မြိုင်ဟေဝန် (အခန်း ၄) // မင်းသိင်္ခ
မြိုင်ဟေဝန် (အခန်း ၄) // မင်းသိင်္ခ
---
ကြေးစည်သက်သေ
ကျွန်ုပ်သည် ရန်ကုန်သို့ပြန်ရောက်ပြီး ရက်အနည်း ငယ်ကြာသောအခါ၌ ဘိုးသူတော်ကြီးကို မေ့လျော့ခဲ့လေ၏။ သို့ရာတွင် ပန်းချီပညာကိုမူ အဆက်မပြတ် လေ့လာဆည်းပူးခဲ့ လေသည်။
နိုင်ငံခြားမှ ပန်းချီစာအုပ်များကို ဝယ်ယူကာ အတု ယူ၍ မနေမနား လေ့ကျင့်ခဲ့ရာ တစ်နှစ်ကျော်ကျော်ခန့် ကြာသောအခါ၌ ကျွန်ုပ်၏ပန်းချီလက်ရာများသည် အံ့ဩဖွယ်ရာ တိုးတက်ခဲ့လေ၏။
တစ်နေ့သ၌ ကျွန်ုပ်သည် အင်္ဂလိပ်မတစ်ဦး ပန်းသီးခူးနေသည့်ပုံကို ဆီဆေးဖြင့် ရေးခြယ်၍နေလေ၏။ ကျွန်ုပ်သည် ကျွန်ုပ် ရေးဆွဲသော ပန်းချီကား၌ အထူးစိတ်ဝင်စားစွာ ရေးဆွဲ လျက်ရှိပေသည်။
“နောင်… … … ...”
စူးရှသော ကြေးစည်သံကြောင့် ကျွန်ုပ်သည် လန့်ဖြန့် သွားရုံမျှမက လက်တွင်းမှစုတ်တံပင်လျှင် လွတ်၍ကျသွားလေ တော့၏။
“ဟဲ.. ဟဲ.. ပန်းချီဆရာ ကတိပျက်တယ်။ ကျုပ်ရဲ့ အကြွေးကို လာမဆပ်ဘူး။ ကျုပ်ကတော့ ရှမ်းပြည်နယ်မှာစောင့်နေခဲ့သေးတယ်။ တစ်နှစ် တိတိပြည့်ပြီးတဲ့အပြင် နှစ်လတိတိ စောင့်နေခဲ့ သေးတယ်။ ဟဲ.. ဟဲ.. ပန်းချီဆရာမလာခဲ့ ဘူး။ ပေးပေတော့ ကျုပ်ရဲ့ ကြွေးကို ပေးပေတော့”
ရှမ်းပြည်နယ်၌ ကျွန်ုပ်အား ပုံတူရေးဆွဲခိုင်းခဲ့ဖူးသော ဘိုးသူတော်ကြီးသည် သူ၏ဆိုင်းတန်းနှင့်ထမ်းပိုးကို အောက်သို့ ချကာ ချွေးသုတ်ရင်း ပြောလိုက်လေ၏။
ကျွန်ုပ်၌ ဘိုးသူတော်ကြီးအား ပေးဆပ်ရန် ကြွေးတစ် ထောင်ရှိပေသည်။ သို့ရာတွင် ယခုအခါ၌ ကျွန်ုပ်ထံ၌ ပေးစရာ ငွေမရှိတော့ပေ။ ကျွန်ုပ်သည်ပင်လျှင် အနည်းငယ် ကျပ်ကျပ် တည်းတည်း နေထိုင်စားသောက်နေရပေပြီ။
“ကြွေးဆပ်လေ ပန်းချီဆရာရဲ့”
ဘိုးသူတော်ကြီးသည် ကွမ်းမြုံ့ရင်း ကျွန်ုပ်၏မျက်နှာ ကို စေ့စေ့ကြည့်လျက် ကြွေးတောင်းလေ၏။ ကျွန်ုပ်လည်း အကြံရခက်၍နေ၏။
“ထိုင်ပါဦး၊ ဦးသူတော်ရယ်။ ကျုပ်မှာ ခင်ဗျား ကို ကြွေးဆပ်ဖို့ ငွေလည်းမရှိသေးဘူးဗျာ။ ဒါပေမယ့် တစ်နှစ်ကျော်ကျော်လောက်အတွင်းမှာ ကျုပ်ဟာပန်းချီကားတွေ အများအပြား လေ့ကျင့် လာခဲ့ရတဲ့အတွက် လက်ရာဟာတော်တော်လေး တိုးတက်လာခဲ့ပါပြီ။ ဒီတော့ ဦးသူတော်ကို ပုံတူ ပြန်ပြီးရေးပေးမယ်ဗျာ။ ဟောဒီမှာ ကျုပ်ရေးထား တဲ့ အင်္ဂလိပ်မလေးပုံကို ကြည့်စမ်းပါဗျာ။ အဲဒီပုံကို ကြည့်ပြီး ကျုပ်လက်ရာသဘောကျရင် ဦးသူတော်ပုံကိုရေးပါ့မယ်”
ကျွန်ုပ်လည်း ကြွေးမဆပ်ရအောင် အထက်ပါအတိုင်း ပြောဆိုလိုက်လေ၏။ ဘိုးသူတော်ကြီးသည် ကျွန်ုပ်ရေးထား သော အင်္ဂလိပ်မပုံ ပန်းချီကားကို သေသေချာချာကြည့်၍...
“မကောင်းဘူး။ ပုံရဲ့ အထားအသိုတော့ နည်းနည်းမှန်လာပြီ။ အရောင်တွေ မှားနေတယ် ပန်းချီဆရာ။ ပုံရဲ့ အနီးအဝေးပစ္စည်းတွေမှာ ပါစပက်တစ်ခေါ်တဲ့ နီးဝေးမျဉ်းသဘောတွေ ရှိသလို အရောင်မှာလည်း ပါစပက်တစ်ရှိတယ်။ ဥပမာ ဟောဒီပုံမှာပါတဲ့ ခပ်ဝေးဝေးက စာတိုက် ပုံကို အနီရောင်သွင်းထားတယ်။ အဲဒါဟာ အရောင်ကို နားမလည်တဲ့သဘောပဲ”
ဟု ကျွန်ုပ်၏ပန်းချီကားကို မညှာမတာ ဝေဖန်လေ တော့၏။
“ဦးသူတော် စာတိုက်ပုံးကို အနီရောင်မသွင်းလို့ ဘာအရောင်သွင်းရမှာလဲဗျ”
ဟု ကျွန်ုပ် ပြန်၍မေးလိုက်လေ၏။
“လူပြိန်း၊ ပန်းချီပညာမတတ်တဲ့ လူပြိန်းတွေဟာ ဒီလိုပဲထင်တတ်ကြတယ်။ အမှန်ကတော့ ဒီလို မဟုတ်ဘူး။ အရာဝတ္ထုနဲ့ကြည့်တဲ့ လူရဲ့မျက်စိ အကြားမှာ မြူတွေရှိတယ်။ မြူဟာ အပြာရောင် ရှိတယ်။ ဒီတော့ စာတိုက်ပုံးရဲ့ အနီရောင်နဲ့ မြူရဲ့ အပြာရောင်ကို ပေါင်းလိုက်ရင် ခရမ်းရောင်ဖြစ် တယ်။ ဒီတော့ ခရမ်းရောင်ကို သွင်းရမယ်။ ကျုပ် ပြောတာမယုံရင် ပြောင်းပြီးသွင်းကြည့်”
ဟု ဘိုးသူတော်ကြီးက ကျွန်ုပ်အား ပြောသဖြင့် ကျွန်ုပ် လည်း ခရမ်းရောင်ကလေးကို စုတ်တံဖြင့် အသာကလေးယူ၍ စာတိုက်ပုံအနီရောင်နေရာ၌ အုပ်၍ပေးလိုက်ရာ အတော် ကလေး အဆင်ပြေ၍ သွားလေ၏။
“ဟုတ်တယ် မဟုတ်လား”
ဟု ဘိုးသူတော်ကြီးက ကွမ်းကိုမြုံ့ရင်း ကျွန်ုပ်ကို မေး လိုက်လေ၏။
“ဟုတ်ပါတယ် ဦးသူတော်”
“ဒီတော့ ခင်ဗျားဟာ ပန်းချီမတတ်သေးဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် ကျုပ်ရဲ့ပုံတူကို မရေးပါနဲ့ဦး။ ငွေတစ်ထောင်ကိုသာ ပြန်ပေးပါတော့”
“အခုလောလောဆယ်တော့ ပေးစရာမရှိသေး ဘူး ဦးသူတော်။ နောက်နှစ်ကို လာပြီးပေးပါ့မယ်”
“ကောင်းပြီ။ ကျုပ်သွားမယ်။ ပန်းချီဆရာပေါ် မှာ ငွေတစ်ထောင်ကြွေးရှိတယ်”
“နောင်.. ဝေ.. ဝေ.. ဝေ.. ဝေ”
ဦးသူတော်ကြီးသည် ကြေးစည်ကို ထုလိုက်လေ၏။ ကျွန်ုပ်လည်း သူ၏ကြေးစည်သံကြောင့် ကြက်သီးများထ၍ သွားလေတော့၏။
ထိုနေ့မှစ၍ ကျွန်ုပ်လည်း ပန်းချီပညာကို အထူး လေ့ကျင့်လိုက်စားခဲ့လေ၏။ ပန်းချီရေးကျင့်ခဲ့လေ၏။ ထမင်း စားချိန်နှင့် အိပ်ချိန်များမှအပ ကျွန်ုပ်သည် ပန်းချီရေး၍သာ နေခဲ့လေ၏။ ကျွန်ုပ်သည် ပန်းချီပညာကို အချိန်ပြည့် လိုက်စား နေရသဖြင့် ဆံပင်ညှပ်ရန်၊ မုတ်ဆိတ် နှုတ်ခမ်းမွေးရိတ်ရန် ကိုပင် စိတ်မဝင်စားတော့သည်ဖြစ်ရာ ကျွန်ုပ်၏ဆံပင်များ လည်း ကြည့်၍မကောင်းလောက်အောင် ရှည်လျား၍နေပြီဖြစ် ၏။ မုတ်ဆိတ်နှင့်နှုတ်ခမ်းမွေးများသည်လည်း လွန်စွာ ရှည် လျားခဲ့ပြီ ဖြစ်ပေသည်။
ဆေးဘူး၊ စုတ်တံ၊ ကင်းဘတ်ပြား၊ ပန်းချီစာအုပ် စသော ပစ္စည်းများ ဝယ်ယူရသဖြင့် ကျွန်ုပ်၏လက်ကျန်ငွေများလည်း တစ်စတစ်စ လျော့နည်း၍လာလေတော့၏။ ကျွန်ုပ် သည် မျက်စိနှစ်လုံးပွင့်သည်မှ မျက်စိနှစ်လုံးပိတ်သည်အထိ မနေမနား ရေးဆွဲလေ့ကျင့်နေရသဖြင့် ကျွန်ုပ်၏အိမ်ကို တံမြက် စည်းပင် မလှည်းဖြစ်တော့ပေ။ ထို့ကြောင့် ကျွန်ုပ်၏အိမ်ခန်း သည်လည်း အညာဒေသ၏ လှည်းလမ်းကြောင်းကဲ့သို့ ဖုန် တထောင်းထောင်းရှိလေ၏။
ဤသို့နှင့်ပင် တစ်နှစ်ကုန်ဆုံးခဲ့ရလေ၏။ ထိုအချိန်၌ ကျွန်ုပ် မကြားလိုသော အသံဆိုးကြီးကို ကြားရပြန်၏။
“နောင်.. ဝေ… …”
ဘိုးသူတော်ကြီးသည် ကြေးစည်ကို ထုလိုက်ပြီးနောက် ကွမ်းကိုမြုံ့ရင်း ကျွန်ုပ်၏အိမ်ပေါ်သို့တက်လာလေ၏။
“ဟား.. ဟား ပန်းချီဆရာနဲ့ နည်းနည်းတော့ တူလာပြီ။ ဆံပင်တွေလည်းရှည်လို့၊ မုတ်ဆိတ်တွေ၊ နှုတ်ခမ်းမွေးတွေ ဗလဗျစ်နဲ့။ တစ်အိမ်လုံး လည်း ဖုန်တွေချည်းပါပဲလား။ ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒါမှ တကယ့်ပန်းချီဆရာအိမ်နဲ့တူတာ။ ပန်းချီဆရာဆိုတာ အလှအပကို ဖန်တီးတဲ့သူဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ မလှပရှာဘူး။ သူများ တွေအတွက် အလှအပတွေ ဖန်တီးပေးရင်း သူ ဟာ တဖြည်းဖြည်း စုတ်လာရတဲ့လူမျိုးပဲ။ ဟုတ်ပြီ။ ဟုတ်ပြီ။ ကဲ.. ကဲ.. ပေးလေ။ ကျုပ်ရဲ့”
ဟု ဘိုးသူတော်ကြီးက ခရီးရောက်မဆိုက် အကြွေး တောင်းလေ၏။
“ရော့.. ဟောဒီမှာ ခင်ဗျားငွေတစ်ထောင်”
ကျွန်ုပ်လည်း ငွေတစ်ထောင်ကို အသင့်ထုတ်၍ ဆေး ခွက်များအောက်တွင် ထားခဲ့သည်မှာ ကြာပေပြီ။ ဘိုးသူတော် ကြီးလာလျှင် အပြောမခံဘဲ ပေးလိုက်နိုင်ရန်အတွက် ကျပ်ကျပ် တည်းတည်းဖြစ်နေသည့်ကြားမှပင် ထိုငွေကို မသုံးဘဲ ဆောင်၍ ထားခဲ့ခြင်းဖြစ်၏။
“ခင်ဗျားဥစ္စာ တစ်ထောင်ထဲပဲ”
ဟု ဘိုးသူတော်က ကျွန်ုပ်၏ငွေကို ရေတွက်ပြီးနောက် ကျွန်ုပ်ဆီသို့ ပစ်၍ပေးလိုက်လေ၏။
“တစ်ထောင်ပဲလေ။ ခင်ဗျားဆီက ကျုပ်ယူထားတာ တစ်ထောင်ပဲမဟုတ်လား”
“ဘယ်ဖြစ်မလဲ၊ ငွေတစ်ရာကို တစ်လမှာ ငါးကျပ် တိုးနဲ့ဆိုရင်တောင် တစ်နှစ်ဆိုရင် အတိုးချည်းပဲ ခြောက်ရာကျနေပြီ။ နောက်တစ်နှစ်မှာ အရင်း ရော အတိုးရောပေါင်းပြီးတွက်ရင် ထောင့်ကိုးရာ ခြောက်ဆယ်ပေးရမယ်”
“ဦးသူတော်ပိုက်ဆံက အတိုးတက်နေပါလား”
“ကျုပ်ပိုက်ဆံမှမဟုတ်ဘူး။ ဘယ်သူ့ပိုက်ဆံဖြစ် ဖြစ် လူများဆီရောက်သွားရင် အတိုးတက်လာတော့တာပဲ။ ပေးပါ ထောင့်ကိုးရာခြောက်ဆယ်”
“ဒီလိုလုပ်ပါဗျာ။ ဦးသူတော် တောင်းတဲ့ငွေတော့ မရှိဘူး။ ဟောဒီမှာ တစ်နှစ်လုံး ကျုပ်ရေးထားတဲ့ ပန်းချီကားတွေကိုကြည့်ပါ။ ကျုပ်လက်ရာကို ဦးသူတော် သဘောကျပြီဆိုရင် ဦးသူတော်ရဲ့ ပုံတူကို ရေးပေးပါ့မယ်”
ဟု ပြောလိုက်ရာ ဘိုးသူတော်ကြီးသည် ကျွန်ုပ်ရေးဆွဲ ထားသောပန်းချီကားများကို အသေးစိတ် လိုက်လံကြည့်ရှုလေထို့နောက်...
“အလကားပဲ။ ခင်ဗျား ဘာမှမတတ်သေးဘူး။ ဒီမှာ ကြည့်စမ်း၊ ပန်းချီကားဟာ အမှတ်တမဲ့ ကြည့်လိုက်ရင်တော့ တကယ်ကောင်းတဲ့ ပန်းချီ ကားလို့ထင်ရပေမယ့် သေသေချာချာ အရသာ ခံပြီး ကြည့်လိုက်တော့ ခင်ဗျားရဲ့ ချို့ယွင်းချက်တွေ အများကြီးပေါ်လာတယ်။ ဒီပုံကို ကျုပ် သိတယ်။ ပြင်သစ်ပန်းချီဆရာကြီးရေးသွားတဲ့ ရွှေမြို့တော်သူဆိုတဲ့ ကမ္ဘာကျော်ပန်းချီကားကို ပုံတူယူပြီး မြန်မာပုံဖြစ်အောင် ဆွဲထားတာပဲ။ ရွှေမြို့တော်သူ ပန်းချီကားထဲမှာ ဟော့ဒီနားမှာလူပျံတော်ရုပ် ရေပန်းကလေးပါတယ်။ အဲဒီ ရေပန်းကလေးဟာ ကားရဲ့ အသက်ပဲ။ မာကျော မှုကိုပြထားတယ်။ ခင်ဗျားက အဲဒီနေရာမှာ လှည်းကြီးကို ပြောင်းပြီးထည့်ထားတယ်။ ဒါပေမယ့် လှည်းဘီးပေါက်ပေါ်မှာကျနေတဲ့ အလင်းရောင် တွေဟာ မှားနေတယ်”
ဟု ဘိုးသူတော်ကြီးက အပြစ်တင်ပြန်၏။
ထို့နောက် ကျွန်ုပ်၏ စိတ်ကြိုက်အဖြစ်ဆုံး ပန်းချီကား တစ်ချပ်ကိုဆွဲထုတ်ပြီးနောက်...
“ဟား.. ဟား.. ဟား.. ဒါက ၁၈၇၀ ခုနှစ် Gosodozę:m (Alexander Stirling Calder) အလက်ဇန်းဒါးစတားလင်းကယ်လ်ဒါ ဆိုတဲ့ အမေရိကန်ပန်းပုဆရာထုသွားတဲ့ “ရယ်စရာ ငိုစရာ” ဆိုတဲ့ ပန်းပုရုပ်ပဲ။ ဒါကို ပုံတူပြန်ကူး ထားတာပဲ။ မကောင်းဘူး။ ကျောက်ဆစ်ရုပ်ကို မှီးပြီး သက်ရှိလူအဖြစ် ဖန်တီးရေးတာမဟုတ်လား။ ဒါက လူနဲ့မတူဘူး။ ကျောက်ရုပ်နဲ့ပဲ ပြန်ပြီးတူနေတယ်”
ဟု ဆိုပြန်ကာ ပန်းချီကားအသစ်တစ်ချပ်ကို ဆွဲထုတ် ပြန်၏။
“လာပြန်ပြီ။ ဒါက ၁၇၃၆ ခုနှစ် ကျော်ကျော်လောက်က ပြင်သစ်ပန်းပုဆရာကြီး Clodion ကလိုဒီယွန် ထုလုပ်ခဲ့တဲ့ နတ်မိစ္ဆာနဲ့အလှမယ် ဆိုတဲ့ ပန်းပုရုပ်ကို ပန်းချီပြန်ရေးထားတာပဲ။ မကောင်းဘူး။ အလှမယ်ရဲ့ ပုံဟာ မာတောင့်တောင့်ကြီးဖြစ်နေတယ်။ အဲဒါ ဘာကြောင့်လဲ သိလား။ အောက်လိုင်းကြောင်းကတည်းက မျဉ်းကြောင်းတွေဟာ ပျော့ပျောင်းမှု မရှိခဲ့လို့ပဲ။ ဟား.. ဟား.. ကိုယ့်လူက နာမည်ကြီး ပန်းချီ ကားတွေကို ကူးတာမှ မဟုတ်ဘဲ။ ပန်းပုတွေကို ကူးပြီး ပန်းချီအဖြစ် ပြန်လုပ်ထားတာကိုး။ စိတ် ကူးတော့ မဆိုးဘူး။ ဒါပေမယ့် လက်ရာက ညံ့ သေးတယ်”
ဟု ဆိုပြန်၏။
ထို့နောက် ကျွန်ုပ်၏ ပန်းချီကားများကို ကြည့်ရှုလျက် ဒါက ၁၆ ရာစုနှစ်က ဂျိုင့်ရင်ဘိုလိုဂနားရဲ့ ပန်းပုရုပ်၊ ဒါက ဂျင်ဘက်တစ်တီပစ်ဂလေးရဲ့ ၁၇ရာစုတုန်းက လက်ရာ၊ ဟော ဒါက ၁၈ရာစုနှစ်က ကျောက်ပြားမှာထွင်းသွားတဲ့ ဒိန်းမတ်က ပန်းပုဆရာကြီး ဘာတယ်သော်ဝပ်ဆင်ရဲ့ သေခြင်းနဲ့ အိပ်စက် ခြင်းဆိုတဲ့ ဖောင်းကြွပန်းပုရုပ်ကို ပြန်ပြီးဆွဲထားတာဟု ဆို လေတော့၏။
ဘိုးသူတော်ကြီးသည် ကမ္ဘာကျော်ပန်းချီကားများကို သာမဟုတ်ပေ။ ကမ္ဘာကျော် ပန်းပုဆရာကြီးများ ထုလုပ်သွား သည့် ပန်းပုလက်ရာများကိုလည်း ခုနှစ်သက္ကရာဇ်နှင့် အတိ အကျသိနေသည့်အတွက် ကျွန်ုပ်သည် အံ့သြရပြန်၏။
ကျွန်ုပ်သည် ဘိုးသူတော်ကြီးအား အံ့ဩစွာ ကြည့်၍ နေ၏။
“ဦးသူတော်ကြီးဟာ ကမ္ဘာကျော်ပန်းချီကား ကြီးတွေကို ရေးဆွဲခဲ့တဲ့ ခုနှစ်သက္ကရာဇ်နဲ့တကွရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီးတွေကို အလွတ် ရနေပါလား။ ပြီးတော့ ကမ္ဘာကျော် ပန်းပုရုပ်တွေ ကိုလည်း ဒီလိုပဲ အလွတ်ရနေတယ်။ ကျုပ်ဖြင့် မအံ့သြဘဲ မနေနိုင်ဘူး။ ဦးသူတော်ဟာ ဘာ ဖြစ်လို့ ဒါတွေကို ဒါလောက်သိနေရတာလဲ”
ဟု ကျွန်ုပ်က မေးရာ ဘိုးသူတော်ကြီးက ကွမ်းမြုံ့ လိုက်လေ၏။
“ပန်းချီပညာမတတ်ဘဲ ပန်းချီဆရာအမည်ခံ ထားတဲ့ ကိုယ့်လူတို့လိုလူတွေကို လိုက်ပြီးဖမ်း နေတဲ့ ပန်းချီပုလိပ်ပေါ့ ဗျာ။ ဟား.. ဟား.. ပုလိပ်ဆိုတဲ့ စကားလုံးကြောင့် မျက်လုံးပြူးသွား တာလား။ အင်္ဂလိပ်စကား ပူးလိစ်၊ မြန်မာလို ပုလိပ် ဆိုတဲ့ ဝေါဟာရဟာ ပါဠိလို ပါလဆိုတဲ့ စကားလုံးနဲ့ အတော်ကလေးကိုက်ညီတယ်။ ပါလ ဆိုတာ စောင့်ရှောက်ခြင်းလို့ အနက်ပေး တယ်။ ဒီတော့ ပန်းချီပညာကို စောင့်ရှောက်သူလို့ ဆိုရင်မမှားပါဘူး။ ကိုယ့်လူတို့လို ပညာ မတောက်တခေါက်တတ်ပြီး ပန်းချီဆရာလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့ လူတွေကို အမြောက် အမြားတွေ့ဖူးပါတယ်။ အပူရောင်က ဘယ်လို၊ အအေးရောင်က ဘယ်နှယ်၊ လိုက်အင်ရှိတ်က ဘယ်လိုယူထားတာ၊ ဘယ်လိုခံစားပြီး ရေးထားတာနဲ့ ပါးစပ်က ကြီးကြီးကျယ်ကျယ်တွေ လျှောက် ပြော၊ မသိတဲ့လူက အဟုတ်ကြီးအောက်မေ့ချင် အောက်မေ့မယ်။ အမှန်ကတော့ ကိုယ့်လူတို့လို လူတွေဟာ မသိနားမလည်တဲ့ လူတွေကို အထင်ကြီးအောင် ပြောပြနိုင်တဲ့ ပန်းချီစာဟောဆရာ ပဲဖြစ်တယ်။ ပန်းချီဆရာအစစ်မဟုတ်ဘူး”
ဟု ကျွန်ုပ်အား မညှာမတာ အပြစ်တင်လေ၏။ ထို့ နောက် ကျွန်ုပ်၏ ကြမ်းပြင်ပေါ်သို့ ကွမ်းတံထွေးကို ပစ်ကနဲ ထွေးလိုက်ပြီးလျှင် ဆက်၍ပြောလေ၏။
“ကျုပ်ငွေကို ပြန်ပြီးဆပ်ပါ။ ကြွေးဆိုတာ ကြာလေ အတိုးတက်လေပဲ”
“အခုမဆပ်နိုင်သေးဘူး။ ဦးသူတော်ကြီး၊ ပြီးတော့ ခင်ဗျားကလည်း အတိုးကို မတရားတက် နေတာပဲ။ အတိုးနဲ့ချေးရင်တောင် ဒါလောက် တက်ဖို့မကောင်းဘူး။ ဟဲ… ဟဲ.. ပြီးတော့ ကျုပ်ဆီမှာ ခင်ဗျားက ရစရာ ငွေတစ်ထောင်ရှိ တယ်ဆိုတာကလည်း စာချုပ်လည်းမရှိ သက်သေ လည်း မရှိပါဘူး။ မပေးရင်ကော ခင်ဗျား ဘာများ တတ်နိုင်မှာလဲ”
ဟု ကျွန်ုပ်က သွေးတိုးစမ်းလိုက်လေ၏။
“ဘယ့်နှယ် သက်သေမရှိရမှာလဲ။ ခင်ဗျားကို ကျုပ်က ငွေတစ်ထောင်ပေးတုန်းက သက်သေ ရှေ့မှာ ပေးတာပဲ”
“ဘယ်သူ့ရှေ့မှာပေးတာလဲ”
“ဟောဒီ ကြေးစည်ရှေ့မှာ ပေးတာပဲ။ သူက သက်သေပေါ့။ ဟား.. ဟား..”
ဟု ဆိုကာ သူ၏ကြေးစည်ကို ထုလိုက်လေ၏။
“နောင်.. ဝေ.. ဝေ.. ၊ နောင်.. ဝေ.. ဝေ..”
ကျွန်ုပ်သည် မည်သို့ဖြစ်သည်မသိ၊ ထိုကြေးစည်သံ ကိုကြားရလျှင် ကြက်သီးများထ၍ လာလေ၏။
“မပေးရင် ကိုယ့်လူအိမ်ရှေ့မှာ နေ့တိုင်းလာပြီး ကြေးစည်ထုနေမယ်”
ဟု ဆိုကာ ထူးဆန်းသော ဘိုးသူတော်ကြီးသည် ထွက်၍ သွားလေတော့၏။
---
(အခန်း ၅ ဆက်ရန်)
#မင်းသိင်္ခ
#မြိုင်ဟေဝန်
#shared_by_louis_augustine
Comments
Post a Comment