ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဘလိုင်းမာစတာ ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဘလိုင်းမာစတာ ) // သော်တာဆွေ

---

ဘလိုင်းမာစတာ 

တနေ့သော နေ့လယ်ခင်းဝယ် အဝတ်အစားနွမ်းပါးသော အဖိုးအိုတယောက်နှင့် အမယ် အိုတယောက်သည် ကျွန်တော့်လက်ဖက်ရည်ဆိုင်ထဲသို့ ရောက်လာကြ၏။ အဖိုးကြီးမှာ မျက်စိ မမြင်ရှာချေ။ တိမ်သလ္လာတို့ဖြင့် ကြောင်တောင် ကွယ်နေ၏။ အမယ်ကြီးက တောင်ဝှေးဆွဲရ၏။ စားပွဲတခုတွင် အမယ်ကြီးက အဖိုးကြီးအား နေရာထိုင်ခင်းပေးပြီး လက်ဖက်ရည်တခွက် (အဖိုးကြီးဘို့သာ)မှာ၏။ ကျွန်တော်ဖျော်ပြီး သွားပို့၍ ဆိုင်ရှင်တို့ဝတ္တရားအတိုင်း

“မုန့်ကော သုံးဆောင်ပါအုံးမလားခင်ဗျာ”

“မစားပါဘူးကွယ်။ ဒါနဲ့မောင်ရင့်ဆိုင်ရှေ့က မြင်းဟာဘယ်သူ့မြင်းလဲကွယ့်” 

အဖိုးကြီး မျက်မမြင်ကမေး၏။

“ကျွန်တော့်မြင်းပါဘဲ ခင်ဗျာ”

“မမာတာ တော်တော်ကြာပြီလား”

“ကြာပါပြီခင်ဗျာ။ ဒီမြင်းမ မမာတာ ဘယ်သူပြောလိုက်ပါလို့လဲ”

“ပြောလို့မဟုတ်ပါဘူး။ အနားကပ်ဖြတ်လာတော့ သူ့အနံ့ အသက်ရှုရတာနဲ့သိတာပေါ့” 

အလား ကျွန်တော် အံ့သြသွားသည်။ 

“ဘကြီးက မြင်းအကြောင်း တော်တော်နားလည်တယ်ထင်ပါရဲ့”

“ကျုပ် မြင်းဆေးဆရာဘဲ။ မောင်ရင့်မြင်း ဆေးမကုဘူးလား”

“အနီးအနားက မြင်းဆရာတွေဆေးဝယ်ကျွေးနေတာဘဲ။ ဒါပေမယ့် ထူးခြားတယ် မရှိပါ ဘူးခင်ဗျာ”

“ဒါဖြင့် ကျုပ် မောင်ရင့်မြင်း ကြည့်ချင်တယ်”

မျက်စိ လုံးဝမမြင်သူက ရောဂါသည်မြင်း ကြည့်ချင်တယ်ဆိုတော့ ကျွန်တော်ရယ်ချင်စိတ် ပေါ်မိပါသည်။ သို့သော် လက်ဖက်ရည်သောက်ပြီး အဖွားကြီးက တွဲခေါ်သွား၍ မြင်းမနား ရောက်လျှင် ကျွန်တော်က မြင်းပါးချပ်ကို သူ့လက်ထဲ ထိုးအပ်လိုက်သည်၌ အဖိုးကြီးသည် မြင်းမ လျှာ ဆွဲကြည့်ခြင်း၊ အာစောင်နှိုက်ခြင်း၊ နားရွက်ကို စမ်းသပ်ခြင်း၊ ကျောကိုပွတ်ခြင်း၊ ဝမ်းဗိုက် ပုတ်ခြင်း၊ မြင်းချေးနံ့သေးနံ့ကို ရှူရှိုက်ကြည့်ခြင်းများပြုပြီးနောက်။

“ဇီးလျှောပြီး ဖြစ်တာဘဲ။ မောင်ရင့်မြင်းမရောဂါကို ကျုပ်ကုနိုင်တယ်။ မပျောက်ရင် တပြားမှမပေးနဲ့” 

ကျွန်တော်ရုတ်တရက် ဝမ်းသာသွားသည်။ သူပြောပုံဆိုပုံမှာလည်း ယုံကြည်ထိုက်သော အသံသြဇာပါ ပါသည်။

“ကောင်းပါပြီ။ သို့သော် ခုရှုပ်မှ နောင်ရှင်းဖြစ်အောင် ပျောက်ရင် ဘယ်လောက်ပေးရ မယ်ဆိုတာ အမိန့်ရှိပါ”

“ဒါကိုတော့ ကျုပ်မပြောလိုပါဘူး။ မောင်ရင့်စိတ်နဲ့စေတနာပေါ်မှာ တည်ပါတယ်။ မောင်ရင် ပြောသံဆိုသံ ကြားရရုံနဲ့ လူမမြင်ရပေမယ့် အနိယတ္တ တယောက် မဟုတ်ဖူးဆိုတာ ကျုပ်သိပါတယ်”

ကျွန်တော် လက်ဖက်ရည်သည် မြင်းလှည်းသမားလေးကိုမှ မြှောက်လိုလေခြင်းဟု အောက်မေ့ခဲ့သည်။

အတိုချုပ်ကား မြင်းမလေးကို သူ့လက်ထဲအပ်လိုက်သည်။ အဖိုးကြီးနှင့်အဖွားကြီးသည် မနက်နှင့် ညနေ တနေ့နှစ်ခါလာ၍ ဆေးကျွေးပြုစုသည်။ ကျွန်တော်တို့ သတ္တဝါသုံးဦးကံစပ် သည်ဟုဆိုရပေမည်။ မြင်းမလေးသည် ခုနှစ်ရက်အတွင်း၌ သိသိသာသာပြောင်းလဲလာသည်။ အစာတွေတနေ့တခြား စားလာ၍ ဆီးတွေဝမ်းတွေ ကောင်းလာလိုက်ရာ တစတစနှင့် သူ့အမွေး အရောင် ခဝဲသီးခြောက်ရောင်မှ ဝါ၊ ဝါရာမှ နောက်ဆုံးတွင် အနီရောင် တောက်ပြောင်လာလေ တော့သည်။ ဤကားသူ့အမွေးအရောင် အမှန်။ ထို့ကြောင့် ဤမြင်းမလေးကို “မိရွှေနီ”ဟု နာမည် ပေးလိုက်တော့သည်။

အစဦးဖြင့် ဟိုမြင်းလှည်းဆရာများ ခေါ်ခဲ့သည့် “ဖွားဇုံ” အမည်နှင့်ဘဲ အဆုံးသတ်ရတော့ မလား အောက်မေ့ခဲ့သည်။ ယခုကား မိရွှေနီနှင့် ကျွန်တော်ဘဝစခန်းတွင် တဇာတ်လမ်း ဖွင့်ရ ပေတော့မည်။

သို့သော် ကျွန်တော်တို့ ကျေးဇူးရှင် ဆရာကြီးအကြောင်းကို ဖော်ပြလိုပါသေး သည်။ ထိုအဖိုးကြီးသည် ဂျပန်ခေတ်က ရန်ကုန် မြင်းလှည်းသမားတို့နယ်ပယ်၌ ကျွန်တော် မြင်းမလေးကစပြီး လူကြိုက်များ၍ “ဘလိုင်းမာစတာ” ဟု နာမည်ကြီးသွားသူဖြစ်ပါ၏။

မူလကြို့ပင်ကောက်မြို့ကဖြစ်၏။ ရန်ကုန်၌ မြင်းလှည်းတွေခေတ်ကောင်းသည်ဖြစ်၍ ကြို့ပင်ကောက်က မြင်းလှည်းသမား၊ မြင်းမွှေးထိုးသမား၊ မြင်းသံခွာရိုက်သမားတွေ ရန်ကုန်ဆင်း လာကြရာ၌ သူလည်းပါလာခဲ့၍ ကျွန်တော့်မြင်းမလေးမှ ပထမဦးဆုံး နာမည်ထွက်သွားခြင်းဖြစ် ပေသည်။  

မျက်စိမမြင်သော်လည်း မြင်းတို့၏ရောဂါပေါင်းစုံကို ကုစွမ်းနိုင်သည်။ အချို့မြင်းဆေး ဆရာတွေလို ဆီးဆေးတဖုံ၊ ဝမ်းနုတ်ဆေးတလက်၊ နှာဆေးတနည်းဖြင့် ဆရာလုပ်သည်မဟုတ်။ ရှေးမြန်မာ မြင်းကျမ်း၊ ဆေးကျမ်းကို ကောင်းကောင်းကြီး ကျွမ်းကျင်ခဲ့သူဖြစ်သည်။ 

နာမည်ရင်း ဦးပုဖြစ်ပါသည်။ သူပျိုရွယ်စဉ်က မြင်းစီးနာမည်ကျော်ဖြစ်ခဲ့၏။ မြင်းပြိုင်ပွဲ ဒုန်းစီးဂျော်ကီမျိုး မဟုတ်။ မြန်မာနည်း အသားကျ၊ အလှစီးဖြစ်၏။

“မောင်ကြင်ဆွေရယ်၊ ကျုပ်ကျင့်ထားတဲ့ မြင်းများ၊ ကျုပ်စီးလိုက်ရမယ်ဆိုရင်တော့ ဒီလို ကုန်းနှီးပေါ် တင်ပလ္လင်ခွေထိုင်ပြီး ဇက်ကြိုးမကိုင်ဘူးကွယ့်။ ဟောဒီအတိုင်း လက်ပိုက်ထားလိုက် တယ်” (သူ မိန့်မိန့်ကြီး ထိုင်ပြပုံကို ယခု ကျွန်တော့်မျက်စိထဲတွင် မြင်ယောင်မိသေးသည်။) 

“နို့ပြီး ခေါင်းပေါင်းစကလဲ တတောင်ချလား လကွာ။ လေထဲမှာ ကြွက်မြီးတန်းနေတယ်ကွ။ မြင်းကလဲ အဲဒီလောက်မြန်တာ။ ဒို့ခေတ်ပြိုင်ရတာက မြင်းအမြန်တွင်မဟုတ်ဖူး။ ဂျော်ကီစတိုင် ရော၊ မြင်း ခြေကျလက်ကျရော၊ လူကြီးတွေက ဂရို့ ချိုး မှတ်ကြတာကွ”

လူလည်း လူခန့်၊ ဥပဓိရုပ်လည်း ကောင်းသူဖြစ်၍ အပြောလည်းပိုင်လှသည်။ ထိုမြင်းမ လေးမှစ၍ ကျွန်တော်၏မြင်းလှည်းသမား ဘဝမှာ ကျွန်တော်၏ကိုးကွယ်ဆည်းကပ်ရာ ဖြစ်လျက် မကြာခဏ စကားလက်ဆုံကျခဲ့ ပါသည်။

မြင်း၏ ဗွေအင်္ဂါ အမျိုးမျိုး၊ အဆိုးအကောင်း ကြန်အင်လက္ခဏာ အဖြာဖြာတို့ကို ကျမ်းဂန်အလာမှ လည်းကောင်း၊ သူ့ဘဝ ကိုယ်တွေ့မှလည်းကောင်း ပြောပြသော အခါများ၌ မှတ်သားစရာ ကောင်းသည့်အပြင် စိတ်ပါဝင်စားအောင်လည်း ပြောဆိုနိုင်စွမ်းရှိပါပေသည်။

သခင်ကိုအကျိုးပေးမည့်မြင်း၊ အကျိုးယုတ်စေမည့်မြင်း၊ အိမ်မှာ ကျက်သရေမင်္ဂလာ ရှိစေ မည့်မြင်း၊ အမင်္ဂလာဖြစ်စေမည့်မြင်း၊ မြင်းဘီလူး၊ မြင်းပုခက်။

မြင်းဘီလူး မည်သည်မှာ ည အချိန်မတော် ခွေးကဲ့သို့ ဆောင့်ကြောင့်ထိုင်တတ်သည်။ မြင်းပုခက်မှာ (မြပုခက်ဟုလည်းခေါ်သည်။) သူ့ကိုယ်ကို ပုခက်ကဲ့သို့ လွှဲယမ်းနေတတ်သည်။ ထိုမြင်းများ အကြောင်းနှင့် ပတ်သက်၍ ဆရာကြီးသည် ချစ်စရာ နှစ်သက်စရာများသာမက ကြောက်စရာ၊ ကြက်သီး မွှေးညှင်းထစရာများပါ ပြောတတ်ပါသည်။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments