ကျွန်တော့် ဘဝဇာတ်ကြောင်း ( မေရီ မှ တောက်ထွန်း ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( မေရီ မှ တောက်ထွန်း ) // သော်တာဆွေ

---

မေရီ မှ တောက်ထွန်း 

မေရီသည် အမွှေးအရောင် ဗွေအင်္ဂါနှင့်တကွ မြင်းမ ကောင်းဖြစ်ပါ၏။ သို့ရာတွင် သူ့မှာ မိမွေးတိုင်း ဖမွေးတိုင်း မဟုတ်တော့။ ဒဏ်ရာဒဏ်ချက်လည်းရှိနေ၊ အသက်ကလည်း မွန်းလွဲပိုင်း ဖြစ်ရကား ရေရှည် အားမကိုးနိုင်ပြီ။ ကျမြင်းသာဖြစ်၏။ ကျွန်တော့်လက်ထဲရောက်မှ တစတစ ယုတ်လျော့လာ၏။ သူ့ကိုရပြီးခြောက်လလောက် အကြာ၌ ကျွန်တော်တို့သည် နောက်ထပ် မြင်းတကောင်ဝယ်ရန် ဆုံးဖြတ်ကြ၏။

ထိုအချိန်၌ကျွန်တော်သည် မြင်းအကြောင်းကိုနားလည်စပြုပြီဖြစ်၍ ရေရှည်တေတေ ပေပေအခိုင်းခံမည့် မြင်းမျိုးလိုချင်သည်။ ဥပမာ မြင်းလှည်းအသင်း အမှုဆောင် ကိုရကြီး၏မြင်း “တကောင်ဘွား” မြင်းသိုးကြီးဖြစ်၏။ အားလည်း ကောင်း မာလည်းမာ၏။ အသားအရည်ကလည်း ဘယ်တော့မှ ပိန်သည် ညှော်သည်မရှိ။ အမြဲတမ်း ဝဝလင်လင် ပြည့်ပြည့်ဖြိုးဖြိုး စိုစိုပြေပြေ။ သူ့အမွှေးက ရွှေရောင်မို့ သူ့ကို အမွှေးအရောင် အားဖြင့်ပြောရသော် “မြင်းရွှေ”ဟုခေါ်၏။

“မြင်း အုန်းခွံ၊ ကျွန် ကုလား၊ မယားတောသူ” ဆိုစကားရှိဘိသကဲ့သို့ “မြင်းရွှေ စေ့လျှင် စေ့၊ မစေ့လျှင် ပြည်တန်သည်”ဟု မြင်းစကား အဆိုရှိပြန်၏။ ကိုရကြီး မြင်းကား ပြည်တန်သည်ဟု ဆိုရပေမည်။ 

ကျွန်တော် မြင်းလှည်းသမားစဖြစ်သည်မှ သည်စာရေးဆရာဘဝ ရောက်သည်အထိ သူ့မြင်းကြီး “တကောင်ဘွား”မှာ မောင်းကောင်းတုန်း ကျန်ခဲ့ပေသည်။
ထို့ကြောင့် ကျွန်တော် တကောင်ဘွားလို မြင်းသိုးကြီး လိုချင်၏။ ဟော ရပါပြီ။ တကောင် ဘွားထက် အသက်လည်းငယ်၏။ အကောင်လည်း ကြီးသေး၏။ 

တကောင်ဘွားမှာ မေရီဒေါက် လောက်ပဲ။ လေးပေနှစ်လက်မမျှ မြင်းပု ဂင်တိုဖြစ်၏။ ကျွန်တော်ရသော မြင်းသိုးကြီးကတော့ လေးပေ ခြောက်လက်မထက်မအောက်။ ခြေတံလက်တံရှည်ရှည်၊ လည်ကိုင်းမြင့်မြင့်ကြီးနှင့် တကယ့် မြင်းချောကြီးဖြစ်ပါ၏။ အမွှေးရောင်လည်း လှပါ၏။ အပြေးလည်းကောင်းပါ၏။ သို့သော် သူ့မှာ နည်းနည်းအပြစ်ဆိုစရာရှိ၏။ လန့်ချင်သည်။ ဈေးကလည်း သက်သာပါ၏။ ၂၂ဝ ထဲပေးရသည်။

“အဲဒီ လန့်ချင်တာလေးရှိလို့ ဒီမြင်း ၂၂ဝ ထဲနဲ့ ရတာပေါ့ကွာ” 

မြင်းပွဲစားက ပြော၏။ 

“ဟေ့ ဒီမှာ မောင်ကြင်ဆွေ။ မြင်းကောင်းမှန်ရင် အပြစ်မလွတ်ဖူးကွ။ ဒီလန့်ချင်တာလေး လောက်တော့ မင်းသတိထားမောင်းပေါ့ကွာ။ ဖြစ်ပါတယ်” 

ဟုတ်ကဲ့ ဖြစ်ပါတယ်။ သူလန့်ချင်သည်က လမ်းမှာ ချိုင့်ပက်၊ ရေအိုက်ကွက်၊ အင်ဖက် ၎င်းအရာမျိုးတွေ့သော် သူသည်ကွင်း၍ ကွေ့၍ တအားပြေးလေသည်။ 

ယင်း၌ ကျွန်တော်က သတိထားပြီးတော့ သူ့ကိုဇက်သပ်၍ ချော့ရုံပင်။ လမ်းမှာဒီလိုလန့်စရာများတွေ့လျှင် မြန်မြန်ပင် ခရီးရောက်သေး၏။ ဤသို့တွေး၍ ကျွန်တော်က သူ့ကိုပို၍သဘောကျမိ၏။ ထို့ကြောင့်သူ့ကို နာမည်ပေးရန် ရွေးချယ်သောအခါ ထိုစဉ်က ကျွန်တော်ရေးနေဆဲ “ရန်အောင်ရတနာ” စုံထောက် ဝတ္ထုထဲက ဇာတ်လိုက်နာမည် တောက်ထွန်း။

တောက်ထွန်း ၏အသွေးအရောင်မှာ ဦးစွန်းဖုတ်၊ လည်ဆံ၊ အမြီးနှင့် ခြေထောက်တို့က မည်း၍၊ လည်ကိုင်းနှင့်တင်ပါးက ညိုပြီး ဝမ်းပိုက်နှင့် ကျောပြင်က ဇော်ရွှေရောင်။ မလှလား ခင်ဗျာ။ ဒါပေမယ့်လို့ မြင်းသမားတွေက ဒီမြင်းမျိုး မကိုင်ကောင်းဘူး၊ အမွေးမမှန်ဘူးတဲ့။ နို့ပြီး ဗွေလဲဆိုး သတဲ့ခင်ဗျာ။

ဒါတွေက ဒီမြင်း ကျွန်တော့်လက်ထဲရောက်မှ ပြောကြတာ။ နားစောင့်ဗွေတဖက်မပါဘူး။ သံလျက်ထမ်းသတဲ့။ မြင်း၏ နားစောင့်ဗွေ ဆိုသည်မှာ မြင်း၏နားရွက်နှစ်ခု နောက်နားတွင် ဗွေကလေး တလုံးစီရှိမြဲ။ ယင်း ဗွေကလေးတို့သည် နားရွက်နှင့်ကပ်နေရမည်။ နားရွက်နှင့် ဝေးသော် လန့်တတ် သည်။ ဝေးလေလန့်လေ။ ပို၍ဝေး ပို၍လန့်။ ထို့ကြောင့် မြင်းသမားတို့ သည် ပထမ ဤဗွေကို ကြည့်တတ်ကြသည်။ ကျွန်တော်က မြင်း သုံးဆက်မြောက်မှာ ဤအထိ မသိသေးဘူး။ ကျွန်တော့်မြင်း တောက်ထွန်းမှာ လက်ျာဘက် နားရွက်နောက်၌ နားစောင့်ဗွေမပါဘဲ ၎င်းအစား အရှည်တတောင် ဗျက်လက်တဝါးခန့်ရှိသော ငွေလှိုင်းကြီး ခင်ဗျာ။

အဲဒါ ဗွေသံလျက်တဲ့ (သံလျက်နဲ့လဲတူပါရဲ့)။ ဒါမျိုးနှစ်ဖက်ပါရင် သိပ်ကောင်းသတဲ့။ စစ်သူကြီးများစီးတဲ့ မြင်းတဲ့ခင်ဗျာ။ အခုတဖက်ထဲပါတော့ လန့်တတ်ဖျတ်တတ်တယ်။ သခင်ကို ခိုက်သတဲ့ဗျို့။

ဟုတ်ကဲ့၊ တောက်ထွန်းလန့်ပုံကိုလဲ ကျွန်တော် သတိထားမိပါတယ်။ လက်ယာဘက်မှာ သံလျက်ပါတဲ့အတွက် လက်ယာဘက်ကချည်း လန့်လန့်ပြီး လက်ဝဲဘက်ကိုဘဲ ကွေ့တတ် ကော်တတ်ပါ၏။ သို့သော် သူလန့်တာခဏပါ။ ကျွန်တော်က ဇက်သပ်ပြီး ချော့လိုက်၊ ခဏလေး နဲ့ ပြေပါသည်။

မြင်း နားရွက်တို့မည်သည် ရှေ့၊ ဘေး၊ နောက် သုံးဘက်လှည့်၍ ရသည်။ မြင်းတခုခု ဖြစ်၍ လန့်တော့မည်ဆိုလျှင် နားရွက်ရှေ့သို့ လှည့်ပြီးမျက်စိအောက်စိုက်ကြည့်တတ်သည်။ ထို့ကြောင့် ကျွန်တော့်မှာ တောက်ထွန်းအား သူ့နားရွက်ကို သတိထား၍ မောင်းရသည်။ ကြိုတင်သိထားတော့ ကြိုတင် ချော့နိုင်သည် ဖြစ်၍ များများလန့်မှာ နည်းနည်းလန့်သည်။ 

နို့ပြီး ကျွန်တော်က သူ့ဇက်ထိန်းထားပြီဖြစ်၍ ဘာမျှအန္တရာယ်မရှိနိုင်။ ဒီကောင်ကြီးက အကြမ်းမရ။ အချော့ကြိုက် သက်သက်ဖြစ်၏။

ယင်းသို့ ကျွန်တော်က သူ့ဓာတ်သိနေတော့ သူနှင့်ကျွန်တော် အဆင်ပြေလိုက်သည့်ဖြစ် ခြင်း။ လှည်းတပ်တော့မည်ဆိုလျှင် ကျွန်တော်က သူ့ကိုသွားဖမ်းစရာ မလိုပါ။ “အုပ်ခွက်”ကို ပြလိုက်ရုံနှင့် သူ့ဖာသာသူ လာ၍ ခေါင်းစွပ်ပေး၏။ (အုပ်ခွက်ဆိုသည်မှာ မြင်းလှည်းမောင်းရာ မှာ အသုံးပြုသည့် ပါးချပ်၊ ဇက်သွား၊ မျက်စိကာများ တပ်ထားသော မြင်း၏မျက်နှာစွပ်ဖြစ်၏။) ကျွန်တော်မှတပါး အခြားသူတော့ ခေါ်မရပါ။

တောက်ထွန်းသည် ဖော်ပြပါ လန့်တတ်တာလေးမှ တပါး ပထမတန်း မြင်းစားဖြစ်၏။ သူ့အား ရိုက်မောင်းစရာမလိုပါ။ အနှေးအမြန်ကို ဇက်ပေးဇက်ယူနှင့်ဘဲ ပြီးသည်။ မေရီလည်း မောင်းရာမှာ ထိုနည်း၎င်းပေ။ 

သို့သော် မေရီကိုကား ချို၍မောင်းရသည်။ သူက ကျမြင်းဖြစ်၍ ဝန်လေးနှင့် ခရီးရှည်ကိုရှောင်ရသည်။ ယင်းသို့ ကိုယ့်မြင်းနှစ်ကောင်အကြောင်း ကိုယ်သိနေ တော့ နက်ကြုတ် တုန်းကလို အဆမတန် ခိုင်းစေခြင်းဖြင့် မပျက်စီးစေရ။ ရေရှည်သုံးသွား ရအောင် သက်သက်ညှာညှာ ကြင်ကြင်နာနာပြုတော့မည်ဟု နှလုံးပိုက်မိပါ၏။ 

သို့သော် စိတ်ကူး မကိုက်။ ကျွန်တော့်ယောက္ခမသည် ကျွန်တော့်အား ဤမြင်းများနှင့် ခွဲခွာပစ်ပါလေ၏။ အသို့ဟူမူ ထိုစဉ်တွင် ကျွန်တော့်ယောက္ခမမှာ ကျွန်တော့်ဇနီးနှင့် အထက်အောက် အသက်၁၆နှစ်နှင့် အသက် ၁၂နှစ်အရွယ် သားနှစ်ယောက်ရှိလေရာ သူတို့နှင့်ကျွန်တော်နှင့် မြင်းလှည်းဖော်လိုက်လေ့ရှိကြခြင်းဖြင့် မြင်းလှည်းမောင်းတတ်သွားလေပြီ။
ထိုရောအခါ ကျွန်တော့်ယောက္ခမက

“မောင်ကြင်ဆွေ၊ မင်းကို တသက်လုံး မြင်းလှည်းမောင်းခိုင်းမထားနိုင်ဘူး။ ဒို့အမျိုးက လခစားမျိုးကွယ်။ လခစား အလုပ်ကိုဘဲ ဒို့ကြိုက်တယ်။ ဒီတော့ လခစား အလုပ်ကိုရှာပါ။ ဒီမြင်းလှည်းမောင်းတာတော့ ငါ့သားနှစ်ယောက်နဲ့ဘဲ ဖြစ်နေပြီ။”

ဒီအချိန်မှာ သူနှင့် ကျွန်တော်က သမီးယောက္ခမ တော်နေလေပြီ။ ဒီလိုဘာကြောင့် ရေးရ သလဲဆိုတော့ အစပထမက ပြောအုံးမှဗျ။ 

ထုံးဘိုရွာကနေပြီး သူတို့အိမ်ပေါ်ရောက်၊ မြင်းနက် ကြုတ်သေသည်အထိ သူ့သမီးနဲ့ ကျွန်တော်နဲ့ မညားသေးဘူး။ ကျွန်တော်မိဘဆွေမျိုးများပါခေါ်ပြီး နှစ်ဖက်သဘောတူ မင်္ဂလာသဘင် ဆင်ယင်ကျင်းပဘို့ပေါ့ ခင်ဗျာ။ ဒါပေမယ့် အဲသည်အချိန် မှာ ရန်ကုန်နဲ့ပေါင်းတည် စာပေးစာယူမှပင် မဖြစ်လေတော့ နေ့ရွှေ့၊ လရွှေ့၊ နှစ်ရွှေ့နဲ့ ပထမဦး ဆုံးကလေးကိုယ်ဝန်သာ ရရော၊ ကျွန်တော်တို့ မင်္ဂလာမဆောင်လိုက်ရပါဘူး ခင်ဗျာ။ 

အဲဒါလဲ အေးတာပါဘဲ။ နို့ မင်းတို့လင်မယား ဘယ်တုန်းက ညားကြလဲ မေးရင်ဖြင့် နတ်ကြုတ်သေပြီး မေရီရောက်တဲ့ နှစ်ပေါ့ဗျာ။ အဲဒါဘဲ ကျွန်တော်ပြောနိုင်ပါတယ်။

အေးလေ ဘယ်လိုဘဲဖြစ်ဖြစ် သူ့သမီးနဲ့ ကျွန်တော်ညားတော့ သားမက်ယောက္ခမ ဖြစ်ကြပြီပေါ့။ ဒီတော့ ဖြစ်စ သားမက်ကလေးတို့ မည်သည် ယောက္ခမစကား နားထောင်ရမည်ဟု ကျမ်းဂန်ပါဠိ လာရှိသည်မဟုတ်သော်လဲ ကျုပ်တို့ မိဘအရင်းထက်တောင် နားထောင်ကြတာဘဲ မဟုတ်လား။

ဒါကြောင့် ကျွန်တော်က အဲဒီအချိန်မှာ နိုင်ငံတော်အဓိပတိကြီး ဒေါက်တာဘမော်ရဲ့ အတွင်းဝန်ဖြစ်နေတဲ့ ကိုသန့်ဇင်ကို ပြောလိုက်တော့။ ဟာ ရလိုက်တဲ့အလုပ်မှ သာယာဝတီမြို့ P.W.D ခေါ်တဲ့ မြူနီစီပယ်ရုံးမှာ Head Clark ခေါ်တဲ့ စာရေးကြီးခင်ဗျာ။

လျှောက်လွှာလဲ တင်ရ တာမဟုတ်ဘဲနဲ့ ကိုသန့်ဇင်တန်ခိုးနဲ့ အိမ်ကိုခန့်စာရောက်လာတယ်။

စာရေးကြီး သားမက်တော်ရပြီဖြစ်တဲ့ ကျွန်တော့်ယောက္ခမက ဝမ်းသာလှ၏။ သူ့ပိုးထမီ နှစ်ထည်ကို အထက်ဆင်ဖြုတ်ပေး၏။ ကွယ်လွန်သူ သူ့ယောက်ျား၏ ကုတ်အင်္ကျီ နှစ်ထည်ကို ပေး၏။ ရှပ်အင်္ကျီလဲပါသေး၏။ ကျွန်တော့်ယောက္ခထီးနှင့် ကျွန်တော်မှာ ကိုယ်လုံးကိုယ်ထည် အရပ်အမောင်း အတူတူဘဲဟုပြောကြ၏။ 

“မင်းအခု ဘာမှမတတ်သေးပေမယ့် အလုပ်က သင်သွားလိမ့်မပေါ့။ ကြိုးစားကွယ်။ စားရေးကြီးပြီး ဝန်ထောက် ဖြစ်ရမယ်ပေါ့”

သားမက်နှင့် ယောက္ခမ တော်တော်ဘဲ တယုတယဖြစ်ခဲ့ကြ၏။

သို့သော် ကျွန်တော့်မှာ သက်သက် သောက်ရှက်ကွဲရခြင်းသာတကား။ ကြည့်ပါမိတ်ဆွေ ကျွန်တော့်လို အင်္ဂလိပ်မြန်မာဆယ်တန်းမျှ မအောင်သော အကောင်သည် ရုံးသုံးအင်္ဂလိပ်စာ ချည်းဖြစ်သော ဟိုခေတ်တုန်းကဆိုလျှင် လခမဲ့ အကူစာရေးတောင် လုပ်ရဘို့ခဲယဉ်းသည် မဟုတ်တုံလော။ ယခု ဒါရိုက်ဟစ် စာရေးကြီးအဖြစ်နဲ့ ကြွလေတော့ ထိုရုံးက ဝန်ထောက်ကြီး သည်လည်းကောင်း၊ အိုဗာစီယာများသည် လည်းကောင်း၊ စာရေးများသည်လည်းကောင်း ကျွန်တော့်အား ဟင်္သာအုပ်ထဲ ရောက်သော ကျီးကန်းသဖွယ် ဆက်ဆံကြကုန်သည်။

ဝန်ထောက်သည် သူ့လက်အောက်တွင် လုပ်ရမည့် ကျွန်တော်စာရေးကြီး ခများအား မေးခွန်းအမျိုးမျိုး ထုတ်လေသည်။

“ဘယ်နှစ်တန်းအောင်လဲ”

“ဘယ်ရုံးမှာ လုပ်ခဲ့ဘူးသလဲ”

“ဒီမလာခင် လက်ရှိအလုပ်ကဘာလဲ”

ဘယ်ရုံးမှ မလုပ်ခဲ့ရပါဘူး။ မြင်းလှည်းမောင်းရာက လာခဲ့ ရတာပါဆိုတော့ ဝန်ထောက်မှာ သူ့စာရေးကြီးကို အင်မတန်စိတ်ပျက်ရှာသည်။ စိတ်ညစ်ညစ်နှင့် ဟိုလူဒီလူတွေ ဆူပူကြိမ်း မောင်းတော့သည်။ ခေတ်ကြီးကို ဆဲရေးတော့သည်။

ကျွန်တော့်အား အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော သူ့ရုံးကစာတွေကို ဖတ်စေသည်။ ကျွန်တော်မှာ စာမေးပွဲကို အားမနာ ပါးမနာ ဝင်ဖြေ၍ ဆယ်တန်းမအောင်။ “ဆယ်တန်းတော့ ရောက်ခဲ့သူ” ဟူသော ဘွဲ့ထူးကိုရသော်လည်း ကြီးမှ အလွတ်ပညာသင်ရသဖြင့် အင်္ဂလိပ်စာနှင့် တွေ့ရသည်မှာ နှစ်နှစ်ကျော်မျှ ရှိသေးသောကြောင့် ထိုစဉ်၌ လက်ရေးစာလုံးဆိုလျှင် တခါတရံ ကိုယ်ရေးတာမှ ကိုယ်ပြန်မဖတ်နိုင်အောင် ဖြစ်တတ်ပါသည်။

ယင်း၌ ဝန်ထောက်မင်းက 

“ကဲ၊ စာရေးကြီး”(အောင်မယ် စာရေးကြီးတော့ ခေါ်ခံရသေးသဗျ။) 

“ဒီလိုဆိုရင် ကျုပ် ရုံးမှာ ဘယ်လိုအလုပ်လုပ်မလဲ”

ကျွန်တော်မှာ ကိုယ်မသိတာ ဆရာမေးခြင်းခံရသော တပည့်ငယ်ကဲ့သို့ ဘာမျှပြန်မပြော နိုင်ချေ။

ဝန်ထောက်သည် သူ့နဖူးသူရိုက်ပြီး ထသွားချေတော့သည်။ ဤနေရာ၌ သူသည် ဆန်ကောနှစ်ချပ် အတောင်တပ်ပြီး မိုးပေါ်ပျံသွားလည်း ကျွန်တော်ဘာမျှမတတ်နိုင်သော ကိစ္စ ပါ။

သို့သော် ဖြစ်စနိုး စီစဉ်ပေးကြသေး၏။ 

ထိုစဉ်၌ ကျွန်တော်တည်းအိမ်မှာ သုံးဆယ်မြို့က ဆွေမျိုးနီးစပ်။ ဤမှာနေသားမကျမီ သူတို့အိမ်မှာ ထမင်းလခပေးစားမည့် အစီအမံနှင့် ကျွန်တော့်လုပ်ငန်း ပုံပန်းမကျပုံကို ပြောပြသောအခါ ယခုအလုပ်လက်မဲ့ ယခင်တုန်းက ဤရုံး မျိုးတွေမှာ လုပ်ခဲ့ဘူးသော လူကြီးတယောက်နှင့် ဆက်သွယ်ပေးပါသည်။ ဝန်ထောက်ကလည်း ကျုပ်ရုံးကအလုပ် အထမြောက်ရင် ပြီးတာပါဘဲဟု လက်ခံပါသည်။ ထိုလူကြီးလုပ်နိုင်မည်ကို လည်းသူသိသည်။

ယင်းသို့ဖြင့် ကျွန်တော့်စာရေးကြီးလခ ၁၅ဝ မှ ထိုဆရာကြီးအား ၅၀ ပေးပါမည်။ နေ့စဉ် ရုံးသွားစရိတ် ကျွန်တော်ကခံပါမည်ဟု သဘောတူကြ၏။

ယင်းမှစ၍ ကျွန်တော်တို့နှစ်ယောက်ပူး ရုံးတတ်ကြ၏။ နံနက်စာစားပြီး သုံးဆယ်မှ သာယာဝတီသို့ ဆိုက်ကား တယောက် ၁၀ဆင့် နှစ်ယောက် ၁၅ဆင့်ဖြင့် သွားကြ၏။ ညနေထို့ အတူ ပြန်၏။ နေ့လယ်စာအတူစား၊ ကျွန်တော်က ဝယ်ကျွေးရ၏။

ရုံးအလုပ်မူ ကျွန်တော်က ဘာမျှမလုပ်။ ငုတ်တုတ်ထိုင်၍နေသည်သာ။ အော် လက်မှတ် တော့ ဘုမသိဘမသိနဲ့ ထိုးလိုက်ရသေးဗျ။

အရွယ်မရောက်သေးသော မင်းသားလေးကို ထီးမွေနန်းမွေဆက်ခံရသော် “ရင်ခွင်ပိုက် ဘုရင်လေး” ဟု ခေါ်ကြ၏။ ကျွန်တော့်အားလည်း ထို့အတူပင် “ရင်ခွင်ပိုက်စာရေးကြီးလေး” ဟု ခေါ်ကြမည်လော။ 

သို့သော် အားလုံးသော ရုံးသားများက ကျွန်တော်တော့ကို နှာခေါင်းရှုံ့ကြ၏။ ပြက်ရယ်ပြုကြ၏။ ကျွန်တော့်အား သူတို့အမြင်တွင် ပလ္လင်ပေါ် မျောက်တတ်ထိုင်သည်ဟု ထင်မှတ်ကြရုံသာမက ကျွန်တော့်အဝတ်အစားကလည်း မျက်စိဆံပင်မွှေးစူးစသဘွယ် ဖြစ်နေသေး၏။

ကြည့်ပါ။ ကျွန်တော့်မှာ ကျောင်းသားဘဝက ဝတ်သော ပိုးလုံချည်၊ အပေါ်အင်္ကျီများက ရွာကအိမ်မှာ ကျန်ခဲ့၏။ သည်တော့ ယောက္ခမ အထက်ဆင့်ဖြုတ်ပေးလိုက်သော ထမီနှင့် သူ့လင်ဘိုလိုဝတ်ခဲ့သော ကုတ်အင်္ကျီ။ ယင်းခေတ်တွင် ဘိုလိုတင်ပါးဖုံးသော ကုတ်အင်္ကျီကို ဗမာများ မဝတ်ကြသေး။ ဗောင်းဗီဝတ် လူမျိုးခြားနှင့် အချို့ကုလားများသာ လုံချည်နှင့် တွဲဝတ် လေ့ရှိကြ၏။ ထို့ကြောင့် ကျွန်တော်မြင်းလှည်းမောင်းရင်း ဆောင်းရာသီမှာ ပထမဦးဆုံး ယောက္ခ မထုတ်ပေးသော ကုတ်အင်္ကျီကို ဝတ်သွားသောအခါများတွင် မြင်းလှည်းသမား ဘဝဖော်များက ကျွန်တော့်အား “အီစွတ်ဘိုင်” ဟု ခေါ်ကြ၏။

ယခု ရုံးအလုပ်သမားများကား ကျွန်တော့်ကို မည်သို့ သမုတ်ကြ မည်မသိ။ သူတို့ ကျွန်တော့် ပုံသဏ္ဌာန်ကြည့်၍ စောင်းပါးရိပ်ချည်ပြောကြသည်ကား အမှန်။

ယင်းသို့ဖြင့် နောက်ဆုံးတွင် ကျွန်တော်၏ အရှက်နည်းခြင်းစံချိန် ကျဆုံးလေတော့၏။
မူလရည်ရွယ်သည်က ထိုအကူဆရာကြီးဆီမှ ကျွန်တော်က တစတစ သင်ယူရန်။ သို့သော် ကျွန်တော့်မှာ ပတ်ဝန်းကျင်၏ ဖိနှိပ်ခြင်း၊ ရှုတ်ချခြင်းကို ခံနိုင်သော စွမ်းရည်သတ္တိ နကိုဗီဇက နည်းခဲ့ခြင်းကြောင့် လုပ်သက်ရက်အစိတ်မျှမပြည့်မီ လစ်ပါလေတော့၏။

ကျွန်တော်လည်း အိမ်ရှင်အား လခထုတ်ရန် လွှဲစာပေးခဲ့သည်။ အရက် ၂ဝ ထွက်တော့ ရတန်ရာ၏။ ဒါကိုဟိုလူကြီးအား ၅ဝ ပေး၍ ကျန်တာကို ခင်ဗျားတို့ ထမင်းလခ ယူပါတော့။ (သူတို့ရမရတော့ ကျွန်တော်ယခုတိုင်မသိ။) 

အိမ်သို့ပြန်ရောက်လတ်သော် ယောက္ခမသည် ဝမ်းသာအားရခရီးဦးကြို ပြု၏။ အလုပ် အကိုင်ရော အိမ်ယာပါ နေသားတကျဖြစ်သွား၍ မယားကိုခေါ်ရန် ပြန်လာခဲ့သလားကွယ်။

သို့သော် ကျွန်တော်က အဖြစ်မှန်ကို ပြောပြသောအခါ ယောက္ခမဒေါထလေပြီ။ ဒီလို အကောင်မျိုး သမက်တော်ရတာ ရင်နာလှလေခြင်း။ ဒီအလုပ်မျိုး ရလျက်ကနဲ့ အစာယက်ရင်း ပတ္တမြားနင်းမိသော ကြက်ဖနှင့် တူလှလေခြင်း။
ကျွန်တော်က ညွတ်ကျိုးစွာ တောင်းပန်ပါသည်။

“အန်တီရယ် ကျွန်တော်ဒီလို ကိုယ်မတတ်နိုင်တဲ့ အလုပ်ကိုမလုပ်ပါရစေနဲ့။ မြင်းလှည်းဘဲ ပြန်မောင်းပါရစေတော့”

“အိုး၊ ငါ့အိမ်မှာတော့ မလိုတော့ဘူး။ ငါ့မြင်းလှည်းက ငါ့သားတွေနဲ့ ဖြစ်နေပြီ။ မင်းဟာ မင်း တခြားရှာကြံမောင်းချည်တော့။ ဒီလောက်တောင် မြင်းလှည်းမောင်းချင်လှရင်”

ယခုအနေနဲ့ ကျွန်တော်ပြန်တွေးတော့ သူလူကြီးမိဘအနေနဲ့လဲ မဆိုးပါဘူး။ သမက် ကလေးက လခစားအလုပ်လုပ်၊ သားလေးတွေက မြင်းလှည်းမောင်းလို့ ပိုပြီး ဝင်ငွေကောင်းမယ် မဟုတ်လား။ အိမ်ထောင်မှာ စီးပွားရေးအနေဖြင့်လဲ ကဏ္ဍကွဲသွားမယ်။ ဒါပေမယ့် ကျွန်တော်က သူလုပ်စေချင်တဲ့ အလုပ်မှ မလုပ်နိုင်တာဘဲ။

စင်စစ် ထိုအချိန်၌ ကျွန်တော် မိဘရပ်ထံပြန်ဘို့ သင့်လှချေသည်။ သို့သော် ရခါစ မယား တန်းတန်းစွဲဖြစ်နေ၍ သူ့သမီးလဲ နင်တို့လို တောရွာတော့ တသက် မထည့်နိုင်ပေါင် ဆိုသောကြောင့်။

ယင်းသို့ဖြင့် ကျွန်တော့်မှာ ဝမ်းရေးအတွက် အခက်ကြုံရလေသည်။ သို့ရှိစဉ် တနေ့သ၌ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ပိတ်ထားသည်ကို တွေ့ရ၍ ပိုင်ရှင်က သူ့ဆိုင်ခန်းငှားလိုကြောင်း၊ လက်ဖက်ရည်ပန်းကန် အိုးခွက် အပြည့်အစုံနှင့် တလလျှင် ၃ဝိ။

“ဟိတ်၊ မင်းကိုဆိုရင် ဆိုင်ဖွင့် ၁၅ ကျပ်နဲ့ဘဲ ပေးထားမယ်ကွာ။ ကျန်တာ နောက်မှပေး”

တွက်ချက်ကြည့်သော် အကျဉ်းဆုံး ၅ဝိမျှ အစပြုရုံနှင့် ဖြစ်နိုင်သောကြောင့် ယောက္ခမ အား အကျိုးအကြောင်း ပြောပြ၍ငွေတောင်းခံကြည့်သော်

“ဟင်း မပေးနိုင်ပါဘူး။ အရင် ဟုတ်တိပက်တိ စာရေးကြီးအလုပ် ရပြီရယ်လို့ ချေးလိုက် တဲ့ ငွေ ၅ဝိတောင် ပြန်မဆပ်နိုင်သေးဘဲနဲ့”

အလာ့လား၊ ကြည့်စမ်း။ ယောက္ခမ၏ ပြောင်းလဲပုံ။ ထိုငွေပေးစဉ်က တနှစ်ကျော်ကျော် တအိမ်ထောင်လုံးကို မြင်းလှည်းမောင်းကျွေးခဲ့သော သမက်တယောက်အား ပေးကမ်းမစသလို နှင့် ချေးငွေပြုသည်။ ယင်း၌ ကျွန်တော်က အထွန့်တက်လိုက်သည်။

“အောင်မယ် ဒါများ ချေးငွေလုပ်သလားဗျာ။ ကဲ ကျွန်တော်ထုံးဘိုသွားတုန်းကငွေ ၂၀ဝိ လောက်ပါတာကို အန်တီ့ ၁၉ဝိ ပေးလိုက်တာကော”

“ဟဲ အဲဒါကို နင်ငရုတ်သီးရှုံးလို့ ကုန်ပြီမဟုတ်လား”

ကဲ အဲဒီတုန်းက သမီးယောက္ခမလောင်းနှစ်ယောက် သူ့ဟာ ငါ့ဟာ မခွဲဘဲ စိတ်တူ သဘောတူ လုပ်ကြတော့ အဆုံးသတ်မှာ ကျွန်တော့်အရှုံးတဲ့ဗျာ။ လှလိုက်ပလေ။

အဲဒီ ငရုတ်သီးအကြောင်းကိုလဲ ပြောရအုံးမယ်။ ရန်ကုန်အထိ ပါခဲ့တာ။ ရောက်တော့ အစေ့တခြား အခွံတခြား ဖြစ်နေပြီ။ မှိုတွေကလဲ တက်လို့။ ဘယ်ကုန်ဆိုင်ကမှ ဝယ်မယ့်လူမရှိ တာနဲ့ မြေနီကုန်းသွားပြီးတော့ ငရုတ်သီးမှုန့်ထောင်းရောင်းတဲ့ ကုလားမကြီးတွေသွားစပ်ရတယ်။ သူတို့က မလိုချင်လိုချင်ကို မတန်တဆဈေးနဲ့ ရောင်းတာတောင် တခါထဲ အကုန်မယူနိုင်ပါဘူး ဆိုလို့ ၃ ရက်မှတအိတ် မြင်းလှည်းပေါ်တင်ပြီး နက်ကြုတ်နဲ့ သွားသွားပို့လိုက်ရတယ်။ ငွေကလဲ တအိတ်မှ ၄ ကျပ်လား ထင်ပါရဲ့။ မမှတ်မိတော့ပါဘူး။ ငရုပ်အိတ်အားလုံးက သရက်ကနေ ထုံးဘိုထိအောင် ၂၀ဝိ လောက်ကျခဲ့တာ။ အဲဒီအရှုံး ကျွန်တော်တဲ့။ ကဲထားတော့။ ကိုယ်က အောက်ကျခံရမည့်အခြေဘဲကိုး။

“ကောင်းပါပြီ အန်တီရယ်။ သာယာဝတီသွားတုန်းက ၅ဝိ။ အခု ၅၀ိ နဲ့ဆိုရင် ကျွန်တော် ၁ဝဝိ ပြန်ဆပ်ပါ့မယ်”

“အောင်မာ မင်းကငါ့ကို နှိုက်တိုင်းထွက်တဲ့ ရွှေတွင်း ငွေတွင်းများ အောက်မေ့နေလား ကွယ်။ မပေးနိုင်ဘူး”

သူလည်း ကျွန်တော့်ကို သာယာဝတီက ပြန်လာပြီးကတည်းက စိတ်ထောင့်၍နေသည်။ (ပထမဦးဆုံးအကြိမ် စိတ်ကွက်ကြခြင်း။) နောက်ပြီး သုံးလေးရက်အတွင်းမှာဘဲ သူပေးလိုက်သော ကုတ်အင်္ကျီများကို ပြန်ယူ၍ သူ့ထဘီများကို အထက်ဆင့် ပြန်တပ်ပြီးလေပြီ။ ဒါကို ကျွန်တော်က အလိုက်ကန်းဆိုး မသိစွာငွေတောင်းခြင်းပင်။ ကျွန်တော်၏ မိုက်မဲမှုဖြစ်ပါ၏။
ထိုကြောင့် ယောက္ခမထံ ငွေရရန် လက်လျှော့လိုက်ရပြီး ကျန်တော့်အမေ မသေမီလေးက ဝယ်သွားသော ရိုးကုမ္ပဏီမှ ၆၇ ကျပ်ခွဲတန် “အယ်လင်” နာရီလေးကို သူငယ်ချင်းတယောက် ထံ ငွေ ၄၅ကျပ်နဲ့ ပေါင်ပြီး လက်ဖက်ရည်ဆိုင်ကို ဖြစ်ကတတ်ဆန်း ဖွင့်ရချေတော့၏။

ကျွန်တော်က စစချင်း ဖျော်တတ်လို့လား မဟုတ်ပေါင်။ နို့ကိုမှ ဘယ်လိုကျိုရမှန်းမသိ။ ထိုကြောင့် ကျွန်တော့်အား လက်ဖက်ရည်ဆိုင်ငှားသူကပင် ဆက်ပေးသော မုန့်လုပ်ဆောင်းကုန်း မှ ကာကာ ကုလားအဖိုးကြီးတယောက်ကို တနေ့လျှင် တကျပ်နှုန်း နေ့စဉ်ပေးနှင့် ငှားရမ်းထားရ ၏။ သူ့ထမင်း သူစား ညလက်ဖက်ရည်ဆိုင်ပိတ်၍ ပြန်လျှင် ငွေတကျပ်ပေးလိုက်ရုံသာ ဖြစ်၏။ (လက်ဖက်ရည်တခွက် ၁၀ ဆင့်ခေတ်။ ဂျပန်ငွေအစ မဖောင်းပွသေး။)

အောင်မယ် ဤအလုပ်မျိုးက လုပ်၍ အလျင်ရလာလျှင် ငွေရင်းမလိုလှတော့ပါ။ နို့ကုလားကို ဒီနေ့ယူ မနက်ဖြန်ပေး အကြွေးရ၏။ ကော်ဖီလက်ဖက်ခြောက်တို့လည်း ထို့အတူ ဖြစ်လာ၏။
ဆေးပြင်းဆေးပေါ့ ဆီးရွှင် ဝမ်းနုတ်ဆေး စသည်တို့မှာလည်း နာမည်ကြီးများကိုသာ လက်ငင်းပေးဝယ်ရ၍ နာမည်မရသေးတာများက သူတို့ဟာသူတို့ လာပို့ထားကြ၏။ သူတို့ဟာ သူတို့ မကြာခဏလာကြည့်ကြ၍ ရောင်းပြီးသမျှ ကော်မရှင်နုတ်ပေး။ ကိုယ်က သက်သက် နေရင်း မြတ်နေတာ။  

ထိုစဉ် ကျွန်တော့်အဖို့ အခွင့်အရေးကောင်း ရပြန်သည်မှာ ဤရပ်ကွက်တွင် ဂျပန်ထံမှ သကြား စီးကရက်နှင့် ဂျပန်အလှကုန်ကိုယ်စားလှယ် ရကြသူများမှာ ကျွန်တော်နှင့်ခင်မင်ရင်းနှီး သူများသာ ဖြစ်ကြကုန်၏။

သို့နှင့် ကျွန်တော့်အလုပ်ကလေး ဟန်ကျလိုက်လေရာ ၃ လအတွင်းမှာ နာရီလေး ပြန်ရွေးနိုင်သည့်ပြင် လက်ထဲမှာ ငွေ ၂၀၀ ကျပ်ခန့်အဖတ်တင်လေ၏။

ယင်းအချိန်တွင် မြင်းလှည်းအလုပ်သည် ပို၍ပို၍ ကောင်းလာရကား ကျွန်တော်သည် လက်ဖက်ရည်ဆိုင်အပြင် အလုပ်ကို တိုးချဲ့ရန် ကိုယ့်လက်ရှိငွေနှင့်နိုင်သော မြင်းတကောင်ကိုဝယ်ရန် ဆုံးဖြတ်ချက်ချလိုက်၏။ ကိုယ့်လှည်းမရှိဘဲလည်း မြင်းတကောင်ထဲရှိသူ၏လှည်းကို နေ့ဝက် ၁ကျပ်ပေး၍ ငှားမောင်းနိုင်၏။

ထိုအချိန်၌ မြင်းဈေးသည် ထိပ်တန်းမှ ၃ဝဝ ကျပ်မျှရှိသေးရာ ကျွန်တော့်ငွေ ၂၀၀ ကျပ်သည် အဝယ်မှန်လျှင် ထိုက်တန်သော မြင်းကိုရနိုင်၏။

ကဲ၊ ကျွန်တော်ပိုင် မြင်းမဝယ်မီ ကျွန်တော် သံယောဇဉ်ငြိခဲ့သော မေရီနှင့် တောက်ထွန်း အကြောင်းကို ပြောရဦးမည်။

ကျွန်တော့်ယောက္ခမအိမ်မှာ မအူပင်လမ်း၊ ကျွန်တော့်လက်ဖက်ရည်ဆိုင်သည် ၎င်းလမ်း နှင့် ရှမ်းလမ်းမကြီးထောင့်။ ကျွန်တော်သည် နံနက် ၅နာရီအိပ်ရာကထ၍ လက်ဖက်ရည်ဆိုင် လာခဲ့ရပြီး ရေနွေးအိုးတည်ရသည်။ ၆နာရီလောက်မှာ လက်ဖက်ရည်ဆိုင် လူစည်နေချေပြီ။ ထိုအချိန်၌ ကျွန်တော့်ယောက်ဖလေးများသည် မေရီကို ဒလကြမ်းမောင်းပြီး ထွက်လာသည်များ မြင်ရတော့ ကျွန်တော့်မှာ မေရီအား သနားစိတ်ဖြင့် မခံမရပ်နိုင်အောင်ဖြစ်ရသည်။ သူတို့သည် မြင်းရိုက်နှင့် မြင်းလှည်းမောင်းအကြမ်းတွင် နာမည်ကြီးသော ကိုလှကိုအားကျပြီး ဤသို့မောင်း ကြောင်း ကျွန်တော်သိသည်။ စင်စစ်မေရီသည် ကိုလှမြင်းများနှင့် မတူချေ။ ကိုလှမြင်းတို့သည် မြင်းသိုးကလေးများ။ အသက်အရွယ်ငယ်ငယ် ခြေလက်အင်္ဂါအကောင်းလေးတွေ။ မေရီက အသက်လဲကြီးပြီး ခြေတဖက်မှာလဲ ဒဏ်ရှိ၍ ခွာတိုက်နေသည်။ အမှန်အားဖြင့် မေရီကို ချိုချို လေးနှင့် သက်သက်ညှာညှာမောင်းပါမှ မြင်းသက်ရှည်မည်။

သို့သော် ကောင်ကလေးများသည် သူတို့အမေနှင့် ကဏ္ဍကောစဖြစ်နေသော ကျွန်တော့် စကားရယ်လို့ နားမထောင်ကြ။ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှ လှမ်းအော်ပြော။ စိတ်ပေါက် ပေါက်နှင့်ဆဲ၊ သည်လိုဆိုလေ ဒင်းတို့က အရွဲ့တိုက် မောင်းကြလေနှင့် ကြားက ကံဆိုးသူ မေရီမှာ တနေ့တခြား ယိုယွင်းရတော့၏။  

မူလက ပတ်တလားကြီးလို ကော့နေသော မေရီကျောသည် တန်းရာမှ ကုန်းစပြုလေပြီ။ နီရဲသော အမွှေးတို့လည်း ဝါကျင့်ကျင့်ဖြစ်လာပြီ။ ဖုထစ်သောအသားတို့မှာလည်း အရိုးအဆစ် ပေါ်ခဲ့ပြီ။ ပထမက ပွတ်ရုံလေးတိုက်သော ခွာတဖက်မှာလည်း တဒုတ်ဒုတ်နှင့် အသံကြားရအောင် တိုက်နေလေပြီ။ ညဆိုလျှင်ကျောက်ခဲနှင့်ခတ်က မီးတဖျတ်ဖျတ် ပွင့်သည်အထိပင် ဖြစ်နေလေပြီ။

ဗွေဆိုးပါ၍ သခင်ကို ခိုက်တတ်သည်ဆိုသော တောက်ထွန်းကား ကျွန်တော်လက်ဖက် ရည်ဆိုင်ထွက်၍ တလအတွင်းမှာပင် သူ့ လက်တွင်းမှ ကျွတ်လွတ်သွားလေပြီ။

စင်စစ်ကား မြင်းဗွေဆိုးသည်မှာ သူချည်းဆိုးသည်မဟုတ်။ လူဆိုးများနှင့်တွေ့ကြခြင်း လည်းပါဝင်ပေ၏။

အကြောင်းမှာ “ဆင်တကျင့်၊ မြင်းတကျင့်”ဆိုစကားရှိသည်တွင် တောက်ထွန်းမှာ တလက် ကိုင် သက်သက်ကြိုက်သူ ဖြစ်သည်။ ကျွန်တော်သုံးဆယ်သွားပြီး ယောက်ဖများ လက်ပြောင်း လိုက်သည်၌ သူမကြိုက်။ ထို့ပြင် မစဉ်းစား မဆင်ခြင်တတ်သော ငယ်ရွယ်သူများဖြစ်၍ တခြား သူများ၏ သွေးဆောင်ခြင်းဖြင့် တောက်ထွန်းအား မြင်းမများနှင့်သားတင်သည်။

မြင်းသိုးကို ဤသို့ပြုပြီးသောအခါ သုံးလေးရက်တာမျှ မခိုင်းဘဲအားဖြစ်စေသော ကြက်ဥ၊ ထောပတ်၊ နံသာပုငှက်ပျောသီးစသည်တို့ကို ကျွေး၍ အားပြန်ပြည့်တော့မှ အလုပ်ပြန်ခိုင်းရ၏။ ကျွန်တော့်ယောက်ဖလေးများက ဒါကိုမသိ။ မအေကိုလည်းမပြောရဲဘဲ မြင်းကြီးကိုနေ့စဉ်မှန်မှန် ဇွတ်ခိုင်းကြသောအခါ၌ မစိတ်မွှန်နေသော မြင်းကြီးက ကပ်တော့၏။ ထိုအခါမြင်းလှည်းသမာတို့ ထုံးစံ အတင်းဝိုင်းရိုက်ကြလေ၏။

တောက်တွန်းသဘာဝကား (သူ့မှာ ဗွေကြမ်းလည်းပါ၍ ဘယ်တော့မှ အကြမ်းမရ။) အကောင်ကလည်း စိတ်ကလည်းခက်ထန်ရကား ရိုက်လေ ပိုဆိုးလေ ဖြစ်တော့သည်။

ကျွန်တော်သာယာဝတီက ပြန်ရောက်ကတည်းက သူတို့ညဉ်းပန်းကြခြင်းဖြင့် တောက်ထွန်းမှာ အတော်ပိန်နေပေပြီ။ ကျွန်တော့်ယောက်ဖအကြီးကိုလည်း တောက်ထွန်းကိုက်ထားခြင်းဖြင့် လက်မ ထက်ခြမ်းကွဲသွားလေပြီ။ (တည့်တည့်ကိုက်မိလျှင် တိကနဲပြတ်နိုင်၏။) 

ယခင်က ကျွန်တော်အုပ်ခွက်ပြလျှင် လာ၍ခေါင်းထိုးပေးသော်လည်း ယခုမရတော့ပြီ။ ကျွန်တော့်ကို မမှတ် မိ၍တော့ မဟုတ်တန်ရာ။ လူတွေကိုစိတ်နာနေ၍ ဖြစ်ချိမ့်မည်။ ကျွန်တော့်ကိုလည်း အနီး အကပ်မခံတော့ပြီ။ ကျွန်တော် ခြံထဲဝင်လျှင် သူထွက်ပြေးသည်။ မပြေးသာလျှင် လူကိုကန်သည်။ ကိုက်သည်။ သူ့ကိုအတင်းဖမ်း၍ လှည်းတပ်လျှင် လူလေးငါးယောက် ဝိုင်းလုပ်ရသည်။ သို့သော် မောင်း၍ကား မရရေးချမရ။ ရှေ့သွားမည့်အစား နောက်ကိုကန်တိုးသည်။ တည့်တည့်ပြေးမည့်အစား ဘေးချော်ဆင်းသည်။ ညှပ်ပူးညှပ်ပိတ် ရိုက်ပါများသော် အိပ်ချလိုက်၏။ နီးရာကိုကန်၏။ မီရာကိုကိုက်၏။ သူ့ကိုဖိရိုက်နေလျှင် ထမည့်အစား စိတ်ကြီးမာန်ကြီးနှင့် လည်ခွေကို ကုန်းခဲနေတတ်၏။ ကျွန်တော်သည် တောက်ထွန်းအဖြစ်ကိုကြည့်၍ မျက်ရည်ကျခဲ့ ရပါ၏။ ရိုက်ရသူများက ပင်ပန်း၍ လက်လျှော့ကာ လှည်းကဖြုတ်လိုက်တော့မှ ဝုန်းကနဲ ခုန်ထ လိုက်၏။ ယင်းသို့ လျှင် လှည်းတခြား မြင်းတခြား အိမ်သို့ပြန်ခဲ့ရသည်သာ။

နောက်ဆုံးတွင် ကျွန်တော့် “ယခမောက်အင်ဆန်းစ်”လက်မြှောက်လိုက်ရကာ အသားတိုး နှင့် ရောင်းလိုက်ရတော့၏။

ဝယ်သူကား ဗဟန်းမှရှမ်းကြီးတဲ့။ ထိုစဉ်က အသက် ၅ဝလောက်။ အရပ်အမောင်း ထောင်ထောင် မောင်းမောင်းနှင့်။ လူကြီးကိုက ကြောက်စရာ။ ရက်ရက်စက်စက် မြင်းဇွဲချွတ် သည့်နေရာ၌ နာမည်ကြီးဝိဇ္ဇာဖြစ်၏။ သို့သော် တောက်ထွန်းကိုကား မရရှာပေ။ နောက်ဆုံး၌ စိတ်ဆိုးဆိုးနှင့် သတ်ပစ်လိုက်သည်ဟူသော သတင်းကိုကြားရ၏။

ကျွန်တော့်ရင်ထဲမှာပူသွားသည်။ ကျွန်တော်တလက်ကိုင်တုန်းက အင်မတန် လိမ်မာလှတဲ့ မြင်းကြီး။
ကဲ သည်တော့ မြင်းမှာဗွေဆိုးပါ၍ သခင်ကိုခိုက်တတ်သည်ဆိုသည်ကား ဟုတ်ပါလေသလား။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments