မြိုင်ဟေဝန် (အခန်း ၅) // မင်းသိင်္ခ
မြိုင်ဟေဝန် (အခန်း ၅) // မင်းသိင်္ခ
---
သေမင်းနိုင်ငံကသုံးသော မတ်စေ့တစ်စေ့
ကျွန်ုပ်ထံသို့ ဘိုးသူတော်ကြီး မလာခဲ့သည်မှာ သုံးနှစ် ပင်ရှိခဲ့ပေပြီ။ ကျွန်ုပ်၏ ဆံပင်များလည်း မညှပ်ဖြစ်သဖြင့် မိန်းမဆံပင်ကဲ့သို့ ဖြစ်နေ၏။ မုတ်ဆိတ်မှာလည်း ရင်ညွှန့်သို့ပင်ကျော်၍နေပြီဖြစ်၏။
ကျွန်ုပ်၏တစ်အိမ်လုံး၌ရှိသော အိမ်ထောင်ပရိဘောဂများကိုလည်း ကျွန်ုပ်သည် ရောင်းချခဲ့ပြီးလျှင် ပန်းချီပစ္စည်းများကိုပင် ဝယ်ယူခဲ့လေ၏။ ကျွန်ုပ်၏ အိမ်သည် မည်သည့် အိမ်ထောင်ပရိဘောဂမှာမရှိဘဲ ဇရပ်ကဲ့သို့ဖြစ်၍ နေ၏။
ကျွန်ုပ်သည် ပန်းချီနှင့်မပတ်သက်သော မည်သည့်ပစ္စည်းကိုမျှ အိမ်၌ မထားတော့ပေ။ အချုပ်အားဖြင့် ဆိုရပါမူ ကျွန်ုပ်နှင့် ပန်းချီရေးဆွဲခြင်းသည် တစ်ပေါင်းတစ်စည်းတည်း ဖြစ်၍သွားပေပြီ။ ကျွန်ုပ်၏စိတ်အာရုံ၌လည်း ပန်းချီကားများ သာလျှင် ရှိပေသည်။
တစ်နေ့သ၌ ကျွန်ုပ်သည် နယူးယောက်မြို့ မတ်ထရို ပိုလီတန် ပြတိုက်၌ရှိသော ဂျေ-အယ်လ်-ဒေးဗစ်ဆိုသည့် ပန်းချီဆရာကြီးတစ်ဦး ၁၆ရာစုနှစ်လောက်က ရေးဆွဲခဲ့သည့် (The Death of Socrates) opusg a m ošich 60@e: တရား အမည်ရှိ ဆီဆေးပန်းချီကားကြီးကို အတုယူလျက် ဗိမ္ဗိသာရမင်းကြီးခြေထောက်ဓားခွဲခံရပုံ ပန်းချီကားကြီး အဖြစ် ပြုပြင်ရေးဆွဲလျက်ရှိပေသည်။
မူရင်းပန်းချီကား၌ ပညာရှိ ဆိုကရေးတီးသည် ခြေထောက်တစ်ဖက်ကိုဆင်း၍ လက်တစ်ဖက်ကိုထောင်ကာ စကားပြောနေသည်ကို ကျွန်ုပ်သည် မင်းဝတ်မင်းစားများ ဝတ် ဆင်ပေးလိုက်ရုံနှင့်ပင် ဗိမ္ဗိသာရမင်းကြီးပုံပေါက်၍ သွားလေ၏။ ခေါင်းရင်းဘက်တွင် ငိုနေသော လူ၏နေရာ၌ ထိုပုံ၏အချိုးအစားအတိုင်း မိဖုရားကြီး၏ပုံကို ထည့်လိုက်လေ၏။
နောက်မှ ကျောက်နံရံများကိုလည်းကောင်း၊ ကျောက် နံရံနှင့်ကပ်လျက်တွင်ရှိသော မီးတိုင်ကြီးကိုလည်းကောင်း၊ လူပုံ များကိုလည်းကောင်း မူရင်းအတိုင်း ကြည့်၍ဆွဲခဲ့ရာ ကျွန်ုပ်၏ ဗိမ္ဗိသာရမင်းကြီးခြေထောက်ဓားခွဲခံရပုံ ပန်းချီကားကြီးသည် လွန်စွာမှ ကောင်းမွန်ခဲ့လေ၏။ ထိုပန်းချီကားကြီးကို တွေ့ရ သော သူတိုင်းသည် ကျွန်ုပ်အား ချီးကျူး ကြလေ၏။
မှတ်ချက်။ ။ ၎င်း မူရင်းပန်းချီပုံကို ကြည့်ရှုလိုပါက (The Picture History of Painting ခေါ်စာအုပ်၏ ပုံအမှတ် ၃၃၂ ကို ရှာဖွေ ကြည့်ရှု ကြပါရန်)
ကျွန်ုပ်ထံသို့ လာရောက်ကြည့်ရှုကြသော ပန်းချီ ဝါသနာအိုးများမှတစ်ဆင့် ကျွန်ုပ်၏ ဗိမ္မိသာရဓားခွဲခန်းပန်းချီ ကားကြီး၏ ဂုဏ်သတင်းသည် တောမီးပမာ ပြန့်နှံ့၍သွားလေ ၏။ ထို့ကြောင့် ရိုးကုမ္ပဏီ၏မန်နေဂျာသည် ကျွန်ုပ်ထံသို့ လာ ရောက်ပြီးလျှင် ထိုပန်းချီကားကြီးကိုကြည့်ရှု၍ ငွေ ၃၀၀၀ ဖြင့်ဝယ်ယူသော်လည်း ကျွန်ုပ်က မရောင်းဘဲ ဂျူဗလီဟော၌ အခြားသော ကျွန်ုပ်၏ပန်းချီကားများနှင့်အတူ ပြသလေရာ ဗြိတိသျှအစိုးရပိုင်းမှ ပုဂ္ဂိုလ်များပင် လာရောက်ကြည့်ရှုကာ ချီးမွမ်းကြလေ၏။
ကျွန်ုပ်လည်း လွန်စွာပျော်ရွှင်၍နေပေသည်။ ထိုပန်းချီ ကား၏အနီး၌ တစ်နေ့လုံးလိုလိုပင် ကျွန်ုပ်သည် ရပ်လျက် ချီးမွမ်းပြောဆိုသံများကိုနားထောင်ရင်း ဂုဏ်ယူခဲ့လေ၏။
“နောင်.. ဝေ.. ဝေ.. နောင်.. ဝေ.. ဝေ..”
ကျွန်ုပ်၏နောက်မှ ကြေးစည်သံကြားသဖြင့် လှည့် ၍ကြည့်လိုက်ရာ ကွမ်းကို မြုံလျက် မတ်တတ်ရပ်၍နေသော ဘိုးသူတော်ကြီးကို တွေ့မြင်ရလေ၏။
“ဟား.. ဟား.. ဘုရင်ခံကတောင် ချီးမွမ်းခံရ တဲ့ ပန်းချီကား။ တယ်ကောင်း။ ဆိုကရေးတီး အသတ်ခံရပုံကို ရေးထားတဲ့ပုံပါကွာ။ ဒီပုံရဲ့ မူရင်းဟာ မက်ထရိုပိုလီတန်မြူစီယံမှာ ရှိတယ်။ မြူစီယံကိုဝင်ဝင်ခြင်း လက်ယာဘက်က ပန်းချီကားသုံးကားအနက် ဒုတိယမြောက်ချိတ်ဆွဲထား တဲ့ ကားပါကွာ။ အဲဒီပန်းချီကားချိတ်တဲ့ နံရံမှာ (Give Me Liberty Or Give Me Death) ငါ့အားလွတ်လပ်ခွင့်ပေးလော့ သို့တည်းမဟုတ်က သေခြင်းကိုပေးလော့ လို့ အဓိပ္ပာယ်ရတဲ့ စာတမ်း ကို ရေးထားသေးတယ်။ ကိုယ့်လူ ဘာပြောချင် သေးလဲ၊ ဒီပန်းချီကားကိုကြည့်ပြီး ဗိမ္မိသာရ ဓားခွဲခံရပုံဖြစ်အောင် ရေးထားတာပဲ။ သိပ်ညံ့ တယ်။ လုံးဝမကောင်းဘူး။ အချုပ်ခန်းထဲမှာ တရားခံအဖြစ်နဲ့ရောက်နေတဲ့ ဗိမ္မိသာရမင်းကြီး ကလည်း စလွယ်တွေမကိုဋ်တွေနဲ့ ညီလာခံမှာ ဝတ်တဲ့အတိုင်း ရေးထားတယ်။ သဘာဝမကျဘူး။ ပြီးတော့ ငိုနေတဲ့မိဖုရားကလည်း ဘုရင်ရဲ့ ခေါင်းရင်းဘက်က ဖြစ်နေတယ်။ အမှန်က ခြေ ရင်းဘက်က ဖြစ်ရမယ်။ သဘာဝမကျဘူး။ အလကားပန်းချီဆရာ။ ပေးပါ ကျုပ်ရဲ့ကြွေး (နှစ်သောင်း)”
“ဗျာ.. နှစ်သောင်း ဟုတ်လား”
“ဟုတ်တယ်လေ၊ အတိုးက တက်လာတာကိုး”
“တက်ပါဦးဗျာ။ ဒါလောက်တော့ မရှိနိုင်ပါဘူး”
“ဒုတိယနှစ်အထိ ထောင့်ကိုးရာကျော်ပဲရှိတယ်။ တတိယနဲ့ စတုတ္ထ နှစ်လေးဆတက်တယ်။ ဟော အခု ပဉ္စမနှစ်ကျတော့ ငါးဆဖြစ်သွားပြီ ကိုယ့်လူရ”
“ဒုက္ခပါပဲဗျာ။ အဲဒါတော့ မပေးနိုင်ပါဘူး”
“မပေးနိုင်ရင် ပန်းချီဆရာပေါ်မှာ ကြွေးမှတ်မယ် ဒါပဲ”
“ရော့ ဦးသူတော်တင်တဲ့ ကြွေးထဲက ဟောဒါကို ဖဲ့ပြီးဆပ်ထားမယ်”
ဟု ဆိုကာ ငွေတစ်မတ်စေ့ကလေးတစ်စေ့ကိုထုတ် ၍ ဦးသူတော်ကြီး၏လက်တွင်းသို့ ထည့်လိုက်လေ၏။
ကျွန်ုပ်၏စိတ်၌လည်း ဤမျှ အတိုးတက်၍နေသော ဘိုးသူတော်ကြီး၏ငွေကို မပေးဆပ်တော့ဟု ပိုင်းဖြတ်လိုက်သည့်အလျောက် ပြောင်ချော်ချော်လုပ်လိုက်ခြင်းပင် ဖြစ်ပေသည်။
“ငွေနှစ်သောင်းမှာ တစ်မတ်ရော့ပေါ့။ မှတ်ထား မယ်၊ ငွေတစ်မတ် ကြွေးဆပ်တာကိုလည်း မှတ်ထားမယ်”
ဟု ဘိုးသူတော်ကြီးက ကျေနပ်စွာပြော၍ ကျွန်ုပ်ပေး သော ငွေမတ်စေ့ကို ကြည့်လိုက်ပြီးနောက် ကျွန်ုပ်၏မျက်နှာ ကို ထူးဆန်းစွာ ကြည့်လိုက်လေ၏။
“ပန်းချီဆရာ ဒီငွေမတ်စေ့ကို ဘယ်ကရတာလဲ”
ဟု ဘိုးသူတော်ကြီးက ထူးဆန်းစွာမေးလေ၏။
“မနက် ဒီကိုအလာမှာ ရွှေတိဂုံဘုရားနားက ထမင်းဆိုင်မှာ ဝင်ပြီး ထမင်းစားတာ ကျုပ်က ငါးမူးစေ့ပေးတော့၊ ဆိုင်က ပြန်အမ်းတာလေ၊ ဘာဖြစ်လို့လဲ ခဲမတ်စေ့ဖြစ်နေလို့လား”
ဟု ကျွန်ုပ်က မေးလိုက်လေ၏။
“မဟုတ်ဘူး။ ဒီမှာကြည့်စမ်း၊ ရိုးရိုးမတ်စေ့ မဟုတ်ဘူး”
ဟုဆိုကာ ကျွန်ုပ်အား လက်ဝါးကိုဖြန့်လျက် ငွေမတ် စေ့ကို ပြလေ၏။ ထိုအခါမှ ကျွန်ုပ်လည်း ဘိုးသူတော်ကြီး၏ လက်တွင်းမှ ငွေမတ်စေ့ကို ကြည့်လိုက်ရာ ကျွန်ုပ်တို့သုံးစွဲနေကျမတ်စေ့နှင့် တစ်ရွယ်တည်းဖြစ်သော်လည်း ပုံစံအမှတ် အသားချင်း မတူကြောင်းကို တွေ့မြင်ရလေ၏။
ထိုမတ်စေ့၌ ဂျော့ခေါင်းလည်း မပါပေ။ ဂျော့ခေါင်း၏ နေရာ၌ အရိုးခေါင်း၏ပုံဖြစ်၍နေ၏။ ပန်းဘက်၌လည်း ပန်းခက်ပုံမပါဘဲ ကျွန်ုပ်မဖတ်တတ်သော စာများကို တွေ့ရလေ၏။
“အဲဒါ ဘယ်လိုမတ်စေ့လဲ”
“သေမင်းနိုင်ငံမှာသုံးတဲ့ ပိုက်ဆံပဲ ပန်းချီဆရာ”
“ဗျာ”
“သေမင်းနိုင်ငံမှာသုံးတဲ့ ပိုက်ဆံ။ ဟုတ်လား ဦးသူတော်”
ဟု ကျွန်ုပ်က အံ့အားသင့်စွာ မေးလိုက်လေ၏။
“ဟုတ်တယ်”
“သေမင်းနိုင်ငံမှာ ပိုက်ဆံသုံးသလားဗျာ”
“သုံးရတာပေါ့။ ဈေးဝယ်ရင် ဘာနဲ့ဝယ်မလဲ။ မယုံဘူးလား။ ဟောဒီမှာ ရေးထားတဲ့စာဟာ “သီကင်းဒမ်းအော့ဖ်ဒက်” “သေမင်းနိုင်ငံ” လို့ အဓိပ္ပာယ်ရတယ်”
ဟု ဦးသူတော်က ပြောလေ၏။
ကျွန်ုပ်သည် ဦးသူတော်၏စကားကို မယုံရခက်၊ ယုံရ ခက်ဖြစ်၍နေ၏။ ဦးသူတော်ကြီးသည် ဦးနှောက်မှ ကောင်းပါ လေစဟု စဉ်းစားမိလေ၏။
“ထားပါတော့ဗျာ။ အဲဒါ ဘာစာလဲ”
“အင်္ဂလိပ်စာလေ”
“ဟာ ဒါတော့ ကျုပ်မယုံဘူး။ အင်္ဂလိပ်စာတော့ ကျုပ်လည်းတတ်တာပဲဗျာ။ ဒီစာဟာ အင်္ဂလိပ် စာ မဟုတ်ဘူးဆိုတာတော့ ကလေးတောင် သိပါတယ် ဦးသူတော်”
“ဟဲ့ လူပြိန်း၊ ပန်းချီတွင်မတတ်တာ အောက်မေ့ တယ်။ လက်စသတ်တော့ ဗဟုသုတလည်း မရှိပါလား။ ဒါ အင်္ဂလိပ်လက်ရေးတို၊ ၁၇ ရာစုနှစ် လောက်ကသုံးတဲ့ အင်္ဂလိပ်လက်ရေးတို”
ဟု ဦးသူတော်ကြီးက ပြောလေ၏။
“မဟုတ်တာပဲ လက်ရေးတိုဆိုတာ ၂၀ရာစု ခေတ်ကျမှ ပေါ်ပေါက်လာတာပါ ဦးသူတော်”
“နားမလည်ဘဲနဲ့ မပြောနဲ့။ ခရစ်မပေါ်မှီ ဘီစီ ၆၃ခုနှစ်ကတည်းက လက်ရေးတိုပေါ်နေပြီ။ ရောမနိုင်ငံဆီးနိတ်အစည်းအဝေးတွေမှာ လက်ရေးတိုနဲ့လိုက်ပြီး မှတ်နေကြပြီ။ အဲဒီ လက်ရေး တိုကို “ကိုင်ရို” ဆိုတဲ့ ရောမပြည်သားတစ်ယောက် ကစပြီး တည်ထွင်ခဲ့တာဖြစ်တယ်။ မယုံဘူးလား။ ဗြိတိသျှစွယ်စုံကျော်ထင်ကျမ်း SARSAFARILLA, TO SORCERY Bộoo soone ။ အဲဒီမှာပါတယ်”
ဟု ဦးသူတော်ကြီးက စာအုပ်အညွှန်းနှင့်တကွ ပြော ၍နေသဖြင့် ကျွန်ုပ်လည်း ငြိမ်၍နေလေ၏။
သူပြောသော အင်္ဂလိပ်စာလုံးမှာ “အင်ဆိုင်ကလိုပေး ဒီးယား” ခေါ် စွယ်စုံကျမ်းတို့၏ထုံးစံအတိုင်း “အက်စ်” နှင့် ပတ်သက်သောစကားလုံးများရှာဖွေ၍ ဖော်ပြထားသော စာလုံး များ ဖြစ်ပေသည်။
“ဦးသူတော်က အတိအကျ ပြောနေတော့ ကျုပ် က မငြင်းတော့ပါဘူးဗျာ”
ဟု ကျွန်ုပ်က အလျှော့ပေးလိုက်လေ၏။
“ဟား.. ဟား.. ငြင်းလို့လည်း ဘယ်ရမလဲ ပန်းချီဆရာ။ ကျုပ်က မသေချာဘဲမပြောပါဘူး။ ဒါတွေထားလိုက်ပါတော့လေ။ ခင်ဗျားက ကျုပ် အပေါ်မှာ ကြွေးရစရာ ရှစ်သောင်း ရှိတယ်လို့ မှတ်ထားပါ။ ကျုပ် လာပြီးဆပ်ပါ့မယ်”
“ဘယ်လို.. ဘယ်လို.. ကျုပ်က ခင်ဗျား အပေါ် ကြွေးရှစ်သောင်းတင်လိုက်ပြီ ဟုတ်လား။ စောစောကပဲ ခင်ဗျားက ကျုပ်ပေါ်မှာ ရစရာ ငွေနှစ်သောင်းရှိတယ်ဆိုဗျ”
“ဟုတ်ပါတယ်။ ဟောဒီ သေမင်းနိုင်ငံက မတ်စေ့ ကလေးတစ်စေ့ဟာ ငွေတစ်သိန်းတန်ပါတယ်။ ဒါကြောင့် ကျုပ်က ခင်ဗျားပေါ်မှာ ရစရာရှိတဲ့ ငွေနှစ်သောင်းကိုနှုတ်ပြီး ရှစ်သောင်း ပြန်ပြီးအမ်း ရမှာ မဟုတ်လား”
“ဒီလိုဆိုရင်လည်း ကြွေးကို မြန်မြန်ဆပ်ပေတော့ ဦးသူတော်။ ကျုပ်အလှည့်ရောက်ပြီ။ အတိုးတွေ တက်နေမှာပဲ။ ကြာလေ အတိုးတက်လေ ဖြစ် တော့မှာပေါ့”
ဟု ကျုပ်က ပြောလိုက်ရာ ဘိုးသူတော်ကြီးသည် သဘောကျစွာရယ်မောလျက်…
“ဟုတ်တာပေါ့။ သိပ်ကို ဟုတ်တာပေါ့ ပေးပါမယ်။ ခင်ဗျား ကြွေးကိုလာပြီးဆပ်ပါ့မယ်။ မဆပ် ရင်တော့ အတိုးတွေ တက်ပေါ့ဗျာ”
ဟု ပြောလေ၏။
“နေပါဦး ခင်ဗျားကို ကျုပ်က ဘယ်မှာ အကြွေး လာတောင်းရမှာလဲ ဦးသူတော်”
“သေမင်းနိုင်ငံမှာလေ”
“ဗျာ”
“နောင်… … ... ”
ဘိုးသူတော်ကြီးသည် သူ၏ကြေးစည်ကို ထုလိုက်ပြီး နောက် ကျွန်ုပ်၏အပါးမှ ထွက်ခွာသွားလေတော့၏။ ကျွန်ုပ် လည်း ထူးဆန်းသော ဘိုးသူတော်ကြီးအား ဂျူဗလီဟောအပြင် ဘက်သို့ရောက်သည်အထိ နောက်မှလိုက်၍ ကြည့်ရှုလေ၏။
ဘိုးသူတော်ကြီးကား ပျော်ရွှင်ချမ်းမြေ့သော မျက်နှာ နှင့် ဆန်တောင်းနှစ်လုံးကို ထမ်းပိုးဖြင့်ထမ်းကာ ရွှေတိဂုံဘုရား ဘက်သို့ ထွက်၍သွားလေတော့၏။
---
(အခန်း ၆ ဆက်ရန်)
#မင်းသိင်္ခ
#မြိုင်ဟေဝန်
#shared_by_louis_augustine
Comments
Post a Comment