လွမ်းဖူးတယ် ရှိအောင် လွမ်းကြည့်ရာ၀ယ် // အဏ္ဏဝါစိုးမိုး

လွမ်းဖူးတယ် ရှိအောင် လွမ်းကြည့်ရာ၀ယ် // အဏ္ဏဝါစိုးမိုး

(ရွှေအမြုတေ မဂ္ဂဇင်း ၊ မေ ၊၂၀၁၃)

---

အသည်း နှလုံးရှိသူတိုင်း လွမ်းတတ်ကြသည် ။ အချစ်နှင့် မကင်းသူတိုင်း လွမ်းဖူးကြသည် ။ ကျွန်တော့်မှာ အသည်းနှလုံးလည်းရှိသည် ။ အချစ်နှင့်လည်း မကင်းဖြစ်ဖူးသည် ။ အချစ်နှင့် မကင်းတာမှ ယခင်လည်း မကင်း ၊ ယခုလည်း မကင်းသေး ၊ နောင်လည်း မကင်း ဖြစ်နေဦးမည် ။ အို...မရှက် မကြောက် ပြောမည် ။ သေတော့မှသာ အချစ်နှင့် ကင်းမည်ဖြစ်သည် ။ ဒါပေမဲ့ ကျွန်တော် မလွမ်းဖူးသေး ဖြစ်နေသည် ။ သူများတွေလို အချစ်နှင့် ပတ်သက်ပြီး ၀တ္ထုထဲကလို လွမ်းကြည့်ချင်သည် ။

ကျွန်တော့်ဇနီး မဖြူတုတ်နှင့် အိမ်ထောင်သက် နှစ်ပေါင်းလေးဆယ် ကျော်ပါပြီ ။ သားသမီးတွေတောင် ဘွဲ့ရ အရွယ်တွေ ရောက်နေပါပြီ ။ မဖြူတုတ်နှင့် ပတ်သက်ပြီး တစ်ခါမျှ မလွမ်းခဲ့ရ၊ မဆွေးခဲ့ရလို့ နှလုံးသား ခြောက်ကပ်ကပ်ကြီး ဖြစ်နေသည် ။ မဖြူတုတ်ကြောင့်ဖြစ်ဖြစ် ၊ ဘယ်အမျိုးသမီး ကြောင့်ဖြစ်ဖြစ် တစ်ခါတလေ လွမ်းဖူးတယ် ရှိအောင် လွမ်းကြည့်ချင်သည် ။ အချစ် ဝေဒနာကြောင့် အသည်း ကွဲနေသူ အဖြစ်ဖြင့် မိုးကလေးညို့လာလျှင် လွမ်းကြည့်ချင်သည် ။ နွေရာသီမှာ ဥသြငှက်ကလေး မြည်လျှင် ဆွေးကြည့်ချင်သည် ။ ရွက်ဝါလေး ပြုတ်ကျ လွှင့်ပါသွားတာမြင်လျှင် ငိုကြည့်ချင်သည် ။

မဖြူတုတ်နှင့် ကျွန်တော် ဘ၀ခရီးဖော်ဖြစ်ရတာက ဇာတ်လမ်း အလွန် ရိုးစင်းသည် ။ မဖြူတုတ်ကို မမြင်ဖူးမီမှာ အမေက ကျွန်တော့်ကို ခေါ်ပြောသည် ။ 

“ နင့်ဆီကို စာရေးပြီး ဆက်သွယ်နေတဲ့ ကလေးမတွေနဲ့ နင်နဲ့ ဘယ်အခြေအနေ ရောက်နေလဲ ။ သူတို့အထဲမှာ နင်လက်ထပ် ယူဖို့ ရည်ရွယ်ထားသူ ရှိသလား ”

ဘယ်အခြေ အနေမှ မရောက် ၊ ရည်ရွယ်ထားသူ တစ်ယောက်မှ မရှိ။

“ ဒါဆိုရင် အဲဒါတွေနဲ့ အဆက်ဖြတ်လိုက် ၊ ငါ့မှာ နင့်အတွက် ရည်ရွယ်ထားသူ ရှိတယ် ”

ဖြတ်စရာ မလို ၊ သူတို့ ဟာသူတို့ အလိုလို ပြတ်သွားကြလိမ့်မယ်။

အမေက သူ ရည်ရွယ်ထားသူ မဖြူတုတ်အကြောင်း ပြောပြသည် ။ ကျွန်တော့် အမေနှင့် မဖြူတုတ်၏ အမေသည် ညီအစ်မ တစ်၀မ်းကွဲဖြစ်လို့ မဖြူတုတ်နှင့် ကျွန်တော်သည် မောင်နှမ နှစ်၀မ်းကွဲ ဖြစ်နေသည် ။ မဖြူတုတ်၏ အဘွားနှင့် ကျွန်တော့် အဘွားသည် ညီအစ်မအရင်း ဖြစ်သည် ။ အမေ ရည်ရွယ်ထားသည့် နှမ၀မ်းကွဲ မဖြူတုတ်ကို လက်ထပ် ယူရမည် ဖြစ်လို့ ရည်းစားစာလည်း ရေးစရာ မလို ၊ ရည်းစားစကားလည်း လိုက်ပြောစရာ မလို ဖြစ်သွားသည် ။ အဲဒီတော့ မိုးပဲ ညိုညို ၊ နွေဥသြပဲ ငိုငို ၊ ရွက်ဝါ ကြွေလို့မက အပင်ပါ လဲကျသွားလည်း လွမ်းစရာမလို ဖြစ်ခဲ့ရသည် ။ လူပျို ဘ၀မှာ ရည်းစားပူမိပြီး မလွမ်းဖူး ၊ မဆွေးဖူးခဲ့ရလို့ ဘ၀အတွေ့အကြုံ မပြည့်စုံသလိုဖြစ်ပြီး ဘ၀မှာ ဟာတာတာ ကြီးဖြစ်နေသည် ။ သူများတွေ လွမ်းသလို လွမ်းဖူးတယ်ရှိအောင် တစ်ခါတလေ လွမ်းကြည့် ချင်သည် ။

ယခုနှစ် စာဆိုတော် ရာသီမှာ မြစ်၀ကျွန်း ပေါ်မြို့တစ်မြို့က ကျွန်တော့်ကို စာပေဟောပြောပွဲဖိတ်သည် ။ ကျွန်တော် ၀မ်းသာ ရင်ခုန်သွားသည် ။ အဲဒီမြို့မှာ ကျွန်တော် နှလုံးသားဇာတ်လမ်းရှိခဲ့ဖူးသည် ။ ကျွန်တော် လူပျိုဘ၀တုန်းက ကျွန်တော့်အတွက် စာတိုက်ကလာတဲ့ စာတွေအားလုံးကို အမေက ဖောက်ဖတ်တာမှာ အဲဒီမြို့က အပျို မဗေဒါဆီက စာတစ်စောင် အမြဲပါသည် ။ မဗေဒါ ဆိုတာ နာမည်ရင်း မဟုတ်ပါ ။ ကျွန်တော် ပေးခဲ့သည့် နာမည်ဖြစ်သည် ။

မဗေဒါ တို့မြို့သည် ချောင်းကမ်းနဖူးတွင် တည်ဆောက်ထားသောမြို့ဖြစ်သည် ။ အဲဒီချောင်းက ဒီရေ အတက်အကျမှာ ဗေဒါပင်တွေ အုပ်ဖွဲ့ မျောပါလာလေ့ရှိသည် ။ ကျွန်တော်က ဗေဒါပင်နှင့်ဗေဒါပန်းကိုချစ်လို့ သူ့ကိုလည်း မဗေဒါလို့ နာမည်ပေးခဲ့တာဖြစ်သည် ။ သူကလည်း အဲဒီနာမည်ကို သဘောကျသည် ။ ကျွန်တော်က ပေးသည့် နာမည်ဖြစ်လို့ နှစ်သက်မြတ်နိုးစွာ လက်ခံခဲ့သည် ။ ကျွန်တော်နှင့် စကားပြောလျှင် အဲဒီ နာမည်နဲ့ပဲ ပြောသည် ။

“ အစ်ကိုတို့ ရေတပ်သင်္ဘော ရန်ကုန်ကို ပြန်သွားရင် မဗေဒါ အစ်ကို့ကို လွမ်းကျန်ရစ်တော့မယ် အစ်ကိုရယ် ၊မဗေဒါဆီကို အစ်ကို ပြန်လာခဲ့ပါနော်...အစ်ကို နော်...”

“ ပြန်လာမှာပေါ့ မဗေဒါရယ်...အစ်ကိုလည်း မဗေဒါကို လွမ်းနေမှာပါကွယ် ”

ကျွန်တော် သင်္ဘောသား မဖြစ်မီ ရေတပ်သား ဘ၀မှာ အဲဒီမြို့သူ မဗေဒါနှင့် အဲဒီလို ဇာတ်လမ်းရှိခဲ့ဖူးသည် ။ ယခုတော့ စာရေးဆရာ ဘဝဖြင့် စာပေဟော ပြောရန် မဗေဒါရှိရာ အဲဒီမြို့ကို သွားရတော့မည် ။ မဗေဒါ ဘ၀ ဘာတွေဖြစ်နေသည် မသိ ၊ ခွဲခွာလို့ ကွဲကွာခဲ့ကြတာ နှစ်ပေါင်း လေးဆယ်ကျော်ပြီဆိုတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်နေရော့မည် ။ လင် သားရလို့ သားသမီးအိမ်ထောင်သည်တွေပင် ရှိရော့မည် ။ ကျွန်တော် မဖြူတုတ်နှင့် လက်ထပ်ပြီးသည်အထိ မဗေဒါဆီက စာတွေကို ရနေခဲ့သေးသည် ။ မဗေဒါ စာထဲမှာ အမြဲပါသည့် စာတစ်ကြောင်းရှိသည် ။

“ ရွာချောင်း ရေမှာ ဗေဒါပန်းက လန်းလျက်ပါ အစ်ကို... ” မြို့အစွန်မှာရှိသည့် သူတို့ရွာဘေးက ချောင်းကလေးမှာ ဗေဒါပန်းတွေ စုန်ဆန်မျောနေဆဲပါ အစ်ကိုလို့ ပြောတယ် ဆိုလျှင် မှန်ပါသည် ။ သို့သော် ပြည့်စုံစွာ မှန်ကန်မှု မရှိပါ ။ မဗေဒါသည် နိမိတ်ပုံဖြင့် သူ့ဘ၀ကို တင်စားလိုက်တာဖြစ်သည် ။ မဗေဒါဟာ အပျိုစင်ဘဝဖြင့် အစ်ကို့ကို စောင့်မျှော်နေဆဲပါလို့ ပြောလိုတာဖြစ်မည် ။ ကျွန်တော်တို့ချင်းသာ သိသည့် ဥပမာ ဖြစ်သည် ။

နှစ်ပေါင်း လေးဆယ်ကျော် ကြာပြီးနောက် စာရေးဆရာ ဘဝဖြင့် မဗေဒါရှိရာမြို့ကို သွားရတော့မည် ဆိုသည့်အခါ ရင်ခုန်သွားသည် ။ အဲဒီမြို့ကို ရောက်လို့ မဗေဒါနှင့် တွေ့လျှင် ၀တ္ထုတွေထဲကလို လွမ်းကြည့်မည်ဟု ရည်ရွယ်သည် ။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ လေသံဖြင့်( ညီမလေး လို့ပဲ ဆက်၍ ခေါ်မည် မဗေဒါ ) ဟူ၍လည်းကောင်း ၊ ဆရာ ဗန်းမော်တင်အောင်၏ လေသံဖြင့် ( ချစ်ပါလျက် မဆုံစည်း နိုင်တော့ကာပဲရယ်နဲ့) ဟူ၍လည်းကောင်း ရုပ်ရှင်သရုပ်ဆောင် ဦးမြတ်လေး၏ အမူအရာဖြင့် လွမ်းပစ်လိုက်မည်ဟု ရည်ရွယ်သည် ။ မဗေဒါကို ချစ်ပါလျက်နဲ့ ကံကြမ္မာ၏ လှည့်စားမှု ခံလိုက်ရလို့ အမေပေးစားသည့် မဖြူတုတ်ကို လက်ထပ်ယူလိုက်ရသည့် အပြောမျိုးတွေ ပြောပြီး လွမ်းပြလိုက် မည်ဟု ရည်ရွယ်သည် ။

ခရီးထွက် ရမည့်နေ့ နံနက်မှာ မဖြူတုတ်က လိုအပ်မည် ထင်သည့် ခရီးဆောင် ပစ္စည်းတွေနှင့်အတူ လိုလိုမည်မည် ခရီးဆောင်ပိုက်ဆံ ငါးသောင်း ထည့်ပေးသည် ။

“ စာပေဟောပြောပွဲသွားတာ ပိုက်ဆံများများ ယူသွားစရာမလိုဘူး ။ စာပေဟောပြောပွဲ ဖိတ်သူတွေရဲ့ စရိတ်နဲ့သွားရတာ ။ စာပေဟောပြောပွဲ ပြီးရင် ဒေသခံတွေက ပိုက်ဆံနှင့် လက်ဆောင်တွေ ပေးကြဦးမယ် ။ ရတာတွေကို အလျော့အပေါ့ မရှိအောင် သယ်ယူပြီး ပြန်လာခဲ့ ”

မဖြူတုတ်၏ တစ်ချက်လွတ် အမိန့်ဖြစ်သည် ။ သူ ပြောပုံ အရဆိုလျှင် ဒေသခံတွေပေးသည့် လက်ဆောင် ပစ္စည်းတွေနှင့် ပိုက်ဆံအပြင် အိမ်ကယူသွားသည့် ပိုက်ဆံ ငါးသောင်းပါ အလျော့ အပေါ့ မရှိစေဘဲ ပြန်ပါလာရမည်ဆိုသည့် သဘော ဖြစ်နေသည် ။ 

နံနက် ၇ နာရီမှာ လှိုင်သာယာဂိတ်က ထွက်သည့် အဝေးပြေးကားကြီးဖြင့် ခရီးထွက်ကြသည် ။ မဗေဒါတို့မြို့ကို ရောက်လျှင် စာပေအတူ ဟောကြရမည့်ဆရာတွေကတော့ စာပေဟောပြောပွဲ သွားရိုးသွားစဉ် အတိုင်းပင် တည်ငြိမ် အေးဆေးစွာ လိုက်ပါလာကြသည် ။ ကျွန်တော်သာ ဂနာမငြိမ် ဖြစ်နေသည် ။ မဗေဒါတို့မြို့ကိုရောက်လျှင် မဗေဒါနှင့် ပြန်တွေ့ရတော့မည်ဆိုသည့်အတွေးဖြင့် ဂနာမငြိမ် ဖြစ်နေသည် ။ မဗေဒါနှင့် ပြန်တွေ့လျှင် ဘိုဘိုဟန် သီချင်းထဲကလို ( ဘိုင်စကုတ် ထဲကလို ချစ်ကြ မယ်ဟေ့ ) လုပ်လို့တော့ မရပြီ ။ ၀တ္ထုတွေထဲကလို ( မုန်းရစ်တော့ သက်လယ် ၊ လွမ်းရစ်တော့ အချစ်ရယ် ) အိုက်တင်မျိုးဖြင့် လွမ်းပြလိုက်မည်ဆိုသည့် အတွေးဖြင့် ရင်ခုန်နေသည် ။

မဗေဒါတို့ မြို့ကို ညနေစောင်း ၃ နာရီလောက်မှာ ရောက်သွားကြပါသည် ။ မြို့လယ်ကောင် တစ်နေရာက စာပေကော်မတီ၀င် ပုဂ္ဂိုလ်တစ်ဦးပိုင်အိမ်ကြီး တစ်အိမ်၏ အပေါ်ထပ်မှာ နေရာချထားပေးခြင်း ခံရသည် ။ ယနေ့ညပင် စာပေဟောပြော ကြရမည် ဖြစ်သည် ။ မနက်ဖြန် နံနက် စောစောမှာ အဆာပြေစားပြီးတာနှင့် ပြန်ကြရမည်ဖြစ်သည် ။ ဒီအစီအစဉ် အတိုင်းဆိုလျှင် မဗေဒါကိုတွေ့ပြီး လွမ်းဖို့ကိစ္စ အချိန်မရ ဖြစ်နေသည် ။ ယနေ့ ညနေမှာ အချိန်ရသေးသည် ။ မဗေဒါတို့အိမ်ရှိရာ မြို့အစွန်က သင်္ဘောဆိပ်ကို သွားမည်ဟု ဆုံးဖြတ်လိုက်သည် ။

မဗေဒါတို့မြို့၏ အခြေအနေနှင့် ပုံသဏ္ဌာန်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ လောက်ကနဲ့ မတူတော့ဘဲ အများကြီး ပြောင်းလဲနေသည် ။ မြို့စျေး လမ်းကနေ တောင်ဘက်ကို လျှောက်သွားပါက ဧရာ၀တီ သင်္ဘောတွေနှင့် ရေတပ်သင်္ဘောတွေ ဆိုက်ကပ်သည့် သင်္ဘောဆိပ်ကို ရောက်သည် ။ သင်္ဘောဆိပ်အလွန်က ရုပ်ပွားတော် တစ်ဆူရှိသည့် ဘုရားတန်ဆောင်းနှင့် မျက်နှာချင်းဆိုင် အိမ်သည် မဗေဒါ တို့အိမ်ဖြစ်သည်ဆိုတာကို မှတ်မိနေသည် ။ လမ်းလျှောက်ဟန်ဆောင်ပြီး တစ်ယောက်တည်းသွားမည်ဟု ဆုံးဖြတ်လိုက်သည် ။

“ ဆရာတို့ အနားယူကြဦး ၊ ကျွန်တော် လမ်းလျှောက်ရင်း မိတ်ဟောင်း ဆွေဟောင်းတွေကို သွားတွေ့နှုတ်ဆက်လိုက်ဦးမယ် ”

“ ဒီမြို့မှာ ဘယ်တုန်းက မိတ်ဟောင်း ဆွေဟောင်း ရှိနေပြန်တာလဲ ”

“ သင်္ဘောသားမဖြစ်မီ ရေတပ်သား ဘ၀တုန်းကပေါ့ ဆရာရယ် ၊ မြစ်၀ကျွန်းပေါ်တစ်ဝိုက်က မြို့တွေ ရွာတွေမှာ မေတ္တာ ခလုတ်တိုက်ခဲ့တာလေးတွေက နေရာအနှံ့မှာ ရှိခဲ့တယ်လေ ”

“ သွား သွား ၊ ကျန်းကျန်းမာမာ ပြန်လာနိုင်ပါစေ”

“ ပိုင်ပါတယ် ဆရာရယ် ”

နှစ်ပေါင်း လေးဆယ်ကျော်ဆိုသည့် ကာလယန္တရားသည် ဒီမြို့က လမ်းတွေ ၊ သစ်ပင်တွေနှင့် အဆောက်အအုံတွေ၏ ပုံသဏ္ဌာန်တွေကို အများကြီးပြောင်းလဲစေခဲ့ပြီပဲလို့ သတိထားလိုက်မိသည် ။ ဒီမြို့က ရုပ်၀တ္ထုတွေ အများအပြား ပုံသဏ္ဌာန် ပြောင်းလဲခဲ့ ပြီဆိုတော့ ဒီမြို့က မဗေဒါ၏ ရုပ်ရည်ရူပါ အသွင်သဏ္ဌာန်သာမက ဘ၀ပါ ပြောင်းလဲနေပေရော့မည်ဟု တွေးမိပါသည် ။ မဗေဒါတို့အိမ်နောက်က ချောင်းကမ်းနားဘေးက ကုက္ကိုပင်ကြီး ရှိသေးသလား ၊ ရေတိုက်စားလို့ လဲကျသွားပြီလား ၊ ရှိနေသေးတယ်ဆိုလျှင် လွမ်းလို့ သိပ်ကောင်းမည် ။ မဗေဒါနှင့် ကျွန်တော်တို့ ကုက္ကိုပင်ကြီးရဲ့ အရိပ်မှာ အတူထိုင်ပြီး ချောင်းထဲမှာ စုန်ဆန်မျောနေကြသည့် ဗေဒါပင်လေးတွေကို ကြည့်နေခဲ့ဖူးသည်လေ ။

“ ဗေဒါပင် စိမ်းစိုစိုတွေနဲ့ ဗေဒါပန်း ခရမ်းရောင်လေးတွေက လှလိုက်တာ မဗေဒါရယ် ၊ မဗေဒါနဲ့ အလှချင်း ပြိုင်ချင်လို့ အစ်ကို့ရှေ့မှာ စုန်ဆန်လုပ်ပြနေရ ကြသလားလို့ အစ်ကို ထင်မိတယ် ၊ အစ်ကို့အဖို့တော့လေ ဟောဒီက မဗေဒါရဲ့ အလှကို ဘယ်ပန်းနဲ့ ဘယ်မိန်းမ မှ ပြိုင်လို့ မနိုင်ဘူးလို့ ထင်တယ် ”

“ အစ်ကိုဟာလေ အရမ်း စကားတတ်တာပဲ ”

မဗေဒါက ရယ်ရယ်ပြုံးပြုံးပြောပြီး လက်သီးဆုပ်ကလေးဖြင့် ကျွန်တော့် ပခုံးကို ခပ်ဖွဖွထုသည် ။ ပြီးတော့ ကျွန်တော့် ပခုံးမှာ ဦးခေါင်းမှီပြီး ကျွန်တော့် မျက်နှာကို မော့ကြည့်နေသည် ။ ချစ်တယ် အစ်ကိုရယ်...၊ ဘ၀ ကြင်ဖော်အဖြစ် လက်တွဲ လျှောက်ကြရအောင်နော် အစ်ကိုလို့ စိတ်ထဲက ပြောနေ သယောင် ရှိတော့သည် ။ အဲဒီတော့ ကျွန်တော်က မဗေဒါ၏ အချိုးအဆစ် ပြေပြစ်သည့် ကိုယ်လုံးကို ဆွဲယူပြီး ခပ်တင်းတင်းလေး ဖက်ထား လိုက်သည် ။ အဲဒီတော့ မဗေဒါ၏ တစ်ကိုယ်လုံးသည် ကျွန်တော့် ရင်ခွင်ထဲကို ရောက်လာပြီး ကျွန်တော့် ရင်ဘတ်မှာ မျက်နှာအပ်ထားသည် ။ ကျွန်တော့်ကို လက်နှစ်ဖက်ဖြင့် အားပါး တရဖက်ထားသည် ။ သင်းသင်းလေး မွှေးနေသည့် မဗေဒါ၏ ဆံပင်လေးတွေကို ကျွန်တော်က ပွတ်သပ်ပေးနေမိသည် ။ အဲဒါဟာ ကျွန်တော်ရေတပ်သား ဘ၀ ဟိုလွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော်က ဖြစ်သည် ။

ဧရာ၀တီ သင်္ဘောဆိပ်ကို ရောက်ပြီ ။ ရှေ့ကို နည်းနည်း ဆက်လျှောက်လိုက်လျှင် မဗေဒါ တို့ရပ်ကွက်ကို ရောက်ပြီဖြစ်သည် ။ သင်္ဘောဆိပ်တဝိုက်ကတော့ အစိုးရပိုင် နယ်မြေဖြစ်လို့ အပြောင်းအလဲ သိပ်မရှိတာကို သတိထားမိသည် ။ သင်္ဘော ဆိပ်ရုံးနှင့် ကုန်ပစ္စည်း သိုလှောင်ရုံတွေ အသစ်ဆောက်ထားတာ တွေ့ရသည် ။ ကျန်တာ ဘာမျှ ကြီးကြီးမားမား အပြောင်းအလဲ မရှိသည့်အတွက် မဗေဒါတို့အိမ်ကို မှတ်မိနိုင်သည် ။ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်ဘုရားကြီး တန်ဆောင်းကိုတွေ့လိုက်သည်နှင့် မဗေဒါတို့အိမ်ကို တွေ့ပါတော့သည် ။ ဘာမျှ ထူးထူးခြားခြား မပြောင်းလဲသေးပါ ။ ဟိုတုန်းက အတိုင်းပင် သစ်သား အိမ်ပြားပြား နိမ့်နိမ့်ပဲရှိသေးသည် ။ ထူးခြားပြောင်းလဲနေတာကတော့ ဟိုတုန်းကလို မိသားစုမများဘဲ လူမရှိသလောက် နည်းနေတာကို သတိထားမိသည် ။

ဟိုတုန်းကဆိုလျှင် မဗေဒါတို့အိမ်မှာ မိသားစုရှစ်ယောက်လောက် ရှိသည် ။ မဗေဒါတို့ညီအစ်မအပျိုတွေချည်း ငါးယောက်ရှိသည် ။ မောင်အငယ်ကောင်လေး ရှိသည် ။ ကျွန်တော် သူတို့အိမ်ကို လာပြီဆိုလျှင် မိသားစု တွေပျော်နေ ကြသည် ။ အငယ်တွေက ကျွန်တော့် အနီးမှာ လာထိုင်ကြသည် ။ မုန့်ဖိုး တစ်ကျပ်စီပေးလိုက်လျှင် ၀မ်းသာ ပြီးမုန့်၀ယ် စားဖို့ ပြေးသွားကြတော့သည် ။ ကျွန်တော်၏ ရေတပ်သား လစာ ၁၂၀ ကျပ်သာရသော ခေတ်ဖြစ်သည် ။

ကျွန်တော် အိမ်ခြံထဲကို မဝံ့မရဲ၀င်သွားသည် ။ အာဟာရချို့တဲ့ပြီး ပိန်နေလို့ သတ္တိပင်မရှိသည့် ခွေးအိုတစ်ကောင်က အသံတိုးတိုးဖြင့် ၀တ်ကျေ တမ်းကျေ ဟောင်သည် ။ ကျွန်တော်က မကြောက်သည့်ဟန်ဖြင့် အိမ်အနီးသို့ ချဉ်းကပ် လာသည့်အခါ ခွေးအိုကြီးသည် သူ့နေရာအိပ်နေရာက ထပြီး အိမ်နောက်ဘက်ကို ၀င်သွားတာ မြင်လိုက်ရသည် ။ ခွေးဟောင်သံကြားတော့ အိမ်ထဲက အမျိုးသမီး တစ်ယောက် ထွက်လာသည် ။

အိမ်ထဲကထွက်လာပြီး ကျွန်တော့်ကိုတွေ့သည့် အမျိုးသမီးသည် ကျွန်တော့်ကို မြင်လိုက်တော့ အံ့သြသလို ၊ ၀မ်းသာသလို အမူအရာဖြစ်သွားတာကို သတိထားလိုက်မိသည် ။ မဝံ့မရဲ မေးသည် ။

“ ဘယ်သူနဲ့ တွေ့ချင်လို့ ပါလဲရှင် ”

“ ....နဲ့ တွေ့ချင်လို့ပါ ”

ကျွန်တော်က မဗေဒါ၏ နာမည်ရင်းကို ပြောလိုက်သည် ။ မဗေဒါနဲ့ တွေ့ချင်ပါတယ်လို့ ပြောပြီးတာတောင် အိမ်ရှင်အမျိုးသမီးသည် ကျွန်တော့်ကို အိမ်ပေါ်တက်ခွင့်ပြုရမည်ကို အားနာနေသလိုလို ၊ စိုးရိမ်နေသလိုလို အမူအရာပြနေသည် ။ ကျွန်တော်က ကျွန်တော်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပြောပြပြီး မဗေဒါကို တွေ့ခွင့်တောင်းသည် ။

“ ကျွန်တော် စာရေးဆရာ အဏ္ဏဝါစိုးမိုးပါ ။ ဒီည ဒီမြို့မှာ စာပေဟောပြောဖို့လာတာပါ ။ ... ရဲ့ မိတ်ဆွေ ဟောင်းပါ ”

“ အန်ကယ့်ကို စာရေးဆရာဆိုတာ မြင်လိုက်တာနဲ့သိတယ် ။ စျေးရှေ့က ပိတောက်ပင်မှာ အန်ကယ်တို့ ဓာတ်ပုံတွေနဲ့ စာပေ ဟောပြောပွဲကြော်ငြာ ကပ်ထားတာတွေ့ပါတယ် ။ မမကြီးက ကျန်းမာရေး မကောင်းဘူး ၊ အိပ်ရာထဲ လဲနေတာ တစ်နှစ်လောက်ရှိပြီ ”

“ သြော်... ”

ကျွန်တော် စိတ်မကောင်း ဖြစ်သွားသည် ။ ကျန်းမာရေး မကောင်းသည့် မဗေဒါကို မတွေ့ဘဲ လှည့်ပြန်သွားမလား ၊ တွေ့ပြီး အားပေးစကား ပြောမလား ၊ အိပ်ရာထဲမှာလဲနေတာ တစ်နှစ်လောက်ရှိပြီဆိုတော့ လေ ဖြတ်နေတာ ဖြစ်နိုင်သည် ။ ဘာပဲဖြစ်ဖြစ် မဗေဒါကို ကျွန်တော်တွေ့ပြီး နှုတ်ဆက်သင့်သည်လို့ ဆုံးဖြတ်လိုက်သည် ။

“ ကျွန်တော် တွေ့ချင် တယ်ဗျာ ၊ တွေ့ပါရစေ ”

အိမ်ရှင် အမျိုးသမီးသည် ကျွန်တော့်ကို အားနာပါးနာ လက်ခံကြိုဆိုသည် ။ အိမ်ဦးခန်းမှာ ဖျာချောခင်းပေးပြီး ထိုင်စေသည် ။ ကျန်းမာရေး မကောင်းသည့် မဗေဒါ အခန်းထဲကို ဧည့်သည်၀င်လျှင် မမြင်သင့် ၊ မတွေ့သင့်တာတွေကို မမြင်မတွေ့နိုင်အောင် အပြေးအလွှားသွားရောက် ရှင်းလင်းပြီး ကျွန်တော့်အနီးမှာ လာပြန်ထိုင်သည် ။

“ ဒီက ညီမက ဘယ်သူ လဲ ၊ ...နဲ့ ဘာတော်လဲ ”

“ ကျွန်မက ကို...ရဲ့ဇနီး ပါ ”    

မဗေဒါမှာ မောင် အငယ်တစ်ယောက်သာ ရှိသည် ။ ကျွန်တော် ဒီအိမ်ကို ၀င်ထွက်သွားလာနေစဉ်က အဲဒီကောင်လေးဟာ ၅ နှစ်မပြည့်သေးလို့ ကျောင်းမအပ်ရသေးတာကို မှတ်မိသေးသည် ။ အခုတော့ သူ့ဇနီးတောင် အသက် ၃၀ ကျော် အရွယ်ဖြစ်နေသည် ။ ဒီအမျိုး သမီးသည် မဗေဒါ၏ယောက်မဖြစ်သည် ။ မဗေဒါကို သူ့ခင်ပွန်းခေါ်သလို မမကြီးလို့ ခေါ်တာဖြစ်မည် ။ သူ ပြောပြလို့ သူတို့ မိသားစုအကြောင်း သိရသည် ။

မဗေဒါ၏ အဖေနှင့် အမေတို့ ကွယ်လွန်ခဲ့ကြပြီ ။ မဗေဒါ၏ အောက်က ညီမတွေ အိမ်ထောင်အသီးသီးကျပြီး တစ်ရပ်တစ်ကျေးမှာနေကြသည် ။ ဒီအိမ်မှာ အငယ်ကောင်၏ မိသားစုသာ လူမမာ မဗေဒါကို ပြုစုစောင့် ရှောက်ပြီးနေကြသည် ။ သူ့ ခင်ပွန်းက ဒီမြို့နှင့်ရန်ကုန်ကို ပြေးဆွဲသည့် မော်တော်တစ်စင်း မှာ အလုပ်လုပ်သည့်အတွက် မော်တော်ဖြင့် ခရီးထွက်နေသည်ဟု ပြောသည် ။ မဗေဒါ၏ အကြောင်းကို တိုးတိုး မေးကြည့်သည် ။

“ ...က အိမ်ထောင် မကျဘူးလား ”

“ မကျဘူး ၊ အပျိုကြီး ။ သူ့ကို ကြိုက်တဲ့သူတွေ ရှိခဲ့တယ်လို့ ပြောတယ် ။ သူက လက်မခံဘူး ။ သူ့ရည်းစား ရေတပ်သား မောင်စိုးဆိုတဲ့ လူကို စောင့်ရင်း အပျိုကြီး ဖြစ်သွားတာ ”

ဟာ ဒုက္ခပဲလို့ သတိရလိုက်သည် ။ မဗေဒါ အပျိုကြီး ဖြစ်ရတာ ၊ အိပ်ရာထဲလဲပြီး လူမမာဖြစ်ရတာ ကျွန်တော့် ပယောဂ မကင်းဖြစ် နေရောသလားလို့ တွေးမိပြီး စိတ်ထိခိုက်သွားသည် ။ ၀တ္ထုတွေထဲကလို စိတ်ကူးယဉ် လွမ်းဖူးတယ်ရှိအောင် ဟန်ဆောင်ပန်ဆောင်လုပ်ကြည့်တာ တကယ့် ပြဿနာနဲ့ လာတိုးနေတော့သည် ။ မဗေဒါ ကို သနားသွားသည် ။ မဗေဒါကို တွေ့ချင်သည် ။ ပွေ့ဖက်ပြီးချော့ချင်သည် ။

“ ကျွန်တော် တွေ့ချင်တယ်ဗျာ ၊ နှုတ်ဆက်ချင်တယ်”

“ ဘယ်သူနဲ့မှ စကားမပြောတာ ကြာပြီ ၊ မျက်စိမှိတ်ပြီး အမြဲမှိန်းနေတယ် ။ အိပ်နေတာလည်း ဖြစ်နိုင်တယ် ။ တစ်ခါတလေ သတိလစ်နေသလားလို့ ထင်ရတယ် ”

“ သြော်...၊ မစား မသောက်ဘူးလား ၊ ဆီး၀မ်း ဘယ်လိုလဲ ”

“ အားဖြည့် အာဟာရမှုန့်ကို ဖျော်တိုက်တယ် ။ ဇွန်းနဲ့တိုက်ပေးရတယ် ။ ဆီး၀မ်းကတော့ အိပ်ရာထဲမှာပဲ ထွက်ကျရင် သန့်ရှင်းရေးလုပ်ပေး နေရတယ် ”

သြော်...မဗေဒါရယ်လို့ ကျွန်တော် စိတ်ထဲက ကရုဏာဖြစ်လိုက်မိပါသည် ။ မဗေဒါကို ကျွန်တော် တွေ့မှဖြစ်မည် ။ တွေ့ပြီး အားပေး စကားပြောမည် ။ အခြေအနေပေးပါက ဆေးဝါးကုသပေးမည်ဟု ဆုံးဖြတ်လိုက်သည် ။ ကျွန်တော် ထိုင်ရာက ထပြီး မဗေဒါရှိမည်လို့ ထင်ရသည့် အိပ်ခန်းဘက်ကို သွားမည့် ဟန်ပြင်လိုက်သည့်အခါ အမျိုးသမီးက ရှေ့က အလျင်သွားသည် ။ အိပ်ခန်း တံခါးကို ဖွင့်ပေးသည် ။ အလင်းရောင်ရအောင် ခေါင်းရင်းကပြတင်းပေါက်ကိုဖွင့်ပေးသည် ။ နှစ်ပေါင်းများစွာ မဖွင့်ဘဲထားဟန် တူသည့် ပြတင်းပေါက်သည် ဖွင့်သည့်အခါ သံချေးတက်နေသည့် ပတ္တာတွေ ကျပ်နေတာ သတိထားမိသည် ။

အိပ်ခန်းထဲ ၀င်လိုက်သည့်အခါ အိပ်ခန်း၏လက်ဝဲဘက် နံရံနှင့် ကပ်လျက် ခင်းထားသည့် မွေ့ရာ ညစ်ထေးထေးပေါ်မှာ တစောင်းလဲလျောင်းနေသည့် လူမမာ အမျိုးသမီးကို တွေ့လိုက်ရပါသည် ။ ဖြူဖျော့ပြီး အရိုး နှင့် အရေသာ ရှိတော့အောင် ပိန်လှီနေသည့် လူမမာ၏ မျက်နှာကို ကြည့်လိုက်သောအခါ မဗေဒါပါ ။ သူ့ အသက် ၁၈ နှစ်အရွယ်က စိုစိုပြည်ပြည် ၊ ပြည့်ပြည့်ဖောင်းဖောင်း ၊ ချစ်စရာကောင်းအောင်လှခဲ့သည့် ကျွန်တော့် ချစ်သူ မဗေဒါပါ ။

မဗေဒါနှင့် အနီးဆုံးနေရာမှာ ကျွန်တော်ထိုင်ချလိုက်ပါသည် ။ သူ နိုးလာလို့ မျက်စိဖွင့်ကြည့်လျှင် မြင်နိုင်စေရန် အလင်းရောင် အများဆုံးရသည့် ပြတင်းပေါက်ကို မျက်နှာ မူပေးထားလိုက်သည် ။ မဗေဒါ၏ ကိုယ်ပေါ်မှလျှောကျပြီး မွေ့ရာညစ်ထေးထေးပေါ်မှာ ငြိမ်သက်စွာ ကျနေသည့် ဘယ်ဘက် လက်ချောင်းတွေကို ကျွန်တော်က အသာဆွဲ ယူဆုပ်နယ်ပေးလိုက်ပါသည် ။ မဗေဒါသည် အိပ်ပျော်နေတာ မဟုတ် ၊ သတိလစ်နေတာ မဟုတ် မှိန်းနေတာ ဖြစ်သည် ။ သူ ဖြတ်သန်းခဲ့သည့် နှစ်ပေါင်း ၆၀ ကာလ၏ အတိတ် ၊ ပစ္စုပ္ပန် နှင့် အနာဂတ် ကာလတွေကို စိတ်ဖြင့် လျှောက်သွားနေတာလည်း ဖြစ်နိုင်သည် ။ ကျွန်တော်က မဗေဒါကို ခေါ်ပြီး နှိုးကြည့်သည် ။

“ မဗေဒါ... မဗေဒါ... မျက်စိဖွင့် ကြည့်ပါဦး ၊ အစ်ကိုလေ...အစ်ကိုစိုးလေ... မဗေဒါကို တွေ့ချင်လို့ လာတယ် ၊ မျက်စိဖွင့်ကြည့်ပါဦး ”

မဗေဒါသည် မျက်စိမဖွင့်သေးသော်လည်း ကျွန်တော် ကိုင်ထားသည့် လက်ချောင်း ပိန်ပိန်လေးတွေက ကျွန်တော်ပြောတာကို သူ ကြားတယ် ဆိုသည့် သင်္ကေတဖြင့် အချက်ပြသည်ဟု ယူဆရသည် ။ သူ့မှာရှိသမျှ ခွန်အားဖြင့် ကျွန်တော့် လက်ကို ပြန်ညှစ်သည် ။ ကျွန်တော် ၀မ်းသာသွားသည် ။

“ မဗေဒါ ၊ မဗေဒါ ၊ အစ်ကိုလေ ၊ အစ်ကို စိုးလေ မဗေဒါကို တွေ့ချင်လို့လာတယ် ၊ မျက်စိဖွင့် ကြည့်ပါဦး ”

မဗေဒါ၏ လက်ချောင်းတွေက ကျွန်တော့် လက်ကို ဖွဖွညှစ်နေလျက်မှ ရှိသမျှခွန်အားဖြင့် ငိုရှိုက်သည်ဟု ယူဆရသည် ။ ပြားချပ်ချပ် ရင်ဘတ်က ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေတာ မြင်ရသည် ။ မှိတ်ထားသည့် မျက်စိတွေက မျက်ရည်တွေ စို့ထွက်စီးကျလာသည် ။ ၀မ်းသာသည့် မျက်ရည်ဖြစ်မည် ။ ကျွန်တော်က လက်ကိုင် ပဝါဖြင့် အသာအယာ တို့ ယူသုတ်ပေးရင်း ခေါ်သည် ။ မျက်စိဖွင့်ပြီး ကြည့်ပါဦးဟု ပြောသည် ။ မဗေဒါ၏ မျက်ခွံတွေ လှုပ်လာသည် ။ မျက်စိဖွင့်ကြည့်ဖို့ ကြိုးစားနေတာ ဖြစ်မည် ။

လက်ကို ကိုင်လှုပ်ပြီး အဆက်မပြတ် ခေါ်နေသည့် ကျွန်တော့်အသံကို ကြားလို့ ဖြစ်မည် ။ ကျွန်တော် တစ်ဦးတည်းကသာခေါ်သည့် မဗေဒါဆိုသည့် နာမည်ကို ခေါ်သံ ကြားလို့လည်း ဖြစ်မည် ။ မျက်စိကို အားယူ ဖွင့်ကြည့်သည် ။ ကျွန်တော် ၀မ်းသာသွားသည် ။ ဖွင့်မကြည့်တာ ကြာပြီဖြစ်လို့ အရောင်အဆင်း ကင်းမဲ့နေသည့် မျက်လုံးတွေသည် ကျွန်တော့်ကို ပီပြင် ၊ ကြည်လင် ထင်ရှားစွာမှ မြင်ပါလေစလို့ စိုးရိမ်မိသေးသည် ။

“ မဗေဒါ အစ်ကိုလေ ၊ အစ်ကိုစိုးလေ၊ မဗေဒါကို တွေ့ချင်လို့ လာတယ် ”

မဗေဒါသည် အားယူဖွင့်ထားသည့် မျက်လုံးတွေမှာ မျက်ရည်စတွေနှင့် ကျွန်တော့်ကို မျက်တောင် မခတ်ဘဲ ကြည့်နေသည် ။ ကြည့်ချင်ပါသော်လည်း နှစ်ပေါင်း ၄၀ ကျော်ကြာအောင် မြင်ခွင့်မရခဲ့သည့် ကျွန်တော့် မျက်နှာကို အားရအောင် ကြည့်နေသည်လို့ 
ယူဆ ရသည် ။

“ မဗေဒါ အားမငယ်နဲ့နော် ၊ အစ်ကို့ကို မှတ်မိတယ် မဟုတ်လား ” 

မဗေဒါသည် ကျွန်တော့်ကို မှတ်မိတယ်လို့ အသိအမှတ် ပြုသည့်အနေဖြင့် ဖြည်းဖြည်းလေး ခေါင်းတဆတ်ဆတ် ညိတ်ပြနေသည် ။ တစ်စုံတစ်ခုကို ပြောချင်ဟန်တူသည် ။ ပါးစပ်လှုပ်နေသည် ။ စကား ပြောချင်လို့ အားယူနေသည်လို့ ယူဆရသည် ။

“ မဗေဒါ ဘာပြောချင်လဲ ပြောလေ ၊ အစ်ကို နားထောင်နေတယ် ”

“ အစ်ကို မဗေဒါဆီကို လာသေးတယ်နော် ”

မဗေဒါ၏ ပါးစပ်ကို ကျွန်တော် ကြည့်ပြီး နားထောင်နေလို့လားမသိ အလွန် တိုးညင်းသည့် အသံကို ကျွန်တော် ကြည်လင်ပြတ်သားစွာကြားလိုက်သည် ။ အသံဆယ်ခုမျှသာ ပါ၀င်သော စကားစုကို ကျွန်တော် အကုန်လုံး ကြားလိုက်သည် ။ ကမန်းကတန်း ပြန်ဖြေလိုက်သည် ။

“ လာရတာပေါ့ မဗေဒါ ရယ်...၊ မဗေဒါကို အစ်ကို ဘယ်တော့မှ မမေ့ပါဘူး ”

ကျွန်တော့် စကားကို ကြားတော့ မဗေဒါ မျက်စိ ပြန်မှိတ်သွားသည် ။ မျက်နှာမှာ ပြုံးယောင်တစ်ချက် သန်းသွားတာ မြင်လိုက်ရသည် ။ အသက် မှန်မှန် ရှူနေသော်လည်း မျက်စိကို ပြန်မဖွင့်တော့ဘဲ အိပ်မောကျသွားသလို မိန်းမောသွားသည် ။ ကျွန်တော့် လက်ကို တစ်ချိန်လုံး ဖျစ်ညှစ်နေခဲ့သည့် သူ့ လက်ကိုလည်း ဖြည်းဖြည်းချင်း ဖြေလျော့ သွားတော့သည် ။ ကျွန်တော် လှုပ်နှိုးခေါ်ကြည့်သော်လည်း ပြန်မထူးတော့ဘဲ အိပ်မော ကျနေတော့သည် ။ အိမ်ရှင်အမျိုးသမီးက ပြောသည် ။

“ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်းမှာ ဒါဟာပထမဦးဆုံး စကားပြောတာပဲ ”

မဗေဒါ အိပ်မော ကျနေပြီဖြစ်လို့ ကျွန်တော် အခန်းထဲမှာ နေဖို့မလိုတော့ဖြစ်သွားသည် ။ အတော်မိုးချုပ်သွားပြီဖြစ်သည် ။ စာပေဟောပြောပွဲ စတင်ဖို့ အချိန်အလွန် နီးနေပြီဖြစ်သည် ။ အိမ်ရှင်အမျိုးသမီးကို ကမန်းကတန်း နှုတ်ဆက်ပြီး ပြန်ခဲ့ပါသည် ။ မနက်ဖြန် စောစော ပြန်ကြရမည်ဖြစ်လို့ မဗေဒါကို နောက်တစ်ကြိမ်တွေ့ရဖို့အရေး မစဉ်းစားတတ်အောင်ဖြစ်နေသည် ။ 

စာပေဟောပြောပွဲမှာ ကျွန်တော်က နောက်ပိတ် ဟောရမည် ။ ကျွန်တော် ဟောပြီးလို့ စင်ပေါ်ကဆင်းတော့ ည သန်းခေါင် ၁၂ နာရီကျော်နေပြီ ဖြစ်သည် ။ ဒေသခံစာပေကော်မတီက ကျွေးကြ ၊ တိုက်ကြသေးလို့ စားကြ ၊ သောက်ကြနဲ့ ကြာသွား ပြန်သည် ။ 

အိပ်ရာ၀င်တော့ အရုဏ်တက်ချိန်တောင် ဖြစ်နေသည် ။ မဗေဒါ အကြောင်းကိုတွေးရင်း တော်တော်နဲ့ အိပ်မပျော် ဖြစ်နေသည် ။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က မဗေဒါနှင့် ပတ်သက်ခဲ့သည့် အကြောင်းတွေကို ပြန်လည်သတိရလာသည် ။

ဧရာ၀တီတိုင်းက စစ်တိုင်းမှူး၏ ကွပ်ကဲမှုဖြင့် ရေတပ်သင်္ဘောတွေနှင့် ခြေလျင်တပ်တွေ ပူးပေါင်းပြီး ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး ၊ စစ်ဆင်ရေး ဆင်နွဲနေစဉ်ကာလမှာ မဗေဒါနှင့် ကျွန်တော် မေတ္တာမျှခဲ့တာ ဖြစ်သည် ။ ကျွန်တော်တို့ စစ်သင်္ဘောသည် စစ်ဆင်ရေးပြီးလျှင် မဗေဒါတို့ မြို့ကို ပြန်နားရသည် ။ မဗေဒါတို့ အိမ်အနီးက သင်္ဘောဆိပ်မှာ ရပ်နားထားရသည် ။ သင်္ဘောဆိပ်နားက အိမ်တွေကို ရေတပ်သားတွေက သွားလည်ကြသည် ။ ကျွန်တော်ကလည်း မဗေဒါတို့ အိမ်ကိုသွားလည်ရာမှ မျက်လုံးချင်းဆုံပြီး ရင်ခုန်ခဲ့ကြတာ ဖြစ်သည် ။ မဗေဒါတို့ အိမ်နောက်က ချောင်းကမ်းစပ်ရှိ ကုက္ကိုပင် ကြီးအောက်မှာ အတူထိုင်ပြီး ချောင်းရေမှာ မျောပါလာကြသည့် ဗေဒါပင်နှင့် ဗေဒါပန်းကလေးတွေကို ကြည့်နေခဲ့ကြသည် ။ ကျွန်တော်က မဗေဒါ၏ပခုံးကို အသာဆွဲယူလိုက်လျှင် မဗေဒါက ကျွန်တော့် ရင်ခွင်မှာ မျက်နှာအပ်ပြီး ကျွန်တော့် မျက်နှာကို မော့ကြည့် နေတော့သည် ။

“ ချစ်တယ် မဗေဒါရယ် ၊ အစ်ကို့ကို ချစ်ရဲ့လားဟင် ”

“ ဒီချောင်းရေမှာ ဗေဒါတွေ စုန်ဆန်နေသေးသမျှ အစ်ကို့ကို မဗေဒါ ချစ်နေဦးမယ် ”

ပြောတတ် လိုက်တာ မဗေဒါရယ်...။ ဒီချောင်းရေမှာ ဗေဒါတွေ ထာ၀စဉ် စုန်ဆန်မျောနေကြမယ် ဆိုတာ သိလို့ ပြောတာဖြစ်သည် ။ မဗေဒါရေးပို့ခဲ့ သည့်စာတွေထဲမှာ ( ရွာချောင်းရေမှာ ဗေဒါပန်းက လန်းလျက်ပါ အစ်ကိုလို့)ရေးတာ မှတ်မိသေးသည် ။ သြော်...အခုတော့ မဗေဒါ ကျန်းမာရေး မကောင်းတော့လို့ အိပ်ရာထဲမှာ လဲနေရှာပါရောလား ။

ကျွန်တော် အိပ်ရာက နိုးလာတော့ ဧည့်သည် အမျိုးသမီး တစ်ယောက်က ကျွန်တော့်ကို တွေ့ချင်လို့ လာစောင့်နေသည်ဆိုတာကို သိလိုက်ရသည် ။ ဆရာတွေကတော့ နံနက်စာအဆာပြေ စားပြီးတာနဲ့ ရန်ကုန်ကို ပြန်ကြရန် အသင့်ပြင်နေကြသည် ။ ကျွန်တော့်ကို တွေ့ချင်သည့် ဧည့်သည် အမျိုးသမီးကိုတွေ့ရန် တည်းခိုနေသည့် အိမ်၏အောက်ထပ်ကို ဆင်းသွားတွေ့လိုက်သည် ။ မဗေဒါ၏ အိမ်က အမျိုးသမီးဖြစ်နေသည် ။ မျက်စိမျက်နှာ အတော်ပျက်နေသည် ။ ကျွန်တော် ရင်ထိတ်သွားသည် ။ ကျွန်တော့်ကို မြင်တာနဲ့ ပြောတော့သည် ။

“ အန်ကယ် ၊ မမကြီး ဆုံးသွားပြီ ”

“ ဟယ်...ဘယ်အချိန်က ဆုံးတာလဲ ”

“ မသိဘူး ၊ ညကတည်းက ဆုံးတာ ဖြစ်လိမ့်မယ် ၊ အခုမနက် မျက်နှာသစ်ပေးဖို့ ၊ ရေဖတ်တိုက်ပေးဖို့ သွားကြည့်တော့ အသက် မရှိတော့ဘူး ”

“ အဲဒီတော့ ဘယ်လို လုပ်မလဲ ”

“ ကျွန်မလည်း ဘာမှ မလုပ်တတ်ဘူး ။ ပိုက်ဆံလည်း တစ်ပြားမှမရှိဘူး ။ ကျွန်မအမျိုးသားတော့ ဒီနေ့ ညနေရောက်မယ် ။ သူရောက်အောင် စောင့်နေရတော့မှာပဲ ”

ကျွန်တော် စဉ်းစားရတော့သည် ။ ကျွန်တော့်ကို ချစ်ခဲ့သည့် မဗေဒါ ကွယ်လွန်သွားပြီ ။ ကျွန်တော့်ကို သစ္စာရှိစွာ စောင့်ရင်း သူ့ဘ၀ကို စတေးသွားခဲ့သည့် မဗေဒါ ၊ ကျွန်တော့်ကိုတွေ့ပြီး နှုတ်ဆက်သွားခဲ့သည့် မဗေဒါ ကွယ်လွန်သွားရှာပြီ ။ ကျွန်တော် ဘာလုပ်မလဲ ။ မိသားစုရဲ့လက်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိပါဟု ပြောနေသည် ။ ကျွန်တော့်ကို ချစ်သည့် မဗေဒါ၏ နောက်ဆုံးခရီးကို လိုက်ပို့ပြီးမှ ကျွန်တော် ဒီမြို့က ပြန်သင့်သည် ။ မဗေဒါ၏ စျာပန ကုန်ကျစရိတ်ကို ကျွန်တော်တာ၀န်ယူမည်ဟု ဆုံးဖြတ်လိုက်သည် ။ ရန်ကုန်က အတူလာခဲ့ကြသည့် ဆရာတွေကို နှုတ်ဆက်လိုက်သည် ။

“ ဆရာတို့ ပြန်ကြပေတော့ ၊ ကျွန်တော် နာရေးကူညီမှုတစ်ခု လုပ်ပြီးမှ ပြန်ခဲ့တော့မယ် ”

“ သာဓု သာဓု သာဓုပါဗျာ ၊ ပြန်လာရင်သာ ဒေါ်ဖြူ တုတ်နဲ့ နောင်ဂျိန် မချနဲ့”

ကျွန်တော်သည် ဒီနေ့နံနက် မပြန်ဖြစ်တော့သည့်အတွက် ကျွန်တော့် ခရီးဆောင်အိတ်ကိုယူပြီး တည်းခိုအိမ်က ဆင်းကာ အမျိုးသမီးနောက်က လိုက်ခဲ့ပါသည် ။ မဗေဒါကို နောက်ဆုံး နှုတ်ဆက်သည့် အကြည့်ဖြင့် ကြည့်လိုက်မည် ။ မဗေဒါ၏ နောက်ဆုံး ခရီးကို လိုက်ပို့လိုက်ဦးမည် ။ မဗေဒါအတွက် ရည်စူး၍ ပြုလုပ်မည့် ဆွမ်းသွတ်အလှူကို တာ၀န်ယူလိုက်မည် ။ ကျွန်တော့်ကို ချစ်သည့်စိတ် ၊ သစ္စာရှိသည့်ဆန္ဒ တစ်ခုတည်းဖြင့် သူ့ဘ၀ တစ်ခုလုံး စွန့်လွှတ်အနစ်နာ ခံသွားခဲ့သည့် မဗေဒါအတွက် ကျွန်တော့်ဘက်က ဒါလောက်တော့ လုပ်ပေးသင့်သည်ဟု ထင်သည် ။ အိမ်က ပါလာသည့် ပိုက်ဆံငါးသောင်းကျပ်နှင့် စာပေဟောပြောကြေး ဂါရ၀လက်ဆောင်ရသည့် ပညာပူဇော်ခငွေ တစ်သိန်းကိုပါ မဗေဒါအတွက် သုံးလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည် ။

ရန်ကုန်ကို ပြန်ရောက်လျှင် ရသုံးငွေစာရင်း စစ်ဆေးမည့် မဖြူတုတ်နှင့် နောင်ဂျိန် ချလျှင်လည်း ချမည် ။ အိမ်က မောင်းချလျှင်လည်း ဆင်းမည်ဟု စိတ်ဆုံးဖြတ်လိုက်သည် 

---

#အဏ္ဏဝါစိုးမိုး
#လွမ်းဖူးတယ်ရှိအောင်လွမ်းကြည့်ရာ၀ယ်

#shared_by_louis_augustine
#sbla

Comments