မြိုင်ဟေဝန် (အခန်း ၇) // မင်းသိင်္ခ
မြိုင်ဟေဝန် (အခန်း ၇) // မင်းသိင်္ခ
---
ရွှေကလပ်လေးပေါ်မှ နဖာကလော်လေး
ကျွန်ုပ်လည်း အထက်ပါ အတိုင်း “သေမင်းနိုင်ငံ” အမည်ရှိ စာအုပ်ကို ဟိုလှန် ဒီလှန် လှန်လှော၍ ဖတ်ကြည့်ပြီး နောက် သေမင်းနိုင်ငံသုံး မတ်စေ့ကို ထပ်မံ၍ ကြည့်ရှုပြန်၏။ ကျေနပ်လောက်အောင် ကြည့်ရှုပြီးနောက် ကျောက်စာဝန်ဟောင်း ဦးဘတူအား အောက်ပါအတိုင်းပြောလေ၏။
“ဒီစာအုပ်မှာရေးထားတဲ့ အကြောင်းအရာဟာ သိပ်ပြီးနက်နဲနေတယ်။ သိပ်ပြီး စဉ်းစားဖို့ကောင်းတဲ့ အချက်တွေပါနေတယ်။ ကျွန်တော်တို့ သိနေတာက လူမှာရုပ်ရယ်၊ နာမ်ရယ် နှစ်မျိုးပဲရှိတယ်။
ဒီမှာက အလွန်ထူးဆန်းပြီး အလွန်သိမ်မွေ့တဲ့ တတိယရုပ်တစ်မျိုးအကြောင်း ပါနေတယ်။ အဲဒီ တတိယရုပ်တစ်မျိုးကလည်း လူရဲ့ခန္ဓာကိုယ်က နေ ခွာသွားပြီး တခြားနေရာတွေ ရောက်သွားပုံ၊ စွမ်းစွမ်းတမံပြုလုပ်ပုံတွေကို ဖော်ပြထားတာတွေ့ရတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ ဖြစ်ခဲ့တဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကို သက်သေထူပြီး အဲဒီ တတိယရုပ်ကို ရှင်းပြထားသေးတယ်။ ဘာပဲဖြစ်ဖြစ် မောင်ရင်ရယ်။ ရှေးဟောင်းပစ္စည်း ဖြစ်တဲ့အတွက် ဈေးကောင်းကောင်းတော့ ရမှာ အမှန်ပဲ”
ဟု ဦးဘတူက ပြောလေ၏။
“ဒါနဲ့ ဦးကိုပြောရဦးမယ်။ ကျွန်တော်က ဝယ် မလို့မဟုတ်ပါဘူး။ ဟောဒီ မတ်စေ့ကလေး၊ သေမင်းနိုင်ငံသုံး မတ်စေ့ကလေးပေါ့ ခင်ဗျာ။ အဲဒီ မတ်စေ့ကလေးဟာ သိပ်ပြီးဒုက္ခပေးတယ်ခင်ဗျ။
ဒါကြောင့် ဦးများ ဒီမတ်စေ့ကလေးအကြောင်းသိပါသလားလို့ မေးချင်လို့ပါ”
“မသိပါဘူး ကျုပ်ကတော့ ရှေးဟောင်းပစ္စည်း ဝါသနာပါလို့ စုဆောင်းရှာဖွေထားတာပါ။ ဒီ မတ်စေ့ကလေးက မောင်ရင်ပြောသလို ကျုပ်ကို ဒုက္ခမပေးပါလား”
ဟု ဦးဘတူက ပြောလိုက်ပြီးနောက် ဆေးတံကို ဆေး ဖြည့်၍ မီးညှိလိုက်လေ၏။
“ဦးကိုတော့ ဒုက္ခမပေးသေးဘူး ဟုတ်လား။ ကျွန်တော့်မှာဖြင့် အဲဒီမတ်စေ့ကလေးတစ်စေ့ကြောင့် ဒုက္ခရောက်လိုက်တာမပြောပါနဲ့ဗျာ”
ဟု ကျွန်ုပ်က ချူသံပါအောင် ညည်းညူလိုက်ရာ ကျောက်စာဝန်ဟောင်း ဦးဘတူက ကျွန်ုပ်အား သေချာစွာ ကြည့်လျက်...
“မောင်ရင်ပြောလိုတာက အဲဒီပစ္စည်းကလေး ဟာ ခိုက်တဲ့သဘောလား”
ဟု မေးလေ၏။
“ခိုက်တာမဟုတ်ဘူး ဦးလေး။ အဲဒီ သေမင်း နိုင်ငံမှာသုံးတဲ့ မတ်စေ့ကလေးကို လိုချင်တဲ့ကောင်တွေက ကျွန်တော့်ကိုလာပြီး ရိုက်ကြ၊ နှက်ကြ၊ အိမ်ကို မီးရှို့ကြနဲ့ ဒုက္ခကို မျိုးစုံအောင် ပေးတာပါပဲခင်ဗျာ”
ဟု ကျွန်ုပ်ကပြောလိုက်လေ၏။ ဦးဘတူလည်း ကျွန်ုပ် ၏စကားကို မယုံတစ်ဝက်၊ ယုံတစ်ဝက်နှင့် နားထောင်၍နေလေ၏။ ကျွန်ုပ်ကလည်း ကျွန်ုပ်အနေနှင့် ကြုံတွေ့ခဲ့ရသော ဒုက္ခများကို ဦးဘတူအား ဖွဲ့နွဲ့ ပြောဆိုပြလေ၏။
“တစ်ခုတော့ရှိတယ်မောင်ရင်။ ဟောဒီ “သည် ကင်းဒမ်းအော့ဖ်ဒက်” သေမင်းနိုင်ငံဆိုတဲ့ စာအုပ် ကို ကျုပ် သေသေချာချာဖတ်ပြီးပါပြီ။ ဖတ်ပြီး ပြီလို့ ပြောတာနော်။ နားလည်ပြီလို့ ပြောတာ မဟုတ်ဘူး။ အဲဒီစာအုပ်မှာ အခန်းပေါင်း (၇) ခန်းနဲ့ စာမျက်နှာပေါင်း (၄၉၀)ပါတယ်။ အခန်းတစ်ခန်းကို စာမျက်နှာ (၇၀)တိတိရှိအောင် ရေးထားတယ်။ ဒီအချက်ဟာလည်း သိပ်ပြီးဆန်းနေ တယ်။ ဟဲ.. ဟဲ.. ပြီးတော့ အခန်း (၄)၊ စာမျက်နှာ (၂၁၁)ကနေ စာမျက်နှာ (၂၈၁) အထိ မှာ ကျုပ်အနေနဲ့ အလွန်စိတ်ဝင်စားတဲ့အချက် တစ်ချက်ပါနေတယ်။ အဲဒါက ဘာလဲဆိုတော့ “ရီအင်ကာနေရှင်း” လို့ခေါ်တဲ့ လူတွေဟာ သေပြီးနောက်တစ်ခါ လူဝင်စားပြန်ပြီး ဖြစ်ပုံကို ရေးထား တယ်။ ဒီအချက်ဟာ ကျုပ်အနေနဲ့ စိတ်အဝင် စားဆုံးပဲ မောင်ရင်”
ဟု ဦးဘတူက သူ၏ထင်မြင်ချက်ကို ပြောဆိုလေ၏။
ကျွန်ုပ်လည်း သေမင်းနိုင်ငံသုံး မတ်စေ့ကလေးများနှင့် သေမင်းနိုင်ငံဟု အမည်တပ်ထားသည့် စာအုပ်ဆန်းအကြောင်းကို စဉ်းစားရင်း ခေါင်းပူလာသဖြင့် မစဉ်းစားတော့ဘဲ ဦးဘတူအား အောက်ပါအတိုင်း ပြောလိုက်လေ၏။
“ဒီကိစ္စကို ကျွန်တော့်အနေနဲ့တော့ ဉာဏ်မမီလို့ မစဉ်းစားတော့ပါဘူး ဦးလေး။ ကျွန်တော့်ကို သေမင်းနိုင်ငံအဖွဲ့သားတွေက ရန်မမူနိုင်အောင်တော့ ကျွန်တော့်ရဲ့ မိတ်ဆွေကြီး ဆားပုလင်း နှင်းမောင်ကို အကူအညီတောင်းထားပါပြီ”
“ဟာ.. ဘာဖြစ်လို့ စုံထောက်ကို အကြောင်းကြားရတာလဲ။ ဒီကိစ္စမျိုးဆိုတာက ကိုယ်တိုင် လေ့လာ၊ ကိုယ်တိုင်ဒုက္ခခံပြီး စူးစမ်းရှာဖွေရမှာ သေမင်းနိုင်ငံဆိုတဲ့ လျှို့ဝှက်ချက်ဟာ စုံထောက် ကို အကြောင်းကြားရမယ့်ကိစ္စမဟုတ်ဘူး။ ကိုယ်တိုင်လေ့လာရမှာ မောင်ရင်ရဲ့”
ဟု ဦးဘတူက ကျွန်ုပ်အား အပြစ်တင်လိုက်လေ၏။
ကျွန်ုပ်လည်း ထိုကျောက်စာဝန်ဟောင်း ဦးဘတူ၏ နေအိမ်မှထွက်ခဲ့၍ သင်္ဃန်းကျွန်းလော်ကယ်ရထားစီးကာ ရန်ကုန်ဘူတာသို့ လိုက်ပါ၍လာလေတော့၏။
ကျွန်ုပ်သည် ရန်ကုန်ဘူတာသို့ ရောက်သည့်အခါ၌ တံတားပေါ်မှကျော်ဖြတ်ကာ ပန်းဆိုးတန်းလမ်းအတိုင်းလျှောက်၍ ဆူးလေဘုရား သို့သွားရောက်လေ၏။ ဆူးလေ ဘုရားသို့ရောက်လျှင် မိမိ၏နေ့နံဂြိုဟ်တိုင်၌ ရေသပ္ပာယ်ခြင်း၊ ပန်းလှူခြင်း စသော တတ်သရွေ့၊ မှတ်သရွေ့ ယတြာချေခြင်း အမှုကိုပြုပြီးနောက် ထိုနေရာ၌ပင် ဘုရားဝတ်ပြု၍ ဗန္ဓုလ ပန်းခြံဘက်ဆီသို့ ဆင်း၍ လာခဲ့လေ၏။ ဗန္ဓုလပန်းခြံထောင့်ရှိ ခရေပင်ကြီးအောက်သို့ရောက်လျှင် ကျွန်ုပ်သည် အမောအပန်း ဖြေရန် ထိုင်လိုက်လေ၏။ ကျွန်ုပ်၏အနီး၌ နဖာချေးကော် နေသည့် ကသည်းတစ်ယောက်နှင့် မျက်စိကလေးမှေးကာ အကော်ခံနေသည့်လူတစ်ယောက်ရှိလေ၏။
နားကော်သည့် ကသည်းက ပေါက်တူးသဏ္ဌာန် သံကောက်ကလေးဖြင့် နားအတွင်းရှိ နဖားချေးများကို ကုတ် လိုက်ပြီးနောက် ဇာဂနာကလေးဖြင့် ညှပ်၍ဆွဲကာ ဝါးချွန် တုတ်တံကလေး၌ သုတ်၍ထားလိုက်လေ၏။ ထို့နောက် ဘဲ သတ္တဝါ၏ ချိုင်းမွှေးဖြင့်ပြုလုပ်သော နားကြပ်တောင် အလုံး ကလေးကို နားအတွင်းသို့ ထိုးသွင်းကာ လှည့်လိုက်လျှင် နားအကော်ခံရသူသည် မျက်တောင်ကလေး စင်း၍ သွားလေ၏။
ထူးခြားသော အရသာတစ်မျိုး ခံစားရသည့် အရိပ် လက္ခဏာများ ထိုသူ၏မျက်နှာပေါ်၌ ပေါ်၍နေလေ၏။ ထိုသူ ကို ကြည့်၍ ကျွန်ုပ်ပင် နားအကော်ခံချင်၍လာလေ၏။
“ဒီလူ ပြီးရင် ငါလည်း နားကော်ခံမယ်”
ဟု ဆုံးဖြတ်လိုက်လေ၏။
နားကော်သော ကသည်းသည် ထိုသူ၏နားကိုကော် ပြီးနောက် နားရွက်ဖျားကလေးကို ခေါက်၍ကိုင်ကာ နားကို နှိပ်ပေးလိုက်လေ၏။ နားအကော်ခံသူလည်း ကျေနပ်စွာနှင့် ငွေမတ်စေ့ကလေးတစ်စေ့ကို ထုတ်၍ ပေးလေ၏။ နားကော်သော ကသည်းက ဆလံပေးလိုက်လေ၏။
ကျွန်ုပ်လည်း နားအကော်ခံရန်အတွက် နေရာမှထ ကာ ကသည်းထံသို့ သွားလေ၏။
“နားကော်မယ်ကွာ။ နာတော့ မနာပါစေနဲ့”
ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
“ထိုင်ပါအစ်ကိုကြီး၊ လုံးဝမနာစေရပါဘူး။ စိတ်ချပါ မျက်စိမှာအဆုံး နားမှာအရှုံးလို့ ဆိုထားတယ်မဟုတ်လား။ ဒီတော့ ကျွန်ုပ်တို့လို နားကော်တဲ့ လူတွေဟာ သိပ်ပြီးဂရုစိုက်ရပါတယ်။ ကျွန်တော် တို့ကြောင့် နာကျင်ထိခိုက်မှုမရှိအောင် ဂရုစိုက်ရ ပါတယ် ခင်ဗျာ”
ဟုနားကော်သော ကသည်းက ယဉ်ကျေးသိမ်မွေ့စွာ ပြော၏။ နားကော်သော ကသည်းသည် ယဉ်ကျေးသောစကားကို ဆိုနိုင်ရုံမျှမက သူ၏အသံမှာ လွန်စွာဆွဲဆောင်နိုင်သော အသံမျိုးဖြစ်ပေသည်။ သံလိုက်ဓာတ်ပါရှိသောအသံဟု ဆိုနိုင်၏။
ကျွန်ုပ်သည် နားကော်သောကသည်း၏ ထူးခြားသော အသံကြောင့် သူ၏မျက်နှာကို သေချာစွာကြည့်လိုက်မိ၏။မျက်နှာသွယ်၏။ မျက်လုံးမျက်ဖန်ကောင်း၏။ နှာတံ ပေါ်၏။ ဆံပင်မျက်ခုံးမျက်တောင်တို့ နက်မှောင်၏။ မျက်လုံး မှာလည်း အရောင်တဖျပ်ဖျပ်လက်နေ၏။အမှန်စင်စစ် နဖားချေးကော်သော ကသည်းကား အရပ်အမောင်းကောင်းသော လူချောလှလှတစ်ဦး ဖြစ်ပေသည်။ အသက်မှာ ၃၀ခန့်ပင် ရှိပေဦးမည်။ အဝတ်အစားများ မှာလည်း အဖိုးထိုက်၊ အဖိုးတန် မဟုတ်သော်လည်း သန့်ရှင်း ဖြူစင်အောင် လျှော်ဖွပ်ထားလေသည်။
“ကြွပါခင်ဗျာ။ ထိုင်ပါ။ လုံးဝ မနာစေရပါဘူး”
ဟု နဖာချေးကော်သော ကသည်းက ပြောလိုက်သဖြင့် ကျွန်ုပ်လည်း ခွေးခြေပေါ်၌ ထိုင်လိုက်လေ၏။
ကသည်းလည်း ကျွန်ုပ်၏နားကို စတင်၍ ကလော် လေ၏။ ဝါဂွမ်းကဲ့သို့နူးညံ့သော သူ့လက်ချောင်းများဖြင့် ကျွန်ုပ် ၏နားရွက်များကို ကိုင်တွယ်၍ သိမ်မွေ့နူးညံ့စွာ ကော်လေ၏။
“ကျွန်တော်တို့ မြန်မာစကားမှာ နားနဲ့မနာ၊ ဖဝါးနဲ့နာ၊ ဗူးလုံးနားမထွင်း၊ နားမှလေသံမကြားချင်၊ ပြန်မပြော နားမထောင်၊ နားပင်းကိုးကန်း၊ ရွှေနားတော်လော်၊ စိန်နားကပ်အရောင်နဲ့ ပါးပြောင်၊ မျက်စိကြီးနားကြီး စတဲ့ နားနဲ့ပတ် သက်တဲ့ ဆိုရိုးစကားတွေ အများကြီးရှိပါတယ်။ ဒါကိုထောက်ရင် မြန်မာလူမျိုးဟာ နားအပေါ်မှာ စိတ်ဝင်စားခဲ့တယ်လို့ ခန့်မှန်းနိုင်ပါတယ်”
ဟု နားကော်သောကသည်းက ကျွန်ုပ်အား ပြောလေသည်။
“ဟုတ်တယ်ကွ၊ မြန်မာလူမျိုးဟာ နားကို စိတ်ဝင်စားခဲ့တယ်။ ငါကတော့ နားကော်တဲ့မင်းကို ပိုပြီးစိတ်ဝင်စားနေတယ်”
ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
“ဘာဖြစ်လို့လဲခင်ဗျ”
“မင်းဟာ.. ငါတွေ့ဖူးတဲ့ ယောက်ျားထဲမှာ အချောဆုံး၊ အလှဆုံးတစ်ယောက်ပဲကွ။ မင်း ရဲ့ ရုပ်၊ မင်းရဲ့ အသံ၊ မင်းရဲ့ အရပ်အမောင်းနဲ့ ဘိုင်စကုတ်မင်းသားသာလုပ်လိုက်ရရင် အခုရှိတဲ့ မင်းသားတွေ ထမင်းငတ်ကုန်လိမ့်မယ်ထင် တယ်။ ဟား… ဟား”
“တစ်ခါက အလွန်အင်မတန် နဖာချေးထူတဲ့ ဖလင်ဒါရိုက်တာတစ်ယောက် ကျွန်တော့်ဆီလာပြီး နဖာချေးကော်ရင်း ကျွန်တော့်ကို မင်းသားလုပ်ဖို့ ပြောဖူးပါတယ်။ ကျွန်တော် လက်မခံခဲ့ ပါဘူး။ သူက မကျေနပ်လို့ ကုမ္ပဏီပိုင်ရှင်ကိုပါ ခေါ်လာပြီး ပြောပါသေးတယ်”
“ကိုယ့်လူက ဘာဖြစ်လို့ မင်းသားအလုပ်ကို လက်မခံလိုက်တာလဲ”
“နဖာချေးကော်တဲ့အလုပ်ကလွဲပြီး ဘယ်အလုပ် ကိုမှမလုပ်ဘူးလို့ သစ္စာဆိုထားလို့ပါ”
“အောင်မလေးကိုယ့်လူရာ။ ဘာဖြစ်လို့များ အဲဒါကို သစ္စာဆိုထားရတာလဲ။ အံ့ရော.. အံ့ရော။ တကယ်ကို လူထူးလူဆန်းပါပဲလား”
“ဟုတ်ပါတယ်။ ထူးဆန်းတယ်လို့ ထင်ချင်ထင်ပါ။ ဒီတစ်သက်မှာတော့ ကျွန်တော်ဟာ နဖာချေးကော်တဲ့အလုပ်ကလွဲပြီး ဘယ်အလုပ်ကိုမှ လုပ်မှာမဟုတ်တော့ပါဘူး”
“အင်း.. ငါတွေ့လိုက်ရရင် လူထူးလူဆန်းချည်းပဲ။ နေစမ်းပါဦး ကိုယ့်လူ။ ဒီနေရာမှာ အမြဲတမ်းရှိမလား။ နားလေးဘာလေးယားရင် လာရ အောင်လို့ပါ”
ဟု ကျွန်ုပ်က ပြောလိုက်၏။
“တစ်ခါတလေ မလာဘူးခင်ဗျ။ စာဖတ်ချင်တဲ့ နေ့ဆိုရင် အိမ်မှာပဲနေတယ်။ မလာဘူးခင်ဗျ”
ဟု နားဖာချေးကော်သော လူချောကလေးက ပြန်၍ ပြောလိုက်လေ၏။
“နေစမ်းပါဦး။ အလုပ်မလာဘဲ အိမ်မှာ ဘာစာတွေများဖတ်သလဲကွယ့်”
“ကျွန်တော်က ရာဇဝင်ဘက်ကို စိတ်ဝင်စားတော့ ရာဇဝင်စာအုပ်ကလေးဘာလေး ဖတ်တယ်ခင်ဗျ”
“ရာဇဝင်တော့ ကျုပ်လည်း လေ့လာဖူးပါတယ် ဟဲ.. ဟဲ..။ အနော်ရထာမင်းစောကနေ သီပေါအထိတော့ မေးချင်တဲ့ခေတ်ကို မေးလိုက် အခုထိတောင် အလွတ်ရနေတုန်းပါပဲ”
ဟု ကျွန်ုပ်က နားဖာချေးကော်သော ကသည်းလေး အပေါ်၌ အခြောက်တိုက် ကြွားလုံးထုတ်လိုက်လေ၏။
“ဓညဝတီမြို့ ကံရာဇာမင်းကြီး မင်းကအစပြု ပြီး ၅၃ ဆက်သော ရခိုင်မင်းဆက်ကို အလွတ်ဆို ပြနိုင်ရင်တော့ မိတ်ဆွေရဲ့ အိမ်မှာ ကျွန်ခံပါ့မယ်”
ဟု နားဖာချေးကော်သော လူချောကလေးက စိန်ခေါ် လိုက်လေ၏။
“ဟဲ.. ဟဲ.. ဒါက ရခိုင်ရာဇဝင်ကို မေးတာ ကိုး။ ဒါတော့မသိပါဘူး။ ဝန်ခံပါတယ်”
ဟု ကျွန်ုပ်က ဝန်ခံလိုက်ရ၏။
“မလာရုမင်းအစ မင်းလှငယ် ပြောစည်သူအထိ ၅၅ ဆက်သော ပထမရက္ခာပူရတိုင်းမှာ စိုးစံခဲ့ ကြတဲ့ မင်းဆက်တွေကို အလွတ်ရွတ်နိုင်ရင် ကျွန်တော့်ရဲ့ မျက်လုံးတစ်ဖက်ကို ဖောက်ပြမယ်”
ဟု နားဖာချေးကော်သော ကသည်းက စိန်ခေါ်ပြန်သည်။
“ဟဲ.. ဟဲ.. ဒါလည်းမရဘူး”
“ဝေသာလီမင်းဆက် ၁၁ဆက် ဖြစ်တဲ့ မဟာ သုရိယစန္ဒာမင်းကအစ ပဲဖြူမင်းအထိ အလွတ် ရွတ်ပြနိုင်ရင် ကျွန်တော်က လျှာကိုဖြတ်ပေးပါ့မယ်”
“ဟဲ.. ဟဲ.. ဒါလည်းမသိပါဘူး”
“မြောက်ဦးမြို့တည် စောမွန်ကြီးမင်းက စပြီး မဟာသမတရာဇာအထိ ၄၇ဆက်သော မြောက်ဦး မင်းဆက်ကို အလွတ်ရွတ်ဆိုပြနိုင်ရင် ကျွန်တော် က သေပြပါ့မယ်”
“ဟဲ . ဟဲ.. ဒါလည်းမသိပါဘူး။ ကျုပ်က နည်း နည်းပါးပါးသိတာပါ”
ဟု ကျွန်ုပ်က လျှောချလိုက်ရလေ၏။
“နည်းနည်းပါးပါး သိရုံနဲ့တော့ မပြောပါနဲ့။ မြန်မာရာဇဝင်ဆိုတာ အနော်ရထာမင်းကိုသိရုံ နဲ့ မပြီးသေးပါဘူး။ ရခိုင်မင်းဆက်တွေ၊ မွန်မင်းဆက်တွေပြီးတော့ တခြားခေတ်ပြိုင်မင်းဆက် တွေကိုပါ သိဖို့လိုပါတယ်။ အဲဒါတွေကို မသိဘဲနဲ့တော့ ရာဇဝင်သိပြီလို့ မပြောပါနဲ့ခင်ဗျာ”
“နေပါဦး ကိုယ့်လူက ဒါတွေကို ဘာဖြစ်လို့ လေ့လာထားရတာလဲ။ အံ့စရာပါပဲ”
ဟု ကျွန်ုပ်က ပြောမိလေ၏။
“ကျွန်တော့်ကို စိတ်ဝင်စားရုံနဲ့တော့ မလာပါနဲ့။ ရာဇဝင်ကို စိတ်ဝင်စားရင်တော့ လာခဲ့ပါ။ ဒီမှာ မတွေ့ရင် အိမ်ကိုလာခဲ့ပါ။ ကန်တော်ကြီးနားက အရိုးကုန်းဆိုတဲ့ရပ်ကွက် လမ်းကျယ်မှာနေပါတယ်။ ကျွန်တော့်အိမ်ရှေ့မှာ ကြက်ဆူပင်တွေ စိုက်ထားပါတယ်။ အိမ်နံပါတ်ကိုတောင် ကြည့်ဖို့ မလိုဘဲ အလွယ်ကလေး ရှာတွေ့နိုင်ပါတယ်”
ဟု နားဖာချေးကော်သော ကသည်းလူချောကလေး က ဖိတ်မန္တကပြုလိုက်လေ၏။
ကျွန်ုပ်လည်း ပိုက်ဆံတစ်မတ်ကိုပေး၍ လူချောလူလှ ကလေးထံမှ ထွက်လာခဲ့လေတော့၏။
ကသည်းလူချောကလေးနှင့်တွေ့ဆုံပြီး တစ်လခန့်ကြာ သောအခါ၌ ဆန်းလိုက်ဆပ်ပြာကုမ္ပဏီမှ ကျွန်ုပ်အား ကြော်ငြာ ပန်းချီကားတစ်ချပ်ကို ငွေနှစ်ထောင်ပေး၍ အပ်လေ၏။
ပန်းချီဆရာကြီး ဦးဘဉာဏ်ကိုလည်း ထိုကုမ္ပဏီမှ ပန်းချီကားအမြောက်အမြား အပ်နှံခဲ့လေသည်။
ကျွန်ုပ်ထံ အပ်နှံသော ပန်းချီကားမှာ ဆီဆေးပန်းချီ ကားဖြစ်၍ ရေးဆွဲရမည့်အကြောင်းအရာမှာ ရခိုင်မင်းသမီး တစ်ပါး ဆန်းလိုက်ဆပ်ပြာကို အသုံးပြု၍ ရေချိုးနေပုံဖြစ်၏။
ထိုပန်းချီကားကို စစ်တွေမြို့ နာရီစင်အနီး၌ ချိတ်ဆွဲ မည်ဟုသိရသည်။
ကျွန်ုပ်သည် ရခိုင်မင်းသမီး၏ ဝတ်စားဆင်ယင်ပုံကို မသိ၍ ပန်းချီရေးဆွဲရန် အခက်အခဲတွေ့ရလေတော့၏။ ထိုအချိန်၌ ရာဇဝင်ကို နိုင်နင်းလှသော ကသည်း လူချောကလေးအား သတိရမိသဖြင့် ဗန္ဓုလပန်းခြံထောင့်သို့ သွားရောက်ခဲ့ရလေ၏။
သို့ရာတွင် ဗန္ဓုလပန်းခြံထောင့်ခရေပင်ကြီးအောက်၌ နဖာချေးကော်သော လူချောကလေးကို မတွေ့ရသဖြင့်...
“ဧကန္တ ဒီကောင်တော့ အိမ်မှာ ရာဇဝင်စာအုပ်ဖတ် နေမှာပဲ”
ဟု စိတ်၌ တွေးထင်မိသဖြင့် အရိုးကုန်းလမ်းကျယ်သို့ တက္ကစီကားတစ်စီး ငှားရမ်း၍ သွားရောက်ခဲ့ရလေ၏။
လမ်းထိပ်သို့အရောက်တွင် တက္ကစီကားပေါ်မှ ဆင်းခဲ့ပြီးနောက် ခြံရှေ့၌ ကြက်ဆူပင်အမြောက်အမြားစိုက်ထားသော အိမ်ကို ရှာဖွေခဲ့ရာ မြူနီစီပါယ်စာသင်ကျောင်းကလေးအလွန်၌ တွေ့ရ လေတော့၏။
ကျွန်ုပ်သည် ခြံအတွင်း၌ ခွေးရှိမရှိ လေ့လာကြည့်ရှု ပြီးနောက် ခြံတွင်းသို့ ဝင်ခဲ့လေ၏။ ထို့နောက် အိမ်ပေါ်သို့တက် ခဲ့လေ၏။
ပြောင်လက်အောင်တိုက်၍ထားသော ကြမ်းပြင်ပေါ် ၌ စာအုပ်များနှင့် အလုပ်ရှုပ်လျက်ရှိသော လူချောကလေးကို တွေ့ရလေ၏။ အိမ်မှာ လွန်စွာမကျယ်သော်လည်း လွန်စွာ သပ်ရပ်လှပေသည်။ အိမ်ရှေ့ပိုင်းတစ်ပိုင်းလုံး၌လည်း စာအုပ် များနှင့် ပြည့်ကျပ်လျက်ရှိပေသည်။
ကျွန်ုပ်၏ မျက်စိသည် ခန်းဆီးနံရံဆီသို့ ရောက်၍သွားပြန်၏။ ခေါင်းဆောင်းဦးထုပ်ပြားကိုဆောင်းလျက် ကြက်သွေးရောင်နီနီရဲရဲ အနားသတ်များပါသော ဘွဲ့ဝတ်စုံနက်ကြီး ကို ခြုံထားသည့် နဖားချေးကလော်သော လူချောကလေး၏ ပုံတူဆီဆေး ပန်းချီကားကြီးကို တွေ့ရလေ၏။
နားသယ်စတွင် ကျလျက်ရှိသော ဆံပင်ကလေးများမှာ လေတိုက်လျှင် လှုပ်၍ သွားမည်လားဟု ထင်မှတ်ဖွယ်ရာ ရှိလေ၏။ ဘွဲ့ဝတ်စုံမှာလည်း ကိုင်၍ပင်ရမည့်ကဲ့သို့ တူလှပေသည်။ ဘွဲ့ဝတ်စုံ၏ အနားကွပ်ပေါ်၌လည်း အရောင်များကျနေပုံမှာ လွန်စွာကောင်းလှပေသည်။ အောက်ခံအင်္ကျီပေါ်တွင်တပ်၍ထားသော ကြယ်သီးကလေးကို ရေးသားပုံမှာလည်း လွန်စွာပညာပါလှ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကသည်းလူချောကလေးကို မေ့လျော့ကာ ပန်းချီကားအနီးသို့ တိုးကပ်၍ သွားရောက်ကြည့်ရှုမိလေ၏။
ကြယ်သီးကလေးတစ်လုံးပေါ်၌ပင် အရောင်ပေါင်း (၁၁)ရောင်ထက် မနည်းသွင်း၍ထားလေ၏။
လူငယ်၏မျက်နှာ နှင့်လည်း လွန်စွာတူလှ၏။
ထို့ကြောင့် ပန်းချီဆရာ၏လက်မှတ်ကို ဖတ်ကြည့်ရာ ဖတ်၍မရဘဲရှိလေ၏။ သို့ရာတွင် အောက်၌ ရေးသားထားသော “အောက်စဖို့” ဟူသည့် စာကိုမူ ကောင်းစွာ ဖတ်နိုင်ပေသည်။
“ဪ.. မိတ်ဆွေက ရာဇဝင်ကိုသာ မဟုတ်ဘဲ၊ ပန်းချီကိုလည်း စိတ်ဝင်စားတယ်လား ခင်ဗျ”
ဟု စာအုပ်များနှင့် အလုပ်ရှုပ်လျက်ရှိသော လူငယ် က ကျွန်ုပ်အား နှုတ်ဆက်လိုက်လေ၏။
“ကျုပ်က ပန်းချီဆရာပါ။ ဒီပန်းချီက တယ်ပြီး ကောင်းပါလား၊ နိုင်ငံခြားလက်ရာပေါ့နော်”
ဟု ကျွန်ုပ်က လူငယ်အား မေးလိုက်လေ၏။
“မဟုတ်ပါဘူး ကျုပ်ရဲ့ မိတ်ဆွေ ဘိုးသူတော်ကြီး ဆွဲပေးလိုက်တာပါ လက်မှတ်ထိုးတာက “ပန်းချီ ပုလိပ်” လို့ လက်မှတ်ထိုးတာ ဟား.. ဟား”
ဟု လူငယ်က ကျွန်ုပ်ကို ရှင်းပြလေ၏။
“ဒီပုံက ကိုယ့်လူ”
“ဟုတ်ပါတယ်။ ကျွန်တော် အောက်စဖို့ ယူနီ ဗာစတီမှာ အမ်အေဘွဲ့ယူတုန်းကပုံကို ရေးထားတာပါ။ မူရင်းဓာတ်ပုံက ဟိုမှာပါ”
ဟု အခန်းထောင့်၌ ချိတ်ဆွဲထားသော ဓာတ်ပုံကို ပြလေ၏။
ကျွန်ုပ်သည် လူငယ်၏ပုံတူကို ရေးဆွဲသွားသူမှာ ဘိုးသူတော်ကြီးဟု သိရလျှင် လွန်စွာ အံ့ဩ၍သွားလေ၏။ ကျွန်ုပ်၏စိတ်၌လည်း
“ငါ့ကို ဒုက္ခပေးသွားတဲ့ ဘိုးသူတော်ကြီး ဖြစ်မှာဘဲ”
ဟု ထင်မှတ်လိုက်ပြီး ဖြစ်နေ၏။ ကျွန်ုပ်၏နား၌ လည်း ဘိုးသူတော်ကြီး၏ ကြေးစည်သံကိုပါ ပြန်လည်ကြား ယောင်မိသည့်အလျောက် ကြက်သီးထမိလေတော့၏။
ကျွန်ုပ်သည် ဘိုးသူတော်ကြီးအား ကြောက်ရွံ့သော် လည်း သူ၏ပန်းချီလက်ရာမှာ ပြောင်မြောက်လွန်းသဖြင့် ကြည့်၍မ၀နိုင်အောင် ရှိလေတော့၏။ (ပို့ထရိတ်) ခေါ် ပုံတူ ရေးခြင်း၌ ကျွမ်းကျင်လှပါပေသည်ဟုလည်း စိတ်တွင်းမှ ချီးကျူး မိလေ၏။
ကျွန်ုပ်သည် ထိုပန်းချီပုံတူကိုကြည့်၍ အရောင်သွင်း ပုံများကို အတုခိုးနေမိလေ၏။
ထို့နောက် ကျွန်ုပ်သည် ကသည်းလူချောကလေး အနီး၌ ဝင်၍ထိုင်လိုက်မိလေ၏။ လူချောကလေးလည်း သူ၏ အနီး၌ ပြန့်ကြဲလျက်ရှိသော စာအုပ်များကို အနည်းငယ် သိမ်း ဆည်းလိုက်လေ၏။
ကျွန်ုပ်သည် ရာဇဝင်ဘက်၌ လွန်စွာခေါက်မိသော လူချောကလေးအား မိမိလာရင်းကိစ္စကို ပြောမည်ဟု ဟန်ပြင် လိုက်သည့်တခဏ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ထူးဆန်းသောအရာကိုတွေ့သဖြင့် မပြောဖြစ်သေးဘဲ ထိုအရာကို ကြည့် မိပြန်၏။
အိမ်၏ခေါင်းရင်းဘက်တွင် လွန်စွာသပ်ရပ်သော ကျွန်းဖြင့်ပြုလုပ်ထားသော စားပွဲကလေးပေါ်၌ လွန်စွာလှပသော ကြေးဝါရောင်ကလပ်ကလေးတစ်ခုတင်၍ ထားလေ၏။ ထိုကလပ်ကလေးအပေါ်၌ကား စီးကရက်သံဘူးအလွတ်တစ်လုံး ရှိ၏။ ထိုသံဘူး၌ကား နဖားချေးကလော်သည့် သံချွန်၊ နားကြပ်တောင်၊ ဇာကနာ၊ ဝါဂွမ်းစ၊ ဝါးချွန် စသော နဖာချေးကော် သူတို့ကိုင်ဆောင်သည့် ပစ္စည်းများ စိုက်ထူ၍ထားလေ၏။
မိမိ၏အသက်မွေးဝမ်းကျောင်းပစ္စည်းကို ဤမျှအထိ မွန်မွန်မြတ်မြတ်ထားသော လူငယ်၏စိတ်ဓာတ်ကို ကျွန်ုပ်သည် ကျိတ်၍ ချီးကျူးမိလေ၏။
ကျွန်ုပ်သည် ထိုပစ္စည်းများကို ဂရုစိုက်၍ ကြည့်နေမိ သည့်အဖြစ်ကို လူချောကလေးသည် သတိပြုမိပုံရပေသည်။ ထို့ကြောင့် ကျွန်ုပ်က စကားစလိုက်လေ၏။
“ကလပ်ကလေးကဖြင့် တယ်လည်းလှပါလား။ အမြဲတမ်း တိုက်ချွတ်ထားတယ် မှတ်တယ်။ အရောင်က ဝင်းနေတာပဲ”
“ရွှေကလပ်လေ”
“ရွှေကလပ် ဟုတ်လား”
“ဟုတ်ပါတယ်။ ကျွန်တော့်မိတ်ဆွေ ဘိုးသူတော် ကြီးကိုယ်တိုင် လုပ်ပေးသွားတဲ့ ရွှေကလပ်ပါ”
“ဪ.. ဘိုးသူတော်ကြီးက ပန်းထိမ်လည်း တတ်တယ်ကိုး”
“တတ်ပြီလားဗျာ။ ပန်းထိမ်အတတ်မှာလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်တယ်ဗျို့”
“နေစမ်းပါဦး ကိုယ့်လူရယ်။ အောက်စဖို့ယူနီဗာ စတီမှာ အမ်အေ အောင်ခဲ့ပြီး ဘာဖြစ်လို့ နားကော်တဲ့အလုပ်ကို လုပ်နေရတာလဲ”
“မပြောပါရစေနဲ့ မိတ်ဆွေ။ ဒါနဲ့ တစ်ဦးနဲ့ တစ်ဦး မိတ်ဆွေရယ်လို့ ဖြစ်လာပြီဆိုတော့ နာမည်ကလေးတော့ သိထားမှဖြစ်မယ်”
ဟု ကသည်းလူချောကလေးက ယဉ်ကျေးသိမ်မွေ့စွာ ပြောလေ၏။
“ဟုတ်တာပေါ့ ကျုပ်နာမည်က သက်နှင်းလို့ ခေါ် ပါတယ်။ အလုပ်အကိုင်ကတော့ ပန်းချီဆရာပါ”
ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
“ပန်းချီဆရာဆိုတော့ ဘိုးသူတော်ကြီးကို သတိရတယ်ဗျာ”
ဟု လူချောကလေးက ပြောလိုက်လေ၏။
ကျွန်ုပ်သည် ဘိုးသူတော်ကြီးနှင့် တွေ့ကြုံဖူးကြောင်း ကိုလူချောကလေးအား မပြောဘဲ မြုံ၍နေမိလေ၏။ လူချော ကလေးထံမှ ဘိုးသူတော်ကြီး၏ အတ္ထုပ္ပတ္တိကို သိနိုင်ပေမည်။ သို့မဟုတ် ကျွန်ုပ် လွန်စွာသိချင်လှသော “သေမင်းနိုင်ငံ” ၏ အကြောင်းကိုလည်း သိရှိခွင့်ရလိမ့်မည်ဟု မျှော်လင့်ထားပေသည်။
“ကျွန်တော့်နာမည်က မျိုးမြင့်လို့ခေါ်ပါတယ်”
ဟု လူချောကလေးက ပြုံး၍ပြောလေ၏။
“စောစောကကျုပ်မေးတာကိုဖြေပါဦး မောင်မျိုးမြင့်”
ဟု ကျွန်ုပ်က သတိပေးလိုက်လေ၏။
“မပြောပါရစေနဲ့ ခင်ဗျာ”
“ဟာဗျာ.. တစ်ဦးနဲ့တစ်ဦး မိတ်ဆွေရယ်လို့ ဖြစ်လာရင် ထိန်ချန်ထားရမယ့်ကိစ္စရယ်လို့ မရှိသင့်ပါဘူးဗျာ”
“ဒီကိစ္စက သိပ်ပြီးလေးနက်တယ်ဗျ။ သည်ကင်းဒန်းအော့ဖ်ဒက်လို့ခေါ်တဲ့ သေမင်းနိုင်ငံဆိုတဲ့ အကြောင်းကလည်း ပါနေလေတော့ ပြောဖို့ မလွယ်ဘူးဗျ။ အန္တရာယ်များတယ်”
“ဟင်.. သေမင်းနိုင်ငံအကြောင်း ဟုတ်လား။ သိချင်လိုက်တာ မောင်မျိုးမြင့်ရယ်”
ကျွန်ုပ်သည် လာရင်းကိစ္စဖြစ် သော ရခိုင်မင်းသမီး၏ ဝတ်စားဆင်ယင်ပုံကို မေးမြန်းရန်ဟူသောအချက်ကို မေ့လျော့လျက် အောက်စဖို့ဒ်ယူနီဗာစတီ၌ အမ်အေအောင်ခဲ့ပါလျက် လမ်းဘေး၌ နဖားချေးကလော်သောအလုပ်ကို မြတ်နိုးစွာ လုပ် ကိုင်လျက်ရှိသော မောင်မျိုးမြင့်၏အကြောင်းကို စိတ်ဝင်စား လျက်ရှိပေသည်။
“လာရင်းကိစ္စသာပြောပါ။ မိတ်ဆွေကြီးခင်ဗျာ”
ဟု မောင်မျိုးမြင့်က ပြောလေ၏။
“လာရင်းကိစ္စကတော့ ဆန်းလိုက်ဆပ်ပြာကုမ္ပဏီက ကျုပ်ကို ဆီဆေးပန်းချီကားတစ်ချပ်ရေးဖို့ အလုပ်အပ်ထားတယ်။ ရေးရမှာက ရခိုင်မင်းသမီးရေချိုးနေတဲ့ပုံ၊ အဲဒီမှာ ရခိုင်မင်းသမီးရဲ့ ဝတ်စားဆင်ယင်ပုံကို ကျုပ်က မသိလို့ ကိုယ့်လူ ဆီမှာ လာပြီးမေးတာပါ”
“ရပါတယ် ကျွန်တော်ပြောပြပါ့မယ်”
မောင်မျိုးမြင့်သည် ရခိုင်မင်းသမီးဝတ်စားဆင်ယင်ပုံ အသေးစိတ်ကို ပြောပြလေ၏။ ထိုသို့ ပြောပြသည့်အထဲတွင် ဆံထုံး၌ တပ်ဆင်လေ့ရှိသော ဆံထိုးကလေးအကြောင်း ပါရှိ လေ၏။
ထိုဆံထိုးကလေး၏ပုံကိုလည်း မောင်မျိုးမြင့်ပုံဆွဲပြ လေ၏။ မောင်မျိုးမြင့်ရေးဆွဲပြသောပုံမှာ ပလ္လင်၏နောက်တွင် ရှိသော “တက်” နှင့် ခပ်ဆင်ဆင်တူသည်ဟု ကျွန်ုပ် သတိပြုမိပါသည်။
“အဲဒီပုံစံကလေးဟာ သီရိဝစ္ဆ လို့ခေါ်တယ်။ သီရိဆိုတာက ရှရီလို့ အဓိပ္ပာယ်ရတယ်။ ရှရီ နတ်သမီး ဝဏ္ဏကတော့ ဝတ္ထပေါ့ဗျာ။ မြတ်နိုးဖွယ် ရာလို့ အဓိပ္ပာယ်ရတယ်။ ဒါပေမယ့် သီရိဝစ္ဆဆိုတာ ကျက်သရေမင်္ဂလာအပေါင်း ကိန်းအောင်းရာဌာနလို့ အဓိပ္ပာယ်ပြန်ရပါတယ်။ ဗိဿနိုးနတ်မင်းကြီးရဲ့ ကြင်ယာ လက်ချမီး နတ်သမီးရဲ့ အမည်ဟာလည်း သီရိဝစ္ဆပါပဲ။ အဲဒီနတ်သမီးရဲ့ ဂုဏ်ကိုလည်း ခေါ်တာဖြစ်တယ်။ ပျူဒင်္ဂါးတွေမှာလည်း အဲဒီပုံဟာ ပါလေ့ ရှိပါတယ်။ သီရိဝစ္ဆပုံအမျိုးမျိုးရှိတယ်။ အကြမ်းအားဖြင့် သုံးမျိုးသုံးစားခွဲခြားထားတယ်”
ဟုဆိုကာ သီရိဝစ္ဆပုံစံသုံးမျိုးကို ဒေသအလိုက်ခွဲခြား ၍ ရေးဆွဲပြလေ၏။
ထို့နောက် မောင်မျိုးမြင့်သည် အိမ်ထဲသို့ ပြန်ဝင်သွား ပြီးလျှင် ပန်းချီကားတစ်ချပ်ကိုကိုင်ကာ ပြန်ထွက်လာလေ၏။
“ဒီမှာ ကိုသက်နှင်း၊ ပန်းချီကားထဲက အမျိုးသမီးရဲ့ ခေါင်းမှာထိုးထားတဲ့ ဆံထိုးလေးဟာ သီရိဝစ္ဆဆံထိုးပေါ့”
ဟု ပြောလိုက်လေရာ ကျွန်ုပ်လည်း သူပြသည့် ပန်းချီကားအား သေသေချာချာကြည့်လိုက်မိလေ၏။ သို့ရာတွင် ကျွန်ုပ်သည် သီရိဝစ္ဆဆံထိုးလေးအပေါ်၌ စိတ်ဝင်စားခြင်းမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုပန်းချီကားမှ အမျိုးသမီး၏ မျက်နှာအား ကျွန်ုပ်သည် မြင်ဖူးသလိုလို ဖြစ်၍နေမိသောကြောင့်ပင်တည်း။ ထို့ပြင် ပန်းချီလက်ရာမှာလည်း လွန်စွာ အနုပညာမြောက်လှပေသည်။
“နေပါဦး မောင်မျိုးမြင့်၊ ဒါ ဘယ်သူ့ပုံလဲ”
ဟု ကျွန်ုပ်ကမေးမြန်းမိလေ၏။
“အလွန်တရာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံလေ။ ဘာဖြစ်လို့လဲ”
ဟု မောင်မျိုးမြင့်က ပြန်၍ပြောလေ၏။
ကျွန်ုပ်၏ စိတ်၌ရှမ်းပြည်နယ်တွင် ကျွန်ုပ်တွေ့ခဲ့ဖူး သော မြိုင်ဟေဝန်မင်းသမီးကလေးဟု ကျွန်ုပ်အမည်ပေးထား သည့် မိန်းကလေး၏ပုံဟု ယူဆနေမိလေ၏။
ထို့နေ့မှစ၍ ကျွန်ုပ်သည် အောက်စဖို့ဒ်ယူနီဗာစတီမှ မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးခဲ့ပြီးကာမှ လမ်းဘေးတွင် နဖာချေးကော်သောအလုပ်နှင့် အသက်မွေးနေသည့် လူထူးလူဆန်း ကလေး မောင်မျိုးမြင့်နှင့် ခင်မင်ရင်းနှီးခဲ့လေ၏။
ကျွန်ုပ်သည် ဆန်းလိုက်ဆပ်ပြာကုမ္ပဏီအတွက် ရခိုင် မင်းသမီး၏ပုံကို ရေးဆွဲနေသည့် ရက်များအတွင်း၌ မောင်မျိုး မြင့်ထံသို့ မကြာခဏ ရောက်ရှိခဲ့လေ၏။
ရောက်သည့်အခါတိုင်း၌လည်း မောင်မျိုးမြင့်၏ နောက်ကြောင်းရာဇဝင်ကို အားမနာတမ်း မေးမြန်းခဲ့လေ၏။ ထိုအချိန်က ကျွန်ုပ်အနေနှင့် စိတ်အဝင်စားဆုံးအကြောင်း အရာမှာ မောင်မျိုးမြင့်၏ နောက်ကြောင်းရာဇဝင်ပင် ဖြစ်ပေသည်။
တစ်နေ့သ၌ မောင်မျိုးမြင့်အား ကျွန်ုပ်က...
“ဇာတိက ဘယ်ကလဲ”
ဟု မေးမြန်းရာ မောင်မျိုးမြင့်က...
“မိတ်ဆွေကြီးက ကျုပ်အကြောင်းကို တယ်ပြီး စိတ်ဝင်စားနေတာကိုး”
ဟု ပြောလေ၏။
“ဟုတ်ပါတယ် မောင်မျိုးမြင့်”
“သိပ်ပြီး စိတ်ဝင်စားနေရင်တော့ ဟောဒါကို ဖတ်ပေတော့”
ဟု ဆိုကာ ကျွန်ုပ်၏ လက်အတွင်းသို့ အနီရောင် ပိတ်စတစ်စနှင့် ထုပ်ပတ်ထားသော အထုပ်တစ်ထုပ်ကို ပေးလေ၏။
“အိမ်ကိုသွားပါ။ အိမ်ကျတော့မှ အေးအေး ဆေးဆေးဖတ်”
ဟု မောင်မျိုးမြင့်က ပြောလေ၏။
ကျွန်ုပ်လည်း အားရဝမ်းသာနှင့်ပင် အထုပ်ကြီးကို ပိုက်၍ အိမ်သို့ ပြန်လာခဲ့လေ၏။
အိမ်သို့ရောက်လျှင် ပိတ်စအနီကြီးကို ဖြေလိုက်ရာ စာရွက်များကို တွေ့ရလေ၏။ ထိုစာရွက်တို့၏အပေါ်ဆုံး၌…
“မြိုင်ဟေဝန်”
ဟူသော စာတန်းကို မင်နီဖြင့် ရေးသား ထားလေ၏။ ကျွန်ုပ်သည် ကသည်းလူချောကလေး ပေးလိုက်သည့် မြိုင်ဟေဝန်စာထုပ်ကြီးကို ဖတ်ရှုခဲ့ရာ၌ အံ့ဩခြင်း၊ ထိတ်လန့် ခြင်း၊ သံဝေဂရခြင်း၊ ကြည်နူးခြင်းစသော ဝေဒနာကို သူ့နေရာ နှင့်သူ အကွက်ကျကျ ခံစားခဲ့ရပေသည်။
( ယခုရေးသားဖော်ပြခဲ့သော အကြောင်းအရာတို့ကား မြိုင်ဟေဝန်ဝတ္ထု၏ နိဒါန်း၊ မြိုင်ဟေဝန်ဝတ္ထုရရှိခဲ့ပုံအကြောင်း အရာတို့သာ ဖြစ်ပေသည်။ ဤမှနေ၍ ရှေ့တွင်ရေးသား ဖော်ပြ လတ္တံ့သော အကြောင်းအရာတို့သာလျှင် မြိုင်ဟေဝန်ဝတ္ထုကြီး ဖြစ်ပေသတည်း။ )
စာရေးသူ
---
(အခန်း ၈ ဆက်ရန်)
#မင်းသိင်္ခ
#မြိုင်ဟေဝန်
#shared_by_louis_augustine
Comments
Post a Comment