မေ့မရသည်သာ // အဏ္ဏဝါစိုးမိုး

မေ့မရသည်သာ // အဏ္ဏဝါစိုးမိုး

(ရွှေအမြုတေ၊ ဒီဇင်ဘာ၊ ၁၉၉၄)

---

ကိုအဏ္ဏဝါသည် ခါးသီး နာကျည်းစရာ ကောင်းသည့် သူ့ အတိတ်ကာလကို မေ့ပစ်နိုင်ရန် ( သို့မဟုတ် ) ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားနေလေသည်။ အတိတ် ပတ်ဝန်းကျင်နှင့် ဝေးရာ အရပ်တွင် အိုးသစ် အိမ်သစ် တည်ထောင် အခြေချ၍ စတိုင်ကျကျ နေရန်အတွက် သူ့အကြောင်းကို မသိနိုင်သူများ နေထိုင်ရာ ရပ်ကွက် တစ်ခု၏ လမ်းမကြီးပေါ်မှ နှစ်ထပ် တိုက်ခံအိမ် တစ်လုံးကို ဝယ်ယူလိုက်သည်။

၁၉၈၃ ခုနှစ် တိုယိုတာ ဟိုက်လက် တစ်စီး ရောင်းပါမှ တစ်သိန်းလေးသောင်းခန့် ရသော အချိန်တွင် ကိုအဏ္ဏဝါသည် တစ်သိန်းခွဲတန် အိမ်ကြီးကို ဝယ်လိုက်သည်။ အိမ်ပေါ် အိမ်အောက် သန့်ရှင်းရေး လုပ်ရန် နှင့် ရေဆေးချရန် အတွက် ထိုရပ်ကွက်ထဲမှ ဆင်းရဲ နွမ်းပါးသည့် လူငယ်လေး နှစ်ယောက် ကို ငွေတစ်ရာ ပေး၍ ငှားရမ်းထားသည်။ ကိုအဏ္ဏဝါ သည် အိမ်ရှေ့ ဗာဒံပင် အရိပ်တွင် ရပ်ထားသော ပတ်ပလက်ကာ ကားသစ်ကလေး ဘေးက ပက်လက် ကုလားထိုင် တွင် ထိုင်ပြီး အိမ်ကြီးရှင်မ မဖြူတုတ် ကိုယ်တိုင် ဦးဆောင် ညွှန်ကြားနေသော သန့်ရှင်းရေး လုပ်သားများကို စောင့်ကြည့်နေသည် ။

“ ကောင်လေးတွေ ကောင်းကောင်း လုပ်နော် ၊ ငါ ကြိုက်ရင် နောက်ထပ် ငါးဆယ် ပေးဦးမယ်ကွ ”

ဖဆပလခေတ် သွင်းကုန် လိုင်စင်ရ သူဌေးက ဘုတ်ကလပ်က ဘွိုင်ကုလားကို ပြောသည့် လေသံမျိုးဖြင့် အော်ပြောလိုက်သည် ။ လူငယ်လေး နှစ်ယောက်တို့ ကြိုးစား ပန်းစား အားကြိုး မာန်တက် အလုပ် လုပ်ကြသည် ။

ကိုအဏ္ဏဝါ ကျေနပ်သွားသည်။ ကုလားထိုင်ပေါ်တွင် နောက်လှန် အိပ်ချလိုက်ပြီး မာဘိုရို စီးကရက် တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်သည်။ သူ ဖုံးကွယ်ရန် ကြိုးစားနေသည့် သူ့ အတိတ်ဘဝ ပုံရိပ်တွေက စီးကရက် မီးခိုးငွေ့များ အကြားမှာ ရုပ်ရှင်ပိတ်ကား တစ်ခုသဖွယ် ပေါ်လာသည်။

၁၉၇၅ - ခုနှစ်တွင် ရေတပ်သား ဘဝမှ အငြိမ်းစား ယူလိုက်သောအခါ ပင်စင် လစာငွေလေး တစ်ရာကျော် ဖြင့် မိသားစု ငါးယောက် မစားလောက်၍ ဘာ လုပ်ရမှန်းမသိ ဖြစ်နေစဉ် ခင်မင်သူများက အကြံအမျိုးမျိုး ပေးကြသည်။ ပွဲရုံက အာလူး ကို ယူ ရောင်းကြည့်ပါလား ၊ တစ်ခြင်း မှာ တစ်ဆယ်လောက် မြတ်တယ်။ ငရုတ်သီး ယူရောင်းကြည့်ပါလား ၊ တစ်အိတ်မှာ တစ်ဆယ် ၊ ဆယ့်ငါးကျပ်တော့ ကျန်တယ်။ ရွေးကျ အပယ်ခံ ငါးခြောက် ကလေးတွေ ရောင်းကြည့်ပါလား ၊ တစ်ပိဿာမှာ သုံးကျပ်ခွဲ လေးကျပ်တောင် မြတ်တယ် ၊ စသည်ဖြင့် အကြံဉာဏ်သာ ပေးကြသည်။ အရင်းအနှီးတော့ ဘယ်သူမှ ထုတ်မပေးကြ ။

အရင်းအနှီး မရှိလို့ ဘာမှ မလုပ်နိုင်တော့ ကိုအဏ္ဏဝါ စိတ်ညစ်သည်။ စိတ်ညစ်တော့ မဖြူတုတ် အမေ ပေးလိုက်သည့် ရွှေတိုငွေစလေးတွေကို ရောင်းချပြီး အရက်သောက်သည် ၊ အရက်ဆိုင်က အမြည်းရောင်းသည့် ဒေါ်တူးက အကြံပေးသည်။ ပွဲရုံ နဲ့ ဈေးကြီးတွေ က လွှင့်ပစ်ထားတဲ့ အာလူးပုပ် တွေ ကို အမှိုက်ပုံတွေမှာ လိုက်ကောက်ပြီး ကောင်းတဲ့ နေရာ လေးတွေ လှီးယူ ၊ ပါးပါးလှီး ၊ ဆားလေးနဲ့ လူးပြီးကြော် ၊ ပလတ်စတစ် အိတ်ကလေးထဲ ထည့်ပိတ်ပြီး တို့ အမြည်းဆိုင်တွေ နဲ့ ကွမ်းယာဆိုင်တွေကို လိုက်သွင်းပါလားတဲ့။

အရက်ဆိုင်က မိတ်ကောင်းဆွေကောင်း ဒေါ်တူး အကြံပေးသည့် စီးပွားရေးလုပ်ငန်း ကို အကောင်အထည် ဖော်ကြည့်တော့ အတော် ဟန်တာ တွေ့ရသည်။ အာလူးက အလကား ရတော့ ဆီ ၊ ဆား နှင့် ပလတ်စတစ်အိတ် ဖိုး အပါအဝင် တစ်ထုပ် မှ ဆယ့်ငါးပြား ခန့်သာ အရင်း ရှိသည်။ တစ်ထုပ် တစ်မတ် သွင်းရသဖြင့် ကိုယ့်အတွက် ဆယ်ပြား ကျန်သည်။ တစ်နေ့ကို အထုပ်ပေါင်း တစ်ရာ့ငါးဆယ် နှစ်ရာခန့် ပို့ပေးနေရသဖြင့် ကိုအဏ္ဏဝါ စိတ်ဓာတ်တွေ အရမ်းတက်ကြွသွားသည်။ လုပ်ငန်းအဆင့်မြှင့်သည့် အနေဖြင့် ( အဏ္ဏဝါ မိသားစု စားသောက်ကုန်လုပ်ငန်း ) တံဆိပ်တုံး တစ်ခုကို တစ်ဆယ် ပေး၍ ဆူးလေးဘုရား အနီးမှာ အပြေးအလွှား လုပ်ခိုင်းသည်။

တံဆိပ်တုံးလည်း လုပ်ပြီးရော ကိုအဏ္ဏဝါ အာလူးပုပ် လာလာ ကောက်တာ မြင်တဲ့ ပွဲရုံ နှင့် ဈေးတွေ က အာလူးပုပ်တွေ ကို အမှိုက်ပုံ မှာ မပစ်တော့ပဲ ခြင်းကြီးနဲ့ ထည့်ပြီး ဆိုင်ရှေ့မှာ ချထားသည်။ ခရစ်ယာန်သင်္ချိုင်းတိုင်လေး နှင့် တူသော တုတ်တိုင်လေးနှင့် ကတ်ထူပြားလေးမှာ စာရေးထားသည် ။ ( ရောင်းရန် ) တဲ့ ။ အမှိုက်ပုံက လှည့် ပြန်ခဲ့ရသည့် နေ့မှာပဲ အဏ္ဏဝါ စားသောက်ကုန် လုပ်ငန်းကြီး ဖျက်သိမ်းလိုက်ရတော့သည်။

အာလူးပုပ် နဲ့ အဆင်မပြေတော့ အာလူးအကောင်းဘက် လှည့်ကြည့်သည် ။ တစ်ခြင်း ကုန်လျှင် တစ်ဆယ်ခန့် ကျန်သည် မှန်သော်လည်း လမ်းမတော် ပွဲရုံ မှ သာကေတသို့ သယ်ယူရသည့် စရိတ်က ရှိလေတော့ ကိုယ့်အတွက် မကျန်။ ဒီတော့ ကိုအဏ္ဏဝါ အကြံအဖန် လုပ်သည်။ အာလူးခြင်း ကို ပခုံးမှာ ထမ်းပြီး လမ်းမတော်မှ သာကေတ အထိ ဘတ်စ်ကား ကို တွယ်စီးသည်။ တစ်လလောက် သာ ရောင်းလိုက်ရသည်။ ၇ - ရပ်ကွက်ဈေး အပြင်တန်းက နေပူထဲမှာ ထိုင်ရောင်းရသည့် သူ့မယား မဖြူတုတ်လည်း မမည်းပိန် ဖြစ်လာသည် ။ ကိုအဏ္ဏဝါ လည်း လေးဖက်ခွာနာကျပြီး မလှုပ်နိုင်တော့သဖြင့် လုံးဝ အနားယူလိုက်ရလေတော့သည် ။

ကျန်းမာလာ၍ ပြန်လည် လှုပ်ရှားနိုင်သောအခါ ပွဲရုံ က ငရုတ်သီးခြောက်ကို ယူပြီး ရောင်းကြည့်ဦးမည် ဟု စိတ်ကူးမိသည်။ သို့သော် အရင်းအနှီးက မရှိ ၊ လမ်းမတော် ပွဲရုံက မိတ်ဆွေကြီး ဦးဟုတ်စွမ် ထံ သွား၍ ငရုတ်သီးခြောက် တစ်အိတ် အကြွေးရောင်းပါရန် မေတ္တာရပ်ခံရသည်။ အာလူး ယူရောင်းစဉ်က အငြိအစွန်း အတင်အကျန် မရှိ၍ ယုံကြည်လို့ပဲလား ၊ သနားလို့ပဲလား မသိ အကြွေး ပေးလိုက်ပါသည်။

ငရုတ်သီးခြောက်အိတ်က ကြီးတော့ အာလူးခြင်း တုန်း ကလို ပခုံးမှာ ထမ်းပြီး ကား တွယ်စီး၍ မဖြစ်နိုင်သဖြင့် သာကေတ ဘတ်စ်ကားများ ဂိတ်ထိုးရာ ၁၄ - လမ်းထိပ် သို့ ငရုတ်သီးအိတ်ကြီးကို ရွက်ယူသွားရပါသည်။ ဂိတ်ထွက်မည့် ကား က ယာဉ်မောင်းဆရာ နှင့် လက်မှတ်ရောင်း ရဲဘော် တို့ကို မျက်နှာချို သွေးပြီး တစ်အိတ် တစ်ကျပ် လူတစ်ကျပ် ပေး၍ နေရာ ယူထားလိုက်သည် ။ အတော် စိတ်အေးသွားရပြီ ဖြစ်သည် ။

ငရုတ်သီးအိတ်က ကား ငြိမ်နေတုန်းကတော့ ဘာမှ မဖြစ် ၊ ကားလည်း စထွက်ရော အနံ့ ထွက်လာပြီး မွှန်တော့သည်။ ခရီးသည် တစ်ဦးစ နှစ်ဦးစ ဟတ်ရိုး ဘုရားတ , ကြသည်။ မဟာဗန္ဓုလ လမ်းပေါ် စတက်ပြီး ငါးမိနစ်ခန့် အကြာတွင် ချိုင့်ခွက် နင်းမိ၍ နှစ်ချက်လောက်သာ ဆောင့်လိုက်ရသည်။ ကားပေါ်ပါ ခရီးသည်အားလုံး ငရုတ်သီးခြောက် ကတိုးနှာကြောင့် တန်ခိုးဖြာကုန် ကြတော့သည်။ ဒရိုင်ဘာပါ အဆက်မပြတ် ဟတ်ချိုးနေသဖြင့် ကြာလျှင် ယာဉ်တိုက်မှု ဖြစ်တော့မည်။

“ ကဲ ရဲဘော်ကြီး ခင်ဗျားပိုက်ဆံ နှစ်ကျပ် ပြန်ယူပြီး ဆင်းတော့ ”

မောင်းချခံရပြီ ဖြစ်၍ ၁၆ - လမ်းထိပ် မှာ ငရုတ်သီးအိတ်ရော လူပါ ကားပေါ် မှ ဆင်းပြီး သုံးဘီးကား ခေါ်ရတော့သည်။ သာကေတ ဆိုတော့ ဆယ့်ငါးကျပ် ယူပါရန် တောင်းတောင်းပန်ပန် လိုက် ပို့ခိုင်းရသည်။ ဦးဟုတ်စွမ်ကို ငရုတ်သီးကြွေး ဆပ်နိုင်ရန် အတွက် မဖြူတုတ် နေပူထဲ မှာ သုံးရက်လောက် ထိုင်လိုက်သောအခါ အရင်းနီးပါး ပြန်ရသည်။ နေပူထဲမှာ ထိုင် ရောင်းရတော့ ငရုတ်သီးက လျော့သွားသည် ။ အမြတ်ကတော့ သုံးဘီးကားဆရာ ကို ပေးလိုက်ရသည် ။

အဲဒီမှာတင်ပဲ ငရုတ်သီးခြောက် ဇာတ်လမ်း တစ်ခန်း ရပ်ပြီး ကိုအဏ္ဏဝါလည်း စီးပွားရေး အကြံပေးများ ရှိရာ အရက်ဆိုင်သို့ ပြန်ရောက် သွားလေတော့သည် ။

အရက်ဆိုင် မှာ အမဲအူပြုတ် ၊ အမဲအူသုပ် ရောင်းသော မိတ်ဆွေကြီး ၏ ပြောပြချက်က အားရစရာ ကောင်းလှသည်။ အမဲအူ တစ်ပိဿာ ငါးဆယ် ဆိုလျှင် ကိုယ့်အတွက် တစ်ဆယ် ခန့် ကျန်သည် ဟု ဆိုသည်။ ဆီ ၊ ဆား ၊ ကြက်သွန် ၊ အိမ်စား အတွက် သီးခြား ဝယ်စရာ မလိုတော့ပဲ လုပ်ငန်းထဲ ကပင် နှိုက်စား ၍ ရသည်။ အမဲအူ ကို ဈေးထဲက ကုလားကြီးဆီမှာ မဝယ်ပဲ မအူကုန်း အမဲဈေးမှာ တိုက်ရိုက် သွားဝယ်ပါက ဈေး သက်သာသည့်အပြင် ပိုပိုသာသာလည်း ရသည်။ လွှင့်ပစ်ထားသည့် အကြော ၊ အရွတ်ကလေးတွေလည်း ကောက်ယူလာလို့ ရသေးသည် ဟု အကြံပေး ပါသည်။

ကိုအဏ္ဏဝါ စိတ်ဓာတ်တွေ တအား တက်သွားပြန်သည်။ နောက်ဆုံးအဖြစ် ကျန်ရှိနေသေးသော မဖြူတုတ် ၏ နားနှစ်ဘက် မှ အရောင် တလက်လက် ထွက်၍ မျက်စပစ်ပြနေတာလေးတွေ ကို ဖြုတ်ယူပြီး ရောင်းလိုက်သည်။ ရသည့် ပိုက်ဆံဖြင့် အိမ်ရိုက်သံ နှင့် လေလံ ကျွန်း ထင်းအစ အနုလေးတွေ ဝယ်ပြီး ဈေးခုံလေး ရိုက်သည်။ အစစ ပြင်ဆင်ပြီးသောအခါ ( အဏ္ဏဝါ အမဲအူပြုတ် ) ဆိုင်းဘုတ် ကို သုံးထပ်သားပြားပေါ်မှာ ကိုယ့်ဟာကိုယ် ရေးပြီး ၇ - ဈေး ထောင့် က ညောင်ပင်အောက်မှာ ဆိုင်စထွက်သည် ။

ပထမနေ့က ကိုအဏ္ဏဝါ တစ်နေကုန် ထိုင်သည် 
။ ဈေးဦးတောင် မပေါက်။ ညနေ အလုပ်မှ ပြန်လာသော ဆိပ်ကမ်းလုပ်သား ကြိုပို့ ဖယ်ရီ ကားကြီးပေါ်က သောက်ဖော် စားဖက်တွေ က အော်ဟစ်နှုတ်ဆက်သွား ကြသည်။

“ ရဲဘော်ကြီး ရောင်းအား ကောင်းတယ် ထင်တယ် ... လက်တောင် မလည်ဘူး ယင်မောင်း နေရလို့ ” တဲ့ ။

ညနေစောင်းမှာ မဖြူတုတ် သနပ်ခါး လိမ်းပြီး လာထိုင်တော့မှ ဈေးဦး ပေါက်တော့သည်။

ကိုအဏ္ဏဝါ နှင့် မဖြူတုတ်တို့ ၇ - ရပ်ကွက် ဈေးထောင့်က လမ်းဘေး ညောင်ပင်အောက်မှာ အမဲအူပြတ် ရောင်းနေရပြီ ဆိုသည့် သတင်းကို ကြားသွားကြသည့် မြို့နယ် အာဏာပိုင် အဖွဲ့ အစည်း အသီးသီးမှ ကိုအဏ္ဏဝါ၏ အပေါင်းအသင်းတွေ လာရောက် အားပေးကြသည်။ စားပြီး ပိုက်ဆံ ပေးတော့ မဖြူတုတ် က အားနာပြီး မယူ ၊ ( ရပါတယ် ဆရာရယ် မပေးပါနဲ့ ၊ နေပါစေ အစ်ကိုရယ် ရပါတယ် ) ဆိုတော့ အမြတ်ထဲက ပါပြန်ရော။ ဒီကြားထဲ ကိုအဏ္ဏဝါက အရက်ဖိုး နှိုက် ၊ ညနေစောင်း ရောင်းကောင်းချိန် ၊ လူကျချိန် မှာ ကိုအဏ္ဏဝါ က မူးပြီး ရောက်လာ ၊ ပါးစပ် က တွေ့ကရာ ပြော ၊ မြင်သမျှ လူတွေကို လိုက်နှုတ်ဆက် ၊ မဖြူတုတ် စိတ်ညစ်သည်။ အရက်သမား တို့ ထုံးစံအတိုင်း အရက် နံ့ မနံအောင် ဝါးလာသော ကွမ်းတံတွေးတွေ က မဖြူတုတ် ဝယ်ယူ ဆင်မြန်းပေးထားသည့် ပါကစ္စတန် လေဘေးအဟောင်းထည် စပို့ရှပ်ပေါ်မှာ စီးကျ စွန်းထင်းနေသည် သာမက လူကပါ ဦးလည် ဆံကျိုး ဖြစ်နေ၍ မဖြူတုတ် ရှက်သည် ။

“ ရှင် မလာ... အိမ်မှာ နေပါ ” 

လို့ပြောတော့ 

“ နင့်ကို ကူဖို့ လာတာပါကွာ ... ” တဲ့ ။ 

ကူဖို့လာတဲ့ လူက ရပ်လို့ မမြဲ ၊ ယိုင်တိယိုင်တိုင် ဖြစ်နေ၍ မြေပေါ်မှာ ထိုင်ချပြီး ညောင်ပင်ကို မှီနေရသည်။

၇ - ဈေး လေဟာပြင် ကွက်လပ်ကြီးမှာ ညဈေး ချပေးတော့ မြို့နယ်က အပေါင်းအသင်းတွေ ကျေးဇူးကြောင့် မဖြူတုတ် နာမည်ဖြင့် စားသောက်ဆိုင်တန်းမှာ ဆိုင်ခန်း တစ်နေရာ ရသည်။ အမဲအူပြုတ် ၊ အမဲအူသုပ် သာမက ကြာဇံဟင်းခါးနှင့် ခေါက်ဆွဲသုပ် ပါ တိုးချဲ့ လိုက်သည်။ ဆိုင်ချင်းယှဉ် ကပ်နေသော ဦးပြုံးချို လက်ဖက်ရည်ဆိုင် ၏ အရှိန်အဝါ နှင့် ပရိသတ် အင်အားကြောင့် မဖြူတုတ် ၏ အမဲအူပြုတ် ခေါက်ဆွဲသုပ်ပါ ရောယောင်ပြီး ရောင်းကောင်းနေ တော့သည်။ လက်ဖက်ရည်ဆိုင် ထိုင်နေသူများက လက်ခုပ်ရိုက်၍ လက်ညှိုး ထောင်ပြလိုက်လျှင် မဖြူတုတ် ကိုယ်တိုင် သွားပို့သည့်အခါ ပို့၊ လက်ဖက်ရည်ဆိုင် လုပ်သား ကောင်လေးတွေ က လာယူသည့်အခါ ယူဖြင့် အလုပ် ဖြစ်နေသည်။

မဖြူတုတ် စိတ်ဓာတ်တွေ တက်ကြွပြီး အသားအရည်တောင် စိုစိုပြည်ပြည် ပြန်ဖြစ်လာသည်။ သူ့ ကို ရုပ်ရှင်မင်းသမီး ချိုပြုံး နှင့် တူသည် ဟု မြှောက်ပင့်ပေးပြီး အရည် ပိုတောင်းလိုက် ၊ အဖတ် ပိုတောင်းလိုက် လုပ်နေသော နတ်ကတော် မိန်းမလျာတွေ စကားကို ယုံပြီး ( ဒေါ်ချိုပြုံး အမဲအူပြုတ် ၊ ခေါက်ဆွဲသုပ် ) ဟု ဆိုင်းဘုတ် ရေးပြီး ချိတ်သည်။ မူလ လက်ဟောင်း အဏ္ဏဝါ ဆိုင်းဘုတ်ကတော့ ညောင်ပင် အောက် က ဆိုက္ကားဆရာများ အတွက် ကျားကွက် ဖြစ်သွားလေပြီ ၊ ဒီတော့မှ ဦးပြုံးချို လက်ဖက်ရည် နှင့် ဒေါ်ချိုပြုံး အမဲအူပြုတ် တို့ လိုက်ဖက်ညီ သွားလေတော့သည် ။

ရာထူးချ ခံလိုက်ရသော ကိုအဏ္ဏဝါကတော့ ညနေ စောင်းလျှင် အရက် သောက်သည်။ မူးမူးဖြင့် စောစော အိပ်သည်။ မိုးမလင်းမီ ထပြီး အမဲဈေး ကို ပြေးသည်။ အမဲ‌ဈေး က ပြန်ရောက်သည် နှင့် ဖျင်သင် ဆေးကြောပြီး တစ်နေကုန်အောင် အမဲအူပြုတ်သည်။ ညနေ စောင်း၍ မဖြူတုတ် ကို ဈေးလိုက်ပို့ပြီးသည်နှင့် အရက်ဆိုင် သွားသောက်ဖြင့် သံသရာလည် နေတော့သည်။

တစ်နေ့ အမဲအူ ပြတ်နေစဉ် ရေတပ်ထွက် သူငယ်ချင်း တစ်ယောက် ရောက်လာပြီး ကိုအဏ္ဏဝါ ကို ပစ်ဟောက်ပါလေတော့သည် ။

“ ဟေ့ကောင်... မင်း ဘာမှ မသိဘူး မဟုတ်လား ၊ ဘယ်သိမလဲ သောက်လုပ် မဟုတ်တဲ့ အမဲအူ ပဲ ပြုတ်နေတာပဲ ။ သင်္ဘောသား ရုံးဘက်လည်း လာစမ်းပါဦး ၊ တန်းစီဇယား တို့ အလှည့် ရောက်နေပြီ ။ မနက်ဖြန် လူရွေးပွဲ ရှိတယ် ။ သင်္ဘော ဆယ်စီးစာ လူငါးဆယ်လောက် ယူမှာတဲ့ ”

အဲဒီလိုနဲ့ပဲ နောက်တစ်နေ့ နေ့လည် ဟု ဆိုအပ်သော ကောဇာသက္ကရာဇ် ၁၃၄၂ - ခုနှစ် ၊ နှောင်းတန်ခူးလဆန်း ( ၅ ) ရက် အင်္ဂါနေ့ ပြိဿရာသီ ၏ စက်နာရီ တစ်ချက်တီး အချိန်တွင် ကိုအဏ္ဏဝါ ၏ ဇာတာခွင်ဝယ် သောကြာဂြိုဟ် ၏ အရှင် ပူးမင်း သခင်သည် လေးနှစ်ခန့် ဝင်ရောက်မွေ့ပျော် စံနေတော်မူသော ကာလ ၊ သူရိယ ရာဇာ ဒေါင်းမင်းကြီးသည် အနောက် ဂေါယာကျွန်း သို့ ကျွမ်းထိုးပြီး အကျတွင် သာကေတက အမဲအူပြုတ်သည် တစ်ယောက် ၏ ဇာတာစန်းလဂ် ဆောင့်အတက်နှင့် ကြုံသဖြင့် အမဲအူပြုတ်သည် ကိုအဏ္ဏဝါ သည် မြန်မာနိုင်ငံ ၏ စူပါစတား သင်္ဘောသား ဖြစ်သွားလေသတည်း။

ကိုအဏ္ဏဝါသည် ခါးသီး နာကျည်းစရာ ကောင်းသည့် သူ့ဘဝ အတိတ်ကာလ၏ အရိပ်မည်းကြီးကို ဖျက်ဆီး ချေမှုန်းပစ်သည့် သဘောဖြင့် ပါးစပ်ထဲမှာ ငုံထားဆဲဖြစ်သော စီးကရက် မီးခိုးများကို လွင့်ပါး ပျောက်ပြယ်သွားအောင် တအား မှုတ်ထုတ်ပစ်လိုက်သည်။ လက် ထဲက စီးကရက် အတို ကိုလည်း မြေကြီးပေါ် ပစ်ချပြီး နင်းချေ ငြိမ်းသတ်ပစ် လိုက်သည် ။

“ မဖြူရေ ... ခဏ နားကြဦးကွာ ၊ ကောင်လေးတွေလည်း ဆာလှရော့မယ်... ဒီ အနီးအနားမှာ လက်ဖက်ရည်ဆိုင် မရှိဘူးလားဟေ့ ”

ကိုအဏ္ဏဝါ က သန့်ရှင်းရေး လုပ်သားလေး နှစ်ယောက် ကို လက်ဖက်ရည် တိုက်လို၍ မေးလိုက်သည် ။

“ ဟိုထောင့်က ကက်ဆက် ဖွင့်နေတဲ့ အိမ်ဟာ လက်ဖက်ရည် ဆိုင်ပေါ့ ဦးလေး ရ ”

ဟုတ်ပေသားပဲ ။ ကိုအဏ္ဏဝါ ဝယ်ထားသည့် အိမ် နှင့် သုံးအိမ် သာ ခြားသည့် လမ်းထောင့်အိမ် မှာ ဆိုင်းဘုတ် တင်မထားသော်လည်း လူစည်ကားသည့် လက်ဖက်ရည်ဆိုင်ကြီး ဖြစ်နေပါသည်။

“ ကဲ... ချာတိတ်တွေ ကားပေါ် တက်ကြကွာ ၊ လက်ဖက်ရည် သွားသောက် ကြရအောင် ၊ ငါ့ ကား က အမိုး မတင်ရသေးတော့ အားတော့ နာပါတယ် ။ အဆင်ပြေသလိုသာ ထိုင်ကြကွာ ”

ငါ့ ကားက အသစ်ဟု လိမ္မာ ပါးနပ်စွာ ကြွားလိုက်ခြင်းဖြစ်သည်။ သုံးအိမ်သာ ခြားသည့် ခရီးကို လျှောက်သွားလျှင် ရပါလျက်သားနဲ့ လက်ဖက်ရည်ဆိုင်က ပရိသတ်ရှေ့မှာ ကားပေါ်က ဆင်းပြီး ဆိုင်ထဲ ဝင်ချင်၍ တမင်ထွင်လိုက်ခြင်း ဖြစ်သည် ။

လက်ဖက်ရည်ဆိုင် ရှေ့မှာ ကားထိုးရပ်လိုက်သည်နှင့် ဟိုအိမ်ကြီးကို ဝယ်လိုက်သည့် သင်္ဘောသား ဆိုတာ သိနေကြ၍ ထင်သည်။ ဆိုင်ထဲက လူတွေ ဝိုင်းကြည့်နေကြသည်။ အထူးသဖြင့် နံပြား ရိုက်သည့် ကုလားက ရိုက်လက်စ နံပြား ကို ရပ်ထားပြီး ခေါ်တော အကောင် တစ်ထောင်အား ရှိသော မျက်လုံးအစုံဖြင့် မဖြူတုတ် ကို ကြည့်နေသည်။ ကြည့်ရုံနဲ့ အားမရသေးပဲ သူ့ ဆိုင်ရှင်ကို တစ်စုံတစ်ခု သွားပြောပြီး ပြုံးစိစိ လုပ်နေသည်။

ကိုအဏ္ဏဝါတို့ လေးယောက် လူရှင်းသည့် စားပွဲလွတ် တစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည် လေးခွက်နှင့် ရှိသမျှ မုန့်မျိုးစုံအောင် ချပေးရန် မှာလိုက်သည်။ နံပြားကုလားကတော့ ဟိုစားပွဲ ဝင်ထိုင်လိုက် တိုးတိုးပြောလိုက် ၊ သည်စားပွဲ ဝင်ထိုင်လိုက် တိုးတိုးပြောလိုက် ၊ မဖြူတုတ် ကို ကြည့်လိုက် ၊ ပြုံးလိုက် လုပ်နေသည်။ ဒီနေ့ကျမှ မဖြူတုတ် ကလည်း နိုင်ငံခြားဖြစ် အဝတ်အထည်တွေ ၊ မိတ်ကပ်တွေ ၊ နှုတ်ခမ်းနီတွေ နဲ့ ခါတိုင်းထက် ပိုပြီး လှနေ သယောင်ဖြစ်နေသည်။ ကိုအဏ္ဏဝါ စိတ်ပျက်သွားသည်။

ဒီလို အောက်တန်းကျသည့် ပတ်ဝန်းကျင်မျိုးနဲ့ ဆိုလျှင် ဒီနေရာမှာ ကြာကြာ နေလို့မှ ဖြစ်ပါ့မလား ဟု တွေးလိုက်မိ၍ ဖြစ်သည်။

ကိုရွှေကုလားကတော့ အတင့်ရဲ ၍ ကဲသထက် ကဲလာသည်။ ကိုအဏ္ဏဝါတို့ စားပွဲ အနီးရှိ ထိုင်ခုံ လွတ်တစ်လုံးမှာ လာထိုင်ပြီး မဖြူတုတ်ကို ပြုံးစိစိဖြင့် ကြည့်နေသည်။ ကိုအဏ္ဏဝါ အတော် ခံပြင်းနေလေပြီ ။ မကြာမီ ပေါက်ကွဲတော့မည့် အခြေအနေတွင် ကိုရွှေကုလား၏ နှုတ်ဖျား မှ စကားတစ်စု ထွက်လာသည်။

“ အစ်မ သာကေတ ၇ - ဈေး ထဲက အမဲအူပြုတ် ရောင်းတဲ့ အစ်မကြီး မဟုတ်လား ဟင်... ” တဲ့ ။

ကိုအဏ္ဏဝါ ၏ ကေသာနတ္ထိ အမွှေးမရှိသည့် ဦးခေါင်း ရတနာ မြတ်အင်္ဂါကို မိုးကြိုး ဆယ်စင်း တစ်ပြိုင်တည်း ပစ်ခွင်းခံလိုက်ရသကဲ့သို့ နာကျင်သွားလေသည်။ မဖြူတုတ် ကတော့ လက်ဖက်ရည် ပူပူကြီးကို ယောင်ရမ်းပြီး ငုံလိုက်မိသဖြင့် လျှာကို အပူလောင်သွားလေသည်။ ကိုအဏ္ဏဝါရော မဖြူတုတ်ပါ ကိုရွှေကုလား၏ မျက်နှာကို တအံ့တသြ ကြည့်လိုက်ကြသည်။ သိသလိုလို မသိသလိုလို ဖြစ်နေကြသည်။

“ အစ်မ ကျွန်တော့်ကို မမှတ်မိဘူး ထင်တယ် ၊ ဦးပြုံးချို လက်ဖက်ရည်ဆိုင်က အောင်ဝင်း လေ”

“ ဟာ ...”

“ ဟယ် ...”

ကိုအဏ္ဏဝါ နှင့် မဖြူတုတ် တို့ ပါးစပ်တွေ က ဟာခနဲ ဟယ်ခနဲ ဖြစ်သွားကြသည်။ သေသေချာချာ ကြည့်တော့မှ ဦးပြုံးချို လက်ဖက်ရည်ဆိုင်က ပလာတာ ၊ နံပြား ရိုက်သည့် ကုလားလေး အောင်ဝင်း ကို မှတ်မိသွားကြတော့သည်။ 

ဦးပြုံးချို လက်ဖက်ရည်ဆိုင် ဘေးမှာ ဒေါ်ချိုပြုံး ဘဝဖြင့် အမဲအူပြုတ် ရောင်းနေခဲ့စဉ်က မဖြူတုတ် ၏ ဘော်ဒါလေးဖြစ်ခဲ့သူကိုး။ အဲဒီတုန်းက သူ့ အသံလေး စာစာဖြင့် 

“ အစ်မရေ ပြုတ်ဝမ်း သုပ် ဝမ်းမယ် ။ အစ်မရေ ... ကြာမယ် ခေါက်မယ် ”

စသည်ဖြင့်အော်ပေးခဲ့ရသူ ဖြစ်သည်။ ပြုတ်ဝမ်း သုပ်ဝမ်း ဆိုတာက အမဲအူပြုတ် တစ်ခွက် နှင့် အမဲအူသုပ် တစ်ခွက် ဟု ဆိုလိုသည်။ ကြာမယ် ခေါက်မယ် ဆိုတာက ကြာဇံဟင်းခါး တစ်ခွက် နှင့် ခေါက်ဆွဲသုပ် တစ်ပွဲ ဟု အဓိပ္ပာယ်ရသည်။ မဖြူတုတ် သွားမပို့နိုင်လျှင် သူကိုယ်တိုင် ခြေသွက် လက်သွက်ဖြင့် လာယူပြီး စားပြီး ပန်းကန် နှင့် ပိုက်ဆံပါ လာပြန်ပို့သူဖြစ်သည်။

ဇာတ်ပေါင်းမိတော့ မှ မဖြူတုတ်မှာ သူ့ ဘော်ဒါကို မမျှော်လင့်သော နေရာမှာလာ ပြန်တွေ့နေရ၍ ဝမ်းနည်းဝမ်းသာ ဖြစ်နေတော့သည်။

“ ဟယ်... မောင်အောင်ဝင်း နင့် အသားတွေ မည်းသွားပါလား မှတ်တောင် မမှတ်မိဘူး ဟယ် ...”

“ ဟဲ ဟဲ အစ်မကလည်း အရင်ကော ဖြူလို့လား ”

“ သာကေတ မှာ တုန်းက ဒါလောက် မမည်းပါဘူး ဟယ် ...”

ဒီတော့ အောင်ဝင်း က သူ လှုပ်ရှား ရုန်းကန်ခဲ့ရသည့် ကာလအစိတ်အပိုင်း တစ်ခုကို ပြောပြသည်။ ဦးပြုံးချို ဆိုင် အရောင်းကျလာသောအခါ အလုပ် ဖြုတ်ခံလိုက်ရသည်။ ဆွေမျိုးများ ရှိရာ ညောင်လေးပင် ကို ပြန်သွား ခိုကပ်ခဲ့ရသည်။ တစ်နှစ်ခန့် အကြာတွင် ရန်ကုန် ပြန်လာပြီး အလုပ် ရှာပါသော်လည်း မရ၍ ရရာ အလုပ်ကို ဝင်လုပ်သည့် အနေဖြင့် သဲသမ္ဗာန်မှာ လှေထိုးသား လုပ်ခဲ့ရသည်။ ဒီ ဆိုင်မှာ အလုပ်ရတာ သုံးလမျှသာ ရှိသေးသည် ဟု ပြောပြသည်။

ကိုအဏ္ဏဝါမှာ သူ့ဘဝ သူ့အကြောင်း ကို တိတိကျကျ အစအဆုံး သိသူနှင့်မှ တည့်တည့်ကြီး လာတိုးပြီး အိမ်နီးပါးချင်း ဖြစ်ရတော့မှာမို့ စိတ်ဓာတ်ကျပြီး အကြီးအကျယ် မော်တာ ဒေါင်းသွားသည်။ မဖြူတုတ် ကတော့ သူ့ဘော်ဒါ နှင့် ပြန်တွေ့ရ၍ ဝမ်းသာနေပုံရသည်။

“ တို့ ဟိုအိမ်ကြီး ကို ဝယ်လိုက်တယ် ဟဲ့ ... အတော်ပဲ နင် နဲ့ ပြန်တွေ့တော့ ငါ လည်း အနားမှာ အမဲအူပြုတ်ဆိုင် ပြန်ထွက်ဦးမယ် ” တဲ့ ။

မဖြူတုတ် ထံမှ မမျှော်လင့်သော စကားကို ကြားလိုက်ရသည့် ကိုအဏ္ဏဝါ ခမျာ သူ့ နဖူးပြောင်ကြီး ကို သူ့လက်ဝါး ဖြင့် ဖျန်းခနဲ မြည်အောင် ရိုက်ချလိုက်လေသတည်း။

---

#အဏ္ဏဝါစိုးမိုး
#မေ့မရသည်သာ

#shared_by_louis_augustine
#sbla

Comments