အိမ်ကလေး (၆) // နေဝင်းမြင့်
အိမ်ကလေး (၆) // နေဝင်းမြင့်
(အိမ်ကလေး ၁၆ လုံး)
---
ရှေးအခါက တစ်ဘက်ရန်သူတို့၏ အခြေအနေကို သိရှိကြားနာနိုင်ရန်လည်းကောင်း ၊ လုံခြုံမှုအရလည်းကောင်း ‘ ကင်း ’ များချထားရာ၌ ကင်းတို ကင်းရှည် စနစ်ကို သုံးခဲ့ကြသည် ။ အနီးအပါး ဝန်းကျင် လှည့်လည် ကြည့်ရှုစစ်ဆေးခြင်းသည် ကင်းတို ၊ မြစ်ကူး ချောင်းခြား ဝေးလံသော အရပ်အထိ အထောက်အလှမ်းပြုသည်က ကင်းရှည် ။
ကျွန်တော်တို့ နေထိုင်ရာ မြစ်ကမ်းပါးထိပ်က ကင်းစင်ကြီးကတော့ ဘာကင်း အမျိုးစားထဲပါသည်မသိ ။ ရပ်ကွက်ကတော့ မယုတ်မလွန် ကင်းခြေတံရှည်လို့ ခေါ်ကြလေသည် ။ ကင်းရှည်လည်းမဟုတ် ၊ ကင်းတိုလည်းမမည် ၊ ကင်း လက်စကလည်း မဆိုနိုင်ရကား ‘ကင်းခြေတံရှည်’ ဟူသော အမည်ကသာ သည်ကင်းမျှော်စင်ကြီး၏ ပကတိအသွင်ဏ္ဍာန်နှင့် ကိုက်ညီလေသည် ။
ပြီးတော့ သည်မြစ်ဆိပ်စောင့် ကင်းခြေတံရှည်ကြီးက အထင်ကရ ကင်း မဟုတ်လေတော့ ကင်းစစ် ၊ ကင်းစာရေး ၊ ကင်းတိုက် ၊ ကင်းကြပ် ၊ ကင်းအုပ် ၊ ကင်းဝန် ဟူ၍ ကင်းရာထူး ဖွဲ့စည်းပုံမရှိ ။ ရေကင်း ၊ ကြည်းကင်းကို စောင့်ကြပ်ကွပ်ကဲရသူတို့က အမှုထမ်း ပေါ့မပေါ့ ၊ လျော့မလျော့ စစ်ဆေးရန်လည်း အကြောင်းမရှိ ။ အဘယ့်ကြောင့်ဆိုသော် သည် ကင်းခြေတံရှည်၏ အတ္ထုပ္ပတ္တိကို မည်သူမှ ကျကျနန မသိတာလည်း ပါပါသည် ။ ခေတ်သမိုင်းကို ဆစ်ပိုင်း၍ ခြေရာကောက်နိုင်သူတို့ပင် သည်ကင်းခြေတံရှည်၏ ဇာစ်မြစ်ကို ကုပ်မိဖို့မလွယ် ။
“ မပြောတတ်ပေါင်ကွာ ငါတို့ ငယ်ငယ်ကတည်းက မြစ်ထိပ် သည်လို ငုတ်တုတ်ကြီး ရှိနေသာပါပဲ ။ ဟိုတုန်းက သည်နေရာမယ် အိမ်ရယ်ဘာရယ် မရှိတော့ ကင်းစင်ဘေး အခင်းသွားကြသာပဲ ။ မကောင်းသူ မကောင်းသား မခိုကပ်နိုင်အောင် ဘေးကခြုံတွေ တို့ပဲ ရှင်းခဲ့ရသာ ။ ခုတော့ လူနေရပ်ကွက်နဲ့ ဘာနဲ့ဆိုတော့ သန့်သန့်ရှင်းရှင်း ဖြစ်ပြီပေါ့ကွာ ”
အသက်ခုနှစ်ဆယ်ကျော် ဘိုးမှန်သည်ပင် ခပ်ဝါးဝါးသာ ရှင်းပြနိုင်ပါသည် ။ ရေကင်းလား မီးကင်းလားဆိုတာကလည်း မသေချာ ။ အောက်ခြေကားကား ထိပ်ရှူးရှူး ကင်းခြေတံရှည်ကြီးပေါ်က တစ်နေရာမှာ သင်္ဘောဆေးဖြင့် မီးကင်းဟူ၍လည်းကောင်း ၊ ထုံးဖြူဖြင့် ရေကင်းဟူ၍လည်းကောင်း ဝိရောဓိသဘောဆောင်သော ပဋိပက္ခ အဓိပ္ပာယ် နှစ်ရပ်ဖြင့် စာနှစ်တန်းထီးထီးကြီး ရှိလေတော့ တိတိကျကျ ပြောဖို့ ခက်လေသည် ။ တချို့ကတော့ ရပ်ကွက်ကို မီးဘေးက ကာကွယ်နိုင်ရန် အလို့ငှာ တည်ဆောက်ထားဟန် တူသဖြင့် မီးကင်းကို အတည်ယူကြသလို တချို့ကလည်း မြစ်ဆိပ်ကမ်းပါးထိပ်မှာ ရှိနေသဖြင့် ရေကင်း ဘက်ကို မဲတင်းလေသည် ။
“ ရေကင်းဆိုရင် ဆယ့်နှစ်မှူးမင်းတိုင်း ကုန်တွေနဲ့ ပတ်သက်ရမှာပေါ့ဗျ ။ မြစ်ဆိပ်က တက်လာသမျှ တမာစေး ၊ ကော် (သားရေ) ၊ လျှော် ၊ အုံတုံ ၊ တင်လဲ ၊ လဲမှို့ ၊ ဥသျှစ် ၊ မရိုးစစ် ၊ မီးသွေး ၊ ထန်းဖူးစည်း ၊ မန်ကျည်းမှည့် ၊ ရေနံ ၊ ပွဲ့လျက် ၊ ကင်းခွန် ရှိရမှာပေါ့ ။ ဒါတွေ မရှိဘူးဆိုကတည်းက ရေကင်း မဟုတ်လို့ပဲ ”
‘ မီးကင်းပထမ ’ သမားတွေက ရှေးစာ အကိုးအကားဖြင့် သက်သေထူလေတော့ ရေကင်းဆရာတို့ကလည်း အားကျမခံ ။ “ ရေနံတော့ ထွက်နေတာပါပဲကွာ ” တဲ့ ။ တကယ်တော့ သည်ကင်းခြေတံရှည် ကိုယ်တိုင်က ဟုတ်ဟုတ်ငြားငြား မဖြစ်လောက်သော်လည်း သူ့ကိုတည်မှီ၍ ဆွေးနွေးချက်တွေက ရွှေဘုံနိဒါန်းနှင့် ချီလေသည် ။
“ ဆိပ် ၊ တည် ၊ ပွဲ ၊ ကင်း ၊ ကူးတို့ ခွန်တဲ့ ခင်ဗျ ၊ လှေဆိပ် လှည်းဆိပ်က ရတဲ့အခွန် ၊ ကင်းဆိပ်များက ရတဲ့အခွန် ၊ ဆိုင်ကနားနဲ့ အတည်ရောင်းဝယ်တဲ့ အခွန် ၊ ပွဲစား ပွဲပြတ်များထံက ရတဲ့အခွန် ၊ ကင်းဆိပ်များက ရတဲ့ အခွန် ၊ ကူးတို့ လှေများက ရတဲ့အခွန်ရယ်လို့ မဟာမုနိဘုရားသမိုင်းကျောက်စာ ၊ တော်စိန်ခိုရဲ့ လွှတ်တော်မှတ်တမ်းများမှာ ဆိုလေတော့ သည်ကင်းခြေတံရှည်ဟာ ”
ထားပါတော့ ။ မည်သည့်ကင်းဖြစ်ဖြစ် အရေးမကြီးပါ ။ ရပ်ကွက်ထဲ လက်ဖက်ရည်ဆိုင်ထဲ တခါတလေ စိတ်ရောက်လျှင်လည်း ငြင်းကြ ၊ ခုံကြတာမျိုး ၊ သူနိုင်ကိုယ်နိုင် ပြောကြတာမျိုးရှိတုန်းက ရှိခဲ့သော်ငြား အခုတော့ သည်ကင်းနှင့် ပတ်သက်လို့ စိတ်ဝင်စားမှု နည်းကြပြီ ။
ကင်းခြေတံရှည်ကြီးကလည်း ဟောင်းမြင်းလှပြီ ။ သည်ကင်းခြေတံရှည်ကြီးနှင့် မလှမ်းမကမ်းမှာ မြေစိုက်ကင်းတဲကလေးတစ်တဲ ရပ်ကွက်က တာဝန်ယူဆောက်လုပ်လိုက်ကြတာ မကြာသေးပါ ။ နွေအခါ မီးကင်းနှင့် ညရေးညတာ လုံခြုံရေးကို သည်မြေစိုက် ကင်းတဲကလေးက တာဝန်ယူနေပြီ ။ မြစ်ရေကြီးသည့်အခါ သဲအိတ်အလုံးနှစ်ဆယ်လောက် ချထားပြီး ရေကင်းဖြစ်ရသည်လည်း ရှိသည် ။ မီးကပ်မီးချိတ် လေးစုံ ၊ ရေအိုး ၊ သဲကျင်း ၊ သံချောင်းခေါက်ရန် မော်တော်ကား ဒစ်ဝှီးဟောင်းတစ်လုံး ချိတ်လိုက်သည်နှင့် မီးကင်း၏ အဆောင်ယောင် ပြည့်စုံသွားသည် ။ နို့ဖြင့်လျှင် ကျွန်တော်ပြောခဲ့သည့် ကင်းခြေတံရှည်ကြီးက အပိုဖြစ်သွားပြီပေါ့ ။
မဖြစ်ပါ ။ သည်ကင်းခြေတံရှည်ဟောင်းကြီးက အိမ်ကလေး သုံးလုံးဖြစ်သွားခဲ့ပြီ ။ သည့်ထက် အသေးစိတ်ဆိုရလျှင် မိသားစု သုံးစုတို့ အသီးသီး အသက အသက နေရာဝင်ယူကာ ကင်းခြေတံရှည် အဖြစ်မှ သုံးထပ်အိမ် အဖြစ်သို့ ရောက်ခဲ့ပြီ ဖြစ်၏ ။
ကင်းခြေတံရှည်၏ ပုံပန်းကို ကျွန်တော်အရင် ပြောချင်ပါသည် ။ ငါးပတ်လည် သစ်တိုင်လေးတိုင်က ပျှမ်းမျှအောက်ခြေ ရှစ်ပေပတ်လည်မှာ မြေချကာ အပေါ်သို့ ခပ်ရှူးရှူးကားသွားလေ၏ ။ အမြင့်က စိတ်အထင် ပေနှစ်ဆယ်လောက် မြင့်လိမ့်မည် ။
အလယ်လောက်မှာတော့ တိုင်လေးတိုင်ကို တန်းပစ်ကာ ကြမ်းခင်းတစ်ထပ်ခင်းသည် ။ တိုင်ဖျားမှာတော့ ကင်းသားတို့ နေခဲ့ဖူးဟန်ရှိသည့် အခန်းကျဉ်းကလေးရှိ၍ လေးဖက်လေးတန်မှာတော့ တစ်တောင်လောက်မြင့်သည့် အပိတ်ပတ်လည် ရှိသည် ။ အနီးစပ်ဆုံးဆိုလျှင် စစ်ကားတွေထဲမှာ ပါတက်သည့် တပ်စခန်းထောင့်က မီးမောင်းဆလိုက်ထိုး မျှော်စင်မျိုးဖြစ်သည် ။
သစ်တွေက အရင်းအဖျားညီသော သစ်ယောကျာ်းလား ၊ အဖျားသွယ်သော သစ်မိန်းမလား ဆိုတာတော့ ဘုရားရှင်မှ သိတော်မှုလိမ့်မည် ။ ဆွဲချသစ်လား ၊ သစ်ဘီလူးလား ၊ လမ်းချောင်းကူးလား ၊ သူကောင်တင်လား ၊ သစ်မျောက်လား ၊ နပုံးသသစ်လား ၊ သစ်နဂါးလား ၊ တံစို့သစ်လား ။ ဒါလည်း မသေချာ ။ တွဲလွဲကျလား ၊ ထက်ကြီးအောက်ရှူးလား ၊ ချောင်းကူးလမ်းကူးလား ၊ အလယ်ပူလား ၊ သစ်ကြိတ်လား ၊ နွယ်ပတ်လား ၊ ပျားတို့လား ။ ပိုလို့တောင်ဝေးသေး ။သည်မျှော်စင်ခြေတံရှည်ကြီး စဆောက်တုန်းက ကြက်သွန်နီ ၊ ဆိတ်ချေး ၊ ဆေးဒန်း ၊ လင်းနေ ၊ ရှိန်းခို ၊ ကန့်၊ မြင်းချေး စသော ဆေးခုနှစ်ပါးကို ဆန်ပုန်းရည်ဖြင့် ဖျော်ပြီး မြေကိုလည်းကောင်း တိုင်ကိုလည်းကောင်း ၊ သုတ်ခဲ့လိမ်းခဲ့ရဲ့လား ။ သည်လို လောကီ အစီအရင်တွေ ရှိသလားဆိုတာတောင် သိကြသူတွေ မဟုတ် ။
ဤသို့အားဖြင့် အောက်ဆုံး မြေညီနေရာကျယ်ကျယ်မှာ တစ်အိမ်ထောင် ။ အလယ်ထပ် မကျဉ်းမကျယ်မှာ တစ်အိမ်ထောင် ၊ အပေါ်ဆုံးထပ် ကျဉ်းကျဉ်းမှာ တစ်အိမ်ထောင် ၊ သူ့ဘုံနှင့် သူ့နေရာ စံမြန်းကြကုန်၏ ။
မြေညီထပ် အဲလေ အောက်ဆုံးမြေကမ္ဗလာပေါ်မှာ နေကြသည့် အိမ်ထောင်စုက သဲလှေသမားတွေ ဖြစ်သည် ။ သဲလှေသမားဆိုတာကလည်း နူတ်ကျိုးနေသည့် ဒေသအခေါ်သာ ဖြစ်သည် ။ သဲကို လှေနဲ့သွားကျူံးတာလည်းမဟုတ် ၊ လှေပေါ်က ထမ်းချတာလည်းမဟုတ် ။ သဲမော်တော် ခေါ်ကြသည့် လုံးတော်နေတော် မော်တော်ကြီးက အလုပ်သမားလေးငါးယောက်ဖြင့် မြစ်လယ်ကို သဲသွားစုပ် ၊ မြစ်ဆိပ်ရောက်တော့ သဲကန်ထဲကို ရေတွေသဲတွေပါ မှုတ်တင် ၊ သဲကန်ကြီးတွေ ရေတွေစစ်သွားတော့ သဲသန့်သန့် ကျန်လေသည် ။ဒါကိုမှ မြစ်ဆိပ်ကို သဲလာဝယ်ကြသည့် ကားတွေကို သဲမော်တော်ပိုင်က ရောင်းချသည် ။
သည်လို သဲမော်တော်ပေါ် လိုက်ကြသူ ၊ ဒါမှမဟုတ် သဲကန်ထဲက သဲကို ကားပေါ်ရွက်တင်ကြသူ မည်သူ့ကိုမဆို သဲလှေသမား ခေါ်ကြတာ များသည် ။အခုလည်း သည်ကင်းခြေတံရှည်ကြီးအောက်မှာ လာနေကြသူတွေက သဲလှေသမားတွေ ။ လင်က သဲမော်တော်နှင့် မြစ်လယ်အထိလိုက်လာ သဲစုပ်ရသူဖြစ်၍ မယားက မြစ်ဆိပ်သဲကန်ထဲက သဲကို ကားပေါ်သဲတောင်းရွက်တင်ရသူတွေ ဖြစ်သည် ။ ကလေးတွေချည်း ငါးယောက် ။ သည်လင်မယား သဲဆိပ်ဆင်းကြတော့ သည်ကလေးတွေကို အကြီးမလေးဆိုသော်လည်း ရှိလှမှ ရှစ်နှစ်သမီးလောက် ရှိဦးမည် ။
ခြောက်လုံးပတ်ဆရာက ပတ်လုံးကလေးခြောက်လုံး အလိုက်သင့် လိုက်တီးသလို မောင်နှမ ဘုစုခရုကလေးတွေကို သူပဲထိန်းသည် ။ မိုးရွာတော့ သစ်ပင်ရ်ိပ်ကို ပြေးချင်ပြေး ။ မနီးမဝေးက ဓမ္မာရုံကို ပြေးချင်ပြေး ။ သဲလှေ လင်မယား ရောက်လာတော့ မြေပေါ်မှာ အုတ်ခဲသုံးလုံးမီးဖိုမှာ ကမန်းကတန်းချက် ၊ ကမန်းကတန်းစား ။ Life is beautiful. နေစရာ ၊ စားစရာ ၊ ဝတ်စရာ ရှိလျင် ဘဝသည် ပြည့်စုံပြီ မဟုတ်လော ။
အလယ်ထပ်မှာ နေသူကတော့ လင်မယားနှစ်ယောက်တည်းသမား ဖြစ်သည် ။ လင်က ဇာတ်တစ်ဇာတ်က မီးစက်မောင်းသူဟု ဆိုသည် ။ ဇာတ်ထွက်တော့ မယားပဲ ကျန်ရစ်သည် ။ သားသမီးမရှိကြတော့ လင်ဇာတ်ထွက်နေချိန်မှာ မယားက ဆေးပေါ့လိပ် ယူလိပ်နေတက်သည် ။ တစ်ခါတစ်ခါ ကင်းခြေတံရှည်ပေါ်က အထက်ကလေးဆီက ညဉ့်နက်သန်းခေါင် မီးခွက်ကလေး မှိတ်တုတ် ၊ ကတ်ကြေးသံ တစ်ချပ်ချပ် ရှိနေတက်သည် ။ တစ်ခါတစ်ခါတော့ သီချင်းသံကလေးပင် ကြားရသည် ။ လင်ဖြစ်သူက ဇာတ်ပွဲကပွဲ လက်ခံပြက္ခဒိန်အရ သွားချည်ပြန်ချည် ။ ပွဲချိန်ကျဲတော့ မယားနှင့် များများနေရရုံ ။
အပေါ်ထပ်ကလူကတော့ သူရထားသည့် နေရာနှင့် သူ့အခြေအနေ အံကိုက်ဖြစ်သည် ။ တစ်ယောက်တည်းသမား ။ သူက သစ်လုံး မသူ ဖြစ်သည် ။ မြစ်ကမ်းနားက ဧရာမ သစ်လုံးကြီးတွေကို ကျွဲလှည်းပေါ် တင်ပေးရသူ ဖြစ်သည် ။ကျွဲလှည်းကလည်း မြစ်ဆိပ်က တက် ရပ်ကွက်သစ်စက်တွေဆီ မောင်းတော့ နောက်က လိုက်ကြရသည် ။ သစ်စက်ရောက်တော့ အလိုက်သင့် နေရာချပေး ။ မြစ်ဆိပ်မှာ သစ်လုံးအရေအတွက်များလျှင် များသလို အလုပ်လုပ်ရသည် ။သူကိုယ်တိုင်က ကျွဲပေါက်တစ်ကောင်နှင့်တူနေပြီး အင်္ကျီရယ်လို့ ဝတ်ထားတာမျိုး မြင်ရခဲသူ ဖြစ်သည် ။ တစ်ကိုယ်ရေတစ်ကာယ သမားဆိုတော့ ကြုံရာမှာ တော်သလိုစားလိုက်သည်ချည်း ။ ညနေစောင်းတော့ ပင်ပန်းခြင်းကို အကြောင်းပြု၍ အရက်ဆိုင်ထိုင်နေတက်သည် ။ တစ်ခါတစ်ခါတော့ ဗွီဒီယိုရုံထဲမှာ မူးမူးနှင့် သွားအိပ်နေတက်သည် ။ ဗွီဒီယို ပြီးသည်အထိ မထသေးလျှင် နိုးစရာမလို ၊ နောက်တစ်ကားပြီးသည်အထိ သူအိပ်လိမ့်မည် ။ ပထမ မြန်မာဇာတ်ကား ဒုတိယ နိုင်ငံခြားကား ပြီးတော့မှ နှစ်ကားစာ သူ ရုံခပေးကာ သူကင်းခြေတံရှည်ကို ပြန်တက်သည် ။ တကယ်တော့ ဗွီဒီယိုကြည့်ချင်တာထက် ရုံဝင်ခပေးပြီး လာအိပ်ခြင်း ဖြစ်သည် ။ တစ်ခါတစ်လေ ရုံပိုင်ရှင်က ပထမကား လူဝင်များလို့ အိပ်တော့ မအိပ်နဲ့ဗျာ ၊ ခင်ဗျား အိပ်တော့ နေရာပုတ်တယ်လို့ ငေါက်ရင်တော့ “ ကျုပ်လည်း ခင်ဗျားဖောက်သည်ပဲဗျာ ၊ အိပ်တဲ့ဖောက်သည်လေ ” လို့ ပြန်ပြောတက်သည် ။ မည်သို့ပင်ဖြစ်စေ ညဉ့်ကလေးနက်လျှင်တော့ သူ့ကင်းခြေတံရှည်ပေါ်တက်မြဲ ။
ကျွန်တော်ပြောခဲ့သော ထို ဆင် ၊ မျောက် ၊ ခါ သုံးဦးတို့အကြောင်း ကျွန်တော်သိထားသလောက် အဲ့သလောက်သာ ရှိသည် ။ သွားရင်းလာရင်း ကျွန်တော်မြင်သလောက် ၊ သူတို့ အလုပ်အကိုင်နှင့် ပတ်သက်၍ ကျွန်တော်ကြားသလောက်မှာလည်း အဲ့သလောက်သာ ဖြစ်သည် ။ တစ်ရက်မှာတော့ ကျွန်တော့်စာအုပ်စင်ကလေးအတွက် သစ်ကလေး အနည်းအပါး ဝယ်ဖို့ဖြစ်လာတော့ ရပ်ကွက်ကလေးထဲ ကျွန်တော်သွားရသည် ။ လက်သမားဆရာနှင့် ကျွန်တော်သစ်ရွေးတော့ လွှစက်ဆရာ ကိုမောင်မောင်က သစ်မာကလေးတွေ ရွေးပေးသည် ။ သည်နောက်တော့ ကိုမောင်မောင်နှင့် ကျွန်တော်ခင်မင်သွားသည် ။ သူ့ကို ကျွန်တော်က လွှဆရာလို့ခေါ်၍ ကျွန်တော့်ကို စာရေးဆရာလို့ ခေါ်သည် ။ ကင်းခြေတံရှည်အကြောင်း ကျွန်တော်မေးတော့ သူအံ့သြနေသည် ။
“ စာရေးဆရာက သူတို့ကို စိတ်ဝင်စားလို့လား ၊ ကျွန်တော်နဲ့ ခင်ပါတယ် ။ သစ်စက်ထဲ အလေးအပင် မရင် သူတို့ ဘောက်တွေ ပြေးခေါ်ရတာ ဆရာရဲ့။ သဲလင်မယားက နာမည်အရင်းတွေတော့ မသိဘူး ။ရပ်ကွက်ကတော့ ကပ္ပလီ ၊ ကပ္ပလီမလို့ ခေါ်ကြတာပဲ ။ မီးစက်သမားက သန်းညွန့်တဲ့ ။ မယားက ပုကျစ်တဲ့ ။ အပေါ်ထပ်က ကောင်က ဖိုးသောင်း ။ သူတို့ သည်လိုနေကြတာ ကြာပြီ ။ တစ်ခါတစ်လေ ကျွန်တော်အလုပ်လုပ်လို့ သွားခေါ်လျှင် အိမ်ပေါ်တက်ပါဦး ဆရာရဲ့ လို့ ပြောကြသေးတာ ”
ဟုတ်ပေသားပဲ ။ သူတို့အတွက်တော့ အိမ်ဖြစ်လိမ့်မည် ။ သည့်နောက်တော့ သည်လူတွေအကြောင်း ကျွန်တော်သိခွင့် ရလာခဲ့သည် ။ သည် ကင်းခြေတံရှည်ကြီးမှာ စနေကြစဉ်က တစ်ပြိုင်တည်းလိုလို နေကြခြင်းမဟုတ်ဘဲ ၊ ပထမဆုံးရောက်သူက လက်ရှိ အပေါ်ဆုံးအခန်းကျဉ်းမှာနေသည့် ကိုဖိုးသောင်းဟု ဆိုသည် ။ တစ်ယောက်တည်းသမားဆိုတော့ ကင်းခြေတံရှည်ကြီး အောက်ဆုံးက မြေကျယ်ကျယ်မှာ ပုဆိုးပတ်သလိုလို ၊ စောင်ပတ်သလိုလို အခန်းဖွဲ့ နေခဲ့ခြင်းဖြစ်သည် ။ ဒုတိယ ရောက်လာကြသူတွေက သဲလင်မယား အုပ်စု ။ ကလေးတွေက ငါးယောက် ။ ငါးယောက်စလုံးကလည်း ဥမမည် စာမမြောက်တွေ ။ အပေါ်ထပ် နေဖို့က မဖြစ်နိုင်လေတော့ ကိုဖိုးသောင်းကို အပေါ် ရွှေ့ခိုင်းရသည် ။ သည်အတိုင်းမရ ။ ရွှေ့ပြောင်းခ ငါးရာပေးခဲ့ရသည် ဆို၏ ။ မီးစက် လင်မယားရောက်လာပြန်တော့လည်း ကိုဖိုးသောင်း အပေါ်ဆုံးကို ပြောင်းရပြန်၏ ။ ပြောင်းရွှေ့ခ ငါးရာ ။
“ နေပါဦး ၊ ကိုဖိုးသောင်းက ဘာဖြစ်လို့ အပေါ်ကို ပြောင်းပြောင်းပေးနေရတာလဲ ”
“ ဆရာနှယ် ၊ သူက တစ်ကိုယ်ရေသမားလေ ၊ ပြီးတော့ ယောက်ျားသားဆိုတော့ အပေါ် တက်ရပြုရ မခက်ဘူး ။ ကျန်တဲ့နှစ်စုက မိန်းမတွေ ပါတယ် ၊ ကလေးတွေ ရှိပါတယ်ဆိုတော့ အပေါ်တက်ဖို့ မလွယ်ဘူးလေ ၊ လှေကားရှိတာ မဟုတ်ဘူး ဆရာရဲ့ ၊ ကုပ်ဖက်တက်ကြရတာ”
သည်တော့မှ ကျွန်တော် သဘောပေါက်သည် ။ ဟုတ်သားပဲ ။ လှေကားရယ်လို့ မရှိ ။ ကင်းခြေတံရှည်ကြီးက ထောက်လေးထောက်ကို တက်သွားသည့် ငါးပတ်လည် တိုင်ကြီးလေးတိုင်မှာ တစ်ကန့်စာ တစ်ကန့်စာ ချုပ်တန်း ခေါ်သည့် ကြက်ခြေခက်တန်းကြီးတွေ ရိုက်ထားသည် ။ ပတ်ပတ်လည် ချုပ်တန်း ကြက်ခြေခတ်တန်းကြီးတွေက တက် ၊ ဆင်းတောလည်း ချုပ်တန်းတွေကပဲ ဆင်း ။ မိန်းမသားနှင့် ကလေးတွေ တက်ဖို့မလွယ် ။ ဒါတောင် မီးစက်ဆရာ၏ မယားက အလယ်ဆင့်အထိတော့ တက်ရသေးသည် ။ ချက်တော့ပြုတ်တော့ကော သည်သုံးစုမှာ တစ်ကိုယ်ရေတစ်ကာယ ဆရာ ကိုဖိုးသောင်းကတော့ ချက်ခြင်း ၊ ပြုတ်ခြင်း ကင်းသည် ။ သဲလင်မယားနှင့် မီးစက်လင်မယားကတော့ မြေပြင်မှာချက် ၊ မြေပြင်မှာပဲစား ။ ထင်းရယ် ဘာရယ်မဟုတ်ဘဲ အိမ်မိုးကပ်စဟောင်း ၊ ဝါးယောင်းခြောက်ဟောင်း ၊ ရေမျောထင်းကလေး ဘာလေးနှင့် တစ်နပ်စာကတော့ ပြီးသွားတာချည်း ။ တစ်ခါတစ်ရံ သဲဆရာကတော်နှင့် မီးစက်ဆရာကတော်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ချက်ကြတာလည်း ရှိလေသည် ။ တစ်ခါတစ်လေတော့ အပေါ်နှင့်အောက် အရင့်သီးဆုံးစကားလုံးများနှင့် ပစ်ပေါက်ကြသည်လည်း ရှိသည်ဆို၏ ။
“ ငါ့လင်က မီးစက်မောင်းတာဟဲ့ ၊ သဲထမ်းမစားရ ပြီးတာပဲ ၊ ညည်းတို့သာ ”
“ သဲထမ်းစားတော့ ဘာဖြစ်တုန်း ညည်းလို အပေါ်မတက် ပြီးတာပဲ ”
အပေါ်မတက်တာက ဘာလဲ ။ ထိုအခါ မှုးမှုးရူးရူး အိပ်နေသည့် အပေါ်က ကိုဖိုးသောင်းက မခံ ။
“ ဟေ့ ×× မတွေ ၊ ကိုယ့်ပြဿနာကိုယ်ရှင်း ၊ ဘယ်အပေါ်လဲ ၊ တော်ကြာ ငါပါ ပါနေရော့မယ် ဂန်း×မတွေ ”
တစ်ခါတစ်လေ မတည့်ကြတုန်း အောက်ထပ်က ကလေးငိုသံတွေ နားငြီးတယ် လုပ်ကြသလို ၊ ဆေးလိပ် ကတ်ကြေးသံ ချပ်ချပ်ကို နားမခံနိုင်ဘူး လုပ်ချင်လည်း လုပ်ကြသတဲ့ ။ သုံးအိမ်ထောင်စလုံး၏ တစ်ကိုယ်ရေ သန့်ရှင်းရေး ဝမ်းမီးဓာတ်စာဟောင်း ကိစ္စကတော့ ဧရာဝတီမြစ်ကို စစ်မှ ပေါ်လိမ့်မည် ။ ရေချိုးတော့ မြစ်ထဲ ။ တပိုတပါးသွားတော့ မြစ်ထဲ ။ ကလေးတွေကတော့ နေ့နေ့ညည မနီးမဝေးမှာ ဗြောင်ထိုင်ဝံ့ကြသူတွေ ။ သောက်ရေကတော့ တစ်အိုးစီ ရှိကြသည်ဆို၏ ။ မြစ်ရေတစ်အိုး ခပ်ထားလျှင် သောက်ပါလေ့ ။ အလယ်ထပ်က မီးစက်လင်မယားကလည်း ရေတစ်အိုးတော့ အလယ်ထပ်ရောက်အောင် တင်ရသည် ။
တစ်ခါတစ်လေ ခိုက်ရန်မရှိသည့် ငြိမ်းချမ်းရေး ကာလမှာတော့ ဟင်းခွက် အကူးအလူးလို ၊ ဟိုဟာလေး လှမ်းလိုက်ပါဦး ၊ သည်ဟာလေး ကမ်းလိုက်ပါဦးဆိုတာမျိုးလို သုံးအိမ်ထောင် စနစ်တစ်ခုနှင့် နေကြသည်လည်း ရှိလေ၏ ။
“ သူတို့အချင်းချင်း နေထိုင်မကောင်းရင်တော့လည်း တစ်လှည့်စီ ကုကြတာ စာရေးဆရာရဲ့ ၊ ဗမာဆေး ( မြန်မာဆေး )ပေါ့ ဆရာရယ် ၊ ဘယ် အင်္ဂလိပ်ဆေးခန်း သွားနိုင်ပါ့မလဲ ၊ ကိုဖိုးသောင်းက လူကသာ လူကြမ်း အောက်ဆုံးက သဲလင်မယားကလေးတွေ သူကုနေတာ ခင်ဗျ ”
ကလေးတွေ ဝမ်းတင်းဝမ်းတောင့်တော့ သနပ်ခါးမြစ် သွေးတိုက်သည် ။ သူငယ်နာ ထသည့်အခါ ကြွေစေ့မီးဖုတ်ပြီး သွေးတိုက်သည် ။ ဝမ်းကျစေလိုတော့ ပိုးဟပ်ချေး ကျွေးသည် ။ အပူရေငတ် အတက်ရေငတ် ဖြစ်တော့ ဇွန်းချေး ၊ လှေကားပေါင်ချေး ၊ ထုပ်လျှောက်စွန်းတွင် တင်သည့်ချေး ၊ ကြက်သွန်နီ ၊ နနွင်းခေါင်းကအစ ၊ ဆိတ်ဖူး ၊ လင်းနေ ၊ ခုံညင်းဆံကအစ ရှာဖွေပြီး လက်တစ်ကမ်း ဆေးပညာကို သုံးလေသည် ။ ကျန်တာ အကုန်ရှာလို့ ရနိုင်သော်လည်း လှေကားလက်ရန်းချေး( လှေကားလက်ကိုင်တန်းမှာ တင်သည့်ချေး) က ရှာဖို့ခက်သည် ။
“ ခက်သဟာ ၊ တို့ သုံးထပ်စလုံးမှာ လှေကားလက်ရန်းချေးတော့ ရှားသား ”
ကြက်ခြေခတ်တန်း တွယ်တက်ရသူတို့ လှေကားလက်ရန်းချေး ရဖို့ ခက်သည်ကော ။ ကိုဖိုးသောင်းဖျားတော့ သဲဆရာကတော်ရော မီးစက်ဆရာကတော်ပါ ဆရာဝန်တွေ ဖြစ်ကြသည် ။ ဆရာဝန်ကနှစ်ယောက် ၊ ရောဂါလက္ခဏာ ( symptom ) က တစ်မျိုးစီ ၊ ရောဂါစစ်တမ်း ( diagnosis ) က တစ်မျိုးစီ ။
တစ်ယောက်က မြစ်ဆိပ်မှာ နေပူခံရလွန်းလို့ အကြောင်းပြကာ နေဇာရွက်ဟင်းချက်ကျွေးဖို့ စီမံသလို ၊ တစ်ယောက်ကတော့ နေပူလွန်တာလောက်တော့ ထန်းလျက်နှင့် ကြက်သွန်နီရောစားရုံပါဟု ဆိုလေသည် ။ သွေးမတော် သားမစပ် ကိုဖိုးသောင်းကြီးကို နှိပ်နှယ်ပေးကြသော်လည်း မီးစက်ဆရာက သော်လည်းကောင်း ၊ သဲဆရာက သော်လည်းကောင်း ငြိုငြင်တာမျိုးမရှိ ။
ဤသို့အားဖြင့် အောက် အလယ် အထက် သုံးကန့်သော ကင်းခြေတံရှည်အိမ်၌ ပစိပညတ် နူတ်ဖြင့်သိစေခြင်း ၊ ဝစီပယောဂ နူတ်ဖြင့် လုံလပြုခြင်းတို့သည် အားကောင်းသည့်အခါ ရှိသလို မရှိသည့်အခါ၌ မီးပြင်းတိုက်သောအိုး၌ တည်သောရေပေါက်ကဲ့သို့ ခြောက်ခန်းကြသည်လည်း ရှိလေ၏ ။
ဤအိမ်သုံးကန့်၌ သုဘာသိတ ၊ အကျိုးစီးပွားနှင့် ယှဉ်သည့် ကောင်းမြတ်သောစကား ကြားခဲ၏ ။ပီယဝါစာ ချစ်ခင်နှစ်သက်ဖွယ် စကားနာရခဲ၏ ။ ဓမ္မဝါစာ တရားတော်နှင့် ညီညွတ်သော စကားကတော့ မရှိသလောက်ရှားလေသည် ။သစ္စဝါစာ ဖြောင့်မတ်သော စကားကတော့ ရှိချင်သည့်အခါ ရှိလေသည် ။
“ ဘုရားစင်ရယ်လို့ မရှိပေမယ့် ဖိုးသောင်းအကန့်မှာတော့ မြတ်စွာဘုရားပုံတော် ချိတ်ထားတာတော့ ရှိလေရဲ့ ။ ဒါပေမဲ့ နတ်စင်ကျတော့ သဲလင်မယားမှာရော မီးစက်မောင်း လင်မယားမှာပါ ရှိပြန်ရော ။ သဲလင်မယားက ယမားမြင်းဖြူရှင် ကိုးကွယ်ပြီး ၊ မီးစက်လင်မယားက အန္နီမြင်းဖြူရှင် ကိုးကွယ်ကြသည် ။ မြေစာတွေ ကညွတ်တွေနဲ့ နတ်စင်ကလေးတွေကတော့ မညှိုးဘူးဆရာ ”
လွှဆရာ ကိုမောင်မောင်က ပြောပြခြင်း ဖြစ်သည် ။
မည်သို့ပင်ဖြစ်စေ တောင်လေတိုက်ခတ်သော နွေဦး၌ဖြစ်စေ ၊ မြောက်လေတိုက်ခတ်သော ဆောင်းဦး၌ဖြစ်စေ ၊ မိုးမူန်တိုးပ စွေတက်သော မြစ်ရေတို့ ဗောင်းလံချိန်၌ဖြစ်စေ ၊ ကင်းခြေတံရှည်ပေါ်က သီချင်းသံ ၊ ကတ်ကြေးညှပ်သံ ၊ အပေါ်အောက် စကားတွေ ပြောကြသံတွေကတော့ ပြတ်သည်မရှိ ။
ဤကင်းခြေတံရှည်၌ ဘာသာတရားနှင့် သက်ဝင်ယုံကြည်မှု ရှိသည် ။ ချစ်ခြင်း ၊ မုန်းခြင်း ရှိသည် ။ အချင်းချင်း စောင့်ရှောက်သော တရားတို့လည်း ရှိသည် ။ ရေပုပ်တက် မျောဘဝတွေဆိုငြား ကင်းခြေတံရှည်ကလည်း ဘဝကို ထင်ဟပ်သော ချစ်ဖွယ်အိမ်ကလေး ဖြစ်သည် ။ မကောင်းမှုသည် ကင်းခြေတံရှည်ကြီးအောက်မှာ အရူးတစ်ယောက်လိုပဲ လှည့်နေသော်ငြား ကင်းခြေတံရှည်အိမ်ပေါ်က လူတွေကတော့ ယောင်လို့မှ ငုံ့ မကြည့်ကြသူတွေ ဖြစ်သည် ။
---
အိမ်ကလေး (၇) သို့ ဆက်ရန်။
#နေဝင်းမြင့်
#အိမ်ကလေး
#shared_by_louis_augustine


Comments
Post a Comment