ကတ္တီပါ ကန့်လန့်ကာ (၁) // အောင်ဖြိုးကျော် (ပခုက္ကူ)


ကတ္တီပါ ကန့်လန့်ကာ (၁) // အောင်ဖြိုးကျော် (ပခုက္ကူ)

(ရွှေအမြုတေ၊ မေ၊ ၂၀၁၃)

---

ပွဲဦး ကရန် ခုနစ် သံချီကို ဆွယ်... ဆိုတဲ့ သီချင်း ကို အမယ် ကြီး ကောင်းကောင်း ကြားခဲ့ဖူးတယ်။
အသက် ၇၀ မကျော်ခင် အပျိုပေါက် ဘ၀ ကတည်းက ကြားခဲ့ ဖူးတာ။ ရှေးတုန်းကတော့ အဲဒီ သီချင်းကို ပွဲမထွက်ခင် ည ၉ နာရီ ထိုးခါနီး မှာ ဇာတ်စင်က လော်စပီကာကြီးတွေ ဆီကနေ ကြားရတာရယ်။ ခေတ်နဲ့ တွက်ရင် လှည်းခေတ်ပေါ့။ ခုလို တရုတ် ဆိုင်ကယ်ခေတ်၊ ဂွင်ဒေါင်း ထော်လာဂျီခေတ် မဟုတ်ဘူး။ သူ့ရွာ ကိုယ့်ရွာ ဘုရားပွဲတွေမှာ ထည့်တဲ့ ဇာတ်တွေကို လှည်းတန်း ကြီးတွေနဲ့ သွားကြည့် ကြရတာ။ ရွာအနီး အဝေး ဇာတ်အကောင်း အညံ့ ချိန်ပြီး နေမဝင်ခင်က သွားကြသလို နေဝင်ပြီးမှ သွားကြ ရတာလည်း ရှိတယ်။ လည်ပင်းသိမ် ဖင်ပိုင်းကြီး မြေအိုး ရေဘူးကြီးတွေထဲ သောက်ရေထည့်၊ ထမင်း ဟင်းတွေ ဒန်အိုးကြီးတွေထဲ ခူးခပ်ထည့်ပြီးတော့ကို သွားကြည့် ခဲ့ကြရတာ။

လှည်းဝိုင်း ကြီးတွေက အကြီးကြီးတွေ၊ စောစော ရောက်မှ လှည်းထိုးရတာ ဇာတ်ခုံနဲ့ နီးတယ်။ ဇာတ်စင် ရှေ့တည့် တည့် မြေကြီးမှာ ဖျာစုတ်၊ ပုတ်စုတ် တွေ ခင်းထားတဲ့ မြေဝိုင်း၊ ပြီးမှ တစ်ထွာလောက်မြင့် တဲ့ ဝါးကွပ်ပျစ်ဝိုင်း၊ အဲဒီနောက်ကမှ အနိမ့် အမြင့် အလိုက် ခုတင်တွေ၊ အဲဒီ ခုတင်တွေ နောက်ကမှ လှည်းဝိုင်းက ကပ်ထိုးရတာ။ နောက်များ ကျလို့ ကတော့ ဇာတ်ခုံ ပေါ်က မင်းသမီး မင်းသား တွေကို မှုန်မှုန်ပဲ မြင်ကြရတယ်။

အဲဒီတုန်း ကတော့ ပခုက္ကူ မြို့ခံ ဇာတ်တွေ ထဲက ရွှေမန်း အောင်ဝင်းပဲ ခဏ ခဏ ကြည့်ရတာ။ တခြား ရွာကြီး တွေက ထည့်တဲ့ ရွှေနန်းတင် တို့လို မုံရွာ ဇာတ်၊ မန္တလေး ဇာတ်ကြီး တွေကိုတော့ ကြိုး ကြား ကြိုးကြား မှ ကြည့်ကြ ရတာ ပေါ့။ ဇာတ်ကြီး တွေ ဆိုတော့ အိမ်ခြေ များတဲ့ ရွာကြီး တွေမှ ထည့်နိုင် တာ ကလား၊ အဲဒီ ဇာတ်တွေ များ ပါလို့ ကတော့ နေမဝင်ခင် ရောက်အောင် သွားနိုင်ရင်သွား၊ မသွား နိုင်လို့ ကတော့ လှည်းဝိုင်း နောက်မြီး ကနေ ဇာတ်သမီး ဇာတ်သားကို ရုပ်သေး ရုပ်လောက်ပဲ မြင်ရတယ်။

တချို့လည်း လှည်းပေါ် ကဆင်း၊ ရွာခံလူတွေ ခင်းထားတဲ့ မြေဝိုင်း ထဲဝင် ရွာခံ အသိတွေနဲ့ တိုးဝှေ့ ကြည့်ရတယ်။ အသိမရှိ ရင်တော့ လက်လှုပ် ခြေလှုပ် ကိုပဲ အားပြု၊ ရသေ့ စိတ်ဖြေပွဲ ဆိုတာကို ကျေနပ် လိုက်ရတယ်။ ပွဲဟေ့ ဆိုရင် မက်ရေ စက်ရေ ရွာ တိုင်း ရှိတယ်။ ရှိဆို ခုခေတ် လို ဗီဒီယို ဆိုတာဝေး၊ တီဗွီလည်း မပေါ် သေး။ ရေဒီယိုတောင် အိမ်တိုင်း မရှိသေးတဲ့ ခေတ်ကိုး။ ဒီတော့ ဇာတ်ဆို မှဇာတ်၊ ပွဲဆိုမှ ပွဲပေါ့။

ဆိုတော့ကာ ဘုရားပွဲရဲ့ အသက်က ဇာတ်ပဲ။ ဘုရား ပွဲ လူစည် မစည် ထည့်တဲ့ ဇာတ်ပေါ်မှာ တည်တယ်။ မုံရွာ ဇာတ်ဟေ့ မန္တလေးဇာတ် ဟေ့လို့ အသံကြား တာနဲ့ မရောက်ခင် တစ်လ ကိုးသီတင်းက အားခဲ ထားကြတာ ဆိုတော့ အဲဒီခေတ် ဇာတ်ပွဲ အခင်း အကျင်းက ခုခေတ် ပွဲခင်း ဆိုတာ တွေနဲ့ ဆီနဲ့ ရေလို ကွာတယ်။
တစ်နှစ် တစ်ခါ လုပ်တဲ့ မြို့ပေါ်က သီဟိုဠ် ရှင်ဘုရား ပွဲ ရောက်ရင်တော့ ရုံလာ သွင်းတဲ့ ထိတ်ထိတ် ကြဲ ဇာတ်တွေကို တစ်နှစ် တစ်မျိုး မရိုးရ လေအောင် အမယ်ကြီး ကြည့်ဖြစ်တယ်။ ရွှေမန်း သဘင်ဆို ရင် တင်မောင် ကနေ သားစဉ် မြေးဆက်၊ ပန်တျာ ကြည်လင်၊ စိန်မာဒင်၊ ပုလင်းစိန်၊ ဖန်ခွက်စိန်၊ မြို့တော်သိန်းအောင်၊ မောင်ယဉ်အောင်ကနေ အောင်သိုက်... တော်တော် များတယ်။

ဆိုတော့ကာ အမယ်ကြီး ပွဲကြည့်သက်က သက်တမ်း ရဲ့ တစ်ဝက်ကို တော်တော်ကြီး ကျော်တယ်။ တော်ရုံ တန်ရုံ ဇာတ်တော့ ဇာတ်လို့ ဘယ်ထင် မတုံး။ ပွဲရည်က တော်တော် ကြီးကို ဝနေတာ။ ဒါပေမဲ့ အဲဒီတုန်းက အမယ် ကြီးတို့ ရွာလေးက မြို့နဲ့ ၅ မိုင် လောက် ဝေးပြီး ပေတစ်ရာ လမ်းဘေး ကပ်နေတာမို့ တောမခေါင် ပေမဲ့ အိမ်ခြေ ၅၀ လောက် ရှိတဲ့ ရွာပိန်၊ ရွာသိမ် လေးဆိုတော့ မြို့ဇာတ်တောင် တစ်ခါတလေမှ အနိုင်နိုင် ကပ်နိုင်တာရယ်။

မိုးခေါင် လေခေါင် နှစ် ဝါများ ထပ်ပြီ ဆိုရင်တော့ မြို့က မင်းသမီး နှစ်လက် ငှား၊ ရွာခံ တစ်ခြမ်းပဲ့ စိန်ကျားပျံဆိုင်းလေး၊ ရွာလူရွှင်တော်လေးနဲ့ ဖျစ်ဖျစ် ညှစ်ညှစ် ရယ်ရတဲ့ နှစ်တွေလည်း ရှိတယ်။ ဇာတ်ကြီး တွေကိုတော့ အိမ်ခြေသုံးလေးရာရှိ တဲ့ ရွာတွေမှ ထည့်နိုင်တာ ကလား။ ထမင်းထုပ်နဲ့ လှည်းအုပ် နဲ့ အိမ်ပစ် ယာပစ် ရွာလုံး ကျွတ်ကြည့်တာ။ လှည်းဝိုင်း ရောက်လို့ ဗွေဆိုးဆိုး နွားစိမ်း ချင်းတွေ့ ဝုန်းခနဲ ထခွေ့ရင် သူ့နွား ကိုယ့်နွားဆွဲ၊ လှည်းပြို ရေဘူး ကွဲတော့တာ။

ဆိုတော့ကာ ပွဲဦးကရန် ခုနစ်သံ ချီကိုဆွယ်...ဆိုတာ အမယ်ကြီးနဲ့ မစိမ်းတဲ့ အပြင် သူ့ခေတ်နဲ့ သူ့အခါ တရင်း တနှီးကြီးကို ရှိခဲ့တာ။ ဒါပေမဲ့ ဘယ်ဇာတ် လာလာ အဲဒီအသံက ပွဲထွက် ခါနီး ၉ နာရီ တီးလောက်မှ ကြားရ တာ။ တချို့ ပွဲက ၉ နာရီ ကျော်မှ ထွက်တာလည်းရှိတယ်။ ဇာတ်ကြော ဆွဲတာပေါ့။ အဲ မဟုတ် သေးဘူး၊ အဲဒီလို ပြောရင် ရောကုန်မယ်။ ခေတ်လူတွေ နားလည်အောင် ပွဲကြောဆွဲတယ်လို့ ပြောရမယ်။

အမယ်ကြီး အသက် ၇၀ ကျော်တော့ အဲဒီ ခုနစ်သံ ချီက နေမဝင် ခင်က ဆွယ်တယ်။
ဇာတ်ကောင်း လို့လား၊ ပွဲခင်း လူစည်လို့ လားဆိုတော့ ခုကာလ ခေတ် ပွဲခင်း ဆိုတာ ကို အမယ်ကြီး က ရယ်ချင်တယ် တကယ်။ ရှေးခေတ်က အိမ်ခြေ ၅၀ လောက်ရှိတဲ့ အမယ်ကြီးတို့ ရွာလေးက အိမ်ခြေ ၃၀၀ နားကပ် လာသလို ရွာဘေးက ပေတစ်ရာ လမ်းက လည်း ရေစကြို အနီးဆုံး မန္တလေးတင် မဆုံးတော့ဘူး။ ဆားလင်းကြီးဘက်က ပတ် ဂန့်ဂေါကနေ ချင်းပြည်ထိ ပေါက်တယ်။

အင်း ခုနင်က ခုနစ်သံချီ ဘယ်ရောက် သွားပတုံး။

အဲ ဟုတ်ပြီ နေမဝင်ခင် က ဆွယ်တယ်။
အမယ်ကြီး တို့အိမ်က ဘုန်းကြီးကျောင်းနဲ့ ဝင်းနံရံ ပဲ ခြားတယ်။ ဇာတ်ခုံ ဆိုတာ ကလည်း ရှေးခေတ် တုန်း ကလို ဝါးနဲ့ တစ်နှစ် တစ်ခါ မဆောက် ကြတော့ဘူး။ လူ တစ်ရပ်လောက် မြင့်တဲ့ အုတ်ခုံနဲ့ သွပ်တွေ အကျအနမိုး ယထားတဲ့ ခေတ်ကာလ ဇာတ်ခုံကြီးက အမယ်ကြီး တို့အိမ်နဲ့ တည့်တည့်ကြီး ဟည်းနေ တယ်။

နောက်ဖေး ဝင်းနံရံကို ခြေဖျား ထောက်တာနဲ့ ဇာတ် စင်နဲ့ ပွဲခင်းကို အကုန်မြင်ရတယ်။ မလွယ်ပေါက် ကနေ ခြေလေး ငါးလှမ်း လှမ်းလိုက် တာနဲ့ ပွဲခင်းထဲ ဗျင်းခနဲ ရောက်အောင်ကို နီးတယ်။ ဆိုတော့ကာ နေမဝင် ခင်က ခုနစ်သံချီ ဆွယ်နေတာကို အမယ်ကြီး ကြားနေရရုံ တင် မဟုတ်ဘူး၊ မြင်ကို မြင်နေရတာ။

“ထမင်း စားတော့ မယ်”

စကားအဆုံးမှာ အဘိုးကြီးက ထန်းပက်လက်ကု လားထိုင် ပေါ်ကနေ ထတဲ့ပြီး မီးဖိုချောင်ဘက် သုတ်ခနဲ ထွက်တယ်။ ဟိုတုန်းက အဲဒီ လိုပြောသံ ကြားတာနဲ့ အမယ် ကြီးက အဘိုးကြီး အရင် ရောက်နှင့် ပြီးသား။ အခုတော့ အတွေးလွန် နေတာရော ရောင်ပြီး တဆစ်ဆစ် ကိုက်နေတဲ့ ဒူး နှစ်လုံး ကြောင့်ရော အမယ်ကြီး မီးဖိုချောင်ထဲ အရင်မ ရောက်နိုင် တော့ဘူး။ ငုတ်တုတ် ကုလားထိုင်ပေါ် ကနေ ဒူးနှစ်လုံး လက်နဲ့ဖိ၊ ကျွတ် ကျွတ် စုတ်သံပေး၊ ခပ်ကုန်း ကုန်းထ ပြီးမှ လိုက်ဝင်ရတယ်။ ထင်တဲ့ အတိုင်းပဲ။ စားပွဲ ပေါ်က ဧည့်ကြွင်း ဧည့်ကျန်တွေနဲ့ စားနှင့် နေပြီ။ ဟိုတုန်း ကအတိုင်း အဘိုးကြီးက ဘာမှမပြောင်းလဲဘူး။ ဗီရိုပုလေး ထဲက ဦးချဖယ် ထားတဲ့ ဟင်းခွက်တွေ စားပွဲပေါ် ချပေးရင်း 

“အဘိုးကြီးနှယ် တော့်မလဲ ငယ်ကျင့်က မပျောက်ပါလား၊ စားမယ် ဆိုရင် တစ်ပန်းကန်လောက်က ကုန်နေပြီ၊ ဗီရိုလေးဘာလေး ဖွင့်ပြု ကြည့်ပါ ဦးတော့လား။ မရှိတဲ့ သွားနဲ့ အရိုး အရင်းတွေ တော် ဘယ့်နှယ် ဝါးမတုံး”

လို့ မြည်တယ်၊ တွန်တယ်။

အမယ်ကြီး ဖျစ်ဖျစ် မြည်သံကို အဘိုးကြီးက မတုံ့ ပြန်ဘူး။ ပါးစောင် ထဲက ဟင်းတုံးကို သွားဖုံး နဲ့ ဖိဝါး နေရ လို့လည်း ဖြစ်နိုင် ယတယ်။ 

“ဘွားနုရေ...ခရုမ ရေ ...”

အိမ်ရှေ့က ခေါ်သံပေါ် လာတော့ အမယ်ကြီး၊ အဘိုး ကြီးကို တဖျစ် တောက်တောက် မလုပ်နိုင်တော့ဘူး။ မီးဖိုထဲ ကနေ အိမ်ရှေ့ ပြန် ထွက်ရ ပြန်တယ်။ ရွာပိုင် မီးစက်က ပေးထား တဲ့အိမ်ထဲက နှစ်ပေချောင်း နဲ့ လမ်းမီး နှစ်ပေ ချောင်းက ထင်းထင်းကြီး ဝင်းနေပေမဲ့ ညရောက်တာနဲ့ အမယ်ကြီး လူလုံးမကွဲတာ ကြာပြီ။

“ဟဲ့ ဘယ်သူ တွေတုံး” 

လို့ အမယ်ကြီး အသံပေး တော့ 

“ကျွန်တော်တို့ပါ ဘွားနု၊ ရွှေစင်ဝင်းနဲ့ ဇာနည်ပါ”

လို့ ဖြေသံကြားမှ နောက်တိုး သမီး နဲ့ ဇီးကွက် သမီးလို့ စိတ်ကသိတယ်။ မျက်လုံးက မသိလိုက်ဘူး။

“ထွက်သွား ပါပကော ဟဲ့။ G.T.C က ဆရာမ တွေ ရော၊ တစ်အုပ်ကြီး မီးလှည့် ကြည့်ကြ မတဲ့”

စကား ဆုံးတော့ ကလေးမတွေက အိမ်ထဲမဝင်ဘဲ လှည့်ထွက်တယ်။ အလိုတော် ဘောင်းဘီရှည်တွေ နဲ့ ပါလား။ သူတို့မြင်မှ အိမ်က မြေးမ ဘာဝတ် သွားပါလိမ့် လို့ အမယ်ကြီး ပူပူပင်ပင် တွေးမိပြန်တယ်။

ခုနစ်သံချီက အဲဒီလို အဲဒီလို ဆွယ်တယ်။

ညနေ သုံးနာရီ လောက်ကတည်းက ဘုရားကြီး အာရုံ ခံတန် ဆောင်းထိပ် ဂေါပက အသံချဲ့ စက်က 

“ဂွီ ဂွီ ဂစ် တစ် ဂစ်တစ် အလှူခံ ဌာန စတင်ဖွင့်လှစ်ပါပြီ”

ဆိုပြီး တစ်သံချီ စဆွယ်တယ်။

သိပ်မကြာဘူး။ ဘုန်း ကြီးကျောင်း အသံချဲ့စက်က နေ 

“မီးစက် မောင်းတဲ့ ကို အောင်မြင့်သန်း၊ ဘုရားနဲ့ ကျောင်းက အသစ် ထွန်းမယ့် မီးတွေ စမ်းရအောင် စက်ခန်း သော့ယူပြီး အမြန် ပြန်လာခဲ့ပါ”

ဆိုပြီး နှစ်သံချီ ဆွယ်တယ်။

ခဏနေတော့ ဇာတ်စင်က 

“ပွဲငှား ကော်မတီ လူကြီး မင်းများ ခင်ဗျာ ဇာတ်စင်မှာ သုံးဖို့ ဖျာနဲ့ ကုလားထိုင်များ လိုအပ်နေပါတယ်”

ဆိုပြီး သုံး သံချီ ဆွယ်တယ်။

အဲဒီဟာ မဆုံးသေးခင် ဓမ္မာရုံ အသံချဲ့ စက်က 

“ဓမ္မစကြာ ဝတ်အသင်း သူအားလုံး ဓမ္မာ ရုံထဲကို အမြန်ဆုံး လာခဲ့ကြပါရှင်”

ဆိုပြီး လေးသံချီ ဆွယ်တယ်။

အသံမဆုံး တဆုံးမှာ ဥက္ကဋ္ဌ အိမ်ကနေ 

“ဒီနေ့ည ကင်းတွဲ များကို ကြေညာပါမယ်။ မောင် ဘယ်သူနဲ့ မောင်ဘယ်ဝါ၊ ဘယ်နှနာရီ”

ဆိုပြီး ငါးသံချီ ဆွယ်ပြန်တယ်။

ငါးသံချီ မဆုံးခင် ဒိုးပတ်အဖွဲ့က ပတုံ ပတုံ ဆိုတဲ့ ဒိုးသံနဲ့ 

“ဦးရွှေရိုး ဒေါ်မိုးကမယ့် ကျွဲကြီးနဲ့ သခွားသီး၊ ဒိုးပတ် အဖွဲ့တွေ စုံနေပြီ အမြန်ဆုံးလာခဲ့ပါ”

ဆိုပြီး ခြောက် သံချီ ဆွယ်တယ်။

ဆိုတော့ ကာ နေမဝင် ခင်ကတည်းက ရွာထဲမှာ ရော ပွဲခင်းမှာပါ ခုနစ်သံချီ ရုံတင် မက တော့ဘူး။ ပွဲဦးက ရန်က ဆယ့်လေး ငါးသံ ချီကို ချီမယ် ဆွယ်မယ်လို့ အမယ်ကြီး ထင်တယ်။

စိတ်က တောရောက် တောင်ရောက်နဲ့ မီးဖိုထဲက အဘိုးကြီးကို အမယ်ကြီး ခဏ မေ့သွားတယ်။ သတိရ တော့ အဘိုးကြီးက သွားကြားထိုးတံကိုင် ထွက်လာ ပြီ။ ဒီနှစ် အဘိုးကြီး ခမျာ တော်တော် ကျသွား ရှာတယ်။ သေလုမျောပါး တစ်ခါဖြစ်တော့ ပစ်လိုက် ရပြီကို အောက်မေ့တာ။ ပွဲနားနီးတော့ ထူထူ ထောင်ထောင် ပြန်ဖြစ်လာတယ်။ သားတွေ ပြန်လာ တတ်တာ တွေးပြီး စိတ်ဆောင် သွားတာ ဖြစ်မယ် လို့ အမယ်ကြီး ထင်မိပြန်တယ်။

ကျောင်းဆရာ အဘိုးအိုနဲ့ လယ်သူမ အမေအို သင် ပေးလိုက်တဲ့ အတန်းပညာ တွေနဲ့ သားခြောက် ယောက်လုံး မြို့ပြ ဘဝမှာ လက်ပစ် ကူးလိုက်၊ ပိုးလိုး ပက်လက် မျောလိုက် နေနေ ကြလေရဲ့။ ရွာမှာ ကျန်ခဲ့တဲ့ သားကြီးက သမီး တစ်ယောက် မွေးပြီး တစ်နှစ် သမီး ကတည်းက အမယ်ကြီး တို့လက် အပ်ထား ခဲ့တာ ခု လမ်းဗိုလ် ကျောင်းတက်တဲ့ အချိန်ထိပဲ။

ကိုယ်နဲ့ ရွယ်တူ တန်းတူ တွေလည်း ရွာထဲမှာ သိပ် မကျန်တော့ဘူး။ ဘေးရွာတွေမှာလည်း အမှည့်တဝင်းဝင်း အကင်း တဖြုတ်ဖြုတ် ဆိုတာလို မှည့်ရုံ တင်မက တော့ဘူး။ ဝင်းအိ နေကြ ပြီ။ ဆိုတော့ အမယ် ကြီးတို့ အိမ်မှာ ဧည့်က ပါးတယ်။

“အဘိုး ကြီး ဆေး သောက်ဖို့ မေ့နေ ဦးမယ်”

“အင်းပါ အမယ်ကြီး ရဲ့ ကျုပ်ချည်း ပြော မနေနဲ့။ အမယ်ကြီး လည်း ဒူးနာ ပျောက်ဆေး သောက်ရဦး မယ်လေ”

လို့ ပြန်ပြောမှ ဟုတ်ပါကလားလို့ ဆေးကို ပြန် အမှတ်ရတယ်။ ရေနှစ်ခွက်ကို သောက်ရေ အိုးထဲက ခပ်၊ အဖုံး ပန်းကန်ပြား ပေါ် တင်ပေးတော့ အဘိုးကြီးက တစ်ခွက် ယူပြီး အင်္ကျီဘေး အိတ်ထောင်ထဲက ဆေးတစ်တွဲထုတ် ပါးစပ်ထဲ ပစ်ထည့် ရေနဲ့ မော့လိုက်တာ ကွတ်ခနဲ။

အမယ်ကြီး ကတော့ အဲလို မသောက် နိုင်ဘူး။ ခပ်နီနီ အလုံး နှစ်လုံးနဲ့ ခပ်ဝါဝါ အပြား နှစ်ပြားကို တစ်တောင့်ချင်း တစ်လုံးချင်း ရေနဲ့ရော မျိုရတယ်။ စိတ် ကတော့ မီးလှည့်တန်း ဆီရောက် နေပြီ။ ပွဲခင်း ထဲက လူသံ၊ ဆိုင်ကယ်သံ၊ ကားသံတွေကလည်း ကြွက်ကြွက် ညံနေပြီ။ အဘိုးကြီး ကတော့ ထိုင်မိတာ နဲ့ ကုလားထိုင် ကျောမှီတော့ တာပဲ။

“တော့် မြေးနောက် ကျုပ် လိုက်ဦးမယ်”

လို့ပြော တော့ 

“သူတို့ ဆရာမတွေ ပါနေ တာပဲ အမယ်ကြီး ရယ် အေးအေး နေစမ်းပါ”

လို့ တားပေသိ အမယ်ကြီး ကိုက သွားချင် နေတာ။

“ခဏ ပါတော်၊ ဓမ္မာ ရုံ နားတင်ပါ”

လို့ပြောရင်း စကားပြန်တောင် မစောင့်တော့ဘဲ အမယ်ကြီး အိမ်ထဲက ထွက်တယ်။ ပွဲဆီ စိတ်ရောက် တာနဲ့ ဒူးနာကလည်း ပျောက်ချင်ချင်ရယ်၊ နတ်တော် လပြည့် ညလ က ထိန်ထိန်သာနေသလို မီးရောင် ယတွေနဲ့ လမ်းဝါဝါကြီးက အမယ်ကြီး ရှေ့မှာ တန်းတန်း ကြီး။

ကျောင်းဆီ ပရမ်းပတာ မောင်းလာတဲ့ ဆိုင်ကယ် တွေကို ဝန်းထရံနား ကပ်ကပ်ပြီး ရှောင်ပေး ရသေး တာ၊ ဓမ္မာရုံနား ရောက်တော့ 

“ဘွားရော ပွဲလာ ကြည့်တာလား၊ ခရုမ က ဟိုမှာ”

လို့ အိမ်လာတဲ့ ဆရာမ လေးက နှုတ်ဆက်ရင်း ပြတယ်။

ဘုရား ဘုရား မရွှေ ချောက ဘောင်းဘီရှည်နဲ့ပါ လား။ ဆရာမ နှစ်ယောက် ကြားထဲ ဝင်ပြီး ခါးဖက် ရပ်နေတာများ သူငယ်ချင်းတွေကျလို့၊ အိမ်က ကျောင်းဆရာအိုကြီးကို မြင်စမ်း စေချင်တယ်။ မီးလှည့် ရှေ့ပြေး ဒိုးပတ်အဖွဲ့ ဆီက ဒိုးသံ ပုလွေသံ ထက် တဒုန်းဒုန်း ထော်လာဂျီ သံက ရှေ့က ဦးအောင် ရောက် လာတယ်။ ဒီလောက် အသံကျယ်ရင် ကံကြီးမောင် ထော်လာဂျီ ဖြစ်ရမယ်။ လူတန်းက တရွေ့ ရွေ့နဲ့ အမယ် ကြီးတို့ နားနီးလာတယ်။ ဒိုးပတ် အဖွဲ့က ကားပေါ် အခံ့သား ထိုင်တီး နေတာ ပါကလား။ ဦးရွှေရိုး နဲ့ ဒေါ်မိုးအက,ကလည်း အဟုတ်သား ပါလား။ ဆရာမလေး တွေဆီက ခစ်ခနဲရယ်သံကြားတော့ အမယ်ကြီးပါရောယောင်ပြုံး ဖြစ် တယ်။

မီးလှည့် လူတန်းကလည်း များလှပါလား။ မှန်း ဒါ ဘယ်သူ့ သမီးလဲ။ ဓမ္မာရုံထောင့်က ထွန်းထား တဲ့နှစ် ပေ ဖန်ချောင်း နဲ့ မီးခြာထဲက ဖယောင်းတိုင် မီးဝါဝါကို လက်နဲ့ ကာပြီး အမယ်ကြီး ကြည့်တယ်။ အလို တော် ဘောင်းဘီ ရှည်တွေနဲ့ ပါလား။ ဟင် နောက်က ဟာတွေကလည်း စကတ်တွေနဲ့၊ ဒါ ဒါ ရွာ ဘုရားပွဲ မီးလှည့်တဲ့လား၊ ဘုရား ဘုရား။

အမယ်ကြီး အမြင်မှား သလားလို့ တွေးမိသေး တယ်။ အသက် ၇၀ ကျော် မှုန်တိ မှုန်ဝါး ဆိုပေမဲ့ ထဘီနဲ့ စကတ်၊ စကတ်နဲ့ ဘောင်းဘီကိုတော့ မမြင် သာအောင် မျက်လုံးက မမွဲသေးပါဘူး။ ဒိုးပတ် အဖွဲ့က ကျောင်းမုခ်၀ ရောက်နေပြီ။ နောက်က ကျန်ခဲ့တဲ့ အကကားကို စောင့်ရဦး မတဲ့။ မှန်မှန် သွားနေတဲ့ လူတန်းက ရပ်သွား ပြန်ရော။

လောက မှန်ကင်း ဘုရားကြီး ကတော့ သူ့ဆီမီး လာ လှူတဲ့ ဘောင်းဘီတလွှားလွှား၊ စကတ် တကားကားနဲ့ ခေတ် ကာလသား သမီးတွေကို ကရုဏာ တော် ရှေ့ထား ပြုံးကြည့်နေမလား လို့ အမယ်ကြီး တွေးမိ တော့ ဘုရားရှင်ကို သည်းခံတော်မူပါဘုရား၊ ခွင့်လွှတ်တော်မူ ပါဘုရားလို့ စိတ်ထဲက အကြိမ်ကြိမ် လက်အုပ် ချီမိတယ်။

ခုနစ် သံချီက အဲဒီလို အဲဒီလို ဆွယ်တယ်။ ပွဲဦးကရန် ပေါ့။

ရွာတောင် ဖျားကျန်နေ ခဲ့တဲ့ အကကား ရောက်တဲ့ အထိ စောင့်နေမှာ ဆိုတော့ ရွာပတ် လာတဲ့ မရွှေချော တွေ ညောင်းလို့ ထင်ရဲ့၊ မီးခြာတွေ ကိုင် ငုတ်တုတ်လေးတွေ ထိုင်ကြတယ်။ လက်က မေ့ ပြီး စောင်း မိရင် ပူနေတဲ့ မှိုင်းခံ စက္ကူက ဟုန်းခနဲ မီး ထ တောက်တာ ဆိုတော့ မီးတောက် တဲ့နေရာက လန့်အော်သံ၊ ရယ်သံ တွေကြားထဲ အမယ်ကြီး စိတ်တွေ ပြန်ပြီး နုပျိုလာ ပြန်ရော။

ထိုင်နေ လိုက်ကြတာများ ဒူးလေး တွေကျုံ့လို့၊ မီး ရောင် အောက်မှာ ခြေသလုံးသား ဖွေးဖွေးက အထင်းသား၊ စကတ်တိုနံ့နံ့ကို ဆွဲဆွဲဖုံးနေ ကြပေမဲ့ အမယ်ကြီး ကြက်သီးတွေ တဖြန်းဖြန်း ထသွား တယ်။ ရာသီကလည်း အေးတဲ့ ရာသီကိုး။ ဒီထဲမှာ ကိုယ့် သွေး ကိုယ့်သားက ဘယ်နှယောက် ပါမတုံးလို့ တွေးမိတော့ အတွေးက မလုံ မခြုံ ဖြစ် နေပြန်ရော။

“ဘွားနု အလှည့်လာ ကြည့် တာလား”

ဆိုတဲ့ အသံ နဲ့ အနား လာရပ်တဲ့ တစ်ယောက်ကို မီးရောင် လက်နဲ့ကာပြီး မနည်းကြည့် ယူရတယ်။ ဆံပင်တွေ ဖြောင့် ထားလိုက် တာများ စင်းလို့။ တော်ပါ သေးရဲ့ ထဘီတွေ ပြန်တွေ့လို့။ 

“အေးဟဲ့ ညည်းက ဘယ်သူ တုံး”

လို့ မေးယူရတယ်။ 

“ဘွားနုကလည်း ကိုရွှေမောင်း သမီး ဆွေကြည်မလေ။ ကိုယ့်မြေး ကို မမှတ်မိ ဘူး လား”တဲ့။

“ဟဲ့ နင်က ဆံပင်တွေ ပြောင်းဖူး မွေးရောင် ဆိုးထား တာကိုး”

လို့ ပြောတော့ ကလေးမ တွေ ရယ်သံက အုန်းအုန်း ထလို့။ ကိုယ့်သွေး သားတွေ ထဘီနဲ့ ပြန်တွေ့ရ တော့ အမယ်ကြီး စိတ်တစ်ခြမ်းလောက် သက်သာ သွားတယ်။

“ခရုမ ငါ့မီးခြာ ကိုင်ပေးစမ်း၊ ထဘီပြင် ဝတ်မလို့”

ဆို တော့ အမယ်ကြီး ရှေ့နားက ဆရာမလေးက ပြုံးရင်း လှမ်း ကူယူတယ်။ ဟင်း ထဘီကလည်း ကွင်းကျဉ်းကျဉ်းနဲ့။ 

“ဟဲ့ အင်္ဂလိပ်မရဲ့ နင့်ထဘီက အထက်ဆင့်လည်း မပါပါ လား”

လို့ အမယ်ကြီး စပ်စု တော့ 

“ဘွားနုကလည်း ဒါက ထဘီစကတ်”

တဲ့။ ခြေသလုံး နားက အကွဲကြီးက ဒူး နားထိ ရောက်နေတာ ဆိုတော့ အမယ်ကြီး ဘုရား တစ်ခါ တမိ ပြန်တယ်။

အကကား ရှေ့ရောက် လာတော့ မီးတန်းက ကျောင်း ထဲ တရွေ့ရွေ့ ဝင်သွား ကြပြီ။ အက ကား နောက်မြှီး ဖျားက ဆောင်းဘောက်စ် ဆိုတာကြီး နဲ့ အမယ်ကြီး ရပ်နေတဲ့နေရာ က တန်းတန်းကြီး၊ ကြည့်ရတော့မယ်၊ တစ်ပင်တိုင်လား၊ ယိမ်းလားလို့ တွေးနေတုန်း (မင်္ဂလာပါ) ဆိုတဲ့ နက်ကြောကြော စူးရှရှ အော်သံကြီးက အမယ်ကြီးရဲ့ ပိန်ပါးပါး ကိုယ်လုံး လေးကို ပစ်ဆောင့် လိုက်တာ နောက်လန် ကျသွား မတတ်ဘဲ။

နားတစ် ဖက်ဖောက်၊ နားဆွဲ တန်းလန်းနဲ့ ဘုမသား က ကုန်းကုန်းကြီး အော်နေ တာ။ နောက်က ငါးယောက် တန်းရပ် နေတဲ့ မရွှေချောတွေ က ပေါင်လယ်လောက် စကတ်တွေနဲ့။ အောက်က ပရိသတ်က မော့ကြည့်နေ ရတာ ဆိုတော့ ဘယ်နှကြိမ်မြောက် မှန်းမသိတဲ့ ဘုရားကို အမယ်ကြီး တမိပြန်တယ်။

အနားက လှည့်ထွက် တော့ 

“ဘွား ပြန်တော့ မလား၊ သမီးတို့ လိုက်ပို့ပေးမယ်”

လို့ ပြောတဲ့ ဆရာမ လေးတွေကို 

“ရပါတယ် မြေးတို့ရဲ့၊ ကြည့်ကြ ကြည့်ကြ”

လို့ ပြောပြီး ခြေလှမ်း စရုံရှိ သေးတယ်။ ပွစိ ပွစိ ဗျစ်တောက် ဗျစ်တောက် ရန်ဖြစ် သလို ထွက်လာ တဲ့သီ ချင်းသံကို အမယ်ကြီး ဒူးနာ နေတဲ့ ခြေလှမ်း တွေနဲ့ လွတ်အောင် မပြေးနိုင် မရှောင်နိုင် တော့ဘူး။
တည့်တည့်ကြီး လာမှန် တာဆိုတော့ အမယ်ကြီး ကတုန် ကယင်တွေ ကိုဖြစ်ရော။

ပွဲဦး ကရန် ခုနစ်သံချီက အဲဒီလို...အဲဒီလို...ဆွယ် တယ်။

အိမ်ထဲ ဝင်တော့ အဘိုးကြီးက ပက်လက် ကုလား ထိုင်မှာ ငုတ်တုတ်ပဲ။ ရင်တုန် ပြေအောင် ရေတစ်ခွက် ကို အမယ်ကြီး အမြန် ခပ်သောက် လိုက်ရတယ်။

“မီးလှည့်က စည်ရဲ့ လား အမယ်ကြီး ရဲ့”တဲ့။

“စည်ပါ့တော် စည်ပါ့၊ ဒူးအောက် စကတ် တွေရော၊ ဘောင်းဘီ တိုရှည် တွေရော ထဘီ မမြင်ရအောင် ကို စည်တယ်”

လို့ဖြေတော့ အဘိုးကြီး ဆီက ရယ်သံ ထွက်လာ တယ်။

“ရယ်မနေနဲ့၊ တော့်မြေး တွေလည်း ပါတယ်။ တော့် တပည့်တွေ မွေးထား တဲ့ဟာ တွေချည်းပဲ”

လို့ အငေါ် တူးသံ နဲ့ ပြောတော့ ၈၀ နားနီး ကျောင်း ဆရာ အိုကြီးဆီက“ဟေ” ခနဲ ထွက်လာတဲ့ အသံက အကျယ် ကြီး၊ ဒီတစ်ခါတော့ အမယ်ကြီး မလန့် တော့ဘူး။

အဘိုးကြီး ခမျာ ဘာသံ မှ ဆက်မထွက်နိုင်ဘဲ ငူငူကြီး ငေးနေတယ်။ အမယ်ကြီး စကားနဲ့ မြင်ကွင်း ကို တိုတို လေးတွေး နေတာ ဖြစ်နိုင်သလို ရန်ကုန်၊ မန္တလေးက မြေးတွေအတွက် ပူပူ ပင်ပင် အတွေးတွေ ရှည် ထွက်နေတာလည်း ဖြစ်နိုင်တယ်။

အဘိုးကြီးက အဲဒီလို တနုံ့နုံ့ တွေးပူတတ်တယ်။ ပညာတတ်တွေဆိုတော့ ခေါင်းတင် မဟုတ်ဘူး တစ်ကိုယ် လုံးပါ ပူတတ်တာ အမယ် ကြီးက သိနေတယ်။ ပြောပြီး မှ မှားပြန် ပကောရယ်လို့ နောင်တရ မလို ရှိသေး 

“ဒီနှစ် နင့်သား နင့်မြေးတွေ တစ်ယောက်မှ ပေါ်မလာ ဘူးနော် အမယ်ကြီး”တဲ့။

စလာပြီ၊ စလာပြီ။ သူနဲ့ မဆိုင် သလိုဘဲ။ နင့်သား နင့် မြေးတဲ့။ ခါတိုင်းလို သားတွေ တစ်ယောက်မှ ပေါ်မ လာတာကို အဘိုးကြီး စကား ဦးသန်းတော့ အမယ်ကြီးပါ ငြိမ်ကျ သွားတယ်။

ပွဲခင်း ထဲက အသံမျိုးစုံ ကိုကျော်ပြီး အမယ်ကြီး အတွေး တွေက အတိတ်ငယ် ဘဝတွေဆီ ရိပ်ရိပ် လေး ပြန် ပြေးတယ်။ အဲဒီတုန်းက...

အမယ်ကြီးတို့ မျိုးရိုးက သီပေါမင်းနဲ့ တိုက်ရိုက် မပတ် သက်ပေမဲ့ အဲဒီခေတ်က မှူးကြီး မတ်ကြီး တစ်ဦးရဲ့ အနွယ်တော်တွေ ဆိုတာ လောက်တော့ ငယ်ဘဝက ဘကြီး ပြောသံ ကြားဖူးတယ်။ အမယ်ကြီးတို့ ဘကြီးက အင်္ဂလိပ် လက်ထက်က ဆိုးပေ့ ဆိုတဲ့ ရွာခုနစ်ရွာကို အုပ်ချုပ် ရတဲ့ နှစ်လုံးပြူး ဆုရ သူကြီး ဦးဘအေး ဆိုတာ လည်း ကောင်းကောင်း မှတ်မိတယ်။ အဲဒီ အကြောင်း မြေး တွေရှေ့ မပြောရဲဘူး။ ရှက် သတဲ့။

ဘကြီးကို မြင်လည်း မြင်ဖူး လိုက်တယ်။ သျှောင် တစောင်းနဲ့၊ ပေါင်မှာ လည်း ထိုးကွင်း မင်ကြောင်တွေ မည်းခဲ နေတယ်။ ပဒိုင်းခြုံ ရွာ ကနေ မြင်းညို ကြီး စီးစီးပြီး သူ့သမီး ရှိရာ အမယ်ကြီး တို့ ရွာကို လာတတ်တယ်။

အမယ်ကြီး တို့အဖေက ပေါင်လောင်ကန် ဆိုတဲ့ ဒီဘက် ရွာက မြေယာတွေ လက်ညှိုးထိုးမလွဲတဲ့ မြေပိုင်ရှင်သား၊ ခုနစ်ရွာပိုင် နှစ်လုံးပြူးကိုင် သူကြီး သမီးနဲ့ ဒီဘက်ရွာက ဘန်ကောက် လုံချည်တလွှား လွှား အမယ်ကြီး တို့အဖေနဲ့ ညားပြီး အမယ်ကြီးကို မွေး ခဲ့တာ။

တောသူဌေး တွေပေါ့။ သူ့ခေတ်နဲ့ သူ့အခါ မင်း ပေါက်စိုး ပေါက်လို့လည်း ပြောလို့ရတယ်။ အမယ်ကြီး တို့က ရွာနေ ရပ်ထိုင် ကွမ်းတောင်ကိုင်၊ အဘိုးကြီး ဇာတိက အောက်ပြည် အောက်ရွာက တော်တော်ကြီး ဝေးတာ။ ခုနစ်တန်း အောင်ရင် ကျောင်းဆရာ ဖြစ်တဲ့ ခေတ်မှာ လခ ၁၀၀ မကျော်တဲ့ ကျောင်းဆရာ ပေါက်စနဘဝနဲ့ ရွာ ကျောင်း ရောက်လာ ရာကနေ အမယ်ကြီးနဲ့ နဖူးစာ ကျောင်း လည်ခဲ့တာ။

အမယ်ကြီးက တောသူ အညာသူ ဆိုပေမဲ့ အသားက ဖြူနုနေတာ။ အရပ်ကလည်း ခုခေတ် မော်ဒယ်လ် တွေ ဆိုတာလောက်တော့ ပျင်းတယ်။ ခေတ်ပညာ မတတ် ဘုန်းကြီး ကျောင်းထွက် ဆိုပေမဲ့ အမယ်ကြီး စတိုင်လ်က ကျောင်း ဆရာလေး အသည်းကို သင် ပုန်းကြီးမှာ မြေဖြူနဲ့ ထင်အောင် ခြစ်သလို ချစ်နိုင် တယ်။

အဘိုးကြီး ခမျာ အစက ရွံ့တွန့် တွန့်ရယ်၊ တစ်ရာ မကျော်တဲ့ သူ့လစာက တောသူဌေးအိမ်က စာရင်းငှား လစာ လောက်ရှိတာ ဆိုတော့ အမယ်ကြီးနား တော်တော်နဲ့ မကပ်ရဲရှာဘူး။ တံကောက် အောက် ရောက် နေတဲ့ ဆံပင် အရှည် ကြီးနဲ့ အမယ်ကြီးကို ဘေးရွာက သူကြီး သားတွေ ဝိုင်းနေတာလည်း သီဟ တင်စိုး တော်လှန်ရေးကား ထဲက အတိုင်းပေါ့။

အမြော် အမြင်ကြီးတဲ့ အမယ်ကြီး တို့အဖေက သူ့ မြေးမြစ် တွေ ပညာတတ် တွေ ဖြစ်၊ လယ်တော ယာ တောပစ်အောင် အဘိုး ကြီးကို ဆွဲထားလိုက်တာ။ မင်္ဂလာ ဆောင်တဲ့ နေ့က အဖေကြီးက ပြောင် ပြောင်ပဲ။

“ကျောင်း ဆရာပေါက် စရဲ့၊ မင်းလခက မက်လောက် စက်လောက် တော့ မရှိပေဘူး။ ဒါပေသိ ငါ့မျိုး ဆက်ကို ပြောင်း ပစ်ချင်လို့ ငါ့သမီးကို မင်းလက်အပ် သယ်။ ငါ့မြေး တွေကို ပညာတတ် တွေ ဖြစ်အောင် လုပ်ပေ တော့” 

လို့ပြောတော့ အဲဒီ တုန်းက အဘိုးကြီးခမျာ ခေါင်းကြီး တွင်တွင် ငုံ့ပြီး မျက် နှာကြီး ရဲပတောင်း ခတ်နေ တာပေါ့။

တွေးရင်းနဲ့ အမယ်ကြီး ရင်တွေ ခုန်ပြီး အဘိုးကြီးကို မလုံမလဲ မော့ကြည့် တယ်။ ဇာတ်ကတော့ ဘုရား ကန် တော့ ခန်းနဲ့ စထွက်နေပြီ။

---

(အခန်း ၂ ဆက်ရန်)

#အောင်ဖြိုးကျော်ပခုက္ကူ
#ကတ္တီပါကန့်လန့်ကာ

#shared_by_louis_augustine
#sbla

Comments