးစားခဲ့ရတဲ့ စာရေးဆရာကြီး တယောက် ဖြစ်ပါတယ်။

ဆရာ့အိမ်နဲ့ ကျွန်မအိမ်က လမ်းလျှောက်သွားလို့ ရလောက်အောင် နီးပါတယ်။

ကျွန်မအိမ်ကို လာတဲ့အခါ မီးရထားဂုံးကျော်တံတားကို ခြေလျင်လျှောက်လာတာလို့ ဆရာပြောဖူး ပါတယ်။ ကျွန်မလည်း ဆရာ့အိမ်ကို သွားရင် ကြည့်မြင်တိုင်ဘူတာ ဂုံးကျော်တံတားပေါ်က ဖြတ်ပြီး ခြေလျင် လျှောက်သွားခဲ့တာပဲ။ ဆရာ့စာအုပ်တွေ ထွက်တဲ့အခါ ဆရာက ကျွန်မကို စာအုပ်လက်ဆောင် ပေးလေ့ ရှိတယ်။ ကျွန်မစာအုပ်တွေ ထွက်တဲ့အခါတိုင်း ကျွန်မက ဆရာ့ကို စာအုပ်လက်ဆောင် ပေးခဲ့ပါတယ်။

ဒါ့အပြင် ပျဉ်းမနားက ကိုခင်မောင်ဇော် (ဇော်ဝင်းကို) ရန်ကုန်ကို လာတိုင်း ဆရာ့အိမ်ကို သွားဖို့ ကျွန်မကို အမြဲ ဝင်ခေါ်တတ်တာမို့ ကိုဇော်လာတိုင်း ကျွန်မတို့ ဆရာနဲ့ တွေ့နေကျလို့ ပြောနိုင်ပါတယ်။ ဆရာက ကျွန်မတို့ကို စိတ်တိုင်းကျ (မပိုလမ်း) မှာ၊ ဒါမှမဟုတ် တော်ဝင်နှင်းဆီ (ရွှေဂုံတိုင်)မှာ တခုခု ကျွေးတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ဆရာနဲ့ ကိုဇော်နဲ့ ပြောနေကြတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ သတ္တိတွေလည်းပါ၊ စိတ်ဓါတ်ကျစရာတွေလည်းပါ၊ အောင်နိုင်ခဲ့တာတွေလည်းပါ၊ ကျရှုံးခဲ့တာတွေလည်း ပါတဲ့ သူတို့နှစ်ယောက်ကြုံတွေ့ခဲ့ရတဲ့ ဘဝခရီးကြမ်းတွေ အကြောင်း ကျွန်မ နားထောင်ခဲ့ရတယ်။ ဆရာတို့ဆီကသာ ကျွန်မလေ့လာနိုင်တဲ့ အရင်ခေတ်က ဘဝတက္ကသိုလ်တွေအကြောင်းဟာ ကျွန်မအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ပညာတွေပါ။

ဝတ္ထုစာအုပ် ရေးပြီးသွားတိုင်း၊ ဒါမှမဟုတ် ဝတ္ထုတိုတွေ စုထုတ်ဖို့ ကြိုးစားတိုင်း၊ အဲဒီစာအုပ် ပုံနှိပ် ထုတ်ဝေတဲ့ အဆင့်ရောက်ဖို့ ကျွန်မစောင့်ခဲ့ရတဲ့ ကာလတွေဟာ ၆ လ၊ ၇ လ၊ ၈ လ။ ကျွန်မအတွက် စိတ်ပင်ပန်းရ၊ ဒေါသဖြစ်ရ၊ စိတ်ဓါတ်ကျရတဲ့ ကာလတွေပါ။ အဲဒီလိုအခါမျိုးမှာ ဆရာက ကျွန်မကို အမြဲ အားပေးတတ်ပါတယ်။

“ဂျူး ဘာမှ စိတ်ဓါတ်ကျမနေနဲ့၊ ကိုယ့်အလုပ်က စာတွေ ရေးနေဖို့ပဲ၊ နောက်ထပ်စာတွေ ဆက်ရေးနေပါ၊ ဘယ်သူကမှ ဘယ်အရာကမှ ဂျူးကို တွန့်ဆုတ်နှောင့်နှေး မသွားပါစေနဲ့၊ ဒီမှာ ကျွန်တော်ပြောပြမယ်၊ ကျွန်တော် ရေးပြီးသား ပုံနှိပ်ထုတ်ဝေခွင် မကြုံတဲ့ စာအုပ်ဘယ်နှစ်အုပ်လောက် ရှိမယ်ထင်လဲ ခန့်မှန်းစမ်းပါ” တဲ့။

ကျွန်မက “၅ အုပ်၊ ၆ အုပ်လောက် ရှိလားဆရာ” လို့ မေးမိတော့ ဆရာက ပြုံးတယ်။

“အုပ် ၂၀ လောက် ရှိတယ်၊ ကျွန်တော့်ထက် ဂျူးအဖြစ်က ပိုဆိုးနိုင်အုန်းမလား” တဲ့။

အို အဲလိုဆိုတော့ ကျွန်မအဖြစ်က တကယ့် အသေးအဖွဲကလေးပါလား။ စိတ်ဓါတ်ကျနေမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ရှက်သွားမိရပါတယ်။

(စာအုပ်တအုပ်ထွက်ဖို့ ကြန့်ကြာနေတိုင်း ဆရာ့ဆီ အဲလို အားပေးစကားမျိုး သွားနာထောင် အားတင်းခဲ့ရတဲ့ ကျွန်မဟာ စာအုပ်တအုပ် ထပ်ရေးဖို့ လက်တွန့် တွေဝေနေမိတဲ့ အခါတိုင်း ဆရာလူထုစိန်ဝင်း (ဝင်းဇော်) ဆီကို သွားပြီး အားသစ်တွေ ဆရာ့ဆီက ယူရတတ်တယ်။)

ဆရာနဲ့အတူ စာပေဟောပြောပွဲတွေ သွားရတဲ့အခါ အလွန်စိတ်ဓါတ် တက်ကြွစရာ ကောင်းပါတယ်။ အသွားအပြန် ရထားအိပ်စင်တွဲမှာ စကားလက်ဆုံကြရတာ (အမှန်ကတော့ ဆရာတို့ဆီက ဗဟုသုတတွေကို ကျွန်မတို့က မေးမြန်းပြီး လေ့လာမှတ်သားရတာပါ) နယ်မြို့တွေ ရောက်တဲ့အခါ တည်းတဲ့အိမ်မှာ ည ဟောပြောပွဲ အတွက် စီစဉ်ဆွေးနွေးရင်း ဆရာတို့ စကားတွေကို နားထောင်ရတာ ကျွန်မ မသိခဲ့ရတဲ့ ဆရာတို့ခေတ်နဲ့ ဘဝအကြောင်းတွေ မေးမြန်းစပ်စုရတာ အဲဒီကာလတွေဟာလည်း ကျွန်မအတွက် တန်ဘိုးရှိတဲ့ ကာလတွေပါပဲ။

စာပေဟောပြောပွဲ မလိုက်ချင်လို့ အမြဲတမ်း တိမ်းရှောင်တတ် ငြင်းပယ်တတ်တဲ့ ကျွန်မကို ဆရာက အမြဲတမ်း အားပေးခဲ့တာပါ။ ကျွန်မရဲ့ စာရေးသက်နဲ့ စာပေအတွေ့အကြုံဟာ ၁၀ ကျော် ၁၅ နှစ်လောက်ပဲ ရှိသေးတာမို့ စာပေဟောပြောပွဲစင်ပေါ် ဆရာတို့နဲ့အတူ တက်ဖို့ဆိုတာ စာပေအဆင့်အတန်းနဲ့ ဂါရဝတရားကို သိနေသူအတွက် အင်မတန် ခြောက်ခြားစရာကောင်းတဲ့ ခြေလှမ်းတွေပါ။ အဲဒီ ခြောက်ခြားမှုတွေ လျော့နည်းသွား အောင် ကျွန်မကို အမြဲတမ်းအားပေးခဲ့တာ ဆရာမြသန်းတင့်နဲ့ ဆရာတင်မိုး ဖြစ်ပါတယ်။

ဆရာတို့က ဟောပြောပွဲ သတ္တိတွေ ကျွန်မကို ပေးခဲ့ပေမယ့် ဟောပြောပွဲလိုက်တဲ့အခါ ကိုယ်နဲ့အတူ သွားရမယ့် စာရေးဆရာတွေ ဘယ်သူလဲဆိုတာ သိပြီးမှ လက်ခံဖို့တော့ သတိပေးခဲ့ဖူးတယ်။

“လူတိုင်း စိတ်သဘောချင်း မတိုက်ဆိုင်တတ်သလို၊ စာရေးဆရာတိုင်းလည်း စာပေဆိုင်ရာ၊ ဘဝဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ခံယူချက်ချင်း မတူတတ်တာမို့ မတူတဲ့ လူနှစ်ယောက် ဒါမှမဟုတ် သုံးယောက် အတူသွားရ၊ စင်ပေါ်တက်ရတဲ့အခါ ကသိကအောင့် ဖြစ်ရတာလေးတွေ ရှိတယ်”

ဆရာမြသန်းတင့်နဲ့ ဆရာတင်မိုးက ကျွန်မကို အဲဒီလို ရှင်းပြတတ်ပါတယ်။

ကျွန်မဆိုတဲ့ ကျွန်မကလည်း အင်မတန် တုံးတဲ့သတ္တဝါဆိုတော့ အရိပ်ပြရုံနဲ့ အကောင်မထင်တတ်၊ အကောင်လိုက်ပြမှ မြင်မှာဆိုတော့ ဆရာ့ကို မေးမိတယ်။

“ဒါဖြင့် ကျွန်မ ဘယ်သူတွေနဲ့ မသွားသင့်ဘူးလဲ ဟင်”

ဘယ်လောက်များ မသိသားဆိုးဝါးတဲ့ မေးခွန်းလဲ။ ဆရာတို့ မဖြေမယ့် မေးခွန်းမျိးကို ကျွန်မ မေးခဲ့မိတယ်။ ဆရာတို့က ကျွန်မကို တိုက်ရိုက် ဘယ်ဖြေမလဲ။ တရားရုံးမှာ အဖြေမတတ်တဲ့ သက်သေကို ရှေ့နေက မသိမသာ လမ်းကြောင်းပြ ခေါ်သလိုမျိုး ဆရာတို့က သွယ်ဝိုက်ပြီး ကျွန်မကို ပြောပြခဲ့တယ်။

ဟောပြောပွဲတွေမှာ ဘယ်စာရေးဆရာကတော့ ဘာခေါင်းစဉ်နဲ့ ဘယ်လို အကြောင်းအရာမျိုးကို ပြောတတ်တယ်။ ဘယ်သူကတော့ ဘယ်လိုအကျင့်မျိုး ရှိတတ်လို့ စာရေးဆရာတွေနဲ့ အဖြစ်အပျက်တွေကို ဗဟုသုတအဖြစ် ပြောပြခဲ့တာပါ။

“ဂျူး အတွေ့အကြုံရလာတဲ့အခါ အလိုလို သိလာမှာပါ” လို့ ဆရာတို့က မှတ်ချက်ချခဲ့တယ်။ ဟုတ်ပါတယ်။ အခုတော့လည်း ဒီအကြောင်းတွေ ကျွန်မ သိသွားခဲ့ပါပြီ။

တခါတုန်းက မှတ်မှတ်ရရ စိတ်တိုင်းကျ လက်ဘက်ရည်ဆိုင်မှာ ဆရာက “ကလျာထဲက ကျောက်တိုင်နှစ်ခု ဝတ္ထု ကျွန်တော်ဖတ်ပြီးသွားပြီ၊ ကြိုက်တယ်” လို့ ပြောခဲ့တယ်။ ပြီးတော့မှ “ဂျူး ချင်းတောင်ကို ရောက်ဖူးသလား” တဲ့။ “မရောက်ဖူးပါဘူး ဆရာ” လို့ ကျွန်မက ဖြေလိုက်ပါတယ်။ “ဂျူးရေးထားတာ ပီပြင်သားပဲ၊ ကိုယ်တိုင် ရောက်ဖူးပြီး ရေးထားသလိုပဲ” တဲ့။ ဒါနဲ့ပဲ ကျွန်မ သူငယ်ချင်းတယောက် ဓါတ်ပုံ စနစ်တကျ ရိုက်ယူလာပြီး ကျွန်မကို ဓာတ်ပုံတွေပြ၊ ချင်းတောင်ရဲ့ မြေအနေအထား၊ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ လူမှုရေးစရိုက် အသွင်အပြင်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တဲ့အကြောင်း ဆရာ့ကို ဝန်ခံလိုက်ပါတယ်။ နောက်ပြီးတော့ “လိုက်ခဲ့တော့ မြနန္ဒာကို ဆရာရေးခဲ့သလိုပေါ့နော် ဆရာ” လို့ မနှိုင်းအပ် နှိုင်းအပ်နဲ့ နှိုင်းယှဉ်ပြီး ဟာသစွက်လိုက်တော့ ဆရာ ရယ်ပါတယ်။

နေ့စဉ်မှန်မှန် စာရေးတဲ့ ဆရာက စာရေးပျင်းတတ်တဲ့ ကျွန်မကို တွေ့တိုင်း မေးလေ့ရှိတဲ့ မေးခွန်းလေးတခုကတော့ “ဂျူး အခု ဘာတွေ ရေးနေသလဲ” တဲ့။

ဆရာ့ရဲ့ အဲဒီမေးခွန်းဟာ ပထမတော့ မေးခွန်းသက်သက်ပဲ ဖြစ်ခဲ့တယ်။

“အင်း... အဲ ကျွန်မက လုံးချင်းရေးတာ အရှိန်ရနေရင် ဝတ္ထုတို မရေးနိုင်တာ များတယ် ဆရာ”

“ဒီလတော့ ကလျာမဂ္ဂဇင်းအတွက်တောင် မရေးဖြစ်ဘူး ဆရာ”

“ဒီတပတ်တော့ မဟေသီအတွက် မရေးဖြစ်ဘူး ဆရာ”

အဲဒီလို ဆရာ့အမေးကို အိုးနင်းခွက်နင်း မရေမရာ ဖြေရတဲ့ အကြိမ်တွေ များများလာတော့ “ဂျူး အခု ဘာရေးနေလဲ” ဆိုတဲ့ ဆရာ့မေးခွန်းဟာ ကျွန်မအတွက် တွန်းအားတခု ဖြစ်လာခဲ့ပါတယ်။

“စာရေးဆရာဆိုတာ စာအမြဲရေးနေရမယ်”

ဆရာ့ဆီက ရလာတဲ့ ခံယူချက်တခုပါ။

ဆရာကတော့ နေ့စဉ်အလုပ်ချိန်ဇယားနဲ့ စာရေးတဲ့သူ။ ဘယ်နေ့မှာ ဘယ်မဂ္ဂဇင်းအတွက် စာမူပေးရန် ဆိုတဲ့ တိကျတဲ့ အလုပ်ဇယားနဲ့ အလုပ်လုပ်တဲ့သူ။ ဥပမာ White Board ပေါ်မှာ ၂၂-၁၀-၉၆ ကလျာမဂ္ဂဇင်းလို့ ရေးထားရင် အဲဒီနေ့ ကလျာမဂ္ဂဇင်းက စာမူလာယူတဲ့အခါ တိတိကျကျ ပေးတတ်ပါတယ်။

ကျွန်မများဖြင့် ဆရာ့ထက် အသက် မနည်းမနော ငယ်ပေမယ့် ဆရာ့စိတ်ဓာတ် ဇွဲနဲ့ ခွန်အားကို တဝက်ကလေးတောင် မမီပါဘူး။ ချိန်းတဲ့နေ့မှာ စာမူမပေးနိုင်တာများလို့ ဘယ်နေ့လာယူပါလို့ တောင် မချိန်းရဲတော့တဲ့ အဖြစ်တွေ ကြုံခဲ့ရတယ်။ ဆရာ့တိကျမှုကို သိလာရပြီးတော့ ရက်ချိန်းမမှန်တဲ့ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်မိရာက အခုတော့ ဆရာ့ဆီက အတုခိုးနေပြီ။ အခုတော့ ရက်ချိန်းမှန်စ ပြုနေပြီလို့ ဆိုနိုင်ပါတယ်။

ကျွန်မရေးတဲ့ စာတွေကို ဆရာက ဖတ်ပြီး အားပေးစရာရှိရင် အားပေး (ဝတ္ထုတိုတွေ)၊ ထောက်ပြစရာ ရှိရင်လည်း ဂျူး ဒီဟာကတော့ နည်းနည်းလွဲသွားပြီ၊ အမှန်က ဒီလို မဟုတ်ဘူးလို့ ထောက်ပြ (ဆောင်းပါးတွေ)၊ ဝတ္ထုတိုတွေ ရေးနေကျ ကျွန်မကို ဘယ်ဝတ္ထုတိုကဖြင့် သိတ်ကောင်းတာပဲ၊ ဂျူး ဖတ်ကြည့်သင့်တယ်။ ဘယ်မှာ ရှာရမယ် စသဖြင့် ညွှန်ပြကူညီ။ အဲဒီလိုနဲ့ ဆရာဟာ ကျွန်မအတွက် “ဆရာ” တယောက် ဖြစ်ခဲ့ပါတယ်။

ဆေးရုံမှာ ဆရာ သတိ လစ်မေ့မျောနေတဲ့အချိန်၊ သေမင်းနဲ့ ရင်ဆိုင်ရုန်းကန် နေရတဲ့အချိန်မှာ ဆရာ့ဘေးနားကို ကျွန်မ ရောက်မလာခဲ့နိုင်ဘူး။ ဆရာ ကွယ်လွန်သွားတဲ့အချိန်မှာ ဆရာ့ကို အပြီးအပိုင် နှုတ်ဆက်ဖို့၊ ဆရာ့ နောက်ဆုံးခရီးကို လိုက်ပို့ဖို့ အနီးအနားမှာ ကျွန်မ မရှိခဲ့ဘူး။ အဲဒီအဖြစ်က ကျွန်မကို ပိုပြီး ဝမ်းနည်း ထိခိုက်စေခဲ့ပါတယ်။

တတိယ ပေါ်လာတဲ့စိတ်က နောင်တပါ။

လူ့ဘဝမှာ နောက်ပြန်ဆုတ်လို့ မရတော့တဲ့ ခြေလှမ်းတွေ၊ ဘဝထဲက ပြန်နှုတ်ယူလို့ မရတော့တဲ့ အမှားတွေ၊ ပြန်ပြင်လို့ မရတော့တဲ့ ဆုံးဖြတ်ချက် အမှားကြောင့် ရလာတဲ့ ဆုံးရှုံးမှုတွေ စသဖြင့် နောင်တအမျိုးမျိုး ရှိနေတတ်ကြတာ။ တချို့ နောင်တစိတ်ဟာ ကာယကံရှင်ရဲ့ အသက်ကိုတောင် သေစေနိုင်လောက်အောင် ပြင်းထန် ဖိစီးတတ်တာ ကျွန်မသိပါတယ်။

ဆရာနဲ့ ပတ်သက်ပြီး ကျွန်မမှာ ဖြစ်ပေါ်လာတဲ့ နောင်တစိတ်ကတော့ မလုံမလဲ စိတ်ဆင်းရဲရတဲ့ အမျိုးအစားပါ။ အားလုံးဟာ စာအုပ်တွေနဲ့ ပတ်သက်နေခဲ့ရပါတယ်။

ပထမဆုံး နောင်တက ဆရာပိုင်ဆိုင်တဲ့ စာအုပ်တအုပ်ကို ဆရာတောင် မသိခဲ့ဘဲ ကျွန်မ စာအုပ်စင်မှာ သိမ်းထားခဲ့မိတဲ့ အဖြစ်။

လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက်တုန်းက ‘မြသန်းတင့်’ လို့ လက်မှတ်မှိန်မှိန်လေး ရေးထိုးထားတဲ့ Modern Short Stories ဆိုတဲ့ စာအုပ်ကို ဆရာမောင်လင်းကြည် (ဆရာဦးမြဝင်း) ဆီကနေ ကျွန်မ ငှားဖတ်ခဲ့ပါတယ်။

“အဲဒါ ဆရာမြဆီက ကျွန်တော် ငှားထားတာ” လို့ ဆရာဦးမြဝင်းက ပြောတော့ ကျွန်မမှာ အင်မတန် ရှားပါးတဲ့ အဖိုးတန် ရတနာတခု ကိုယ့်လက်ထဲ ရောက်လာသလိုပဲ၊ စာအုပ်ရဲ့ တန်ဖိုးဟာ ပိုပြီး ကြီးကျယ် သွားခဲ့တာပေါ့။

အဲဒီစာအုပ်ကို ကျွန်မ ဖတ်ပြီးသွားပေမယ့် ဆရာဦးမြဝင်းကို ပြန်မပေးဖြစ်ပဲ ဒီအတိုင်း သိမ်းထားခဲ့ တော့တယ်။ စဉ်းစားကြည့်စမ်းပါ။ ကျွန်မလို စာရေးဆရာ ပေါက်စနကလေးအတွက် အဲဒီ “မြသန်းတင့်” ဆိုတဲ့ လက်မှတ်ပါတဲ့ စာအုပ်က စာအုပ်စင်မှာ သိမ်းထားဖို့ ဘယ်လောက်ဂုဏ်ယူ ကျေနပ်စရာ ကောင်းလိုက်မလဲ။

အဲဒီတုန်းက ကျွန်မဟာ ဆရာမြသန်းတင့်နဲ့ ခင်မင်ရင်းနှီးခွင့် ရလိမ့်မယ်လို့ ဘယ်လိုတွေးမိနိုင်ပါ့မလဲ။ ဆရာ့စာအုပ်တွေ ထွက်တိုင်း “ဂျူးသို့ မြသန်းတင့်” ဆိုတဲ့ ဆရာ့လက်မှတ်နဲ့ စာအုပ်လက်ဆောင်တွေ ရလာလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး စိတ်ကူးယဉ်ရဲမလဲ။

ရန်ကုန်ကို ပြောင်းလာပြီးတော့ ဆရာနဲ့ ခင်မင်ရင်နှီးလာတဲ့အခါ အဲဒီစာအုပ်အကြောင်း ကျွန်မ ဆရာ့ကို ဖွင့်ပြောတော့ ဆရာတောင် မေ့ချင်ချင် ဖြစ်နေပါပြီ။

“ဟုတ်လား ကိုမြဝင်းကို ကျွန်တော်ငှားလိုက်မိတာ ကျွန်တော် သတိတောင်မရဘူးဗျ”

လို့ ပြောပါတယ်။ “ဒါဖြင့် ပြန်ပေးပါ” လို့ ဆရာက ဘယ်တောင်းလိမ့်မလဲ။ တကယ်ဆို ကျွန်မက အလိုက်သိသိနဲ့ ပြန်ပေးရမှာ။ ဒါပေမယ့် ဆရာမတောင်းခဲ့တာကို အခွင့်ကောင်းယူပြီး နှစ်တွေ ကြာလာတဲ့ တိုင်အောင်ပြန်မပေးဘဲ ထားခဲ့မိတယ်။ အဲဒီစာအုပ် ပြန်မပေးခဲ့မိတဲ့ အတွက်ပဲ ဆရာကွယ်လွန် ကြောင်း ကြားရတဲ့အခါ နောင်တနဲ့ စိတ်ဆင်းရဲခဲ့ရပါတယ်။

နောက်ထပ် နောင်တတခုက ဆရာ့စာအုပ်တွေ နောက်ထပ်ငှားပြီး ဆရာ့ကို ပြန်မပေးမိခဲ့တဲ့ အဖြစ်တွေ။

တရက်မှာ ယန်းပေါလ်ဆာ့တ် နဲ့ ဆီမွန်ဒီဘောဗွားအကြောင်း ပြောကြရင်းနဲ့ ဆရာက ကျွန်မဖတ်ချင် တာတွေ ရွေးယူသွားဖို့ အိမ်ပေါ်ထပ်စာအုပ်စင်ရှိရာ ခေါ်သွားပါတယ်။ ကျွန်မဆီမှာ မရှိတဲ့ ဆီမွန်းဒီဗောဘွားရဲ့ တခြားစာအုပ်နှစ်အုပ်တွေ့တယ်။ ဆရာ ကျွန်မအဲဒီစာအုပ်တွေ ကျွန်မ ဖတ်ချင်တယ်ပြောတော့ ယူသွားတဲ့။ ကိုယ်တိုင် စင်ထဲကနေ ဆွဲထုတ်ပေးပါတယ်။ Blood of others နဲ့ She came to stay စာအုပ်တွေပါ။ အဲဒီ စာအုပ်တွေကို ကျွန်မ အားတဲ့အချိန်တွေမှာ ဖတ်ခဲ့တာ ၃ - ၄ လကြာမှ ပြီးသွားတယ်။ ဒါပေမယ့် ဆရာ့ဆီကို ကျွန်မ အခေါက်ခေါက် အခါခါ သွား၊ ဆရာကလည်း ကျွန်ဆီ မကြာခဏ ရောက်ပေမယ့် ဒီစာအုပ်နှစ်အုပ်ကို ပြန်မပေးခဲ့မိဘူး။ ကျွန်မရဲ့ တခြား ဆီမွန်ဒီဘောဗွားတွေနဲ့ အတူ ရောပြီး စင်မှာ ထားခဲ့မိတယ်။ စာအုပ်စင် ရှင်းတဲ့အခါမျိုးမှာ စာအုပ်နှစ်အုပ်ကို မြင်တွေ့ သတိရမိတော့ ဒီတခေါက် ဆရာ့ဆီသွားရင်တော့ ဒီစာအုပ်တွေ ယူသွားမှပဲလို့ စိတ်ထဲမှာ တွေးမိပေမယ့် တကယ်သွားတဲ့အခါ မေ့နေပြန်တယ်။

ဒီလိုနဲ့ စာအုပ်တွေ ပြန်မပေးမိတဲ့ ကျွန်မဟာ အခုတော့ ခံစားရမယ့် နောင်တတွေ တိုးခဲ့ရပါတယ်။

နောက်ထပ် နောင်တ တခု ရှိပါသေးတယ်။

အဲဒါကတော့ ကျွန်မက ပေးဖို့ ကတိပေးပြီးမှ ပျက်ကွက်ခဲ့တဲ့ တာဝန်မကျေမှုအတွက် ခံစားရတဲ့ နောင်တစိတ်ပါ။

ဆရာက မော်ဒန်လို့ လောလောဆယ် သတ်မှတ်နေကြတဲ့ စာအမျိုးအစားတွေကို သိပ်စွဲလန်း နှစ်သက်မိပုံမရဘူး။ “ကျွန်တော် အဲဒါတွေ ခံစားလို့ သိပ်မရဘူးဗျ” အဲဒီလို ရိုးရိုးရှင်းရှင်း ပြောတတ်ပါတယ်။ “မော်ဒန်ဆိုလို့ ကျွန်တော် ဖတ်ကြည့်မိသလောက် တချိုကတော့ Mystery နဲ့ ရောမွှေထားတဲ့ ပုံပြင်တွေလိုပဲဗျာ” တဲ့။ “ဂျူးရော ဒီဝတ္ထုတွေအပေါ် ဘယ်လိုမြင်လဲ” လို့ ကျွန်မကို မေးပါသေးတယ်။

ကျွန်မက ကျွန်မဖတ်ဖူး နှစ်သက်ဖူးတဲ့ ဂျာမန်ခေတ်သစ် ဝတ္ထုတိုတွေ၊ ပြင်သစ်ခေတ်သစ် ဝတ္ထုတိုတွေကို ရွတ်ပြမိပြီး ကျွန်မနားမလည်တဲ့ စာတွေအကြောင်းလည်း ဆရာ့ကို ပြောပြခဲ့တယ်။ ဆရာကလည်း ဆရာဘာသာပြန်တဲ့ ဂျာမန် ခေတ်ဝတ္ထုတိုတွေနဲ့ ဂါဆီယာမားကွက်စ်ရဲ့ ဝတ္ထုတွေအကြောင်း ကျွန်မကို ရှင်းပြ ပြောပြခဲ့တယ်။

နောက်တော့ သစ္စာနီရဲ့ ဝတ္ထုတိုတွေအကြောင်း ဆရာ့ကို ကျွန်မ စကားစကြည့်ပါတယ်။ “ဆရာရယ် မော်ဒန်လို့ သတ်မှတ်ပေမယ့် ကျွန်မ နားလည်ပြီး သိပ်ကြိုက်မိ ခံစားမိတဲ့ ဝတ္ထုတွေလည်း ရှိပါတယ်။ ဥပမာ- သစ္စာနီ ဆရာကြိုက်လား” လို့ မေးကြည့်မိတယ်။ ဆရာက သစ္စာနီရဲ့ ဝတ္ထုတွေကို ကောင်းကောင်းမှတ်မိပုံ မရဘူး။

“ဆရာ အဲဒီဝတ္ထုတွေက ဆရာပြောတဲ့ လျှို့ ဝှက်ဆန်းကျယ်မှုနဲ့ ရောထားတဲ့ ပုံပြင်တွေ မဟုတ်ပါဘူး၊ ကျွန်မတို့ ရင်ထဲကို တကယ်ထိတဲ့ တကယ့် ဘဝတွေအကြောင်း ရေးထားတဲ့ စာတွေပါ” လို့ သစ္စာနီရဲ့ “တိမ်နှင့်လူ” “လှေကားနှင့်လူ” “စာအုပ်နှင့်လူ” ဝတ္ထုတွေကို ကျွန်မ ပြောပြမိတယ်။ “ဆရာ့ကို သစ္စာနီရဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ်လက်ဆောင်ပေးပါရစေ။ ဆရာအားတဲ့အခါ ဖတ်ကြည့်ပါ” လို့ပြောတော့ “အေးဗျ ကောင်းသားပဲ” တဲ့။

ကျွန်မက ပါးစပ်က ကတိဟာ အကောင်အထည် ပေါ်မလာခဲ့ပါ။ အခု ဆရာ ကွယ်လွန်သွားခဲ့ပြီမို့ ကျွန်မ ဆရာ့ကို ပေးရမယ့် အကြွေးတခု တင်သွားခဲ့ပြီ။

ကျွန်မ အိမ်မှာရှိတဲ့ “အခြားသော အရာအရာများနှင့် လူ” စာအုပ်ကို ဆရာ့ကို ပေးဖတ်ဖို့ အကြိမ်ကြိမ် စဉ်းစားဖူးတယ်။ ဒါပေမယ့် ကျွန်မက ဆရာ့ကို စာအုပ်ငှားချင်တာ မဟုတ်ဘူး။ စာအုပ်လက်ဆောင် ပေးချင်တာပါ။ ကျွန်မဆီမှာ ရှိတဲ့ စာအုပ်က အဲဒီစာအုပ် ထုတ်ဝေသူ ကိုကျော်သန်းက လက်ဆောင်ပေးထားတာ ဖြစ်တဲ့အပြင် ဟိုလူငှား၊ ဒီလူငှားနဲ့ စာအုပ်က နွမ်းနေပြီ။ ဒီတော့ ကျွန်မက ဆရာ့ကို ခပ်သစ်သစ်စာအုပ်တခု တွေ့မှ ဝယ်ပြီး လက်ဆောင်ပေးသင့်တယ်လို့ စဉ်းစားမိပြီး ကြာသွားရတာပါ။

ကျွန်မ ကံဆိုးချင်တော့ စာအုပ်ကလည်း ရှားနေပြန်တယ်။ စာအုပ်တန်းသွားတိုင်း မတွေ့ရဘူး။ တကယ်လို့များ စာအုပ်တန်းမှာ လမ်းလျှောက်ရင်း အခုမှ သစ္စာနီရဲ့ စာအုပ်ကို တွေ့မြင်မိမယ်ဆိုရင် ကျွန်မရဲ့ နောင်တတွေ အသစ်ပြန်ဖြစ်ပြီး သောကရောက်ရဦးမှာ ထင်ပါရဲ့။

နောက်ထပ် နောင်တတခု ရဖို့တော့ ကံအားလျော်စွာ သီသီကလေး လွဲသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဆရာ့ တိုက်တွန်းချက်တခုကို တနှစ်နီးပါး ငြင်းပယ်တိမ်းရှောင် လာခဲ့ရာက နောက်ဆုံး နာခံလိုက်တဲ့ အတွက် ဒါဟာ တာဝန်ကျေမှုတခုလို့ ကျွန်မဖြေသိမ့်နိုင်ခဲ့တဲ့ ဆရာနဲ့ ပတ်သက်သော အမှတ်တရ အဖြစ်လေးပါ။

လှည်းတန်းက ဆရာဦးဝင်းနိုင်ရဲ့ အင်္ဂလိပ်စာကျူရှင်က လစဉ် လကုန်ရက်ရဲ့ တနင်္ဂနွေညနေတိုင်း ကျောင်းသားတွေအတွက် စာပေဟောပြောပွဲ အသေးစားလေးတခု ကျင်းပပေးလေ့ရှိပါတယ်။ အဲဒီ ဟောပြောပွဲလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အစဉ်အလာတခုက ဒီလပြောမယ့် စာရေးဆရာကို အရင်လက ဟောပြောခဲ့တဲ့ စာရေးဆရာက စိတ်ကြိုက်ရွေးချယ်ပေးပြီး ကိုယ်တိုင် တာဝန်ယူပြီး ပရိသတ်နဲ့ မိတ်ဆက် ပေးလေ့ရှိတဲ့ ထုံးစံလေးပါ။

ဆရာမြသန်းတင့် ဟောပြောပြီးသွားတဲ့အခါ နောက်လမှာ ဟောမယ့် စာရေးဆရာအဖြစ် ဆရာက ကျွန်မနာမည်ကို ပြောပြအကြံပေး ရွေးချယ်စေခဲ့ပါတယ်။ ကျွန်မကို ဆရာဦးဝင်းနိုင်တို့ ဟောပြောပွဲ ဖိတ်လာတဲ့အခါ ဆရာမြသန်းတင့်ကိုယ်တိုင် လိုက်လာပြီး ကျွန်မကို တိုက်တွန်းခဲ့တာပါ။ အဲဒါကို ကျွန်မက အကြောက်အကန် ငြင်းခဲ့မိတယ်။ ဟိုကိစ္စ အကြောင်းပြ၊ ဟိုအခြေအနေ ဒီအခြေအနေတွေ အကြောင်းပြနဲ့ ဆရာကလည်း စိတ်ရှည်ရှည်နဲ့ တိုက်တွန်း။ ဆရာဦးဝင်းနိုင်ကလည်း စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ စောင့်။ နောက်ဆုံးမှာ ကျွန်မ သဘောတူလိုက်ရတယ်။ ဒါပေမယ့် ကျွန်မပြောပါမယ်လို့ ကတိပေးတဲ့လမှာ တကယ် မပြောဖြစ်လိုက်ပါဘူး။ ၂ ရက်အလိုမှာ အကြောင်းကြောင်းကြောင့် ကျွန်မ ကပ်ပြီး ဖျက်လိုက်ရတယ်။ ကျောင်းသားတွေလည်း စိတ်နည်းနည်း တိုလာပုံရတယ်။ ကျွန်မကိုမှ မရရင် မရမချင်း နောက်ထပ် ဟောပြောပွဲမလုပ်ပဲ နားထားမယ်တဲ့။ စင်ပေါ်ပြန်တက်ဖို့ ကျွန်မ အဆင်သင့်ဖြစ်တဲ့အခါ ကျွန်မရဲ့ ဟောပြောပွဲနဲ့ပဲ ပြန်ဖွင့်မယ်ဆိုပြီး ဒီကြားထဲမှာ ကျူရှင်မှာ ဟောပြောပွဲ မလုပ်ဘဲ ပေကပ်နေခဲ့တယ်။

ဆရာမြကလည်း ကျွန်မကို တွန်းအားပေး။ ကျွန်မကိုယ် ကျွန်မလည်း တွန်းအားပေးနဲ့ နောက်ဆုံးကျမှ ကျွန်မဟောပြောနေကျ ခေါင်းစဉ်တွေ မဟုတ်တဲ့ နောက်ထပ်ခေါင်းစဉ်အသစ်၊ အကြောင်းအရာ အသစ်နဲ့ ပြောပါတော့မယ်လို့ ဒုတိယ အကြိမ်မြောက် ကတိပေးလိုက်ရပြန်တယ်။ ပထမအချိန် ကတိပေးတဲ့ အချိန်နဲ့ ဒုတိယ ကတိပေးတဲ့ အချိန်နှစ်ခုကြားက ကာလဟာ တနှစ်နီးပါး (၁၁) လတိတိ ကြာခဲ့တယ်။ ဆရာမြ စိတ်တို စိတ်ကုန် သင့်လောက်အောင် ကြာခဲ့တဲ့ ကာလပါ။

အဲဒီနေ့က တကယ်ပဲ ဟောပြောဖြစ်သွားခဲ့ပါတယ်။

ကျွန်မကသာ ပထမအကြိမ် ဟောပြောပွဲကို နှစ်ရက်နဲ့ ကပ်ဖျက်ခဲ့မိပေမယ့် ဆရာမြသန်းတင့်ကတော့ ကတိဖျက်လို့ရတဲ့ အချိန်မျိုးမှာတောင် မဖျက်ဘဲ ကျွန်မကို မိတ်ဆက်ပေးဖို့ တာဝန်ဆက်ယူခဲ့တယ်။ တကယ်တော့ အဲဒီရက်က ဆရာ့မှာ ခြေထောက်ထိခိုက်သွားလို့ ကျောက်ပတ်တီး စီးထားပြီး အနားယူနေရတဲ့ ကာလပါ။ ဒီခြေထောက်ကို အသုံးပြုပြီး လမ်းမလျှောက်သင့်သေးတဲ့ ကာလပါ။ ဒါပေမယ့် ပတ်တီးစီးလျက်သား ခြေထောက်နဲ့ပဲ ကျွန်မကို ကျောင်းသားပရိသတ်နဲ့ မိတ်ဆက်ပေးဖို့ စင်ပေါ်ကို ဆရာတက်ခဲ့တယ်။

အဲဒီနေ့ဟာ ကျွန်မဘဝမှာ မမေ့နိုင်တော့မယ့် နေ့တခု ဖြစ်လာခဲ့ပါတယ်။

ကျွန်မရဲ့ ငယ်စဉ်ဘဝနဲ့ ကျောင်းသူဘဝတွေ ကာလတွေဟာ ငွေကြေးချို့တဲ့မှုကြောင့် ပတ်ဝန်းကျင်ကို မတ်မတ်ရပ် ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေ လိုခဲ့တယ်။ ကျွန်မကို ခွန်အားသတ္တိ မျှဝေပေးခဲ့တဲ့ စာအုပ်တွေထဲမှာ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ “ဂေါ်ကီရဲ့ဘဝတက္ကသိုလ်” သုံးအုပ်တွဲ စာအုပ်ဟာ အရေးကြီးဆုံး အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာ ဆရာ့ကို ခဏခဏ ပြောခဲ့မိပေမယ့် အဲဒီနေ့က စာပေဟောပြောပွဲမှာ ကျွန်မ မှတ်မှတ်ရရ ကျေးဇူးတင်စွာ ထည့်ပြောပြီး ဆရာ့ကို ဂါရဝပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ ပြည်သူတွေ အတွက်ရော၊ မြန်မာနိုင်ငံ စာပေလောက အတွက်ရော ဆရာဟာ တာဝန်ကျေတာထက် အဆပေါင်းများစွာ ပိုပြီး ကျေးဇူးပြုခဲ့သူ တဦးပါလို့ ကျွန်မလို အသက်အရွယ်၊ ကျွန်မလို အဆင့်အတန်းမျိုးနဲ့ ပြောမှ ပြောအပ်ပါရဲ့လား ကျွန်မ မသိပါ။

ဆရာ ကွယ်လွန်သွားလို့ မြန်မာနိုင်ငံမှာ လစ်ဟာသွားတဲ့ ဆုံးရှုံးမှုကွက်လပ်ကြီးကို စာဖတ်သူတယောက် အနေနဲ့ ရင်ဆိုင်ဖြတ်သန်းရတဲ့အခါ ကျွန်မတို့ဟာ မဆုံးနိုင်လောက်အောင် နှမြောတမ်းတမိကြ ရပါလိမ့်မယ်။

တခုတော့ ဖြေမယ်ဆို ရင် ဖြေသာစရာ ရှိပါတယ်။

လူ့ဘဝမှာ သေခြင်းတရား (Mortality) နဲ့အတူ မသေခြင်းတရား (Im-mortality) အမျိုးအစားတခုအဖြစ် ရှိနေတယ်။ လူတော်တော်များများပဲ သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့အတွက် မသေခြင်းတရားကို အရင်ဆုပ်ကိုင် ပိုင်ဆိုင်မိအောင် အသည်းအသန် ကြိုးစားကြရတယ်။

တချို့မှာတော့ အားလုံးက မေ့လျော့ စွန်ပယ်ထားခံရမှုကြောင့် လူ့ကိုယ်ခန္ဓာကြီး တကယ်မသေဆုံးခင် မှာပဲ သေနေခဲ့ပြီ။ အဲဒီလိုပဲ လူကိုယ်ခန္ဓာ သေပြီးတဲ့နောက် နှစ်ရာပေါင်းများစွာ အသက်ရှင်ကျန်ရစ်နေတဲ့ လူအမျိုးအစားတွေလည်း သမိုင်းမှာ အများကြီး ရှိနေပါတယ်။ သူတို့ဟာ မသေခြင်းတရား (Im-mortality) ကို ရရှိသွားသူတွေလို့ ကျွန်မတို့ အားကျရတယ်။

မြသန်းတင့် ဆိုတဲ့ နာမည်ဟာ မသေခြင်းတရား (Im-mortality) ပဲ ဖြစ်ပါတယ်။

---

#ဂျူး
#ဆရာ့ကိုလွမ်းတဲ့စာ

#shared_by_louis_augustine
#sbla

Comments