မြိုင်ဟေဝန် (အခန်း ၆) // မင်းသိင်္ခ

မြိုင်ဟေဝန် (အခန်း ၆) // မင်းသိင်္ခ

---

ကျွန်ုပ်ထံမှ မတ်စေ့ကို ထပ်မံရှာဖွေကြခြင်း

ထိုအချိန်မှစ၍ ကျွန်ုပ်လည်း ထူးဆန်းသော ဘိုး သူတော်ကြီးနှင့် ပြန်လည် တွေ့ဆုံခြင်းမရှိတော့ပါ။ ထို့ကြောင့် ဘိုးသူတော်ကြီးသည် သေမင်းနိုင်ငံသို့ ရောက်ရှိသွားပြီလား ဟူ၍ပင် ထင်မှတ်မိပါတော့သည်။

ကျွန်ုပ်သည်လည်း ပန်းချီပညာ၌ လွန်စွာ ထူးချွန်သူ တစ်ဦး ဖြစ်၍လာလေတော့၏။ ထိုသို့ ထူးချွန်လာရခြင်းမှာ လည်း ဘိုးသူတော်ကြီးကို မခံချင်၍ ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် ဘိုးသူတော်ကြီးကို ကျေးဇူးတင်ရပေမည်။

ကျွန်ုပ်သည် ပန်းချီကား အမြောက်အမြားကို ရေးဆွဲ ၍ မျက်နှာဖြူအရာရှိများကို ရောင်းချခဲ့လေ၏။ ရောင်းချ၍ရရှိသောငွေနှင့်ပင် အင်္ဂလန်သို့ သွားရောက်ကာ ပန်းချီပညာ ကို ထပ်မံလေ့လာဆည်းပူးခဲ့ပေသည်။ ထိုမှတစ်ဖန် ရန်ကုန် သို့ ပြန်လာပြီးနောက် ပန်းချီပညာနှင့်ပင် အသက်မွေးကာ နေထိုင်ခဲ့လေသည်။

ကျွန်ုပ်၏ ပန်းချီကားများအား မျက်နှာဖြူများကသာ ဝယ်ယူခဲ့သော်လည်း ကျွန်ုပ်တို့ မြန်မာအမျိုးသားများအနေနှင့် ဝယ်ယူအားပေးသူဟူ၍ မရှိသလောက် ရှားပါးလှလေရာ ပန်းချီကားသက်သက်ရေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရသောအလုပ်သည် ရေရှည်၌ အကျိုးမပေးကြောင်း တွေ့ရှိရလေ ၏။

ထို့ကြောင့် ဝတ္ထုစာအုပ်အဖုံးများ၊ မဂ္ဂဇင်း စာအုပ်တွင်ပါ သည့် ဝတ္ထုများအတွက် သရုပ်ဖော်များကို လက်ခံရေးဆွဲခဲ့ရ လေသည်။

သို့ရာတွင် ထိုအလုပ်မှာလည်း ပြောပလောက်အောင် ကောင်းမွန်သည်ဟု မဆိုနိုင်ပါ။ စားလောက်ရုံဟူသည့်စကား မှာ ကျွန်ုပ် ထိုအချိန်က ရင်ဆိုင်နေရသောအဖြစ်နှင့် လုံးဝ တူညီပေသည်။

ထိုသို့စားလောက်ရုံ အခြေအနေမျိုး၌ မမျှော်လင့် သော ငွေကြေး ကုန်ကျဖွယ်ရာ ကိစ္စများပေါ်ပေါက်ပါက ကြွေး တင်ရန်မှတစ်ပါး အခြားသောနည်းလမ်းရှိမည်မဟုတ်ပါ။

ကျွန်ုပ်သည် တစ်ကိုယ်ရေတစ်ကာယ နေထိုင်ပါလျက် စားလောက်ရုံမျှသာရှိသည့်အတွက် အိမ်ထောင်ရေးကို စိတ် မှပင် မကူးရဲတော့ပေ။

ထိုစဉ်၌ ကျွန်ုပ်အဖို့ ကံဆိုးမိုးမှောင်များ ဆက်တိုက် ကျရောက်ခဲ့လေ၏။ အဆိုးဆုံးမှာ အိမ်မီးလောင်ခံရခြင်းပင် ဖြစ်ပေသည်။ ထို့နောက် အစာအိမ်ရောဂါဖြစ်၍ ဆေးရုံတက်ရ သေး၏။

ထို့ကြောင့် ကျွန်ုပ်သည်နေ့ချင်း ညချင်း အတိဒုက္ခရောက် လာတော့၏။ မိဘအမွေအနှစ်ပစ္စည်းများနှင့် ဘဏ်တိုးရရှိ သော ငွေတိုးမှာလည်း ကျွန်ုပ်အဖို့ မလောက်မမျှသာ ဖြစ်ပေ တော့၏။

ဆေးရုံမှဆင်းသောအခါ၌ အိမ်ကိုပြန်၍ မဆောက် နိုင်သဖြင့် ကျွန်ုပ်သည် မြို့ထဲမှ တိုက်ခန်းတစ်ခန်းကို ငှားရမ်းနေထိုင်ခဲ့ရလေ၏။ ကျွန်ုပ်အား အလုပ်အပ်နေကျ မဂ္ဂဇင်း တိုက်နှင့် စာအုပ်တိုက်တို့မှာလည်း ကျွန်ုပ်အား လူမမာတစ် ယောက်ဟုသဘောထားကာ အလုပ်အပ်ခြင်းမပြုကြတော့ပေ။

ကျွန်ုပ်သည် ဆင်းဆင်းရဲရဲ ကျပ်ကျပ်တည်းတည်းဖြင့် နေထိုင်ခဲ့ရလေ၏။ ကျွန်ုပ်သည် လွန်စွာ အားငယ်လျက် ရှိပေ သည်။ သို့ရာတွင် ပန်းချီဆွဲခြင်းအလုပ်မှာမူ ကျွန်ုပ်အဖို့ ဘိန်းစားဘိန်းစွဲသကဲ့သို့ ဖြစ်၍နေသဖြင့် ကျွန်ုပ်သည် ပန်းချီကား များကို ရေးဆွဲခြင်းဖြင့် စိတ်ညစ်မှုကို ဖြေဖျောက်ရလေတော့၏။

တစ်နေ့သ၌ ကျွန်ုပ်သည် အိမ်လခကြွေးပေးဆပ် ရန်ရှိသည်ကို စိတ်ညစ်သဖြင့် အိမ်လခလာ၍ တောင်းသော ဒရဝမ်ကုလားကြီး၏ပုံကို စိတ်ကူးဖြင့်ရေးဆွဲနေလေ၏။ ရေးဆွဲ ၍ ပြီးစီးသွားသည့်အခါ၌လည်း ကျွန်ုပ်သည် ထိုပန်းချီကားကို “သေမင်းငင်သူ” ဟု အမည်ပေးကာ အရောင်းဆိုင်တစ်ခုသို့ ရောင်းချပေးရန် ပို့လိုက်လေ၏။ပို့ပြီး မကြာမီ၌ပင် ထိုပန်းချီကားရောင်းရသဖြင့် ကျွန်ုပ်အား အရောင်းဆိုင်မှ ငွေထုတ်ပေးလေ၏။ 

ကျွန်ုပ်သည်ငွေထုတ်ပြီးသည်နှင့် စားကောင်းသောက်ဖွယ်မစားရသည်မှာ ကြာပြီဖြစ်သဖြင့် တရုတ်တန်းသို့သွားကာ ညနေစာအဖို့ကောင်းမွန်သော အစားအသောက်တို့ကို မှာယူ၍ မြိန်ရှက်စွာ စားသောက်လေတော့၏။

ကျွန်ုပ် ထမင်းစား၍နေသည့် နေရာနှင့်မလှမ်းမကမ်း ရှိ စားပွဲသို့ လူသုံးယောက် ရောက်ရှိလာပြီးလျှင် ထမင်းဟင်းများ မှာယူစားသောက်ကြလေ၏။ ထိုသူတို့သည် ထမင်းမစား မီ၌လည်းကောင်း၊ ထမင်းစား၍ နေစဉ်၌လည်းကောင်း၊ ကျွန်ုပ် အား မကြာခဏ စောင်းငဲ့ကြည့်ရှုနေသည်ကို ကျွန်ုပ်သည် ကောင်းစွာ သတိပြုမိခဲ့လေ၏။

ထို့နောက် ကျွန်ုပ်လည်း ထမင်းစားပြီးသည်နှင့် တရုတ်ဆေးခါးကြီးဆိုင်သို့သွားရောက်ကာ ဆေးခါးကြီးတစ်ခွက်သောက်လေ၏။ 

ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်နေထိုင်ရာ တိုက်ခန်းသို့ ပြန်ခဲ့လေ၏။ သိမ်ကြီးဈေးအနီးသို့ရောက်လျှင် ကျွန်ုပ်သည် နောက်သို့ အမှတ်မထင် လှည့်၍ ကြည့်လိုက်ရာ ထမင်းဆိုင်တွေ့ခဲ့ရသော လူသုံးယောက်သည် ကျွန်ုပ်နောက်သို့ လိုက်၍လာကြောင်း တွေ့ရလေ၏။ ကျွန်ုပ်လည်း မရဲသော်လည်း ပြေးခဲစေ ဟု ဆိုသည့်အတိုင်း ခပ်မှန်မှန်လျှောက်ရင်း ထိုလူသုံးယောက်က ရန်မူပါက ပြန်လှန်ခုခံရန်အတွက် ကြို တင်စဉ်းစားရလေ၏။

ထိုလူသုံးယောက်သည် သုတ်သုတ် သုတ်သုတ်ဖြင့် ကျွန်ုပ်၏နောက်သို့လိုက်၍လာလေ၏။ ကျွန်ုပ်သည် ထိုသူတို့၏ အမူအရာကိုကြည့်ရုံမျှနှင့်ပင် ကျွန်ုပ်အား ရန်မူမည့်သူများ ဖြစ်ကြောင်း သိရလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ထိုသူတို့အား ခုခံရန် ပြင် ဆင်ရလေတော့၏။ ကျွန်ုပ် တစ်ခုစိတ်ကူးမိသည်မှာ သူတို့က ရန်မူမှ ကျွန်ုပ်ကခုခံခြင်းထက် ကျွန်ုပ်က အရင်ဦးစွာတိုက်ခိုက် ခြင်းသည် သင့်တော်ပေမည် ဖြစ်ပေသည်။ အကောင်းဆုံး ခံစစ်ဆိုသည်မှာ ထိုးစစ်ပင်ဖြစ်၏။

ကျွန်ုပ်သည် ခြေလှမ်းကို အနည်းငယ်လျော့ပြီးနောက် ဓာတ်မီးတိုင်အနီးရှိ အုတ်ခဲပိုင်းများကို ကြည့်လိုက်မိလေ၏။ ထိုလူတို့လည်း ကျွန်ုပ်အားမီရန် ခပ်သုတ်သုတ်ကပ်လာလေ၏။
 
ကျွန်ုပ်လည်း တစ်စုံတစ်ရာ ပြောဆိုခြင်းမပြုဘဲ ဓာတ် မီးတိုင်အောက်မှ အုတ်ခဲပိုင်းကျိုးကို ကောက်၍ လာလေရော့ ဆိုကာ ဝမ်းဗိုက်ဆီသို့ ချိန်ရွယ်၍ ပစ်လိုက်လေ၏။သုံးယောက်အနက် တစ်ယောက်ကို လှလှပပကြီး ထိမှန် သဖြင့် ခွေလဲကျသွားလေ၏။ ကျန်နှစ်ယောက်ကမူ ကျွန်ုပ်အား ဝင်၍ ဖမ်းကိုင်ကြလေ၏။ ကျွန်ုပ်ကလည်း အုတ်ခဲပိုင်းကျိုး များကို ကောက်ယူ၍ ပစ်ပေါက်လေ၏။
ကျွန်ုပ်အား ဖမ်းကိုင်ရန် ကြိုးစားနေသော နှစ်ယောက် အနက် တစ်ယောက်သောသူက ကျွန်ုပ်ထံသို့ ပြေးလာပြီး မေးစေ့ကို ခြေထောက်ဖြင့်ကန်လိုက်ရာ ကျွန်ုပ်လည်း ခွေလဲ ကျသွားလေတော့၏။ 

ထိုအခါ၌ ထိုသူတို့သည် ကျွန်ုပ်၏ ပါးစပ်အတွင်းသို့ လက်ကိုင်ပဝါကိုဆို့၍ ကျွန်ုပ်အား ကားတစ်စီး ဖြင့်တင်ကာ တိုက်ခန်းတစ်ခန်းသို့ သယ်ယူသွားကြလေ၏။ 

တိုက်ခန်းတစ်ခုအတွင်းသို့ရောက်လျှင် ကျွန်ုပ်အား ကြိုးဖြင့် တုပ်နှောင်၍ ပါးစပ်တွင်ဆို့ထားသော လက်ကိုင်ပဝါကို ထုတ် လိုက်ပြီးနောက်...

“ကဲ.. ပန်းချီဆရာ ငွေမတ်စေ့ကလေး ဘယ်သူ့ ကို ပေးလိုက်သလဲ”

ဟုမေးလေ၏။

“ဘယ်ကမတ်စေ့လဲ၊ ကျုပ် မသိဘူး။ ပိုက်ဆံ တစ်မတ်အတွက်များ လူတစ်ယောက်ကို ဒီလိုပဲ ကြိုးနဲ့တုပ်ပြီးထားရသလား။ ကျုပ်အိတ်ထဲမှာ နှိုက်ယူ။ မတ်စေ့တွေ တစ်ပုံချည်းပဲ”

“ဒီမှာ ပန်းချီဆရာ။ ကျုပ်တို့ လိုချင်တာ ဒီလို မတ်စေ့မျိုးမဟုတ်ဘူး။ ဘိုးသူတော်ကြီးကိုပေး လိုက်တဲ့ မတ်စေ့မျိုး”

“သော် ဒါလား။ ပြောရောပေါ့ဗျာ”

“ခင်ဗျားမှာ ရှိသလား”

“ဘယ်လာရှိမှာလဲဗျ။ အဲဒီ မတ်စေ့ကလေးက လည်း ထမင်းဆိုင်က အမ်းလိုက်တဲ့ မတ်စေ့ ကလေးပါ။ ကျုပ်က ရိုးရိုးမတ်စေ့မှတ်နေတာ။ ဘိုးသူတော်ကြီးက သေမင်းနိုင်ငံမှာ သုံးတဲ့မတ်စေ့လို့ပြောတာပဲ။ ကျုပ်မှာ ဘယ်ကလာရှိရမှာလဲ”

ဟု ကျွန်ုပ်က ရှင်းပြလိုက်လေ၏။

“ခင်ဗျားကလည်း ဒီလိုပြောတာပဲ။ ကျုပ်တို့ ရ ထားတဲ့သတင်းကလည်း အဲဒီမတ်စေ့ကလေး ကို ခင်ဗျားက ဦးသူတော်ကို မပေးလိုက်ခင် ကတည်းက သတင်းထွက်နေတယ်”

“ဘယ်လိုသတင်းထွက်နေတာလဲ”

“သစ်တောဘက်မှာလုပ်တဲ့ ကိုသက်နှင်းဆိုတဲ့ လူဆီမှာ သေမင်းနိုင်ငံမတ်စေ့တွေ ရှိတယ် ဆို တာ သတင်းရထားတယ်”

“ဗျာ.. ကျုပ်မှာမရှိပါဘူးဗျာ”

“ဘိုးသူတော် မောင်ကြီးကလည်း ဒါကြောင့် ကိုယ့်လူဆီကို ကပ်နေတာ။ အဲဒီအထဲ ကိုယ်လူ ဆီက အဲဒီမတ်စေ့ရသွားလေတော့ ကျုပ်တို့သာ မဟုတ်ဘူး။ ကိုယ့်လူဆီကို အနယ်နယ် အရပ်ရပ်က သေမင်းနိုင်ငံကို သွားချင်တဲ့လူတွေဟာ လာ နေကြပြီ။ ကျုပ်တို့လည်း ကိုယ့်လူအိမ်ကို ဝင်ပြီး ရှာခဲ့တာကြာပြီ။ မတွေ့တဲ့အဆုံးမှာ မီးတောင် ရှို့ပစ်ခဲ့သေးတယ်”

“ဪ.. ကျုပ်အိမ်ကို မီးရှို့တာ ခင်ဗျားတို့ကိုး။ ဒါနဲ့နေပါဦးဗျ။ ခင်ဗျားတို့ပြောတဲ့ သေမင်းနိုင်ငံ ဆိုတာက ဘာလဲဗျ။ ရှင်းပြစမ်းပါဦး”

“မရှင်းပြနိုင်ဘူးကိုယ့်လူ။ စိတ်ဝင်စားရင် ကိုယ့် ဟာကိုယ် နားလည်အောင်သာလုပ်ပေတော့”

ဟု ဆိုကာ ကျွန်ုပ်၏တစ်ကိုယ်လုံးကို အဝတ်အစား များချွတ်၍ သေမင်းနိုင်ငံသုံးပိုက်ဆံကို ရှာဖွေကြလေ၏။

သို့ရာတွင် သူတို့အလိုရှိသောအရာကို မရသည့်အဆုံး ၌ ကျွန်ုပ်အား ကန်ကျောက်ထိုးကြိတ်၍ လွှတ်လိုက်လေတော့ ၏။

ကျွန်ုပ်လည်း ထိုသူတို့နှင့် တွေ့ခဲ့ရပြီး ရက်အတန် ကြာသည့်အခါ၌ ကောလိပ်၌ ကျောင်းနေဘက်ဖြစ်ခဲ့ဖူးသော ရာဇဝတ်အုပ်တစ်ဦးနှင့် တွေ့ဆုံလေ၏။ ထိုသူ၏အမည်မှာ မောင်လှဖေဟူ၍ ဖြစ်၏။

“ကိုသက်နှင်း” ဟု သူက စတင်၍ နှုတ်ဆက်သည့် အခါ၌ ကျွန်ုပ် ခပ်ကြောင်ကြောင်ဖြစ်၍နေသဖြင့်
“ခင်ဗျား ကတော့လုပ်ပြီ” ဟု ဆိုကာ ကျွန်ုပ်၏ပခုံးကို လက်ဖြင့်ပုတ် လိုက်၍ ပြုံးပြလိုက်သည့်အခါသာလျှင် မောင်လှဖေကို ကျွန်ုပ် က မှတ်မိသွားလေတော့၏။

“ဟာ.. မောင်လှဖေပါလား၊ စိတ်မဆိုးပါနဲ့ဗျာ။ ကျုပ်ကမမှတ်မိလို့ပါ”

ဟု ကျွန်ုပ်က တောင်းပန်ရလေ၏။ 

“စိတ်မဆိုးပါဘူးဗျာ။ ခင်ဗျား အခု သစ်တော ဘက်မှာပဲလား၊ ကိုသက်နှင်း”

“မဟုတ်ဘူးဗျ။ ပန်းချီဆရာ လုပ်နေတယ်။မောင်လှဖေကတော့ ပုလိပ်ဘက်မှာပဲနော်”

“ဟုတ်တယ်။ အင်းစိန် စီအိုင်ဒီမှာ”

“ဟာ.. နေရာကျတာပဲဗျို့၊ ကျုပ်ကို တဆိတ် ကလေးကူညီပါ”

ဟု အစချီကာ ကျွန်ုပ် ဖြစ်ပျက်ခဲ့ပုံအကြောင်းအရာ တို့ကို အသေးစိတ်ပြောပြလိုက်လေ၏။ရာဇဝတ်အုပ်မောင်လှဖေသည် ကျွန်ုပ်ပြောပြသည်ကို နားထောင်ပြီးနောက် ကျွန်ုပ်အား အကူအညီပေးမည်ဟုဆို ကာ တိုက်ခန်းတစ်ခုသို့ ခေါ်၍သွားလေ၏။ ထိုတိုက်ခန်း၏ တံခါးသို့ရောက်လျှင် ရာဇဝတ်အုပ်မောင်လှဖေက တံခါးကို ခေါက်လိုက်ရာအတွင်းမှ...

“ကိုလှဖေ ဝင်ခဲ့လေ။ ဧည့်သည်ကိုပါ ခေါ်ခဲ့ပါ” 

ဟု ပြောလိုက်သဖြင့် ကျွန်ုပ်သည် အံ့ဩမိလေတော့ရာဇဝတ်အုပ် မောင်လှဖေလည်း တံခါးကိုတွန်းဖွင့်၍ ဝင်သွားလေ၏။ ကျွန်ုပ်လည်း နောက်မှလိုက်ပါခဲ့ရလေ၏။

“ဘာကိစ္စလဲ ကိုလှဖေ”

ဟု အိမ်ရှင်လုပ်သူက မေးလေ၏။ အိမ်ရှင်သည် အရပ်မြင့်မြင့်၊ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ဖြစ်ပြီး သူ၏မျက်နှာကိုမြင်လိုက်ရသည်နှင့်ပင် အားကိုးချင်စိတ်များ ကျွန်ုပ်၌ဖြစ်ပေါ်ခဲ့လေသည်။
ရာဇဝတ်အုပ်မောင်လှဖေက ကျွန်ုပ်ပြောပြသည်ကို တစ်ဆင့်ပြန်၍ ထိုသူအား ဖောက်သည်ချသည်ကို ထိုသူက ကုလားအုတ်တံဆိပ်စီးကရက်ကိုသောက်လျက် ကောင်းစွာ နားထောင်ပြီးနောက်...

“အဲဒီခင်ဗျားပြောတဲ့ သေမင်းနိုင်ငံသုံး မတ်စေ့ ကလေးတွေကို အကြောင်းပြုပြီး လူသတ်မှုဖြစ်တာကို နှစ်ခါသုံးခါလောက် တွေ့ဖူးပါတယ်။ ကျုပ်မှာတောင် အဲဒီမတ်စေ့မျိုးတစ်စေ့ရှိလေရဲ့”

ဟု ဆိုကာ ဆွဲအံအတွင်းမှ မတ်စေ့ကလေးကို ထုတ် ယူ၍ ကျွန်ုပ်တို့ရှေ့သို့ ပစ်ချလိုက်လေ၏။ ကျွန်ုပ်လည်း ထို မတ်စေ့ကို ကောက်ယူပြီးနောက် သေချာစွာကြည့်လိုက်ရာ ဘိုးသူတော်ကြီးအား ကျွန်ုပ်ပေးခဲ့ဖူးသော သေမင်းနိုင်ငံသုံး ငွေမတ်စေ့ကလေးဖြစ်ကြောင်း တွေ့မြင်ရလေ၏။

“အဲဒီမတ်စေ့ကို ဓာတ်ပုံရိုက်ပြီး အကြီးချဲ့ထား သေးတယ်။ ဟောဒီမှာကြည့်” 

ဟု ဆိုကာ ဓာတ်ပုံတစ်ပုံကို ပြလေ၏။

ထိုဓာတ်ပုံ၌ သေသေချာချာကြည့်ရှုရာ အရိုးခေါင်း ၏အောက်၌ ရောမဂဏန်းဖြင့်ရေးထားသော (၇) ဂဏန်းတစ်ခု ကို ကျွန်ုပ် သတိပြုမိလေသည်။

“ကျုပ်အထင်တော့ အလွန်တိကျတဲ့ စည်းကမ်းနဲ့ ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အသင်းတစ်ခုရဲ့တံဆိပ် ဖြစ်လိမ့်မယ်ဗျ။ တံဆိပ်ဆိုတာ ဝင်ခွင့် ထွက်ခွင့်လက်မှတ်လည်း ဖြစ်နိုင်တာပေါ့။ ရှေးဟောင်း ပါရှားနိုင်ငံမှာ အဲဒီလို အသင်းမျိုးရှိခဲ့ဖူးတယ် လို့ စာထဲမှာ ဖတ်ဖူးတယ်။ အသင်းသားတွေ က တစ်ဦးနဲ့တစ်ဦး မမြင်ဖူးကြဘူး။ အသင်း ခေါင်းဆောင်ကိုလည်း မြင်ဖူးတာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်နေရာကို ရောက်နေရောက်နေ အသင်းခေါင်းဆောင်ရဲ့ အမိန့်ကိုတော့ နာခံကြ တယ်။ အဲဒီလို အသင်းမျိုးဖြစ် လိမ့်မယ်ထင် တယ်”

ဟု ထိုသူက ပြောလေ၏။

“အဲဒါက အရေးမကြီးဘူး မိတ်ဆွေ။ ကျုပ်ရဲ့ အသက်ဘေးက စိုးရိမ်ရတယ်။ သေမင်းနိုင်ငံ အသင်းသားတွေက ကျုပ်လက်ထဲမှာ မတ်စေ့တွေရှိတယ်လို့ထင်ပြီး သတ်မှာကို စိုးရိမ်နေရ တယ်” 

ဟု ကျွန်ုပ်ကပြောလိုက်ရာ ထိုသူက...

“ ဒါလောက်လဲ မစိုးရိမ်ပါနဲ့ဗျာ၊ မတ်စေ့လိုချင်တဲ့ လူရှိရင် ကျုပ်ဆီကို လွှတ်လိုက်ပါ၊ ကျုပ်ဆီမှာ ရှိတယ်လို့ ပြောလိုက်စမ်းပါ”

ဟု ရဲတင်းစွာ ပြောလေ၏။

“ဒါနဲ့ မိတ်ဆွေနာမည်က”

“ဆားပုလင်းနှင်းမောင်ပါ။ သေမင်းနိုင်ငံကို သွား ချင်တဲ့လူတွေနဲ့တွေ့ရင် လွှတ်လိုက်စမ်းပါ” 

“ဪ.. ကြားဖူးပါရဲ့ဗျာ။ ဆားပုလင်းနှင်းမောင်၊ ဆားပုလင်းနှင်းမောင်နဲ့ တယ်လဲ နာမည် ကြီးတာကိုး၊ တဆိတ်လောက်အားကိုးပါရစေဗျာ”

ကျွန်ုပ်သည် အထက်ပါအတိုင်း ကျောင်းနေဘက် ရာဇဝတ်အုပ်တစ်ဦး၏ကူညီမှုကြောင့် လွန်စွာအစွမ်းထက်လှ သည့် စုံထောက်ကြီး ဆားပုလင်းနှင်းမောင်နှင့် တွေ့ဆုံခဲ့ရလေတော့၏။ ထိုအချိန်မှစ၍ ကျွန်ုပ်၏ရင်၌ရှိသော စိုးရိမ်စိတ် များလည်း လွင့်ပျောက်သွားလေတော့၏။
 
သေမင်းနိုင်ငံစာအုပ်

တစ်နေ့သ၌ သတင်းစာတစ်စောင်တွင် အောက်ပါ ထူးဆန်းသောကြော်ငြာကို ဖတ်ရှုရလေတော့၏။
သေမင်းနိုင်ငံမတ်စေ့နှင့် စာအုပ် ကျွန်ုပ်ထံ၌ လွန်စွာ ထူးဆန်းသော မတ်စေ့ ကလေးသုံးစေ့ ရောင်းရန်ရှိပါသည်။ 

ထိုမတ်စေ့ ကလေးများမှာ ရှေးဟောင်းမတ်စေ့ကလေးများ ဖြစ်ပါသည်။ မတ်စေ့၏ခေါင်းဘက်တွင် အရိုး ခေါင်းပုံပါရှိ၍ ပန်းဘက်တွင် (၁၆) ရာစုနှစ်တွင် အင်္ဂလိပ်လက်ရေးတိုဖြင့် ရေးထားသော စာများ ပါရှိပါသည်။ ထိုစာကို ဖတ်ရှုကြည့်ရာ (သီကင်း ဒမ်းအော့ဖ်ဒက်) သေမင်းနိုင်ငံဟု ပါရှိပါသည်။

ထို့ပြင် မည်သည့်ဘာသာဟု ကျွန်ုပ်ကိုယ်တိုင် မပြောနိုင်သော ဘာသာတစ်ခု၏ ဘာသာရေး စာအုပ်ဟု ယူဆရသော စာအုပ်တစ်အုပ်လည်း ရှိပါသည်။ 

စာအုပ်မှာ အင်္ဂလန်၌ရိုက်နှိပ်သော စာအုပ်ဖြစ်၍ ရိုက်နှိပ်သော သက္ကရာဇ်ကို မတွေ့ ရသော်လည်းပုံနှိပ်စက်ပေါ် စ ကာလ က စာအုပ်ဟု ယူဆဖွယ်ရာရှိပါသည်။ 

ထိုစာအုပ်၌ပါသော အကြောင်းအရာများမှာ လက်တင်စာများ၊ အင်္ဂလိပ်စာများနှင့် ထူးဆန်းသော အကြောင်း အရာများ ပါရှိပါသည်။

ရှေးဟောင်းပစ္စည်းကို စိတ်ဝင်စား၍ စုဆောင်းလိုသူများ ကျွန်ုပ်ထံ၌ လာရောက်ကြည့်ရှုနိုင်ပါသည်။

ဦးဘတူ (ကျောက်စာဝန်ဟောင်း)
သင်္ဃန်းကျွန်းဘူတာရုံအနီး
ခြံအမှတ် (တီ -၇)

မြန်မာသတင်းစာများ၌သာမဟုတ်ဘဲ၊ အင်္ဂလိပ် သတင်းစာများ၌လည်း ထိုကြော်ငြာကို ဖတ်ရှုရသဖြင့် ကျွန်ုပ်သည် ဆားပုလင်းနှင်းမောင်အား ထိုကြော်ငြာအကြောင်းကို ပြောဆိုရန်အတွက် ဆားပုလင်းနှင်းမောင်နေထိုင်သည့် (၁၉၅ ဗညားဒလလမ်း) သို့ သွားရောက်ခဲ့လေ၏။

သို့ရာတွင် သူ၏အခန်းတံခါးကို သော့ခတ်ထားသည် ကိုသာ တွေ့ရလေ၏။ သော့ခလောက်အနီး၌လည်း စာ တစ်စောင်ကပ်၍ထားသဖြင့် ဖတ်ကြည့်မိလေ၏။

ကျွန်ုပ်၏ အလုပ်တာဝန်ဝတ္တရားအရ ခရီးသွားနေ သည်။ ရှေ့လကုန်မှ ပြန်လာမည်။

ဆားပုလင်းနှင်းမောင်

ကျွန်ုပ်သည် ထိုစာကြောင့် အားငယ်ခြင်းဖြစ်ရလေ ၏။ ဆားပုလင်းနှင်းမောင် ရှိရင် ကောင်းမှာပဲ။ သတင်းစာမှာ ပါတဲ့ကြော်ငြာဟာ သဲလွန်စရနိုင်တဲ့အချက်ပဲဟုလည်း စိတ်၌ မှတ်ထင်ကာ မရိုးမရွဖြစ်၍နေလေ၏။

လူတို့၏စိတ်သည် လွန်စွာဆန်းကြယ်လှပေသည်။ ကြောက်သည့် အရာကို မကြည့်ဘဲမနေနိုင်သည့် သဘာဝရှိလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်တိုင် လွန်စွာ ကြောက်ရွံ့နေပြီဖြစ်သော “သေမင်းနိုင်ငံမတ်စေ့” ကို ကြည့်ရှု ရန်အတွက် သင်္ဃန်းကျွန်းရှိ ကျောက်စာဝန်ဟောင်းဦးဘတူ ၏အိမ်သို့ သွားရောက်ခဲ့လေ၏။

ဦးဘတူက ကျွန်ုပ်အား ကောင်းစွာ ကြိုဆို၍ ဧည့်ဝတ် ကျေစွာ ဧည့်ဝတ်ပြုပြီးလျှင် “သေမင်းနိုင်ငံမတ်စေ့” သုံးစေ့ကို ထုတ်၍ ပြလေ၏။

ထိုမတ်စေ့မှာ ကျွန်ုပ်ရဖူးသောမတ်စေ့နှင့် တစ်ထေရာ တည်းတူညီပြီးလျှင် အရိုးခေါင်းအောက်ရှိနံပါတ်များမှာ ၆ဂဏန်း၊ ၇-ဂဏန်းနှင့် ၈-ဂဏန်းတို့ဖြစ်ပေသည်။

ကျွန်ုပ်သည် (၇)ဂဏန်းပါသောမတ်စေ့ကို သေချာစွာ ကြည့်ရှုလေ၏။ ဆားပုလင်းနှင်းမောင်ထံ၌ရှိသော မတ်စေ့၏ နံပါတ်များမှာလည်း ၇-ဂဏန်းဖြစ်ပေသည်။ ဆင်တူနှစ်ခုရှိနေ ခြင်းမှာ အဘယ်သို့နည်းဟု စဉ်းစားနေမိလေ၏။

“စာအုပ်ကို ဖတ်ကြည့်ဦးမလား ကိုသက်နှင်း”

ဟု ကျောက်စာဝန်ဟောင်းက ပြောသဖြင့် ကျွန်ုပ်က ခေါင်းညိတ်၍ ဖတ်လိုကြောင်း ပြောလိုက်လျှင် ကတ္တီပါအိတ်အနီရောင်ဖြင့် ထည့်၍ယူလာသော စာအုပ်ကို ကျွန်ုပ်၏လက် သို့ ပေးလေ၏။ ကျွန်ုပ်လည်း ကတ္တီပါအိတ်ကိုဖွင့်၍ စာအုပ်ကို ဆွဲထုတ်လိုက်လေ၏။

“ဖြည်းဖြည်းလုပ်နော် စာရွက်တွေက ဆွေးနေပြီ ကိုသက်နှင်း” ဟု ဆိုလေ၏။

စာအုပ်မှာ ကြက်သွေးရောင်သားရေဖုံးနှင့် ဖြစ်၏။ စာအုပ်အဖုံးပေါ်တွင် မတ်စေ့၌ပါသော အရိုးခေါင်းပုံကို ရွှေ ရောင်ဖောင်းကြွတံဆိပ်ရိုက်နှိပ်ထားလေ၏။ ထိုတံဆိပ်အောက် တွင် နံပါတ်(၇)ဂဏန်းကို ရေးထိုးထားလေသည်။

ထို အရိုးခေါင်း၏အောက်တွင် လက်ရေးတိုစာလုံး ကို ရွှေရောင်ဖြင့် ရိုက်နှိပ်ထား၏။ ကျွန်ုပ်သည် လက်ရေးတိုကို မဖတ်တတ်သော်လည်း ထိုစာကိုမူ ကောင်းစွာသိပေသည်။ ထိုစာကား...

သီကင်းဒမ်းအော့ဖ်ဒက် သေမင်းနိုင်ငံ၊ ဟူ၍ ဖြစ်သတည်း။

---

(အခန်း ၇ ဆက်ရန်)

#မင်းသိင်္ခ
#မြိုင်ဟေဝန်

#shared_by_louis_augustine
#sbla

Comments