ဝတ္ထု နှင့် ရုပ်ရှင် // သာဓု
ဝတ္ထု နှင့် ရုပ်ရှင် // သာဓု
(သာဓုလူဝါးဝတယ်)
---
သာဓု မှတ်မိသလောက် မြန်မာ ရုပ်ရှင်ဟူ၍ စတင်ပေါ်ပေါက် လာစဉ်က ယခုကဲ့သို့ “ ရုပ်ရှင်” ဟူ၍ အမည်မတပ်။
“အရိပ်ပြပွဲ လိုက်ချင်ရင် ဒေါ်ဒေါ့်ကို နင်းပေး”
သာဓုတို့ အဒေါ်များက တခုခု ခိုင်းလိုလျှင် ယင်းသို့ ပြောတတ်ကြသည်။ “အရိပ်ပြပွဲ” ဆိုသည်မှာ ယခုအခေါ် “ ရုပ်ရှင်”။ သို့တစေ အင်္ဂလိပ်စာ မတတ်သော မြန်မာများက “အရိပ်ပြပွဲ” ဟု ခေါ်သော်လည်း အင်္ဂလိပ်စကား တဆစ်ချိုးတတ်တို့ကမူ “ဘိုင်စကုတ်” ဟု အင်္ဂလိပ် အသံထွက်၍ ခေါ်ကြသည်။
တဖြည်းဖြည်း ကာလရွေ့လျားလာသည်နှင့်အမျှ မြန်မာစာတတ် မြန်မာတို့က “အရိပ်ပြပွဲ” မှ “ဓာတ်ရှင်” ဟု ပြောင်းလွှဲ ခေါ်လာကြကာ အင်္ဂလိပ် စာတတ်တို့ကလည်း “ဘိုင်အိုစကုတ်” ဟု ပြင်ခေါ်ကြသည်။ ကြာသော် “ ရုပ်ရှင်” ဟု မြန်မာ ဆန်ဆန် ခေါ်သူက ခေါ်ပြီး ရွှတ်-ရှက်-ဒွတ် ဒက်သမား တို့ကမူ ဘိုသံ ပါပါ “မိုးရှင်းပစ်ချာ” ဟူ၍ လည်းကောင်း၊ “မူဗွီ” ဟူ၍ လည်းကောင်း ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။
ဗဟုသုတ အဖြစ် မှတ်မိသလောက် တင်ပြရသော် ၁၉၂၀ ခုနှစ်လောက်ဆီက ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းခဲ့သူများ အနက် တဦးဖြစ်သူ မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဦးထွန်းရှိန် ကွယ်လွန် သွားချိန် ရုပ်ရှင်ရိုက် ကင်မရာအဟောင်း တခုကလည်း ရန်ကုန်သို့ ရောက်ရှိနေချိန် ဖြစ် သောကြောင့် မြန်မာ့ ပထမကင်မရာမင်း (ဓာတ်ပုံဆရာ) ဦးမောင်မောင်က သတင်းကားအဖြစ် ပေ၂၅၀ ခန့် ရိုက်ကူးပြီး နိုင်ငံခြားကား တကားဖြင့် ပူးတွဲပြသရာ အထူးကျော်ကြား အောင်မြင်ခဲ့လေ သတတ်။ အဆိုပါ ကင်မရာမင်း ဦးမောင်မောင်သည် ယခုတိုင် အသက် ထင်ရှား ရှိနေသေးလျက် သူ၏ ဈာပနသတင်းကား လက်စွမ်း လက်စကြောင့်ပင်လျှင် ရုပ်ရှင်ရိုက်ခြင်း အခြေခံ ရသွားကြသည်။
ထို့နောက် “မေတ္တာနှင့် သူရာ” ဇာတ်ကားကို မင်းသား မောင်ဘဌေး (ယခု အေဝမ်း ဦးညီပု) မအေးကြည် (ခေါ်) မရီတို့ တွဲဖက် ပါဝင်စေလျက် ဇာတ်ညွှန်း ပီမိုးနင်း၊ ဒါရိုက်တာ ဦးတုတ်ကြီး၊ ဓာတ်ပုံ ဦးမောင်မောင် တို့၏ ကြိုးပမ်းမှုဖြင့် ပြည့်ပြည့်၀၀ မြန်မာ ဇာတ်ကား တကား ပွဲဦး ထွက်လာချေသည်။
ထိုစဉ်က ဇာတ်ကားများမှာ အသံတိတ် စာတန်းထိုး ဇာတ်ကားများ ဖြစ်လျက် ယခုကဲ့သို့ ဆက်တိုက်ပြ၍ မရသေးဘဲ တပိုင်း (ပေ ၁၀၀၀) ခန့်ပြပြီး စက်ရပ်၍ နောက်တပိုင်းလဲ ထည့်ရလေရာ ၁၀ မိနစ်ကျော်ကျော်တွင် တကြိမ်ရပ်၊ တကြိမ်မီးဖွင့်လျက် (အပိုင်း ၂ ဆက်လက် ရှုစားတော်မူကြပါ။) ဟူသော စာတန်း ထိုးပြထားပြီးမှ ထိုအပိုင်း အဆင်သင့်ဖြစ်သည်နှင့် မီးမှိတ် ဆက်ပြလေတော့၏။ ကြည့်ရသည်မှာ အရသာ ပျက်လှ၏။
၁၉၃၀ ခုနှစ်လောက်ဆီတွင် “ငွေပေးလို့မရ” ဟူသော မြန်မာ့ ပထမ အသံထွက်ကားတကား ပေါ်ထွက်လာကာ မင်းသားမှာ အေးကို မင်းသမီးကိုကား မမှတ်မိတော့ချေ။ သို့တိုင်၊ ယခုအထိ အမှတ်တရ မျက်စိတွင် စွဲနေခဲ့သည့် သရုပ်ဆောင် ဇာတ်ပို့ကိုမူ သာဓု မမေ့။ ဒေါ်သိန်း ဆိုသူဖြစ်လျက် သူက မင်းသားအေးကိုအား ငွေဖြင့်ချူ၍ တစ်ဖတ်သတ်ချစ်နေသော အဖွားကြီး အဖြစ် သရုပ်ဆောင်ပုံမှာ ကောင်းလွန်း လှသည်။ အေးကိုက သူ့အား ပြန်မချစ်နိုင်ကြောင်း ခါးခါးသီးသီး ငြင်းဆန်ထွက်သွားသည်၌
“သြော်၊ မောင်ကိုကို မောင်ကိုကို၊ အချစ်ဆိုတာ ငွေပေးလို့လည်း မရပါလားကွယ်”
သို့ရေရွတ်ရင်း ငိုချလိုက်ဟန်ကို သာဓု တွေးမိတိုင်း မျက်စိထဲတွင် အထင်းသား ပေါ်၍ ပေါ်၍ လာလေတော့သည်။ အထက်ပါ စကားလည်း နားထဲတွင် ကြားယောင်လာသည်။
ထိုမည်သော ရုပ်ရှင် ပေါ်စခေတ်မှသည် (စိတ်အထင် ၁၉၅၀ ခုလောက်အထိ) အနှစ် ၃၀ နီးပါး မြန်မာ ရုပ်ရှင်သမား တို့သည် စာရေးဆရာများ ဖြစ်၏။ ဝတ္ထုများကို ထပ်တူသော် လည်းကောင်း၊ ပြောင်ပြောင်တင်းတင်း သော်လည်းကောင်း ဇာတ်လမ်း ဇာတ်ကွက်၊ စကားလုံး ပါမကျန် (ခိုးချ) ရိုက်ကူးခဲ့ သော်လည်း
“ကျုပ်ဝတ္ထုတော့ ယူရိုက်သွားပြန်ပြီဗျာ”
“ခုပြနေတဲ့ကားဟာ ကျွန်တော့် ဝတ္ထုဇာတ်လမ်းပေါ့၊ ခိုးချ ပြန်ပြီ”
“ပိုက်ဆံ မပေးချင်နေ၊ ခွင့်တော့ တောင်းဖို့ကောင်းပါတယ်”
ဤလိုစကားနှင့် ညည်းအားသာ သန်နေကြသည်။ မည်သူကမျှ ထိထိရောက်ရောက် ကန့်ကွက်ခြင်း၊ အရေးဆိုခြင်း မရှိခဲ့ကြ။
သာဓုကို စမ်းကြသည်။
ပဒေသာ မဂ္ဂဇင်းတွင် ဝတ္ထုရှည် အဖြစ် ရေးလိုက်သော “ချစ်ပဒေသာ” ဝတ္ထုကို ရန်ကုန်ရုပ်ရှင်မှ ဒါရိုက်တာ တင်မြင့် (ဖိုးပါလေး) က လုံးစေ့ပတ်စေ့ ကူးချပြီး “ပျို့ချစ်လင်” အမည်ဖြင့် မြန်မာ့ ပထမ (ဆေးရောင်စုံ) ကားကို ရိုက်ထုတ်လိုက်သည်တွင် သာဓုက တန်ရာတန်ကြေး အရေးဆိုသည်။ ၎င်းတို့က ဝေ့လည် ကြောင်ပတ် လုပ်နေသောကြောင့် ရုံးတင် တရားစွဲ၊ ပြနေဆဲ ယင်းဇာတ်ကားများ ဝါးရမ်းဖြင့် ဖမ်းလိုက် သောကြောင့် ရုပ်ရှင် တလောကလုံး တုန်လှုပ်သွားလေတော့၏။ အမှုစစ်၍ ဆိုင်ရာ တရားသူကြီး ကိုယ်တိုင် ဝတ္ထုလည်းဖတ်၊ အဆိုပါ “ပျို့ချစ်လင်” ကားကိုလည်း သီးသန့် ပြသကြည့်ရှုပြီး နောက် တရားသူကြီး ဦးလှမောင်က
“ခင်ဗျားတို့ တယ်ပြီး လက်ရဲဇတ်ရဲ နိုင်တာကိုး”
ဤမှတ်ချက် အရပင် တစ်ဖက်မှ ကြေအေးရေး စကားစလာပြီး နစ်နာကြေး ၄၀၀၀ ကျပ်ဖြင့် ပြေလည် ကြေအေး လိုက်၏။ အမှုမလုပ်မီက သာဓုက ဝတ္ထုအတွက် ၂၀၀၀ ကျပ် ပေးရန် နှင့် သာဓု၏ ချစ်ပဒေသာ ဝတ္ထုကို မှီးငြမ်းပြုသည်ဟူသော စာတန်း ထည့်ပေးရန်သာ တောင်းဆိုခဲ့သော်လည်း တစ်ဘက်မှ ဝေ့လည်လည် လုပ်နေသဖြင့် သာဓုက အနုပညာမူပိုင်ခွင့် ဥပဒေအရ တရားစွဲခဲ့သဖြင့် နောက်ဆုံးတွင် သာဓု တောင်းသမျှ လိုက်လျောရသည့်အပြင် ငွေလည်း ၄၀၀၀ ကျပ်အထိ ပေးလျော်ရချေသည်။ ထိုအချိန် မှစ၍ စာရေးဆရာတို့၏ ဝတ္ထုကို ရုပ်ရှင်သမားတို့ မထိရဲတော့ဘဲ ယခုဆိုလျှင် တသောင်းနှင့် နှစ်သောင်းကြား ပေးဝယ်နေကြရချေတော့သတည်း။
---
#သာဓု
#ဝတ္ထုနှင့်ရုပ်ရှင်
#shared_by_louis_augustine
Comments
Post a Comment