မြိုင်ဟေဝန် (အခန်း ၈) // မင်းသိင်္ခ

မြိုင်ဟေဝန် (အခန်း ၈) // မင်းသိင်္ခ

---

နှုတ်ခမ်းမွေးနှင့်ကျွန်ုပ် ကျွန်ုပ်ငယ်စဉ်အခါက

ကျွန်ုပ်၏ဖခင်ဖြစ်သူ ဦးနက်ကျော်သည် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍ ပင်ပန်း ဆင်းရဲစွာ စီးပွားရှာခဲ့သည့်အဖြစ်ကို ကျွန်ုပ် ကောင်းစွာမှတ်မိ ပေသည်။ ကျွန်ုပ်၏ဖခင်သည် တစ်ခါတစ်ခါ ခရီးထွက်လျှင် နှစ်လသုံးလခန့် ကြာညောင်းတတ်ပေသည်။ သို့ရာတွင် ကျွန်ုပ် ၏ဖခင်သည် ရောက်ရှိရာမြို့တိုင်းမှနေ၍ မာကြောင်း၊ သာကြောင်းကို စာထည့်သည့်အပြင် ရှာဖွေ၍ရရှိသော ငွေတို့ကိုလည်း စာတိုက်မှ တင်၍ပို့တတ်လေ၏။

ကျွန်ုပ်၏မိခင်မှာမူ ဖခင်ပို့လိုက်သော ငွေများကိုစုဆောင်း၍ တိုးရင်းပွားပေးခြင်း၊ ရွှေပေါင်ခံခြင်း စသော ငွေကိုလူကမရှာရဘဲ ငွေကို ငွေချင်းရှာ၍ ခိုင်းသောအလုပ်ကို အိမ်မကွာ၊ ကျောင်းမကွာ လုပ်ကိုင်လေ၏။

ဖခင်ကြီးသည် ခရီးထွက်ရာမှ ပြန်၍လာသည့်အခါ တိုင်း၌လည်း ကျွန်ုပ်အတွက်ရော၊ ကျွန်ုပ်၏ မိခင်အတွက်ပါ အဝတ်အစားများ ဝယ်ယူလာတတ်ပေသည်။

ကျွန်ုပ်၏ ငယ်စဉ်ဘဝများ၌ ဖခင်ကြီး အိမ်သို့ပြန် လာသည့်နေ့များသည် အပျော်ဆုံးနေ့များဖြစ်တတ်ပေသည်။ ဖခင်ကြီးသည် အိမ်သို့ပြန်ရောက်သည့်အခါ၌...

“မယ်ဖော့ရေ၊ ရှင်မလည်း ပင်ပန်းလှပြီ။ အိမ်မှာ ကျုပ် ရှိတုန်း အနားယူလိုက်ပါဦး၊ ချက်ရေး၊ ပြုတ်ရေး မီးဖိုချောင်ကိစ္စကို ကျုပ်က တစ်လှည့် လုပ်ပါဦးမယ်”

ဟု ဆိုကာ ဇနီးဖြစ်သူအား အနားပေး၍ ၎င်းကိုယ် တိုင် မီးဖိုချောင်သို့ ဝင်လေ၏။
ကျွန်ုပ်၏ မိခင်ကြီးကမူ...

“မဟုတ်တာပဲ ကိုနက်ကျော်ရယ်။ ရှင့်မှာ ခရီး ထွက်ပြီး ပင်ပင်ပန်းပန်းအလုပ်လုပ်လာခဲ့ရတာ။ ရှင်က နားစမ်းပါဦး။ မီးဖိုချောင်ဆိုတာ ကျွန်မတို့ မိန်းမတွေ တာဝန်ပါရှင့်”

ဟု ပြောတတ်လေ၏။

“ထမင်းချက်တဲ့အလုပ်ကို မိန်းမတွေရဲ့ တာဝန်၊ အဝတ်လျှော်တဲ့အလုပ်ကို မိန်းမတွေရဲ့ တာဝန်၊ ကလေးမွေးတဲ့အလုပ်ကို မိန်းမတွေရဲ့ တာဝန်၊ ကလေးထိန်းတဲ့အလုပ်ကို မိန်းမတွေရဲ့တာဝန်၊ လင့်အလိုလိုက်ရတဲ့အလုပ်ကို မိန်းမတွေရဲ့ တာဝန်လို့ လှေနံဓားထစ်မှတ်ထားတဲ့ ယောက်ျား မျိုးမဟုတ်ဘူး ရှင်မရေ။ ကျုပ်က ကူပြီး လုပ်နိုင်တာတွေကို ကူညီပြီး လုပ်စမ်းပါရစေ။ ဟိုမှာ ကျုပ် ဝယ်လာတဲ့ ရွှေဘိုသနပ်ခါး၊ ရာဝင်အိုးတွေထဲမှာလည်း ရေအပြည့်ခပ်ပြီးပြီ။ ရေကို ဝအောင်ချိုး၊ ပြီးတော့ ရွှေဘိုသနပ်ခါးကလေးလူး။ ရှင်မရေချိုးနေတုန်း ကျုပ်ကသနပ်ခါးသွေး ပေးထားမယ်။ ရေချိုးပြီးရင် သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းပြီး ဟောဟိုမှာ တစ်ပြားတန် ရွှေဒင်္ဂါးဆေးပေါ့လိပ်ရှိတယ်။ အဲဒီ ဆေးပေါ့လိပ်ကြီးကို သောက်ပြီး အိမ်ဦးခန်းမှာ သူဌေးမကြီးလို ဆေးပေါ့လိပ်ကြီး မီးခိုးတထောင်းထောင်းနဲ့ နေစမ်းပါကွယ်”

ဟု ကျွန်ုပ်၏ဖခင် ဦးနက်ကျော်က ပြောတတ်လေ၏။

ထို့နောက် ဖခင်ကြီးသည် ဆိတ်သားကို ဒိန်ချဉ်နှင့် နယ်၍ ကြက်သွန်၊ ဂျင်း၊ ငရုတ်သီး သင့်တော်ရုံထည့်ကာ မဆလာနိုင်နိုင်နှင့် ဆိတ်သားဟင်းချက်တတ်၏။ ထမင်းကိုလည်း များသောအားဖြင့် ထောပတ်ထမင်းချက်တတ်၏။ ကြက်သွန်ချဉ်နှင့် ပဲနီလေးဟင်းချိုလည်း ပါတတ်မြဲဖြစ်၏။

အလုံးစုံချက်ပြုတ်ပြီးသည့်အခါ၌ ကြေးလင်ပန်းကြီး များ၌ ထောပတ်ထမင်းများကိုထည့်၍ ထမင်းပွဲပြင်လေ၏။ ဖခင်ကြီး၏အိမ်၌ ထမင်းစား စားပွဲမထားပေ။ ဖခင်ကြီးကိုယ်တိုင် နောက်ချေး (နွားချေး) တစ်ထပ်၊ ပြာတစ်ထပ်၊ ရွှံ့တစ်ထပ် ဖြင့် သေသပ်စွာပြုလုပ်ထားသော မြေကွက်လပ်၌ပင် မြက်ဖျာ ကလေးများခင်း၍ ထမင်းစားရမြဲဖြစ်၏။

ထမင်းပွဲပြင်ပြီးလျှင် ကျွန်ုပ်တို့သားအမိအား ခေါ်လေ၏။ ကျွန်ုပ်တို့သားအမိလည်း ကြေးလင်ပန်းတစ်ချပ်စီထည့်၍ ပေးထားသော ထောပတ်ထမင်းကို ဆိတ်သားဟင်း၊ ကြက်သွန်ချဉ်၊ ပဲဟင်းချိုတိုဖြင့် မြိန်ယှက်စွာ စားသောက်ကြလေ၏။

“ငါ့သား စားလို့ကောင်းရဲ့လား”

ဟု ဖခင်ကြီးက မေးတတ်၏။ ကျွန်ုပ်က...

“သိပ်ကောင်းတာပဲ”

ဟု ဖြေလျှင် ဖခင်ကြီးသည် လွန်စွာဝမ်းသာလေ၏။

“ဒါပေါ့ကွာ။ စားလို့မြိန်တော့ ဘယ်လောက်ပျော်စရာ ကောင်းသလဲ။ ပျော်ဖို့အတွက်တော့ အရက်သောက်ဖို့လည်း မလိုဘူး။ ဘိန်းရှူးဖို့ လည်းမလိုဘူး။ အခုလို မိသားစု ပျော်ပျော် ပါးပါး ထမင်းချက်စားရင်ကို ပျော်ပါတယ်ကွာ။ မဟုတ်ဘူးလား ရှင်မ”

ဟု မိခင်ကြီးကိုပါ မေးတတ်လေ၏။

“ဟုတ်ပါ့ရှင်”

ဟု မိခင်ကြီးကပြန်၍ဖြေလျှင် ကျွန်ုပ်၏ဖခင်သည် လွန်စွာပျော်ရွှင်လေတော့၏။

ထမင်းစားပြီးသည့်အခါ၌လည်း...

“ရှင်မတို့ ဘာတစ်ခုမျှ မဆေးကြောကြပါနဲ့။ လက်ဆေးပြီးသွားကြပါ”

ဟု ဖခင်ကြီးက ပြောလေ၏။ ကျွန်ုပ်၏ မိခင်က...

“မဟုတ်တာဘဲ ကိုနက်ကျော်ရယ်”

ဟုဆိုကာ လင်ပန်းများနှင့် ခွက်များကို ဆေးမည်ပြု လျှင် ဖခင်ကြီးသည် ...

“မလုပ်နဲ့.. မလုပ်နဲ့”

ဟု ဆိုကာ မိခင်၏လက်တွင်းမှ ကြေးလင်ပန်းကို လည်းကောင်း၊ ဟင်းခွက်ကိုလည်းကောင်း လုယူထားတတ်လေ၏။

ထို့ကြောင့် ကျွန်ုပ်ရော ကျွန်ုပ်၏မိခင်ကြီးပါ ကြေးလင်ပန်းများနှင့် ဟင်းပန်းကန်များကို မဆေးရဘဲ ထမင်းဝိုင်းမှ လက်ဆေးကာ ထ၍လာတတ်လေ၏။ဖခင်ကြီးမှာမူ ကျန်ရှိသော ထောပတ်ထမင်းနှင့်ဟင်း များကို အိုးလူး၍နယ်ဖတ်ကာ စားသောက်ရင်း...

“နက်ကျော်ကြီးက ကြိုးစားကော်၊ စီးပွားဖြစ်ဖို့ ရည်မျှော်၊ တို့မိသားစု တပျော်ပျော်၊ နက်ကျော် ကြီးက ကြိုးစားကော် ဟော်.. ဟော်… ဟော်”

ဟု သီချင်းကို အော်ဟစ်ဆိုကာ ထမင်းစားသော မြေ တလင်း၌ပင် အိပ်စက်လိုက်လေ၏။ အိပ်ရာမှနိုးသည့်အခါ၌ ကြေးလင်ပန်းနှင့် ဟင်းခွက်များကို ဆေးကြောလေ၏။

ဤသို့လျှင် ကျွန်ုပ်၏ဖခင်ကြီး ပြန်ရောက်လာသည့် အခါ၌ ကျွန်ုပ်တို့မိသားစုသည် တပျော်ပျော် တပြုံးပြုံး ရှိကြ လေတော့၏။

တစ်ခါ၌ ကျွန်ုပ်အား ကျွန်ုပ်ဖခင်ကြီးက...

“လူလေးလည်း လိုက်ခဲ့။ မြို့တွေအစုံ ရောက်ဖူးအောင်ပေါ့ သားရယ်” 

ဟုဆိုကာ ခရီးထွက်ရာ၌ ခေါ်၍သွားလေ၏။ ကျွန်ုပ်သည် ဖခင်ကြီးနှင့် လိုက်ပါရမည်ဖြစ်သဖြင့် လွန်စွာ ပျော်ရွှင်ခဲ့ လေသည်။

မြို့ကြီးတစ်မြို့သို့ရောက်လျှင် ဖခင်ကြီးသည် ဈေး အနီးသို့ ကျွန်ုပ်အား ခေါ်၍သွားကာ သူ၏အနီး၌ ထိုင်၍ ခိုင်းလေ၏။ ကျွန်ုပ်အား စာကလေးချေးဟု ခေါ်သော မုန့်တစ်မျိုးကို ဝယ်၍ကျွေးထား၏။ ကျွန်ုပ်လည်း မုန့်စားရင်း ဖခင်ကြီး၏ အရိပ်အခြည်ကို ကြည့်ရှုနေလေ၏။

ဖခင်ကြီးသည် သံဘူးကလေးကို ဇာကနာဖြင့် တထောက်ထောက်ခေါက်ရင်း တစ်စုံတစ်ယောက်ကို စောင့် မျှော်နေပုံရလေ၏။ တစ်အောင့်မျှကြာလျှင် လူတစ်ယောက်သည် ဖခင်ကြီးအနီးသို့ရောက်ရှိလာပြီးလျှင် ပလက်ဖောင်းအနီးရှိ အုတ်ခုံကလေးပေါ်၌ ထိုင်နေ၏။ 

ဖခင်ကြီးသည် ထိုသူ၏ နားအတွင်းသို့ သံချွန်ကလေးသွင်း၍ နဖားချေးများကို ကော်ယူ ၏။ ထို့နောက် ဘဲသတ္တဝါ၏ ချိုင်းမွှေးနုနုကလေးများဖြင့် ပြုလုပ်ထားသော နားကျပ်ကိရိယာကလေးဖြင့် ထိုသူ၏နားကို ကျပ်ပေးလေ၏။ ထိုသူသည် လွန်စွာစည်းစိမ်ရှိသည့်အလား မျက်တောင်ကလေး စင်း၍ နေလေ၏။ ထို့နောက် ထိုသူက ဖခင်ကြီးအား ပိုက်ဆံတစ်ပဲပေး၍ ထွက်သွားလေ၏။ (ယခုအခါ၌ နားကော်ခ တစ်ကျပ်ဖြစ်၍နေသည်။)

ဖခင်ကြီးထံတွင် တစ်ယောက်ပြီးတစ်ယောက် နားအကော်ခံကြလေ၏။ ဖခင်ကြီးမှာလည်း ပျော်တပြုံးပြုံးနှင့် ကော်၍ပေးနေသည်ကိုတွေ့ရလျှင် ဖခင်ကြီး မကြာခဏဆိုသော သီချင်းကို ကျွန်ုပ်သည် သတိရမိပြန်၏။

“နက်ကျော်ကြီးက ကြိုးစားကော်၊ စီးပွားဖြစ်ဖို့ ရည်မျှော်”

ဟူသော ဖခင်ကြီး၏သီချင်းမှာ လွန်စွာအဓိပ္ပာယ် ရှိကြောင်း ထိုအခါကျမှပင် ကျွန်ုပ်အနေနှင့် သဘောပေါက်မိ လေ၏။

ထမင်းစားချိန်မရောက်မီ၌ပင် လူပေါင်း ၁၆ ယောက် ၏နားကို ကော်၍ပြီးပြီဖြစ်သဖြင့် ကျွန်ုပ်၏ဖခင်ကြီးသည် ပိုက်ဆံများကိုကိုင်ကာ ပျော်ရွှင်နေလေ၏။
ကျွန်ုပ်က...။

“အဖေ.. အဖေ.. လူတွေဟာ တော်တော်ပဲ နားဖာချေးထူကြသလား”

ဟု မေးရာ ဖခင်ကြီးက ပြုံးလျက်...

“မဟုတ်ဘူးကွ။ နားဖာချေးများလို့ကော်ကြတာ မဟုတ်ဘူး။ နားယားလို့ ကော်ကြတာ။ ဟဲ.. ဟဲ အမှန်ကလည်း နားတကယ်ယားတဲ့လူ နည်းပါတယ်။ နားထဲကို ကလိပေးတော့ သိပ်ပြီးဇိပ် တွေ့တာကိုကွ။ အာရုံငါးပါးထဲမှာ အထိအတွေ့ အာရုံဟာ စွဲမက်စရာအကောင်းဆုံးဖြစ်တယ် ငါ့သား။ တကယ်လို့များ ငါ့သားမှာ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရရင် ဒီအချက်ကိုအသုံးပြုပြီး ထွက်ပေါက်ရှာပါ။ လူတွေကို အာရုံငါးပါးထဲက တစ်ပါးပါးနဲ့မျှားပြီး ငွေတောင်းရင် အခွင့်အရေးတောင်းရင် ရတယ် ငါ့သား။ ဥပမာ ခွေးကိုပဲ ဖြစ်ဖြစ်၊ ကြောင်ကိုပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ခေါင်းကို နဖူးနေရာလောက် လက်ကလေးနဲ့ ကုတ်ပေးကြည့်ပါက သူတို့ဟာ သိပ်ကိုသဘောကျပြီး မျက်စိကလေးမှေးနေလိမ့်မယ်။ မြွေလိုသတ္တဝါ မျိုးကတော့ သောတအာရုံကိုပိုပြီးနှစ်သက်တယ်။ ဒါကြောင့် သံစဉ်အလိုက် အတက်အကျမှန်မှန် နဲ့ ပုလွေမှုတ်ပြရင် မြွေဟာ ပါးပျဉ်းကြီးထောင်ပြီး သဘောကျနေပုံကိုပြတယ်။ အဲဒီအခါမှာ ပုလွေမှုတ်တဲ့လူက သံကြောင် မှုတ်လိုက်တာနဲ့ မြွေကစိတ်ဆိုးပြီး ပေါက်ချလိုက်တော့တာပဲ။ တိရစ္ဆာန်တွေမှာလည်း အနံ့ကိုသဘောကျတဲ့ တိရစ္ဆာန်၊ အသံကိုသဘောကျတဲ့ တိရစ္ဆာန်၊ အရသာကိုသဘောကျတဲ့ တိရစ္ဆာန်၊ အဆင်းကို သဘောကျတဲ့ တိရစ္ဆာန်ရယ်လို့ ရှိသလို လူမှာလည်း ရေမွှေးကိုသဘောကျတဲ့လူ၊ ဂီတသံကို သဘောကျတဲ့လူ၊ အထိအတွေ့ကိုသဘောကျ တဲ့လူရယ်လို့ ရှိတယ်။ ဒါတွေကို သိထားရင် လူတွေကို အသုံးချလို့ရပြီ လူလေး” 

ဟု ဖခင်ကြီးက ရှင်းပြလေ၏။

ထို့နောက် ကျွန်ုပ်၏ ဖခင်ကြီးသည် ကျွန်ုပ်အား လွန်စွာစိတ်ဝင်စားဖွယ်ရာကောင်းသည့် ကသည်းမြင်းတပ်ကြီးများ စစ်ဆင်းပုံ၊ စစ်တက်ပုံ၊ စစ်တိုက်ပုံတို့ကို ပြောပြလေ၏။ ထို့နောက် စစ်ကိုင်းအနီး၌ ကသည်းတို့ ဧရာဝတီမြစ်ရေ လာရောက်ခတ်သဖြင့် မြန်မာတို့နှင့် စစ်ဖြစ်ခဲ့ရပုံကိုလည်း ပုံပြင် သဖွယ် ပြောဆိုပြလေ၏။

ထို့နောက် ဖခင်ကြီးသည်...

ယုံလွှတ်ကျွန်းမည်၊ သမုဒ္ဒရာတည်၊ ဗိုလ်ချီဆယ့်ကိုးရွာ၊ ခုနစ်ဆယ့်ခုနစ်၊ သက်ရောက်လစ်၊ သုမုဒ္ဓရာဇ်နတ်ပြည်စံ။

စသော ပုဂံပြည်ကြီး၌ မင်းစဉ်မင်းဆက်နန်းစံခဲ့သော သက္ကရာဇ် လင်္ကာကိုလည်းကောင်း

“သမုဒ္ဒရာဇ်မင်းကြီး နတ်ပြည်စံလိုသော် ရှေ့တော်ဝယ် ဥပါလှည်းဘီးခန့်ကျ၏။ ပျူစောထီးမင်း နတ်ပြည်စံလိုသော် ကြာသပတေးကြယ်လတွင် ချဉ်း ၏။ တစ်နေ့လုံးညဉ့်ကဲ့သို့မှောင်၏” 

စသော ဘုရင်တို့ ပျက်စီး ရွေ့လျော့စေသော နိမိတ်တို့ကိုလည်း အလွတ်ရသည်ထိ နှုတ်တိုက်ချ၍ပေးလေ၏။

ထို့နောက် ကျွန်ုပ်မှာ ဖခင်ကြီးနှင့် အမြို့မြို့အနယ်နယ်သို့ လှည့်လည်သွားလာရသည့်အခါ၌ နယ်လှည့်၍ နားကော်သောအလုပ်ကို မလုပ်တော့ဘဲ မိခင်ကြီး၏ ငွေတိုးချေးသောလုပ်ငန်း၊ အပေါင်ခံသောလုပ်ငန်းကိုသာ အာရုံစိုက်၍ လုပ်ကိုင်ခဲ့ပေသည်။

ကျွန်ုပ်၏ဖခင်သည် လာရောက်ပေါင်နှံကြသော ရွှေ ငွေလက်ဝတ်ရတနာအမျိုးမျိုးကို ကျွန်ုပ်အား ပြသ၍ ရွှေ၏ အရည်အသွေးကို နားလည်စေရန် သင်ပြလေ၏။ ကျောက်မျက်ရတနာပစ္စည်းများကိုလည်း ထိုနည်းတူစွာ ပြသ၍ ကျွန်ုပ်အား သင်လေ၏။

“အဖေ.. အဖေ. . လူတွေက ဘာဖြစ်လို့ သူတို့ ပစ္စည်းတွေကို ပေါင်နှံကြတာလဲ” 

ဟု ကျွန်ုပ်ကမေးမြန်းရာ ဖခင်ကြီးက...

“ဒီလိုကွ.. တချို့ကျတော့ မပေါင်ရင်မဖြစ်လို့ ပေါင်ကြတာ။ အချို့ကတော့ ပေါင်လို့ရတဲ့ပစ္စည်း ကလေးရှိနေရင် အလကားနေရင်း ပေါင်ချင်နေကြတယ်။ အဲဒီပစ္စည်းကလေးကိုပဲ မျက်စောင်းထိုးနေတတ်တယ်။ သိပ်ပြီးအရေးမကြီးလည်း ပေါင်လိုက်တာပဲ။ အဖေတို့ကို ချမ်းသာအောင် လုပ်ပေးနေတဲ့ လူတွေပေါ့ ကွာ” 

ဟု ရှင်းပြလေ၏။

ဤသို့နှင့်ပင် ကျွန်ုပ်၏ဖခင် ဦးနက်ကျော်သည် ကျွန်ုပ်တို့နေထိုင်ရာ မင်းဘူးမြို့တွင် ချမ်းသာကြွယ်ဝသောသူတို့၏ စာရင်း၌ ပါဝင်၍လာလေ၏။
ကျွန်ုပ်ကိုလည်း ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်း ခေါ် အင်္ဂလိပ်ကျောင်းတစ်ကျောင်း၌ ကျောင်းအိပ်ကျောင်းစားအဖြစ် အပ်နှံခဲ့လေသည်။
ကျောင်းသို့ရောက်သည့် အစပိုင်းရက်များမှာ ကျွန်ုပ် အဖို့ ငရဲရောက်သည်ထက်ပင် ဆိုးပေသေးသည်။

ကျွန်ုပ်နှင့် ရွယ်တူကျောင်းသားကလေးများမှာ အချင်းချင်း အင်္ဂလိပ်စကားနှင့်ပင် ပြောဆိုလေ၏။ ကျွန်ုပ်မှာမပြောတတ်၍ ဝင်ရောက် ပြောဆိုခြင်း မပြုရရုံမျှမကပင် မပြောမဖြစ်သည့်ကိစ္စများ၌ ကျွန်ုပ်က မြန်မာလိုပြောလျှင် ကပြားကျောင်းသားကလေးများက အတန်းပိုင် ဆရာထံသို့ သွားရောက်၍ တိုင်တန်းလေ၏။ ထိုသို့တိုင်တန်းသည့်အခါ၌ မြန်မာစကားပြောသည့်အတွက် ဟုဆိုကာ ဆရာက ပိုက်ဆံတစ်ပြား ကျွန်ုပ်အား ဖိုင်းတပ်လေ တော့၏။

တစ်နေ့လျှင် ကျွန်ုပ်သည် အနည်းဆုံး တစ်မတ်ဖိုး ဖိုင်းတပ်ခံ၍ နေရလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် နောက်ပိုင်း၌ ဟုတ်ဟုတ် မဟုတ်ဟုတ် အင်္ဂလိပ်လိုပင်ပြောရလေတော့၏။ ဤသို့နှင့်ပင် ကျွန်ုပ်သည် အင်္ဂလိပ်စကားကို ကောင်းစွာ ပြောဆိုတတ်ရလေတော့၏။

စာမေးပွဲကိုလည်း တစ်နှစ်တစ်တန်း မှန်မှန်ကြီး အောင်မြင်ခဲ့လေပြီ။

ကျွန်ုပ် ရှစ်တန်းသို့ရောက်သည့်နှစ်၌ ကျွန်ုပ်၏ အသက်သည် ၁၆နှစ်တွင်းသို့ပင် ရောက်၍နေပြီဖြစ်၏။ စာမေးပွဲဖြေဆိုပြီး၍ နွေရာသီကျောင်းပိတ်ရက်တွင် မိဘရပ်ထံသို့ ပြန်ခဲ့သည့်အခါ၌ ကျွန်ုပ်၏ဖခင် ဦးနက်ကျော်က... 

“ငါ့သားကြီး၊ အခုလာမယ့် ဝါဆိုလဆန်း (၁၀)ရက်မှာ အသက်(၁၆)နှစ် ပြည့်ပြီကွ၊ လူလား မြောက်ပြီ” 

ဟု အားရဝမ်းသာပြောလေ၏။
ဖခင်ကြီးသည် ကျွန်ုပ်အသက် (၁၆)နှစ် တင်းတင်း ပြည့်သော နံနက်၌ ကျွန်ုပ်အား ရေမိုးချိုးစေ၍ ဝတ်ကောင်း စားလှများကို ဝတ်ခိုင်းလေ၏။

အိမ်၌လည်း ဖခင်ကြီးနှင့် သိကျွမ်းသော မိတ်ဆွေ အချို့ ရောက်ရှိ၍နေ၏။ ကျွန်ုပ်၏စိတ်၌ အသက် (၁၆)နှစ်ပြည့် သည်နှင့်ပင် မိန်းမများစပ်ပေးတော့မည်လားဟု စိုးရိမ်မိသေးတော့၏။

ထို့နောက် ကျွန်ုပ်အား ဖခင်ကြီးက အနီးသို့ခေါ်ယူ ကာ အောက်ပါအတိုင်းပြောလေ၏။

“ငါ့သား ဒီနေ့မနက် (၈)နာရီ တိတိမှာ မင်းဟာ အသက် (၁၆) နှစ် ပြည့်ပြီ။ ဒီတော့ မင်းဟာ လူကြီးဖြစ်ပြီပေါ့ကွာ။ ဒါကြောင့် အဖေရဲ့ မိတ်ဆွေတချို့ကိုဖိတ်ပြီး ငါ့သားဟာ အရွယ်ရောက်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ပါ ပြီဆိုတဲ့အကြောင်း ကြေညာရတာပဲ။ ယောက်ျား ဆိုတာ ယောက်ျားလိုနေတတ်ရမယ်။ ယောက်ျား လုပ်ပြီး မိန်းမလိုမိန်းမရ မလုပ်ရဘူး။ မပြောရဘူး။ မိန်းမလိုမဝတ်ရဘူး၊ ဒါကြောင့် ဒီနေ့ကစပြီး မိန်းမတွေသုံးဆောင်နေတဲ့ သနပ်ခါး၊ ရေမွှေး၊ ဆီမွှေး၊ ပေါင်ဒါစတဲ့ အမွှေးနံ့သာတွေကို ကိုယ်မှာ လိမ်းကျံခြင်း မလုပ်ရဘူး။ ပြီးတော့ နှုတ်ခမ်းမွေး ဆိုတာ ယောက်ျားမှာသာပေါက်တယ်။ ယောက်ျား အတွက် သဘာဝတရားကပေးထားတဲ့ ယောက်ျား မွှေး ဖြစ်တယ်။ ဒီတော့ နှုတ်ခမ်းမွှေးကို ပြောင် စင်အောင်နှုတ်ခြင်း၊ ရိတ်ခြင်း မလုပ်ရဘူး။ နှုတ်ခမ်းမွှေးထားရမယ်။ ပြီးတော့ ဟောဒီမှာ ဓားကောက်၊ ခါးမှာချိတ်ထားရမယ်။ ကိုယ့်ရဲ့ ယောက်ျားဂုဏ်သိက္ခာကို ထိပါး လာရင် ဒီဓားကောက်နဲ့ တိုက်ခိုက်ပေတော့”

ဒါကြောင့် ဓားကိုဓားအိမ်ထဲက အကြောင်းမဲ့ မထုတ်ရဘူး။ ဓားအိမ်ထဲက ဓားကို ချွတ်တဲ့နေ့ ဟာ ခုတ်တဲ့နေ့ပဲ ဖြစ်ရမယ်။ ငါ့သား ဓားကြီး တကိုင်ကိုင်လုပ်ပြီး မခုတ်ရဲတဲ့ ဟန်ရေးပြသမား မဖြစ်စေရဘူး။ ပြီးတော့ မတရားမလုပ်ရဘူး။ မတရားရင်မခံရဘူး။ နောက်ဆုံးအချက်ကတော့ အသားမစားရဘူး။ တကယ်လို့ စားချင်ရင် သားကောင်ကို ကိုယ်တိုင်ပစ်ခတ်ရလိမ့်မယ်။ သူတစ်ပါးက ပစ်ခတ်လို့ရတဲ့ အသားကိုစားတာဟာ မိန်းမတွေပဲ ဖြစ်တယ်။ မိန်းမဟာ မုဆိုး အတတ်ကို မတတ်ဘူးကိုကွ။ သူများက ပစ်ခတ်ပေးမှ စားရရှာတာ။ ယောက်ျားဆိုတာ ကိုယ် တိုင်ပစ်ခတ်ဖမ်းဆီးနိုင်စွမ်းရှိရမယ်” 

ဟု ဆိုလေ၏။
ထိုအခါကျမှပင် ဖခင်ကြီးမရှိသည့်အခါ၌ ကျွန်ုပ်တို့ သားအမိသည် အသီးအရွက်များကိုသာ စားနေရသည့်အဖြစ်ကိုလည်းကောင်း၊ ဖခင်ကြီးသည် ခရီးသွားရာမှ ပြန်လာလျှင်တောဆိတ်၊ ဒရယ်၊ ချေ၊ ယုန်၊ ခါ စသော သားကောင်တစ်မျိုး မဟုတ်တစ်မျိုး ပါ၍ လာတတ်သည့်အဖြစ်ကိုလည်းကောင်း၊ ကျွန်ုပ်သည် ကောင်းစွာသဘောပေါက်မိလေတော့၏။
ထို့နောက် ကျွန်ုပ်၏ဖခင်သည် နားဖာချေးကော်သည့် နဖာကလော် သံချွန်၊ ဇာကနာ၊ ဝါးချွန် စသော ပစ္စည်းကလေးများထည့်၍ ထားသည့် သံဘူးကလေးကို ကျွန်ုပ်၏လက်သို့ ပေးအပ်၍ အောက်ပါအတိုင်းပြောလေ၏။

“လောကမှာ ဘာမှလုပ်လို့ မဖြစ်တော့ဘူးဆိုရင်ဟောဒီ နားဖာကလော်ဘူးလေးကိုကိုင်ပြီး နားကော်စားပေတော့”

ဟု ဆိုလေ၏။

ကျွန်ုပ်သည် ဖခင်ကြီးမှာထားသည့်အတိုင်း နှုတ်ခမ်း မွေးကို မရိတ်မဖြတ်ဘဲ ထားခဲ့လေသည်။ ကျောင်း၌ အားလပ် သည့်အခါတိုင်းတွင် ကျွန်ုပ်သည် ကျောင်းသားချင်း နားကော် ၍ ပေးလေ့ရှိ၏။ တစ်ညသ၌ ကျောင်းသားတစ်ယောက်ကို ကျွန်ုပ်က အပျင်းပြေသဘောနှင့် နားကော်ပေးနေစဉ် ကျွန်ုပ် တို့ဘော်ဒါကျောင်းသားများကို အုပ်ချုပ်ရသော “ဘရားသား ဖီးလစ်” ဆိုသည့် ခရစ်ယာန်ဘုန်းကြီးသည် တွေ့ရှိသွားလေတော့၏။ ထို့ကြောင့် နောက်တစ်နေ့၌ ကျောင်းအုပ်ကြီး “ဖာသာမက်” ဆိုသူ၏ ရုံးခန်းသို့ ကျွန်ုပ်ရော နားကော်ခံသည့် ကျောင်းသားကိုပါခေါ်ယူ၍ ဆူပူကြိမ်းမောင်းလေတော့၏။

ဤသို့နှင့်ပင် စိန်ပေါလ်ကျောင်း၌ ဆယ်တန်းအောင် ပြီးနောက် ကာလကတ္တား ယူနီဗာစတီမှ ရာဇဝင်ဘာသာ ဂုဏ်ထူးဖြင့် ဘီအေဘွဲ့ကိုရရှိခဲ့လျှင် အောက်စဖို့ဒ်တက္ကသိုလ်သို့ သွားရောက်ကာ အမ်အေဘွဲ့ အတွက် ဆက်လက်ပညာ ဆည်းပူးခဲ့ရလေတော့၏။

---

(အခန်း ၉ ဆက်ရန်)

#မင်းသိင်္ခ
#မြိုင်ဟေဝန်

#shared_by_louis_augustine
#sbla

Comments