မြိုင်ဟေဝန် (အခန်း ၁၀) // မင်းသိင်္ခ

မြိုင်ဟေဝန် (အခန်း ၁၀) // မင်းသိင်္ခ

---

ဝှက်စာဖော်ရအောင်

ဘိုးသူတော်ကြီး ချိန်းဆိုသောအချိန်ကို ရောက်သော အခါ ကျွန်ုပ်သည် တက္ကစီတစ်စီးငှားပြီး နှင်းဆီကုန်းဘူတာသို့ ထွက်လာခဲ့ရာ ဘူတာ၌အသင့်စောင့်နေသော ဘိုးသူတော်ကြီးကို တွေ့ရလေသည်။

“ကိုယ့်လူ အချိန်ကိုလေးစားသားပဲ။ ကဲ.. လာဗျာ”

ဘိုးသူတော်ကြီးသည် ကျွန်ုပ်စီးလာသော တက္ကစီကား ဖြင့်ပင် နှင်းဆီကုန်းဘူတာမှ ပြန်လိုက်လာပြီး နှင်းဆီကုန်း ဘူတာအနီး ကြီးမားကျယ်ဝန်းသော ခြံကြီးတစ်ခြံအတွင်းရှိနှစ်ထပ်ဆင်ဝင်အိမ်အိုကြီးတစ်လုံးဆီသို့ ခေါ်သွားသည်။ ကျွန်ုပ်တို့ နှစ်ယောက်သည် မည်းနက်သော ညီအစ်ကိုများရှိရာသို့ ညွှန်ပြသော လျှို့ဝှက်စာကို ထိုအိမ်ကြီးထဲ၌ အတန်ကြာ စစ်ဆေး လေ့လာကြပြီး အဖြေမထုတ်နိုင်သော နောက်ဆုံး၌ ဘိုးသူတော် ကြီးက...

“အရုပ်စာတွေကြားထဲက သင်္ကေတတွေက လက်နှိပ်စက်သုံး သင်္ကေတတွေပဲဗျ။ ဒီတော့ သင်္ကေတတွေချည်းပဲသတ်သတ် အရုပ်စာတွေ ချည်းပဲသတ်သတ် ခွဲပြီးတော့ ကျုပ်တို့နှစ်ယောက် ဆက်လေ့လာကြတာပေါ့ဗျာ”

ကျွန်ုပ်လည်း ဘိုးသူတော်ကြီးပြောသည့်အတိုင်း အရုပ် စာများကိုကူးယူပြီးနောက် ဘိုးသူတော်ကြီးကို နှုတ်ဆက်ကာ အိမ်ကြီးထဲမှ ထွက်လာခဲ့သည်။

ကျွန်ုပ် တက္ကစီကားအနီးသို့ ရောက်သောအခါ ဒရိုင်ဘာက အိပ်နေသောကြောင့် ကားတံခါး ကိုယ်တိုင့်ဖွင့်လိုက်ပြီး စတီယာရင်နောက်၌ ခေါင်းငိုက် စိုက်ချလျက် မတ်မတ်ကြီးထိုင်အိပ်နေသော ဒရိုင်ဘာ၏ ပုခုံး ကို လှမ်းပုတ်နှိုးလိုသည်။

“ဆရာကြီးအသင့်ဖြစ်ပလား”

ဒရိုင်ဘာ၏ အင်္ကျီကော်လံ၌ စိုထိုင်းထိုင်းဖြစ်နေ သောကြောင့် ကျွန်ုပ်က လက်ကို အထိတ်တလန့် ပြန်ရုတ်လိုက်သော အခိုက်အတန့်မှာပင် စတီယာရင်၌ မှီထားဟန်တူသော ဒရိုင်ဘာ၏ခန္ဓာကိုယ်ကြီးသည် တစ်ဘက်သို့ စောင်းလဲကျသွားပြီး သေးသွယ်ပါးလျားသော ဓားသွားအကျိုးလေးတစ်ခု ကျောမှာစိုက်ဝင်နေသည်ကို လက်ကနဲ တွေ့လိုက်ရသည်။

“ဟာ”

“ကဲ ကိုမျိုးမြင့်... နောက်ထပ်ပြီး မအော်လိုက် ပါနဲ့ဦး။ အသက်ပျောက်သွားဦးမယ်”

ကျွန်ုပ်၏ကျောမှ ချွန်ထက်သော ပစ္စည်းတစ်ခု၏ အထိအတွေ့ကြောင့် ရှေ့သို့ ကော့သွားမိသော်လည်း ကျွန်ုပ်၏ စိတ်ကမူ ထိုသူ၏အမိန့်ကိုနာခံဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်နေသည်။ ကားတံခါးကို ပြန်ပိတ်လိုက်ပြီး ကိုယ်ကိုပြန်၍ မတ်မတ် ဆန့်ကာ ရပ်လျက် လက်နှစ်ဖက်ကိုမြောက်ကာ နောက်ထပ် အမိန့်တစ်စုံတစ်ရာကို နားစွင့်နေလိုက်သည်။

“ဒီမှာကိုမျိုးမြင့်။ လက်တွေကို ပြန်ချပြီး ရှေ့မှာထားပါ။ ဒီအကွက်တွေ ရိုးနေပြီ”

ကျွန်ုပ်က အမိန့်အတိုင်း လက်နှစ်ဖက်ကို ပြန်ချလိုက် လေသည်။

“ဟုတ်ပြီ အဲဒီပုံစံအတိုင်း ခပ်မြန်မြန် ကိုက်နှစ် ဆယ်လောက် လျှောက်ပြီး ကျုပ်ကားထဲကို ဝင်လိုက်ပါ ကဲ.. လျှောက်”

ကျွန်ုပ်က အမိန့်အတိုင်း ခပ်သွက်သွက် လျှောက်လာခဲ့သောအခါ ချွန်ထက်စူးရှသော အထိအတွေ့ကလည်း ကျွန်ုပ်၏ကျောမှာ ထပ်ကြပ်မကွာ ပါလာသည်။ ထိုအချိန်၌ ခပ်လှမ်းလှမ်းဓာတ်မီးတိုင်အောက်၌ ရပ်ထားသော ကားနက် ကြီးတစ်စီးက စက်နှိုး၍ ကျွန်ုပ်တို့ဆီသို့ ဖြည်းဖြည်းချင်း လှိမ့်လာပြီး ကားနောက်ခန်းတံခါးပွင့်လာသည်။

“ကားထဲ ဝင်လိုက် မြန်မြန်”

ကျွန်ုပ်က ကားထဲသို့ဝင်ရန် ငံ့လိုက်သည့်အခိုက်မှာ ပင် ကျွန်ုပ်၏ဂုတ်ပိုးပေါ်သို့ ပြင်းထန်လှသော လက်ဝါးစောင်းတစ်ချက် ရုတ်တရက်ကျရောက်လာပြီး ခပ်ဝေးဝေးဆီမှ

“ငါ့ ပန်းချီဆရာလေး ခင်ဗျား ဘယ်မှာလဲ” 

ဟူသော ဘိုးသူတော်ကြီး ၏ အော်ခေါ်သံကို ခပ်သဲ့သဲ့ကြားလိုက်ရကာ ကျွန်ုပ်၏မျက်လုံး ထဲ၌ မှောင်အတိကျသွားပါတော့သည်။

---
 
ဘိုးသူတော်ကြီးနှင့်တွေ့ဆုံခြင်း

ကျွန်ုပ်အား တစ်စုံတစ်ယောက်က မျက်နှာကို ရေဖြင့် ပက်၍ သတိရစေပြီးနောက်…

“ကဲ… ကိုယ့်လူ သတိရပြီလား။ ဆင်းတော့”

ဟုဆိုသဖြင့် ကျွန်ုပ်လည်း ကားပေါ်မှ ဆင်းရလေ တော့၏။ ကျွန်ုပ်သည် လွန်စွာကျဉ်းမြောင်းသော လမ်းကလေး အတိုင်း လျှောက်၍သွားရလေ၏။ ကျွန်ုပ်၏နောက်ကျောကိုမူ ထိုသူက ချွန်ထက်သောအရာဖြင့်ထောက်ရင်း လိုက်ပါ၍ လာလေ၏။

“လှေကားထစ် သုံးထစ်ရှိတယ်”

ဟု ကျွန်ုပ်၏ နောက်မှလူက ကျွန်ုပ်အား ပြောလိုက် သဖြင့် ကျွန်ုပ်လည်း မှောင်ကြီးမည်းမည်းထဲတွင် လှေကားထစ် များကိုစမ်း၍ နင်းရလေ၏။
လှေကားထစ်များကို နင်းခဲ့ပြီးနောက် အတော်တန် လျှောက်ရပြန်၏။

“ညာဘက်ကို ချိုးရမယ်”

ကျွန်ုပ်သည် ညာဘက်သို့ချိုး၍ အတော်ကလေး လျှောက်သွားမိလျှင် နံရံနှင့် ဝင်၍ဆောင့်လေတော့၏။ 

“တံခါးပိတ်ထားတယ် ခဏနေဦး”

ဟု ကျွန်ုပ်၏ နောက်မှလူက ကျွန်ုပ်အား ခပ်ငေါက် ငေါက်ပြောလေ၏။ ကျွန်ုပ်လည်း ရပ်၍နေရလေ၏။

“သေရွာပြန်”

ကျွန်ုပ်၏ နောက်မှလူက အထက်ပါအတိုင်း အော် လိုက်လျှင် ကျွန်ုပ်ရှေ့မှတံခါးသည် ပွင့်၍ သွားလေတော့၏။

ကျွန်ုပ်အား နောက်မှလူက ဆောင့်၍တွန်းလိုက်သဖြင့် ကျွန်ုပ်လည်း ယိုင်ထိုးယိုင်ထိုးဖြင့် အခန်းတွင်းသို့ ရောက်သွားလေ၏။ ကုလားထိုင်တစ်လုံး၌ထိုင်၍နေသော သူတစ်ယောက်က ကျွန်ုပ်ထံသို့ ထလာပြီးလျှင်…

“ကဲ… အခုလို အကြမ်းဖက်ပြီး ခေါ်လာရတာ စိတ်မကောင်းပါဘူး ကိုမျိုးမြင့်။ ကိစ္စကတော့ မေးစရာကလေး ရှိလို့ပါ” 

ဟု ယဉ်ကျေးစွာ ပြောလေသည်။
ထို့နောက် ကျွန်ုပ်အား ကုလားထိုင်၌ ထိုင်ခိုင်းပြီး လျှင် အောက်ပါမေးခွန်းများကို မေးလေတော့၏။

“ခင်ဗျားနှင့် ဘိုးသူတော်ကြီးဟာ အရုပ်စာရွက် ကို ဖတ်ကြတယ်မဟုတ်လား။ အဲဒီစာရွက် လိုချင်တယ်။ မရရင်တော့ မလွှဲသာမရှောင်သာ အကြမ်းဖက်ရပါလိမ့်မယ်”

“ကျုပ်မသိဘူး”

“မသိဘူးလို့ ပြောတာဟာ အလွယ်ဆုံးပါပဲ။ ဒါပေမယ့် အသားနာပြီးမှ သိပါတယ်လို့ ပြောရရင် ခင်ဗျားအတွက် အလွန်ပဲ နစ်နာပါတယ် ကိုမျိုးမြင့်”

ဟု ဆိုကာ ထိုသူသည် အခန်းတံခါးကိုဖွင့်၍ အပြင် သို့ ထွက်သွားလေ၏။ တစ်အောင့်မျှကြာလျှင် ထိုသူနှင့်အတူ အခြားလူသုံးယောက်ပါ ဝင်၍လာလေ၏။

“ကျုပ်တို့လည်း ဇရပ်တစ်ခုလုံး နှံ့နေအောင် ရှာတာပဲ။ ဘာစာရွက်စာတန်းမှ မတွေ့ရဘူး။ ဟောဒီ ကြေးစည်နဲ့ ကြေးစည်ဘုပဲ တွေ့တယ်”

ဟု ဆိုကာ တစ်ယောက်သောသူက ဘိုးသူတော်ကြီး ၏ ကြေးစည်နှင့် ကြေးစည်ဘုအား စားပွဲပေါ်သို့ ဝုန်းကနဲပစ်၍ တင်လိုက်လေ၏။

ထိုအခါ၌ ကျွန်ုပ်အားဆီးကြို၍ နှုတ်ဆက်ခဲ့သောသူက...

“ညိုကြီးတို့ကို အစောင့်ချထားပြီး ငါတို့ကဟောဒီ ကိုမျိုးမြင့်အခန်းကို သွားပြီးရှာမယ်”

ဟု ဆိုကာ တံခါးကို အပြင်မှသော့ခတ်၍ ထွက်သွား ကြပြန်၏။

ကျွန်ုပ်သည် မကြာမီအချိန်၌ ကျရောက်တော့မည့် ကံကြမ္မာဆိုးအတွက် တွေးတောနေမိလေ၏။
ထိုသို့ တွေးတောနေစဉ် ကျွန်ုပ်၏ ခေါင်းပေါ်တည့် တည့်ရှိ မျက်နှာကျက်မှ ချိုးချိုးချွတ်ချွတ်အသံကြား၍ မော့ကြည့်လိုက်ရာ ဘိုးသူတော်ကြီးသည် သူ၏ကိုယ်ရုံကို ကြိုးအဖြစ် အသုံးပြုကာ မျက်နှာကျက်ပေါက်မှ တွယ်၍ဆင်းလာသဖြင့် ကျွန်ုပ်သည် လွန်စွာအားတက်သွားလေတော့၏။

“ကျုပ်ကို ဟိုဘက်ခန်းထဲမှာ သော့ပိတ်ပြီး ထားခဲ့တာ။ ဟိုဘက်က မျက်နှာကျက်ပေါက်ကနေ ကိုယ့်လူဘက်ကူးပြီးလာတာ”

ဟု ဆိုကာ သူ၏လွယ်အိတ်အတွင်းမှ ကွမ်းအစ်ကို ထုတ်လျက် ကွမ်းကို အေးအေးဆေးဆေးလာကာ ပါးစပ်တွင်း သို့ သွင်းလိုက်လေ၏။

ဘိုးသူတော်ကြီး၏အပြုအမူမှာ ရန်သူလက်တွင်းသို့ ကျရောက်နေသည်နှင့်မတူဘဲ ဖိတ်ခေါ်ထားသည့် အိမ်သို့ ဧည်သည့်အဖြစ် ရောက်ရှိနေသည့်အလား ပူပန်ခြင်း၊ စိုးရိမ် ခြင်း ကင်းလှပေသည်။

“ဒီကောင်တွေ မဆိုးဘူး။ ကျုပ် ကျန်ခဲ့တဲ့ကြေးစည်နဲ့ ကြေးစည်ဘုတောင် ယူလာဖော်ရ တယ် ဟီး.. ဟီး..”

ဟုပင် ရယ်စရာပြောလိုက်သေး၏။

“ဦးသူတော်ကြီး ထွက်ပေါက်ကို မြန်မြန်ရှာစမ်း ပါဗျ။ ဟိုကောင်တွေ ပြန်ဝင်လာရင် သေလိမ့်မယ်”

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဘိုးသူတော်ကြီးသည် ပြုံး ဖြီးဖြီးနှင့် ကွမ်းတံတွေးကို ပျစ်ကနဲထွေးလိုက်ပြီးနောက်...

“ထွက်ပေါက်ကတော့ လူထွက်နိုင်ရင် ထွက်၊ မထွက်နိုင်ရင် အသက်ထွက်ရုံပေါ့ ကိုယ့်လူရာ”

ဟု ပြောလိုက်လေ၏။

အတော်ကြာကြာ ကွမ်းကို မြုံ့နေသဖြင့် ကျွန်ုပ်သည် ဘိုးသူတော်ကြီးအား စိတ်ဆိုးရသေးတော့၏။

“ကိုယ့်လူ ဟောဒီကိုယ်ရုံကို တွယ်ပြီးတက်”

ဟု ဘိုးသူတော်ကြီးက ပြောသဖြင့် ကျွန်ုပ်လည်း မျက်နှာကျက်ပေါက်သို့ တွယ်၍တက်လေ၏။ ကျွန်ုပ်တက်ပြီးနောက် ဘိုးသူတော်ကြီးလည်း စားပွဲပေါ်မှ ကြေးစည်နှင့် ကြေးစည်ဘုကို ကောက်ယူကာ တွယ်၍ တက်ခဲ့လေ၏။ မျက်နှာ ကျက်အတွင်း၌ လေးဘက်ထောက်၍ လျှောက်သွားကြပြီး နောက် အပေါက်တစ်ပေါက်သို့ရောက်လျှင် ဆင်းခဲ့ကြလေ ၏။ ကျွန်ုပ်တို့ဆင်းခဲ့သောနေရာမှာ ထမင်းစားခန်းဖြစ်ကြောင်း သိရ၏။

“ကိုယ့်လူ ကျုပ်ကတော့ ညစာ စားလို့မရဘူး။ ကိုယ့်လူကတော့ ဆာရင် ထမင်းလေးဘာလေး စားပါဦးလား”

ဟု ဘိုးသူတော်ကြီးက ပြောလေသည်။ ကျွန်ုပ်လည်း ဘိုးသူတော်ကြီး၏ ရန်သူအပေါ်၌ ပမာမခန့်နိုင်လှသော စိတ် ဓာတ်ကို ချီးကျူးမိလေတော့၏။ 

“မစားချင်ပါဘူး ဘိုးသူတော်”

ဟု ပြောလျှင် ဘိုးသူတော်ကြီးက...

“ဒီလိုအချိန်မျိုးမှာ ထမင်စားဝံ့တယ် ဆိုတဲ့လူ ဟာ ရှာမှရှားတယ် ကိုယ့်လူ” 

ဟု ကျွန်ုပ်အား မခံချင်အောင် ပြောလိုက်လေ၏။

“ကျုပ်က သက်သတ်လွတ်စားတာ ဦးသူတော် ဒါကြောင့် မစားတာပါ။ ဟဲ.. ဟဲ.. ကော်ဖီတော့ ဖျော်ပြီး သောက်ခဲ့ပါဦးမယ်” 

ဟု ဆိုပြီးလျှင် ကျွန်ုပ်သည် မီးဖိုပေါ်တွင် အဆင်သင့်တွေ့ရသော ရေနွေးအိုးမှ ရေနွေးကို ငဲ့လျက် ကော်ဖီဖျော်ကာ သောက်လေ၏။

“ဟိုမှာ မုန့်သေတ္တာ”

ဟု ဘိုးသူတော်ကြီးပြသဖြင့် ကျွန်ုပ်သည် မုန့်သေတ္တာ ကိုယူကာ ဘီစကွတ်မုန့်များကိုပါ တကျွတ်ကျွတ်ဝါးစားခဲ့ လေ၏။

“ဟဲ… ဟဲ.. ရန်သူရဲ့စားဖိုဆောင်မှာ ကော်ဖီ တစ်ခွက်ဖျော်ပြီး ဘီစကွတ်မုန့်ကို စားသွားရဲတဲ့ လူမျိုးကို တော်ရုံတန်ရုံ ရန်သူမျိုးဆိုရင် ဒီအချက် တစ်ချက်နဲ့ နောက်ဆုတ်သွားလောက်တယ် ကိုယ့်လူ” 

ဟု ဘိုးသူတော်ကြီးက လွန်စွာ စိတ်တက်ကြွဖွယ် ကောင်းသောစကားကို ဆိုလေ၏။
 
ထို့နောက် ဘိုးသူတော်ကြီးသည် နံရံပေါ်တွင် မီးသွေး ခဲဖြင့် စာတစ်ကြောင်း ရေးခြစ်လေ၏။

Let us eat and drink, for tomorrow we shall die.

Bible

ကျွန်ုပ်တို့ စားသောက်ကြပါစို့ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်၌ ကျွန်ုပ်တို့သည် သေဆုံးသွားတော့မည် မဟုတ်ပါလား ဟု အဓိပ္ပာယ်ရသည့် သမ္မာကျမ်းစာမှ စာပိုဒ်ဖြစ်၏။

ကျွန်ုပ်သည် ဘိုးသူတော်ကြီး ရေးသည့်စာကို ဖတ်ပြီး နောက် ဤပုဂ္ဂိုလ်ကား တစ်ဖက်ရန်သူအား မခံချိမခံသာ လုပ်သောအရာ၌ လွန်စွာ ကျွမ်းကျင်ပါပေ၏ဟု စိတ်၌ ထင်မှတ်မိလေ၏။

ထို့နောက် ကျွန်ုပ်တို့သည် အိမ်နောက်ဘက်ရှိ ခြံစည်း ရိုးကိုကျော်၍ ထွက်ခဲ့လေတော့၏။

ခြံအပြင်သို့ရောက်သည့်အခါ ၌ ဘိုးသူတော်ကြီးသည် ခြံဘက်သို့လှည့်ကြည့်ရင်း...

“သုခိအတ္တာနံ ပရိဟရန္တု မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေဆိုတာ ဒါကို ပြောတာ ကိုယ့်လူ ကျုပ်တို့တော့ ချမ်းသာစွာ ရွက်ဆောင်ခဲ့ကြပြီးပြီ၊ ဟဲ.. ဟဲ အစောင့်ချထားခဲ့တဲ့ ညိုကြီးကိုတော့ ဟိုကောင်တွေဟာ ကျုပ်တို့ လွတ်သွားတဲ့အတွက် ဆုံးမကြလိမ့်မယ်၊ အဲဒီအတွက်လည်း မေတ္တာပို့ပါတယ်”

ဟု ပြောလိုက်လေသတည်း။

---

ဝှက်စာရပြီ ခြံအပြင်သို့ ရောက်သည့်အခါ၌ ကတ္တရာလမ်းဆီသို့ မှန်း၍လျှောက်ခဲ့ကြလေ၏။ ဘိုးသူတော်ကြီးသည် ကွမ်းယာ တစ်ယာကို ယာပြန်၏။

“ ဒီကောင်တွေကဖြတ်လမ်းသမားတွေ၊ သူတို့ လည်း ကျုပ်တို့လိုပဲ မည်းနက်သော ညီအစ်ကို များအသင်း (ဘလက်ဘရားသား) ထဲကို ဝင်ပြီး ရွှေသော့ကို ခိုးမယ့်ကောင်တွေပဲ၊ ဒါပေမယ့် ဘလက်ဘရားသားအသင်းရဲ့ တည်ရာကိုတောင် သိတဲ့ကောင်တွေမဟုတ်ဘူး။ ကျုပ်တို့ ရထားတဲ့ အရုပ်စာရွက်က ဘလက်ဘရားသားတွေနှုတ်ဆက်ပုံ၊ အရိုအသေပြုပုံ၊ လျှို့ဝှက် သင်္ကေတတွေ တစ်ဦးကိုတစ်ဦး ပြပုံတွေကို ရေးထားတဲ့ စာရွက်ပဲ၊ အဲဒီစာရွက်မရှိဘဲ ဘယ်နည်း နဲ့မှ မဖြစ်ဘူး” 

ဟု ဘိုးသူတော်ကြီးက ပြောပြန်လေ၏။

ကျွန်ုပ်နှင့်ဘိုးသူတော်ကြီးသည် “ဘလက်ဘရားသား” အသင်းအကြောင်းကိုပြောရင်း လျှောက်လာခဲ့ကြရာ များမကြာမီ၌ပင် ဂွတ္တလစ်လမ်းသို့ ရောက်ခဲ့ကြလေတော့၏။

ထို့နောက် ဦးသူတော်ကြီးက ကျွန်ုပ်အား ဗဟန်းဘက် ရှိ ဇရပ်တစ်လုံးဆီသို့ ခေါ်သွားပြီးလျှင်...

“ကျုပ်တို့ဒီမှာပဲ စတည်းချမှာပဲ။ အရုပ်စာတွေ ကို အနက်ပြန်ပြီးရင်တော့ ခရီးထွက်ရလိမ့်မယ်” 

ဟု ဆိုလေ၏။

ကျွန်ုပ်နှင့်ဘိုးသူတော်ကြီးသည် အရုပ်စာမှ လျှို့ဝှက် ချက်များကို ကြံဆခဲ့ကြလေ၏။ အရုပ်စာရွက်မှာ တစ်ရွက်တည်းမဟုတ်ပေ။ အပိုင်းအစကလေးများ ဆယ်ရွက်ခန့် ရှိလေ၏။

“အဲဒီစာရွက်ပိုင်းကလေး တစ်ပိုင်းရဖို့ အင်္ဂလန် ကို တစ်ခေါက်သွားရတာပဲ ကိုယ့်လူ။ အင်္ဂလန် က ရှေးဟောင်းစာကြည့်တိုက်တွေထဲမှာ ရှေးတုန်းက ဘလက်ဘရားသားအသင်းဝင်ဖြစ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ စာအုပ်တွေ လှူဒါန်းခဲ့လေတော့ သူရဲ့ စာအုပ်တွေကို ရှာပြီးငှားတာ။ အဲဒီ စာအုပ်တွေရဲ့ ထောင့်ကလေးတွေမှာ အရုပ်ကလေးတစ်ရုပ်စီလောက် ရေးခဲ့တာ။ အရုပ်တွေ ဆက်လိုက်မှ စာဖြစ်တာ ဟား.. ဟား.. ဟား”

ဘိုးသူတော်ကြီးသည် နှစ်ပတ်ကျော်ကျော်ခန့် ကြိုးစား၍ ဝှက်စာကိုဖော်ခဲ့ရာ ဝှက်စာ၏အဓိပ္ပာယ်ကို ရလေတော့၏။ နောက်ဆုံးခေါက်တွင် လင်းဘတ်ပဲလေ့ စာကြည့်တိုက်မှ ရခဲ့သော အရုပ်စာကလေးများသည် ဝှက်စာတစ်လုံး၏ သော့ချက် ဖြစ်ကြောင်းကိုလည်း ဝမ်းမြောက်ဖွယ် တွေ့ရှိရလေတော့၏။
 
“ကိုယ့်လူရေ ... ရပြီဟေ့၊ ဟဲ.. ဟဲ.. ဘလက်ဘရားသား ကောင်တွေက သိပ်ပြီးရက်စက်တယ နော်၊ ကျုပ်တို့ရဲ့အကြံကိုများ သိသွားရင်တော့ ဟဲ.. ဟဲ.. ဝတ်ရုံအနက်ကြီးတွေ၊ ခေါင်းစွပ် အနက်ကြီးတွေနဲ့ မည်းနက်သောညီအစ်ကိုများက ကျုပ်တို့နှစ်ယောက်ကို အရေခွံဆုတ်ပစ်ကြလိမ့်မယ် ကိုယ့်လူ၊ ဟဲ.. ဟဲ.. အဲဒါကို အာရုံထဲမှာ မြင်အောင်ပြီး ဘယာနကရသ ကြောက်ခြင်းအရသာကို ခံစားကြည့်စမ်းပါ”

ဟုပြောလျက် အသံနက်ကြီးဖြင့် တဟားဟားရယ် လိုက်ရာ ကျွန်ုပ်သည် ကြက်သီးမွေးညှင်းများပင် ထောင်၍ သွားလေတော့၏။

---

(အခန်း ၁၁ ဆက်ရန်)

#မင်းသိင်္ခ
#မြိုင်ဟေဝန်

#shared_by_louis_augustine
#sbla

Comments