ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် (အခန်း ၁၁ ဇာတ်သိမ်းပိုင်း) // ခင်ခင်ထူး
ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် (အခန်း ၁၁ ဇာတ်သိမ်းပိုင်း) // ခင်ခင်ထူး
---
(၁၁)
လတန်ခူးကို ရောက်ခဲ့ပြီ။
ဘာလိုလိုနှင့် ရွာကို ခွဲခွာခဲ့ရတာ နှစ်လတောင် ရှိရော့မည်။ ရန်ကုန်မှာ သင်္ကြန်မိုးပြေးကလေးတွေ တစ်စွက်နှစ်စွက် ဖျန်းပက်လို့ နေပြီ။ သည်အချိန်ဆို ရွာမှာ အလုပ်တွေ သိမ်းပြီးကြရော့မည်။ အမောင်လေး မင်္ဂလာဆောင်ရက်တောင် ခင်နှောင်း ကောင်းကောင်း မမှတ်မိချင်တော့။ ကိုကြီးကျော် နက်ပွဲအပြီး သည်လို တန်ခူးကဆုန် ဆိုရင် ကျွန်းနယ်က ရွာတွေမှာ အလှူ၊ မင်္ဂလာဆောင်တွေ စကြပြီ ပေါ့၊ ကိုကြီးကျော်ပွဲ ကျင်းပမပြီးမချင်း ဘယ်သူမှ မဏ္ဍပ်ကန္နားမထိုးကြ။ ဆိုင်းသံ ဗုံသံ ဒိုးသံမပေးရ။ နတ်ပွဲပြီးလျှင်တော့ စိတ်ကြိုက် လုပ်လေ့ရှိကြသည်။ သည်ဓလေ့က ခင်နှောင်းတို့ ကျွန်းနယ်တွေမှာ အစဉ်တစိုက် လိုက်နာကျင့်သုံးခဲ့ကြသည့် ဓလေ့လည်းဖြစ်၏။
တန်ခူးလတစ်ရက်မှာ အဖေနှင့်အမေ ဗြုန်းစားကြီး ရောက်လာကြသည်။ ခင်နှောင်းကိုမြင်တော့ အဖေရော အမေပါ မျက်ရည် တွေကျကြသည်။ ခင်နှောင်းကိုယ်တိုင် မသိလိုက် မသိဘာသာနေခဲ့သော်လည်း နှလုံးကွဲနေရသည့်ဒဏ်က ခင်နှောင်း၏ ခန္ဓာတစ်ခြမ်းစာကို ဖဲ့ထုတ်ပစ်လိုက်ပုံရသည်။ အဖေက သမီးကိုဖက်ရင်း အသံမထွက်ဘဲ မျက်ရည်ကျရှာသည်။ အဖေက ခင်နှောင်းတို့ မိသားစုထဲမှာ ကင်း ကင်းပပနေရှာသူ ဖြစ်သည်။ တောသူတောင်သားပီပီ လုပ်စရာရှိတာ လုပ်နေတာမျိုးကလွဲလျှင် ကြင်နာကြောင်း ချစ်ခင်ကြောင်း ဘယ်တုန်း ကမှ ပြခဲ့သူမဟုတ်၊ မချစ်လို့မဟုတ်ဘဲ မေတ္တာကို သိုဝှက်ထားနိုင်သူ သာဖြစ်သည်။ အဖေငိုနေတော့ ခင်နှောင်း ရန်မတွေ့လိုတော့ဘဲ တစ်ခွန်းသာ ပြောမိ၏။
“ကျုပ်မှာ ဘာအပြစ်တွေ ရှိလို့လည်း အဖေ . . . ကနေ့အထိ မိဘနဲ့ဆွေမျိုးတွေ အရှက်သိက္ခာမပွန်းမပဲ့ နေခဲ့ပါရက်ကနဲ့ . . ကျုပ်အပြစ်ကျတော့ ကြီးလိုက်သာတော် အဖေတို့ ကျုပ်ကို ဘယ်လောက်အထိ စောင့်ရှောက် ထားကြမှာလဲ. . . ကျုပ်ကို ဘာလုပ်ကြဦးမှာလဲ. . . လုပ်ကြပါတော့”
အမေ့ကို ခင်နှောင်း စကားတစ်လုံး ထည့်မပြောဘဲ ဖအေကိုသာ တိုင်တည်းရင်း တစ်လုံးချင်းပြောနေခဲ့သည်။ အမေ၊ ဒေါ်လေးခင်သန်း လှလှနုနှင့် မစံမေတို့တစ်တွေလည်း မျက်နှာမကောင်းကြ။ ခင်နှောင်းစကားကြောင့် အဖေ အံကိုကြိတ်ရင်း အမေ့ကို လှမ်းကြည့်၏။ မျက်ရည်စတွေ သိမ်းပြီးတော့ ခင်နှောင်းစကားပြောင်းလိုက် သည်။ တော်ပါပြီ။ သည့်ထက်လည်း ပိုမပြောတတ်သလို သည့်ထက်လည်း ပိုမပြောချင်တော့။
“ပဲတွေ သိမ်းပြီးပြီလားအဖေ . . . အမောင်လေး မင်္ဂလာကိစ္စအတွက်ကော ဝယ်ခြမ်းပြီးကြပြီးလား . . . ကျုပ်တောင် အမောင်လေးမင်္ဂလာဆောင်ဝတ်ဖို့ ဘာမှ မဝယ်ရသေးဘူး . . . စက်ဆိုင်အပ်ဖို့တောင် မီပါ့မလား မသိဘူး”
“ဟဲ့ ခင်နှောင်း . . . ရန်ကုန်က ရယ်ဒီမိတ် ဝယ်သွားပါလားဟဲ့ . . . ချုပ်ပြီးသား ဒါဒိုက်ဝတ်လို့ရသယ်”
“မဝတ်တတ်ပါဘူး မစံမေရယ် . . . မမီလည်း မချုပ်တော့ပါဘူး”
အဖေက ရန်ကုန်ဘုရားဖူးဆိုလို့ ရွှေတိဂုံစေတီတော်မြတ်ကို ကမန်းကတန်းဖူးပြီး ချက်ချင်းရွာပြန်ခဲ့ကြသည်။ ခင်နှောင်း၏ ခြောက်သယောင်းလုလု နှလုံးသားစပယ်ရုံကလေး အတက်နုနုကလေးတွေ ပြန်ထွက်လာသလို ရင်တွေပြန်ခုန်လာခဲ့ရပြန်ပြီ။ ကားကလည်း နှေးလိုက်သာတော်။ သင်္ဘောကတော့ ရေထဲတောင်ဆင်းကူးပစ်လိုက် ချင်သေးသည်။
“ဘော်...”
မြေတော်ဆိပ်ကမ်းအဝင် မှုတ်လိုက်သည့် သင်္ဘောဥဩက ခင်နှောင်းနှလုံးသားတွေကို ဆွဲညှစ်ပစ်လိုက်သလို ခံစားရသည်။ မြေတော်သင်္ဘောဆိပ်က နတ်ပွဲရက်တွေတုန်းက အတော်စည်ခဲ့ပုံရသည်။ ခရီးသည်များစခန်းချရာ ထန်းလက်တဲပြန့်ကြီးတွေတောင် မသိမ်းရသေး။ စဉ့်အိုးတန်းကြီးနှင့် ဈေးဆိုင်အနည်းအပါးလည်းရှိသေးသည်။ ပြီးစီးသွားခဲ့သော နတ်ပွဲအငွေ့အသက်ကို ခင်နှောင်းရနေသည်။
“နတ်ပွဲ စည်သလား အဖေ”
“စည်သယ်ပြောပါတော့သမီးရယ်. . . တို့အိမ်ကဘယ်သူမှ မသွားကြပါဘူး . . . မိစန်းတို့ ချစ်ခင်တို့ ဖူးငုံတို့ တော့ လိုက်ကြရဲ့ . . . မောင်ကျီးညို ”
“ဟောတော် ကိုဘမင်း . . . ရန်ကုန်က ပိုလိုဗူး ဝယ်ခဲ့ဖို့ရာ မေ့သွားသတော် . . . ချစ်ခင်မင်္ဂလာဆောင် ကမ်းဖို့လေ. . . ”
“ရေစကြိုဈေးဝယ်လည်း ရပါသယ်ဟာ နင်ကလဲ”
အမေက စကားဖြတ်လိုက်တာကို ခင်နှောင်းဖျပ်ခနဲ ရိပ်စား လိုက်မိသည်။ မောင်ကျီးညို. . . ဘာဖြစ်သလဲအမေဘာဖြစ်လို့ စကားပိတ်လိုက်ရတာလဲ။ သူတို့ ကိုကျီးညိုကို ထန်းတောပြန်ပို့ လိုက်ကြလို့လား။ ထန်းတောဆိုတာ ရန်ကုန်မဟုတ်။ တစ်ရက်ရက် သူလိုက် သွားနိုင်သည့်နေရာ။ ကိုကျီးညို သူ့ကိုတွေ့လျှင်တော့ မတွေ့ရတာ ကြာတောင့်ကြာမှ မျက်နှာတူရူသူလည်းအလာ မယ်သာမျှော်ဆိုသလို အံဩဝမ်းသာဖြစ်မှာ သေချာသည်။ သည်တော့မှ ကိုကျီးညို ကျေနပ်အောင် တောင်းပန်ရဦးမည်။
ဖြုံဘူးရွာထဲကိုဝင်တော့ အနံ့အသက်ကလေးတစ်ခု ခင်နှောင်းရလိုက်သည်။ ဘာနံ့ပါလိမ့်။ မှတ်မိပြီ။ ဥန္နဲပင်ညက ခင်နှောင်း စွဲလန်းမူးမူးရှိခဲ့ရသည့် ကိုကျီးညို၏ ကိုယ်သင်းရနံ့ခင်နှောင်းသာ ပြန်လာမှန်းသိရင် ရွာအဝင်ဝက ကိုကျီးညိုလာကြိုလိမ့်မည်ထင်၏။ ကြိုကောကြိုဝံပါ့မလား။ ခင်နှောင်းတို့ကို ကြောက်တယ်လို့ ကိုကျီးညို ပြောခဲ့ဖူးသည်ကော။ ခြံဝင်းထဲ လှည်းချိုးကွေ့လိုက်တော့ ပဲမှော်စင်ကြီးက လှည်းဦးတိုက်။ နွားတွေကို အစာကျွေးသည့် နွားစားကျင်းကို ခင်နှောင်းအကဲခတ်ကြည့်လိုက်တော့ အမောင်လေးလက်ရာ။ ပေပေ ပွပွ။ ကိုကျီးညိုဆိုလျှင် ဒါမျိုးမဟုတ်။ သပ်သပ်ရပ်ရပ် သန့် ရှင်း တတ်တာ ခင်နှောင်းသိသည်။ ပဲမှော်စင်အောက်က သူ့နေရာမှာ လည်း အဝတ်စုတ်ကလေးတစ်ထည်သော်မှ မမြင်။ လူရိပ် လူယောင်လည်းအလျဉ်းမတွေ့ ရ။ ပဲတွေဆေးတွေတောင် ပုတ်ထဲကျီထဲ ရောက်နေတော့ တောလုပ်ငန်းလည်းသိမ်းပြီပေါ့။ ကိုကျီးညိုအိမ်မှာ မရှိတော့တာ သေချာပြီ။ သူ့ရွာထန်းတောကို ပြန်သွားရှာပြီထင့်။ ခင်နှောင်းမြို့ကပြန်လာပြီဆိုသည့် သတင်းကရွာထဲလှည်းဝင်လာကတည်းက ပျံနှံသွားခဲ့ပြီ။ လှည်းပေါ်မှာကတည်းက အသံတွေ ပြာလောက်အောင် အော်ဟစ်နှုတ်ဆက်ခဲ့ရသလို ခုလည်း အိမ်ဝိုင်းထဲမှာ လူတွေအပြည့်ခင်နှောင်းက ရန်ကုန်ပြန်လက်ဆောင် မုန့်တွေကို ရော့အင့် ပေးရဝေငှရသည်။ ဒါကလည်း ရွာ့ထုံးစံဖြစ်သည်။ တစ်ရပ်တစ်ကျေး အလည်အပတ်သွားရာက အပြန် ဒေသထွက် ပစ္စည်းလက်ဆောင် မုန့်ပဲသရေစာမျိုးကို တကန်တကဝယ်လာ ခဲ့ရသည်။ ရွာရောက်တော့လောက်တောင်မလောက်။
“ခင်နှောင်းမြို့မှာ အတော်နှံခဲ့ရဲ့လားဟဲ့”
“ဘုရားစုံဖူးခဲ့ရရဲ့လား ပြောစမ်းပါဦးအေ”
“ခင်နှောင်းရယ် . . . ညည်းမလဲ မြို့သွားနေပြီး မြို့သွေးမြို့ မွှေးမပါချက်တော့. . . ကတည်းမည်းလို့ ပိန်လို့ . ကိုယ့်တောနေသာကမှ တစ်သွေးတစ်မွှေးရှိသေးရဲ့”
ဒေါ်ကြီးပေါက်စိမ်းစကားက ရိုးရိုးမှဟုတ်ရဲ့လား။ လွမ်းဖျား လွမ်းနာကျလာလိုက်တာအေလို့ ပြောလိုက်တာများလား။ ခင်နှောင်း မလုံမလဲဖြစ်လိုက်မိသေး၏။ လူတွေအတော်ရှဲသွားတော့မှ အမောင် လေးကို မမြင်မိတာ သတိရမိ၏။ အိမ်မှာလည်း ဖုန်တွေတသောသော ပွစာတက်လို့နေသည်။ ခင်နှင်းကတော့ နောက်ဖေးခြံထောင့်က ပိန္နဲပင်ကြီးရှိရာ ကင်ပွန်းခြုံကြီးကို လှမ်းငေးနေမိ၏။
“ဟဲ့ . . . ငအောင်ရေ လာစမ်း . . . ချစ်ခင် သွား ရှာစမ်း အိမ်မှာမနေနိုင်ဘူး ယောက္ခအိမ်နဲ့ ပြီးနေတော့သာပဲ”
အမေက တောင်ဘက်အိမ်က ကောင်လေးကို လှမ်းအော်ကာ ခိုင်းလိုက်သည်။ ခဏနေတော့မှ အမောင်လေးရော မဖူးငုံပါ ပေါက်လာကြသည်။
“ဟောဗျာ . . . အဖေတို့ ဘယ်နှယ့်မြန်လှချည်လား ... ကျုပ်က သွားရက်ပြန်ရက် ဟိုမှာ ဘုရားဖူးကြမယ့် ရက်တွက်ကြည့်သာ သည်လောက်မြန်မယ်ထင်ပေါင်ဗျာ နို့ဖြင့်ရင် အဖေတို့က ရန်ကုန်ဘာသွားလုပ်ကြသာတုံး ကိုင်း”
အမောင်လေးပြောပေါက်က ဖအေမအေတွေ အမြန်ပြန်လာလို့ အပြစ်တင်နေသည့် ပုံမျိုးဖြစ်နေ၏။ အမောင်လေးစကား ကိုခင်နှောင်းနားလည်ရသလောက် သူ့ကိစ္စကို အမောင်လေး ဘာမှ သိပုံမပေါ်ပါ။ အမောင်လေးကတော့ ချစ်ရသူနှင့်ပေါင်းဖက်ရတော့ မှာမို့ မခေါ်ခင်က တော်ထူးချင်နေတော့၏။ အမောင်လေးအတွက် ခင်နှောင်းဝမ်းသာမိရပါသည်။ မျက်နှာကြီးပြုံးဖြီးဖြီးလုပ်ကာ ခင်နှောင်းဇက်ပိုးတွေ ဆုတ်ဖျစ်ရင်း နှမဖြစ်သူကို နာကျင်အောင် တမင်စနေသေးသည်။
“ကြည့်စမ်း . . . မြို့ရောက်မှ ဇက်ပိုးတွေ တက် လာလိုက်သာဟာ . . . မြို့ မှာစားလိုက်သောက်လိုက် ငါ့နှမ ဇိမ်ကျနေသာပေါ့လေ. . . သည်မှာဆို နွားလွှတ်နွားကျောင်း ရေခပ်ထင်းခွေနဲ့ပန်းလှသယ်. . မြို့မှာနေရော့ပေါ့ဟာ”
“ဘာလဲ … ။ အမောင်လေးမင်္ဂလာဆောင်မှာ မရှိစေချင်ဘူးပေါ့လေ. . ”
“ရော်ဟာ . . . မေ့သွားလို့ပါ ငါ့နှမရာ”
“ငါ့မင်္ဂလာဆောင် နင်မရှိလို့ရပါ့မလားဟ”
ခင်နှောင်းကစကားနာထိုးတော့ အမောင်လေးက ကဗျာ ကသီရှင်းပြရှာသည်။ တစ်ခြားအကြောင်းတွေ စကားရောက်ကြသော်လည်း ကိုကျီးညိုအကြောင်းတော့မပါ။ ခင်နှောင်းစကားစလို့လည်း မဖြစ်။ အရီးကြော့တို့သားအမိသုံးယောက် တောထဲကောက်သင်း ကောက်ရာက ပြန်လာကြတော့ ခင်နှောင်းတို့ အတွက် ထမင်းဟင်း တန်းချက်နေကြပြန်သည်။ ရန်ကုန်က အမေလုံးယူလာသော ငါးသလောက်တွေ တစ်အိုးကြီးချက်ကာ ဘုန်းကြီးကျောင်းသို့တစ်ချိုင့်ပို့ ရွာထဲလူကြီးသူမတွေ တစ်ချို့ ဝေရသည်။ အခုလို ရေကျချိန်မျိုးတွင် ခင်နှောင်းတို့ ရွာတွေက ငါးရှားတတ်သည်။ ရေကြီးခါ ငါးပေါပြန် တော့လည်း ငါးသလောက်ဆိုတာ မြင်ပင်မမြင်ဖူး။ ဒါကြောင့်လည်း အမေက ငါးသလောက်တွေကို ရွာအရောက်သယ်လာခြင်းဖြစ်၏။
ထမင်းဝိုင်းတွင် ငါးသလောက်ချက်ထက် ခင်နှောင်းပိုမက် မောသော ခရမ်းချဉ်သီးငါးပိချက်၊ ပဲစာဥပြုတ်၊ သရက်ကင်းတို့နှင့် ဗူးရွက်ဟင်းချို။ မြို့မှာအနေကြာခဲ့သည်ကတစ်ကြောင်း၊ အစားအသောက်ပျက်လာခဲ့သည်ကတစ်ကြောင်းမို့ ရွာထမင်းရွာဟင်းနှင့် တွေ့တော့ ခင်နှောင်းထမင်းစားလို့ကောင်းလိုက်ပုံများ။ ဗိုက်တွေတောင် တင်းကားသွားအောင်စားပစ်လိုက်မိ၏။ ခင်နှောင်းတို့ မိသားစုထမင်းဝိုင်းကလေးမှာ ယောင်းမ မဖူးငုံတစ်ယောက်ပါလာခဲ့ပြီ ဖြစ်သော်လည်း တစ်ရွာသားကိုကျီးညိုပါမလာနိုင်သေးပါ။ ထူးဆန်းသည်မှာ ငါးကို သေမလောက်ကြောက်သော အမောင်လေး တစ်ယောက် ငါးဟင်းတွေတောင်စားလို့နေပြီ။
“ငါးမစားလို့ မရတော့ဘူးဟ ဖူးငုံက စားရမယ်ဆိုသဟာကိုး”
အရီးကြော့က သူ့အကွက်ဝင်သွားကာ ပြန်ပက်တော့၏။
“ချစ်ခင်များ မိဘက ငါးများအိမ်မှာချက်ရင် ဇိုးဇိုး ဇောင့်ဇောင့်လုပ်ရသာအမော. . . ခုတော့ မယားနဲ့ကျ တို့ညီနောင် ဖောင်တော်ဦး ဒူးတုပ်ရက်ပေါ်ဖြစ်နေပြီလေ ညည်း အစ်ကို”
အရီးကြော့အပြောကို ခင်နှောင်းပင် ရယ်မိသေးသည်။ အချစ်ဆိုတာ ဆန်းကြယ်တယ်ဆိုသည့်စကားမှန်လှပါလား။ ခင်နှောင်းကတော့ အမောင်လေးကို မဖူးငုံတစ်ကယ်ချစ်ရဲ့လားဆိုတာ တွေးနေမိသည်။ နှစ်နှစ်ကာကာ ချစ်ရသည့်အချစ်မျိုး လောကမှာ တစ်ခုတည်းသာရှိသည်ဆိုလျှင် တစ်ခြားမရှိနိုင်။ သူ့ဆီမှာပဲရှိသည် ဟု ခင်နှောင်းယုံသည်။
“အမောင်လေး ... ကိုကျီးညိုရော”
ကိုကျီးညိုကိုစိတ်ရောက်သွားပြီး ခင်နှောင်းလွှတ်ခနဲ မေးချ လိုက်မိတော့၏။ အများရှေ့ထမင်းဝိုင်းမှာပဲ အစ်ကိုဖြစ်သူကို ပြောင်မေးလိုက်မိသည်အထိ ခင်နှောင်းမရှက်နိုင်အားတော့ပါ။ အမောင်လေးသည် ခန်းလုံးပေါက်ခုတင်ကြီးပေါ်လှဲရင်း ထမင်းလုံးစီနေရာက ငေါက်ခနဲ့ထထိုင်သည်။ ခင်နှောင်းကိုပါးစပ်အဟောင်းသားနှင့်ပင် ကြည့်နေလေ၏။ သည်ခဏကလေးမှာ တစ်အိမ်လုံးတိတ်ဆိတ်သွားခဲ့သည်။ ထမင်းဝိုင်းသည်ပင် စားလက်စရှိသူတို့ လက်တွေတန့်သွားသည်။
“မိနှောင်း . . . ကိုကျီးညိုအကြောင်း နင်မသိသေးဘူးလား ရော်ဗျာ. . . အမေတို့က မပြောဘူးလား”
မမိစန်းက ထမင်းဝိုင်းမှ ဝုန်းခနဲထရပ်ကာ သိမ့်ခနဲရှိုက် လိုက်သည်။ ခင်နှောင်းအဖြစ်ကို သိထားသူပီပီ သည်စကားရောက် လာတော့ စိတ်မထိန်းနိုင်ပုံမျိုးဖြင့်ထသွားတော့၏။ အရီးကြော့ကတော့ ပြောင်းဖူးဖက်လိပ်ကြီးထောင်းထောင်းထဖွာရင်း မေးကြီးရှေ့ ထိုးထားသည်။ မဖူးငုံသည်ပင် ခေါင်းကလေးငုံ့သွားသည်။ မမိစန်းပြေး ထွက်သွားသည့် ခြံထောင့်က တလင်းပျက်ကလေးရှေ့ကို ခင်နှောင်း ထလိုက်သွားမိတော့၏။ မမိစန်းဘေးဝင်ထိုင်ရင်း ပုခုံးကိုဖက်လိုက်သည်။
“မမိစန်း ပြောမှာသာပြောစမ်းပါတော် ကိုကျီးညို ဘာဖြစ်သလဲဟင်”
ခင်နှောင်းအသံက တည်ငြိမ်လွန်းလှသည်။ အကောင်းကို မျှော်လင့်ပြီး ချစ်ခဲ့ရသည့်အချစ်မဟုတ်သဖြင့် အဆိုးဆုံးဆိုတာထက် ဆိုးစရာဘာရှိဦးမှာလဲ။ ဖြစ်သမျှခါးစည်းခံရုံကလွဲလျှင် ခင်နှောင်းလို သာမာန်ကျေးတောသူတစ်ယောက်၏အချစ်ဇာတ်လမ်းကို ဘယ်သူ ကများစိတ်ဝင်စားမှာတဲ့လဲ။
“အလုပ်တွေသိမ်းပြီးတော့ ကိုကျီးညို သည်အိမ်က ထွက်သွားရသယ်. . . သူထွက်သွားသဲ့နေ့က ရေလဲပုဆိုး ဟောင်းကလေးနဲ့ ထုပ်ထားသဲ့ အထုပ်ကလေး ထမ်းပြန်သွားသာ မျက်စိထဲက မထွက်ပေါင်အေ. . . ခမျာထန်းတောကို လိုက်ပို့မယ့်သူတောင်မရှိပါဘူး . . . ကျုပ်ပုဆိုးကလေး နှစ်ထည်ဝယ်ထားသာ ဝတ်လည်းဝတ်သယ် ဆိုသာတွေ ခင်နှောင်းလာရင် ပြောပြလိုက်ပါလို့ ငါ့ကို ကျိတ်မှာသွား ရှာသေးသယ်”
အို. . . ကိုကျီးညိုရယ်။ ပုဆိုးဝယ်တာ၊ ဝတ်သွားတာကိုများ မှာခဲ့သေးသတဲ့လား။ ခင်နှောင်းကို ထန်းတောရွာကစောင့်နေမယ် လို့ကော မမှာခဲ့ဘူးလား။ မှာခဲ့ရောပေါ့တော်။ ကျုပ်ဆွေကျုပ်မျိုးတွေ ရယ်လို့ တော် မပြောရဲခဲ့လေရောသလား။ ကျုပ်အချစ် ကျုပ်မေတ္တာကို ကိုကျီးညိုကလွဲလို့ ဘယ်သူမှမပိုင်ဘူးတော်။ ခင်နှောင်းရင်တွင်း စကားတွေ တွင်တွင်ဆိုနေမိသေးတော့၏။
“အခု သူ ထန်းတောမှာပေါ့နော်”
“မရှိတော့ဘူးခင်နှောင်း ... သူထန်းတောမှာပဲ ဆုံးရှာသယ် . . . သနားလိုက်သာအေ”
မမိစန်းစကားတွေကို ခင်နှောင်းမနည်းကောက်နေရသည်။ မမိစန်းကငိုရှိုက်နေသည့်ကြားက ဗလုံးဗထွေးပြောနေတော့ ခင်နှောင်း မနည်းလိုက်ဖမ်းနေရသည်။ ခင်နှောင်းနားလည်လိုက်တာ ကိုကျီးညို လူ့လောကထဲမှာ မရှိတော့ဘူးဆိုသည့် အဓိပ္ပာယ်။ ခင်နှောင်းပြိုလဲကျမသွားခင် ချောက်ချောက်ချားချားအော်လိုက်သည့် မမိစန်း၏ အသံကိုသာကြားလိုက်ရတော့၏။
---
နောက်တစ်နှစ်တပေါင်းလဆန်း ရောက်တော့ ခင်နှောင်းတို့ ကိုကြီးကျော်ပွဲနန်းကိုသွားကြရပြန်ပြီ။ အမောင်လေးနှင့် မဖူးငုံ တို့က လှည်းတစ်စင်း။ ခင်နှောင်းတို့အိမ်ကလှည်းတစ်စင်း။ အမောင်လေးကသည်နှစ် အိုးအိမ်ခွဲသွားပြီဆိုတော့ ကိုကြီးကျော်နန်းကို တသီး တသန့်သွား ဦးတိုက်ရသည်။ ခင်နှောင်းတို့လှည်းကိုတော့ ငအောင် ကမောင်းသည်ငအောင့်ကို ခင်နှောင်းတို့က သူရင်းငှား ငှားလိုက်ရသည်။ သည်နှစ် လှည်းပေါ်မှာ အမေလည်းပါသည်။ အရီးကြော့ တို့သားအမိသုံးယောက်လည်းပါသည်။ ရွာထိပ်မှာ လှည်းတန်းကြီးစီတော့ ခါတိုင်းနှစ်တွေလိုပဲ ရင်ဖိုရသော်လည်း ခင်နှောင်းမပျော်တော့ပါ။ လှည်းတန်းထိပ်က ကိုကြီးသာမောင် အသံချဲ့စက်က နှစ်တိုင်းလို ပဲ နတ်ချင်းတွေမြိုင်နေခဲ့၏။
“ ××× မြောင်တူးဆိုရဝေနန်း ရွှေခန်းမင်းကြွလာပြီ ရွှေခန်းကြီးအရှေ့ဆီမှာ ရွှေကူနီကျော်ကြား ဘုန်းရောင်ပွင့် ဉာဏ်ဆွယ်လှယ် အမှန်ကွယ် နန်း တော်ထက်ဖွား. . . ဟား ဟား ××× ”
ခင်နှောင်းကတော့ ကိုကျီးညိုကိုပဲ သတိရလွမ်းဆွတ်နေခဲ့ မိသည်။ ခင်နှောင်းမသိလိုက်ရသော ကိုကျီးညို၏ နောက်ဆုံးဘဝတွေကို မမိစန်းကပြောပြခဲ့သည်။ ခင်နှောင်းမြို့ကိုသွားပြီးနောက် ကိုကျီး ညိုတစ်ယောက် ရွာထဲပင်ပြန်မလာတော့ ဟုဆိုသည်။ သစ်ခင်းစောင့်ရင်း တောထဲမှာပဲ တဲတစ်လုံးထိုးကာ နေ့နေ့ညည နေခဲ့သည်။ ညဘက်ဆိုလျှင် ကိုကျီးညိုတဲဆီက သီချင်းသံတွေတောင်ကြားနေရ တတ်သတဲ့။ သီးနှံတွေရိတ်သိမ်းပြီး နတ်ပွဲရက်ရောက်တော့ ကိုကျီး ညိုသူ့ရွာကို ပြန်သွားခဲ့သည်။ တပေါင်းလဆန်း ၁၃-ရက်နေ့က ငတရော်လမ်းဆုံမှာ ထိုင်ရင်းဖြုံဘူးရွာကလှည်းတွေအလာကို သစ်ငုတ်သစ်စူး ပေစောင့်နေခဲ့သည်ဆို၏။
“ခင်နှောင်းရွာကို ပြန်မလာသေးဘူး ကိုကျီးညို”
ကိုကြည့်လှည်းကြုံစီး၍ လိုက်ပါခဲ့သော မမိစန်းက သတင်း ပေးလိုက်တော့ ခေါင်းငိုက်စိုက်ထိုးကျကာ ကိုကျီးညို ထန်းတောရွာဆီ ပြန်သွားခဲ့သတဲ့။ ညနေဘက်လှည်းကွင်းထဲမှာလည်း ကိုကျီးညိုကို တွေ့သည်။ ပွဲဈေးတန်းလမ်းကြိုလမ်းကြားမှာလည်း အရူးကြီးတစ်ယောက်လို လျှောက်သွားနေခဲ့သည်။ လူတွေပျားပန်းခတ် နတ်ပန်း ဆက်ရာနန်းရင်းတိုင်ကြီးကို မှီပြီးငုတ်တုတ်ကြီးထိုင်နေသော ကိုကျီး ညိုကိုလည်း ရွာကတွေ့ သူတွေက တွေ့ကြသတဲ့။ မမိစန်းက ကျူကျူ ပါအောင်ငိုရင်းကပြောပြရှာသည်။
“ကိုကျီးညို ဆုံးသံကြားတော့ တို့တစ်ရွာလုံး မယုံ ကြပေါင်အေ. . . ဘယ့်နှယ် ကျားကျားလျားလျား ဒေါင်းသန် မောင်းသန် ကျားကိုးစီးစားမကုန်သဲ့ ကိုကျီးညိုက ဘာရောဂါ နဲ့ သေရသာသဲ့တုံး . . . သူ့အမေကပြောတော့ နတ်ပွဲပြီးက တည်းက တရှောင်ရှောင်နဲ့ ဖျားသာပဲသဲ့.. ငန်းဆေးတွေ ဆေးနီကျော်တွေလည်း မတိုးဘူးပြောသာပဲ . . . ဪ. . . ကိုကျီးညိုနှယ် ဖြစ်မှဖြစ်ရက်ပလေသယ်တော်. . .”
မမိစန်းသည်လိုပြောတိုင်း ခင်နှောင်းမျက်ရည်သွန်ကျခဲ့ ရသည်နှင့် မျက်ရည်ပင်ကျန်သည် မထင်တော့ပါ။ တစ်နေ့ရွာကို ပြန်ရမည်၊ ကိုကျီးညိုနှင့်တွေ့ ကိုတွေ့ ရမည်ဟု စိတ်ပိုင်းဖြတ်နိုင်ခဲ့သော ခင်နှောင်းပင် တမြေ့မြေ့ခံစားခဲ့ရသေးလျှင် ဟေမဝန်ချာ သီတာတောင်တောသာတယ်ကို ကြော့ဆုံးမေ့စံရာ ဘယ်မှာလို့ မမှန်းတတ် နိုင်ရှာသည့် ကိုကျီးညိုခမျာလောင်မြိုက်နေရှာပေလိမ့်မည်။
ခင်နှောင်းတို့လှည်း မိုးကွဲချောက်ထိပ်ကိုရောက်တော့ လှည်းကတုန့်ခနဲရပ်သွားသည်။ ငနီကြီးက ဘူးခနဲအလန့်တကြား အော်လိုက်သေး၏။ ငအောင်က လှည်းမထိန်းနိုင်သေးတော့ အမောင်လေးကပဲ ချောက်ဆင်းချောက်တက်ကို လှည်းမောင်းချပေး ရ၏။ ကိုကျီးညိုနဲ့စပြီးတွေ့ ခဲ့သည့် သည်နေရာကလေးရောက်တော့ ခင်နှောင်းရင်မှာ အဟောင်းတွေ အသစ်ဖြစ်ရပြန်လေသည်။
“ ××× ရာသက်လုံး မုန်းဘယ်ခါ ဆုံးဆယ်ကမ္ဘာ ကွယ်ကာပျက်စေတော့ တွယ်တာလျက် ချစ်ခန်း သာ ချမ်းမြစေရာ ဝေဆာလန်းလို့ ထင်ပေါ်စရာ သခင်ကျော်စွာ မစမ်းပါ ဘုရာ့လေး ချစ်ခန်း သာစွေလေး... ××× ”
ခင်နှောင်းတို့လှည်းတွေ ငတရော်လမ်းဆုံရောက်တော့ လှည်းအုပ်ကြီး လက်ပံပင်ရိပ်အောက်မှာ တစ်အောင့်တစ်နားရပ်ကြသည်။ ခင်နှောင်းမျက်စိထဲမှာလူတစ်ယောက်။ လှည်းတွေကို တစ် လှည်းချင်းလိုက်ကြည့်ရင်း လူပျောက်ရှာနေတာမျိုး အို မဟုတ်တာ။ ခင်နှောင်းမျက်ရည်စတွေသိမ်းလိုက်ရင်း လှည်းပေါ်မှဆင်း လိုက်သည်။ နှစ်စဉ်လှူတန်းနေကျ လက်ပံပင်ကြီးအောက်က အလှူခံ သေတ္တာပုံးရှိရာကို သွား၍ ကိုကျီးညိုကို ရည်စူးကာ ခင်နှောင်းငွေလှူ လိုက်၏။ ခင်နှောင်းအာရုံမှာ အနံ့အသက်တစ်ခုရလိုက်သလို ခံစား လိုက်ရသည်။ သည်ရနံ့ကို ခင်နှောင်းနှစ်သက်သည်။ သရဖီပန်းရနံ့။ ဘေးဘီဝဲယာကို ခင်နှောင်းလိုက်ရှာတော့ဖွေတော့ သရဖီပန်းနှင့်တူသော အရောင်အဆင်းကိုပင်မတွေ့။ လက်ပံပွင်တွေကသာ ရဲရဲနွေး ရွေးလေအနော့မှာ အသော့ကြွေနေလေ၏။ သရဖီပန်းနံ့ကတော့ ကြိုင်နေဆဲ။
“ဆီးယိုကလေးစားပါဦး”
“လက်ဖက်သုပ် ကလေးများ မြည်းစမ်းပါဦးကွယ် . . . ဟောသည်မှာ ဆီးဖြူသီးဆားရေစိမ်တွေလည်း ထည့်သွားကြဦး”
ခင်နှောင်းလက်က ဆီးဖြူသီးဆားရေစိမ်တွေကို လှမ်း အနှိုက်။ ခင်နှောင်းကိုယ်ကို တစ်စုံတစ်ယောက်က တိုးလိုက်လို့ လေဟပ်သွားသလို ခင်နှောင်းခံစားလိုက်ရသည်။ ကိုကျီးညိုများလား။ ခင်နှောင်းမျက်စိကိုမှိတ်ကာ ကိုကျီးညိုကို စိတ်ကရည်လိုက်သည်။ နတ်ပွဲပြန်လှည်းတွေက ခင်နှောင်းတို့ကို လှမ်းအော်ကာ စနောက် သွားကြသည်။ ခင်နှောင်းလက်ကလေးကို အသာဝှေ့ရမ်းပြပြီး လှည်း ဆီပြန်လာခဲ့သည်။
“အို”
လှည်းပေါင်းမိုးအစွန်းကလေးမှာ သရဖီပန်းကုံးကလေးတစ် ကုံးပါလား။ ဘယ်သူများ ချိတ်သွားပါလိမ့်။ သရဖီပွင့်ဝါကလေးတွေ တစ်ပွင့်ချင်းသီကုံးထားလိုက်သည်မှာ ပေါင်းမိုးစွန်းမှ လှည်းရံတိုင် အထိ ရှည်ရှည်လျားလျား တွဲလောင်းကျလို့နေသည်ကော။ သရဖီ ပန်းကုံးကလေးကို ခင်နှောင်းဖြုတ်ယူကာ ဆံထုံးမှာ အလိုက်သင့် ပတ်ရစ်လိုက်သည်စိတ်ထဲမှာတော့ ဇဝေဇဝါ။
ကိုကြီးကျော်ပွဲကွင်းကိုရောက်တော့ ခင်နှောင်းတို့တစ်တွေ နန်းရင်းဘက်ဆီ နတ်ပန်းဆက်ဖို့ လာခဲ့ကြသည်။ နတ်ပန်းတစ်စည်း ပြီးတော့မှ ကိုကျီးညိုကို ဖျတ်ခနဲ သတိရပြီး နှစ်စည်းဝယ်လိုက်သည်။ နတ်ပွဲကတော့ ခါတိုင်းနှစ်တွေထက်တောင် ပိုစည်သလားလို့ ခင်နှောင်းအောက်မေ့မိသည်။ နန်းတိုင်ခြေရောက်တော့လည်း မှန်ကူ ကွက်ကလေးတွေကို ခင်နှောင်းလှမ်းကြည့်လိုက်မိ၏။ အရောင်စုံ အသွေးစုံ လူပေါင်းစုံတို့ တလှုပ်လှုပ် တရွရွထင်ဟပ်နေသည့် အရိပ် တွေကိုကြည့်ရင်း ခင်နှောင်းမျက်နှာကလေးပေါ်လာတာကို လိုက်ရှာခဲ့ ဖူးသည့် ကိုကျီးညို၏ ချစ်မေတ္တာကို ခံစားရမိပြန်သည်။ ဟော... မှန်ကူကွက်ထဲမှာ ကိုကျီးညိုလူအုပ်ကြားထဲက ပျောက်သွားလိုက် ပေါ်လာလိုက်။ ခင်နှောင်းနောက်ကို လှည့်ကြည့်တော့ လူရောင်စုံတွေသာ မွစာကြဲနေသည်။ ခင်နှောင်းတွေ့ ချင်သော ကိုကျီးညိုကိုမတွေ့ မှန်ကူကွက်ထဲပြန်ကြည့်တော့ ကိုကျီးညိုကပေါ်လာပြန်၏။ ခင်နှောင်း ရင်တွေတဒိတ်ဒိတ်ခုန်ကာ ခြေဖျားလက်ဖျားတွေ အေးစက်လို့လာသည်။ ခေါင်းတွေမူးဝေနောက်ကျိကာ ချွေးစေးချွေးပေါက်တွေ ပြန်လာသည်။
“ဟဲ့ ခင်နှောင်း . . . မူးလို့လား လာ လာ ဟိုဘက် နား သွားနေချေ လူကြားထဲမနေနဲ့ ပေးစမ်း နတ်ပန်း ... အမေ့ဟာ အမေဆက်ခဲ့စမ်းမယ်”
ခင်နှောင်းလက်ထဲက နတ်ပန်းနှစ်စည်းကို ယူကာအမေ နန်းရင်ပြင်ထဲတိုးဝင်သွားသည်ခင်နှောင်းဘာကြောင့် နတ်ပန်းနှစ် စည်းဝယ်သလဲဆိုတာ အမေသဘောပေါက်ပုံရ၏။ ဩော် ဟိုအရင် တစ်နှစ်ဆီက နန်းရင်ပြင်အတူတက်လို့ နတ်ပန်းအတူ ဆက်ခဲ့ကြ သည်ကော။
“ ××× မိုးချုပ်ပေါ့လေ နေရီပေါ့နှမထွေး ရွှေခန်း စံ ပြန်ရဦးမယ် အားလုံးတဲ့ပေး မီးကျည်ခွေထိုးလို့ ဗျောက်အိုးတွေရံ ပြန်မလေ တိမ်မဆီးနဲ့ ရွှေခန်း လေညာက ဘုန်းသာတဲ့ မီး ××× ”
နတ်ပန်းဆက်ပြီးတော့ ခင်နှောင်းလှည်းဆီပဲ ပြန်လာခဲ့သည်။ အမေတို့ အရီးကြော့တို့တတွေကတော့ ပွဲဈေးတန်းဘက်သွားကာ တစ်နှစ်လုံးစာ ဝယ်ကြခြမ်းကြသည်။ လှည်းဘီးနှစ်ဘီးကြား လှည်းအောက်က ကတ်ကြမ်းခင်းကလေးပေါ်မှာပဲ ခင်နှောင်းခွေနေ မိ၏။ ခင်နှောင်းစိတ်က ထင်နေလို့လားမသိ။ လှည်းဝိုင်းကြီးကြား ကိုကျီးညိုလိုလိုပုံရိပ်တွေ ရိပ်ခနဲ ရိပ်ခနဲ ပြေးလွှားနေသည် ထင်မိ၏။ ကိုကျီးညိုရယ်. . . တော်သာ မသေဘဲရှိနေသေးလို့ အရူးကြီး ဘဝနဲ့ ဟောသည်နတ်ပွဲလှည်းတွေကြား လျှောက်သွားနေတယ် ဆိုဦးတော့။ ကျုပ်ကတော့ ချစ်နေမှာသိလား။ ခုတော့ ခင်နှောင်း ကိုကျီးညိုကို လွမ်းနေရုံမှ တစ်ပါး ဘဝချင်းခြားခဲ့ပြီ။
ပိုပြီးလွမ်းစရာကောင်းတာက လပြည့်နေ့ဆွမ်းကြီးလောင်းပွဲတွင် အမေက ကိုကျီးညိုကိုရည်စူးကာ ဆွမ်းတွေလောင်းခြင်းဖြစ်သည်။ ခါတိုင်းတပေါင်းလဆန်း ၁၃-ရက်နေ့ နတ်ပွဲလာ၊ ၁၄-ရက်နေ့ ချင်းယားရွာကလေးဆီသွားပြီး ခင်နှောင်းတို့ရွာကို ပြန်ခဲ့ကြမြဲဖြစ်သည်။ သည်နှစ်တော့ အမေကိုယ်တိုင်က ဆွမ်းသိမ်းပွဲလောင်းချင် သေးသဖြင့် လပြည့်နေ့အထိခင်နှောင်းတို့ နတ်ပွဲကွင်းထဲနေခဲ့ကြသည်။ ကိုကျီးညို၏ မိခင်ကြီးရှိရာ ထန်းတောရွာထဲကိုလည်း အမေက သွားခွင့်ပြုခဲ့သည်။ သူကိုယ်တိုင်မရည်ရွယ်ဘဲ ဖြစ်ပျက်ခဲ့သည့်အဖြစ် အပျက်အပေါ်မှာ အမေကြေကွဲဝမ်းနည်းနေတာလည်း ပါပါလိမ့် မည်။ အမေသည် တောသူတောင်သားပီပီ ရက်စက်တတ်သည့် နှလုံးသားမျိုးမရှိတာ ခင်နှောင်းယုံပါသည်။ အမေ့နေရာက ကြည့်လျှင်အမေမမှားဟု ခင်နှောင်းထင်သည်။ တစ်ရွာသားနဲ့ ကွမ်းတောင်ကိုင်သူရင်းတိုင်သမီးနဲ့ သူရင်းငှား အမေသဘောမမျှလိုတာ ခင်နှောင်း အပြစ်မမြင်ပါ။ အခုတော့လည်း အမေကိုယ်တိုင်က ကိုကျီးညိုကို နှမြောတသ နေပုံလည်းရပါသည်။ ခင်နှောင်းကတော့ အမေ့ကိုမှ မဟုတ်ပါ။ ဘယ်သူ့ကိုမှ အပြစ်မမြင်လိုပေ။ ခင်နှောင်းပြုပြုခဲ့သမျှ ကံအကြောင်းတရားကြောင့်လို့သာ ဆိုရတော့မည်။ ဝိပါတ်ကြမ္မာ မယိုးသာဆိုသည်မဟုတ်လား။ အဖေပြောခဲ့ဖူးသလို ဘဝဆိုတာ တစ် ခဏတာပါဆိုတာမှန်လျှင် တစ်ခဏထဲက တစ်ဆိတ်စာဖဲ့ပေးခဲ့ရသည့် သူ့ဘဝကိုသာ ခင်နှောင်းရင်နာမိရပါ၏။
မမိစန်းကိုအဖော်ခေါ်ကာ ထန်းတောရွာကလေးထဲသို့ ခင်နှောင်းအရဲကိုးကာ ရောက်ခဲ့သည်။ ဖေကြီးကျော်နယ်ခံ ထန်းတော ရွာကလေးသည် လှပသာယာလွန်းလှ၏။ ထန်းပင်ကြီးတွေစီတန်းကာ အုပ်အုပ်ဆိုင်းဆိုင်း မှိုင်းမှိုင်းညို့ညို့ ရှိနေပုံကလည်း လွမ်းစရာကောင်း နေသည်။ ရွာ့အနောက်ကကပ်၍ သွယ်ကာမြောင်ကာစီးဆင်းနေသော ချင်းတွင်းမြစ်ကြီးကြောင့် ရွာကလေးက ပိုမိုစိမ်းစိုနေလေသည်။ အိမ်ကြီးရခိုင်၊ သစ်ခင်းသီးခင်း၊ မြေပိုင်ထန်းပိုင်တွေ ပေါများသော ထန်းတောရွာထဲက ကိုကျီးညိုတို့သားအမိနေထိုင်ရာ မြေစိုက်အိမ်ကလေးထဲ ခင်နှောင်းရောက်ခဲ့သည်။ ခင်နှောင်းတို့ဝင်လာတော့ အမေအိုက ကဲလားတံခါးပေါက်ဘေးက ခုတင်ပေါ်ထိုင်ကာ ပုဆိုး ဟောင်းတွေသီချုပ်နေသည်။ ခင်နှောင်းတို့ကိုတွေ့တော့ အံ့ဩနေပုံရ သည်။ ခင်နှောင်းမှန်းသိတော့ အမေအိုက ငိုလေသည်။
“ကျုပ်သားကတော့ ပြောရှာသား . . . သူအလုပ် လုပ်သဲ့ အိမ်ကသူရင်းတိုင်သမီးကလေးက ချောသတဲ့ လှ သတဲ့ သဘောမနောကောင်းလှသတဲ့ . . . အင်း မိန်းမ ကောင်းမိန်းမမြတ် ကြန်အင်လက္ခဏာရှိသူ မိန်းကလေးပဲ ကွယ်. . .မြင်ရုံနဲ့သိပါရဲ့ . . . ကျုပ်သားက လူလိမ္မာကလေး ပါတော်... အဆိုးမရှိပါဘူး. . . အသောက်အစားကင်းသယ် မအေကို ခေါင်းပေါ် တင် လုပ်ကျွေးရှာပါရဲ့ အလုပ်လက်ကြောတင်းသယ်. . ဒါပေသိ သင်းကံမကောင်း ရှာပေါင်ကွယ်”
အမေအိုက ခင်နှောင်းပုခုံးကလေးကို ပွတ်ကာသပ်ကာ မျက်တောင်ငုတ်စူးကလေးတွေ ပုတ်ခတ်ကာ စကားဆိုသည်။ ကိုကျီးညိုနှင့်ခင်နှောင်းအကြောင်းကို အမေအိုသိတန်သလောက်သိပုံရ၏။ မတော်လိုက်ရသည့် ချွေးမကလေးကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း ခင်နှောင်းကို ချစ်ခင်ပုံလည်းရသည်။ ခင်နှောင်းစိတ်မကောင်းလိုက်တာ။
“ကျီးညို အသုဘလည်း စည်လှသယ် မဟုတ်ပါဘူး သမီးရယ် . . . ကိုယ့်တောဆိုသာ သည်လိုရောက်ရားပေါ့ . . . အခု သူ့ပုဆိုးကလေးတွေ ကျန်ရစ်တော့ တင်းတိမ်စပ် ချုပ်ပြီး ဘုန်းကြီးကျောင်းလှူမယ်စိတ်ကူးသယ်”
အမေအိုလက်ထဲက ချုပ်လက်စပုဆိုးဟောင်းကလေးတွေကို ခင်မနှောင်းတယုတယကိုင်ကြည့်လိုက်မိသည်။ ဟောသည်ပုဆို ဟောင်းကလေးတွေကြားက ခပ်လတ်လတ်ပုဆိုးနှစ်ထည်ကတော့ ခင် နှောင်းဝယ်ဆင်ခဲ့သော ကိုကျီးညိုနောက်ဆုံးဝတ်သွားသည့် ပုဆိုးတွေဖြစ်မည်။ ခင်နှောင်းမျက်ရည်စကလေးတွေကို သိမ်းလိုက်သည်။ ခင်နှောင်းရင်ခံထဲ ထည့်ယူလာခဲ့သော ငွေငါးထောင်ကိုထုတ်၍ အမေအိုကို ထိုင်ကန်တော့လိုက်ပါသည်။
“သာဓုပါတော် သာဓု သာဓု . . . ငါ့သမီး သည့်ထက်သည် အဆတိုးလို့ ချမ်းသာပါစီ... ကျန်းမာပါစီ... ဘဝအဖော်ကောင်းနဲ့ တွေ့ ပါစီတော်”
အမေအို လက်ချောင်းသေးသေးကလေးတွေကို ဆုပ်နယ်ကာ ခင်နှောင်းနှုတ်ဆက်လိုက်ပါသည်။ အမေအိုဆီကို စားဖို့ သောက်ဖို့ ခင်နှောင်းမပြတ်ပို့ပေးမည့်အကြောင်းလည်း ကတိပြုခဲ့၏။ ထန်းတောရွာက ထွက်ခဲ့တော့ တိမ်တွေတောက်နေသည်။ နတ်ပွဲလာ နတ်ပွဲသွားတို့ ပျားပန်းခတ်နေကြဆဲ။ သည်အပျော်တွေ သူ့ဆီမကူး နိုင်တော့။
တစ်နှစ်တစ်ခါ တပေါင်းလဆန်းလေတိုင်း ကိုကြီးကျော်နန်း ဆီသို့ ခင်နှောင်းတို့တစ်တွေရောက်နေကြဦးမှာပဲဖြစ်သည်။ ရီမှိုင်း မြောက်တောင် ညင်းလေသာဆောင် ဖန်ရောင်မလန်း အာကာယံ တောင်တော သာလာ နွေဖွဲ့ဆန်းသည့် လတပေါင်းမှာ ငှက်သံညံစီစီ ပင်ညီဝေ ရွှေဖီတွေ ခိုင်ညှာလန်းသည့် ရာသီရောက်တိုင်း ကိုကျီးညိုကို ခင်နှောင်းပိုလွမ်းနေဦးမှာပဲဖြစ်၏။ လှည်းသံ၊ လူသံ၊ နတ်ချင်းနတ်ချော့သံ၊ ကြက်လောင်းသံ၊ ပွဲသိမ်းမင်းကို ကြိုဆိုကြသည့် အသံတွေကြား ခင်နှောင်းနေပျော်ရတော့မှာပဲ မဟုတ်လား။ သည်ကျွန်း၊ သည်ရေ၊ သည်လေ၊ သည်လူတွေမှာတော့ သည်အသံ၊ သည်အရောင်၊ သည်ရနံ့၊ သည်အပျော်တွေ တစ်နှစ်တစ်ခါ ပွက်ပွက်ကြီး ဆူနေမှာ သေချာပါသည်။ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုကြသူတွေကြားမှာ ခင်နှောင်းနှစ်စဉ်ရှိနေမှာပါ။ လှည်းပေါင်းမိုးပေါ်က သရဖီပန်းကုံးကလေး ရယူပန်ဆင်ဖို့ နတ်ပွဲကွင်းထဲမှာ လူပျောက်ရှာ နေမည့် ချစ်သူကို အရိပ်အယောင်ပြဖို့ နှစ်အဆက်ဆက် ဝတ်မပျက် ခင်နှောင်းလာနေရဦးမှာ ထင်ပါရဲ့။
ခင်နှောင်းခေါင်းက သရဖီပန်းကုံးကလေးကို အသာအယာ ရစ်ဖြေယူလိုက်သည်။ ပြီးတော့ အသာအယာနမ်းလိုက်မိပါ၏။ သရဖီ ပန်းကုံးကလေးမှာ မျက်ရည်တွေ လူးကျံခဲ့ပြီ။
ခင်ခင်ထူး
(ကျွန်မဆွေမျိုးသားချင်းများရှိရာ ဖြုံဘူးရွာ၊ ထန်းတောရွာ အပါအဝင် ကျွန်းဆယ့်နှစ်ရွာနှင့် ကိုကြီးကျော်နတ်ပွဲသွား ရိုးရာဓလေ့ကို အခြေခံ၍ရေးဖွဲ့သော ကျွန်မ၏စိတ်ကူးဖြင့် တည်ဆောက်သည့် ခံစားမှုဝတ္ထုရှည်တစ်ပုဒ်သာ ဖြစ်ပါသည်။)
---
#ခင်ခင်ထူး
#ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်
#shared_by_louis_augustine
Comments
Post a Comment