ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဟေးဟိုး အဆော်ခံရခြင်း ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဟေးဟိုး အဆော်ခံရခြင်း ) // သော်တာဆွေ

---

ဟေးဟိုး အဆော်ခံရခြင်း 

တနေ့သ၌ ကျွန်တော်သည် မိရွှေနီကို ဗဟန်းတခေါက်၊ ရန်ကုန်တခေါက် မောင်းပြီး၍ နေ့တွက်ကိုက်ပေပြီ။ သူ့လုပ်အားလည်း ဒီနေ့အဖို့ ကုန်လေပြီ။ မိုးချုပ်ခါနီး မြင်းစာဝယ်ရင်း လမ်းထိပ်တွင် ရပ်ထားတုန်း ဗြုန်းဆို ဟေးဟိုးစစ်သား ခုနှစ်ယောက်ရောက်လာကာ ကျွန်တော့် လှည်းကို သူတို့နှင့်လိုက်ပါဆို၏။

ကျွန်တော်က ဤမြင်းကို ဒီနေ့အဖို့ နောက်ထပ်မောင်းမဖြစ်တော့ကြောင်း အကျိုး အကြောင်း ပြောပြကာ အကြိမ်ကြိမ်တောင်းပန် ငြင်းဆိုပါသော်လည်း အခြားလှည်းတစီးမျှ မရှိတော့၍ (ရှိပါ့မလား အခြေအနေကြည့်ပြီး ထုံးစံအတိုင်း လစ်ကြတာကိုး။) လှည်းပေါ်အတင်း တက်ထိုင်ကြကာ သူတို့ဟာသူတို့ မောင်းသွားမည် လုပ်ကြတော့၏။ ယင်း၌ ကျွန်တော်က မြင်း ဇက်ကြိုးကို မပေးဘဲ သူ့ဘက်ကိုယ့်ဘက် လုကြသည်တွင် ငတိတို့လည်း 

“ဒီကောင်ခေါင်းမာ တယ်ဆော်ကွာ။ မင်းဘယ်လောက်မိုက်လို့လဲ”

ဆိုပြီး အရက်မူးမူးနှင့်သူတို့ခါးက ဘဲနက်တွေ ထုတ်ကြကာ ခုနှစ်ယောက်နှင့် တယောက် ဆော်လဘန်တေ ကြတော့၏။

နှစ်ယောက်က ကျွန်တော့်ရင်ဝနှင့်ကျောကို ရှေ့နောက် ဘဲနက်နှင့်ထောက်ထားကြ၏။ ကျန်ငါးယောက်က အသွားနှင့်လည်းကောင်း အပြားနှင့်လည်းကောင်း၊ အနှောင့်နှင့်လည်း ကောင်း ခုတ်ကြရိုက်ကြ၏။

နဘေးမှ မြင်မကောင်း၍ လာဖျင်သူ လူတယောက်ကိုလည်း ဆော်လွှတ်သဖြင့် ပြေးရ၏။ သူတို့သည် ဂျပန်အားကိုးနှင့် ဗမာအချင်းချင်း မိုက်ရိုင်းကြသူများဖြစ်၏။

ကျွန်တော်က ဤနေရာ၌ သွေးပူပူဖြင့် သေချင်သေပစေတော့၊ ငါ့မြင်းမတော့ ဒင်းတို့ လက်ထဲမအပ်ဖူးဟု ဇွတ်ပေခံ၏။ သည်လို စိတ်တင်းထားလိုက်သောအခါ၌ ကိုယ်ပေါ် ခေါင်းပေါ် မီးဖွားတဖျောက်ဖျက် ကျသလိုသာ ခံစားရပေတော့သည်။ 

နောက်ဆုံး၌ ခံနေသူ သက်သက်ကို တဖက်သတ်လုပ်၍ အားရကြတော့မှ အသိတရားရသလို သူတို့အချင်းချင်း 

“လွန် မယ် လွန်မယ်”

ဟုပြောပြီး ထွက်ခွာသွားကြတော့၏။ ထိုအခါ၌ ကျွန်တော့်မှာ မြင်းလှည်းလက်တံ ကိုမှီကာ ဦးခေါင်းမှ မျက်နှာပေါ်သွေးများစီးယိုလျက် မိန်းမောမူးဝေ၍ ကျန်ခဲ့တော့၏။

ဒုတိယအကြိမ် အကြပ်ကိုင်သူများကား နိပွန်မာစတာများကိုယ်တော်တိုင်ဖြစ်တော့၏။ အချိန်က မြင်းမအတွက်ပို၍ပင် ဆိုးချေသည်။ နွေရာသီ နေ့လယ်မွန်းတည့်လုနီးဖြစ်၏။ ထိုရက်ပိုင်းက ကျွန်တော်သည် မိရွှေနီကို မနက်ချိန်သာ ထွက်မောင်း၍ နေ့တွက်နှစ်ခေါက် မောင်းပြီး မြင်းမသံခွာတခု ကျွတ်သွားသဖြင့် လမ်းထိပ်တွင် အသစ်ရိုက်ပေးနေစဉ်ဖြစ်၏။

ယင်းအခိုက် ဂျပန်တသိုက် ရောက်လာပြီး ဗဟန်းကိုပို့ပါဟုဆို၏။ ကျွန်တော်က မြင်းမ ချွေးသံရွှဲရွဲ ဟောဟဲဖြစ်နေပုံကိုပြပြီး သေလိမ့်မယ် မပို့နိုင်ဘူးဟု ပြောသောအခါ “ခူးရား” လုပ်ကြ တော့

ဟဲ ဟဲ သူတို့အား ကျွန်တော်သတ္တိမပြဝံ့တော့ပေ။ (သက်ဦးဆံပိုင်များကိုး။) သို့သော် ကျွန်တော် မြင်းမတော့ ကျွန်တော်မညှာမတာ မမောင်းရက်။ မချိတင်ကဲ ဝန်ကို ဆွဲရသည်လည်း မကြည့်လို၍ အနီး၌ အသင့်ရှိနေသော “လှည်းကြုံမောင်း စပယ်ယာ” ကုလား အာပနားအား အကျိုးအကြောင်းပြောပြပြီး

“ကဲ မင်းဖြေးဖြေး သက်သာကြည့်ပြီး မောင်းပို့လိုက်ပါတော့ကွာ”

မိရွှေနီသည် ဘယ်လောက်ပဲပန်းပန်း လူခိုင်းစေသမျှကိုတော့ မတွန့်မဆုတ် ဆောင်ရွက် တတ်၏။ သူ့အားရှိသမျှ သွားနိုင်သမျှတော့ ခိုကပ်ခြင်းဟူ၍ သူ့ဘဝတသက်တာမှာ တခါမျှမရှိခဲ့ချေ။

ယခု ဂျပန်ငါးကောင် တင်သွားရာမှာလည်း ခွာသံပြင်းပြင်း လေးဘက်ကွဲကွဲပင် ထွက်သွားသည်။
သို့သော် နာရီဝက်မျှအကြာ၌ ဗဟန်းမှလာသောမြင်းရထားတစီးက 

“ကိုကြင်ဆွေ၊ ခင်ဗျာမြင်းမလေး ရေတာရှည်လမ်းထိပ်မှာ လဲနေပြီ”

မိရွှေနီကို နှာလံထူအောင် ကုပေးခဲ့သောဆရာကြီးသည် 

“ဒီမြင်းမကို တနေ့ နှစ်ခေါက် ထက် ဘယ်တော့မှ ပိုမခိုင်းနဲ့။ လျှော့နိုင်သလောက်သာ လျှော့ခိုင်းပါ”

ဟု မှာစကားရှိ၏။

ယခု မလွှဲမရှောင်သာ ပြုလိုက်ရသည်။
ကြည့်မြင်တိုင်ဘက်မှ လာသော ပထမဦးဆုံးကြုံရာ မြင်းရထားနှင့် ကျွန်တော်လိုက်သွား သောအခါ မိရွှေနီအသက်မရှိတော့ပြီ။

“ကျွန်တော်တချက်မှ ရိုက်မမောင်းဘူး ကိုကြင်ဆွေ” 

အာပနားက ဆီးပြော၏။ 

“ခင်ဗျား မှာလိုက်တဲ့အတိုင်း သူမသွားနိုင်လို့ ရပ်ရင်၊ ကျွန်တော်ဂျပန်တွေကို ဆင်းခိုင်းမှာဘဲ။ အခုတော့ ဟော ဒီနေရာမှာ ဘုံးဘုံးလဲတဲ့အထိ သူ့ခြေဟာ တချက်မှမပျက်ဖူးဗျ။ အာဂမြင်းမ ရှာမှရှား ရော”  

မိရွှေနီသည် သူ၏တာဝန်ကို အသက်သေသည်အထိ ထမ်းဆောင်သွားရှာပေသည်။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments