ကျွန်တော့် ဘဝဇာတ်ကြောင်း ( လှည်းနင်းခံရခြင်း ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( လှည်းနင်းခံရခြင်း ) // သော်တာဆွေ
---
လှည်းနင်းခံရခြင်း
တနေ့သောအခါဝယ် ကျွန်တော်၏ကျောင်းနေဘက် သူငယ်ချင်း ယင်းခေတ်၌ စစ်ဗိုလ် ဖြစ်နေသူနှင့်တွေ့၍ ထိုနေ့အိမ်ပြန်လှည်းဖြုတ်နောက်ကျခဲ့သည်။ စမ်းချောင်းထိပ်မှ ရှမ်းလမ်းမကြီးသို့ ဝင်သောအခါ မှောင်၍နေပါပြီ။ အိမ်အပြန်မို့ ကျွန်တော်သည် လူလည်း ခပ်ထွေထွေဖြစ်နေ၍ မြင်းဇက်ကို ကောင်းစွာမထိန်းနိုင်တော့ဘဲ သူငယ်ချင်းနှစ်ယောက် စကား တပြောပြောနှင့် လာခဲ့ကြ၏။ ထိုအခါမှာ မိရွှေနီ မျက်နှာတပ်ထားသော အုပ်ခွက်သည် သူ့ခေါင်းနှင့် ခပ်ချောင်ချောင် နေသောကြောင့် ဇက်သွားက သူ့ပါးစပ်မှပြုတ်နေ၏။ ဒါကို ကျွန်တော်မသိ။ အကယ်၍ တစုံတရာ အနှောင့်အရှက်မရှိဘူးဆိုလဲ ဘာမျှမဖြစ်နိုင်ပေ။
သို့သော် ညောင်တုန်းလမ်းထိပ် အရောက်တွင် သံပုံးတလုံးတဝုန်းဝုန်းကျသံကို ကြားရသည်၌ မိရွှေနီမှာ နကို ကြောက်တတ်သော ဉာဉ်ရှိသည့်အတိုင်း တခါတည်း လန့်၍ ကဆုန် စိုင်းပါလေတော့သည်။
ကျွန်တော်က ဇက်ကြိုးဆွဲသော်လည်း ဇက်သွားလွတ်နေပြီဖြစ်သောကြောင့် မရတော့။ အရမ်းဆွဲ၍ အုပ်ခွက် သူ့မျက်နှာမှ ကျွတ်သွားသောအခါ၌ ပိုဆိုးပေတော့သည်။
ဤနေရာ၌ မိရွှေနီ အစွမ်းကုန်လန့်ကာ လမ်းမကြီးတလျှောက်၌ ခြေကုန် ကဆုန်စိုင်းပေ တော့သည်။ ယင်းကို မြင်းစကားဖြင့် “ယူပြေးသည်” ဟုခေါ်သည်။
လမ်းက အားလုံးလူတွေ အလန့်တကြား ဘေးကိုငဲ့ကြသည်။ အော်သူအော်၊ ဆဲသူဆဲ၊ ကျွန်တော့် သူငယ်ချင်း စစ်ဗိုလ်ကား ဂျပန်ဓားရှည်ကြီး ကားယားနှင့် လှည်းပေါ်က ဒလိမ့်ခေါက်ကွေး ကျခဲ့ပေပြီ။
ကျွန်တော်မူ မြင်းလှည်းသမားပီပီ သတိရှိ၍ မြင်းလှည်းလက်တံကို တွယ်လိုက်သွားကာ မြင်းမမျက်နှာကို ဖမ်းချုပ်နိုင်ရန် ရှေ့မှဆင်း၏။ သို့သော် မြင်းမ၏ မြန်လှသောအရှိန်ကို မလိုက်နိုင်သဖြင့် ကျွန်တော် ဝမ်းလျားမှောက်လဲ၍ လှည်းဘီးက ခါးကိုဖြတ်နင်းသွားတော့၏။
မြင်းမသည် ရှမ်းလမ်းမကြီးအတိုင်း ပြေးရာမှ ထိုစဉ်က နှစ်ကျပ်ခွဲကွက်သစ်ခေါ်သော ဆင်းရဲသားအိမ်စု တဲအိမ်များထဲသို့ ကွေ့ဝင်ကာ အိမ်အချို့ကိုတိုက်ပြီးနောက် သရက်တောလမ်း သို့တက်ပြေး၏။
ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းမှာမူ လမ်းကောင်းစွာမလျှောက်နိုင်တော့ဘဲ နောက်မှ ထော့နဲ့ထော့နဲ့နှင့်လိုက်ရ၏။ သရက်တောလမ်းနှင့် လင်းလွန်းလမ်းဒေါင့် ကမူမြင့်ပေါ် ကအိမ်ရှေ့ ကနဖျင်းတိုင်ကို လှည်းဘီးခွတိုက်ကာ မြင်းမရပ်နေသည်ကိုတွေ့ရ၏။ လူအချို့က ချုပ်ကိုင်ထား၏။ လှည်းဘီးတဖက်မှာ ဒေါက်တွေ ဒဂူတွေကျိုးပဲ့၍ ပုံလျက်သားကျနေ၏။ ကနဖျင်း တခြမ်းယိုင်သွား၏။ ယင်းပိုင်ရှင်က ကိုယ့်လိုဘဲ မြင်းလှည်းသမားမို့ ကိစ္စမရှိသော်လည်း နှစ်ကျပ်ခွဲကွက်သစ်က ပွတ်တိုက် သွားသော အိမ်တို့ကိုမူ အလျော်ပေးရ၏။
သူတို့အယူအဆမှာ ယာဉ်တခုက ပွတ်တိုက်သွားပါက ဘာမျှမကျိုးပဲ့သော်လည်း အိမ်ကို ခိုက်တတ်သည်မို့ အိမ်နတ်မင်း မဟာဂီရိကို ကန်တော့ရမည်ဆို၏။
သူတို့ ရပ်ကွက်ကို နှစ်ကျပ်ခွဲကွက်သစ်ဟု ခေါ်သည်မှာ ဂျပန်ခေတ်ကဗုံးဒဏ်ကြောင့် ဟိုမှ သည်မှ ပြောင်းလာကြသော ဆင်းရဲသားတွေ တဲအိမ် တနေရာစာကို တလလျှင် နှစ်ကျပ်ခွဲ ပေးဆောက်နေရသောကြောင့် ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ထိုအချိန်၌ ကန်တော့ပွဲတခု၏ အုန်း ငှက်ပျောတန်ဘိုးမှာ နှစ်ကျပ်ခွဲမျှဖြစ်၍ ကျွန်တော့်မြင်းလှည်းပွတ်သွားသည်ဆိုသော တဲအိမ် လေးငါး လုံးကို နှစ်ကျပ်ခွဲစီ ပေးလိုက်ရပါ၏။
မြင်းလှည်းဘီးပြန်ပြင်လိုက်ရတာက ၅ဝ ကျော်ကုန်၏။ ကျွန်တော် မြင်းလှည်းပေါ်ကကျပြီး ခါးလှည်းနင်းသွားသည့် ဒဏ်ကလည်း တော်တော်ကြာခံလိုက်ရ၏။
မရွှေနီနှင့် ကျွန်တော်ဖြစ်ရပုံက ဒါတွင်ဘဲလားတဲ့။ မကသေးဘူးခင်ဗျာ။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment