မြိုင်ဟေဝန် (အခန်း ၉) // မင်းသိင်္ခ

မြိုင်ဟေဝန် (အခန်း ၉) // မင်းသိင်္ခ

---

ဖိုးသူတော်ကြီး 

ကျွန်ုပ်သည် အမ်အေဘွဲ့ကို ရရှိပြီးသည့်အခါ၌ မြန်မာပြည်သို့ မပြန်သေးဘဲ လန်ဒန်မြို့၌ရှိသော စာကြည့်တိုက်များမှ ရှားပါးသော စာအုပ်များကို ရှာဖွေဖတ်ရှုဦးမည်ဟု သဘောထားကာ လန်ဒန်မြို့ (Blooms Bury Qr.) ဘလွန်းဘာရီကွာ 033:1 (Heart Street) oposad:ope ope ope (Kingsley Hotel) ကင်းစလီဟိုတယ်၌ တည်းခိုခဲ့လေသည်။

ထို ဟိုတယ်နှင့်တစ်လမ်းကျော်လောက်တွင် (Great Russell Street) ဂရိတ်ရပ်ဆဲလ်လမ်း ဟူ၍ ရှိ၏။ ထိုလမ်း၌ လည်း (Thackeray Hotel) သကရေးဟုခေါ်သော ဟိုတယ်တစ်ခုရှိလေသည်။ ထိုဟိုတယ်နှစ်လုံး၌ တည်းခိုကြသောသူ များအတွက် ကောင်းသောအချက်မှာ ဗြိတိသျှမြူစီယမ်ခေါ်သော ပိဋကတ်တိုက်ကြီးနှင့် နီးကပ်သည့်အတွက် ပိဋကတ်တိုက် သို့ သွားရောက်ကြည့်ရှုနိုင်ခြင်း မိတ်ဆွေများနှင့် တွေ့ဆုံလျှင် လိပ်စာပြောရန် လွယ်ကူခြင်းတို့ဖြစ်၏။

ဗြိတိသျှမြူစီယမ်၌ လွန်စွာရှားပါးသော စာအုပ်စာ တမ်းများရှိလေသည်။ မြူစီယမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှု ရန်အတွက် လျှောက်လွှာကို တစ်ရက်ကြိုတင်၍ တင်သွင်းရပေသည်။ ထို့ထက်ပို၍ ကြည့်ရှုရန်အတွက်ဖြစ်မူ လန်ဒန်မြို့၌ အမြဲနေထိုင်သူနှစ်ဦးက လက်မှတ်ထိုး၍ ထောက်ခံမှသာလျှင် ခွင့်ပြုပေသည်။ အသက် (၂၁)နှစ်ပြည့်ပြီးသူကိုလျှင် ကြည့်ရှုလိုသော စာအုပ်စာတမ်းကို ကြည့်ရှုခွင့်ပေးလေသည်။ ကမ္ဘာပေါ် ၌ အကြီးမားဆုံး ပိဋကတ်တိုက်ကြီးဟု ဆိုနိုင်ပေသည်။

တစ်နေ့သ၌ ကျွန်ုပ်တည်းခိုနေထိုင်ရာ ကင်းစလီ ဟိုတယ်မှနေ၍ ဗြိတိသျှမြူစီယမ်သို့ သွားရောက်ခဲ့လေ၏။ ဗြိတိသျှမြူစီယမ်မှတဖန် စိန့်ဂျိမ်းလမ်းရှိ လန်ဒန်စာကြည့်တိုက်သို့ သွားရောက်ခဲ့ပြန်၏။ ထိုမှတဖန် ရာဇဝင်စာအုပ်များ စုံလှသည်ဟု ကျော်ကြားသည့် ကင်စတန်ကွာတားတွင်တည်ရှိသော နက်ချားရယ်ပိဋကတ်တိုက်သို့ သွားခဲ့ပြန်၏။ ထိုပိဋကတ် တိုက်၌ လွန်စွာရှားပါးသော ရာဇဝင်စာအုပ်များကို ငှားရမ်းပြီးလျှင် (Lamboth Palace Library)လမ်း ဘတ်ပဲလေ့စ်ပိဋကတ် တိုက်သို့ သွားရောက်ခဲ့ပြန်၏။ ထို ပိဋကတ်တိုက်မှာ ၁၈ရာစုနှစ် ကပင် စတင်တည်ထောင်ခဲ့သည်ဟု သိရလေ၏။

(Westminster Bridge) ဝက်မင်စတာ တံတားနှင့် လွန်စွာနီးကပ်၏။ ထိုတံတားသို့ရောက်လျှင် တောင်ဘက်သို့ သုံးမိနစ်ခန့် ခြေလျင်သွားရ၏။ ထိုစာကြည့်တိုက်မှာ လွန်စွာ စည်းကမ်းကြီးပေသည်။ ခရစ်ယာန်ဂိုဏ်းမှ အကြီးအကဲ ဘုန်းတော်ကြီး၏ထောက်ခံစာပါမှသာလျှင် စာအုပ်များကို ကြည့်ရှုခွင့်ပေးလေ၏။

ကျွန်ုပ်သည် ရှေးခေတ်လူသားတို့ ယုံကြည်သော အဆောင်လက်ဖွဲ့များနှင့် ပတ်သက်သောစာအုပ်ကို ငှားရမ်း ကြည့်ရှုနေစဉ် တစ်စုံတစ်ယောက်သည် ကျွန်ုပ်နောက်မှနေ၍...

“ဒီစာအုပ်ကို မဖတ်နဲ့။ အဲဒီထဲမှာပါတဲ့ဟာ တွေက သိပ်ပြီးမဟုတ်ဘူး။ သူ့ထက်ကောင်း တဲ့စာအုပ်က မြန်မာပြည်မှာရှိတယ်။ သရဖူ ကိုးစောင်တွဲလို့ ခေါ်တယ်”

ဟု မြန်မာလိုပြောလိုက်သဖြင့် ကျွန်ုပ်သည် လွန်စွာ အံ့ဩမိလေတော့၏။

မြန်မာစကားကို မကြားရသည်မှာ ကြာပြီဖြစ်သည်က တစ်ကြောင်း၊ လွန်စွာ အသွားအလာနည်းပါးသည့် လန်ဒန် မြို့၏ သီးသန့်စာကြည့်တိုက်အတွင်း၌ ရောက်နေသည်က တစ်ကြောင်းကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏နားကိုပင် မယုံ ကြည်သကဲ့သို့ ဖြစ်၍သွားလေ၏။

“ကိုယ့်လူက မယုံဘူးလား။ ဟား.. ဟား.. ကျုပ်က အနောက်တိုင်းလောကီပညာတွေကို ကုန်စင်အောင် လေ့လာပြီးပါပြီ။ အားလုံး ကျုပ်တို့အရှေ့တိုင်းက ပညာမှာ မြစ်ဖျားခံရတာချည်း ပါပဲ။ ကျုပ်ကတော့ ဘာမှ မဆောင်ဘူး။ ကြေး စည်ပဲ ဆောင်ထားတယ်။ နောင်.. ဝေ.. ဝေ”

ကျွန်ုပ်၏နောက်မှ အသံရှင်သည် သူ၏စကားအဆုံး ၌ ကြေးစည်ကိုပါ ထုလိုက်ရာ မည်သို့ဖြစ်သည်မသိပေ။ ကျွန်ုပ် သည် ကြက်သီးမွေးညင်းထ၍ သွားလေတော့၏။

ထို့ကြောင့် ကျွန်ုပ်က ထိုလူအား လှည့်ကြည့်လိုက်မိ လေ၏။ ထိုသူကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ် သည် အံ့သြရပြန်၏။

ထိုသူကား ဘိုးသူတော်ကြီးတစ်ဦးဖြစ်၏။ ခေါင်းကို ပြောင်စင်အောင်တုံးလျက် အဖြူရောင်ကိုယ်ရုံကို ဆင်မြန်းလျက် ပုတီးကြီးကိုလည်း လည်ပင်း၌ဆွဲလျက် ဆိုင်းထမ်းကို ထမ်းလျက် ကြေးစည်ကိုကိုင်လျက် လွန်စွာ ဘိုးသူတော်ဂိုက်ကို မိလှသော အသက် ၄၀ အရွယ် မြန်မာလူမျိုး ဘိုးသူတော်ကြီး ဖြစ်ပေသည်။

လန်ဒန်မြို့၌ ဤကဲ့သို့သော မြန်မာဘိုးသူတော်တစ်ဦး ကို မြင်တွေ့ရန် စောင့်စားခဲ့ပါလျှင် အနှစ်တစ်ထောင်လျှင် တစ်ယောက်မျှပင် တွေ့နိုင်လိမ့်မည် မဟုတ်ဟု ကျွန်ုပ်အနေနှင့် တွေးမိပါသည်။
 
“လန်ဒန်မြို့မှာ ဘိုးသူတော်ကြီးကိုတွေ့ရလို့ အံ့ဩနေတာလား။ မအံ့ဩနဲ့ ကိုယ့်လူ။ လန်ဒန် ကို ကျုပ်က အရင်ရောက်ဖူးတာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်က တစ်ခေါက်ရောက်သေးတယ်။ နှလုံးဖြူ ဟိုတယ်၊ ဝှိုက်ဟတ်ဟိုတယ်ပေါ့ ကိုယ့်လူရာ။ ဝင်ဆာရဲတိုက်နားမှာ ရှိတယ်။ အဲဒီမှာ တည်းခို ခဲ့တာပေါ့။ မြန်မာပြည်ကိုပြန်တော့ ဟောဒီ ကြေးစည်ထုတဲ့ဘုကလေး ဟိုတယ်မှာမေ့ကျန်ခဲ့တယ်။ အခုလာတာက ဒီဘုကလေးလာယူတာပဲ”

ဟု ပြောလေသည်။

“မဟုတ်တာပဲ ဦးသူတော်ကြီးရာ။ ကြေးစည်ဘု ကလေး ကျန်ခဲ့တာကိုများ မြန်မာပြည်ကနေ အင်္ဂလန်ထိအောင်လာပြီး ပြန်ယူရတယ်လို့ဗျာ”

ဟု ကျွန်ုပ်ကပြောလိုက်လျှင် ဘိုးသူတော်ကြီးသည် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးလျှင် 

“ဒီမှာကြည့်” 

ဟု ဆို ကာ ကြေးစည်ဘု၏ လက်ကိုင်ကို ဘုသီးမှ ဖြုတ်လိုက်လေ၏။
 
ထို့နောက် ကြေးစည်၏လက်ကိုင်ကို ဝက်အူရစ်ကဲ့သို့ လှည့်လိုက်ရာ အတွင်းမှ စာရွက်လိပ်ကလေး ထွက်၍လာ၏။

ကျွန်ုပ်သည် ထိုစာရွက်ကို လှမ်းကြည့်လိုက်မိ၏။
စာရွက်ပေါ်၌ အရုပ်စာကဲ့သို့ စာများကို တွေ့ရလေ ၏။ ဘိုးသူတော်ကြီးသည် ကြေးစည်ဘုသီးကို လှည့်၍ ချွတ်လိုက်ပြန်လျှင် အတွင်းမှသော့တစ်ချောင်းထွက်၍ လာပြန်၏။ သော့မှာ လွန်စွာအရောင်လက်လှပေသည်။ 

“ရွှေသော့ ရွှေသော့ ဂိုးလ်ဒင်းကီး၊ ဒီသော့နဲ့ ဖွင့်ရမှာ ကိုယ့်လူ”

ဟု ဖိုးသူတော်ကြီးက ပြောပြန်လေ၏။

“ဘာကိုဖွင့်ရမှာလဲ ဦးသူတော်”

ဟု ကျွန်ုပ်က မေးလိုက်မိလေသည်။

“ထူးဆန်းအံ့သြဖွယ်ရာအကြောင်းတွေ စုဆောင်း ထားတဲ့နေရာကို ဖွင့်ရမှာ” 

ဟု ဘိုးသူတော်ကြီးက ပြန်၍ဖြေလေ၏။ ထိုအချိန်မှစ၍ ကျွန်ုပ်နှင့်ဘိုးသူတော်ကြီးသည် စတင်သိကျွမ်းခင်မင်ကြလေတော့၏။ ကျွန်ုပ်နေထိုင်ရာ ကင်စလီ ဟိုတယ်သို့ ဘိုးသူတော်ကြီးသည် မကြာခဏ လာရောက်လေ၏။

လာရောက်သည့်အခါတိုင်း၌လည်း ရယ်စရာကောင်း သော ပုံတိုပတ်စကလေးများ ပြော၍သွားတတ်လေ၏။ ကျွန်ုပ်သည် မြန်မာစကားမပြောရသည်မှာ ကြာပြီဖြစ်သဖြင့် ဘိုးသူတော် ကြီးကိုသာလျှင် အဖော်ပြု၍ မြန်မာစကား ပြောဆိုခြင်းဖြင့် အပျင်းပြေရလေ၏။

တစ်ညသ၌ ဘိုးသူတော်ကြီးသည် ကျွန်ုပ်ထံသို့ ရောက် လာပြီးလျှင်...

“မနက်ဖြန် ကိုယ်ပြန်မယ်။ ကိုယ့်လူကို လာ နှုတ်ဆက်တာပဲ။ တစ်နေ့တော့ တွေ့ကြသေး တာပေါ့” 

ဟု ဆိုလေ၏။

ထိုအချိန်မှစ၍ ဘိုးသူတော်ကြီးနှင့် ခွဲခွာခဲ့ရလေတော့ ၏။ ဘိုးသူတော်ကြီးမရှိသည့်နောက်ပိုင်း၌ ကျွန်ုပ်သည် နေချရယ်မြူ စီယံ၌သာလျှင် ရာဇဝင်စာအုပ်များကိုဖတ်ရှုရင်း အချိန်ဖြုန်း၍ နေလေ၏။

တစ်နေ့သ၌ နေချရယ်မြူစီယံ၌ ကျွန်ုပ်နှင့် လွန်စွာ ရင်းနှီးသော အောက်စဖို့ယူနီဘာစတီမှ ပရော်ဖက်ဆာတစ်ဦး နှင့် ဆုံမိကြလေ၏။ ထိုပရော်ဖက်ဆာက...

“တကယ်လို့ မပြန်သေးရင် အချိန်လည်းရမယ် ဆိုရင် ကျမ်းစာအုပ်တစ်အုပ်လောက် ပြုစုသွားပါလားကွ။ ငါပြောတဲ့ ကျမ်းစာမျိုးသာရေးမယ်ဆိုရင်တော့ မင်းကို ပါရဂူဘွဲ့ပေးဖို့ ငါက ကောင်းကောင်းကြီးထောက်ခံလိုက်မယ်။ အဲဒီကျမ်းမျိုး မရှိသေးဘူးကွ”

ဟု ဆိုလေ၏။ 

“ဘယ်လိုကျမ်းမျိုးလဲ ပရော်ဖက်ဆာ” 

ဟု ကျွန်ုပ်က စိတ်ပါဝင်စားစွာ မေးမြန်းမိလေ၏။

“ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအသီးသီး ခေတ်အလိုက် ယုံယုံကြည်ကြည် ဆောင်ခဲ့ကြတဲ့ “အဆောင်အယောင်” တွေကို စူးစမ်းရှာဖွေပြီး ကျမ်းတစ်စောင်လောက် ရေးစေချင်တယ်။ လူတွေဟာ အကြောင်းမဲ့ မယုံကြည်တတ်ပါဘူးကွ။ ယုံစရာရှိ လို့ ယုံနေကြတာပါ။ အဲဒါကို ရှာဖွေစမ်းပါကွာ” 

ဟု ပရော်ဖက်ဆာက ပြောလေ၏။

ကျွန်ုပ်သည် ပရော်ဖက်ဆာ၏စကားကို စဉ်းစားနေမိ လေ၏။

“ဒီလိုကွ တစ်ခါက ငါဟာ အာဖရိက လူရိုင်းတွေ ဆီကို ရောက်ခဲ့တယ်။ ရှေ့နေကြီးကို အင်မတန် အဆိပ်ပြင်းထန်တဲ့ ရက်တယ်စနိတ်ခေါ်တဲ့ မြွေ တစ်ကောင်က ခြေသလုံးကို ကိုက်လိုက်ပါရောဟေ့။ ငါလည်း သိပ်ပြီးစိုးရိမ်သွားတယ်။ တို့မှာ ဆေးဝါးလည်း မပါဘူးကွ။ ဆေးဝါးပစ္စည်း ပါတယ်ထားဦးကွာ။ အဲဒီမြွေမျိုးရဲ့ အဆိပ်က ကုလို့ မရတာက များတယ်။ အဲဒီအချိန်မှာပဲ လူရိုင်း တစ်ယောက်ရောက်လာပြီး သူ့ရဲ့ လည်ပင်းမှာဆွဲထားတဲ့ အဆောင်ပစ္စည်းကို သွေးပြီး ရှေ့နေ ကြီးကိုလည်း တိုက်တယ်။ မြွေကိုက်တဲ့ ဒဏ်ရာကိုလည်း လူးပေးတယ်ဟေ့။ သိပ်ကိုဆန်းတာပဲကွာ။ မြွေကိုက်ခံရတဲ့ ရှေ့နေကြီးဟာ အကောင်း ပကတိ ဖြစ်သွားတယ်။ ဒါနဲ့ ငါက လူရိုင်းရဲ့ လည်ပင်းမှာဆွဲထားတဲ့ အဆောင်ဟာ ဘာလဲလို့ မေးကြည့်တော့ တောဆိတ်ရဲ့ချိုဖြစ်ကြောင်း သိရတယ်။ အဲဒီအခါကျမှပဲ တောဆိတ်ချိုဟာ မြွေဆိပ်ကိုနိုင်ကြောင်း သိရတော့တယ်။ ဒါကြောင့် လူတွေဆောင်တဲ့ အဆောင်ပစ္စည်းတွေမှာ လူသားတွေအတွက် အသုံးဝင်တဲ့ပစ္စည်းတွေ ပါနေတတ်တယ်ဆိုတာကို သတိပြုမိတယ်။ သုတေသနလုပ်ကြည့်လိုစိတ်လည်း ဖြစ်ပေါ်လာတယ်”

လို့ ပရော်ဖက်ဆာကြီးက ပြောလေ၏။

“အတော်ပဲ ပရော်ဖက်ဆာ၊ အဲဒီအကြောင်းအရာမျိုးနဲ့ပတ်သက်ပြီး လင်ဘတ်ပဲလေ့ ပိဋကတ်တိုက် က စာအုပ်တစ်အုပ်တောင် ငှားထားမိလေရဲ့”

ဟု ကျွန်ုပ်က စကားစလိုက်လျှင် ပရော်ဖက်ဆာကြီး က ပြုံးလျက်...

“မင်းငှားတဲ့စာအုပ်က တယ်လစ်စမင်းအင်ချမ်း ဆိုတဲ့ စာအုပ်မဟုတ်လား” 

ဟု ပြောလိုက်လေ၏။

ကျွန်ုပ်က ဟုတ်မှန်ကြောင်း ဝန်ခံလိုက်လျှင် ပရော် ဖက်ဆာကြီးက...

“အဲဒီစာအုပ်က အလကားပါကွ။ နေပါဦး..ဆောက်ကင်ဆင်တန်ကွာတား အင်ပီးရီးယယ် လမ်းမှာရှိတဲ့ အင်းပီးရီးယယ်ပိဋကတ်တိုက်ကို သိလား”

ဟု စကားစလေ၏။

“အဲဒီပိဋကတ်တိုက်ကို မသိဘူး ခင်ဗျ” 

ဟု ကျွန်ုပ်ကပြောလိုက်ရာ ပရော်ဖက်ဆာကြီးက...

“အိုကွာ ကင်ဆင်တန်မြေအောက်ဘူတာရုံနားမှာ ရှိတဲ့ အဆောက်အအုံဟာလေကွာ။ အဲဒါ အင်ပီးရီးယယ်ပိဋကတ်တိုက်ပဲ။ အဲဒီမှာ လက်ရေးမူ စာအုပ်တစ်အုပ် ရှိတယ်။ စာအုပ်နာမည် က ခပ်ဆန်းဆန်းပဲ။ ငါတော့ မမှတ်မိဖူး။ လွန်စွာ လျှို့ဝှက်ရှားပါးသော စာလုံးလေးလုံးလို့ အဓိပ္ပာယ်ရတဲ့နာမည်ပဲကွ။ အဲဒီ စာအုပ်ကိုသွား ရှာပြီး ဖတ်ကြည့်ပေတော့” 

ဟု ပရော်ဖက်ဆာကြီးက ကျွန်ုပ်အားပြောလေ၏။

ကျွန်ုပ်လည်း ကျမ်းတစ်စောင် ပေတစ်ဖွဲ့ ရေးသားဦး မည်ဟု သဘောထားသည့်အလျှောက် ပရော်ဖက်ဆာကြီးပြောသည့် လက်ရေးမူကို သွားရောက်၍ ငှားရမ်းကာ ကူးယူခဲ့ လေ၏။

ကူးယူပြီးနောက် ထိုစာများကိုဖတ်ကြည့်ရာ အဓိပ္ပာယ် မပေါက်ဘဲရှိလေ၏။ အချို့နေရာများ၌ နက္ခတ်များအကြောင်း ပါ၍ အချို့နေရာများ၌ ဂမုန်းပင်ကဲ့သို့သော အပင်များအကြောင်းပါ၏။ အချို့နေရာများ၌ ရှေးဟောင်းဟိန္ဒူစာနှင့် တူသော စာများကို တွေ့ရလေ၏။ ကျွန်ုပ်သည် ထိုစာမူကို ကူးယူခဲ့သည့်နေ့မှစ၍ မနေမနား ဖတ်ရှုခဲ့သော်လည်း သဘော ပေါက်နားလည်ခြင်းမရှိခဲ့သဖြင့် စိတ်ပျက်စပြု၍လာလေ၏။

ထိုစာအုပ်၌ပါသော အကြောင်းအရာတစ်ခုမှာ အရှေ့ တိုင်း၌ ပြဒါးကို မီး၌တင်၍ ရစေရန် ကြိုးစားနေကြ ၏။ ထိုသို့ ရသည့်အခါ၌ အလွန်တန်ခိုးကြီးသောအဖြစ်သို့ ရောက်လိမ့် မည်ဟု မျှော်လင့်နေကြ၏ဟု ဖော်ပြထား၏။ ထိုစာပိုဒ်နှင့်တစ် ဆက်တည်း၌လည်း ထိုသို့ပြုလုပ်သည်ထက် အောက်ပါအတိုင်း ပြုလုပ်လျှင် မုချ တန်ခိုးကြီး၏ဟု ရေးသားထားသော်လည်း ထိုစာပိုဒ်၏အောက်၌ကား မည်သည့်စာမျှမရှိဘဲ ကွက်လပ် ချန်၍ထားသဖြင့် ကျွန်ုပ်သည် ထိုစာမူရေးသူအား မမြင်ဖူးဘဲ လျက် ဒေါသဖြစ်ရပြန်၏။

ကျွန်ုပ်သည် ထိုစာမူကို အပြန်ပြန် အလှန်လှန်ဖတ်ရှု ခဲ့ရာ စာမူ၏နောက်ကျော၌ ခဲတံဖြင့်ရေးထားသော မှုန်တိမှုန် မွှားနိုင်လှသည့် စာကို တွေ့ရလေ၏။

ကျွန်ုပ်သည် ထိုစာကိုကြိုးစား၍ ဖတ်ကြည့်သောအခါ အောက်ပါအတိုင်း တွေ့ရပေရာ များစွာအံ့သြရပြန်၏။

“ဒိဗ္ဗစက္ခု ရှင်ရသေ့၏ ကြေးပုရပိုက်မူဖြစ်သော ကပ္ပလင်္ကာရကျမ်းရင်းကြီး၏ အင်္ဂလိပ်ဘာသာပြန် ဧကန်သ ဗျာကရဏ-ဆရာသိင်္ခ”

ကျွန်ုပ်သည် အထက်ပါစာကို မှတ်စုစာအုပ်၌ ကူးယူ ထားလိုက်ပြီးလျှင် မြန်မာပြည်ရှိ ကျွန်ုပ်မိတ်ဆွေထံသို့ ကပ္ပလင်္ကာရ ကျမ်းပုံနှိပ်စာအုပ်ရှိမရှိ၊ အကယ်၍ ရှိခဲ့လျှင် ကျွန်ုပ်ထံသို့ ပို့ပေးရန် စာရေးသားလိုက်၏။

စာရေးပြီး တစ်လခန့်ကြာလျှင် ကျွန်ုပ်၏မိတ်ဆွေ ကိုအောင်စိုးဆိုသူထံမှ ကပ္ပလင်္ကာရကျမ်းစာအုပ်တစ်အုပ် ရောက်ရှိလာလေသည်။ ကျွန်ုပ်သည် ထိုကျမ်းစာအုပ်ကိုဖတ်ကြည့်ရာ အင်္ဂလိပ်ဘာသာနှင့်ဖတ်ရစဉ်က မရှင်းခဲ့သောအခန်းကို အောက်ပါအတိုင်း ဖတ်ရှုရလေတော့၏။

“ပြဒါးသေ၊ ပြဒါးရှင်၊ ထို့ပြင် ပျားရိုက်၊ ဘာဂီမို့၊ လိုက် ကြသည်၊ လိုက်ပါသော်လည်း၊ အတွေ့ခဲ၏၊ တွေ့ပင်တွေ့ငြား၊မသုံးစားလောက်၊ တောမျောက်ယုန်လိုလိုနှင့်၊ ထိုထိုသိပ္ပ၊ မလိုက်ကြနှင့်.. ကျမ်းမှာ အစ နမောကဟု ဟောပြတရား”

အဂ္ဂိရတ်အတတ်ကို မလိုက်လေနှင့်။ အဂ္ဂိရတ် အတတ်ထက် အစွမ်းထက်သော နမောတဿ ဘုရားရှိခိုးကို အသုံးပြုလော့ဟု ဆိုလိုပုံရသော အထက်ပါစာပိုဒ်ကြောင့် ကျွန်ုပ်သည် ထိုကျမ်းအပေါ်၌ စိတ်ဝင်စားခြင်း ပို၍ဖြစ်မိလေ၏။

ကျွန်ုပ်သည် ပရော်ဖက်ဆာကြီးပြောခဲ့သော ကျမ်းကို ပြုစုရေးသားရန်အတွက် အနောက်တိုင်း၊ အရှေ့တိုင်းလောကီ ကျမ်းများကို မနေမနား ဖတ်ရှုလေ့လာမိလေတော့၏။

ကျမ်းမှာ မပြုစုဖြစ်သေးပေ။ ထိုပညာရပ်များ၌ ပြည့်စုံ အောင်လေ့လာဦးမည်ဟု သဘောထား၍ဖတ်ရှုခဲ့ရာ တစ်စထက် တစ်စ ပို၍ ပို၍ စိတ်ဝင်စားမိလေတော့၏။

powoso:ly? Charms and Talismans sət အဆောင်ပစ္စည်းကိုလုပ်ရာ၌ မည်သည့်နက္ခတ်၌ ကြုံကြိုက် စေရမည်ဟူသောအညွှန်းများ ပါရှိတတ်သည်ဖြစ်၍ ကျွန်ုပ်သည် နက္ခတ်ကိုပါ သင်ယူရပြန်၏။ ထိုမှတစ်ဖန် အချို့သော အဆောင်များ စီရင်ရာ၌ အသီး၊ အပင်တို့၏ သဘာဝကို နားလည်ရန် လိုအပ်လာပြန်သဖြင့် အပင်များအကြောင်းကို လေ့လာရပြန်၏။

အထူးသဖြင့် ဂမုန်းပင်များအကြောင်းကို လေ့လာရပြန်၏။ ဂမုန်းကျမ်းများကို ဖတ်ရှုရပြန်၏။
အင်္ဂလိပ်စာအုပ်များ၌လည်း Clover(ကလိုဗာ) ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အရွက်လေးခွအပင် အကြောင်းသည် အနောက်တိုင်းသားတို့ ယုံကြည်စွာဆောင် လေ့ရှိကြောင်း မကြာခဏ ပါရှိတတ်ပေသည်။

ဤသို့နှင့်ပင် ကျွန်ုပ်သည် ရာဇဝင်ဘာသာဖြင့် အနောက် နိုင်ငံယူနီဗာစတီကြီးမှ အမ်အေဘွဲ့ကို ဆွတ်ခူးပြီးကာမှပင် မည်သည့်အလုပ်ကိုမျှ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ မရေမရာနိုင်လှ သည့် အကြောင်းအရာများကို ဖတ်ရှုလေ့လာရင်း အချိန်ကုန် ၍ နေရလေတော့၏။

ကျွန်ုပ်၏ ဘဝသည် လူသားတို့အယူသည်းလှသော ပညာရပ်၌ လုံးဝမြှုပ်နှံထားလိုက်သကဲ့သို့ ရှိပေသည်။ သို့ရာတွင် ကျွန်ုပ်အဖို့ ထိုသို့ မြှုပ်နှံထားရသည်ကိုပင် ပျော်ရွှင်၍ နေသေးတော့၏။

ကျွန်ုပ်သည် ထိုထူးဆန်းသော ပညာရပ်များကို လွန် စွာစိတ်ဝင်စား၍နေပြီဖြစ်၏။ ပရော်ဖက်ဆာကြီးပြောသည့် အတိုင်း ထိုအကြောင်းအရာများကို ကျမ်းပြုရန်မှာ မလွယ်ကူ ကြောင်းကိုလည်း သဘောပေါက်၍လာလေတော့၏။

စာကြည့်တိုက်အတွင်းမှ စာအုပ်များကို လှန်၍ ကူးယူ ရုံမျှနှင့် မဖြစ်နိုင်ကြောင်း ရိပ်စားမိလာလေသည်။ သို့ရာတွင် ကျမ်းပြုနိုင်သည့်တိုင်အောင် ထိုပညာရပ်များကို လိုက်စားပြီး ရှာကြံစုဆောင်းနေမိလေ၏။

ကျွန်ုပ်သည် The Wonderful Charms and Talismans (ထူးဆန်းသော အဆောင်ပစ္စည်းများ) ဟု ခေါင်းစဉ်တပ်၍ ထားသော မှတ်စုစာအုပ်ကြီးများအတွင်း၌ လူမျိုးအသီးသီး၏ အဆောင်ပစ္စည်းများကို ရေးမှတ်ခဲ့ရာ ကျွန်ုပ်၏မှတ်စု စာအုပ်များအား ထပ်၍ပုံလိုက်ပါက ကျွန်ုပ်၏ အရပ်ထက်ပင် ကျော်လွန်လျက်ရှိပြီဖြစ်၏။

တစ်ခုဆန်းကြယ်သည်မှာ Swqastika ဟုခေါ်သည့် စကြာပုံတံဆိပ်မှာ အရှေ့တိုင်းရော အနောက်တိုင်းပါ အသုံးပြု ကြသည့်အချက်၌ တူညီနေကြောင်း တွေ့ရခြင်းဖြစ်သည်။

ကျွန်ုပ်သည် အဆောင်များအကြောင်းကို မှတ်စုများ ၌ ရေးမှတ်ထားသည်သာမဟုတ်ပေ။ လက်တွေ့လည်း စမ်းသပ် ကြည့်ပေသည်။

ဥပမာအားဖြင့် ဥရောပတိုက်သားတို့ လွန်စွာယုံကြည် ကြသည့် လသာသောည၌ ဝတ်ရုံအဖြူကိုဝတ်ကာ မြင်းစီးလျက် ငွေကျည်ဆံဖြင့်ပစ်ရသော ယုန်သတ္တဝါ၏ လက်ယာဖက်ထောက်များကို ဈေးအရောင်းထိုင်းသောဆိုင်၌ ချိတ်ဆွဲထားပါက ဈေးရောင်း၍ကောင်းသည်၊ ဈေးခေါ်ကောင်းသည်ဆိုသော အဆောင်မျိုးကို ရအောင်ပြုလုပ်၍ အရောင်းထိုင်းသော ဆိုင်၌ ဆွဲကြည့်၏။ မည်သို့မျှ မထူးခြားပေ။ အရောင်းထိုင်းမြဲ ထိုင်းနေသည်ကို တွေ့ရပေသည်။

ထိုနည်းတူစွာပင် အညွှန်းကောင်းလှသော အဆောင် များကို စမ်းသပ်ကြည့်ရာ အစွမ်းထက်သော အဆောင်ဟူ၍ တစ်ခုတလေမျှပင် တွေ့ရခြင်းမရှိကြောင်း ဝန်ခံရပေမည်။

နောက်ဆုံး၌ ကျွန်ုပ်သည် ကျမ်းပြုမည့် အစီအစဉ်ကို ဖျက်၍ မြန်မာပြည်သို့ ပြန်လာခဲ့လေ၏။

---

(အခန်း ၁၀ ဆက်ရန်)

#မင်းသိင်္ခ
#မြိုင်ဟေဝန်

#shared_by_louis_augustine
#sbla

Comments