ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော်နှင့်မိရွှေနီ ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော်နှင့်မိရွှေနီ ) // သော်တာဆွေ
---
ကျွန်တော်နှင့်မိရွှေနီ
ကဲ၊ ကျေးဇူးရှင် ဆရာကြီးအကြောင်း ပြောပြီးတော့ ကျွန်တော်နှင့် မိရွှေနီတို့ “နှစ်ပါး သွားခန်း”စကြစို့။ ဒီစကားလုံးကို ပြုံးချင်သလားမိတ်ဆွေ။
ကျွန်တော်၏စိတ်ထဲ ယူဆချက်ကို အမှန်အတိုင်းရေးခြင်းဖြစ်ပါသည်။ သူသည်မြင်းမ၊ ကျွန်တော်ကလူပင်ဖြစ်သော်လည်း ကျွန်တော် ၏ဘဝတကွေ့ဇာတ်လမ်းတွင် သူနှင့်ကျွန်တော်သည် အရေးကြီးသော ဇာတ်ဆောင်နှစ်ဦးဖြစ်ခဲ့ ပါသည်။
သတ္တဝါတို့၏ တွေ့ကြုံဆုံကွဲမလွဲသော ဓမ္မတာ ဇာတ်ခုံတို့၌ စိတ်ပျက်စရာ၊ ကြည်နူး နှစ်သိမ့်စရာ၊ အသည်းထိတ်စရာ၊ ကြေကွဲဝမ်းနည်းစရာ အဖြာဖြာတို့ရှိတတ်သည့်အနက်သူနှင့် ကျွန်တော့် အဖြစ်အပျက်မှာလည်း ထိုအရာတို့ပြည့်စုံခဲ့ပါ၏။
ကြည့်ပါမိတ်ဆွေ။ သူ ကျွန်တော့်လက်ထဲ ရောက်လာတုန်းက ပိန်ပိန်ချပ်ချပ် ရောဂါသည် မလေး ဖြစ်လေတော့ စိတ်ပျက်စရာ၊ ဝမ်းနည်းစရာ မဟုတ်ပါလားခင်ဗျာ။
ကဲ၊နောက် ဘလိုင်းမာစတာကြီး ဆေးစွမ်းဖြင့် ရွှန်းရွှန်းပပ ဝဝလင်လင်ဖြစ်လာတော့ ကျွန်တော်တို့၏ ကြည်နူးနှစ်သိမ့်စရာ နှစ်ပါးသွားခန်းလေးလို့ မဆိုထိုက်ပါလားခင်ဗျာ။
သူ့မျက်နှာလေးမှာ ရွှင်လန်း၍ ယခင်က တိရစ္ဆာန်တို့ထုံးစံ နာမကျန်းလျှင် ဖြစ်တတ်သည့် မျက်ရည်ပူတွေ တဝေဝေ၊ မျက်ချေး မျက်ဝတ်တွေ တပေပေနေခဲ့သော မျက်လုံးတို့သည် ယခုတောက်ပ ကြည်လင်လျက် ကျွန်တော့်မြင်လျှင် ဟည်၍ အသံပေးတတ်သည်။ သူ့စားခွက်ကို နှုတ်သီးနှင့်ထိုးကာ အစာတောင်းတတ်သည်။ ရှေ့ခွာကလေး ယက်ကာ ယက်ကာ သခင်ကို ခရာတတ်သည်။ တိရစ္ဆာန်တို့ကို သေချာစွာ လေ့လာမိသောအခါ၌ ချစ်စရာကောင်းသော အကွက်ကလေးများကို တွေ့လာတတ်ပေသည်။
ကဲ၊ ယခုအခြေတွင်သူနှင့် ကျွန်တော်သည် ဇာတ်ထဲက နှစ်ပါးသွားအခန်းမှာလို “ချစ်လိုက် ကြအုံးစို့ ဘဝဖော်မလေးရေ” လို့ဆိုကြပါစို့။
ကဲ၊ ကျွန်တော်တို့ ဘယ်လိုနှစ်ပါးသွားမလဲ သိလား မိတ်ဆွေ။ ကျွန်တော်က မြင်းလှည်း တစီးကို နေ့ဝက်တွက် တကျပ်ပေးငှားပြီး မြင်းလှည်းတပ်ထွက်တာပေါ့။
မြင်းလှည်းသမားတို့မှာ မြင်းကျန်းမာဝဖြိုးနေသော အခါတွင် လုပ်ငန်းကိုင်ငန်း အပေါက် အလမ်းတည့်၍ ရွှင်လန်းရသည်ပေါ့။ ထို့ပြင် မိရွှေနီသည် ဒေါက်လေးပေမျှ (နက်ကြုတ်လောက်)အကောင် အငယ်စားပင် ဖြစ်သော်လည်း သူ့အရွယ်မျိုး၌ အကောင်းတန်းထဲက ဝင်သည်။ အင်မတန် သွက်လက်ဖျတ် လတ်၍ ဇက်ဖျားခတ်မျှ မခံချေ။ စိတ်လဲ ဆတ်သည်။
ယခင်က ကျွန်တော့်ကို လှောင်ပြောင်ခဲ့သော မြင်းလှည်းသမားများအား ကျွန်တော်က ကလဲ့စားပြန်ချေနိုင်သည်။
မြင်းလှည်းဘီးကို ကြာပွတ်ရိုးကပ်၍ “တတပ်တပ်” မြည်စေကာ သမန်ကာရှန်ကာ သူတို့ မြင်းတွေလို လှည်းချင်းကျော်တက်ရင်
“ဖွားဇုံလေ ဖွားဇုံ၊ ဒီမှာ ဖွားဇုံဟုတ်သေးရဲ့လား။ သွားပုံလဲ ကြည့်ကြပါအုံး ကိုယ့်လူတို့ရ။ ဟား ဟား ဟား”
ရယ်မောသံနှင့်အတူ သူတို့ လှည်းကို ချန်ပစ်ခဲ့သည်။
ထိုအခါ၌ သူတို့က ဆိုကြ၏။ ကျောင်းသားကံကောင်းတယ်။ မသာကထပြီး အကျိုးပေးတယ်။
ဤအခါတွင် ကျွန်တော်၏စီးပွားရေးလုပ်ငန်း အတော်ဖြောင့်နေသည်ဟုဆိုရပေမည်။ နံနက်ပိုင်းမှာ ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်၍ မွန်းလွဲပိုင်းမှ ကျွန်တော့်မယားနှင့် ကုလား အဖိုးကြီးအား ဆိုင်မှာထားခဲ့ကာ မြင်းလှည်းမောင်းထွက်သည်။
ထိုစဉ် မြင်းလှည်းသမားဘဝမှာ အောက်မကျပါ။ “မြင်းလှည်းဆရာ”ဟုခေါ်ကြသည်။ ဟိုရှေးအင်္ဂလိပ်ခေတ်လို “ဟေးဂါလီဝါလား” မဟုတ်တော့။ ခရီးသည်ကိုလည်း လိုက်ရှာမနေရ။ မြင်းလှည်းထွက်လာခဲ့လျှင် ကိုယ်ကြိုက်ရာ ဂိတ်ထိုးပြီး “ရန်ကုန်၊ ရန်ကုန်” သို့မဟုတ် “ဗဟန်း၊ ဗဟန်း” အော်လိုက်ပါ။ မကြာမီလူပြည့်လေသည်။
လက်ဖက်ရည်တခွက် ဆယ်ဆင့်ဖြစ်စဉ်မှာ ကျွန်တော်တို့ စမ်းချောင်း ကြည့်မြင်တိုင်ဘက် မှ ဗဟန်း သို့မဟုတ် ရန်ကုန်ကို ၂၅ ဆင့် (ဝါ) တမတ်ရလေရာ မြင်းတကောင် ထုံးစံအသွားအပြန် နှစ်ခေါက်ဆွဲခြင်းဖြင့် မူမှန်ခြောက်ယောက် တင်လေ့ရှိ၍ တနေ့လျှင် ငါးကျပ် အနဲဆုံး ခြောက်ကျပ်ခွဲအထိ စီပေသည်။ မြင်းစာဖိုး ငါးမတ် တကျပ်ခွဲနုတ်။ လူတွက် သုံးကျပ်ခွဲ လေးကျပ်ကျန် သည်။
( လက်ဖက်ရည်ဆိုင်ကလည်း နေ့စဉ်၌မျှရနေရကား) ကျွန်တော်သည် ဤနှစ်မျိုးသော ဝင်ငွေဖြင့် မကြာမီ ကိုယ်ပိုင်လှည်းဝယ်နိုင်တော့မည်ဟု စိတ်ကူးဖဲရိုက်မိလေ၏။
သို့သော် ဖုရားဖြစ်မယ်ကြံ ဒေဝဒတ် ကားယားလုပ်တတ်သည် တမုံ့။
တနေ့သောည ကျွန်တော်မြင်းလှည်းဖြုတ်၍ ပြန်လာသောအချိန်၌ ကျွန်တော့် ဇနီး မရှိ တော့ပြီ။
“ဟေ့၊ ဒို့သမီးက လက်ဖက်ရည်ဆိုင် ထိုင်တဲ့ အမျိုးမဟုတ်ဖူး။ သူ့အဖေက ဝန်ထောက် အရင့်အမာကြီးကွယ့်။ ဒီဂုဏ်များထောက်ပါအုံး”
အရေးပိုင်ကတော် မုန့်ဟင်းခါးရောင်းနေသော ခေတ်ဝယ် ရုံးဝန်ထောက်ကတော် ဟောင်းက ဤစကားကိုပြောသည်။
သူ့သမီး လက်ဖက်ရည်ဆိုင် ထိုင်ရသည်ဆိုသည်မှာလည်း ကောင်တာစားပွဲတွင် ထိုင်၍ ပိုက်ဆံသိမ်းရုံပါ။ အခြားလုပ်စရာတို့မှာ ကုလားအဖိုးကြီး၏ တာဝန်ချည်းဖြစ်၏။
ဤမှစ၍ ဒီယောက္ခမသည် အမြော်အမြင်ဉာဏ် နည်းလေခြင်း၊ တလွဲဆံပင်ကောင်း ပေါက်လေခြင်းဟု ကျွန်တော်ယူဆခဲ့၏။
ယင်း၌ ကျွန်တော့်မှာလည်း ညားခါစ ဇနီးမို့ မခွဲနိုင် မခွာရက်ဖြစ်ကာ သူတို့ ဘယ်ပို့ထားသနည်း စုံစမ်း၍ သံလျင်သို့လိုက်ရချေတော့သည်။ တခါမျှ မရောက်ဖူးသေးသော မြို့ဝယ် ဟိုမေး သည်မေးနှင့် နောက်ဆုံး၌ တွေ့ရပေတော့သည်။
ကျွန်တော့်ဇနီးကလည်း ကျွန်တော့်ကိုမြင်လျှင် ငိုယိုလျက် မခွဲနိုင်ပါကြောင်း၊ ပထမဦးဆုံး ကလေး ပဋိသန္ဓေလည်း ရှိနေပြီဖြစ်ကြောင်း သူ့ဦးကြီး၊ ဦးလေး ဒေါ်ဒေါ်တို့အားပြော၏။
စင်စစ် ယောက္ခမ၏ အစီအမံမှာ သူတို့ စိတ်ကြိုက် လခစားအရာရှိမလုပ်နိုင်တဲ့ အကောင် နှင့် အပြီးအပိုင် ခွဲရန်ဖြစ်ပေသည်။ သို့သော် ထိုဆွေမျိုးတို့က ကျွန်တော်တို့ နှစ်ယောက် ဖြစ်ပုံ ကိုသနားကြ၍ အတူတကွပြန်ပို့သည်။ ယောက္ခမဒေါပွနေသည်ကို ကျေနပ်ရန် သူတို့စီမံသည်။
ယင်းအစီအမံမှာ ယောက္ခမ၏ ဆန္ဒအတိုင်း သူ့သမီးအား လက်ဖက်ရည်ဆိုင် မထိုင်စေရ။
ဒီလို ငွေသိမ်းတို့မှ ကိုယ့်လူက ဆိုင်တွင်မရှိတော့ ကျွန်တော်နေ့ဝက်မြင်းလှည်းထွက် မောင်းရန် မဖြစ်နိုင်တော့။ သည်တော့ ကျွန်တော့်မှာ အလုပ်နှစ်ခု တခုခုရွေးရာတွင် လက်ဖက်ရည်ဆိုင်ကို ဖြုတ်ပစ် ရလေတော့၏။
ယင်းတွင် ယောက္ခမစိတ်ကြိုက်လေသည်။ အကြောင်းမှာ ထိုအချိန်တွင် သူ့မြင်းမ မေရီ သော်လည်းကောင်း၊ လှည်းမောင်းနိုင်သော သူ့သားနှစ်ယောက်သော်လည်းကောင်း အိမ်၌မရှိ တော့ပြီ။ လှည်းချည်း ကျန်တော့၏။
အကြောင်းမှာ သူ့သားများသည် လူငယ်များပီပီ မေရီကို နှိုင်းဆချင့်ချိန်ခြင်းမရှိ။ မညှာ မတာ မောင်းနှင်ခိုင်းစေကြခြင်းဖြင့် မေရီခမျာ တနေ့တခြား ယိုယွင်းလာခဲ့ရာ နောက်ဆုံးမှာ မေရီသည် ရထားတပ်၍မှမဖြစ်တော့။ ကျောကုန်းသည် လေးကိုင်းကဲ့သို့ ကွေးကာ ခြေလေး ချောင်းက အလယ်၌စုနေလျက် ဒဏ်ရှိသောခြေထောက်မှာမူ လုံးဝမထောက်နိုင်တော့။ ဒီအခါ မှာ သူ့တို့တွင် ဝင်ငွေမရှိတော့သဖြင့် ကျွန်တော့ယောက္ခမသည် သူ့ထုံးစံအတိုင်း အိမ်မှာ အင်မတန်နားပူ၏။ သူနားပူသောဒဏ်ကို သူ့အမေကြီးနှင့် သူ့သမီး (ကျွန်တော့်ဇနီး)မှတပါး မည်သူမျှမခံနိုင်ကြသဖြင့် သူ့သားနှစ်ယောက်သည် စစ်ထဲသို့ လိုက်သွားကြကုန်သတည်း။
မေရီကိုမူကား ၃၅ ကျပ်နှင့် ရောင်းပစ်လိုက်ရ၏။ မေရီကို ဝယ်သူမှာ ရှေးခေတ်က မြင်းလှည်းသမားဟောင်းကြီး။ သူက နားလည်ပါးလည်ဖြင့် ပြုစုလိုက်ရလျှင်ဖြင့် ဒီမြင်းမပြန် ကောင်းနိုင်သေးရဲ့။ မကောင်းတောင် သေသော် အသားဘိုး ၃၅ကျပ် တော့ ရချေအံ့။
စင်စစ် ကျွန်တော်တို့သည် မေရီအား ဘလိုင်းမာစတာကြီးကို ပြပြီးသား။ ဆရာကြီးက “မောင်ကြင်ဆွေရယ် ပြန်ကောင်းနိုင်ဘို့ကတော့ ခဲယဉ်းပါပြီကွယ်” ဟု ပြောခဲ့သည်နှင့်အညီမေရီ သည် နှာလှန်မထူတော့ရှာပေ။ ကျွန်တော့်ယောက္ခမက နောက်ထပ် မြင်းသစ်တကောင်ဝယ်၍ ကျွန်တော်ဘဲမောင်းပေးရ၏။
ဤသို့ဖြင့် ကျွန်တော်တို့ သမီးယောက္ခမ ပြန်လည်ပူးပေါင်းသွား ကြပြန်လေ၏။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment