ကျွန်တော့် ဘဝဇာတ်ကြောင်း ( မြင်းလှည်းသမားနှင့် အရက် ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( မြင်းလှည်းသမားနှင့် အရက် ) // သော်တာဆွေ
---
မြင်းလှည်းသမားနှင့် အရက်
မြင်းလှည်းသမား ၇၅ ရာနှုန်းလောက် အရက်သောက်တတ်ကြသည်ကို တွေ့ရသည်။ ကျွန်တော်သည် ဤ ၇၅ ရာနှုန်းထဲထိပ်တန်းက ပါသွားခဲ့သည်။
ကျွန်တော်၏မူလဇာတိက တောရွာမှဖြစ်၍ ထန်းရည်တော့ငယ်စဉ်ကတည်းက ကျေးရွာ ဓလေ့ သောက်တတ်ခဲ့သည်။ ချက်အရက် ပူခါးခါးကြီးတွေလဲ တခါတရံ လူကြီးဝိုင်းထဲဝင်ပြီး မျိုချခဲ့ဘူးပါသည်။
သို့ဖြင့် လူပျိုပေါက် ကျောင်းသားဘဝနှင့် ရန်ကုန်ရောက်ခဲ့တော့ တခါတရံဟော်တယ် တက်ပြီး ဘီယာသောက်တတ်လာသည်။ ဆော်ဒါများများနှင့် အရသာရှိလှသော ဝီစကီမော့တတ် လာသည်။ စွဲတယ်တော့ မဟုတ်ပါ။ ပိုက်ဆံရှိတဲ့အခါ ဟော်တယ်မယ်တွေနှင့် အပျော်အပါးပါဘဲ။ သည်တုန်းက “ရမ်” ဆိုတာကျွန်တော်မသိပါ။ ဘီယာ ဘရန်ဒီ ဝီစကီလောက်ဘဲ။
ယင်းမှ မြင်းလှည်းသမားဘဝရောက်ခဲ့တော့ ပထမနက်ကြုတ်နှင့်တုန်းက မြင်းလှည်း သမား အပေါင်းအသင်းမရှိသေး၍ အစမရသေး။ နောက်ဖော်ပြခဲ့သည့်အတိုင်း ကိုဘလှနှင့် စပြီး အပေါင်း အသင်းများလာတော့ ဘုံဆိုင်သို့ ရောက်ခဲ့လေပြီ။
ထိုခေတ်တွင် တရုတ်ဆိုင်ကြီးတွေမှာ ချက်အရက်နှင့် စိမ်ရည်တွဲရောင်းသည်။ စိမ်ရည်မှာ ဦးရည်နှင့် ပဲရည်ဟူ၍ နှစ်မျိုးရှိသည်။
ထန်းရည်နှင့် ဓနိရည်က ဆိုင်သတ်သတ်၊ ထန်းရည် ဓနိရည်မှာ ရိုးရိုးနှင့်၊ ဖော်ဆို့ထား သော “ဖောင်” ဟူ၍ နှစ်မျိုးစီရှိသည်။ “ဖောင်” သည် ဆိုဒါပါသည်ဖြစ်၍ ဖွင့်လိုက်သောအခါ “ဖောင်” ကနဲမြည်ပြီး အမြုပ်တွေဝေကျ၏။ သောက်လည်း ကောင်း၏။ ရင်ချောင်၏။ အား၊ ဆီးလဲ ကောင်းတယ်။
ကျွန်တော်တို့ မြင်းလှည်းသမားတွေမှာ စင်စစ်အညောင်းသမားတွေဖြစ်၏။ မြင်းလှည်း မောင်းရာမှာ လှည်းပေါ်တွင် လူများလျှင် များသလောက် မောင်းသူက ဖြစ်သလိုနေရ၏။ ဤနေရာ၌ ကားဒရိုင်ဘာနှင့် မတူချေ။ ကားသမားမှာ ကားပေါ် လူဘယ်လောက်ကျပ်ကျပ် သူ့ဘို့ထိုင်ရန် နေရာမှာ သီးသန့်ရှိ၏။
မြင်းလှည်းသမားများမှာမူ လှည်းပေါ်လူပြည့်လျှင် အမိုးပြင်ထွက်၍ လှည်းလက်တံပေါ် တင်ပါးလွှဲချိတ်ထိုင်ရ၏။ မှန်ထောင်ပေါ်ထိုင်ရ၏။ မိုးရွာလျှင်လည်း ခရီးသည်များကိုသာ လုံခြုံစေ၍ ကိုယ်ကအရွဲခံရ၏။ နေပူလျှင် အပူခံရ၏။
သည်တော့ နေပူမိုးရွာခံ၍ အညောင်းထိုင်ရသော မြင်းလှည်းသမားမှာ ဆီးကိုင်လာတတ်သည်။ ဒါကြောင့် ကျွန်တော့်အား အပေါင်းအသင်းများက
“ခင်ဗျား ဓနိရေ ထန်းရေလောက်တော့ သောက်ပေးဗျ”
ဆိုရာမှ ကျွန်တော်သည် ဓနိရည် ထန်းရည်လောက်စခဲ့ရာ “မစွမ်းရင်ကလဲ ရှိ ကန်စွန်းခင်းကလဲငြိ” ဆိုဘိသို့ ကျွန်တော့်နကိုဗီဇကလည်း မျိုးရိုးအလျှောက် သောက်ချင်တဲ့ ဉာဉ်ကလေးက ရှိခဲ့ရာက တစတစနှင့် အသောက်ကို ကြိုက်သွားလိုက်ပုံမှာ ပထမ ထန်းရည် ဓနိရည်၊ ဒုတိယ စိမ်ရည်မှသည် နောက်ဆုံး ချက်အရက်သို့ ဆိုက်သွားပါတော့သတည်း။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine


Comments
Post a Comment